အခန်း (၁၃၃-၁၃၄)
Vol. 14 Ch. 133-134
အပိုင်း (၁၃၃)
အဒေါ်ကုမှာ ဖြေရခက်သွားတော့သည်။
"ပြီးတော့ သမီးတို့က ဘာမကောင်းတာမှလည်း မလုပ်ထားဘူးလေ”
ရှန်းအာက မျက်လုံးဝိုင်းလေးများ ကစားလိုက်ပြီး မုန့်အားလုံးကို သူမရင်ခွင်ထဲ ဆွဲသွင်းရန် လက်လှမ်းလိုက်သည်။
"ဒါကြောင့်... မီးဖိုချောင်နတ်အစား သမီးပဲ စားပေးလိုက်တော့မယ်လေနော်”
ရှန်မြောင်က သူမ၏ နဖူးကို တစ်ချက် တောက်လိုက်သည်။ "အများကြီး စားလို့မရဘူး။ နောက်မှ သွားကိုက်ရင် ငိုနေရမယ်”
ရှန်းအာသည် ကျိုးသွားသော သူမ၏ အောက်သွားပေါက်နှစ်ပေါက်ကို လျှာဖြင့် စမ်းသပ်ကြည့်လိုက်ပြီး ချက်ချင်း စိတ်ဓာတ်ကျသွားကာ လက်ပြန်ရုတ်လိုက်၏။ သူမ ဒီတစ်သက် သွားနုတ်ဖို့ သွားဆေးခန်းကို နောက်တစ်ခါ ထပ်မသွားချင်တော့ပေ။
ရှန်မြောင်က ခေါင်းခါလိုက်သည်။ ရှန်းအာနှင့် ချန်ချွမ်းတို့သည် သွားလဲချိန် တူနေသည်။ ချန်ချွမ်းက ပန်းသီးကိုက်ရင်း သွားတစ်ချောင်းကျွတ်သွားသဖြင့် သိပ်မခံစားလိုက်ရပေ။
ဒါကလည်း ကျိုကော ပေးလိုက်သော ကျန်းယဲ့ ပန်းသီးကြောင့် ဖြစ်သည်။ ကျန်းယဲ့ ပန်းသီးသည် အလုံးသေးပြီး ရုပ်ဆိုးသော်လည်း အတွင်းသားမှာ ကျစ်လစ်ပြီး ချိုကာ ကြွပ်သည်။ ရှန်မြောင်ကတော့ ပန်းသီးဆို ကြွပ်တာ ကြိုက်သဖြင့် ဒီပန်းသီးကို အထူးကြိုက်သည်။
ဝူကျိုးက ပန်းသီးထက် ကျန်းယဲ့ ပန်းသီးက ပိုစားကောင်းသည်ဟု သူမ ထင်သည်။ ရှန်မြောင် နွေရာသီတုန်းက ဝူကျိုးပန်းသီး ဝယ်ဖူးသည်။ အလုံးကြီးပြီး နီရဲကာ လှပသော်လည်း အသားပွပြီး သဲသလို ဖြစ်နေသည်။
ဒါလည်း စားကောင်းပါသည်။ အားထောင်ကတော့ ဒီလို ပွစိစိပန်းသီးမျိုး ကြိုက်သည်။ သူမက ပန်းသီးကို နှစ်ခြမ်းခွဲ၊ သစ်သားဇွန်းဖြင့် ခြစ်ပြီး ရေခဲမုန့်စားသလို စားရသည်ကို သဘောကျသည်။
မည်သို့ပင်ဆိုစေ ချန်ချွမ်းကတော့ ကျန်းယဲ့ပန်းသီးကြောင့် သမားတော်၏ သံညှပ်ဒဏ်ကို ခံစားရခြင်းမှ ကင်းဝေးသွားသဖြင့် ကံကောင်းသည်ဟု ဆိုရမည်။
ရှန်းအာမှာတော့ ကွဲပြားလေသည်။ သူမ၏ အောက်သွားနှစ်ချောင်းမှာ လှုပ်နေသော်လည်း လုံးဝ ကျိုးမကျချေ။ ပန်းသီးကိုက်ကိုက်၊ အရိုးကိုက်ကိုက် မကျိုးပေ။ အဒေါ်ကုက ချည်မျှင်ကြိုးတစ်ချောင်းယူပြီး တစ်ဖက်ကို သွားမှာချည်၊ နောက်တစ်ဖက်ကို တံခါးမှာချည်၊ ကလေး သတိမထားမိခင် တံခါးဆွဲပိတ်လိုက်ရင် ကျွတ်သွားလိမ့်မယ်ဟု ပြောသည်။
သို့သော် ရှန်းအာက ကြောက်လွန်းသဖြင့် ချွေးပြန်ကာ ကြိုးပင် အချည်မခံပေ။
ရှန်မြောင်ကလည်း စိတ်ပျော့သဖြင့် သူမ ဂျီကျသမျှ သည်းခံပြီး ရက်အနည်းငယ် ဆွဲထားလိုက်ရာ အောက်သွားပေါက်၏ အတွင်းဘက်မှ သွားသစ်လေးနှစ်ချောင်း ထွက်လာလေသည်။ ဖြူဖွေးသော သွားသစ်လေးများသည် သွားဖုံးကို ဖောက်ထွက်ပြီး မျှစ်စို့ပေါက်လေးများအလား ထွက်ပေါ်လာ၏။
သွားဟောင်းမကျိုးသေးဘဲ သွားသစ်ထွက်လာသဖြင့် သူမမှာ သွားနှစ်ထပ် ပေါက်နေခြင်း ဖြစ်နေတော့သည်။
ရှန်မြောင်မှာ လန့်သွားတော့သည်။ မနုတ်လို့ မဖြစ်တော့ဘူး။ အမြန်ဆုံး သွားစိုက်ဆိုင်ခေါ်ပြီး နုတ်မှဖြစ်တော့မယ်။
လမ်းတစ်လျှောက် အတင်းဆွဲခေါ်လာရသည်။ ချန်မိသားစုပိုင်ဆိုင်သည့် "အံ့ဖွယ်သွားဆေးခန်း"နှင့် "သွားစိုက်ခြင်း" ဟု ရေးသားထားသော သစ်သားဆိုင်းဘုတ်ကို မြင်ရုံရှိသေးသည်။ ဆိုင်ထဲပင် မဝင်ရသေးခင် ရှန်းအာက ကြောက်လွန်း၍ မျက်ရည်များ ကျလာတော့သည်။
ချန်ချွမ်းလည်း လိုက်ပါလာပြီး လမ်းတစ်လျှောက် သူမလက်ကို ဆွဲကာ နှစ်သိမ့်ပေးရှာသည်။ "မကြောက်နဲ့နော်။ ဒေါက်ခနဲ မြည်သွားပြီးရင် ပြီးသွားရော။ မနာပါဘူး”
ရှန်းအာက နားမဝင်ပေ။ မျက်ရည်များ ဝဲနေရင်း ဆိုင်ထဲမှ သွားနုတ်သံများ၊ သရဲတစ္ဆေအော်သံလို အသံများကို ကြားလိုက်ရသောအခါ သည်းမခံနိုင်တော့ဘဲ ချန်ချွမ်းလက်ကို ဆွဲကာ အော်ဟစ်ငိုကြွေးတော့သည်။
ရောက်လာပြီဆိုမှတော့ ရေရှည်နာကျင်တာထက်စာရင် ခဏလေး နာလိုက်တာက ပိုကောင်းတယ်။
ရှန်မြောင်သည် စိတ်တင်းပြီး ရှန်းအာကို ဆွဲခေါ်သွားလိုက်၏။ သွားစိုက်ဆိုင်ထဲတွင် သပ်ရပ်သန့်ရှင်းနေပြီး နံရံဘက်တွင် ဆေးသေတ္တာအညိုရောင်များ ထားရှိကာ အံဆွဲတိုင်းတွင် တရုတ်ဆေးအမည်များ ကပ်ထားကာ ဆိုင်တစ်ခုလုံး ဆေးနံ့သင်းနေသည်။
ဆိုင်ထဲတွင် ဝါးကုလားထိုင် ၄-၅ လုံး စီတန်းထားပြီး ဘေးတွင် ကောင်တာတစ်ခု ရှိသည်။ ကောင်တာပေါ်တွင် ကိရိယာတန်ဆာပလာများ၊ ညှပ်အရှည်၊ ဇာဂနာဟောင်းနှင့် "သွေးတိတ်ဆေး" "အဖုအကျိတ်ပျောက်ဆေး" ဟု စာကပ်ထားသော ကြွေအိုးများ၊ အခြား အမည်မသိ ပစ္စည်းများ ရှိနေပြီး ဆောင်းရာသီအောက်တွင် အေးစက်စက် တောက်ပလို့နေသည်။
ရှန်းအာသည် ရှန်မြောင်၏ အင်္ကျီစကို တင်းတင်းဆုပ်ကိုင်ထားပြီး မျက်နှာတစ်ခုလုံး ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။ ရှန်မြောင် သူမကို သနားသော်လည်း မတတ်နိုင်ပေ။
"ဘာမှမဖြစ်ဘူး။ ငယ်သွားနုတ်တာ မနာပါဘူး။ ဆောင်းတွင်းမှာ သွားနုတ်တာ အကောင်းဆုံးပဲ။ ရောဂါပိုးမဝင်လွယ်ဘူး။ သွေးထွက်နည်းတယ်။ ကောင်းတဲ့ကိစ္စပဲ။ သွားနုတ်ပြီးရင် ရှန်းအာက လူကြီးဖြစ်ပြီ။ ကလေးကြီး ဖြစ်သွားပြီ။ ဟုတ်ပြီ... လိမ္မာတယ်။ သွားနုတ်ပြီးရင် မကြီးက လက်နှစ်ဖက်စာလောက်ရှိတဲ့ ပျားရည်သုတ် မုန့်ကင် လုပ်ကျွေးမယ်”
ဒီနည်းလမ်းက အလုပ်ဖြစ်သွားသည်။ ရှန်းအာသည် မုန့်ကင် ဆိုသည့်အသံ ကြားလိုက်သည်နှင့် တံတွေးမြိုချလိုက်ပြီး အော်ငိုနေရာမှ ရှိုက်ငိုရုံသာ ကျန်တော့သည်။
ထိုသွားစိုက်ဆိုင်မှ သမားတော်သည် ဆိတ်မုတ်ဆိတ်မွေးနှင့်ဖြစ်ပြီး လက်ဆေးကာ ရောက်လာသည်။ ငယ်သွားနုတ်မည်ဟု ကြားသောအခါ ပြုံးပြီး ပြောလိုက်သည်။
"ဒါက အလွယ်ဆုံးပဲ။ တကယ် မနာဘူး။ လာ... ပါးစပ်ဟစမ်း ငါကြည့်မယ်”
ရှန်းအာက အပြာရောင်ဝတ်ရုံရှည် ဝတ်ထားသော သမားတော်ကို ကြည့်ပြီး ကြောက်နေသဖြင့် ရှန်မြောင်နှင့် ချန်ချွမ်းတို့ အကြာကြီး ချော့မော့လိုက်ရသည်။ ပါးစပ်ဟပြီးသည့်တိုင် သမားတော်ကို တောင်းပန်နေသေးသည်။
"မနုတ်ပါနဲ့နော်”
"မနုတ်ပါဘူး။ ငါက ကြည့်ရုံပဲ ကြည့်မှာ၊ သွားကောင်းမကောင်း ကြည့်ရုံလေးပါ။ ဟာ... ကောင်းလိုက်တာ၊ သွားတွေက ညီညီညာညာနဲ့ သန့်ရှင်းနေတာပဲ။ ကောင်းလိုက်တာ ကလေးမလေးရယ်၊ သွားကို ကောင်းကောင်း ထိန်းသိမ်းထားတာပဲ..."
သမားတော်က လေသံပျော့ပျော့ဖြင့် ဟိုပြောဒီပြော လုပ်နေသဖြင့် ရှန်းအာ၏ သတိမှာ အနည်းငယ် လျော့ပါးသွားသည်။
ရှန်းအာ ပခုံးလျှော့လိုက်သည်နှင့် သမားတော်က လျှပ်စီးလက်သလို လျင်မြန်စွာပင် လက်တစ်ဖက်ဖြင့် သူမ၏ ပါးစပ်ကို ဖြဲလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် သံညှပ်ကို ထိုးထည့်လိုက်သည်။
လက်လှုပ်ရှားမှု မြန်ဆန်လွန်းသဖြင့် ရှန်မြောင်ပင် မမြင်လိုက်ရပေ။
"ဖောက်... ဖောက်" ဟူသော အသံနှစ်ချက် ကြားလိုက်ရပြီး သမားတော်က ရှန်းအာ၏ သွားနှစ်ချောင်းကို နုတ်လိုက်ပြီးဖြစ်သည်။ ပြီးနောက် ဘေးနားမှ ဝါဂွမ်းနှစ်လုံးကို ယူကာ သူမ ပါးစပ်ထဲ ထိုးထည့်ပေးလိုက်ပြီး တင်းတင်းကိုက်ထားခိုင်းကာ ငွေရှင်းရန် ထသွားတော့သည်။
"သွားတစ်ချောင်းကို ၁၀ ဝမ်၊ ၂၀ ဝမ် ပေးလိုက်ပါ။ ပြန်ရောက်ရင် ရေမသောက်နဲ့ဦး။ သွေးတိတ်သွားပြီး သွားပေါက်က သွေးခဲပိတ်သွားမှ အစာစား။ ဒီနေ့တော့ ဆန်ပြုတ်ပဲ စားဦး။ မနက်ဖြန်ကျမှ ပုံမှန်အတိုင်း စားတော့”
ငွေရှင်းပြီးနောက် သမားတော်က ရှန်းအာ၏ သွားနှစ်ချောင်းကို စက္ကူဖြင့် ထုပ်ပေးပြီး ရှန်မြောင်ကို မေးလိုက်သည်။
"ဒီသွားနှစ်ချောင်း လိုချင်သေးလား။ ထုပ်ပေးလိုက်မယ်လေ။ အိမ်ပြန်ရောက်ရင် ရက်ကောင်းရက်မြတ် ရွေးပြီး အိမ်ခေါင်မိုးပေါ် ပစ်တင်လိုက်၊ ဒါမှ နောက်ပေါက်မယ့်သွားတွေ ကောင်းမှာ”
"လိုချင်ပါတယ်။ ယူမယ်”
ရှန်မြောင် အနားကပ်ကြည့်လိုက်ရာ နုတ်လိုက်သော ငယ်သွားများမှာ အလွန်သေးငယ်ပြီး အဝါဖျော့ရောင်ရှိကာ သွားမြစ်ပင် မပါရှိသည်ကို တွေ့ရသည်။
သမားတော်က ထပ်မံ မှာကြားပြန်သည်။
"သွားပေါက်ကျက်သွားရင် အရိုးကြီးကြီး ကိုက်ခိုင်းလိုက်၊ ဒါမှ သွားဖုံးကျယ်လာပြီး အသစ်ထွက်လာတဲ့သွားတွေ နေရာမှန်ရောက်လာမှာ၊ ဒါမှ နောင်ကျရင် သွားမခေါတော့မှာ”
ရှန်မြောင် အသေအချာ မှတ်သားထားလိုက်သည်။
ရှန်းအာ ဝါးကုလားထိုင်ပေါ်မှ ထလိုက်တော့မှ ပါးစပ်ထဲ နာကျင်နေကြောင်း သတိထားမိပြီး သွေးညှီနံ့များလည်း ရနေသည်။ သို့သော် ပါးစပ်မဟရဲသဖြင့် ဝါဂွမ်းကို ကိုက်ကာ မျက်ရည်များ တပေါက်ပေါက် ကျလာပြန်သည်။ မပီမသအသံဖြင့် ရှန်မြောင်ကို တိုင်တောလေသည်။
"လူလိမ်ကြီး... သူ လူလိမ်..."
သို့သော် ရှန်မြောင်ကတော့ ဒီလောက်ဆို တော်တော် အဆင်ပြေပြီဟု ထင်သည်။ အောင်မြင်တာပေါ့။
ရှန်းအာ သွားနုတ်နေချိန်တွင် အခြားကုလားထိုင်တစ်လုံးပေါ်၌ အမျိုးသားတစ်ယောက် သွားဖာနေသည်ကို တွေ့ရသည်။ ဟုတ်ပါသည်။ ရှန်မြောင် အံ့ဩတကြီး တွေ့ရှိလိုက်ရသည်မှာ ဤခေတ်တွင် အဆင့်မြင့် သွားဖာသည့် နည်းပညာ ရှိနေပြီဖြစ်သည်။ ဒါပေမဲ့ ကြည့်ရတာတော့ နည်းနည်း ကြောက်စရာကောင်းသည်။
အခြားသမားတော်တစ်ယောက်က ဦးစွာ 'ဝူထို' (Aconite) ကဲ့သို့သော ဆေးဖက်ဝင်အပင်များနှင့် အပ်စိုက်ကုထုံးကို အသုံးပြုပြီး ထိုအမျိုးသားကို ထုံဆေးပေးသည်။ ထို့နောက် ဓားငယ်လေးဖြင့် သွားပိုးစားနေသည့် အပိုင်းများကို ခြစ်ထုတ်သည်။ ခြစ်ထုတ်နေချိန်တွင် ထိုအမျိုးသားမှာ မည်မျှနာကျင်နေသည်မသိ၊ တအီအီ အော်ဟစ်နေသဖြင့် လူသန်ကြီး နှစ်ယောက်က သူ့ခေါင်းနှင့် ခြေလက်များကို ဖိချုပ်ထားပေးရသည်။
ပိုးစားသည့်နေရာများကို ဖယ်ရှားပြီးနောက် ပလုတ်ကျင်းခိုင်းရာ သွေးရည်များ ထွက်လာသည်။ ရေအေးနှင့်ထိလိုက်သဖြင့် ထိုလူမှာ ပိုမိုနာကျင်သွားပြီး ပါးကိုအုပ်ကာ အော်ဟစ်နေတော့သည်။ နောက်ဆုံးတွင် သမားတော်က သံဖြူ၊ ငွေပါးနှင့် ပြဒါးတို့ကို ရောစပ်ထားသော အမှုန့်ကို အပူပေးပြီး ပျော့ပျောင်းသော အနှစ်ဖြစ်အောင် ပြုလုပ်ကာ သွားပေါက်ထဲသို့ သေချာစွာ ဖာထေးပေးလိုက်သည်။ အပေါ်မှ ငွေ သို့မဟုတ် ရွှေဖြင့် ထပ်မံ အုပ်ပေးလိုက်သည်။
ပြီးသွားသောအခါ ထိုအမျိုးသား၏ ဝါဂွမ်းအင်္ကျီမှာ ချွေးများဖြင့် ရွှဲနစ်နေတော့သည်။ နာလွန်းသဖြင့် မျက်နှာတစ်ခုလုံး ဖြူဖျော့နေသည်။ သမားတော်က အကိုက်အခဲပျောက်ဆေး ဆေးလုံးများ ပေးလိုက်သည်။ သို့သော် ရှန်မြောင် ကြည့်နေရင်းပင် ထိုလူ၏ မျက်နှာသည် မုန့်ပေါင်းတစ်ခြမ်း ငုံထားသကဲ့သို့ ချက်ချင်း ဖူးရောင်လာလေသည်။
သမားတော်များကတော့ ကျင့်သားရနေပြီဖြစ်သဖြင့် အိမ်ပြန်ရောက်ရင် သွားမတိုက်နဲ့၊ တံတွေးမထွေးနဲ့၊ အစာမစားနဲ့ စသည်ဖြင့် မှာကြားလိုက်သည်။ ထိုလူမှာ အသက်တစ်ဝက်လောက် ပျောက်နေသကဲ့သို့ ကောင်တာဘေးတွင် မှီကာ ဖူးရောင်နေသော ပါးကိုအုပ်လျက် ခေါင်းညိတ်ရှာသည်။
ရှန်းအာနှင့် ချန်ချွမ်းတို့ မြင်ပြီး ကြက်သီးထသွားကြသည်။
ထိရောက်သော ထုံဆေးမရှိ၊ ကိရိယာများကို ပိုးသတ်ခြင်းမရှိ၊ ထိရောက်သော အကိုက်အခဲပျောက်ဆေးမရှိသည့်အပြင် ပြဒါးနှင့် သွားဖာနေသည်ကို မြင်လိုက်ရသဖြင့် ရှန်မြောင်လည်း ကြက်သီးထသွားပြီး သမားတော် ညွှန်းသည့် သွားပိုးစားခြင်းမှ ကာကွယ်ပေးနိုင်သည်ဆိုသော 'ခါးသက်သက် သွားတိုက်ဆေးမှုန့်' တစ်အိုးကို ချက်ချင်း ဝယ်ယူလိုက်တော့သည်။ ညဘက်ရောက်လျှင် သွားကို ပိုပြီး ဂရုတစိုက် တိုက်ရမည်။
ရှန်မြောင်သည် ထိုအကြောင်းကို ပြန်တွေးမိပြီး ရှန်းအာနှင့်အတူ ပြိုင်တူ တုန်လှုပ်သွားကြသည်။
ရှန်းအာသည် မီးဖိုချောင်နတ်ကို ကျွေးမည့် သကြားလုံးကိုပင် မလိုချင်တော့ဘဲ အမြန် ထွက်ပြေးသွားတော့သည်။ ရှန်မြောင်လည်း မီးဖိုချောင်နတ်ကို ပူဇော်ပြီး ထွက်လာရာ ကျိုကော၊ ယန့်ရှူးနှင့် ချိုးဟောင်တို့ ဝင်လာသည်နှင့် ဆုံလေသည်။ ကျိုကောက ပြုံးရွှင်စွာဖြင့် လက်သီးဆုပ် ဂါရဝပြုပြီး မင်္ဂလာစကား ဆိုလေသည်။
"ဆောင်းအကုန် နွေအကူးမှာ ညန်ဇီရဲ့ ကိစ္စအဝဝ ဆန်ပြုတ်လေးလို ပြည့်စုံပါစေ”
လူတိုင်း ပျစ်နှစ်နေသော ဆန်ပြုတ်တစ်ပန်းကန်စီ ခပ်ယူလိုက်ကြပြီး ပူပူနွေးနွေးနှင့် ချိုမြိန်လှသည်။ ရှန်းအာနှင့် ချန်ချွမ်းတို့ စားပြီးသည်နှင့် လျိုတို့ဟွားနှင့် လီကိုအာတို့ ရောက်လာပြီး ရေခဲပြင်ပေါ်တွင် စွတ်ဖားစီးရန် လာခေါ်ကြသည်။ ရှန်မြောင် စိတ်မချသဖြင့် ထန်အာကို ခွေးကြီး 'လေထင်' ကိုပါ ခေါ်သွားခိုင်းပြီး ကလေးများကို စောင့်ကြည့်ခိုင်းလိုက်သည်။
"ရေခဲပေါက်ထဲ ကျသွားမှာ စိုးရိမ်ရသလို လူပွဲစားတွေ ဖမ်းသွားမှာလည်း ကြောက်ရတယ်။ ကလေးတွေကို မျက်ခြေမပြတ် ကြည့်ထားနော်”
ရှန်မြောင်က ထပ်ခါတလဲလဲ မှာကြားလိုက်သည်။ ဒီရက်ပိုင်း ပြန့်မြစ်ထဲတွင် ရေခဲပြင် ကစားသူ များပြားသဖြင့် လူရှုပ်လေသည်။
ထန်အာက ခပ်ကျယ်ကျယ် ပြန်ထူးပြီး ခွေးကို သွားဆွဲလိုက်သည်။
ဒီနေ့တွင် အိမ်တိုင်းလိုလို လာ့ပါးဆန်ပြုတ် ပြုတ်နေကြသဖြင့် ဆိုင်တွင် လာစားသူ နည်းပါးရာ အားထောင်နှင့် ဖူရှင်း ရှိနေရုံဖြင့် လုံလောက်လေသည်။
ရှန်းအာက ပျော်ရွှင်စွာ အော်ဟစ်ပြီး ချန်ချွမ်းလက်ကိုဆွဲကာ ထွက်သွားသည်ကို မြင်သောအခါ ယန့်ရှူးက ရှဲ့ချီကို လှည့်ကြည့်ပြီး သူ့အင်္ကျီလက်စကို ဆွဲကာ ယမ်းပြလေသည်။
ထိုဝဝကစ်ကစ် လက်ကလေးက ဘာမှမပြောသော်လည်း ရှဲ့ချီက ပါးစပ်ထဲမှ ဆန်ပြုတ်ကို မျိုချပြီး လက်ကာပြလိုက်သည်။
"သွားလေ... မင်းနဲ့ ချိုးဟောင်လည်း လိုက်သွားကြ”
ယန့်ရှူးသည် ချက်ချင်းပင် ချိုးဟောင်လက်ကိုဆွဲကာ ပျော်ရွှင်စွာ အော်ဟစ်ပြီး လိုက်ပါသွားတော့၏။
ရှန်မြောင်လည်း ပြုံးလိုက်သည်။
မူလက စည်ကားနေသော ခြံဝင်းလေးသည် ရုတ်တရက် တိတ်ဆိတ်သွားပြီး ရှန်မြောင်နှင့် ရှဲ့ချီသာ ကျန်ရစ်တော့သည်။ ဒီလိုနေ့မျိုးမှာ လုပ်စရာ သိပ်မရှိသဖြင့် နှစ်ယောက်သား ဝရန်တာအောက်တွင် ထိုင်ကာ စကားစမြည်ပြောရင်း ဆန်ပြုတ်ကို ဖြည်းဖြည်းချင်း သောက်နေကြသည်။
အများစုမှာ ရှန်မြောင်က ပြောနေခြင်းဖြစ်ပြီး ရှဲ့ချီက တိတ်ဆိတ်စွာ နားထောင်ကာ တစ်ခါတစ်ရံ ပြုံးပြီး ထောက်ခံပေးသည်။ ရှန်ညန်ဇီ၏ ဘဝလေးသည် အသေးအဖွဲလေးများဖြင့် ပြည့်နှက်နေသော်လည်း နွေးထွေးလှသဖြင့် သူ နားထောင်ရင်းကာ စိတ်ထဲတွင် ငြိမ်းချမ်းမှုကို ခံစားနေရသည်။
ဗိုက်ထဲသို့ ပဲနှင့်ဆန် ရောပြုတ်ထားသော ဆန်ပြုတ်ပူပူလေး ရောက်သွားသောအခါ ရှန်ညန်ဇီနှင့် စတွေ့ပြီးနောက်ပိုင်း စားခဲ့ရသော အစားအစာများကို ပြန်မြင်ယောင်လာမိသည်။ လှေပေါ်တွင် စားခဲ့ရသော ထန်းပင်ပန်းကန်မှ စတင်ခဲ့သည်မှာ နွေဦးရာသီတုန်းက ဖြစ်သည်။ မသိလိုက်မဘာသာဖြင့်ပင် နှစ်ကုန်တော့မည်။ တစ်နှစ် ပြည့်တော့မည်။
သူသည် ဆန်ပြုတ်ပန်းကန်လုံးကို ကိုင်ထားရင်း ဆံပင်များကို ခရုပတ်ပုံစံ သပ်ရပ်စွာ ထုံးဖွဲ့ထားသော ရှန်ညန်ဇီကို လှမ်းကြည့်လိုက်၏။
ထိုအချိန်တွင် သူမက ခေါင်းငုံ့ပြီး ဆန်ပြုတ်သောက်နေသဖြင့် သူ့အကြည့်ကို သတိမထားမိပေ။ ရှဲ့ချီသည် သူမ၏ ဆံထုံးပေါ်တွင် ထိုးထားသော ငွေရောင်ဆံထိုးလေးကို မက်မောစွာ ကြည့်နေမိသည်။ ထိုဆံထိုးပေါ်တွင် တိမ်ကွက်ပုံစံလေးများ ထွင်းထုထားရာ သူမ၏ နာမည် (ရှန်မြောင် - ရှင်းလင်းသော/ကျယ်ပြောသော) နှင့် လိုက်ဖက်အောင် ရွေးချယ်ထားခြင်း ဖြစ်ပေလိမ့်မည်။
ဆန်ပြုတ်ပူပူလေး သောက်ရင်း၊ နှင်းကျသံကို နားထောင်ရင်း၊ ဖုန်မှုန့်များကို ရှင်းလင်းရင်း၊ နှစ်သစ်ကို မျှော်လင့်ရင်း...။
ဒီတစ်နှစ် ကုန်ဆုံးတော့မည်။
အချိန်တွေ ကုန်တာ မြန်လိုက်တာ။ သူ ရုတ်တရက် ဝမ်းနည်းသလို ခံစားလိုက်ရသည်။
"ဒီနေ့ မီးဖိုချောင်နတ် ပို့ပြီးပြီ။ ဆန်ပြုတ်လည်း သောက်ပြီးပြီ။ မနက်ဖြန် သန့်ရှင်းရေး လုပ်ရတော့မယ်။ ပြီးရင် နှစ်သစ်ကူးဈေးဝယ်ထွက်ပြီး မိသားစု ညစာစားပွဲအတွက် ပြင်ဆင်ရတော့မယ်။ ဆိုင်ကိုလည်း ၂ ရက်လောက် ဖွင့်ပြီးရင် ပိတ်ရတော့မယ် ထင်တယ်”
ရှန်မြောင်က မွှေးကြိုင်သော ဆန်ပြုတ်တစ်လုပ်ကို မျိုချလိုက်သည်။ ဆောင်းခိုရမည့် ရက်များကို တွေးရင်း ရှဲ့ချီဘက်သို့ လှည့်မေးလိုက်သည်။
"ရှင်ရော... ကျိုကောက ဘယ်တော့ ချန်ကျိုးကို ပြန်မှာလဲ”
ရှဲ့ချီ စဉ်းစားလိုက်ပြီး လက်ထဲမှ ကုန်သွားပြီဖြစ်သော ပန်းကန်လုံးကို ဘေးချကာ ပြောလိုက်သည်။
"ရှောင်ဟန် (ရာသီဥတု အနည်းငယ်အေးသောအချိန်) ပြီးရင် ကျွန်တော် ချန်ကျိုးကို ပြန်တော့မယ်”
"ဒါဆိုရင် ဒီရက်ပိုင်းပဲပေါ့”
ရှန်မြောင် မအံ့ဩပေ။ လာ့ပါးပွဲတော်ပြီးသည်နှင့် နှစ်သစ်ကူးတော့မည်ဖြစ်ရာ ကျိုကောအနေဖြင့် မိဘဆွေမျိုးများနှင့်အတူ နှစ်သစ်ကူးရန် အိမ်ပြန်သင့်သည်။ သူမက ခေါင်းညိတ်လိုက်၏။
"ပြန်သင့်တာပေါ့။ ဒါပေမဲ့ အခု ရာသီဥတုက အရမ်းအေးတော့ လမ်းခရီးက သွားရလာရ ခက်ခဲလိမ့်မယ်။ ကျိုကော ဂရုစိုက်ပြီး သွားနော်”
ရှဲ့ချီက ရုတ်တရက် ခေါ်လိုက်သည်။
"ရှန်ညန်ဇီ..."
သူက သူမကို ခေါ်လိုက်သော်လည်း ရပ်တန့်သွားပြီး မျက်လွှာချကာ ဘာမှဆက်မပြောဘဲ နေလေသည်။ ဝရန်တာအစွန်းတွင် တင်ထားသော သူ့လက်ချောင်းများ တုန်ရီနေသည်ကို မသိမသာ တွေ့လိုက်ရ၏။
ရှန်မြောင် ခေါင်းကိုစောင်းပြီး မေးရန် ပြင်လိုက်စဉ်မှာပင် သူက ဆုံးဖြတ်ချက်ချလိုက်သည့်ပုံစံဖြင့် လေးနက်သော မျက်နှာထားဖြင့် မော့ကြည့်လာကာ။ ကြည်လင်တောက်ပပြီး နက်မှောင်ဝိုင်းစက်နေသော မျက်လုံးများဖြင့် သူမကို စိုက်ကြည့်ကာ ပြောလေသည်။
"ကျွန်တော် ရှန်ညန်ဇီကို ပြောစရာရှိတယ်”
"ဘာပြောမလို့လဲ”
"ရှန်ညန်ဇီ ရယ်ချင်ရင်လည်း ရယ်ပါဗျာ။ ကျွန်တော် ရှန်ညန်ဇီနဲ့ မတွေ့ခင်တုန်းက လူ့လောကကြီးက ပျင်းစရာကောင်းတယ်လို့ တွေးမိဖူးတယ်။ ကိုယ့်ကံကြမ္မာက ဆိုးရွားလွန်းတယ်။ နောက်ထပ် ဘယ်လိုကံဆိုးမှုတွေ ကြုံရဦးမလဲဆိုတာ မသိနိုင်ဘူးလို့ တွေးပြီး စိုးရိမ်နေခဲ့ရတယ်။ သူများကို ဒုက္ခပေးမိမှာစိုးလို့ ဘယ်သူနဲ့မှလည်း ရင်းရင်းနှီးနှီး မပေါင်းရဲခဲ့ဘူး”
သူ့မျက်ဝန်းများသည် နှင်းရည်ဖြင့် ဆေးကြောထားသကဲ့သို့ သန့်ရှင်းကြည်လင်ပြီး တည်ငြိမ်နေသည်။ သူက မျက်လုံးလေးများ ကွေးသွားသည်အထိ ပြုံးပြလိုက်ရာ ရှန်မြောင်၏ ရင်ထဲတွင် ဗုံတီးသကဲ့သို့ တဒိန်းဒိန်း ခုန်သွားရသည်။
"အခုတော့ ကျွန်တော် နားလည်သွားပြီ”
ရှန်မြောင်က ဘာမှပြန်မပြောဘဲ သူ့ကို ကြည့်နေမိသည်။
သူမ၏ လက်များက အင်္ကျီလက်စထဲတွင် အလိုအလျောက် ဆုပ်ကိုင်ထားမိလျက်သားပင်။
"ကျွန်တော့်ကံကြမ္မာက ဆိုးရွားတာ မဟုတ်ပါဘူး။ ပြောင်းပြန်ပါ..."
သူ့အသံသည် ကျဆင်းနေသော နှင်းပွင့်များထက်ပင် ပိုမိုနူးညံ့နေပြီး လေညင်းနှင့်အတူ ငှက်မွှေးလေးတစ်စကဲ့သို့ သူမနားစည်သို့ လွင့်ပျံလာ၏။
"ကျွန်တော် အရမ်း ကံကောင်းပါတယ်”
"ကျွန်တော့်ဘဝတစ်လျှောက်လုံးက ကံကောင်းခြင်းတွေအားလုံးကို ရှန်ညန်ဇီနဲ့ တွေ့ဆုံဖို့အတွက် အသုံးပြုလိုက်ပါပြီ”
...
အပိုင်း (၁၃၄) တောင်တန်းများကဲ့သို့ ခိုင်မြဲသော သစ္စာတရား
ပြတင်းပေါက်အောက်တွင် နှင်းရိုက်ထားသော တည်သီးခြောက်တချို့ ကြိုးတန်းပေါ်၌ တွဲလောင်းကျနေသည်။ လေတိုက်၍ ယိမ်းထိုးနေပြီး ခြောက်သွေ့ကာ အေးခဲနေသဖြင့် လေတိုက်လာပြီး ရိုက်ခတ်မိချိန်တွင် ရေခဲကို တူဖြင့်ထုသည့်အသံကဲ့သို့ မြည်နေသည်။
ရှဲ့ချီ၏ ရုတ်တရက် ထွက်လာသော သတ္တိက ရှန်မြောင်ကို အံ့အားသင့်သွားစေသည်။
အသက်အရွယ်အရ ပြောရလျှင် အရင်ဘဝကို ထည့်မပြောနှင့် သာ့ကျဲအာ၏ ခန္ဓာကိုယ်ဖြစ်နေပါစေ သူမက ကျိုကောထက် ၃ နှစ်ကြီးသည်။
'အရင်ဘဝတုန်းက ငါက သူငယ်ချင်းတွေကြားထဲမှာ တစ်ယောက်တည်း ကျန်ခဲ့တဲ့ လူလွတ်တစ်ယောက်ပဲ။ သူငယ်ချင်းတွေက အိမ်ထောင်ကျ ကလေးတွေမွေးပြီး Group Chat ထဲမှာ "ငါ့ယောက္ခမက ဘယ်လိုထူးဆန်းတာ"၊ "ကလေးမွေးပြီး နှစ်နှစ်လောက် အိပ်ရေးမဝတော့တာ"၊ "ငါ့ယောက်ျားက ရှိနေတာနဲ့ သေနေတာ ဘာမှမထူးခြားဘူး" ဆိုတဲ့ ပြဇာတ်တွေ နေ့တိုင်း ကပြနေကြတာ။ ငါက ဘေးက ကြည့်နေတဲ့သူဆိုတော့ အချစ်ရေးကို လုံးဝ စိတ်ကုန်သွားခဲ့တာလေ။'
မပျော်ရွှင်မှုများစွာကို မြင်တွေ့ခဲ့ရသဖြင့် သူမ၏စိတ်နှလုံးတွင် အနာဖေးများ ထူပိန်းနေကာ ဘယ်သူမှ လာမခွာနိုင်တော့ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် ကျိုကောက နွေဦးလေပြေလိုမျိုး တဖြည်းဖြည်းချင်း ခွာချနိုင်ခဲ့လိမ့်မယ်လို့ ဘယ်သူက ထင်ထားပါမည်နည်း။
သယ်ယူပို့ဆောင်ရေးလှေပေါ်က နူးညံ့သိမ်မွေ့သည့် စာလုံးပိုင်ရှင်၊ ရှဲ့မိသားစု၏ မိုးရေ၊ ရွှယ်ထောင်စာရွက်ပေါ်က ဟင်းစာရင်း၊ နွေဦးစံအိမ်တွင် အတူတူခံစားခဲ့ရသည့် လေပြည်၊ သူမနှင့်သူသာ နားလည်သည့် ဝမ် ၁၀ ပြား... ကျိုကောက ပြောဖူးသည်။ သူမနှင့် တွေ့ရသည်မှာ ကံကောင်းသည်ဟု ဆို၏။ ရှန်မြောင်ကလည်း ခံစားမိပါသည်။ သူမ လျှောက်လှမ်းခဲ့သည့် ခြေလှမ်းတိုင်းသည် ကျိုကောတို့ မိသားစုကြောင့် ကံကောင်းခဲ့ရသည်ကိုပင်။
ရှန်မြောင်က စိတ်ကို ပိုင်းဖြတ်လိုက်ပြီး မျက်လုံးကို မော့ကြည့်လိုက်လေသည်။
"ကျိုကော”
သူမက လေပူအနည်းငယ် မှုတ်ထုတ်လိုက်သည်။ သူတို့နှစ်ယောက်ကြားတွင် ချိုမြမြဆန်ပြုတ်အနံ့များ ဝန်းရံနေဆဲပင်။ လက်ကို အင်္ကျီလက်စထဲ ထည့်ထားပြီး လက်ဖဝါးမှာ စိတ်လှုပ်ရှားမှုကြောင့် ချွေးများပင် ထွက်နေလေသည်။ သို့သော် သူမ၏ မျက်လုံးများက ရှဲ့ချီကို စိုက်ကြည့်နေပြီး သူ့မျက်လုံးများမှတဆင့် အဖြေတစ်ခုကို အတည်ပြုချင်နေမိ၏။
သူမ၏ ပုံရိပ်သေးသေးလေးက သူ့မျက်လုံးထဲတွင် မီးတောက်နှစ်ခုလို ထင်ဟပ်နေသည်ကို မြင်လိုက်ရမှ သူမလည်း လိုက်ပြုံးမိလေသည်။
"ကျိုကော ရှင့်ကို ကျေးဇူးတင်ပါတယ်”
ရှန်မြောင်က အင်္ကျီလက်စထဲက လက်ကို လွှတ်ပေးလိုက်သည်။ သူမ စိတ်ကို လျှော့ချလိုက်ပြီး ရင်ထဲကလာသည့် စကားများကို ရှဲ့ချီကို ပြောလိုက်လေသည်။
"ဒီလောကကြီးမှာ အမျိုးသားနဲ့ အမျိုးသမီး လက်ထပ်ထိမ်းမြားဖို့ ကိစ္စပြောကြပြီဆိုရင် မိဘတွေရဲ့ အမိန့်၊ အောင်သွယ်တော်ရဲ့ စကားတွေ အရင်ဆုံး လိုအပ်မှ ယဉ်ကျေးမှုရှိတယ်လို့ သတ်မှတ်ကြတာလေ။ မဟုတ်ရင် မလေးစားတာ၊ အရှက်မရှိတာ၊ တိတ်တဆိတ် ပေးဆပ်တာလို့ ထင်ကြမှာ။ ကျွန်မလည်း ဒီသဘောတရားကို နားလည်ပါတယ်။ ဒါပေမဲ့ ကျွန်မက မွေးရာပါ ခေါင်းမာတာလား၊ မျက်နှာပြောင်တိုက်တာလားတော့ မသိဘူး။ အခုအချိန်မှာ တစ်ယောက်ယောက်က အောင်သွယ်တော်လွှတ်ပြီး စေ့စပ်ဖို့ လာပြောမယ်ဆိုရင် ကျွန်မ မျက်နှာကောင်း ပေးချင်မှ ပေးမိမှာ”
ဒီနေ့ ကျိုကောသာ အောင်သွယ်တော်လွှတ်ပြီး ဖွင့်ပြောလာမည်ဆိုရင် ရှန်မြောင်က စော်ကားခံရသည်ဟု ခံစားရပြီး စိတ်ပျက်သွားပေလိမ့်မည်။ နောက်ဆိုရင် သူ့ကို ဂရုစိုက်တော့မည် မဟုတ်ပေ။ တကယ်တော့ သူမကလည်း ဒီလောကကြီးနှင့် အသားကျအောင် ကြိုးစားနေခြင်းပင်။ 'ရာသီဥတုအလိုက် နေထိုင်ခြင်း' ဆိုသည့် နေ့ရက်များကို ဖြတ်သန်းပြီး ဒီလောကစည်းမျဉ်းတွေအောက်မှာ အသက်ရှင်ရပ်တည်ဖို့ ကြိုးစားနေခြင်းသာ။ သို့သော်ငြား တချို့ကိစ္စများကျတော့ ဒီလောကတွင် နေနေရလျှင်ပင် သူမ၏ 'ကုမရတဲ့ရောဂါ' လို ဖြစ်နေပြီး မကုချင်သည့် အရာများ ရှိနေတတ်သည်။
သူမက ငယ်ငယ်ကတည်းက ဒီလိုပင်။ ခေါင်းမာသည့် မြည်းတစ်ကောင်လို။ ကိစ္စကြီးကြီးငယ်ငယ် သူမနှင့် ပတ်သက်လာလျှင် သူမဆန္ဒကို မေးရသည်။ သူမ လိုလားမှ လုပ်ခြင်းဖြစ်သည်။ မဟုတ်လျှင်တော့ လေပြည်ဖြတ်တိုက်သွားသလို၊ ခွေးဟောင်သလိုသာ သဘောထားလိုက်ခြင်းပင်။ ဘယ်သူပဲဖြစ်ဖြစ် အတင်းအကျပ် ခိုင်းလို့မရပေ။
ဒီဘဝမှာ သူမက ရှန်သာ့ကျဲအာ ဖြစ်နေသည်။ မိဘနှစ်ပါး မရှိတော့သော်လည်း ဦးကြီး ရှိသေးသည်။ လက်ရှိ ဥပဒေအရဆိုလျှင် သူမ၏ တစ်သက်တာကို ဆုံးဖြတ်ပေးမည့်သူများမှာ ရှန်ဦးကြီးနှင့် တင်းရှီတို့ ဖြစ်လာသည်။ ကျိုကောသာ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာများကို လိုက်နာမည်ဆိုလျှင် အောင်သွယ်တော်က ယန်လျိုအရှေ့လမ်းကြားကို လာစရာမလိုဘဲ မြို့ပြင်က ရှန်မိသားစု ဆန်ဆိုင်ကို တန်းသွားပြီး သူမဘဝကို ဆုံးဖြတ်လိုက်လို့ ရနေပြီ ဖြစ်သည်။
တော်သေးတာပေါ့။ ရှန်ဦးကြီးနဲ့ တင်းရှီတို့က သူမကို လက်ထပ်ပွဲနဲ့ ထိန်းချုပ်ပြီး စက်ဆုပ်အောင်လုပ်ဖို့အထိ အားမနေကြလို့။ မဟုတ်ရင် ဒီဆွေမျိုးတော်စပ်မှုက လုံးဝ ပြတ်စဲသွားလိမ့်မယ်။
ဒါကြောင့် ဒီနေ့ ကျိုကော၏ 'ရိုင်းပြမှု' ကို သူမက ကျေးဇူးတင်မိသည်။ ဒီလို ချိုမြမြဆန်ပြုတ်လေးသောက်၊ ဆောင်းတွင်းနှင်းတွေကို ငေးမောရင်း 'အောင်သွယ်မပါ၊ လက်ထပ်ရန် သဘောတူညီမှုမရှိ' ကျိုကော၏ ရင်ထဲက စကားတွေကို နားထောင်ရသည်ကို သူမက ပိုလိုလားသည်။ ဒီအချိန် ဒီအခိုက်အတန့်မှာ အနည်းဆုံးတော့ သူမက လူသားတစ်ယောက် ဖြစ်ခွင့်ရသည်ပေါ့။
ရှဲ့ချီက စကားဆုံးသည်နှင့် ရှန်မြောင်၏ ဆိုလိုရင်းကို နားလည်လိုက်လေသည်။ အထူးသဖြင့် ရှန်ညန်ဇီက ဆန်ပြုတ်သောက်နေရင်း မျက်လုံးထဲတွင် စူးစမ်းချင်စိတ်များ လက်နေသည်ကို တွေ့လိုက်ရသည်။ မျိုးရိုးကြီးအိမ်တော်တွင် ကြီးပြင်းလာပြီး မျိုးနွယ်စု စည်းမျဉ်းများအောက်တွင် နေထိုင်ခဲ့ရသူက ဘယ်လိုလုပ်ပြီး ဒီလိုစိတ်နေသဘောထားမျိုး ရှိလာရသလဲဆိုသည်ကို သိချင်နေပုံရသည်။
သူက မျက်လုံးများကို ကွေးညွတ်သွားအောင် ပြုံးလိုက်ပြီး မျက်ခုံးများက နူးညံ့သိမ်မွေ့စွာဖြင့် ဆိုလိုက်သည်။
"ကျွန်တော် ရှန်ညန်ဇီကို ကျွန်တော့်အကြောင်း ပြောပြမယ်လေ”
လူများ၏ ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုက ထပ်တူကျဖို့ ခက်ခဲပေသည်။ တချို့ကိစ္စများက အခုချိန်တွင် ရှဲ့ချီအနေဖြင့် ရယ်မောပြီး ပြောပြနိုင်သော်လည်း တကယ်တမ်းတော့ ဓားထက်ထက်နှင့် သူ့ရင်ခွဲပြီး နှလုံးသားကို ခွဲစိတ်လိုက်သလိုမျိုး ဖျောက်ဖျက်လို့မရသော ဒဏ်ရာများ ကျန်ရစ်ခဲ့ခြင်းပင်။
စကားလုံးများကလည်း လူသတ်နိုင်စွမ်း ရှိသည်။ ငယ်စဉ် နားမလည်သေးသော အရွယ်ကတည်းက "ကံမကောင်းလိုက်တာ"၊ "အသက်တိုမယ့်ကိန်းပဲ"၊ "ကံဇာတာကို ကြည့်ရတာ အနှောင့်အယှက်တွေများပြီး မိဘနှစ်ပါးကိုတောင် ဒုက္ခပေးမယ့်ကိန်းပဲ" ဆိုသည့် စကားများကို သူ ကြားခဲ့ရသည်။
ကလေးငယ်လေလေ လူကို ထိခိုက်နာကျင်အောင် ပြောဆိုတတ်လေလေပင်။ ရှဲ့ချီက ရှဲ့မိသားစုက ဝမ်းကွဲညီအစ်ကိုများနှင့် မရင်းနှီးခြင်းမှာ ငယ်စဉ်က သူတို့၏ ရွံရှာဖယ်ကြဉ်ခြင်းကို ခံခဲ့ရပြီး ကွယ်ရာတွင် "ဂြိုဟ်ဆိုး ဝင်စားတာ။ ကျိုကောနဲ့ သွားမထိနဲ့နော်။ တစ်သက်လုံး ကံဆိုးသွားလိမ့်မယ်" ဟု လှောင်ပြောင်ခံခဲ့ရသောကြောင့် ဖြစ်သည်။
ရှဲ့မိသားစုတွင် မျိုးနွယ်စုစာသင်ကျောင်း ရှိပြီး ငယ်စဉ်က ရှဲ့ချီနှင့် ရှဲ့ထျောင်တို့ ထိုကျောင်းတွင် တက်ခဲ့ကြသည်။ သို့သော် နှစ်နှစ်ခန့်သာ ကြာမြင့်ပြီးနောက် ရှဲ့ထျောင်က သူ့ကို ကာကွယ်ရန် ကျောင်းတစ်ကျောင်းလုံးကို ရန်ပတ်ဖြစ်ခဲ့ရာ ဒုတိယအဒေါ်၊ တတိယအဒေါ်နှင့် အခြားဆွေမျိုးများက နေ့တိုင်းလိုလို ကလေးများကို ခေါ်ပြီး အမေ့ရှေ့ လာတိုင်ကြသည်။ ပထမမိသားစုနှင့် ဒုတိယ၊ တတိယမိသားစုကြား သဘောထားကွဲလွဲမှုများမှာ သူ့ကြောင့် စတင်ခဲ့ခြင်း ဖြစ်လေသည်။
သို့သော် အမေကတော့ ဘေးလူတွေ ဘာပြောပြော တောင်တန်းကြီးတစ်ခုလို သူ့ကို ခိုင်မာစွာ ကာကွယ်ပေးခဲ့သည်။ တချို့ဆွေမျိုးများက လူကြီးဆိုသည့် အရှိန်အဝါကို သုံးပြီး မိသားစုကို မထိခိုက်စေရန် သူ့ကို ရေထဲပစ်ချပြီး သတ်ပစ်ဖို့ အမေ့ကို အကြံပေးခဲ့ကြသေးသည်။ "မင်းက ငယ်ပါသေးတယ်။ သားကြီးလည်း ရှိနေတာပဲ။ ကံဇာတာမကောင်းဘဲ အသက်ရှည်ရှည်မနေရမယ့် ကလေးကို စွန့်ပစ်လိုက်ပါတော့" ဟု ပြောခဲ့ကြသည်။
ထိုစဉ်က သူ ၃ နှစ်သားအရွယ် စာသင်စအရွယ်ပင် ရှိသေးသည်။
ထိုစကားပြောသော ဦးလေးကို အမေက တုတ်နှင့် ရိုက်ထုတ်လိုက်ရာ လှေကားပေါ်မှ လိမ့်ကျပြီး ခြေထောက်ကျိုးသွားခဲ့သည်။
နောက်ပိုင်းတွင် ပြဿနာအကြီးအကျယ်တက်ပြီး ဘိုးဘွားခန်းမကို ဖွင့်ကာ အမေ့ကို စစ်ဆေးအပြစ်ပေးရန် လုပ်ကြသည်။ ပုံမှန်ဆို ပျော့ညံ့တတ်သော အဖေက ဒီလိုကိစ္စကြုံလာတော့ အလွန်မာကျောသွားခဲ့သည်။ သူက ရှီးမိသားစု၏ တုတ်ရှည်ကို ဆွဲကိုင်လိုက်သည်။ လေးလွန်းသဖြင့် နှစ်ခါလောက် မနည်းမလိုက်ရသော်လည်း ဘိုးဘွားခန်းမထဲတွင် ဒူးမထောက်ဘဲ ရပ်နေသော အမေ့ရှေ့တွင် ရဲရဲဝံ့ဝံ့ ကာကွယ်ရပ်တည်ပေးခဲ့သည်။
ထိုအချိန်သည် သူ့အဖေ အခန့်ညားဆုံးအချိန် ဖြစ်ပေလိမ့်မည်။ သူက မျက်မှောင်ကြုတ်ကာ ဒေါသထွက်နေသော မျိုးနွယ်စုလူကြီးများကို ပြောလိုက်သည်။ "မင်းတို့ သေချာ စဉ်းစားကြနော်။ မဟုတ်မမှန်တဲ့ အပြစ်တွေနဲ့ ချွန်းကျွင်းကို အပြစ်ပေးမယ်ဆိုရင် ငါတို့ မိသားစု နာမည်ကို ဆွေစဉ်မျိုးဆက်စာရင်းထဲကနေ ပယ်ဖျက်လိုက်ကြတော့။ ငါ မလိုချင်တော့ဘူး။ ငါ... ငါ ချွန်းကျွင်းနဲ့အတူ စန်းကော၊ ကျိုကောတို့ကို ခေါ်ပြီး ချန်ကျိုးကို ပြန်မယ်။ နောက်ပြီး ငါတို့အားလုံး ချွန်းကျွင်းရဲ့ မျိုးရိုးနာမည် ရှီး ဆိုပြီး ပြောင်းလိုက်လည်း ကိစ္စမရှိဘူး”
အဖေက ထိုသို့ပြောလိုက်ရာ လူတိုင်း ပွက်လောရိုက်သွားကြသည်။ ဘိုးဘွားခန်းမထဲက ဦးလေးကြီးများ ဒေါသထွက်လွန်းသဖြင့် နောက်သို့ လန်ကျမတတ် ဖြစ်သွားကြပြီး လက်များ တုန်ယင်ကာ စကားမပြောနိုင်တော့ဘဲ ရှဲ့မိသားစု ဘိုးဘေးများနှင့် စောစောစီးစီး သွားတွေ့ရလုနီးပါး ဖြစ်သွားကြသည်။
နှစ်ပေါင်းများစွာ ကြာပြီးနောက် ရှဲ့ချီ ဒီအကြောင်းကို ပြောပြချိန်တွင် မျက်လုံးများထဲ၌ အပြုံးရိပ်များ ယှက်သန်းနေလေ၏။ "ဒါတွေကို ကျွန်တော် မမှတ်မိတော့ပါဘူး။ အစ်ကိုကြီး ပြောပြလို့ သိရတာ။ အဘွားကလည်း ရယ်ရတယ်။ အဲဒီတုန်းက တည်တည်ငြိမ်ငြိမ်နဲ့ အဖေ့ကို မေးသတဲ့။ 'အားချုံး ၊ အမေလည်း မင်းနဲ့အတူ ချန်ကျိုးကို လိုက်မယ်လေ' တဲ့။ အဖေကလည်း 'ဒါပေါ့။ ကျွန်တော်က သားအကြီးပဲ။ အမေအိုကို ပြုစုစောင့်ရှောက်ရမှာပေါ့' လို့ ပြန်ဖြေတယ်။ အဘွားက အမေ့ဘက်လှည့်ပြီး 'ချွန်းကျွင်းရေ အိမ်မှာ နေစရာရော လောက်ရဲ့လား' လို့ မေးလိုက်တော့ အမေက အဲဒီလို တင်းမာနေတဲ့ အခြေအနေကြီးမှာတောင် အောင့်မထားနိုင်ဘဲ ရယ်ချလိုက်ပြီး 'လောက်ပါတယ်။ လောက်ပါတယ်' လို့ အလျင်အမြန် ပြန်ဖြေခဲ့သတဲ့”
ရှန်မြောင်လည်း နားထောင်ရင်း ရယ်ချမိမတတ် ဖြစ်သွားသည်။ ရှဲ့ချီ၏ အဖေက ဒီလို စိတ်သဘောထားမျိုး ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထိုစဉ်က ရှဲ့ချီ၏ အဘိုး ရှိနေသေးသည်။ မူလက သူက ဟိုဘက်ဒီဘက် ချော့မော့ဖြန်ဖြေနေခဲ့သော်လည်း အခြေအနေက ရုတ်တရက် ပြောင်းလဲသွားပြီး သားရော ချွေးမရော မြေးပါ ပါသွားမည့်ကိန်း ဆိုက်နေသဖြင့် ထိုင်ရာမှ ဝုန်းခနဲ ထရပ်ကာ အလျင်အမြန် ဝင်ရောက် ဖြေရှင်းပေးခဲ့ရသည်။
ရှဲ့ချီ၏ အဖေသည် ရှဲ့မိသားစု၏ တရားဝင် သားကြီးဩရသ ဖြစ်သဖြင့် သူ့ကို ဆွေစဉ်မျိုးဆက်စာရင်းမှ ထုတ်ပယ်လိုက်လျှင် မျိုးနွယ်စုလူကြီးများမှာ မိသားစု၏ သမိုင်းတရားခံများ ဖြစ်သွားပေလိမ့်မည်။ နောက်ပိုင်းတွင် ထိုကိစ္စ ပြီးဆုံးသွားသော်လည်း ပြဿနာများကို ရှောင်ရှားရန် ရှဲ့ချီသည် မျိုးနွယ်စုကျောင်းသို့ မသွားတော့ပေ။ အဖေက စာသင်ပေးပြီး အမေက သိုင်းပညာ သင်ပေးခဲ့သည်။
အနည်းငယ် ကြီးပြင်းလာသောအခါ ရှီးမိသားစုဝင် ဦးလေးများနှင့်အတူ အပြင်ထွက် လေ့လာသင်ယူခဲ့သည်။ အမေက "ထိုင်ပြီး သေမယ့်ရက်ကို စောင့်နေမယ့်အစား အဆိပ်ကို အဆိပ်နဲ့ တိုက်တာ ပိုကောင်းတယ်" ဟု ဆိုကာ ကံဆိုးလေလေ အပြင်ပိုထွက်လေလေ လုပ်ခိုင်းခဲ့သည်။
ဒီအကြောင်းတွေ ကြားလိုက်ရတော့ ရှန်မြောင် ရုတ်တရက် နားလည်သွားလေသည်။
ဘာကြောင့် ကျိုကောက ဒီလောကကြီးက လူတွေနှင့် မတူတာလဲဆိုသည်ကိုပေါ့။ သူက ညဘက်က ကြယ်လေးတွေလို တောက်ပပြီး သန့်ရှင်းလှပနေခြင်းပင်။ မူလက သူသည် လောကဓမ္မတာနှင့် မတူကွဲပြားသည့် မိဘနှစ်ပါးရှိပြီး သူတို့၏ နက်ရှိုင်းသည့် ချစ်ခြင်းမေတ္တာများဖြင့် ပြုစုပျိုးထောင်ခြင်း ခံခဲ့ရသောကြောင့် ဖြစ်လေသည်။
"ရှင့် မိဘတွေက တကယ်ကောင်းတာပဲ”
ရှန်မြောင်က ရှဲ့မိသားစု သခင်မကြီးကို ပိုမိုလေးစားသဘောကျသွားပြီး ခေါင်းလှည့်ကာ သူ့ကို မျက်တောင်ခတ်ပြလိုက်သည်။
"ဒါဆို ရှင် ခုနက ပြောတာ မမှန်တော့ဘူးပေါ့။ ရှင့်ဘဝရဲ့ ကံကောင်းမှုတွေ အကုန်လုံးက ကောင်းကင်ဘုံမှာ မိဘရွေးချယ်တုန်းက သုံးလိုက်ရတာနေမှာ။ မဟုတ်ရင် ကျွန်မနဲ့ မတွေ့ခင် ရှင် အသက်ရှင်တော့မှာ မဟုတ်ဘူး”
ရှဲ့ချီ မျက်နှာရဲသွားပြီး ခြေမကိုင်မိ လက်မကိုင်မိ ရှင်းပြရန် ပြင်လိုက်စဉ် ရှန်မြောင်က တခစ်ခစ် ရယ်လိုက်ပြန်သည်။
"ကျွန်မ သိပါတယ်။ ကျွန်မ သိပါတယ်။ စနောက်လိုက်တာပါ”
ထို့နောက် သူမ စိတ်မကောင်း ဖြစ်သွားသည်။ သူမက တကယ်ပဲ လေထုကို ဖျက်ဆီးတတ်သူပင်။
ရှဲ့ချီ ခုနက ပြောခဲ့သည့် ကံကောင်းခြင်းအကြောင်းက သူမကို မျက်နှာလုပ်ချင်၍ ပြောခဲ့ခြင်း မဟုတ်သည်ကို ရှန်မြောင် သိပါသည်။ သူ အသက်ရှင်ခဲ့သည့် ဆယ်စုနှစ်တိုတိုလေးအတွင်း သာမန်လူများထက် အဆပေါင်းများစွာ ပိုသော နာကျင်မှုဒုက္ခများကို ခံစားခဲ့ရသည်။
အကောင်းဆုံး မိဘနှစ်ပါး ရှိနေလျှင်တောင် အိုဟောင်းနေသည့် မျိုးနွယ်စုစည်းမျဉ်းများကြားမှ အသက်ရှင်လွတ်မြောက်အောင် ကာကွယ်ပေးနိုင်ရုံသာ ရှိသည်။ မိဘများက နောက်ခံသာ ဖြစ်ပြီး ဘဝခရီးလမ်းကိုတော့ သူကိုယ်တိုင် လျှောက်လှမ်းရလိမ့်မည်။
"ဘာလို့ ငါပဲ ဖြစ်နေရတာလဲ"၊ "ဘာလို့ ငါပဲ အမြဲကံဆိုးနေရတာလဲ" ဆိုသည့် နာကျင်မှုနှင့် မကျေနပ်မှုများက ရင်ထဲတွင် စူးဝင်နေပြီး ဘယ်လောက်ရင်းနှီးသူမဆို ကိုယ်စားဝင်ခံပေးလို့ မရနိုင်ပေ။ အရာအားလုံးက သူကိုယ်တိုင် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သဖြင့် လူ့လောကကြီးက ပျင်းစရာကောင်းသည်ဟု သူ ပြောထွက်ခဲ့ခြင်း ဖြစ်လိမ့်မည်။
နာကျင်မှုက အစစ်အမှန်ဖြစ်သလို ချစ်ခြင်းတရားကလည်း အစစ်အမှန်ပင်။ သူကိုယ်တိုင်ကလည်း အစစ်အမှန် ဖြစ်လေသည်။
ရှန်မြောင် ရုတ်တရက် တည်ငြိမ်လေးနက်သွားပြီး သူ့ကို အလေးအနက် ကြည့်လိုက်၏။
"ကျိုကော ကျွန်မက ရှင့်ထက် အသက်ကြီးတယ်။ မိဘနှစ်ပါး မရှိတော့ဘူး။ အိမ်ထောင်ကျဖူးတယ်။ ပိုင်ဆိုင်မှု နည်းနည်းပါးပါး ရှိပေမယ့် စောင့်ရှောက်ရမယ့် မောင်နှမတွေ ရှိသေးတယ်။ ရှင်နဲ့ ယှဉ်လိုက်ရင် ကျွန်မမှာ ကောင်းကွက် တစ်ခုမှ မရှိဘူး..."
"အဲဒါတွေက ရှန်ညန်ဇီနဲ့ ဘာမှမဆိုင်ပါဘူး” ရှဲ့ချီက ခေါင်းခါပြီး ဖြတ်ပြောလိုက်၏။ ပြောရင်းဆိုရင်း မျက်နှာနှင့် နားရွက်များ ရဲတက်လာသော်လည်း မျက်လုံးအကြည့်များကတော့ ခိုင်မာပြတ်သားနေသည်။
"ရှန်ညန်ဇီ ဒီမှာ ရှိနေရင် ကျွန်တော် ပျော်တယ်။ တခြားသူတွေ ကျွန်တော့်ကို ဘယ်လိုမြင်လဲ ဂရုမစိုက်ဘူး။ ရှန်ညန်ဇီက အရာအားလုံး ကောင်းတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းတယ်လို့ပဲ ကျွန်တော် ထင်ပါတယ်”
တည့်တည့်ကြီး ဝင်တိုက်လိုက်ခြင်း ဖြစ်ရာ တကယ်ကို ခက်ခဲပါတော့သည်။
ရှန်မြောင်သည် လူ့ဘဝနှစ်ခု ရှိခဲ့ပြီ ဖြစ်သော်လည်း သူ့လို လေးနက်သော အကြည့်၊ လေးနက်သော လေသံမျိုးနှင့် ပြောလာသည်ကို ကြားရသောအခါ မျက်နှာတစ်ခုလုံး ပူထူသွားလေသည်။
အကြောင်းမှာ ရှဲ့ချီ၏ မျက်နှာအမူအရာတွင် လူငယ်တစ်ယောက်၏ ခေါင်းမာမှုနှင့် ရိုးသားပွင့်လင်းမှုများ ရှိနေသောကြောင့်ပင်။
ချွေးမိသားစုနှင့် စေ့စပ်တုန်းက ရှဲ့ချီသည် အမျိုးသားနှင့် အမျိုးသမီးကြားက အချစ်ကို နားမလည်သေးပေ။ သူ့အဒေါ်က သူ့ကံဇာတာ ညံ့ဖျင်းသည်ကို မရွံရှာဘဲ ချွေးအစ်မကြီးနှင့် ပေးစားလိုသည်ကို သူက ကျေးဇူးတင်ပြီး တန်ဖိုးထားသင့်သည်ဟု ထင်ခဲ့သည်။
နောက်ပိုင်း ချွေးအစ်မကြီး အပြောင်းအလဲဖြစ်သွားတော့လည်း သူ အပြစ်မတင်ခဲ့ပေ။ ဘယ်သူမှ တစ်စုံတစ်ယောက်နှင့် လက်ထပ်ဖို့ မွေးဖွားလာတာ မဟုတ်ချေ။ သွေးအိုင်ထဲတွင် ချွေးအစ်မကြီး အော်ဟစ်ပြောဆိုလိုက်သည့် စကားတစ်ခွန်းက သူ့ရင်ထဲတွင် အမြဲရှိနေခဲ့သည်။
"မိဘတွေရဲ့ အမိန့်၊ အောင်သွယ်တော်ရဲ့ စကားတဲ့။ ဘာလို့ ဘယ်သူမှ သူမရဲ့ ဆန္ဒကို မမေးကြတာလဲ”
လက်ရှိ ဥပဒေ၊ ထုံးတမ်းစဉ်လာအရ အမျိုးသမီး၏ မိဘသဘောထားကို အရင်မေးမြန်းပြီး အောင်သွယ်တော်နှင့် စကားကမ်းလှမ်းမှသာ ချစ်သူအမျိုးသမီးကို တန်ဖိုးထားရာ ရောက်သည်ဟု ဆိုကြသည်။ အရင်တုန်းက ဒီကိစ္စ မှားနေသည်ဟု ရှဲ့ချီ တစ်ခါမှ မတွေးမိခဲ့ပေ။
သူက မိန်းကလေး၏ မိဘများနှင့် လက်ထပ်မှာ မဟုတ်သလို အောင်သွယ်တော်ကို ကြိုက်နှစ်သက်နေတာလည်း မဟုတ်ပေ။ စိတ်သဘောထား၊ ချစ်ခင်မြတ်နိုးမှုနှင့် လက်ထပ်ထိမ်းမြားခြင်းအကြောင်း ပြောကြသည့်အခါ ဘာကြောင့် အမျိုးသမီးကိုယ်တိုင်၏ သဘောထားကို ဘယ်သူမှ သေချာမမေးကြတာပါလိမ့်။ လူအများစုက လက်ထပ်ပြီး မင်္ဂလာဦးညရောက်မှ ပထမဆုံးအကြိမ် တွေ့ဖူးကြရသည်။
လက်မထပ်ခင်တုန်းက တစ်ခါမှ မတွေ့ဖူးဘဲနှင့် သူက လူကောင်း ဟုတ်မဟုတ် ဘယ်လိုသိပါမည်နည်း။ သတို့သမီးကို ယူတုန်းက ရုပ်ရည်မသိဘဲ ယူပြီးတော့မှ နောက်ပိုင်း သဘောထားမတိုက်ဆိုင်ပါဟုဆိုပြီး မယားငယ်ယူသည်ကတော့ ဘယ်သူ့အတွက်မှ တရားမျှတမှု မရှိပေ။ လက်ထပ်ပွဲတွင် အသိသင့်ဆုံးလူက အမှောင်ချခံထားရပြီး တစ်သက်လုံး နေသွားရမည့် အဖြစ်မျိုး။ ဒီလို လောကထုံးတမ်းများက ထူးဆန်းနေသည် မဟုတ်ပါလား။
ဒါကြောင့် ဒီနေ့ သူ စိတ်လိုက်မာန်ပါနှင့် ဖွင့်ပြောခြင်း မဟုတ်ပေ။ ဒီစကားများက သူ့ရင်ထဲတွင် ရှိနေသည်မှာ ကြာမြင့်ခဲ့လေပြီ။
ရှန်ညန်ဇီကို သူ မြတ်နိုးသည်။ သူမ ဘာလုပ်လုပ်၊ ဘာမလုပ်လုပ် သူ နှစ်သက်မိသည်။ တခြားသူများ ဘယ်လိုနေလဲ သူ မသိပေမယ့် ရှန်ညန်ဇီကို တွေ့လိုက်တိုင်း သူ နှမြောတသ ဖြစ်ရသည်။ အချိန်တွေ အများကြီး ရှိသေးသော်လည်း သာမန်ခွဲခွာမှုတိုင်းတွင် စိတ်မကောင်း ဖြစ်ရသည်။
ရှန်ညန်ဇီကို တွေ့ရလျှင် သူ စိတ်ချမ်းသာသည်။
ရှန်ညန်ဇီ၏ အဝတ်အစားများပေါ်မှ သစ်သီးနံ့နှင့် အစားအသောက်နံ့လေးများကို ရှူရှိုက်လိုက်မိလျှင် သူ ကျေနပ်ပြီး ဗိုက်ပြည့်သလို ခံစားရသည်။
သူ့ခန္ဓာကိုယ်၊ အရိုး၊ အသား၊ သွေးသားများက သူ့ထက် အရင်ဦးအောင် ရှန်ညန်ဇီကို ချစ်မိသွားပြီဟု သူ မကြာခဏ တွေးမိလေ့ရှိသည်။
ဒီခန္ဓာကိုယ်က သူ့နှလုံးသားထက် ပိုပြီး ရိုးသားနေသည်လေ။
ရှန်မြောင်က ပူထူနေသော ပါးပြင်ကို လက်ခုံဖြင့် ပွတ်သပ်လိုက်ပြီး မသိမသာ ပြန်ချထားလိုက်သည်။ သူမ၏ စိတ်များက လျှော်မျှင်များလို ရှုပ်ထွေးနေပြီး အစအန ရှာမရ ဖြစ်နေသည်။ ရှဲ့ချီ၏ စိုက်ကြည့်နေသော အကြည့်များကို မခံနိုင်တော့ဘဲ ထွက်ပြေးချင်စိတ် ပေါက်လာချိန်တွင် ရှဲ့ချီက စကားထပ်ပြောလိုက်သည်။
"ရှန်ညန်ဇီ စိတ်ရှုပ်စရာ မလိုပါဘူး။ ညန်ဇီက အိမ်တွင်းပုန်း ဘဝမျိုးမှာ မနေချင်ဘူးဆိုတာ ကျွန်တော် သိပါတယ်”
သူက ရှက်ရွံ့စွာ ခေါင်းငုံ့လိုက်၏။ "ကျွန်တော့်အဖေက အမေ့ကို ပြောဖူးတဲ့ စကားတစ်ခွန်း ရှိတယ်... တကယ်တော့... အဲဒီလို နေရတာလည်း မဆိုးဘူးလို့ ကျွန်တော် ထင်တယ်..."
...