အခန်း (၁၃၅-၁၃၆)
Vol. 14 Ch. 135-136
အပိုင်း (၁၃၅)
ရှန်မြောင်မှာ ကြောင်အသွားတော့သည်။
ဘာစကားပါလိမ့်။ သူမက အလေးအနက် ပြန်စဉ်းစားလိုက်ရာ ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားတော့သည်။ ရှဲ့ချီအဖေ ပြောခဲ့သလို သူ မျိုးရိုးနာမည် ရှီး ဟု ပြောင်းလိုက်လို့ရတယ် ဆိုတာများလား။
ဒါဆို ကျိုကော... ကျိုကော.....
"အင်း" သူက တိုးတိုးလေး ပြန်ဖြေလိုက်၏။
သည်နေ့မတိုင်ခင်ကတည်းက သူသည် မရေမတွက်နိုင်အောင် စဉ်းစားခဲ့ပြီးပြီ ဖြစ်သည်။ ကိစ္စတိုင်းတွင် ရှန်ညန်ဇီကိုသာ ဦးစားပေးမည်။ ရှန်ညန်ဇီ လုပ်ချင်တာကို လုပ်ခွင့်ပေးမည်။ ရှန်ညန်ဇီ ရှိသည့်နေရာတွင် သူ ရှိနေမည်။ ရှန်ညန်ဇီ ပြောသမျှသည် အမှန်တရား ဖြစ်စေရမည်။
သူသည် ရာထူးကြီး အာဏာကြီးများကို မမက်မောသလို စည်းစိမ်ဥစ္စာ ဂုဏ်ရှိန်ဝါများကိုလည်း မတောင့်တပါ။ ဆွေစဉ်မျိုးဆက် ဂုဏ်အရှိန်အဝါ ပြန်လည်မြင့်မားလာစေရန်လည်း ဆန္ဒမရှိတော့ချေ။ သူ့တွင် အကောင်အထည်ဖော်ရန် ရည်မှန်းချက်ကြီးကြီးမားမားများ မရှိတော့ပါ။ သူသည် ကျင့်ရှီ စာမေးပွဲအောင်မြင်ရန်သာ မျှော်လင့်ပြီး ရာထူးတစ်ခုရလျှင် အကောင်းဆုံးဖြစ်သော်လည်း ရာထူးမရလျှင်လည်း ကိစ္စမရှိပေ။
ဒါဆိုလျှင် သူသည် ရှန်ညန်ဇီရှိရာ အရပ်တွင် စာလုံး ရေးရောင်း၊ ပန်းချီဆွဲရောင်း သို့မဟုတ် စာအုပ်ဆိုင်လေးဖွင့်ရင်း သာမန်အရပ်သားတစ်ယောက်အဖြစ် စိတ်အေးချမ်းသာစွာ နေထိုင်သွားတော့မည်။
တစ်နေ့ သုံးနပ်၊ တစ်နှစ် လေးရာသီ၊ လူ့လောက၏ ချက်ပြုတ်စားသောက်ခြင်းများကြားတွင် သူသည် ရှန်ညန်ဇီ၏ နောက်မှ အရိပ်ပမာ ထပ်ကြပ်မကွာ လိုက်ပါနေသည့် အမြီးလေးတစ်ချောင်း ဖြစ်ချင်မိသည်။ သည်မျှဆိုလျှင် လုံလောက်ပါပြီ။
ရှဲ့ချီသည် မျက်လွှာကို ချထားလိုက်၏။ မျက်နှာတစ်ခုလုံးသည် လည်ပင်းအရင်းထိတိုင်အောင် နီရဲနေလေသည်။ ရှက်လွန်းသဖြင့် ဆန့်ထုတ်လိုက်သည့် လက်ချောင်းထိပ်လေးများပင် တုန်ရီနေသော်လည်း ရှန်မြောင်၏ အင်္ကျီလက်စကို ဖြည်းဖြည်းချင်း လှမ်းဆွဲလိုက်မိသည်။ သူသည် သူမ၏ အင်္ကျီအနားစကို ကိုင်ထားရင်း ရင်ထဲတွင် ဆူပွက်နေသည့် နှလုံးခုန်သံများကို ထိန်းချုပ်ကာ တသက်တာ သစ္စာစကားကို ပြတ်ပြတ်သားသား ပြောလိုက်လေသည်။
"စိမ်းလန်းတဲ့ တောင်တန်းတွေကို မစွန့်ခွာဘဲ အတူတူ လိုက်ပါနေထိုင်သွားပါမယ်"
သို့သော် သူ့ခေါင်းထက်ဆီမှ တုံ့ပြန်သံ တစ်စုံတစ်ရာ ထွက်မလာခဲ့ချေ။ နားထဲတွင် ကိုယ့်နှလုံးခုန်သံမှလွဲ၍ တဖြည်းဖြည်းချင်း လေတိုက်ခတ်မှုကြောင့် ကျဆင်းလာသည့် နှင်းပွင့်များ၏ အသံသာ ကျန်ရစ်တော့သည်။
ရှဲ့ချီသည် ခေါင်းကို ငုံ့ထားရင်း နောက်ဆုံးကျန်ရှိသည့် သတ္တိကို မွေးကာ ရှန်ညန်ဇီ၏ အင်္ကျီလက်စကို ဘယ်ညာ ယိမ်းခါလိုက်သည်။
ခဏမျှ ရပ်တန့်သွားပြီးနောက် တိုးညင်းပြီး သနားစရာကောင်းသည့် လေသံလေးဖြင့် မေးလိုက်လေသည်။
"ရမလားဟင်"
.....
နှင်းကျသည့်နေ့ဖြစ်၍ ဧည့်သည်နည်းပါးလှသည်။ အားထောင်သည် နောက်ဆုံးကျန်သည့် ဧည့်သည်၏ ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းပြီး ပန်းကန်များကို ဆင့်ကာ မီးဖိုဆောင်ထဲသို့ ဝင်လာချိန်တွင် ရှန်ညန်ဇီသည် ညစာအတွက် ပြင်ဆင်နေလေပြီ။ ဒီနေ့မနက်စောစောကတည်းက 'ကြက်စတူး' လုပ်မည်ဟု ပြောထားခဲ့သည်။ အားထောင်သည် ကြက်စတူး ဆိုသည်ကို မစားဖူးသဖြင့် စိတ်ထဲတွင် အတော်ပင် မျှော်လင့်နေမိသည်။
မည်သို့ဆိုစေ ရှန်ညန်ဇီ၏ ဟင်းလျာအသစ်များတွင် အရသာမရှိသည်ဟူ၍ မရှိစဖူးပင်။
သို့သော် မီးဖိုဆောင်ထဲတွင် ပူလွန်း၍လား မသိ၊ ရှန်ညန်ဇီ၏ မျက်နှာလေးမှာ အပူဟပ်ထားသကဲ့သို့ ဖြူဝင်းနေရာမှ ပန်းရောင်သန်းနေပြီး နားရွက်များပင် ပန်းရောင်ပြေးနေလေသည်။
အားထောင်သည် ပန်းကန်လုံးများကို ရေကန်ထဲထည့်ရင်း ခြံဝင်းထဲသို့ အမှတ်တမဲ့ လှမ်းကြည့်လိုက်သည်။
ယခုအချိန်တွင် ခြံဝင်းထဲ၌ တိတ်ဆိတ်ငြိမ်သက်နေပြီး အနွေးစားပွဲအောက်မှ ခေါင်းပြူထွက်လာသည့် ကျွေးဖုန်းသာလျှင် ပါးစပ်အကျယ်ကြီးဟကာ သမ်းဝေနေလေသည်။
"ရှဲ့ကျိုကော ဒီလောက်စောစော ပြန်သွားပြီလား" အားထောင်သည် သပွတ်အူကို ယူလိုက်ပြီး ဆပ်ပြာမှုန့်အနည်းငယ်ထည့်ကာ ပန်းကန်များကို ပွတ်တိုက်ဆေးကြောရင်း မေးလိုက်သည်။
"အင်း" သူမ၏ နောက်ကျောဘက်မှ ရှန်ညန်ဇီ၏ သဘာဝမကျလှသည့် ပြန်ဖြေသံနှင့်အတူ ဟင်းသီးဟင်းရွက်လှီးရာတွင် ဓားနှင့် စဉ့်နှီတုံး ထိခတ်မိသည့် တဒေါက်ဒေါက်မြည်သံကိုပါ ကြားလိုက်ရသည်။
အားထောင်က ပန်းကန်တစ်လုံးကို ဆေးကြောပြီးနောက် ဘေးတွင်ချထားရင်း ထူးဆန်းနေသဖြင့် ပြောလိုက်၏။
"ဒီနေ့ ဘာလို့ ဒီလောက်စောနေရတာလဲ။ ပုံမှန်ဆိုရင် ရှဲ့ကျိုကောက မိုးချုပ်မှပဲ အချိန်ဆွဲပြီး ပြန်သွားတတ်တာ မဟုတ်လား"
"အဟွတ်" သူမနောက်မှ ရှန်ညန်ဇီ၏ ချောင်းဟန့်သံ ထွက်လာပြီး လက်ထဲက ဓားချက်များမှာ ပိုမိုမြန်ဆန်လာကာ ဘာကို ပြာယာခတ်နေမှန်း မသိနိုင်ပေ။
အားထောင်က ပန်းကန်ဆေးပြီးချိန်တွင် ဖူရှင်းသည်လည်း ထင်းများကိုပွေ့ကာ ဝင်လာခဲ့သည်။ သူသည် ထင်းများကို ချလိုက်ပြီး ကိုယ်ပေါ်က နှင်းစက်များကို ပုတ်ခါရင်း အရမ်းအေးတာပဲဟု ညည်းတွားလိုက်သည်။
"အေးမှာပေါ့၊ ဒီနှစ် နှင်းက မတိတ်တမ်း ကျနေတာကိုး" အားထောင်သည်လည်း လက်ပေါ်က ရေများကို အမြန်သုတ်လိုက်၏။ ရှန်ညန်ဇီသည် အလွန်သဘောထားပြည့်ဝသည့် အိမ်ရှင်ဖြစ်ပေသည်။ ပန်းကန်ဆေးလျှင် ရေနွေးစပ်သုံးခွင့်ပြုသလို သူမနှင့် ဖူရှင်း၊ ထန်အာတို့အတွက် လက်လိမ်းဝက်ဆီခဲများကို ဝယ်ပေးထားသေးသည်။ သို့မဟုတ်ပါက လက်များ နှင်းကိုက်နာ ဖြစ်နေလောက်ပြီ။
အားထောင်သည် ရှန်မြောင်အတွက် ဆန်နှင့် ဟင်းသီးဟင်းရွက်များ သွားဝယ်ပေးလေ့ရှိရာ ထိုက်ဖုန်းဆန်ဆိုင်မှ အလုပ်သမားတစ်ယောက်ကို တွေ့ဖူးလေသည်။ နှုတ်ခမ်းများ ပြာနှမ်းနေပြီး လက်နှစ်ဖက်လုံး ပေါက်ပြဲနေသည်ကို မြင်ခဲ့ရသည်။ ထိုသို့ဖြစ်နေသည့်တိုင် နှင်းမုန်တိုင်းထဲတွင် ဆန်အိတ်များကို တစ်ခေါက်ပြီးတစ်ခေါက် ထမ်းပိုးနေရရှာသည်။ သနားစရာ ကောင်းလိုက်တာ။ အားထောင်သည် သူ့ကို ကြည့်ရင်း အအေးဒဏ်ကြောင့် ယိုင်နဲ့နေသည်ကို မကြာခဏ တွေ့ရသဖြင့် ဝက်ဆီခဲကိုပင် နှစ်ခါလောက် ငှားပေးဖူးလေသည်။
"ရှန်ညန်ဇီ အဲဒါ သကြားတွေလေ"
ဖူရှင်း၏ ထိတ်လန့်တကြား အော်သံကြောင့် အားထောင်၏ အတွေးများ ပြတ်တောက်သွားပြီး အနောက်သို့ လှည့်ကြည့်လိုက်၏။
ရှန်ညန်ဇီသည် ငေးငိုင်နေပြီး အသားထဲသို့ သကြားများ လောင်းထည့်နေမိခြင်း ဖြစ်သည်။ ဖူရှင်း၏ အော်သံကြောင့်သာ အသိပြန်ဝင်လာပြီး ကပျာကယာ ပြန်ဆယ်နေရသည်။
ကံကောင်းသည်မှာ ယခု ရာသီဥတု အေးသဖြင့် သကြားအရည်ပျော်မှု နှေးကွေးနေခြင်းကြောင့် ဇွန်းဖြင့် ကော်ထုတ်၍ ရလိုက်သည်။
ရှန်ညန်ဇီ ဤကဲ့သို့ အမှားမျိုး လုပ်မိလိမ့်မည်ဟု အားထောင်နှင့် ဖူရှင်းတို့ ထင်မထားခဲ့ကြပေ။ သူတို့ ရှန်မိသားစုအိမ်သို့ ရောက်လာကတည်းက ရှန်ညန်ဇီ မီးဖိုချောင်ကိစ္စတွင် အမှားလုပ်သည်ကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ဆားနှင့် သကြား မှားထည့်သည်ဆိုလျှင် ပို၍ပင် ဝေးစွ။
ဖူရှင်းကတော့ ရိုးသားသူပီပီ မေးလိုက်သည်။ "ညန်ဇီ ဘာဖြစ်လို့လဲ"
ရှန်ညန်ဇီက "မီးဖိုက မီးပြင်းလွန်းတော့ ခေါင်းမူးသွားတာပါ" ဟု ဗလုံးဗထွေး ရှင်းပြသည်ကို သူက ယုံကြည်သွားလေသည်။
ဟမ်... အားထောင်ကတော့ မျက်လုံးများကို မှေးစင်းထားလိုက်သည်။ သူမသည် အသက်ငယ်သော်လည်း ပျော်ပွဲစားရုံတွင် ကြီးပြင်းလာသူဖြစ်၍ အချစ်ရေးကြောင့် ဒုက္ခရောက်နေသည့် အမျိုးသား အမျိုးသမီးများကို မြင်ဖူးသည်တွင် ချက်ချင်းပင် သံသယဝင်သွားတော့သည်။ ခုနက သေချာ မကြည့်မိသော်လည်း အခု ကြည့်ရသည်မှာ ရှန်ညန်ဇီ၏ အမူအရာက သိသိသာသာကို မူမမှန် ဖြစ်နေသည်။ အရမ်းကို မသင်္ကာစရာကောင်းနေသည်။
"ဖူရှင်း ရှင်ပဲ ဟင်းတွေ ပြင်လိုက်တော့။ ကလေးတွေ ဆော့နေတာ ဘယ်လိုနေလဲဆိုတာ ကျွန်မ သွားကြည့်လိုက်ဦးမယ်။ အခုထိ ပြန်မလာကြသေးဘူး၊ အအေးမိကုန်မှာ စိုးလို့ပါ"
ရှန်မြောင်သည် ကိုင်ထားသည့် ဓားကို ဖူရှင်း ရင်ခွင်ထဲသို့ ထိုးထည့်ပေးလိုက်ပြီး အလျင်အမြန် ထွက်သွားလေသည်။
"ညန်ဇီ သွားကြည့်လိုက်ပါ" ဖူရှင်းက ရိုးရိုးအအ ပြန်ပြောလိုက်၏။ "ဒီနေ့ ဘဲကင်တွေလည်း ကုန်သွားပြီဆိုတော့ ကျွန်တော်ပဲ ပြင်ဆင်လိုက်ပါ့မယ်"
အားထောင်ကတော့ ရှင်းပြမရလောက်အောင် ဖရိုဖရဲနိုင်လှသည့် ရှန်ညန်ဇီ၏ ကျောပြင်ကို ငေးကြည့်ရင်း မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားနေမိတော့သည်။
ရှန်ညန်ဇီက တကယ်ကြီး ထူးဆန်းနေတာပဲ။
ရှက်စရာကောင်းလိုက်တာ။ ရှန်မြောင်သည် လမ်းကြားထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာရင်း သူမကိုယ်သူမ အသိပြန်ဝင်လာစေရန် ပါးကို လက်ဖြင့် ပုတ်လိုက်မိသည်။
သူမသည် အင်မတန်မှ စိတ်ရှုပ်နေတော့သည်။
သုံးနှစ်သမီး အရွယ်ကတည်းက ဆားနဲ့ သကြားကို မမှားခဲ့ဖူးပါဘူး။ ဒီနေ့တော့ အသက်ကြီးမှ ငယ်ပြန်ပြီဟု ဆိုရမလို။ အားလုံးက ကျိုကောကြောင့်ပဲ။
ဒီနေ့ ကျိုကော ရူးသွားတာပဲ။ သူက ဘာလို့များ လူကို ဘာလုပ်ရမှန်းမသိအောင် ဖြစ်သွားစေမယ့် စကားတွေ အများကြီး ပြောလိုက်ရတာလဲ။
အခုတော့ သူနှင့်ပတ်သက်ပြီး တွေးမိလိုက်တိုင်း ကျိုကော၏ နူးညံ့သည့် မျက်ဝန်းများနှင့် သူမ၏ အင်္ကျီအနားစကို ဆွဲကိုင်ထားသည့် လက်များကိုပါ မလွဲမသွေ သတိရနေမိတော့သည်။
သူ့လက်ဆစ်များသည် အအေးဒဏ်ကြောင့် နီရဲနေသော်လည်း ထိုအရာကပင် လက်ဖမိုးမှ အသားအရေကို ပိုပြီး ဖြူဖျော့သွားစေသည်။ သိုင်းပညာ လေ့ကျင့်သူ ဖြစ်သောကြောင့် အခြား စာပေပညာရှင်များကဲ့သို့ လက်မနှင့် လက်သန်းမှ လက်သည်းများကို အရှည်မထားပေ။ လက်ချောင်းတိုင်းမှ လက်သည်းများကို အသားကပ်သည်အထိ တိုတိုညှပ်ထားပြီး လူကဲ့သို့ပင် သန့်ရှင်းသပ်ရပ်နေသည်။
ရှန်မြောင်သည် သူ့လက်များကို အချိန်အကြာကြီး စိုက်ကြည့်နေမိခဲ့သည်။
သူ ပြောလာသည့် စကားကို ကြားလိုက်ရသည့် အချိန်အထိပင်။
"စိမ်းလန်းတဲ့ တောင်တန်းတွေကို မစွန့်ခွာဘဲ အတူတူ လိုက်ပါနေထိုင်သွားပါမယ်"
"ရမလားဟင်"တဲ့။
ထိုအချိန်က ရှန်မြောင်သည် အခြားအသံများကို မကြားရတော့ချေ။ တစ်ကမ္ဘာလုံးကို နားစည်က ဖုံးအုပ်လိုက်သကဲ့သို့ အသံအားလုံးသည် ဝေးကွာသွားကာ ဝါးတားတား ဖြစ်သွားပြီး သူမ၏ နှလုံးခုန်သံသာ ကျန်ရစ်တော့သည်။ ဗုံတီးသံကဲ့သို့ တစ်ချက်ပြီးတစ်ချက် ခုန်နေသည့် နှလုံးခုန်သံများကြောင့် ရင်ဘတ်ထဲတွင် နာကျင်လာသလိုပင် ခံစားလိုက်ရသည်။
သူမ တွေးလိုက်မိသည်။ သူမတော့ သွားပြီ။
အင်္ကျီလက်စသည် ဆွဲရမ်းခြင်း ခံလိုက်ရပြီး ဘယ်ညာ ယိမ်းခါသွားသည်။ သူမ၏ ပခုံးတစ်ဖက်နှင့် လက်မောင်းတို့သည် မလှုပ်မယှက် ရှိနေပြီး တောင့်တင်းလုနီးပါး ဖြစ်နေသည်။
နောက်ဆုံးတွင် သူမက မကြားတကြားလေသံဖြင့် "အင်း" ဟု ပြန်ဖြေလိုက်ပြီး ခေါင်းမမော့တော့ဘဲ မီးဖိုဆောင်ထဲသို့ ပြေးဝင်လာခဲ့ခြင်း ဖြစ်ကာ လှည့်ပင် မကြည့်ရဲခဲ့ချေ။
ကျိုကော ဘယ်အချိန်က ပြန်သွားမှန်း သူမ မသိသလို၊ သူ ကြားလိုက်လား မကြားလိုက်လား ဆိုတာကိုလည်း မသိခဲ့ပေ။
ရှန်မြောင်သည် မီးဖိုဆောင်ထဲသို့ ထွက်ပြေးလာပြီးနောက် ဟိုလုပ်ဒီလုပ်ဖြင့် အလုပ်ရှုပ်နေခဲ့သည်။
ကြက်စတူး လုပ်မည့်ကြက်သားကို ထန်အာက အပြင်မသွားခင်ကတည်းက တုံးတစ်ပြီး သွေးစင်အောင် ဆေးထားပြီးသား ဖြစ်သည်။ ရှန်မြောင် ရောက်လာပြီးနောက် ကြက်သွန်၊ ဂျင်း၊ ကြက်သွန်ဖြူ အချို့ကို ယူပြီး အပြားလိုက် လှီးလိုက်သည်။ ထို့နောက် တခြား အရန်ဟင်းပွဲအတွက် အသီးအရွက်များကို လှီးဖြတ်ပြီး တစ်ပတ်လည်သွားသောအခါ ရေစစ်ထားသည့် ကြက်သားကို မြင်ပြီး ဘာစိတ်ကူးပေါက်သည် မသိ၊ ယူလိုက်ပြန်ကာ ဆော့စ်များ လောင်းထည့်ပြီး နယ်လိုက်ပြန်သည်။
အမှန်ဆိုလျှင် ဆီအိုးတည်ပြီး ချက်ချင်း ချက်ရမှာကို သတိပြန်ဝင်လာချိန်၌ သကြားပါ ရောထည့်ပြီးနေလေပြီ။
သနားစရာကောင်းသည့် ကြက်ဖကြီးပင်။ အားထောင် ကိုယ်တိုင် သွားရွေးဝယ်ထားသည့် ကြက်ဖြစ်ပြီး အလွန်သန်စွမ်းကာ ကြက်ဖကြီး၏ ခြေထောက်မှ အတက်များဆိုလျှင် အတော်ပင် ရှည်လျားလေသည်။
ရှန်မြောင်သည် တစ်လမ်းလုံး သူမကိုယ်သူမ မကျေမနပ် ဖြစ်နေချိန်တွင် မြို့တံခါးအပြင်ဘက်သို့ လေဒဏ် နှင်းဒဏ်ကြောင့် ရေခဲပန်းပုရုပ်ကဲ့သို့ ဖြစ်နေသည့် မြင်းလှည်းတစ်စီး ရောက်ရှိလာလေသည်။
ချွေးဝမ်ညန်သည် ထူထဲသည့် ဝံပုလွေသားရေ ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး အတွင်းတွင် ဟူလူမျိုးဝတ်စုံကို ဝတ်ထားသည်။ ဆံပင်ကိုလည်း ခေါင်းပေါ်တွင် အဝိုင်းပုံသဏ္ဌာန် ကျစ်ထားပြီး ဖျံမွေး ဦးထုပ်ကို ဆောင်းထားလေသည်။ မူလက ရောဂါဘယထူပြီး သိမ်မွေ့သည့် မျက်နှာလေးတွင် အသားများ ပြည့်ဖြိုးလာသော်လည်း နယ်စပ်ဒေသမှ လေနှင့်သဲဒဏ်ကြောင့် အသားအရေများ ကြမ်းတမ်းခြောက်သွေ့နေကာ နေလောင်ထားသဖြင့် မဲညိုနေလေသည်။
ရင်းနှီးသည့် လူများပင် သူမကို ပထမဆုံး မြင်လိုက်လျှင် မှတ်မိနိုင်ရန် ခဲယဉ်းပေလိမ့်မည်။
သို့သော် သူမသည် ရုပ်ရည်အသွင်အပြင်ကို လုံးဝ ဂရုမစိုက်ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူမသည် သူမ၏ လက်ရှိပုံစံကို အလွန်နှစ်သက်လေသည်။
သူမသည် "ထန်ဝမ်" ဟူသည့် စာရွက်စာတမ်းကို အသုံးပြုပြီး မြို့ထဲသို့ ချောချောမွေ့မွေ့ ဝင်ရောက်လာခဲ့၏။ မြင်းလှည်းသည် နှင်းကျနေသည့် ပြန့်ကျင်းမြို့ထဲတွင် ဖြည်းဖြည်းချင်း မောင်းနှင်နေသည်။ သူမသည် ကြေးဖရုံသီးပုံစံ လက်ကိုင်မီးဖိုလေးကို ပွေ့ထားရင်း လှည်းပြတင်းပေါက် လိုက်ကာစွန်းကို မကာ အပြင်သို့ လှမ်းကြည့်လိုက်သည်။ နှင်းများကို ကြည့်ရင်း ဤမြို့ကြီးကိုလည်း ငေးကြည့်နေမိသည်။
သူမအတွက်တော့ တကယ်ကို တစ်ဘဝခြားသွားသကဲ့သို့ပင်။
ဒီတစ်ခါ နှင်းမုန်တိုင်းကြားမှ ပြန်လာရခြင်းသည် ထန်းပင်အလုပ်ရုံအတွက် ဖြစ်သော်လည်း ဒုတိယအနေနှင့် မိခင်ဖြစ်သူကို တိတ်တဆိတ် သွားတွေ့ချင်သောကြောင့် ဖြစ်သည်။
အကြောင်းမှာ "ချွေးဝမ်ညန်" ဆိုသူသည် ဝေးလံသည့် သီလရှင်ကျောင်းဆောင်တွင် ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။ ယခုမှစ၍ ချွေးမိသားစုတွင် ချွေးဝမ်ညန် ဟူသော လူမရှိတော့ပေ။ ဖခင်အနေဖြင့် သူမက မိသားစုဂုဏ်သိက္ခာကို ဖျက်ဆီးမည်ကို ကြောက်စရာမလိုတော့သလို ညီအစ်မများလည်း သူမကြောင့် ထိခိုက်မည်ကို စိုးရိမ်စရာ မလိုတော့ပေ။ သူမသည်လည်း မိုက်မဲသည့် အတိတ်ကိစ္စများအတွက် နောင်တရနေစရာ မလိုတော့ချေ။
သူမ၏ လက်ရှိ မျိုးရိုးနာမည်မှာ ထန် ဖြစ်သည်။ ပေါ်ကျိုးမှ သာမန်ကုန်သည်မိသားစုမှ ဆင်းသက်လာသူ ဖြစ်သည်။ နွေရာသီတွင် ပြန့်ကျင်းသို့ တစ်ခေါက်သာ လာဖူးသည်။ ဤနောက်ခံအကြောင်းအရာသည် ရှဲ့မိသားစု၊ ချွေးမိသားစု၊ ရှီးမိသားစုတို့နှင့် လုံးဝ သက်ဆိုင်ပတ်သက်ခြင်း မရှိပေ။
သူမပိုင်ဆိုင်သည့် ထန်းပင်အလုပ်ရုံနှင့် ပတ်သက်ပြီး ပြောရလျှင်လည်း တိုက်တိုက်ဆိုင်ဆိုင် ရှန်ကျိထန်းပင်ဆိုင်မှ ဟင်းချက်နည်းကို ဝယ်ယူခဲ့မိရာမှ စတင်ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ချွေးဝမ်ညန်သည် ထန်ဝမ် ဖြစ်ရသည်ကို အလွန်ကျေနပ်မိလေသည်။
လက်ရှိတွင် အလုပ်ရုံသည် ယိုကျိုးမြို့တွင် အခြေခိုင်နေပြီဖြစ်ပြီး နေ့စဉ် နှင်းဘောလုံး လိမ့်သကဲ့သို့ အမြတ်အစွန်းများ တိုးပွားလာနေသည်။ ဤအချက်က ချွေးဝမ်ညန်ကို လက်ရှိအခြေအနေဖြင့် မကျေနပ်နိုင် ဖြစ်စေသည်။ သူမသည် ဒုတိယမြောက် ထန်းပင်အလုပ်ရုံကို ထပ်ဖွင့်ချင်နေပြီ။ သူမသည် ကြီးတော်၊ ရှန်ညန်ဇီတို့နှင့် တိုင်ပင်ကာ အသင့်စား ထန်းပင် အရသာနှစ်မျိုးလောက် ထပ်ထုတ်ချင်သေးသည်။ ပြီးလျှင် ဖန်လိုကဲ့သို့ အလုပ်ရုံအတွက် နာမည်တစ်ခု ပေးချင်သေးသည်။
ထန်းပင်အလုပ်ရုံ၊ ထန်းပင်အလုပ်ရုံ ဟုသာ ခေါ်နေရသည်မှာ အနည်းငယ် ရှုပ်ထွေးလွန်းလှသည်။
ယိုကျိုးတွင် ရာသီဥတု အေးလွန်းသဖြင့် လွန်ခဲ့သည့်လကတည်းက သူမသည် အလုပ်ရုံမှ အလုပ်သမားများကို ခွင့်ပေးလိုက်ပြီး အလုပ်ရုံတွင် နှစ်သစ်ကူးခွင့် ပြုလိုက်သည်။ လုပ်အားခ နှစ်ဆပေးခြင်း၊ အဝတ်အစား ဖိနပ် ဦးထုပ်အသစ်များ ချုပ်လုပ်ပေးခြင်း၊ ဂွမ်းစောင်နှင့် ဆန်ရေစာများ ဝေငှပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။ ထို့နောက် လူနည်းနည်းကို ခေါ်ကာ ပြန့်ကျင်းသို့ အမြန်ပြန်လာခဲ့လိုက်သည်။
ကံကောင်းသည်မှာ သူမ ခရီးစထွက်ချိန်တွင် တူးမြောင်းရေ မခဲသေးသဖြင့် လှည်းစီးလိုက်၊ လှေစီးလိုက်နှင့် အသည်းအသန် လာခဲ့ရာ နှစ်သစ်ကူးမတိုင်ခင် အရောက်ပြန်လာနိုင်ခဲ့သည်။
သို့သော် သူမ ထင်မထားသည်မှာ ပြန့်ကျင်းသို့ ရောက်ရောက်ချင်း အခက်အခဲနှင့် ကြုံလိုက်ရခြင်းပင်။ ရှဲ့မိသားစုက ချန်ကျိုးသို့ ပြန်ပြောင်းသွားကြလေပြီ။ မြင်းလှည်းနှင့် စာပေးစာယူက နှေးကွေးလွန်းသဖြင့် ပြန့်ကျင်းမြို့တွင် နိုင်ငံရေးမုန်တိုင်းများ တိုက်ခတ်ပြီး ကိစ္စကြီးများစွာ ဖြစ်ပျက်ခဲ့သည်ကို သူမ မသိလိုက်ချေ။ မူလက မိဖုရားခေါင်မျိုးနွယ်ဖြစ်သည့် ကော်မိသားစု လုံးဝ ပြိုလဲသွားခဲ့ပြီး ရွှယ်မိသားစုလည်း မရှိတော့ပေ။ ကံကောင်းသည်မှာ ဖုန်းမိသားစုနှင့် ရှဲ့မိသားစုတို့ ဘေးကင်းကြသည်။
ချွေးဝမ်ညန်သည် မြင်းလှည်းပေါ်တွင် လေးနက်သည့် မျက်နှာထားဖြင့် ထိုင်နေ၏။ ဓားရှည်လွယ်ထားသည့် ကိုယ်ရံတော်က လှည်းဘေးတွင် ခါးကိုင်းကာ စုံစမ်းရရှိထားသည့် သတင်းများကို ပြောပြနေသည်ကို နားထောင်ရင်း စိတ်ထဲတွင် ရုတ်တရက် ဝေခွဲမရ ဖြစ်သွားသည်။ ကြီးတော်နှင့် အမေတို့က ချန်ကျိုးတွင် ရှိနေကြသည်။ သူမ အမီလိုက်သွားမည်ဆိုလျှင်လည်း ရသေးသည်။ သို့သော်... ချန်ကျိုးတွင် သူမကို သိသည့်လူ များလွန်းသည်။
ထားလိုက်ပါတော့လေ။ ရှန်ကျိထန်းပင်ဆိုင်ကို အရင်သွားလိုက်မယ်။
ချွေးဝမ်ညန် ဆုံးဖြတ်ချက်ချလိုက်ပြီး ရှန်ညန်ဇီနှင့် အရင်ဆုံး သတင်းဖလှယ်ရန် စဉ်းစားလိုက်သည်။ ပြီးလျှင် ဒီနှစ်ဝက်အတွင်း စာရင်းစာအုပ်များနှင့် သူမအတွက် ရရှိသည့် အမြတ်ငွေ မည်မျှရှိသည်ကို ပြောပြရမည်။
ရှန်ညန်ဇီနှင့် ရှဲ့မိသားစု ဧည့်ခံပွဲတွင် တစ်ခေါက်သာ အလျင်စလို တွေ့ဆုံဖူးသော်လည်း ချွေးဝမ်ညန်သည် နယ်စပ်ဒေသတွင် ရှိနေသည့် နေ့ရက်တိုင်း ရှန်ညန်ဇီကို စိတ်ထဲမှ ကျေးဇူးတင်နေမိသည်။
သူမ၏ ထန်းပင်ကြောင့် သူမ ဘဝသစ်တစ်ခု ရခဲ့သည် မဟုတ်ပါလား။
ချွေးဝမ်ညန် စီးလာသည့် မြင်းလှည်းသည် မြေပြင်ပေါ်က နှင်းထုကို ကြိတ်ကာ ရှေ့သို့ တလိမ့်လိမ့် ဆက်သွားနေပြီး အနောက်တွင် နက်ရှိုင်းသည့် ဘီးရာနှစ်ခု ကျန်ရစ်ခဲ့လေသည်။
နှင်းများ တိတ်ဆိတ်စွာ ကျဆင်းနေ၏။ နန်းတွင်း ဖူနဉ်နန်းဆောင်ထဲတွင် ရှီးဖေးကျင်းသည် ဘေးမှနေ၍ မင်းကြီးနှင့် ယွဲ့ထန်တို့ စစ်တုရင်ထိုးနေသည်ကို ထိုင်ကြည့်နေလေသည်။ နန်းဆောင်ထဲတွင် လုံရှန်နံ့သာများ ထွန်းညှိထားပြီး ကြမ်းခင်းအောက် အပူပေးစနစ်က နန်းဆောင်တစ်ခုလုံးကို နွေဦးရာသီကဲ့သို့ နွေးထွေးနေစေသဖြင့် သူသည် အိပ်ချင်မူးတူး ဖြစ်လာတော့သည်။ တူတော်မောင်အတွက် မြည်းတစ်ကောင် လာပို့ပေးရင်း ချန်ကျိုးမှ ပြန့်ကျင်းအထိ မြည်းစီးလာခဲ့ရသည်လေ။
သူ့ခမျာ အေးလွန်းလို့ သေတော့မည်။
စစ်တုရင်ထိုးနေရင်း ကျောက်ပေါ်ယွင်က ထန်းပင်အလုပ်ရုံကိစ္စကို ထည့်ပြောလိုက်ပြီး မေးလိုက်သည်။
"အဲဒီ ဟင်းချက်နည်းက ဘယ်သူ့ဆီကလဲ။ ငါကိုယ်တော်က တခြားပြည်နယ်တွေမှာလည်း စစ်တပ်ရိက္ခာထောက်ပံ့ဖို့ အလုပ်ရုံတွေ ဖွင့်ချင်လို့"
ရှီးဖေးကျင်းမှာ အိပ်ချင်ပြေသွားပြီး ပြန်ဖြေလိုက်သည်။
"မင်းကြီး မသိဘူးလား။ ကြားတာတော့ အဲဒါ ရှန်ညန်ဇီဆီကပဲတဲ့" စကားရပ်ပြီး ယွဲ့ထန်ဘက် လှည့်ကာ "အိုး... ကျွန်တော့်မှတ်ဉာဏ်ကလည်း မကောင်းပါဘူးဗျာ။ စစ်သူကြီးယွဲ့လည်း ရှန်ကျိဆိုင်မှာ အသင့်စား ထန်းပင်ကို စားဖူးတယ်မလား"
"ဟုတ်ပါတယ်" ယွဲ့ထန်က ခေါင်းညိတ်ပြပြီး အဖြေပေးလိုက်ကာ ကြွေစေ့တစ်လုံး ချလိုက်သည်။
"ရှန်ညန်ဇီ ဟုတ်လား" ကျောက်ပေါ်ယွင်က ကြွေစေ့တစ်လုံးကို ကောက်ကိုင်လိုက်ပြီး လျန်ချန်းကို အံ့သြတကြီး မေးလိုက်သည်။
"အဲဒီ ရှန်ညန်ဇီက ဘဲဆိုင်ဖွင့်ထားတာ မဟုတ်ဘူးလား။ ဘယ်တုန်းက အလုပ်ပြောင်းပြီး ထန်းပင် လုပ်ရောင်းနေတာလဲ"
လျန်ချန်က စိတ်ရှည်လက်ရှည် ပြုံးပြပြီး လျှောက်တင်လိုက်၏။ "ဒီကျွန်တော်မျိုး မင်းကြီးကို လျှောက်တင်ဖို့ မေ့သွားပါတယ်။ ရှန်ကျိဆိုင်က ထန်းပင်ဆိုင်ပါ။ ဆောင်းဦးဝင်မှ ဘဲကင်ကို တွဲရောင်းတာပါ"
"ဒါဆိုရင်တော့ ရေစက်ရှိတာပဲ" ကျောက်ပေါ်ယွင်က ပိုပြီး စိတ်အေးသွားတော့သည်။ ကြွေစေ့တစ်လုံး ချလိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။
"ငါကိုယ်တော်နဲ့ ရှန်ညန်ဇီက တခါမှ မတွေ့ဖူးပေမယ့် မိတ်ဆွေဟောင်းတွေလို့ ပြောလို့ရတယ်။ လျန်ကုံးကုံး... ခဏနေကြရင် မင်း ကိုယ်တိုင် နန်းတော်ပြင်ထွက်ပြီး ရှန်ညန်ဇီနဲ့ သွားဆွေးနွေးလိုက်။ ငါကိုယ်တော်က မြေတွေကိုတောင် သူ့ကို စျေးလျှော့ပြီး ရောင်းပေးခဲ့တာပဲ။ သူ့ရဲ့ ထန်းပင်ချက်နည်းကို တခြားသူကို ရောင်းမယ့်အစား ကိုယ်တော့်ကို စျေးလျှော့ပြီး ရောင်းပေးသင့်တာပေါ့။ ဒါမှ ကိုယ်တော်က လူလွှတ်ပြီး ယန်ကျိုး၊ မော့ကျိုး တို့ဘက်မှာ အလုပ်ရုံတွေ သွားတည်ဆောက်လို့ရမှာ။ အားလုံးအတွက် ကောင်းတဲ့ကိစ္စပဲလေ"
လျန်ချန်က ခါးကိုင်းပြီး ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့ပါ။ ကျွန်တော်မျိုး အခုပဲ သွားလိုက်ပါ့မယ်"
ရှီးဖေးကျင်းကတော့ မင်းကြီးနှင့် ယွဲ့ထန်တို့ စစ်တုရင်ထိုးနေသည်ကို ဆက်ကြည့်ရင်း ဘာမှ မသိသလို အပြုံးဖြင့်သာ နေလိုက်တော့သည်။
...
အပိုင်း (၁၃၆) ဝက်ဆီထမင်းဆီဆမ်း
လာ့ပါးပွဲတော်နေ့တွင် လမ်းမများပေါ်၌ ဗြောက်အိုးသံများ တဒိုင်းဒိုင်း မြည်ဟီးနေပြီး လမ်းကြားများအနှံ့ လူများဖြင့် ပြည့်ကျပ်နေကာ လှေကြီးကို စောင့်မျှော်ကြည့်ရှုနေကြသည်။
အပြင်ဘက်တွင် ခြေချစရာနေရာပင် မရှိတော့ပေ။ ရှန်မြောင်၏ ခြံဝင်းတံခါးဝတွင်လည်း လူများ ပိတ်ဆို့နေသည်။ သူမသည် အိမ်နီးချင်း အဒေါ်လီတို့ မိသားစုလိုပင် ခြံစည်းရိုးပေါ် တက်ကြည့်ချင်မိသည်။ သို့မှသာ ရှင်းရှင်းလင်းလင်း မြင်ရမည်ဖြစ်ပြီး လူတိုးခံရသည့် ဒုက္ခမှလည်း ကင်းဝေးမည်။ သို့သော် မော့ကြည့်လိုက်သောအခါ ခြံစည်းရိုးအပြည့် ကပ်ထားသော ကြွေကွဲစများကို တွေ့လိုက်ရ၏။ သူခိုးကာကွယ်ရေး အစီအမံများ ကောင်းမွန်လွန်းခြင်းကလည်း အားနည်းချက် ရှိနေမည်ဟု မည်သူက ထင်ထားပါမည်နည်း။
နောက်ဆုံးတွင် ထန်အာက ရှန်းအာကို ပခုံးပေါ်တင်၊ ဖူရှင်းက ချန်ချွမ်းကို ပခုံးပေါ်တင်ပြီး ပုရွက်ဆိတ်အုံသဖွယ် တိုးဝှေ့နေသော လူအုပ်ကြီးထဲသို့ အတင်းတိုးဝင်သွားကြသည်။ အဝေးမှ ကျယ်လောင်သော အော်ဟစ်သံများ ထွက်ပေါ်လာပြီး ဗြောက်အိုးသံများလည်း ပိုမို ဆူညံလာသည်။ မျက်နှာပေါ်တွင် ကြက်သွေးများ သုတ်လိမ်းထားသော အပေါ်ပိုင်းဗလာကျင်းထားသည့် လူသန်ကြီး ၂၀ ကျော်က ရောင်စုံ "ကပ်ရောဂါဘေးထုတ်လှေကြီး" ကို ထမ်းကာ ထွက်လာကြသည်။ လှေပေါ်တွင် ရောင်စုံအလံများ လွှင့်ထူထားပြီး ရှေ့မှ ကြေးနီကွင်းများဖြင့် လမ်းရှင်းကာ နောက်မှ ဗုံမောင်းများဖြင့် တီးခတ်လိုက်ပါလာသည်။ ဘေးမှ ကြည့်ရှုသူများသည်လည်း စိတ်လှုပ်ရှားစွာဖြင့် လိုက်ပါအော်ဟစ်နေကြသည်။
တစ်ချို့လူများက တခြားလမ်းကြားများမှ အခြေအနေကို သွားရောက်စုံစမ်းပြီး လူအုပ်ကြားထဲတွင် စိတ်လှုပ်ရှားစွာဖြင့် ဝင်ကာထွက်ကာ ပြောဆိုနေကြသည်။
"ငါတို့လမ်းကြားက လှေက အကြီးဆုံးပဲဟေ့၊ နိုင်ပြီ နိုင်ပြီ"
လှေကြီး မျက်စိရှေ့ရောက်လာမှသာ လှေဦးကို ထမ်းထားသည့် အပေါ်ပိုင်းဗလာကျင်းထားသော လူသန်ကြီးမှာ ကုထူစူး ဖြစ်နေမှန်း ရှန်မြောင် သတိထားမိလိုက်သည်။ ဆောင်းတွင်းကာလတွင် သူသည် အပေါ်အင်္ကျီ ဝတ်မထားပေ။ မျက်နှာပေါ်တွင် သွေးနီရောင် အစင်းကြောင်းများ ဆွဲထားပြီး ကြွက်သားများ တောင့်တင်းနေသည်။ လည်ပင်း၊ ညှပ်ရိုးမှ လက်မောင်းအထိ မင်ရည်ဖြင့် အင်းကွက်များ ရေးဆွဲထားပြီး ခါးတွင် ရောင်စုံပိတ်စ စည်းထားရာ ကြောက်မက်ဖွယ်ကောင်းသော ကျားနက်ကြီးတစ်ကောင်နှင့် တူနေလေသည်။
ရှန်မြောင်၏ဘေးတွင် ရပ်နေသည့် မျက်နှာဝိုင်းဝိုင်းနှင့် ပါးပေါ်တွင် တင်းတိပ်အနည်းငယ်ရှိသော မိန်းကလေးတစ်ယောက်သည် ကုထူစူးကို မြင်လိုက်ရသောအခါ မျက်လုံးများ အရောင်တောက်လာလေသည်။ သူမသည် မထိန်းနိုင်တော့ဘဲ ခုန်ပေါက်အော်ဟစ်လိုက်ရာ အသံကျယ်လွန်းသဖြင့် ကုထူစူးပင် ဘေးသို့ လှမ်းကြည့်လိုက်မိသည်။ ထိုအခါမှ သူမသည် ပါးစပ်ကို ကပျာကယာ ပိတ်လိုက်ပြီး ဘုန်းခနဲ ထိုင်ချလိုက်၏။
ရှန်မြောင်က လူများလွန်းသဖြင့် အနင်းခံရမည် စိုးသောကြောင့် သူမကို အမြန်ဆွဲထူလိုက်ရသည်။ ရှန်မြောင်က သူမကို မှတ်မိသည်။ မာဟန်လမ်းရှိ ခွေးဆေးကုသည့် ဝမ်ရှစ်ချီညန်၏ တပည့်မလေး ဖြစ်ကာ နာမည်ကိုတော့ မေ့နေပြီ ဖြစ်သည်။ ကျွေးဖုန်း "မစင်စားသည့်ရောဂါ" ဖြစ်တုန်းက သွားပြရင်း တွေ့ဖူးသည်။ သူမ၏အဖေသည် အရက်သမားဖြစ်ပြီး သူမကို ကုမိသားစုထံ အရက်ဝယ်ရန် ခဏခဏ လွှတ်တတ်သည်။ ကုမိသားစုကသာ သူမ၏အဖေကို အကြွေးရောင်းပေးသောကြောင့်ပင်။ ယခုဆိုလျှင် အကြွေးစာရင်းက ပျဉ်ပြားတစ်ချပ် အပြည့်ပင် ရှိနေလောက်ပြီ။
ထိုမိန်းကလေးက အလွန်အလုပ်လုပ်နိုင်သူ ဖြစ်သည်။ တစ်ခါက လေထင် အော့အန်သဖြင့် ဝမ်ရှစ်ချီညန်၏ ဆေးခန်းသို့ သွားပြဖူးသည်။ သူမက အန်ဖတ်ထဲတွင် အမွှေးအမျှင်များ ပါသည်ကို မြင်သောအခါ ဆေးတစ်လက် ပေးလိုက်သည်။ "ပျားစာပင်နှင့် ဂျုံအဆီအနှစ်" ကို မုန်ညင်းဆီနှင့် ရောကာ လေထင်ကို ၃ ကြိမ် တိုက်လိုက်ရာ ပျောက်ကင်းသွားခဲ့သည်။
ရောင်စုံအလှဆင်ထားသော လှေကြီးကို လမ်းကြားထဲမှ သယ်ထုတ်သွားကြသည်။ လူအုပ်ကြီးသည် ရပ်ကွက်အသီးသီးမှ အရွယ်အစားစုံလင်သော လှေကြီးများကို ဝန်းရံလျက် မြို့စွန်သို့ လိုက်ပါသွားကြလေသည်။ လမ်းဘေးတွင် အမွှေးတိုင်ဝေငှသော ဘုန်းကြီးများရှိပြီး သက်ကြီးရွယ်အို၊ ကလေးသူငယ်နှင့် အမျိုးသမီးများသည် လက်ထဲတွင် အမွှေးတိုင်တစ်ချောင်းစီ ကိုင်လျက် မြို့စွန်ရှိ ကျုံးမြစ်ကမ်းဘေးအထိ လှေကြီးကို လိုက်ပို့ကြသည်။ လှေကြီးကို ရေခဲဖုံးနေသော မြစ်ထဲသို့ ချလိုက်ကြသည်။ မျက်နှာဖုံးစွပ်ထားသော နတ်ဆရာများက ကပ်ရောဂါဘေးထုတ်လှေကြီးကို ဝိုင်းရံလျက် ကခုန်သီဆိုကြသည်။ ထို့နောက် အမွှေးတိုင်ထွန်းကာ နတ်ပူဇော်ပြီး လှေကြီးများကို ပြာကျသည်အထိ မီးရှို့လိုက်ကြသည်။ ထိုသို့ဖြင့် ကပ်ရောဂါဘေးကို မောင်းထုတ်လိုက်ပြီဟု ယူဆကြသည်။
ရှန်းအာက ဤအရာများကို သဘောကျသဖြင့် နတ်ဆရာများ ကခုန်သည့်အခါ လက်ခုပ်တီးကာ လိုက်ခုန်နေသည်။ ချန်ချွမ်းကမူ တဟုန်းဟုန်းတောက်လောင်နေသော မီးကြီးကို ကြည့်ရင်း နှမြောတသဖြစ်နေကာ တိုင်းပြည်နှင့် လူမျိုးအတွက် ပူပန်နေသော မျက်နှာထားဖြင့် ရေရွတ်လေသည်။
"ငွေအများကြီး အကုန်ခံပြီး ဆောက်ထားတဲ့ လှေကြီးက ခဏလေး ကြည့်ရုံနဲ့ မီးရှို့ခံလိုက်ရပြီ၊ နှမြောစရာကြီး"
အိမ်ပြန်ရောက်သည်နှင့် အဆော့သန်ကြသည့် ကလေးများနှင့် ခွေး၊ ကြောင်များကို လျိုတို့ဟွားအိမ်သို့ သွားကစားခိုင်းပြီး နှစ်သစ်ကူးသန့်ရှင်းရေး စတင်လိုက်သည်။ လိုက်ကာများ၊ မွေ့ရာများ၊ ခန်းစီးများ၊ စားပွဲကုလားထိုင်များ၊ တံခါး၊ ပြတင်းပေါက်၊ ကြမ်းပြင်နှင့် တန်းများကို ဆေးကြောသုတ်သင်ရသည်။ ဆိုင်ထဲတွင် ချိတ်ဆွဲထားသော ခြောက်မြှောင့်ဖန်မီးအိမ်များကိုပင် ဖြုတ်ချပြီး အစွန်းအထင်းမကျန်အောင် ပုဝါဖြင့် ပြောင်လက်နေသည်အထိ တိုက်ချွတ်ရသည်။
ရှန်မြောင်သည် သူမ၏ မတည်ငြိမ်သော စိတ်ကို အလုပ်များဖြင့် ဖုံးဖိထားရန် ဆုံးဖြတ်လိုက်၏။
ထိုနေ့က ကြားထဲတွင် ရှိနေသော စက္ကူပါးတစ်ချပ်ကို ဖောက်ထွက်လိုက်ပြီးနောက် ကျိုကောသည် တော်ဝင်အမိန့် ရထားသူကဲ့သို့ ဖြစ်လာသည်။ ဆောင်းတွင်းကာလ ဖြစ်သော်လည်း သူ့မျက်နှာတွင် နွေဦးလေညင်းကဲ့သို့ အပြုံးများ ရှိနေပြီး ရှန်မိသားစုအိမ်တွင် အချိန်ဖြုန်းရသည်မှာ ပိုပြီး ယုံကြည်ချက် ရှိလာသည်။ သို့သော် သူသည် ယခင်ကတည်းက ရှန်မြောင်အနားတွင် ကပ်နေတတ်သူမို့ မည်သူကမှ ထူးခြားသည်ဟု မထင်ကြပေ။ ရှန်မြောင်ကသာ အသုံးမကျစွာ ရှက်ရွံ့နေမိပြီး မျက်နှာက တည်ငြိမ်နေသော်လည်း စိတ်ထဲတွင် ရှောင်ဖယ်ချင်နေမိသည်။
သို့သော် သူ ဒီနေ့ ချန်ကျိုး သို့ ပြန်တော့မည်။ ရှန်မြောင်က တံမြက်စည်းကို ကြမ်းပြင်ပေါ်တွင် ဖိထားရင်း မျက်လုံးက ရှန်မိသားစုအိမ်၏ နောက်ဖေးတံခါးဆီသို့ လေးကြိမ်မြောက် လှမ်းကြည့်မိသည်။ သူ ပြန်သွားပြီလား မသိဘူး။ ဒီနေ့ လာ့ပါးပွဲတော်မှာလည်း သူ့ကို မတွေ့မိပါလား။
အစားပုပ်သည့် ယန့်ရှူး ပင် ထမင်းလာမစားချေ။
ရှန်မြောင်သည် ခြံဝင်းထဲမှ သစ်ရွက်ကြွေများကို လှည်းကျင်းနေရင်း တံခါးဝနှင့် ပိုပိုနီးလာသည်။ ထန်အာက အရပ်ရှည်သဖြင့် ဒီနေ့ အမြင့်ပိုင်း အလုပ်များကို တာဝန်ယူထားသည်။ တန်းပေါ်မှ ဖုန်များ၊ ခေါင်မိုးပေါ်မှ မြက်ပင်များနှင့် တံခါးခေါင်းများကို သန့်ရှင်းရေး လုပ်နေသည်။ သူက ကြက်မွေးတံမြက်စည်းကို ကိုင်လျက် အတွင်းမှ အပြင်သို့ လှည်းကျင်းနေသည်။ ယခုအချိန်တွင် ဝါးခုံမြင့်ကြီးပေါ် တက်ကာ မိုးကာတံစက်မြိတ်များကို အားကြိုးမာန်တက် သန့်ရှင်းရေး လုပ်နေသည်။
"ညန်ဇီ ဒီဘက်မလာနဲ့၊ ဖုန်တွေ ထနေတယ်"
ထန်အာက ပုဝါဖြင့် မျက်နှာတစ်ဝက်ကို စည်းထားရင်း ရှန်မြောင်ကို လှမ်းတားလိုက်၏။
ထို့ကြောင့် သူမသည် တိတ်ဆိတ်နေသော လမ်းကြားလေးကို တစ်ချက်သာ အမြန်လှမ်းကြည့်လိုက်ရသည်။ လူအရိပ်အယောင် မရှိပေ။
ခြံဝင်းထဲတွင် တစ်ပတ်လည်အောင် လှည်းကျင်းပြီးနောက် သစ်ရွက်ကြွေများကို အိတ်ထဲ ထည့်လိုက်သည်။ ဆွေးသွားလျှင် ခြံဝင်းထဲမှ ဟင်းခင်းအတွက် မြေဆွေးလုပ်ရမည်။ သူမ ကိုယ်ကိုကိုင်းကာ သစ်ရွက်များကို ထင်းပုံထဲ ပုံလိုက်ပြီး ပြန်အလှည့်တွင်...
မျက်လှည့်ပြလိုက်သည့်အလား ခြံဝင်းထဲတွင် မြည်းတစ်ကောင်နှင့် မြည်းစီးထားသော ရှဲ့ချီတို့ ရောက်နေသည်ကို တွေ့လိုက်ရ၏။
ရှန်မြောင်မှာ လန့်သွားသော်လည်း ရယ်ချင်သွားသည်။
အရင်က သူ့ကို မြင်းစီးတာ။ မြင်းလှည်းစီးတာပဲ မြင်ဖူးသည်။ မြည်းစီးတာကိုတော့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။ သူက အရပ်ရှည်လွန်းသဖြင့် မြည်းပေါ် ခွထိုင်လိုက်သောအခါ ခြေဖနောင့်က မြေကြီးနှင့် ထိလုနီးပါး ဖြစ်နေပြီး ကြည့်ရသည်မှာ အတော်ရယ်စရာကောင်းနေသည်။
သို့သော် သူမက ချက်ချင်း သတိဝင်လာပြီး မေးလိုက်သည်။
"ကျိုကော အခုပြန်တော့မှာလား"
"အင်း... နှစ်သစ်ကူး နီးနေပြီဆိုတော့ မပြန်လို့ မဖြစ်တော့ဘူး" ရှဲ့ချီက မြည်း၏အမွှေးများကို ဆွဲရင်း တိုးတိုးလေး ပြန်ဖြေသည်။
ရှန်မြောင်၏ စိတ်ထဲတွင် ဆွေးမြေ့မှု အနည်းငယ် ဖြစ်ပေါ်လာသော်လည်း ပြုံးကာ ပြောလိုက်သည်။
"စောစောပြန်တာ ကောင်းပါတယ်။ မဟုတ်ရင် နှစ်ကူးညစာကို မမီဘဲ နေလိမ့်မယ်။ ဒါနဲ့... ရှင်နဲ့ ယန့်ရှူးတို့ လမ်းမှာစားဖို့ ရိက္ခာခြောက်တွေ ကျွန်မ ပြင်ဆင်ထားတယ်"
ရှဲ့ချီ ပြန်မပြောနိုင်ခင်မှာပင် သူမသည် မီးဖိုဆောင်ထဲသို့ လှည့်ဝင်သွားသည်။
ရှဲ့ချီက တံခါးဘောင်ကို မှီကာ သူ့ကို အဓိပ္ပာယ်ပါပါ ပြုံးပြနေသော အားထောင်ကို လှမ်းကြည့်လိုက်၏။ နားရွက်ဖျားလေးများ ရဲတက်သွားသော်လည်း ယခုအခါ သူသည် တရားဝင် နေရာရထားသူဟု ခံယူထားသဖြင့် လူမြင်မည်ကို မကြောက်ပေ။ ထို့ကြောင့် တည်ငြိမ်စွာပင် အကြည့်လွှဲလိုက်သော်လည်း လက်က မြည်းမွှေးများကို မရပ်မနား ဆွဲနေမိသည်။
ဆွဲလွန်းသဖြင့် မြည်းက မကျေမနပ်ဖြင့် အော်မြည်ကာ ခြေထောက်ဖြင့် မြေကြီးကို ယက်နေတော့သည်။
မြည်းများက ဒေါသကြီးတတ်ကြသည်။ ရှဲ့ချီတို့အိမ်က မြည်းကတော့ ယဉ်ပါသည်ဟု ဆိုသော်လည်း သိပ်ပြီး မစရဲပေ။
မြည်းက သူ့ကို ခါမချခင်တွင် သူ အမြန်လက်လွှတ်လိုက်ပြီး မြည်းခေါင်းကို နှစ်သိမ့်သလို ပွတ်ပေးလိုက်သည်။ ထို့နောက် ကုန်းနှီးပေါ်တွင် ချိတ်ထားသော အိတ်ထဲမှ မုန်လာဥနီတစ်တုံး နှိုက်ယူကာ မြည်းကို ကျွေးလိုက်ရသည်။ မုန်လာဥနီကို ဝါးစားလိုက်ရမှ မြည်းက ငြိမ်ကျသွားတော့သည်။
ရှဲ့ချီက သက်ပြင်းချလိုက်၏။
ချန်ကျိုး ပြန်ဖို့ ဒီမြည်းကို အားကိုးရဦးမည်။ အပြစ်လုပ်လို့ မဖြစ်ပေ။
ရှဲ့ချီက ခေါင်းငုံ့ကာ မြည်းကို စိတ်ငြိမ်ငြိမ်ထားရန် တိုးတိုးပြောနေစဉ် မျက်လုံးထောင့်မှ ရှန်မြောင်က အထုပ်ကြီးတစ်ထုပ် ပိုက်လာသည်ကို တွေ့လိုက်ရသည်။ သူက အံ့ဩတကြီး မော့ကြည့်လိုက်သည်။ ကြည့်ရုံနှင့် လေးမှန်းသိသာသော အထုပ်ကြီးကို သူမက ပေါ့ပါးစွာဖြင့် သူ့ရှေ့သို့ မချလိုက်သည်ကို မြင်လိုက်ရသောအခါ သူ အသာလေး ဆင်းလိုက်ပြီး ဘေးတွင် ဝင်ထိုင်လိုက်သည်။
ရှန်မြောင်က သူမ ဒီရက်ပိုင်း အလုပ်ရှုပ်ခံ ပြုလုပ်ထားသော အစားအသောက်များကို အထုပ်ထဲမှ ထုတ်ပြလေသည်။
"ဒါတွေက ရှင်ကြိုက်တဲ့ ဝဥခေါက်ဆွဲခြောက်တွေလေ။ ၂၀ လောက် ထည့်ပေးထားတယ်။ ဒီအိုးထဲမှာက အနှစ်တွေ။ ဒါကတော့ ကြက်သွန်ဖြူချဉ်၊ ခေါက်ဆွဲနဲ့ တွဲစားရင် အရမ်းကောင်းတယ်။ ဒါက အသားခြောက်။ လမ်းမှာ ပျင်းရင် စားဖို့။ ဒါက ပန်းသီးခြောက်။ ဒါက ပျားရည်သစ်ကြားသီး၊ ပျားရည်နဲ့ ကျိုထားတာ။ ဒါက အသားမုန့်လုံး။ ခေါက်ဆွဲမစားချင်ရင် ဒါလေး စားလို့ရတယ်..."
အားထောင်ပင် ကြည့်မနေနိုင်တော့ပေ။ တဖြည်းဖြည်း တိုးကပ်လာပြီး ခေါင်းပြူကြည့်ကာ ပြောလိုက်သည်။
"ညန်ဇီ ရယ်... ပြန့်ကျင်းကနေ ချန်ကျိုးကို ၂ ရက်ပဲ သွားရတာပါ။ ရက် ၂၀ သွားရမှာ မဟုတ်ပါဘူး"
"ဆင်းရဲသားမိသားစုတောင် ခရီးထွက်ရင် ဖောဖောသီသီ သုံးသေးတာပဲ" ရှန်မြောင်က အထုပ်ကို လျှော်ကြိုးဖြင့် မြည်းကျောပေါ် တင်လိုက်သည်။
ရှဲ့ချီသည် နောက်ဆုံးတော့ ပြုံးလိုက်မိ၏။ သူက လေးလွန်းသည်၊ သယ်ရခက်သည်ဟု မပြောသလို၊ ဒီလောက် အများကြီး မကုန်နိုင်ဘူးဟုလည်း စိတ်ပျက်စရာ စကား မဆိုပေ။ အထုပ်ကို တွဲထိန်းပေးပြီး ကြိုးကူချည်ပေးကာ ရှန်မြောင်ကို ငေးကြည့်ရင်း မျက်လုံးထဲတွင် အချစ်များ ယိုစီးကျမတတ် ဖြစ်နေသည်။
"ပင်ပန်းသွားပြီမလား"
ရှန်မြောင်က သူ့ကို မကြည့်၊ ပြန်လည်း မဖြေပေ။ ကြိုးကို သေချာ ဂရုတစိုက် ချည်နှောင်ပြီး တင်းကျပ်မှု ရှိမရှိ ဆွဲကြည့်လိုက်သည်။ ပြီးမှ တိုးတိုးလေး ပြောလိုက်သည်။
"လမ်းမှာ ဖြည်းဖြည်းမောင်းနော်။ နှင်းကျရင် ခရီးဆက်မသွားဘဲ တည်းခိုခန်းမှာ နားပါ။ နှင်းထဲ လုံးဝ ခရီးမဆက်နဲ့"
"အင်းပါ" ရှဲ့ချီက သူမကို စိုက်ကြည့်ရင်း ကြယ်တွေထက်ပင် မျက်လုံးများ တောက်ပနေသည်။
အားထောင်က သူမသည် မီးအိမ်ကြီးတစ်လုံး ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။ သူမ ဒီနေရာတွင် မရှိသင့်ပေ။ မြည်းလှည်းအောက်တွင်သာ ရှိသင့်သည်။ သူမ အမြန်လှည့်ပြီး မီးဖိုဆောင်ထဲ ဝင်ပြေးကာ ရုတ်တရက် ထွက်လာသော ဖူရှင်းကို အတင်းပြန်တွန်းထည့်လိုက်သည်။
ဖူရှင်းက အော်ပြောတော့သည်။ "ဘာလုပ်တာလဲ၊ ငါ အိမ်သာသွားမလို့"
အားထောင်က မီးဖိုဆောင်တံခါးကို ပိတ်လိုက်ပြီး ပြောလိုက်၏။ "အောင့်ထားလိုက်"
"သဘာဝတရားကို ဘယ်လိုလုပ် အောင့်ထားလို့ ရမှာလဲ"
"နင်ကလည်းဟာ... ဒါဆို ရှေ့ဆိုင်ပေါက်ကနေ ထွက်ပြီး အဒေါ်လီအိမ်မှာ သွားလိုက်"
သနားစရာကောင်းသော ဖူရှင်းမှာ ခြေထောက်လိမ်လျက် ခေါင်းတွေ ရှုပ်သွားတော့သည်။ ကိုယ့်အိမ်မှာ အိမ်သာရှိပါလျက် ဘာလို့ အဒေါ်လီအိမ် သွားရမှာလဲ။ သို့သော် အားထောင်က တံခါးပိတ်ထားသဖြင့် သူ မထွက်ရဲပေ။
နောက်ဆုံးတော့ သူ အရှုံးပေးလိုက်ရပြီး ဆိုင်ပေါက်မှ အမြန်ပြေးထွက်ကာ မျက်စောင်းထိုးရှိ လီအိမ်သို့ အိမ်သာသွားရတော့သည်။ တံခါးဝတွင် ထိုင်နေသော အဒေါ်လီက မျက်စောင်းထိုးလိုက်သေးသည်။
ဖူရှင်းက ဝမ်းနည်းစွာဖြင့် "ရွှေရည်" များကို လီအိမ်တွင် ထားခဲ့ရရှာသည်။
အားထောင်ကမူ မစောင့်နိုင်တော့ဘဲ မီးဖိုဆောင်ပြတင်းပေါက်မှတဆင့် ခိုးကြည့်နေသည်။ မျက်လုံးတစ်ဖက်မှိတ်ပြီး ပြတင်းပေါက်ကြားမှ ခြံဝင်းထဲရှိ ရှန်ညန်ဇီနှင့် ရှဲ့ကျိုကောတို့ကို ချောင်းကြည့်ရင်း လက်နှစ်ဖက်ကို ယှက်ကာ ကာယကံရှင်များထက်ပင် ပိုပြီး စိတ်လှုပ်ရှားနေလေသည်။
ဒီနေ့ နှင်းမကျဘဲ နေသာသည်။ ခြံဝင်းထဲရှိ ကျောက်ပြားများပေါ်တွင် နှင်းရည်များ စိုစွတ်နေပြီး နေရောင်ကြောင့် တောက်ပနေသည်။
ရှန်ညန်ဇီနှင့် ရှဲ့ကျိုကောတို့သည် အရွက်ကြွေနေပြီဖြစ်သော ကွေ့ဟွားပင်အိုကြီးအောက်တွင် ရပ်နေကြသည်။
သစ်ကိုင်းကြားမှ အလင်းရောင် ဖျော့ဖျော့လေးများသည် သူတို့နှစ်ယောက်အပေါ် ကျရောက်နေပြီး သူမက မျက်လုံးပြူးပြီး မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။ သူမ၏မြင်ကွင်းထဲတွင် ပြတင်းပေါက်ဘောင်ခတ်ထားသော ကမ္ဘာငယ်လေး၌ ရှန်ညန်ဇီနှင့် ကျိုကော နှစ်ယောက်တည်းသာ ရှိနေသည်။
ဆောင်းနေရောင်အောက်တွင် မြည်းကောင်လေးပင် ချစ်စရာကောင်းနေသည်။
ရှန်ညန်ဇီက မျက်နှာလေးမော့ကာ ရှဲ့ကျိုကောကို တစ်ခုခု ပြောလိုက်သည်။ အားထောင်က နားရွက်ကို ပြတင်းပေါက်နှင့် ကပ်ထားလိုက်ရာ "ကျိုကောကို နှစ်သစ်ကူးကြိုဆိုတဲ့အနေနဲ့..." ဟု မသဲမကွဲ ကြားလိုက်ရသည်။
ထို့နောက် ရှဲ့ကျိုကောက နူးညံ့စွာဖြင့် "ကျွန်တော်လည်း ရှန်ညန်ဇီအတွက် နှစ်သစ်ကူးလက်ဆောင် ပေးစရာရှိတယ်" ဟု ပြန်ပြောသည်ကို ကြားလိုက်ရပြန်သည်။
သူက ရင်ဘတ်ထဲသို့ လက်နှိုက်လိုက်ပြီး ရောင်စုံကြိုးဖြင့် သီထားသော ကြေးပြားပိုက်ဆံတစ်တွဲကို အရင်ထုတ်လိုက်သည်။
"နှစ်သစ်ကူးမှာ ရှန်ညန်ဇီနဲ့အတူ မရှိနိုင်လို့ ညန်ဇီအတွက် နှစ်ကူးပိုက်ဆံ ကြိုလုပ်ပေးထားတာပါ။ ညန်ဇီ ကျန်းမာချမ်းသာပါစေ"
ရှန်မြောင်က ခေါင်းငုံ့ပြီး ပိုက်ဆံကို ကြည့်နေစဉ် သူ့အင်္ကျီလက်ထဲမှ ကျောက်စိမ်းဆံထိုးတစ်ချောင်း လျှောကျလာသည်။
ဆံထိုးတချောင်းလုံးတွင် တိမ်ကွက်ပုံများ ထွင်းထုထားသည်။ ကျောက်စိမ်းသားက ကြည်လင်သန့်ရှင်းပြီး တိမ်ကွက်များပေါ်တွင် တောက်ပသော သကြားရောင်လေးများ ပါရှိသည်။ သကြားရောင်ကျောက်စိမ်းဖြူက ရှားပါးပြီး တိမ်ကွက်ပေါ်တွင် ထွင်းထုထားသဖြင့် တိမ်ကြားမှ နေရောင်ဖြာကျနေသကဲ့သို့ အလွန်လှပသည်။
ငြင်းပယ်ခွင့်မပေးဘဲ သူ လက်ကိုမြှောက်ကာ ဆံထိုးကို ရှန်ညန်ဇီ၏ ဆံထုံးပေါ်သို့ တည်ငြိမ်စွာ ထိုးပေးလိုက်သည်။
"စာမေးပွဲအဖြေ စောင့်နေရတာ ပျင်းဖို့ကောင်းလို့ စာသင်ကျောင်း မသွားရခင် ထွင်းထားတာပါ။ ကျောက်စိမ်းပန်းပုဆရာတွေလောက် လက်ရာမကောင်းပေမယ့် ရှန်ညန်ဇီ မငြင်းပါနဲ့နော်"
ရှန်မြောင် အံ့ဩတကြီး မော့ကြည့်လိုက်ချိန်တွင် သူက ခြေလှမ်းနှစ်လှမ်း နောက်ဆုတ်လိုက်ပြီး မြည်းကို ဆွဲကာ မျက်လုံးများ မှေးကျဉ်းသွားသည်အထိ ပြုံးလိုက်သည်။
"အားမြောင်... နှစ်သစ်မှာ ပျော်ရွှင်ပါစေ"
ဖူရှင်းက ဆိုင်ရှေ့မှ ပြန်လာသောအခါ ပြတင်းပေါက်အောက်တွင် ပါးစပ်ပိတ်ပြီး ထိုင်နေသော အားထောင်ကို တွေ့လိုက်ရသည်။ သူမက စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များပင် ဝဲနေသည်။
"နင် ဘာဖြစ်နေတာလဲ၊ ခြေထောက်ကြွက်တက်လို့လား" ဖူရှင်းက နားမလည်စွာ မေးလိုက်သည်။
အားထောင်က ပုဝါဖြင့် မျက်ရည်သုတ်ရင်း "နင် နားမလည်ပါဘူး" ဟု ငိုသံပါကြီးဖြင့် ပြန်ပြောလိုက်၏။
ရှန်ညန်ဇီနှင့် ကျိုကောတို့က သူမ ဖတ်ဖူးသော ပုံပြင်စာအုပ်များထဲက စာတတ်ပေတတ် လူငယ်လေးနှင့် မိန်းမချောလေးတို့လိုပင်။ သူမသည် ပုံပြင်စာအုပ်ထဲတွင် ချစ်သူနှစ်ဦး ပေါင်းဖက်သွားသည်ကို ဖတ်ရတိုင်း အိပ်ရာပေါ်တွင် လူးလိမ့်နေအောင် စိတ်လှုပ်ရှားတတ်သည်။
ဒီနေ့တော့ အပြင်မှာ တကယ်မြင်လိုက်ရပြီမို့ ဝမ်းသာလွန်းလို့ ငိုမိတာ မဆန်းပါဘူး။
ရှန်မြောင်ကတော့ အချောင်းခံနေရမှန်း မသိပေ။ သူမက ကျိုကောကို လမ်းကြားထိပ်အထိ လိုက်ပို့ပေးလိုက်သည်။ ကျိုးတာ့က လှည်းနှစ်စီး ထပ်ငှားထားပြီး လမ်းဘေးတွင် စောင့်နေပြီး ယန့်ရှူးနှင့် ချိုးဟောင်တို့က ပစ္စည်းများကို လှည်းပေါ်တင်နေကြသည်။ လှည်းတစ်စီးက ပစ္စည်းတင်ပြီး ကျိုကောက လှည်းတစ်စီးစီးမှသာ လမ်းခရီးတွင် သက်သာလိမ့်မည်။
မြည်းကို လှည်းတစ်စီးတွင် ချည်လိုက်ပြီး ရှန်မြောင်နှင့် ရှဲ့ချီတို့ စကားနည်းနည်းပြောကာ နှုတ်ဆက်လိုက်ကြသည်။
မြည်းလှည်း ထွက်ခွာသွားသောအခါ ရှန်မြောင်သည် ခေါင်းပေါ်က ဆံထိုးကို စမ်းကြည့်လိုက်ပြီး အနည်းငယ် ပြုံးလိုက်ကာ နောက်ဆုံးတော့လည်း ဖြုတ်မချဖြစ်ခဲ့ပေ။
အိမ်ပြန်ရောက်သောအခါ သူမသည် လက်ထဲက နှစ်ကူးပိုက်ဆံကို ဖြန့်ကာ အတော်ကြာ ပွတ်သပ်ကြည့်နေမိလေသည်။
စုန့်ခေတ်က နှစ်ကူးပိုက်ဆံသည် ခေတ်သစ် အန်ပေါင်း၏ ရှေ့ပြေးဖြစ်သော်လည်း ခေတ်သစ်နှင့် မတူသည်မှာ ယခုခေတ် နှစ်ကူးပိုက်ဆံကို ကလေးများသာ ပေးလေ့ရှိသည်။ စုန့်ခေတ်ဒဏ္ဍာရီတွင် "စွေ့" ဆိုသော သရဲလေးသည် နှစ်ကူးညတွင် ကလေးများ၏ ခေါင်းကို လာကိုင်တတ်ပြီး ကိုင်ခံရသော ကလေးသည် ဖျားနာတတ်သည်။ နှစ်ကူးပိုက်ဆံ၏ ယန်ဓာတ်သည် "စွေ့" သရဲကို နှိမ်နင်းနိုင်ပြီး ကလေးများကို ဘေးကင်းစေသည်ဟု အယူရှိသည်။
ရှန်မြောင်သည် ကုတင်ဘေးတွင် ထိုင်ရင်း နှစ်ကူးပိုက်ဆံကို ကိုင်ထားသည်မှာ အချိန်တော်တော်လေး ကြာသွားခဲ့သည်။ ကြေးပြားပိုက်ဆံတွင် ချည်ထားသော အနီရောင်အဝတ်စလေးပေါ်တွင် "ဘေးကင်းပါစေ" ဟူသော စာလုံးလေးလုံး ရေးထားသည်ကို မြင်မှ ကျိုကော၏ ဆိုလိုရင်းကို နားလည်လိုက်တော့သည်။ အတူတူ မရှိနိုင်သည့်အချိန်တွင် ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး ဘေးကင်းစေချင်သည့် သဘောပင်။
သူမ၏ မျက်လုံးနှင့် မျက်ခုံးများတွင် အပြုံးရိပ်များ ယှက်သန်းလာ၏။ သက်ပြင်းချလိုက်ပြီး ကြည့်ရုံနှင့် လက်ရာမသေသပ်မှန်း သိသာနေသော ရောင်စုံကြိုးသီ ကြေးပြားပိုက်ဆံလေးကို ခေါင်းအုံးအောက်တွင် တယုတယ ဖိထားလိုက်တော့သည်။
ကျိုကော ထွက်သွားပြီးနောက် ရှန်မိသားစုအိမ်သည် တိတ်ဆိတ်သွားသည်။ ကွေ့ဟွားပင်အိုကြီးအောက်တွင် ကြောင်ကိုပွတ်သပ်ပေးလိုက်၊ လက်ဖက်ရည်သောက်လိုက်နှင့် "စာမေးပွဲအဖြေစောင့်" နေသော ကျိုကော၏ အရိပ်အယောင် မရှိတော့ပေ။ စာမေးပွဲဖြေထားသော ကျောင်းသားများသည် အဖြေစောင့်ရန် အိမ်ပြန်နားခွင့်ရှိသဖြင့် ကျိုကောက ရှန်မိသားစုအိမ်တွင် နေ့တိုင်းလာပြီး အဖြေစောင့်သည်ဟု ခေါင်းစဉ်တပ်ထားခြင်း ဖြစ်သည်။
သို့သော် ဒီနှစ်တွင် နှင်းမုန်တိုင်းများ အကြိမ်ကြိမ် ကျရောက်သဖြင့် ရာသီဥတုဆိုးရွားကာ ခိုင်ဖုန်းစီရင်စုရုံးသည် ကပ်ဘေးကယ်ဆယ်ရေးအတွက် အလုပ်ရှုပ်နေရသည်။ အရှင်မင်းကြီးကလည်း နှင်းဘေးအတွက် စပါးကျီဖွင့်ရန် အမိန့်ပေးထားရသဖြင့် ရုံးပြန်ဖွင့်မှသာ စာမေးပွဲအဖြေ ထွက်လာတော့မည်။
ကျိုကော မရှိတော့သဖြင့် ယန့်ရှူးနှင့် ရှန်းအာတို့ မန်ထိုအကြီးကြီး အပြိုင်စားနေကြသည်ကိုလည်း မမြင်ရတော့ပေ။ ရှန်မြောင် မီးဖိုဆောင်ထဲမှ လှမ်းကြည့်သောအခါ ရံဖန်ရံခါ နေသားမကျသလို ခံစားရသည်။
တော်သေးသည်မှာ ကျိအာ ကျောင်းပိတ်တော့မည်။ ဖိယုံးစာသင်ကျောင်းသည် ပြန့်ကျင်းမြို့တွင် ကျောင်းပိတ်ရက် အနောက်ကျဆုံး ဖြစ်သည်။ နှစ်ကူးခါနီးမှသာ ကလေးများနှင့် စာမေးပွဲမဖြေရသော ကျောင်းသားများကို အိမ်ပြန်ခွင့်ပေးသည်။
လူတိုင်း နှစ်ကူးအတွက် အလုပ်ရှုပ်နေကြသဖြင့် ဆိုင်ဖွင့်ထားသော်လည်း စီးပွားရေး မကောင်းပေ။ ဆိုင်ကို နောက်ဆုံးလာခဲ့သော ဖောက်သည်မှာ ကျိုကော မပြန်ခင် သူတို့နှစ်ယောက် စိတ်ချင်းဆက်မိသောနေ့က ဖြစ်သည်ဟု ရှန်မြောင် မှတ်မိနေသည်။
ပြန်စဉ်းစားကြည့်လျှင် ထိုနေ့က ကိစ္စများစွာ ဖြစ်ပျက်ခဲ့သည်။
ထိုနေ့က လာသူများမှာ ရင်းနှီးသူများ ဖြစ်သည်။ နန်းတွင်းမှ လျန်ကုန်းကုန်းနှင့် ရုပ်ပါပြောင်းသွားသော ချွေးညန်ဇီ (ယခုအခါ ထန်ညန်ဇီ ဟု ခေါ်ရမည်) တို့ ဖြစ်သည်။
လျန်ကုန်းကုန်းက အရင်ရောက်လာသည်။ သူက အရပ်ဝတ်ဖြင့် လာခြင်းဖြစ်သည်။ အထူးဧည့်သည်ကဒ်ကို ထုတ်ပြပြီး ဘဲကင်နှစ်ကောင် ဝယ်ပြီးနောက် ရှန်မြောင်ကို သတင်းကောင်းတစ်ခု ပေးခဲ့သည်။ အရှင်မင်းကြီးက သူမ၏ ခေါက်ဆွဲခြောက်ကို သဘောကျသဖြင့် နည်းပညာ ဝယ်ယူလိုကြောင်း၊ နောင်တွင် ယန်ယွင် ၁၆ ပြည်နယ်ရှိ မြို့ကြီးတိုင်းတွင် ခေါက်ဆွဲခြောက်စက်ရုံ တည်ဆောက်ပြီး စစ်တပ်ရိက္ခာကို တိုးတက်အောင် လုပ်လိုကြောင်း ပြောသည်။
သတင်းဆိုးကတော့ အရှင်မင်းကြီးက မျက်နှာပြောင်တိုက်ပြီး လျှော့စျေး တောင်းနေခြင်းပင်။
မင်းကြီးက မင်းကြီးပါပဲ။ ရှန်မြောင် စိတ်ထဲတွင် ကျိတ်ပြီး ပြောလိုက်သော်လည်း မျက်နှာတွင်တော့ မတုန်မလှုပ်ပင်။ သူမ မျက်မှောင်ကြုတ်လိုက်ပြီး အလွန်အခက်တွေ့နေသော ပုံစံဖြင့် ပြောလိုက်သည်။
"လျန်ကုန်းကုန်းကို အမှန်အတိုင်း ပြောရရင်... အစတုန်းက ဒီခေါက်ဆွဲခြောက်က ဒီလောက် အရေးပါမယ်မှန်း မသိခဲ့ဘူး။ ကျွန်မနဲ့ ထန်ညန်ဇီက တစ်ဦးတည်းမူပိုင် စာချုပ်ချုပ်ထားတာ။ ဒီနည်းပညာကို သူက ငွေအများကြီးပေးပြီး ဝယ်ထားတာလေ။ တကယ်လို့ ကျွန်မက စာချုပ်ဖျက်သိမ်းမယ်ဆိုရင် လျော်ကြေး ဝမ် ၃ သောင်း ပေးရမှာ။ ကျွန်မလို သာမန်ပြည်သူတစ်ယောက်က လျော်ကြေး မပေးနိုင်ပါဘူး။ အရှင်မင်းကြီး နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်"
ခေါက်ဆွဲခြောက်စက်ရုံကိစ္စကို အစကတည်းက ရှဲ့မိသားစု သခင်မကြီးနှင့် တိုင်ပင်ထားပြီး လူသိရှင်ကြား မလုပ်ရန် သဘောတူထားကြသည်။ ထို့ကြောင့် ဤကဲ့သို့ အခြေအနေနှင့် စကားများကို ကြိုတင်စီစဉ်ထားပြီး ဖြစ်သည်။ နောင်တွင် "အကျိုးတူပူးပေါင်း" ပြီး "ရုံးခွဲ" ဖွင့်လိုသူ ရှိပါက ယိုကျိုးရှိ ကုန်သည်အသင်းမှ တာဝန်ယူ ဆက်သွယ်လိမ့်မည်။
ယိုကျိုးရှိ စက်ရုံကလည်း နည်းပညာကို ရောင်းမည်မဟုတ်ဘဲ ရှယ်ယာဝင်သည့် ပုံစံဖြင့်သာ အခြားစက်ရုံများတွင် ပါဝင်မည်။ သို့မှသာ ယိုကျိုးစက်ရုံက ရုံးချုပ်အနေဖြင့် အခြားစက်ရုံများကို ထိန်းချုပ်နိုင်မည်။
ရှန်ညန်ဇီက အစတုန်းက ဤမျှ "အမြော်အမြင်နည်း" ပြီး နည်းပညာကို လွယ်လွယ်ကူကူ ပေးလိုက်သည်ဟု လျန်ချန် ထင်မထားခဲ့ပေ။ သို့သော် ရှန်မြောင် ပြန့်ကျင်းသို့ စရောက်တုန်းက အခြေအနေကို ပြန်တွေးမိပြီး သူမကလည်း အဲဒီတုန်းက ဆိုင်ချဲ့ဖို့ ငွေလိုနေတာ။ ခေါက်ဆွဲခြောက်က တစ်ခုတည်းသော အခွင့်အလမ်းပဲ၊ ဒါကြောင့် ဒီလိုလုပ်လိုက်ရတာပါ ဟု ရှင်းပြသောအခါ ယုံသွားလေသည်။
"လျန်ကုန်းကုန်းလည်း သိတဲ့အတိုင်း ပြန့်ကျင်းမှာက မြေတစ်ကွက်ကို ရွှေတစ်ကျပ်လောက် ပေးရတာ။ တကယ်လို့ ထန်ညန်ဇီက ငွေအများကြီးပေးပြီး နည်းပညာကို ဝယ်မသွားရင် ကျွန်မ ခေါက်ဆွဲခြောက်တွေ၊ ဘဲကင်တွေ အသက် ၈၀ အထိ ရောင်းရင်တောင် ဆိုင်ဝယ်နိုင်မယ့် ပိုက်ဆံ စုမိမှာ မဟုတ်ဘူး" ရှန်မြောင်က ရိုးသားစွာ ပြောသည်။ "လျန်ကုန်းကုန်း စဉ်းစားကြည့်လေ... ကျွန်မက တစ်နေ့ကျရင် အရှင်မင်းကြီး သဘောကျလာမယ်လို့ ဘယ်တုန်းက ထင်ထားခဲ့မှာလဲ"
"ဒါဆို အရှင်မင်းကြီးက ထန်ညန်ဇီနဲ့ပဲ စီးပွားရေး လုပ်ရတော့မှာပေါ့။ ကံတရားပါပဲလေ" လျန်ချန် သက်ပြင်းချကာ နှုတ်ဆက်ပြီး နန်းတော်သို့ ပြန်သွားတော့သည်။
ရှန်မြောင်က လေးလေးနက်နက် နှုတ်ဆက်လိုက်ပြီး လျန်ချန် လှည်းပေါ်ရောက်မှ မတ်တပ်ရပ်လိုက်၏။
သူမသည် မျှော်လင့်တကြီးဖြင့် လက်ကို ပွတ်လိုက်လေသည်။
အရှင်မင်းကြီးကို မမြင်ဖူးသော်လည်း ရှန်မြောင်သည် ဤရက်ပိုင်း ကိုယ်တွေ့ကြုံရသည်များနှင့် အရှင်မင်းကြီးအကြောင်း ကောလာဟလများအရ လက်ရှိ အရှင်မင်းကြီး၏ စိတ်နေသဘောထားကို ခန့်မှန်းမိနေလေပြီ။
မမြင်ဖူးသော မည်းမည်းဝဝ ဧကရာဇ်မင်းမြတ်၏ နဖူးပေါ်တွင် ကပ်စေးနည်းခြင်း၊ ဆွေကြီးမျိုးကြီးများကို မုန်းတီးခြင်း၊ ဆင်းရဲသားများကို ကြင်နာခြင်း၊ ပြည်သူ့အရေး နားလည်ခြင်း စသည့် တံဆိပ်များကို သူမ တန်းစီကပ်ပေးလိုက်သည်။
သူသည် ပြည်သူများအတွက် ဝက်ရှာပေးဖို့ စိတ်ရှည်သည်။ လမ်းမကြီးတွင် လူများလွန်း၍ သူ အပြင်မထွက်နိုင်သည့်တိုင် ပြည်သူများကို စျေးမရောင်းရဟု အမိန့်မထုတ်ဘဲ လမ်းများကို စီမံခန့်ခွဲမည့် ဌာနကိုသာ တည်ထောင်ပေးသည်။ သူ ဘဲကင်ဝယ်လျှင် ဘယ်တော့မှ အကြွေးမထားသလို ဆုကြေးလည်း ဘယ်တော့မှ မပေးပေ။ နယ်စပ်စစ်သည်များ၏ စားသောက်ရေး တိုးတက်ဖို့ ရှန်မြောင်ဆီက နည်းပညာ လာဝယ်သည့်တိုင် ကပ်စေးနည်းသည့် သောက်ကျင့်အတိုင်း လျှော့စျေး တောင်းသေးသည်။
ကြည့်ရသည်မှာ သူသည် ပြည်သူများနှင့် အကျိုးစီးပွား မလုဖက်သော မင်းကောင်းမင်းမြတ် တစ်ပါးပင်။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် ယိုကျိုးခေါက်ဆွဲခြောက်စက်ရုံနှင့် အစိုးရဖက်စပ်စက်ရုံ တည်ထောင်ရေးမှာ ၈၀ ရာခိုင်နှုန်း သေချာနေပြီ ဖြစ်သည်။ ဒါလည်း ကောင်းပါသည်။ ဧကရာဇ်မင်းမြတ်က အကြီးမားဆုံး နောက်ခံပပင်။ အမြတ်နည်းနည်း နည်းသွားလျှင်ပင် တွဲလုပ်ရကျိုးနပ်သည်။ အရှင်မင်းကြီး၏ စရိုက်အရ ဆိုလျှင် စက်ရုံအတွက် ရေကြောင်းပို့ဆောင်ရေးစရိတ် သက်သာခွင့်များပင် ရနိုင်သေးသည်။ ခေါက်ဆွဲခြောက် နည်းပညာအတွက် အရှင်မင်းကြီးက "ထန်ညန်ဇီ" ကို အမြတ် ဘယ်နှစ်ရာခိုင်နှုန်း ပေးမလဲ ဆိုသည်ကိုတော့ စောင့်ကြည့်ရဦးမည်။
ရှန်မြောင် မထင်ထားသည်မှာ ထိုနေ့က လျန်ကုန်းကုန်း ပြန်သွားပြီး မကြာမီတွင် ဝေးလံသော ယိုကျိုးမှ ချွေးညန်ဇီ ရောက်လာခြင်းပင်။
ထိုအချိန်က သူမသည် မီးဖိုဆောင်တွင် ဝက်ဆီထမင်းဆီဆမ်း လုပ်နေခြင်း ဖြစ်သည်။
ထိုနေ့က စားချင်နေသော ကြက်စတူးကိစ္စ ပျက်သွားသဖြင့် တခြားဟင်းချက်ရန် အချိန်မမီတော့ရာ ရှန်မြောင်သည် ပုံးထဲမှ အငွေ့တထောင်းထောင်းထနေသော ထမင်းဖြူကို ကြည့်ရင်း အရင်က အဘွား လုပ်ကျွေးလေ့ရှိသော ဝက်ဆီထမင်းဆီဆမ်းကို သတိရသွားသည်။
အရင်ဘဝက အိမ်တွင် အဘိုးကသာ ထမင်းချက်လေ့ရှိသည်။ အဘွားက ဟင်းချက်မကောင်းပေ။ သို့သော် ဝက်ဆီထမင်းဆီဆမ်း တစ်ခွက်ကိုတော့ ကောင်းကောင်း လုပ်တတ်သည်။ ပန်းကန်ထဲ ထည့်လာလျှင် ကလေးတိုင်း ငိုနေတာ ရပ်သွားသည်အထိ မွှေးပျံ့နေသည်။ ရိုးရှင်းပြီး နည်းပညာ မလိုသော်လည်း ပန်းကန်ကိုပါ လျက်ရသည်အထိ စားကောင်းသည်။
အဘိုးမရှိလျှင် အဘွားက ဗိုက်ဆာနေသော မြေးတစ်သိုက်ကို ဒါပဲ လုပ်ကျွေးသည်။ ဒါက အရမ်းရိုးရှင်းပြီး မြန်ဆန်သည်။ ထမင်းပူပူကို ခပ်၊ ဝက်ဆီတစ်ဇွန်းထည့်၊ ဝက်ဆီဖတ် နည်းနည်းထည့်၊ ပဲငံပြာရည် နည်းနည်းထည့်လိုက်ရုံဖြင့် အိမ်ခေါင်မိုးလှန်မတတ် ဆော့ကစားနေသော မျောက်လောင်းများကို ချစ်စရာကောင်းသော လူသားလေးများအဖြစ် ပြောင်းလဲသွားစေပြီး တစ်ယောက်ကို ပန်းကန်အများကြီး စားစေသည်။
ဆူညံပွက်လောရိုက်နေသော အိမ်နှင့် ဆီနံ့မွှေးနေသော ကလေးဘဝကို သတိရရင်း ရှန်မြောင် ရယ်လိုက်မိသည်။
သူမလည်း မစားရတာ ကြာပြီ။
အကောင်းစား ဝက်ဆီခဲ တစ်တုံးကို ယူလိုက်သည်။ အိမ်ခေါင်မိုးပေါ်တွင် တစ်ညလုံး ကျထားသော နှင်းထုကဲ့သို့ ဖြူဖွေးပြီး အဆီပြန်နေသော ဝက်ဆီခဲမျိုး ဖြစ်ရမည်။
ဝက်ဆီခဲကို အတုံးသေးသေးလေးများ တုံးလိုက်သည်။ အရွယ်အစား ညီညာမှ ဆီထွက်လွယ်ပြီး ဝက်ဆီဖတ်များလည်း အရွယ်ညီကာ မွှေးကြိုင်ကြွပ်ရွနေမည်။
ထို့နောက် ဆီချက်ရသည်။ ဝက်ဆီတုံးလေးများ ဒယ်အိုးထဲ ရောက်သည်နှင့် တဖျစ်ဖျစ် မြည်လာပြီး အပူကြောင့် ကျုံ့သွားကာ ဘေးသားများ ရွှေဝါရောင် သမ်းလာသည်။
ဤအချိန်တွင် စိတ်ရှည်ရသည်။ မီးအေးအေးဖြင့် ဖြည်းဖြည်းချင်း ချက်ရသည်။ ဝက်ဆီများ တဖြည်းဖြည်း ထွက်လာပြီး ဝက်ဆီတုံးလေးများက ဆီထဲတွင် လှိမ့်နေကာ တဖြည်းဖြည်း သေးသွားပြီး အရောင်လည်း ရွှေဝါရောင် တောက်လာသည်။
တူးမသွားစေရန် မကြာခဏ မွှေပေးရသည်။ ဆီကြော်နံ့ ရလာပြီး ဝက်ဆီဖတ်များကို ဇွန်းဖြင့် ဖိလိုက်လျှင် ကျွတ်ဆတ်ဆတ်အသံ မြည်လာပါက ဆယ်ပြီး ဆီစစ်ထားလိုက်သည်။ ဒယ်အိုးထဲတွင် ရွှေဝါရောင် တောက်ပနေသော ဆီကြည်များ ကျန်ရစ်ခဲ့သည်။
အခန်းတစ်ခုလုံး ဝက်ဆီနံ့ မွှေးသွားတော့သည်။
ထို့နောက် ထမင်းကို ခပ်၊ အလယ်တွင် အပေါက်လေးဖောက်၊ ဝက်ဆီပူပူကို လောင်းထည့်၊ ပဲငံပြာရည်၊ ဆားအနည်းငယ်၊ သကြား ထည့်၊ ဝက်ဆီဖတ်နှင့် ကြက်သွန်မြိတ် ဖြူးလိုက်လျှင် ပြီးပြည့်စုံသွားပြီ။
ဒါက ဝက်ဆီထမင်းဆီဆမ်း အခြေခံနည်း ဖြစ်သည်။ နောက်ပိုင်း တချို့အိမ်များက "ကျိချိုင်" ရွက် ထည့်ပြီး ဝက်ဆီကျိချိုင်ထမင်း လုပ်စားကြသည်။ ပိုပြီး အဆင့်မြင့်ချင်လျှင် ကြက်ဥတစ်လုံးကို half-fried ကြော်ထည့်၊ ဝက်ပေါင်ခြောက်နှင့် ဆလပ်ရွက် လှီးထည့်လိုက်လျှင် အဆင့်မြင့် ဝက်ပေါင်ခြောက် ဆလပ်ရွက် ဝက်ဆီထမင်းဆီဆမ်း ဖြစ်သွားသည်။
သို့သော် အဆင့်မြင့်တာတွေထက် ရှန်မြောင်က ရှေးရိုး ဝက်ဆီထမင်းဆီဆမ်းကို ပိုကြိုက်သည်။ ဝက်ဆီ၊ ပဲငံပြာရည်နှင့် ဝက်ဆီဖတ်ကို ဆီရွှဲနေသော ထမင်းနှင့် နယ်စားလိုက်လျှင် ပါးစပ်ထဲတွင် ဝါးလိုက်တိုင်း အသံမြည်ပြီး ဆီများ ထွက်လာသည်။
ဝက်ဆီထမင်းဆီဆမ်း၏ အဆီအစ်နေမှုကိုသာ ရှန်မြောင် သည်းခံနိုင်သည်။
သူမ ဝက်ဆီထမင်းဆီဆမ်း လုပ်ပြီးသည်နှင့် ရှန်မိသားစု ခြံဝင်းထဲတွင်သာမက လမ်းကြားထဲနှင့် ဆိုင်ထဲအထိ ဝက်ဆီနံ့များ မွှေးပျံ့သွားသည်။
ရှန်းအာနှင့် ချန်ချွမ်းတို့ ကလေးတစ်သိုက် မြစ်ကမ်းဘေးတွင် ရေခဲလျှောစီးပြီး ပြန်လာကြသည်။ ဆောင်းတွင်းဖြစ်သော်လည်း ပူလွန်းသဖြင့် မျက်နှာတွင် ချွေးများ စိုရွှဲနေသည်။ အတူတူ သွားကစားသော လျိုတို့ဟွားနှင့် လီကိုအာတို့က အနံ့ရသဖြင့် အိမ်မပြန်ချင်တော့ပေ။ လျှောစီးပြားကို အိမ်ပေါက်ဝ ပစ်ထားခဲ့ပြီး တစ်ယောက်က တို့ဟူးတုံး၊ တစ်ယောက်က သကြားယူလာပြီး "ထမင်းဖိုး" အဖြစ် ပေးကာ ရှန်မိသားစုအိမ်တွင် ထမင်းစားချင်နေကြသည်။
ယန့်ရှူးက နှာခေါင်းရှုံ့ရင်း မျက်နှာပေါ်တွင် အပူငွေ့များ မပြယ်သေးသော ရှဲ့ချီကို အတင်းဆွဲခေါ်လာသည်။
ရှန်မြောင်က ကလေးများကို သူတို့ဘဝ၏ ပထမဆုံး ဝက်ဆီထမင်းဆီဆမ်း တစ်ပန်းကန်စီ ခပ်ပေးလိုက်သည်။
ထမင်းစေ့များပေါ်တွင် ဝက်ဆီနှင့် ပဲငံပြာရည်၏ အရောင်နှင့် အနံ့များ ဖုံးလွှမ်းနေသည်။ ဇွန်းဖြင့် မွှေလိုက်သောအခါ ထမင်းစေ့များက အဖြူရောင်မှ အညိုရောင် ပြောင်းသွားပြီး ဆီများဖြင့် တောက်ပနေသည်။
ကလေးများက ဝက်ဆီဖတ်များကို လက်ဖြင့် ကောက်စားလိုက်ကြသည်။ ဝက်ဆီဖတ်တစ်တုံးနှင့် ထမင်းတစ်လုပ် တွဲစားလိုက်သောအခါ ပျော်ရွှင်မှုသည် လျှာဖျားမှ ရင်ထဲအထိ ရောက်သွားသည်။
ရှဲ့ချီ၏ ပန်းကန်ထဲတွင်မူ ရှန်မြောင်က မကျက်တကျက် ကြက်ဥပြုတ်လေးတစ်လုံးကို ခိုးထည့်ပေးလိုက်သည်။
ကလေးများက စုပြုံစားသောက်ကြပြီး နင် ငါ့ဝက်ဆီဖတ် လုစား၊ ငါ နင့်ဟာ လုစားနှင့် ပန်းကန်ကိုင်ပြီး ခြံဝင်းထဲတွင် လိုက်လံဆော့ကစားနေကြလေသည်။
ရှန်မြောင်နှင့် ရှဲ့ချီတို့သည် စင်္ကြံလမ်းတစ်ဖက်တွင် ထိုင်စားနေကြပြီး သူသည် ကြက်ဥပြုတ်ကို တွေ့လိုက်သောအခါ နားရွက်များ ရဲတက်သွားပြန်သည်။ စိတ်ချင်းဆက်မိထားခါစမို့လား မသိ၊ နှစ်ယောက်သား ခေါင်းငုံ့ပြီး ထမင်းစားနေကြကာ စကားမပြောဖြစ်ကြပေ။
စားပြီးသောအခါ ရှန်မြောင်က "ကောင်းလား" ဟု မေးလိုက်သည်။
ရှဲ့ချီကလည်း ကြက်ကလေး စပါးကောက်သလို ခေါင်းညိတ်ပြီး "ကောင်းတယ်။ မွှေးနေတာပဲ" ဟု ပြန်ဖြေသည်။
ထိုနေ့က လေထဲတွင် နွေးထွေးပြီး ရင်းနှီးသော တိရစ္ဆာန်အဆီနံ့များ ရှန်မိသားစုအိမ်တွင် ပျံ့လွင့်နေသည်။ နှစ်ယောက်သား ထမင်းပန်းကန် ကိုင်ထားကြသည်မှာ ကြည့်ရဆိုးသော်လည်း သူမ၏ကလေးဘဝ အမှတ်တရ ထမင်းကို အချိန်ခရီးသွားပြီး ရှဲ့ချီနှင့် စားလိုက်ရသဖြင့် သူမတွင် ထူးဆန်းသော ကျေနပ်မှုတစ်ခု ဖြစ်ပေါ်လာပြီး စိတ်ကြည်နူးလာသည်။
အဘွား၏ မီးဖိုဘေးတွင် ပန်းကန်ကိုင်စောင့်နေသော ရှန်မြောင်လေး၏ ဘေးတွင် ရှဲ့ချီလေးတစ်ယောက် ရောက်လာသကဲ့သို့ပင်။
ကျိုကော၏ မျက်လုံးထဲတွင် သူမသည် ရှန်သာ့ကျဲအာ မဟုတ်ဘဲ ရှန်မြောင် အဖြစ် ရှိနေသည်ကို သူမ ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
ဝမ်းသာစရာပင်။
ထိုအချိန်တွင် ထမင်းစားပြီး ရှေ့ဆိုင်တွင် သွားစောင့်နေသော အားထောင်က အဝေးက ရောက်လာသော ထန်လန်ကျွင်းက သူမကို တွေ့ချင်နေကြောင်း လာပြောလေသည်။
ထန် ဟုတ်လား။ တိုက်ဆိုင်လိုက်တာ။ ထိုမျိုးရိုးနာမည်ကြောင့် ရှန်မြောင် စိတ်လှုပ်ရှားသွားသည်။ သူမသည် သမီးရည်းစားကိစ္စကို ဘေးချိတ်ထားလိုက်ပြီး တိုးတိုးပြောလိုက်၏။ "ကျိုကော ဖြည်းဖြည်းစားနော်၊ ကျွန်မ ခဏ သွားလိုက်ဦးမယ်"
ရှဲ့ချီကလည်း ညင်သာစွာ ခေါင်းညိတ်ပြသည်။ သူ့မျက်လုံးနက်များက ကျွန်တော် စောင့်နေမယ် ဟု ပြောနေသကဲ့သို့ပင်။
ရှန်မြောင်သည် ပန်းကန်ကို ချပြီး အမြန်ထွက်လာခဲ့လိုက်သည်။
တံခါးလိုက်ကာကို မလိုက်သောအခါ အမျိုးသားဝတ်စုံ ဝတ်ထားပြီး နှုတ်ခမ်းမွှေးတု တပ်ထားသော ချွေးညန်ဇီကို တွေ့လိုက်ရသည်။ သူမက အဝတ်အစား ထူထူဝတ်ထားပြီး နေလောင်ထားသဖြင့် မည်းနေသည်။ ဖုန်မှုန့်များ ပေကျံနေပြီး ဤကဲ့သို့ ဝတ်ဆင်ထားသဖြင့် ရှန်မြောင်မှာ အခိုက်တန့် ကြောင်သွားခဲ့ရသည်။
ရှန်မြောင်သည် ရှဲ့မိသားစုအိမ်တွင် ချွေးညန်ဇီကို တစ်ခေါက်သာ တွေ့ဖူးခဲ့ပြီး မှတ်မိနေသည်မှာ ချွေးညန်ဇီ၏ သေလုမျောပါး ပိန်လှီနေသော ပုံစံပင်။ ထို့ကြောင့် ယခုပုံစံနှင့် နှိုင်းယှဉ်ကြည့်လိုက်သောအခါ ဘာမှ မဆိုင်တော့သလို ဖြစ်နေသည်။
သို့သော် ချွေးဝမ်ညန်က သူမကို လက်နှစ်ဖက်ယှက်ကာ လေးလေးနက်နက် နှုတ်ဆက်လိုက်ပြီး အေးစက်သော လေပြင်းထဲတွင် ခေါင်းငုံ့အရိုအသေပေးလိုက်လေသည်။
...