← Chapters

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အပိုင်း (၁၃၉) ငါးခေါင်းတို့ဟူး

ပန်းကန်ထဲတွင် ဖက်ထုပ် ၂ လုံးသာ ကျန်တော့သောအခါ ယွဲ့ထန် တစ်ယောက် နှမြောလာလေပြီ။ အစပိုင်းတွင် တစ်လုပ်တစ်လုံး စားခဲ့သော်လည်း ယခုတော့ တစ်လုံးကို တစ်ဝက်သာကိုက်ကာ သေချာကြည့်ပြီးမှ မျိုချရတော့သည်။

ထို့ကြောင့် ရှန်ညန်ဇီ ထုပ်ထားသော ဖက်ထုပ်၏ လျှို့ဝှက်ချက်ကို သူ သိလိုက်သည်။ ဒီဖက်ထုပ်များသည် ရောင်းရန် လုပ်ထားခြင်း မဟုတ်လောက်။ နှစ်ကူးရက်လည်း ဖြစ်နေ၍ အစာသွပ်ထားသည်မှာ အလွန်ပြည့်စုံသည်။ သူ တစ်ဝက်ကိုက်လိုက်သောအခါ ပါးလွှာနူးညံ့သော ဂျုံသားထဲတွင် ဝက်သားနှင့် မုန်ညင်းချဉ်များ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။

သူသည် စူးစမ်းလိုစိတ်ဖြင့် မုန်ညင်းချဉ်များကို ထုတ်ကြည့်ရာ မုန်ညင်းချဉ်မျှင်များထဲတွင် ရိုးတံများ၊ အပြင်ဘက်ရွက်ကြမ်းများ၊ အမြစ်များ လုံးဝ မပါသည်ကို တွေ့ရသည်။ မုန်ညင်းထုပ်၏ အကောင်းဆုံး အစိတ်အပိုင်းကိုသာ သုံးထားခြင်း ဖြစ်သည်။

ယွဲ့ထန် သည် မုန်ညင်းချဉ်ထုပ် ဖက်ထုပ်ကို ကြိုက်သဖြင့် ပြန့်ကျင်းမြို့ရှိ ဖက်ထုပ်ဆိုင်အများစုတွင် စားဖူးသည်။ မုန်ညင်းချဉ်ထုပ် ဖက်ထုပ်တွင် အရေးအကြီးဆုံးမှာ အစာသွပ်ခြင်းပင်။ မုန်ညင်းချဉ်ကို ကောင်းကောင်း မသိပ်ထားလျှင် ဖက်ထုပ်လည်း မကောင်းနိုင်ပေ။

သာမန်ဖက်ထုပ်ဆိုင်များသည် မုန်ညင်းချဉ်ကို ဝယ်သုံးသည်ဖြစ်စေ၊ ကိုယ်တိုင်သိပ်သည်ဖြစ်စေ မုန်ညင်းထုပ်ကို အလုံးလိုက် သိပ်လေ့ရှိသဖြင့် ဖက်ထုပ်စားလျှင် အရွက်ရင့်များ၊ ရိုးတံများ ပါလာတတ်သည်။

သို့သော် ဒီနေ့စားရသော အစာသွပ်ထဲတွင်တော့ ရှန်ညန်ဇီ သည် မုန်ညင်းဖြူကို အလွှာလိုက်ခွာကာ အလယ်က အနုဆုံး၊ အရည်အရွှမ်းဆုံး အစိတ်အပိုင်းကိုသာ သိပ်ထားပုံရသည်။ ထို့ကြောင့် မုန်ညင်းချဉ်ဖတ် အများစုသည် အဝါနုရောင်၊ အမျှင်သေးသေးနှင့် ကြည်လင်နေကာ စားလိုက်လျှင် ချဉ်ပြုံးပြုံးနှင့် ကြွပ်ရွလတ်ဆတ်နေသည်။ မုန်ညင်းချဉ် ကောင်းရုံတင်မက ရှန်ညန်ဇီ ထုပ်ထားသော ဖက်ထုပ်များသည် အလုံးကြီးပြီး ဝိုင်းစက်နေသည်။ အထဲမှ အသားသည်လည်း အသားစိမ်းနှင့် ချက်ပြီးသားအသားကို ရောနယ်ထားခြင်း ဖြစ်ပြီး ဝက်ဆီဖတ် အကျေများနှင့် ကြာဆံများပါ ထပ်ထည့်ထားသေးသည်။

ထို့ကြောင့် လတ်ဆတ်သော အချဉ်ဓာတ်ထဲတွင် အသားနှင့် အဆီဓာတ်များ ပြည့်ဝနေသည်။ အစာသွပ် ကောင်းသကဲ့သို့ အခွံလည်း မညံ့ပေ။ ရှန်ညန်ဇီ၏ ဖက်ထုပ်အခွံသည် ဖက်ထုပ်ပြုတ်အခွံကဲ့သို့ ပါးလွှာပြီး အသားရောင်ပေါက်နေသည်။ ရေနွေးပွက်ပွက်ဆူထဲတွင် အချိန်ကိုက် ပြုတ်ထားသဖြင့် အလုံးတိုင်း ဝိုင်းစက်ဖောင်းကြွနေပြီး တစ်လုံးမှ မကွဲသလို ခေါက်ရိုးနေရာတွင်လည်း ဂျုံသားထူပြီး မကျက်တကျက် ဖြစ်မနေပေ။

ယွဲ့ထန် သည် ဖက်ထုပ်များကို နှမြောတသဖြင့် ကုန်အောင် စားလိုက်သည်။ ယန်ကျိုးတွင် ရာသီဥတု အေးသဖြင့် ဆောင်းတွင်း၌ ဟင်းသီးဟင်းရွက်ဆိုလျှင် မုန်ညင်းဖြူသာ ရှိသည်။ သူ့ဇနီး လီအာ သည်လည်း မုန်ညင်းဖြူကို ဟင်းမျိုးစုံ လုပ်ကျွေးတတ်ပြီး မုန်ညင်းချဉ်သိပ်ခြင်းသည် အများဆုံး လုပ်လေ့ရှိသော နည်းလမ်းဖြစ်သည်။ သူမလည်း မုန်ညင်းချဉ်ထုပ် ဖက်ထုပ် ကောင်းကောင်း လုပ်တတ်သည်။

ဒီနှစ် သူ လျှို့ဝှက်အမိန့်ဖြင့် မြို့တော်သို့ ပြန်လာရသဖြင့် မိသားစုကို ခေါ်မလာခဲ့ပေ။ ဒီနှစ်ကူးသည် အနည်းငယ် လိုအပ်ချက် ရှိနေသလို ခံစားရသည်။

ဇနီးနှင့် သားသမီးများ ယန်ကျိုးတွင် နှစ်ကူးကို ဘယ်လို ဖြတ်သန်းနေကြမလဲ။ ၃ ရက်တန်ခိုးမပြလျှင် အိမ်ခေါင်မိုးလှန်တတ်သော သူ့ သားဆိုး ၃ ယောက်သည် ခွေးဆွဲလှည်းစီးပြီး နှင်းတောထဲ လျှောစီးနေလောက်ပြီ။

မနှစ်က သူသည် သား ၃ ယောက်ကို ခေါ်ပြီး ကစားဖူးသည်။ အစပိုင်းတွင် ၄ ယောက်သား ပြေပြစ်သော နှင်းလျှောစောင်းတွင် ကစားနေကြသော်လည်း သားကြီးက ပျင်းဖို့ကောင်းသည်ဟု ပြောသဖြင့် သူက ခွေးဆွဲလှည်းကို မတ်စောက်သော ကုန်းမြင့်ပေါ်သို့ ဦးဆောင် မောင်းနှင်ခဲ့သည်။

၄ ယောက်သား ကုန်းပေါ်တက်တုန်းကတော့ အရှိန်အဟုန် အပြည့်နှင့်ပင်။

ကုန်းဆင်းချိန်တွင်တော့ လူရော ခွေးပါ လဲပြိုပြီး မျက်နှာတွင် ဒဏ်ရာများနှင့် အိမ်ပြန်ရောက်သွားကြသည်။

စုတ်ပြတ်သတ်နေသော ပုံစံဖြင့် အိမ်ပြန်ရောက်သောအခါ အားလီ က ဒေါသထွက်ပြီး ဂျုံနယ်ဒလိမ့်တုံးဖြင့် လိုက်ရိုက်ကာ အဖေဖြစ်သူကို အပြစ်တင်လေသည်။ "ကလေးထိန်းပါဆို ဘယ်လို ထိန်းလာတာလဲ၊ မထိန်းတာမှ ပိုကောင်းဦးမယ်"

သူက အရိုက်ခံရင်း တောင်းပန်ကာ ဆင်ခြေပေးရသည်။ "လျှောစီးလှည်းက မခိုင်လို့ပါကွာ"

အားလီ က ဒလိမ့်တုံးကို ပိုက်ပြီး မဲ့ပြုံးပြုံးကာ ပြောတော့သည်။

"ကောင်းပြီ... ဒီနေ့ လှည်းမကောင်းတာ ထားလိုက်တော့၊ မနေ့ကရော... စန်းလန် က ရှင်နဲ့ နှင်းဘောလုံး ပစ်တမ်း ကစားချင်တာလေ၊ ရှင်က ဇလုံလောက်ရှိတဲ့ ဘောလုံးကြီး လုံးပြီး သူ့မျက်နှာကို ပစ်ထည့်လိုက်တယ်၊ ကလေးက နှင်းထဲ မြုပ်သွားတာပေါ့၊ အဲဒါ ရှင့်သားအရင်းနော်၊ လမ်းဘေးက ကောက်လာတာ မဟုတ်ဘူး"

ယွဲ့ထန် က မချိသွားဖြဲ ရယ်ရင်း ထပ်ခါထပ်ခါ ကတိပေးရသည်။ "နောက်မလုပ်တော့ပါဘူး၊ နောက်မလုပ်တော့ပါဘူး"

သားငယ်လေးက ဝဝကစ်ကစ်လေးမို့ အားလီ က အေးမည်စိုးသဖြင့် ချည်သားအတွင်းခံ၊ အင်္ကျီတို၊ ဝါဂွမ်းအင်္ကျီ၊ သိုးမွေးအင်္ကျီ စသည်ဖြင့် ၇ ထပ်လောက် ဝတ်ပေးထားသည်။ ဘောင်းဘီလည်း ၃ ထပ် ဝတ်ထားသဖြင့် ကလေးမှာ လမ်းလျှောက်လျှင် ယိုင်တိုင်တိုင်ဖြစ်နေပြီး ထိုင်တောင် မထိုင်နိုင်ပေ။ ကြည့်ရသည်မှာ သိပ်ချစ်စရာကောင်းသည်။

သူက ကလေးကို စချင်သဖြင့် ပစ်လိုက်ခြင်း ဖြစ်သော်လည်း လက်လွန်သွားပြီး နှင်းထဲ မြုပ်သွားကာ နှင်းများပါ စားမိပြီး ဝါးခနဲ ထငိုတော့သည်။ သတင်းကြားပြီး ပြေးလာသော အားလီ က သူ့ကို ဘယ်လို ကြည်ဖြူပါတော့မည်နည်း။

ထို့နောက် အားလီ က သူ့ကို တပ်စခန်းသို့ မောင်းထုတ်ပြီး ၂ လလောက် သွားအိပ်ခိုင်းသည်။ အိမ်မှာနေလျှင် သားကို ဒုက္ခပေးသည်၊ အိမ်တွင်းပုန်းရန်သူ ဖြစ်သည်ဟု စွပ်စွဲလေသည်။ ထိုနေ့က သူသည် ကျောပေါ်တွင် စောင်ပိုက်ပြီး ပြန်လာသည်ကို ကိုယ်ရံတော်များ မြင်သောအခါ တိုးတိုးတိတ်တိတ် ရယ်မောကြသည်။

"ကြည့်စမ်း... စစ်သူကြီး အိမ်က အမောင်းထုတ်ခံရပြန်ပြီ"

သူ လှည့်ကြည့်လိုက်သောအခါ ကိုယ်ရံတော်များက အလေးပြုဟန်ဖြင့် မတ်တပ်ရပ်လိုက်ကြသည်။ သူက မျက်နှာတည်ဖြင့် ရှေ့ဆက်လျှောက်သွားသော်လည်း အနောက်မှ မအောင့်နိုင်သော ရယ်သံသဲ့သဲ့များ သူ့နားထဲ ဝင်လာပြန်သည်။

ယွဲ့ထန် သည် ပန်းကန်လွတ်ကို ငေးကြည့်ရင်း အတွေးများက ယန်ကျိုးဆီသို့ ပြန်ရောက်သွားသည်။

ပြန့်ကျင်း ဘယ်လောက်ကောင်းကောင်း ယန်ကျိုးလောက် မကောင်းဘူးဟု သူ ထင်သည်။ ပြန့်ကျင်းတွင် လူများသည်၊ အရာရှိများသည်၊ ပြဿနာများသည်။ ယွဲ့ထန် ဆုံးဖြတ်လိုက်ပြီ။ ပထမလ ၃ ရက်... မဟုတ်ဘူး... ၂ ရက်နေ့ ပြန်မည်။

ယွဲ့ထန် ငေးငိုင်နေစဉ် ရှီးဖေးကျင်းက ထရပ်ပြီး ဆိုင်ထဲ လှည့်ပတ်ကြည့်နေသည်။ နံရံပေါ်က ဘဲကင်ပုံကို ခဏကြည့်ပြီး ခေါက်ဆွဲခြောက်ပုံကို ဆက်ကြည့်သည်။ ကြည့်ပြီးသောအခါ သူ့မျက်လုံးထဲတွင် အပြုံးရိပ်များ ပိုနက်ရှိုင်းသွားသည်။

သူသည် ညီမဖြစ်သူကို ချန်ကျိုး သို့ လိုက်ပို့ရင်း ရှဲ့မိသားစု အိမ်တော်ဟောင်းတွင် ရက်အနည်းငယ် နေခဲ့သည်။ မိမိကိုယ်ကို အထင်ကြီးနေသော ရှဲ့မိသားစု ဆွေမျိုးများကို ဆုံးမပဲ့ပြင်ခဲ့ပြီး ညီမဖြစ်သူ မိသားစု အခြေကျသွားမှ မြို့တော်သို့ ပြန်လာခဲ့ခြင်း ဖြစ်သည်။

မပြန်ခင် ချွန်းကျွင်း ကို မေးခဲ့သေးသည်။ ကျိုကော က ဘာလို့ ရွှေတံတားနားက အိမ်အိုကြီးကို ပြောင်းသွားချင်ရတာလဲ။ အဲဒီမှာ နေရတာ ပျော်လို့လား ဟူ၍။

ချွန်းကျွင်း က မဖြေဘဲ ပြုံးပြီး ပြောလာခဲ့သည်။ "သာ့ကျို့ရယ် မြို့တော်ပြန်ရောက်ရင် ကိုယ်တိုင် သွားကြည့်လိုက်ပါ၊ သိသွားပါလိမ့်မယ်"

ဒီနေ့ လာကြည့်တော့မှ သဘောပေါက်သွားသည်။

လူငယ်လေး၏ နှလုံးသားက ဖုံးဖိထားလို့ မရပါလား။ ထင်ရှားနေတာပဲ။

သို့သော် ချွန်းကျွင်း က သဘောတူပုံရသဖြင့် သူလည်း ဘာမှ မမြင်သလို ဟန်ဆောင်နေလိုက်မည်။ ရှီးဖေးကျင်း က ပြုံးရင်း ခေါင်းခါလိုက်သည်။ ထို့နောက် ယွဲ့ထန် ၏ မျက်နှာချင်းဆိုင်တွင် ပြန်ထိုင်လိုက်ပြီး သူသည် ပြတင်းပေါက်အပြင်ဘက်က နှင်းများကို ငေးကြည့်နေဆဲ ဖြစ်သဖြင့် လက်ဖြင့် ယမ်းပြလိုက်သည်။

ယွဲ့ထန် က လှည့်ကြည့်ပြီး သူ့ကို အေးစက်စက် မျက်စောင်းထိုးလိုက်သည်။

"မင်း မိန်းမကို လွမ်းပြီး ယန်ကျိုး ပြန်ချင်နေပြီမလား" ရှီးဖေးကျင်း ပြုံးလိုက်လျှင် မြေခွေးတစ်ကောင်လို ကောက်ကျစ်စဉ်းလဲသော ပုံစံ ပေါက်သွားသည်။ သူ့မျက်လုံးများက ကျဉ်းမြောင်းပြီး မျက်ဝန်းအရောင်နက်သဖြင့် အကြည့်များက စူးရှနေသည်။ "ဘယ်တော့ ပြန်မှာလဲ"

"၂ ရက်နေ့" ယွဲ့ထန် က ဖုံးကွယ်မထားပေ။

ရှီးဖေးကျင်း က မအံ့သြပေ။ ခေါင်းညိတ်လိုက်သည်။ ယွဲ့ထန် နှင့် သူက မတူပေ။ သူ့တွင် ပြန့်ကျင်း၌ အိမ်ထောင်ကျနေသော တူမတစ်ယောက်မှလွဲ၍ ဆွေမျိုးမရှိ။ မိသားစုအကုန်လုံး ယန်ကျိုးတွင် ရှိသဖြင့် ပြန့်ကျင်းတွင် ကြာကြာမနေချင်သည်မှာ သဘာဝပင်။

"ဒါဆို ငါလည်း အဲဒီနေ့ပဲ ပြန်မယ်"

ရှီးဖေးကျင်း သည် ညီမဖြစ်သူ မိသားစုကို စိတ်မချသော်လည်း ယွဲ့ထန် သွားလျှင် သူ မသွားဘဲနေပါက လုဝမ်မင်းသား လက်ထဲ မိသွားပေလိမ့်မည်။ ဒီလိုတော့ မဖြစ်ချေ။

ထို့အပြင် သူလည်း ဇနီးနှင့် သမီးများကို လွမ်းနေပြီ။

လွန်ခဲ့သော ရက်အနည်းငယ်က နှစ်ကုန်၍ ကုန်သည်များ အိမ်ပြန်ရန် ပစ္စည်းများကို လျှော့စျေးဖြင့် ရောင်းချချိန်တွင် သူနှင့် ယွဲ့ထန် တို့သည် ပြန့်ကျင်းတစ်မြို့လုံးရှိ ရွှေဆိုင်၊ မိတ်ကပ်ဆိုင်နှင့် အထည်ဆိုင်များကို ၂ ရက်လုံးလုံး ပတ်မွှေခဲ့ကြသည်။

ယွဲ့ထန် က တော်သေးသည်။ သူ့ဇနီး လီအာ အတွက် ပစ္စည်းနည်းနည်းသာ ဝယ်သည်။ လီအာ နှင့် ယွဲ့ထန် သည် စစ်ပွဲကာလတွင် တွေ့ဆုံခဲ့ကြသူများ ဖြစ်ကာ သူမသည် ခြိုးခြံချွေတာတတ်ပြီး အလှအပ သိပ်မမက်ပေ။ သိုးဆီခရင်မ် တစ်ဘူးဆို တစ်နှစ်လောက် သုံးသည်။ ယွဲ့ထန် သည် ပြန့်ကျင်းရှိ မိတ်ကပ်ဆိုင်များတွင် မျက်စိလည်နေတော့၏။ ပစ္စည်းများ စုံလွန်းသဖြင့် "မျက်ခုံးဆွဲတာ"၊ "နှုတ်ခမ်းဆိုးတာ" နှင့် "မျက်နှာလိမ်းတာ" လောက်သာ သူ ခွဲခြားတတ်သည်။

ရှီးဖေးကျင်း ကမူ ကျွမ်းကျင်သည်။ မျက်ခုံးဆွဲမင်တောင့်၊ နှင်းဆီခရင်မ်၊ ဗာဒံစေ့ခရင်မ် စသည်ဖြင့် မသိတာ မရှိ။ သူ့ဇနီး ယောင်ရှီသည် ယိုကျိုးမြို့၏ နာမည်ကျော် အလှပဂေးဖြစ်ပြီး အလှကြိုက်သူလည်း ဖြစ်သည်။ တစ်သက်လုံး ဝါသနာပါတာက လက်ဝတ်ရတနာ၊ အဝတ်အစားနှင့် မိတ်ကပ်ပစ္စည်းများ ဖြစ်သည်။

သူမသည် သူ့အတွက် အလှကြိုက်သော သမီး ၂ ယောက်လည်း မွေးပေးထားသေးသည်။

ရှီးဖေးကျင်းသည် ယောင်ရှီ ပေးလိုက်သော စာရင်းအတိုင်း တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်ဝယ်သည်။ အရှင်မင်းကြီး ဆုချထားသော ငွေအများစု ကုန်သွားတော့သည်။ ရထားသော ပစ္စည်းများမှာ နောက်ဆုံးပေါ် အဝတ်အစား၊ လက်ဝတ်ရတနာနှင့် မိတ်ကပ်ပစ္စည်းများ ဖြစ်ပြီး အိမ်က သားအမိများအတွက်ပင်။

သူ ထွက်လာတုန်းက ယောင်ရှီ သည် သူ့ရင်ခွင်ထဲသို့ စာတစ်စောင် ထည့်ပေးပြီး မြို့ပြင်ရောက်မှ ဖတ်ပါဟု မှာလိုက်သည်။ သူက ယောင်ရှီ ခွဲရမှာ စိတ်မကောင်းလို့ ချစ်စကားတွေ ရေးပေးလိုက်တာ နေမှာပါဟု တွေးပြီး ပျားရည်အိုးမှောက်ကျသလို လမ်းတစ်လျှောက်လုံး ကြည်နူးလာခဲ့သည်။

ညရောက်၍ တည်းခိုခန်းတွင် နားသောအခါ စာကို မဖတ်ရမနေနိုင် ဖြစ်ပြီး ဖွင့်ကြည့်လိုက်ရာ ပထမဆုံး စာကြောင်းကို ဖတ်ပြီးသည်နှင့် မျက်နှာပေါ်က အပြုံးများ အေးခဲသွားတော့သည်။

စာတစ်စောင်လုံးတွင် ပါသည်မှာ -

ရှို့ယိဖန် မြောက်ဘက် ကျန်းကူလောင် မိတ်ကပ်ဆိုင်မှ သလဲသီးရောင်၊ နွေဦးအနီရောင်၊ နွေဦးအနီနုရောင်၊ နှင်းပေါက်ရောင် စသည့် နှုတ်ခမ်းနီ ၁၀ ဗူး ဝယ်ခဲ့ရန်။

ရန်ဟုန်ဝမ် မိသားစု မိတ်ကပ်ဆိုင်မှ ကျင်ယန်ကျီ၊ နတ်သမီးမက်မွန်ပန်းပေါင်ဒါ၊ ပုလဲပေါင်ဒါ၊ နှင်းဆီနှုတ်ခမ်းနီ စသည့် မိတ်ကပ် ၁၃ ဗူး ဝယ်ခဲ့ရန်။ စစ်သူကြီးယွင်ဟွေ ဇနီးအတွက် အဖုအပိမ့်ပျောက်ဆေး ၂ ဗူး ကူဝယ်ပေးရန်။

ကျင်ဖိ ပိုးထည်ဆိုင်မှ ဆံထိုးအိတ်၊ ပန်းထိုးအိတ်၊ ပိုက်ဆံအိတ်များ ဝယ်ရန်။ ဝမ်မိသားစု လော်မင် ပိုးထည်ဆိုင်မှ ပန်းအိတ်၊ ကြေးကနုတ် မီးခြစ်အိတ်များ ဝယ်ရန်... မပါလာရင် အိမ်ပြန်မလာနဲ့။

သူ စာကို မဆုံးခင် ပြန်ခေါက်ပြီး အိတ်ထဲ သေချာထည့်ကာ မိမိကိုယ်ကို သနားရင်း မျက်ရည်သုတ်လိုက်ရသည်။

ယွဲ့ထန်ကတော့ ရှီးဖေးကျင်း ၏ မိန်းမအသုံးအဆောင် လှည်းတစ်စီးတိုက်ကို တွေးပြီး ရယ်ချင်နေသည်။ သူ့ဇနီးနှင့် သမီးများ မှာလိုက်သည်များ များလွန်းသဖြင့် သူ့အဝတ်အစားပင် ထည့်စရာမရှိတော့ဘဲ အထုပ် ၂ ထုပ်ခွဲကာ ကိုယ်ရံတော်၏ မြင်းပေါ်တွင် သိုင်းတင်ခဲ့ရသည်။

ကြားရသည်မှာ ရှီးဖေးကျင်း သည် စစ်တပ်မှ အိမ်ပြန်ရောက်သည့်အခါ သမီးများ၏ မိတ်ကပ်လိမ်းခြယ် ကစားစရာ အရုပ်အဖြစ် ငြိမ်ငြိမ်လေး နေပေးရသည် ဟူသတတ်။

နှစ်ယောက်သား မိသားစုအကြောင်း တွေးရင်း မျက်နှာထားများ ပျော့ပျောင်းလာပြီး စကားပြောရသည်မှာ စိတ်သက်သာရာ ရလာသည်။

နှစ်ကူးည နှင်းကျနေသည်ကို ကြည့်ရင်း ခဏနေ နန်းတွင်းစားတော်ပွဲသွားရမည်ကို တွေးပူမနေတော့ပေ။

နန်းတွင်းစားတော်ပွဲတွင် ဟင်းပွဲ ၁၀၀ ကျော် ပါသော်လည်း သိပ်စားကောင်းသည် မဟုတ်။ အထူးသဖြင့် မစားခင် နတ်ပူဇော်ပွဲ၊ ဘွဲ့ပေးပွဲ၊ သံတမန်များ လက်ဆောင်ဆက်သပွဲများကို ကြည့်ရသဖြင့် မစားရခင် အေးခဲသေသွားနိုင်သည်။

တော်သေးသည်မှာ ဒီနေ့ ရှန်ကျိဆိုင် ဖွင့်နေခြင်းပင်။

ယွဲ့ထန် နှင့် ရှီးဖေးကျင်း တို့သည် မီးဖိုဆောင်မှ ပျံ့လွင့်လာသော ငါးဟင်းရည် အနံ့ကို ရလိုက်ကြပြီး ရှီးဖေးကျင်း က ပြုံးလိုက်သည်။

"မင်း တမ်းတနေတဲ့ ငါးခေါင်းတို့ဟူးဟင်းရည် ရပြီထင်တယ်"

သူ ပြောလိုက်သည်နှင့် နောက်ဖေးခန်းစီး လှုပ်သွားပြီး ရှန်မြောင် ထွက်လာသည်။ သူမ လက်ထဲတွင် အဖုံးပိတ်ထားသော မြေအိုးကြီးတစ်လုံး ပါလာသည်။ သူမနောက်တွင် ကျိအာက စားပွဲတင် မီးဖိုလေးတစ်လုံး ကိုင်လာကာ မီးဖိုထဲတွင် မီးသွေး ၂ တုံး ရဲရဲတောက်နေသည်။

ရှန်မြောင်က ကျိအာကို မီးဖို အရင်ချခိုင်းပြီးမှ မြေအိုးကို မီးဖိုပေါ် တင်လိုက်ပြီး သူမ ပြုံးလိုက်သည်။

"ဆောင်းတွင်းမှာ ဒီလို နွှေးစားမှ ပိုကောင်းတာ"

ပြောရင်း မြေအိုးအဖုံးကို ဖွင့်လိုက်သည်။

လတ်ဆတ်မွှေးကြိုင်သော အခိုးအငွေ့များ ထွက်ပေါ်လာပြီး အိုးထဲတွင် နို့ရောင် ငါးဟင်းရည် ပွက်ပွက်ဆူနေသည်။ ဖြူဖွေးနုအိနေသော တို့ဟူးတုံးလေးများ၊ အနည်းငယ် ကျွမ်းအောင်ကြော်ထားသော ငါးခေါင်းကြီးတစ်လုံးကို ထက်ခြမ်းခွဲပြီး ဟင်းရည်ထဲ ထည့်ထားကာ နူးအိနေလေပြီ။

ယွဲ့ထန်တစ်ယောက် တံတွေး ခဏခဏ မျိုချမိနေ၏။

ရှန်မြောင် က မီးဖိုဆောင်ထဲ ပြန်ဝင်ပြီး ထမင်း ၂ ပန်းကန် ယူလာသည်။

"ဒီဟင်းရည်က ဒီတိုင်းသောက်သောက်၊ ထမင်းနဲ့စားစား ကောင်းပါတယ်။ ထမင်းကို ဟင်းရည်အိုးထဲ ထည့်လိုက်ရင် ခဏလေးနဲ့ ငါးပေါင်းဆန်ပြုတ် ဖြစ်သွားပြီး စားလို့ ကောင်းပါတယ်"

ရှီးဖေးကျင်းသည် ရှန်မြောင် ကို ကိုယ့်လူလို သဘောထားပြီး ကြင်နာစွာ ကြည့်လိုက်ရင်း ထမင်းပန်းကန် လှမ်းယူရင်း ပြုံးစစဖြင့် ချီးကျူးလိုက်သည်။

"ရှန်ညန်ဇီ က တကယ် တော်တာပဲ၊ ဒီနေ့ ပင်ပန်းသွားပြီ၊ ပထမလမှာ နားသင့်တာကို ကျွန်တော်တို့ကြောင့် အလုပ်ရှုပ်သွားပြီ"

ရှန်မြောင်က ပြုံးလိုက်ကာ "မပင်ပန်းပါဘူး၊ ဒီနေ့က နှစ်ကူးဟင်း ချက်ရမယ့်ရက်ပဲလေ၊ လက်စသပ်လိုက်ရုံပါပဲ၊ ပြီးတော့ ကျွန်မ ပထမလမှာလည်း ဆိုင်ဖွင့်မှာပါ၊ အဆင်ပြေရင် လူကြီးမင်းတို့ အားတဲ့အချိန် လာစားလို့ ရပါတယ်"

ရှီးဖေးကျင်းမှာ အံ့ဩသွားကာ "ရှန်ညန်ဇီ က ပထမလတောင် မနားဘူးလား"

ပြန့်ကျင်းမြို့၏ ပထမလသည် အခြားဒေသများနှင့် မတူပေ။ ကုန်သည်များနှင့် ခရီးသွားများ ပြန်ကုန်ကြပြီ။ အစိုးရကလည်း "နှစ်ကူး၊ ဟန်ရှစ်၊ ဆောင်းဝင်၊ ထျန်းချင့်၊ ယွမ်ရှောင်း ပွဲတော်များတွင် ၇ ရက်စီ ပိတ်ရမည်" ဟု ဥပဒေ ထုတ်ထားသည်။ နယ်အရာရှိများ၊ စာသင်ကျောင်းများ အားလုံး ပိတ်ကြသည်။

ထို့ကြောင့် အရာရှိအဆင့်ဆင့်သည် လဆန်း ၁ ရက်မှ ၁၅ ရက်ကျော်အထိ နားကြသည်။ နယ်ပြန်သူပြန်၊ အလည်သွားသူသွား လုပ်ကြသည်။ အထက်က လုပ်သမျှ အောက်က လိုက်လုပ်ကြသဖြင့် အရပ်ထဲတွင်လည်း ယွမ်ရှောင်းပွဲတော် (မီးထွန်းပွဲတော်) ပြီးမှ ဆိုင်ပြန်ဖွင့်ကြသည်။

စုန့်ခေတ်တွင် ပိတ်ရက် အလွန်များပြီး တစ်နှစ်လျှင် ၇ ရက်ပိတ်သော ပွဲတော်ကြီး ၅ ခု၊ ၃ ရက်ပိတ်သော ပွဲတော် ၇ ခု၊ ၁ ရက်ပိတ်သော ပွဲတော် ၂၁ ခု ရှိသည်။ လစဉ်ပိတ်ရက် မပါဘဲ အစိုးရရုံးပိတ်ရက် ၁၁၃ ရက် ရှိသည်။ အစားထိုးပြန်တက်စရာ မလိုပေ။

....

အပိုင်း (၁၄၀) အိမ်တိုင်ရာရောက် ထမင်းဘူးပို့ဝန်ဆောင်မှု

ပထမလတွင် မီးပုံးဆိုင်များ၊ ဗြောက်အိုးဆိုင်များ၊ မုန့်ဆိုင်များ၊ ပန်းဆိုင်များသာ ရောင်းကောင်းကြသည်။ ရှန်မြောင် လို ခေါက်ဆွဲဆိုင်မျိုးက ဆိုင်ဖွင့်ထားလည်း စီးပွားရေး ဖြစ်မည် မဟုတ်ပေ။

အိမ်တိုင်းအိမ်တိုင်းတွင် လက်ကျန်ဟင်းများ ရှိနေတတ်စမြဲပင်။ အဒေါ်ကု ပြောပြသည်မှာ နှစ်သစ်ကူးညစာအတွက် အားကုန်ထုတ်ကာ ချက်ပြုတ်ထားကြသဖြင့် မျှစ်ခြောက်၊ မှိုခြောက်တို့ဖြင့် နှပ်ထားသော ဝက်နီချက်တစ်ပွဲဆိုလျှင် ပထမလဆန်းတစ်ရက်နေ့မှ ခုနှစ်ရက်နေ့အထိ စားသော်လည်း မကုန်နိုင်သေးဟု ဆိုလေသည်။

သည်အချိန်တွင် အိမ်တိုင်းလိုလို၌ ဧည့်သည်ဖိတ်စာများလည်း များပြားလှရာ ဆွေမျိုးအိမ်သွားစားလိုက်၊ မိတ်ဆွေအိမ်သွားစားလိုက်ဖြင့် အလုပ်များနေကြသဖြင့် ခေါက်ဆွဲလာစားရန် အဘယ်မှာ အားလပ်ချိန် ရှိပါမည်နည်း။ ဘဲကင်ကတော့ ပါဆယ်ထုပ်သွားရ လွယ်ကူသလို အမြင်လည်းလှ၊ အေးသည်ဖြစ်စေ ပူသည်ဖြစ်စေ စားကောင်းသည့် ဟင်းတစ်မယ်ဖြစ်သဖြင့် နေ့စဉ် ကုန်စင်အောင် ရောင်းရနေဆဲပင်။

ရှန်မြောင်သည် ထိုအကြောင်းကို တွေးမိလိုက်ပြီး ပြုံးကာ ပြန်ဖြေလိုက်လေသည်။

“ကျွန်မတို့အိမ်က လူနည်းတော့ ဒီလောက်ရက်အများကြီး အနားမယူနိုင်ပါဘူးရှင်”

တစ်ချို့ဆွေကြီးမျိုးကြီးများဆိုလျှင် ပထမလဆန်းပိုင်းတွင် နှစ်သစ်ကူးနှုတ်ဆက်ခြင်း၊ ဧည့်ခံကျွေးမွေးခြင်းတို့ဖြင့် တစ်လလုံးလုံး အလုပ်များနေတတ်ကြသည်။ သို့သော် ရှန်မြောင်ကဲ့သို့ ပြန်စရာမိဘအိမ်မရှိ၊ ယောက္ခမအိမ်လည်း မရှိသူအတွက်မူကား နှစ်သစ်ကူးအကြိုညနှင့် လဆန်းတစ်ရက်နေ့ မနက်ခင်းပြီးသည်နှင့် လုံးဝ အားလပ်သွားတော့သည်။ လဆန်း ၁၅ရက်နေ့အထိ အားလပ်နေရမည်ဆိုလျှင် သူမကိုယ်သူမ မှိုတက်သွားမည်ကိုပင် စိုးရိမ်မိတော့သည်။

ထို့ကြောင့် ဧည့်သည်သိပ်မရှိလျှင်ပင် သူမသည် စားသောက်ပွဲစီစဉ်သည့် အလုပ်များကို လက်ခံရန် ရည်ရွယ်ထားလေသည်။ အလကားနေရင်း အချိန်ကုန်နေမည့်အစား အိမ်အရောက်သွားရောက် ချက်ပြုတ်ပေးသည်က ပိုကောင်းပေသည်။

ထို့အပြင် သူမတွင် ကျိအာထံမှ အကြံရထားသည့် ဆန်းသစ်သော စိတ်ကူးတစ်ခုကို စဉ်းစားထားသည်မှာ ကြာပြီဖြစ်သည်။ သို့သော် ခေါင်းထဲတွင်သာ စဉ်းစားထားရသေးပြီး သိပ်မပြည့်စုံသေးသဖြင့် လက်တွေ့အကောင်အထည် မဖော်ရသေးခြင်း ဖြစ်၏။

ရှီးဖေးကျင်းသည် ပန်းကန်လုံးကို မရင်း ဟင်းရည်သောက်လိုက်ရာ ပါးစပ်ထဲတွင် လတ်ဆတ်သောအရသာတို့ ပြည့်နှက်သွားလေသည်။ ငါးသိပ်မကြိုက်တတ်သည့် သူပင်လျှင် ဤမျှလတ်ဆတ်ကာ အသားနူးညံ့သည့် ငါးဟင်းရည်မျိုး သောက်ရခဲလှသဖြင့် ကောင်းမွန်ကြောင်း ချီးကျူးလိုက်မိသည်။ တဖက်တွင်လည်း သူက တွေးလိုက်မိလေသည်။

‘ရှန်ညန်ဇီက ချွန်းကျွင်းရဲ့မျက်စိထဲ ဝင်တာ မဆန်းပါဘူးလေ။ ချွန်းကျွင်းက ဒီလို ထက်မြက်ပြီး အရည်အချင်းရှိတဲ့ မိန်းကလေးမျိုးကို အကြိုက်ဆုံးပဲဟာ။ တကိုယ်လုံးက တက်ကြွလန်းဆန်းနေပြီး ခြေလက်တွေကလည်း သန်မာဖျတ်လတ်တယ်၊ ပိန်ပေမယ့် အားနွဲ့တဲ့ပုံမပေါ်ဘူး၊ ကြည့်လိုက်တာနဲ့ ကျန်းမာရေးကောင်းမှန်း သိသာတာပဲ။’

ယွဲ့ထန်ကတော့ ရှီးဖေးကျင်းနှင့် ရှန်မြောင်တို့ ဘာပြောနေကြသည်ကို လုံးဝ သတိမထားမိပေ။

သူ့မျက်လုံးထဲတွင် သူတောင့်တနေခဲ့ရသည့် ငါးဟင်းရည်အိုးကြီးသာ ရှိတော့သည်။ အပူတစ်ငုံ သောက်လိုက်ရာ ပူနွေးသောဟင်းရည်သည် လည်ချောင်းတစ်လျှောက် ဖြည်းညှင်းစွာ စီးဆင်းသွားပြီး လတ်ဆတ်မွှေးကြိုင်သော အနံ့တို့က ရင်ထဲအထိ စိမ့်ဝင်သွားတော့သည်။ တကယ့်ကို ပျစ်နှစ်ချောမွတ်ပြီး လတ်ဆတ်အောင် ချက်ထားခြင်း ဖြစ်သည်။

တို့ဖူးသည် တို့ဖူးပျော့ဖြစ်သဖြင့် အဆီခဲလေးကဲ့သို့ပင်။ တူဖြင့် ဂရုတစိုက် ညှပ်ယူလိုက်ရာ မလေးလွန်းမပေါ့လွန်းဘဲ တုန်တုန်ယင်ယင်လေး ဖြစ်နေသည်။ ဟင်းရည်နှင့်အတူ ပါးစပ်ထဲ ထည့်လိုက်လျှင် နူးညံ့သိမ်မွေ့ချောမွတ်ကာ အရသာရှိလွန်းသဖြင့် မျက်ခုံးမွေးများပင် ကျွတ်ကျမတတ် ဖြစ်ရလေသည်။

ယွဲ့ထန်သည် ကျေနပ်အားရစွာဖြင့် နှစ်ပန်းကန်ဆက်တိုက် မော့သောက်လိုက်ပြီးမှ ငါးအသားကို စတင်စားသောက်တော့သည်။ ငါးပါးဟက်အနီးရှိ အသားသည် အနူးညံ့ဆုံးဖြစ်ပြီး ဖန်သားပြင်ကဲ့သို့ပင် ကြည်လင်နေသည်။ အရသာအဝင်ဆုံးနေရာဖြစ်ပြီး ဝါးစရာပင်မလိုဘဲ စုပ်လိုက်သည်နှင့် ဗိုက်ထဲသို့ ချောမွေ့စွာ ဝင်ရောက်သွားသည်။ ငါးဦးနှောက်သည်လည်း အထူးအရသာရှိလှပြီး ဇွန်းဖြင့် ဖွဖွလေးခပ်ကာ ပါးစပ်ထဲထည့်လိုက်လျှင် တို့ဖူးပျော့ကဲ့သို့ လတ်ဆတ်နူးညံ့နေသည်။

ငါးခေါင်းထဲတွင် အစားကောင်းဆုံးမှာ ငါးခေါင်းနှစ်ဖက်ရှိ ပါးစောင်အသားများပင် ဖြစ်သည်။ အသားထူပြီး ညက်ညောကာ လတ်ဆတ်နူးညံ့မှုလည်း မပျောက်ပျက်ပေ။ ဟင်းရည်အရသာကို အပြည့်အဝ စုပ်ယူထားသဖြင့် စားလိုက်လျှင် တကယ့်ကို ကောင်းမွန်လွန်းလှသည်။

ဤငါးခေါင်းတို့ဖူးဟင်းရည်ကို ဆိုင်တွင် ချက်ချင်းချက် ချက်ချင်းစားမှသာ ဤကဲ့သို့ အရသာမျိုး ရနိုင်သည်။ အကယ်၍ လူလွှတ်ပြီး အိမ်သို့ ပါဆယ်ထုပ်သယ်သွားခိုင်းလျှင် တစ်ဝက်ပူ တစ်ဝက်အေးဖြစ်သွားကာ အရသာအဆိုးဆုံး ဖြစ်သွားတတ်သည်။ ညှီနံ့များ ထွက်လာတတ်ပြီး တို့ဖူးများလည်း ပွသွားတတ်သည်။

အိုးထဲပြန်ထည့်ပြီး ပြန်နွှေးလျှင်လည်း ဤအရသာမျိုး ရတော့မည် မဟုတ်ပေ။

သူသည် ယွိကျင်ဥယျာဉ်မှနေ၍ ယနေ့အထိ တမ်းတခဲ့ရပြီး ငါးဟင်းရည်သောက်ရန် “ရှန်ကျိဆိုင်သို့ သုံးခေါက်တိုင်တိုင် လာခဲ့ရခြင်း” မှာ အလဟဿ မဖြစ်တော့ပေ။ ဤအရသာမှာ တကယ်ကို မြည်းစမ်းကြည့်သင့်လှပေသည်။

သူ ယန်ကျိုးသို့ ပြန်ရောက်လျှင်လည်း ဤလတ်ဆတ်သော ငါးဟင်းရည်အရသာကို မေ့နိုင်မည် မဟုတ်တော့ချေ။

ယွဲ့ထန်သည် နောက်ဆုံးတစ်လုပ်ကို စားလိုက်ပြီးနောက် သက်ပြင်းချမိတော့၏။

ရှီးဖေးကျင်းသည် ငါးညှီနံ့မခံနိုင်သဖြင့် ငါးသိပ်မစားတတ်ရာ တစ်ပန်းကန်သောက်ပြီးသည်နှင့် ဆက်မသောက်တော့ပေ။ သို့သော် သူကဲ့သို့လူပင်လျှင် ဤငါးဟင်းရည်အိုးမှာ ပြောစရာမလိုအောင် ကောင်းမွန်ကြောင်း လက်ခံထားသည်။ ပန်းကန်အောက်ခြေရောက်၍ ဟင်းရည်အနည်းငယ် အေးသွားသည့်တိုင် ငါးညှီနံ့သိပ်မရပေ။

ဟင်းရည်မှာ ပျစ်နှစ်လတ်ဆတ်သဖြင့် သူလည်း မသိလိုက်ဘာသာ တစ်ပန်းကန်လုံး ကုန်အောင် သောက်မိလိုက်လေသည်။

နှစ်ယောက်သားသည် ဗိုက်ကို ကြိုတင်ဖြည့်ထားလိုက်သဖြင့် ဗိုက်ပြည့်ကာ နွေးထွေးသွားကြသည်။ ကောင်းကင်ကို မော့ကြည့်လိုက်ရာ နန်းတော်ထဲဝင်ရမည့်အချိန် ရောက်နေလေပြီ။ ထို့ကြောင့် ဝတ်ရုံများကို ယူကာ ငွေရှင်းလိုက်ကြသည်။ ဒီနေ့တော့ သူတို့က တစ်ဖက်လူကို အနှောင့်အယှက် ပေးမိသလို ဖြစ်သွားခဲ့သည်။ ရှီးဖေးကျင်းနှင့် ယွဲ့ထန်တို့သည် ငွေပြားတစ်ပြားစီကို စားပွဲပေါ်တွင် တင်ထားခဲ့လိုက်ကြသည်။

“ရှန်ညန်ဇီ ဒီနေ့အတွက် တကယ် ကျေးဇူးတင်ပါတယ်၊ ရှန်ညန်ဇီ နှစ်သစ်မှာ ဘေးကင်းလုံခြုံပြီး စိတ်နှလုံးရွှင်လန်းပါစေ”

သူတို့နှစ်ယောက်သည် ရှန်မြောင်ကို လက်နှစ်ဖက်ယှက်ကာ နှုတ်ဆက်လိုက်ကြသည်။

ရှန်မြောင်က မလိုကြောင်း လက်ကာပြလိုက်၏။ အမှန်တကယ်တော့ သူမဘက်က ဘာမှပင်ပန်းလိုက်ရသည် မဟုတ်ပေ။ ငါးကိုဆီပူထိုး ရေနွေးလောင်းထည့်၊ တို့ဖူးထည့်ပြီး ခဏလောက် တည်လိုက်ရုံသာ။ ငါးဟင်းရည်ဆိုသည်မှာ သူမအတွက် အလွန်လွယ်ကူမြန်ဆန်သော ဟင်းတစ်မယ် ဖြစ်သည်။ ဖက်ထုပ်ကလည်း ကြိုထုပ်ထားပြီးသားမို့ ပြုတ်လိုက်ရုံသာ ရှိသည်။

သူမသည် သူတို့ကို တံခါးဝအထိ လိုက်ပို့ပြီးမှ ပြန်ဝင်လာခဲ့သည်။

စားပွဲပေါ်တွင် စစ်သူကြီးနှစ်ဦး ချန်ထားခဲ့သော ငွေ၂တုံးမှာ ၅လျန်တန် ငွေတုံးများ ဖြစ်နေသည်။ ဒီနှစ်၏ နောက်ဆုံးရက်တွင် အော်ဒါအကြီးကြီး ရလိမ့်မည်ဟု ထင်မထားခဲ့မိပေ။

ရှန်မြောင်သည် စိတ်ထဲတွင် အလွန်ပျော်ရွှင်သွားသော်လည်း ထိုငွေတုံးများကို မြင်လိုက်ရသဖြင့် အရင်က မင်းကြီးပေးခဲ့သော ငွေပြားကို ပြန်သတိရသွားကာ စိတ်ထဲမှ တိတ်တခိုး ဝေဖန်မိလိုက်၏။

‘ကြည့်ပါဦး... စစ်သူကြီးနှစ်ယောက်က မင်းကြီးထက်တောင် ပိုရက်ရောနေသေးတယ်။’

သူမက စားပွဲနှင့် ကုလားထိုင်များကို ရှင်းလင်းနေစဉ် အပြင်ဘက်တွင် နှင်းများကို အံတုကာ မြင်းစီးလာသည့် တပ်သားတစ်ယောက် ရောက်လာပြန်သည်။ ရှန်မြောင်က ကြည့်လိုက်ရာ လူရင်းပင် ဖြစ်နေသည်။ ယခင်က ဆိုင်တွင် အသင့်စားခေါက်ဆွဲ လာစားဖူးသည့် မြို့စောင့်တပ်မှ နည်းပြတစ်ဦးဖြစ်သည်။ ထိုသူ၏ မျိုးရိုးအမည်မှာ လင် ဖြစ်သည်။ သူသည် ရုပ်ရည်က ဘီလူးသရဲစီးသကဲ့သို့ ကြမ်းတမ်းခက်ထန်ပုံ ပေါက်သော်လည်း အမှန်တကယ်တော့ လက်အောက်ငယ်သားများအပေါ် အထူးစာနာတတ်သူ ဖြစ်သည်။

ယခုလည်း လက်အောက်ငယ်သားများအတွက် အသင့်စားခေါက်ဆွဲ လာဝယ်ရန် နှင်းထဲမိုးထဲ လာခဲ့ခြင်းပင်။

စုန့်ခေတ်တွင် အားလပ်ရက်များသော်လည်း မီးငြှိမ်းသတ်ခြင်းနှင့် မြို့တံခါးစောင့်ကြပ်ခြင်းတို့ တာဝန်ယူရသည့် မြို့စောင့်တပ်သားများမှာ အားလပ်ရက် ခံစားခွင့်မရှိသည့်အပြင် ပွဲတော်ရက်များတွင် ပိုမိုအလုပ်များကြရသည်။ ထို့အပြင် ရုံးတော်တွင် တံခါးစောင့်ရသည့် ဖမ်းဆီးရေးသမားများ၊ ဂိုဒေါင်စောင့်သည့် စာရေးများနှင့် ညဘက်ကင်းသမား စသည့် အမှုထမ်းအငယ်စားများသည်လည်း တစ်နှစ်ပတ်လုံး အားလပ်ရက်မရှိဘဲ အချိန်မရွေး တာဝန်ထမ်းဆောင်ရန် အသင့်ရှိနေကြရသည်။

လူတိုင်း အားလပ်ရက်ရနေကြပြီဖြစ်ရာ ဆိုင်ထဲတွင် ခြောက်ကပ်တိတ်ဆိတ်နေသည်မှာ ရက်အတော်ကြာနေပြီ ဖြစ်သည်။ သို့သော် ဤနည်းပြလင်ကသာ နေ့စဉ်လာရောက်ပြီး အသင့်စားခေါက်ဆွဲများကို တောင်းနှင့်ချီ၍ ဝယ်ယူလေ့ရှိသည်။ ထိုကဲ့သို့ ရက်ဆက်စားသဖြင့် နည်းပြလင်၏ မျက်နှာတွင် အပူကန်ပြီး အနာများပင် ပေါက်လာကာ မျက်နှာပေါ်တွင် ဝက်ခြံဖုကြီးများ ပေါက်နေလေသည်။

ရှန်မြောင်သည် သူ့မေးစေ့နှင့် နဖူးပေါ်တွင် အရွယ်အစားမတူညီသည့် ဝက်ခြံဖုများ ပေါက်နေသည်ကို ကြည့်ပြီး ရယ်ရခက်ငိုရခက် ဖြစ်သွားကာ ဖျောင်းဖျလိုက်ရတော့သည်။

“နည်းပြလင် တခြားဟာ ပြောင်းစားပါလား၊ ဒီအတိုင်း ဆက်စားနေရင် လည်ချောင်းထဲက မီးထွက်တော့မယ်”

နည်းပြလင်သည် ခမောက်ကို ချွတ်လိုက်ပြီး တံခါးဘောင်တွင် ရိုက်ကာ နှင်းခါလိုက်သည်။ သူက ခါးသက်သက် အပြုံးတစ်ခုဖြင့် ပြန်ပြောလိုက်သည်။

“ယုံခန်းရပ်ကွက်ထဲက မျှော်စင်မှာ လူတစ်ယောက်မှ မရှိလို့မဖြစ်ဘူးလေ၊ ရပ်ကွက်တံခါးဝမှာလည်း သုံးဆိုင်းခွဲပြီး နေ့ညမပြတ် လူစောင့်နေရတာ၊ သူတို့ ဒီဆန်ပြုတ်ခေါက်ဆွဲ မစားရင်လည်း မုန့်ခြောက်ပဲ စားရမှာ၊ ဒါဆိုရင်တော့ ဆန်ပြုတ်ခေါက်ဆွဲစားတာက ပိုပြီး နွေးထွေးပါသေးတယ်”

မြို့စောင့်တပ်သား ဖြစ်ရသည်မှာ အပေါ်ယံတွင် ဂုဏ်ရှိသော်လည်း တကယ်တမ်းတွင် အလွန်ပင်ပန်းလှသည်။

ရှန်မြောင်သည် စိတ်ထဲတွင် အချိန်ကြာမြင့်စွာ စဉ်းစားထားခဲ့သည့် အကြံအစည်တစ်ခုမှာ ယခုအချိန်တွင် ပေါ်ပေါက်လာတော့သည်။ သူမက အကဲခတ်သည့်လေသံဖြင့် မေးလိုက်လေသည်။

“ကျွန်မဆီမှာ နည်းပြလင်ရဲ့ လက်အောက်ငယ်သား အယောက်စိတ်လောက်ကို နေ့တိုင်း ဟင်းပူပူ ထမင်းပူပူ စားရစေမယ့် ထိရောက်ပေမဲ့ နည်းနည်းပေါ့ပျက်ပျက်နိုင်တဲ့ နည်းလမ်းတစ်ခုရှိတယ်၊ နည်းပြလင်များ ကျွန်မ အသေးစိတ်ပြောပြတာကို နားထောင်ချင်မလား မသိဘူး”

ရှန်မြောင်သည် ပထမလဆန်းပိုင်းတွင် စီးပွားရေးပါးနေသည်ကို အခွင့်ကောင်းယူပြီး စုန့်ခေတ်ပုံစံ ထမင်းဘူး အစုလိုက်အပြုံလိုက်မှာယူခြင်းကို လုပ်ဆောင်ရန် စိတ်ကူးထားခြင်း ဖြစ်သည်။ သူမသည် နေ့စဉ် ဟင်းခြောက်မျိုး ချက်ပြုတ်မည်။ အသားဟင်းနှင့် အသီးအရွက်ဟင်းများကို သီးသန့်စျေးသတ်မှတ်ထားမည်။ မြို့စောင့်တပ်သားများအနေဖြင့် သက်သတ်လွတ်သီးသန့်ဖြစ်စေ၊ အသားဟင်းသီးသန့်ဖြစ်စေ၊ အသားနှစ်မျိုး အသီးအရွက်တစ်မျိုးဖြစ်စေ၊ အသားတစ်မျိုး အသီးအရွက်နှစ်မျိုးဖြစ်စေ စိတ်ကြိုက် တွဲဖက်စားသုံးနိုင်သည်။

ဤသို့ဆိုလျှင် အာဟာရပြည့်ဝပြီး အရသာရှိပေလိမ့်မည်။

မြို့စောင့်တပ်သားများမှာ တာဝန်ချိန်အတွင်း ခွင့်မဲ့ပျက်ကွက်၍ မရပေ။ ထို့ကြောင့် သူမသည် အိမ်တွင် အသုံးမလိုဘဲ ပစ်ထားသည့် တွန်းလှည်းအသေးစားလေးဖြင့် သွားပို့ပေးနိုင်သည်။ တိုက်တိုက်ဆိုင်ဆိုင် နည်းပြလင် တာဝန်ယူထားရသည်မှာ ကျင်းလျန်တံတားအနီးရှိ ယုံခန်းရပ်ကွက် ဖြစ်နေသည်။ ရပ်ကွက်တံခါး နှစ်ခုနှင့် မျှော်စင် ခုနစ်ခုသာ ရှိသည်။ လှည်းပေါ်တွင် မီးသွေးတင်ပြီး တွန်းသွားလျှင် တစ်ပတ်ပတ်ရသည်မှာ သိပ်မဝေးလှပေ။

ဤအကြံအစည်သည် ကျိအာ ဖိယုံးစာသင်ကျောင်းသို့ ကျောင်းသွားတက်စဉ်က ကျောင်းမှ ကျွေးမွေးသည့် အစားအသောက်များ အရသာမရှိကြောင်း၊ အကောင်းစားအစားအစာများကို လျှော့ပေါ့ပြီး ညံ့ဖျင်းသည့် အရာများဖြင့် အစားထိုးထားကြောင်း ပြန်လာပြောပြသဖြင့် စတင်ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထိုစဉ်က ဆိုင်ချဲ့ထွင်ခြင်း၊ ဘဲကင်လုပ်ခြင်း၊ ဘဲမွေးမြူရေးခြံဆောက်ရန် စဉ်းစားခြင်းတို့ဖြင့် အလုပ်များနေသဖြင့် ကိုယ်ခွဲ၍ မရခဲ့ပေ။ ယခုတော့ အားလပ်နေပြီဖြစ်ရာ ဤကိစ္စကို ပြန်သတိရလာခြင်းပင်။

သူမသည် မူလက ဖိယုံးစာသင်ကျောင်းအတွက် ကျောင်းသားထမင်းဘူး စီစဉ်ရန် ရည်ရွယ်ထားခဲ့သည်။ သူဌေးကျိုးနှင့် ပူးပေါင်းပြီး စာသင်ကျောင်းနှင့် နီးသည့် သူ၏ လန်ရှင်းစာအုပ်ဆိုင်ကို ကျောင်းသားထမင်းဝိုင်းနေရာအဖြစ် အသုံးပြုရန် စဉ်းစားထားသည်။ ဤသို့ဆိုလျှင် ကျိအာလည်း ကောင်းကောင်းစားရမည်ဖြစ်ပြီး သူမလည်း အပိုဝင်ငွေ ထပ်ရှာနိုင်လိမ့်မည်။

ယခုတော့ ကျောင်းသားထမင်းဝိုင်းအစီအစဉ်ကို အကောင်အထည် မဖော်ရသေးသော်လည်း မြို့စောင့်တပ်သားများအတွက် ထမင်းဘူး အစုလိုက်မှာယူခြင်းကိုတော့ စတင်လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။

နည်းပြလင်သည် ကြားလိုက်ရသည်နှင့် မျက်လုံးများ အရောင်တောက်လာတော့သည်။ “ဒီအစုလိုက်မှာယူတာကို ဘယ်လို စီစဉ်ရမှာလဲ”

သူက ဆက်လက်ပြီး ထမင်းဟင်းစျေးနှုန်းကို အသေးစိတ် မေးမြန်းလေသည်။ ရှန်မြောင်ကလည်း ကြိုတင်တွက်ချက်ထားပြီး ဖြစ်သည်။ အစုလိုက်မှာယူခြင်း ဖြစ်သဖြင့် ထမင်းဟင်း အယောက်နှစ်ဆယ်စာကို တစ်အိုးတည်းချက်ရရာ တစ်ပွဲချင်းခွဲရောင်းသည်နှင့် ယှဉ်လျှင် စျေးနှုန်းက သဘာဝကျကျ သက်သာပေလိမ့်မည်။

သေချာတွက်ချက်ကြည့်လိုက်သောအခါ သက်သတ်လွတ်ထမင်းဘူး တစ်ဘူးလျှင် ၁၆ဝမ် သာ ကျသင့်မည်။ အသားတစ်မျိုး အသီးအရွက်နှစ်မျိုးဆိုလျှင် ၂၀ဝမ်၊ အသားနှစ်မျိုး အသီးအရွက်တစ်မျိုးဆိုလျှင် ၂၄ဝမ် သတ်မှတ်လိုက်သည်။ ဆောင်းတွင်းဖြစ်သဖြင့် အသီးအရွက်စျေးနှုန်းများကလည်း သိပ်တော့ မသက်သာလှပေ။

ထို့အပြင် ပန်းကန်နှင့် တူကို ကိုယ့်ဘာသာ အဆင်သင့်ပြင်ထားရမည်။ ပို့ဆောင်ခနှင့် အပူထိန်းရန် မီးသွေးဖိုး စုစုပေါင်း ၂၀ဝမ် ကျသင့်မည်ဖြစ်ပြီး ထိုစရိတ်ကို ထမင်းဘူးအရေအတွက်ပေါ် မူတည်ပြီး မျှခံရမည်။

အစုလိုက်မှာယူမည့် နည်းလမ်းမှာမူ တစ်ရက်ကြိုတင်ပြီး မြို့စောင့်တပ်သားများက ရှန်မြောင်ပေးထားသည့် ဟင်းလျာစာရင်းအတိုင်း စာရင်းပေးသွင်းကာ ထမင်းဖိုး ပေးချေရမည်။ ပြီးလျှင် အမှာစာဖြတ်ပိုင်းကို သိမ်းထားရမည်။ နောက်တစ်နေ့တွင် ထမင်းဟင်းကျက်သည်နှင့် မှာယူထားသည့် အရေအတွက်နှင့် ဟင်းပွဲပုံစံအတိုင်း အချိန်မီ လာပို့ပေးမည် ဖြစ်သည်။

“ဒါကြောင့် နည်းပြလင်ဘက်ကနေပြီး “ထမင်းဘူးခေါင်းဆောင်” ရာထူးအတွက် တစ်ယောက်လောက် ရွေးပေးဖို့ လိုပါတယ်၊ အဲဒီလူက စာတတ်ပေတတ်ဖြစ်ရင် ပိုကောင်းပါတယ်၊ ညီအစ်ကိုတွေနဲ့ ထမင်းဟင်းစာရင်းကို အတည်ပြုတာ၊ ထမင်းဘူးရောက်လာရင် ဝေငှပေးတာတွေကို တာဝန်ယူပေးရမယ်လေ၊ ဒီလိုဆိုရင် အချိန်ကုန်လည်း သက်သာသလို အမှားအယွင်းလည်း မဖြစ်နိုင်တော့ဘူးပေါ့”

ရှန်မြောင်သည် စကားပြောသွက်လက်ပြီး ရှင်းလင်းပြတ်သားစွာ ပြောပြလိုက်ရာ နည်းပြလင်က အကြမ်းဖျင်း နားလည်သွားတော့သည်။

ယခင်ကဆိုလျှင် ညီအစ်ကိုများအတွက် သီးသန့်စားသောက်လိုပါက လမ်းပေါ်ထွက်ပြီး အားနေသူများကို အပြေးအလွှား ခိုင်းစေရသည်။ အကွာအဝေးနီးလျှင် ၁၀ဝမ်ကျော် ပေးရပြီး ဝေးလျှင် ၂၀ဝမ်ကျော်အထိ ပေးရတတ်သည်။ အစားအသောက် ဝယ်ယူရသည့် ငွေကြေးကို ထည့်မတွက်လျှင်ပင် တစ်လလျှင် အကြိမ်အနည်းငယ် ခိုင်းစေဖို့ရာ မတတ်နိုင်လောက်အောင် ခက်ခဲလှသည်။

ယခုတော့ ရှန်ညန်ဇီက အားနေသူများကို ခိုင်းစေရသည့် အဆင့်ကို ကျော်သွားစေခဲ့ပြီ။ သူမ၏ လက်ရာက ကောင်းမွန်သလို နေ့စဉ် မတူညီသည့် ဟင်းကောင်းထမင်းကောင်းများကို ချက်ပြုတ်ပေးမည်ဖြစ်ရာ အလွန်စိတ်ဝင်စားဖွယ် ကောင်းလှသည်။ လာလည်း ပို့ပေးဦးမည်ဖြစ်ပြီး စျေးနှုန်းကလည်း မကြီးပေ။

နည်းပြလင်က နေရာတွင်ပင် လက်ခံလိုက်တော့သည်။ ထိုကြမ်းတမ်းခက်ထန်သော မျက်နှာကြီးကပင် ကြင်နာတတ်ပုံ ပေါက်သွားတော့သည်။ သူက မစောင့်နိုင်တော့သလို ပြောလိုက်၏။

“ဒီထမင်းဘူးကို ဘယ်တော့လောက် စပို့နိုင်မလဲ၊ လဆန်းနှစ်ရက်နေ့ဆိုရင်ရော အဆင်ပြေမလား၊ ကျွန်တော့်လက်အောက်က ညီအစ်ကို ဆယ်ယောက်မှာ ရှစ်ယောက် ကိုးယောက်လောက်က လူပျိုကြီးတွေပါ၊ မိန်းမရဲ့မိဘအိမ်ကို လိုက်ပို့စရာ မလိုကြဘူး၊ အဲဒီနေ့ကျရင် ထမင်းကောင်း ဟင်းကောင်းလေး စားလိုက်ရရင် သူတို့အတွက် စိတ်သက်သာစရာ ဖြစ်သွားမှာပါ”

ရှန်မြောင်သည်လည်း တိုက်တိုက်ဆိုင်ဆိုင် လုပ်စရာမရှိ ဖြစ်နေသည်။ ကျိုကော မရှိသဖြင့် ဤရက်များတွင် အားလပ်နေရသည်မှာ ပျင်းစရာကောင်းသည်ဟု ခံစားနေရသည်။ ကျိုကော ဘာများလုပ်နေမလဲဟု မကြာခဏ တွေးမိနေတတ်သည်။ ဤသို့ ငေးငိုင်နေသည့်အချိန် များလာသဖြင့် ရှန်မြောင်သည် ဤအတိုင်း ဆက်နေ၍ မဖြစ်တော့ဟု တွေးမိလိုက်သည်။

ထို့အပြင် သူမတွင် နှစ်သစ်ကူး နှုတ်ဆက်စရာနေရာဟူ၍လည်း မရှိ၊ လမ်းကြားထဲက အိမ်နီးနားချင်းအိမ်များကို တစ်ပတ်ပတ်လိုက်လျှင် ပြီးသွားပြီ ဖြစ်သည်။

ထို့အပြင် လူအယောက်နှစ်ဆယ်စာ ဒယ်ကြီးဖြင့် ချက်ပြုတ်ရသည်မှာ သူမအတွက် ထန်အာ၊ ဖူရှင်းတို့ ကူညီစရာပင် မလိုပေ။ ကိုယ်တိုင်ချက်လျှင် နာရီဝက်ဖြင့် ပြီးစီးနိုင်သည်။ ထမင်းသွားပို့သည်မှာလည်း နာရီဝက်သာ ကြာမြင့်မည်ဖြစ်ရာ ဘာမှ အနှောင့်အယှက် မဖြစ်ပေ။

မနက်ဖြန် ထမင်းဘူးပို့ပြီးမှ သွားကစားလျှင်လည်း ရသည်။ ဖျော်ဖြေရေးရပ်ကွက်တွင် ဇာတ်ပွဲများ၊ ရုပ်သေးပွဲများ၊ ပုံပြောပွဲများနှင့် မျက်လှည့်ပွဲများကို ညလုံးပေါက် ကပြဖျော်ဖြေကြသည်။ ထိုအထဲတွင် ဂဏန်းတွက်တတ်သည့် မျောက်လိမ္မာလေးများ ရှိသည်ဟုပင် ကြားဖူးသည်။

ရှန်မြောင်သည် စီစဉ်ထားပြီး ဖြစ်၏။

ဒီနေ့ညတွင် ထန်အာ၊ ဖူရှင်းနှင့် အားထောင်တို့ကို နှစ်ကုန်ဆုကြေးငွေနှင့် ပွဲတော်စရိတ် ပေးလိုက်မည်။ မနက်ဖြန်တွင် သူတို့ကို အပြင်သွားသုံးရန် ငွေအနည်းငယ် ထပ်ပေးလိုက်ဦးမည်။

သူတို့ကို ကျိအာတို့နှင့်အတူ ကျင်းမင်ရေကန်သို့ သွားပြီး ရေခဲပြင်ပေါ်က စုကျူကစားနည်း သွားကြည့်ခိုင်းမည်။ ပြီးလျှင် ဖျော်ဖြေရေးရပ်ကွက်သို့သွားပြီး ဇာတ်ပွဲကြည့်ခိုင်းမည်။ ဘာကိုမှ ဂရုမစိုက်ဘဲ ပျော်ပျော်ပါးပါး ကစားခိုင်းလိုက်မည်။

သူမကတော့ ဤထမင်းဘူးလုပ်ငန်းကို ကိုယ်တိုင် စမ်းသပ်လုပ်ကိုင်မည်။ သူမ အရင်ဘဝတုန်းကလည်း စီမံကိန်းအသစ် စတင်တိုင်း ကိုယ်တိုင်ဦးစီးပြီး လုပ်ကိုင်လေ့ရှိသည်။ သို့မှသာ ဘယ်နေရာတွင် ပြုပြင်စရာလိုသည်ကို အသေးစိတ် သိနိုင်မည်။

ဝန်ထမ်းများကို နှစ်သစ်ကူးရက် ခုနစ်ရက်လုံး အားလပ်ရက် ပေးထားလိုက်သည်။ သူမကတော့ နေ့စဉ် နေ့တစ်ဝက် အလုပ်ဆင်းမည်ဖြစ်ရာ စုစုပေါင်း သုံးရက်ခွဲသာ အလုပ်လုပ်ရသလို ဖြစ်နေသည်။ ထိုအချိန်ရောက်လျှင် သူမသည် နည်းပြလင်နှင့် ဟင်းစာရင်းအတည်ပြုပြီးနောက် ဖျော်ဖြေရေးရပ်ကွက်သို့ လိုက်သွားကာ သူတို့ကို ရှာပြီး ဝါဇီတွင် ညစာအကောင်းစား တစ်နပ်တူတူစားကာ ပျော်ပါးလိုက်ကြမည်။ သူမကိုယ်သူမရော အားလုံးကိုပါ ဆုချသည့်သဘောပင်။

သူမက ချက်ချင်း သဘောတူလိုက်သည်။

“ဖြစ်ပါတယ်၊ လဆန်းတစ်ရက်နေ့ မနက်စောစောကျရင် ကျွန်မ ဟင်းစာရင်း လာပို့ပေးမယ်၊ နည်းပြနဲ့ ညီအစ်ကိုတွေက ဟင်းရွေးထားလိုက်ကြ၊ လဆန်းနှစ်ရက်နေ့ နေ့လယ်ပိုင်း အပြင်ကပြန်ရောက်တာနဲ့ ကျွန်မ စချက်မယ်၊ နေမဝင်ခင် အရောက်ပို့ပေးပါ့မယ်”

ထိုကဲ့သို့ပင် သဘောတူလိုက်ကြတော့သည်။

လဆန်းတစ်ရက်နေ့တွင် ပြန့်ကျင်းမြို့တော် တစ်ခုလုံးသည် မီးအိမ်များ၊ ရောင်စုံဖဲများဖြင့် တန်ဆာဆင်ထားသည်။ မြေပြင်ပေါ်တွင် ဖောက်ပြီးသား ဗြောက်အိုးနီများနှင့် မီးရှူးမီးပန်း အစအနများ နေရာအနှံ့ ပြန့်ကျဲနေသည်။ လမ်းမပေါ်တွင် ကလေးများသည် သကြားရုပ်များ၊ သကြားသီးကွင်းများနှင့် ဗြောက်အိုးများကို ကိုင်ဆောင်ကာ ဟိုပြေးဒီလွှား ဆော့ကစားနေကြသည်။

အိမ်တိုင်းလိုလို၏ တံခါးဝတွင် အနီရောင်အဝတ်စများ ချိတ်ဆွဲထားပြီး ပူဇော်ပသသည့် စားပွဲများ ခင်းကျင်းထားသည်။ လမ်းမပေါ်တွင်လည်း အမွှေးတိုင်မီးခိုးငွေ့များ ဖုံးလွှမ်းနေပြီး ဒါသည် နှစ်သစ်ကူး၏ သီးသန့်ရနံ့ပင် ဖြစ်တော့သည်။

ဒီနေ့ ရာသီဥတုကလည်း ကောင်းမွန်လှသည်။ သူဌေးခန်းသည် အဝတ်အစားသစ်များ ဝတ်ဆင်ထားပြီး ဦးထုပ်အသစ် ဆောင်းထားကာ တွေ့သမျှလူကို နှစ်သစ်ကူးနှုတ်ခွန်းဆက်သရင်း ပျော်ရွှင်စွာဖြင့် ကျင်းလျန်တံတားကို ဖြတ်ကျော်ကာ မိတ်ဆွေဟောင်းအိမ်သို့ နှစ်သစ်ကူးသွားရောက်ရန် ထွက်လာခဲ့လေသည်။

ဖြစ်ချင်တော့ ရှန်ကျိဆိုင်က ရှန်ညန်ဇီနှင့် လမ်းကျဉ်းထဲတွင် ဆုံရမည်ဟု ဘယ်သူ ထင်ထားပါမည်နည်း။

ရှန်ကျိဆိုင်က ရှန်ညန်ဇီနှင့် မျက်နှာချင်းဆိုင် တွေ့လိုက်ရလေသည်။ သူမသည် မြည်းလှည်းတစ်စီးကို မောင်းနှင်လာပြီး လှည်းပေါ်တွင် ကျောက်ဖရုံသီး၊ မုန်ညင်းဖြူနှင့် ဟင်းနုနွယ်ရွက်များ တင်ဆောင်လာသည်။ နှစ်သစ်ကူးရက်တွင် ဘယ်ကနေ သွားဝယ်လာမှန်း မသိပေ။ လဆန်းတစ်ရက်နေ့ကြီးမှာ ဘယ်သူက ဟင်းသီးဟင်းရွက် ရောင်းလို့လဲ။

နေပါဦး... သူက ဒီဟင်းသီးဟင်းရွက်တွေ အများကြီးကို ဘာလုပ်ဖို့ သယ်လာတာလဲ။

သူဌေးခန်း၏ ရင်ထဲတွင် ‘ဒိန်း’ ခနဲ ဖြစ်သွားသည်။ မယုံကြည်နိုင်လောက်အောင် ဖြစ်ရပြီး ရယ်စရာကောင်းသည့် အတွေးတစ်ခု ဝင်လာခဲ့သည်။ မဟုတ်လောက်ပါဘူး... မဖြစ်နိုင်ပါဘူး... ဒီရှန်ညန်ဇီက လဆန်းတစ်ရက်နေ့ကြီးမှာ ဆိုင်ဖွင့်ဖို့တော့ မဟုတ်ပါဘူးနော်။ ဘယ်ဧည့်သည်က လာမှာမို့လို့လဲ။

မဟုတ်သေးပါဘူး... သူမက တစ်ရက်လောက်တောင် အေးအေးဆေးဆေး မနားနိုင်တော့ဘူးလား။

သူဌေးခန်းသည် သူမ သူ့ဘေးမှ ဖြတ်သွားသည်ကို ကြည့်ရင်း မျက်ဝန်းထဲတွင် ဝမ်းနည်းစိတ်ပျက်ရသည့် မျက်ရည်များပင် စီးကျလုမတတ် ဖြစ်သွားရလေတော့သည်။

...

All Chapters