← Chapters

အခန်း (၁၃၇-၁၃၈)

Vol. 14 Ch. 137-138

အခန်း (၁၃၇-၁၃၈)

Vol. 14 Ch. 137-138

အပိုင်း (၁၃၇) နှစ်သစ်မကူးမီ

ရှန်မြောင်က သူမကို အလျင်အမြန် ဆွဲထူလိုက်သည်။

ချွေးဝမ်ညန်က ကိုယ်ကိုမတ်လိုက်ပြီး ရှန်မြောင်နှင့် မျက်လုံးချင်းဆုံကာ ပြိုင်တူ ပြုံးလိုက်ကြ\။

"ထန်ညန်ဇီ နေကောင်းလား" ရှန်မြောင်က အပြုံးမပျက်ဘဲ မျက်တောင်လေးခတ်ကာ ပြတင်းပေါက်နားရှိ စားပွဲတစ်လုံးကို လက်ညှိုးထိုးပြလိုက်သည်။ "ခရီးပန်းလာမှာပဲ။ ထန်ညန်ဇီ ထိုင်ပြီး ပြောကြရအောင်"

"ကောင်းပါပြီ။ ဒါဆို ကျွန်မလည်း ရှန်ညန်ဇီကို အားနာမနေတော့ဘူး"

ချွေးဝမ်ညန်က ခေါင်းညိတ်လိုက်ပြီး ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် သူမနှင့်ပါလာသော နောက်လိုက်နှစ်ယောက်ကို မြင်းလှည်းသွားသိမ်းပြီး တည်းခိုခန်းရှာရန်နှင့် ရှန်မြောင်အတွက် ယူလာသော ယိုကျိုးဒေသထွက် လက်ဆောင်ပစ္စည်းများကို ယူလာခဲ့ရန် မှာကြားလိုက်သည်။

သူမက ခေါင်းပေါ်မှ ဦးထုပ်ကို ချွတ်လိုက်ပြီး ရှုပ်ပွနေသော ဆံပင်များကို သပ်တင်လိုက်သည်။ မျက်နှာပေါ်တွင် ကပ်ထားသော နှုတ်ခမ်းမွှေးတုကို ခွာလိုက်မှ ရှန်မြောင်သည် သူမ၏ မျက်နှာသွင်ပြင်ကို မှတ်မိသွားတော့သည်။

ယခင်က အားနည်းပိန်လှီပြီး ပါးချိုင့်ခွက်ဝင်ကာ တစ္ဆေတစ်ကောင်လို ဖြူဖျော့ခဲ့သော ချွေးညန်ဇီ၏ မျက်နှာသည် ယခုအခါ ပြည့်ဖြိုးနေလေပြီ။ ခန္ဓာကိုယ်အချိုးအစား ကျနလာပြီး အသားအရေမှာ ကျန်းမာသန်စွမ်းသော ကြေးနီရောင် သမ်းနေသည်။ အကွာခြားဆုံးမှာ သူမ၏ မျက်လုံးများ ဖြစ်သည်။ မျက်ဝန်းအကြည့်များသည် တောက်ပနေပြီး လူသစ်တစ်ယောက်အဖြစ် ပြန်လည်မွေးဖွားလာသကဲ့သို့ပင်။

"ယွမ်ညန့် ရောဂါ ပျောက်သွားပြီလား။ ယိုကျိုးမှာ အရမ်းအေးမှာပဲနော်။ အပြင်မှာ ဦးစီးလုပ်ကိုင်ရတာ ပင်ပန်းနေရောပေါ့"

ရှန်မြောင်က သူမ၏ မျိုးရိုးနာမည်ကို ဖျောက်ကာ ရင်းနှီးစွာ ခေါ်လိုက်ပြီး စားပွဲပေါ်ရှိ လက်ဖက်ရည်အိုးကို ယူလိုက်သည်။ ခွက်တစ်လုံးထဲသို့ နွေးနေသေးသော လက်ဖက်ရည်ကို ငှဲ့ပေးရင်း ဆက်ပြောလိုက်သည်။

"လုပ်ငန်းတွေ အဆင်ပြေချောမွေ့တယ်လို့ အိမ်တော်ထိန်းကျန့် ဆီက ခဏခဏ ကြားရတယ်။ တကယ် ကျေးဇူးတင်ပါတယ်"

ချွေးဝမ်ညန်က ရွှင်မြူးစွာ ပြုံးလိုက်ပြီး အကြောင်းစုံကို ပြောပြလေသည်။

"အိမ်က ထွက်လာတာနဲ့ ကျွန်မရောဂါက ဆေးမကုဘဲ ပျောက်သွားတာ။ ယိုကျိုးက အရမ်းအေးတယ်။ ဒီနှစ် လလယ်ပိုင်းလောက်ကတည်းက နှင်းစကျနေပြီ။ ကျွန်မ ထွက်လာတုန်းကဆို နှင်းတွေက မြင်းခွာမြုပ်တဲ့အထိ ထူနေပြီ။ ပြန့်ကျင်းဘက် နီးလာမှ နွေးလာတော့တာ။ စက်ရုံကိစ္စအတွက် ရှန်ညန်ဇီက ကျေးဇူးမတင်ပါနဲ့၊ ကျေးဇူးတင်ရမှာက ကျွန်မပါ"

နှစ်ဦးသား တရားဝင်တွေ့ဆုံသည်မှာ ယခုမှ ပထမဆုံးအကြိမ် ဖြစ်သော်လည်း စကားအနည်းငယ် ပြောပြီးသည်နှင့် ဟိုးအရင်ကတည်းက ခင်မင်ခဲ့သော မိတ်ဆွေဟောင်းများကဲ့သို့ ဖြစ်သွားကြသည်။ ချွေးဝမ်ညန်က ရှန်မြောင်ကို ယိုကျိုး၏ ရှုခင်းများအကြောင်း ပြောပြလေသည်။ သဲကန္တာရနှင့် ထိစပ်နေသော တောင်တန်းများ၊ မိုင်ပေါင်းရာချီ ရှည်လျားကွေ့ကောက်ပြီး တောင်စဉ်တောင်တန်းများထက်တွင် ခွေရစ်အိပ်စက်နေသော ရှေးဟောင်းနဂါးကြီးတစ်ကောင်အလား တည်ရှိနေပုံများကို ပြောပြသည်။

နွေဦးရောက်လျှင် တောင်ကုန်းအပြည့် တရုတ်ဆီးသီးပန်းများ ပွင့်ဝေနေပြီး စမ်းချောင်းငယ်လေးများသည် မြက်ခင်းပြင်ကို ဖြတ်သန်းကာ တသွင်သွင် စီးဆင်းနေတတ်သည်။ နွေရာသီတွင် ယိုကျိုးသည် ပူပြင်းသော်လည်း မြက်ခင်းပြင်ကြီးသည် အစိမ်းရောင်ပင်လယ်ကြီးကဲ့သို့ ဖြစ်နေသည်။ မြက်ပင်များက ထူထဲရှည်လျားပြီး ထိုအထဲတွင် လှဲအိပ်လိုက်လျှင် တိမ်တိုက်ပေါ် အိပ်စက်နေရသကဲ့သို့ ခံစားရသည်။ ဆောင်းဦးရာသီတွင် လေပြင်းများ တိုက်ခတ်တတ်ပြီး အမြင့်တစ်နေရာမှ ကြည့်လိုက်လျှင် ခမ်းနားထည်ဝါသော တောင်နှင့် မြစ်များကို မြင်ရကာ ငန်းရိုင်းများ တောင်ဘက်သို့ ပျံသန်းသွားကြသည်ကို မြင်ရသည်။ ဆောင်းရာသီသည် အေးစက်ခါးသီးသော်လည်း ကမ္ဘာမြေကြီးတစ်ခုလုံး ဖြူဖွေးနေပြီး သဲသောင်ပြင်ကျယ်ကြီးများ နှင်းလွှမ်းနေသည်မှာ တိတ်ဆိတ်ငြိမ်သက်ခြင်း၏ အလှတရားတစ်မျိုးပင်။

နားထောင်ရင်း ရှန်မြောင်ပင် စိတ်ကူးယဉ်ကာ သွားချင်မိသွားသည်။

"ကျွန်မ ယိုကျိုးက မြင်းခြံတွေအကုန် လျှောက်သွားခဲ့တယ်။ တကယ့် ကန္တာရထဲက မီးခိုးတန်းတွေ၊ မြစ်ရှည်ကြီးအထက်က နေလုံးကြီးတွေကို မြင်ခဲ့ရတယ်။ ဝမ်ဝေ ရေးတဲ့ ကဗျာတွေက တကယ် ကွက်ကွက်ကွင်းကွင်း ရှိတာပဲ"

ယိုကျိုးတွင် နေထိုင်ခဲ့ရသော နေ့ရက်များကို ပြောပြရင်း ချွေးဝမ်ညန်၏ မျက်လုံးထဲတွင် မျက်ရည်စများ ဝဲလာသော်လည်း မျက်နှာကမူ တောက်ပစွာ ပြုံးနေလေသည်။

"တစ်ခါတုန်းက မဟာတံတိုင်းကြီးပေါ်က ကင်းမျှော်စင်ပေါ် တက်ကြည့်တော့မှ တောင်တန်းတွေအလွန်က ရှုခင်းကို သိလိုက်ရတယ်"

တောင်တန်းများ၏ အလွန်တွင် တောင်တန်းများ ရှိနေသေးသည်။ သဲခုံများ၊ နွားများနှင့် သိုးများ၊ သိုးကျောင်းသော ခွေးကြီးများ၊ ဒုန်းစိုင်းပြေးနေသော မြင်းအုပ်များ၊ ဝန်စည်စလယ်များ သယ်ဆောင်ကာ နယ်စပ်ဖြတ်ကျော်လာသော ကုလားအုတ်တန်းများနှင့် တဲအိမ်များမှ ထွက်ပေါ်နေသော မီးခိုးတန်းများ ရှိလေသည်။

"ကျွန်မ အဆင်ပြေပါတယ်။ ရှန်ညန်ဇီကို ကျေးဇူးတင်ပါတယ်" ချွေးဝမ်ညန်၏ မျက်ဝန်းများ နီရဲလာသည်။ "ကျွန်မ ကျို့မူက စက်ရုံသွားလုပ်ဖို့ အကြံပေးတုန်းက သူကိုယ်တိုင်လည်း စိတ်မချခဲ့ဘူး။ ပြီးတော့ ရှန်ညန်ဇီက ကျွန်မကို မသိသလို ကျွန်မကို တွေ့တုန်းကလည်း ကျွန်မပုံစံက သုံးစားမရတဲ့ပုံစံ ဖြစ်နေတာ။ ဒါပေမဲ့ ရှန်ညန်ဇီက ချက်ချင်း လက်ခံပြီး ကျွန်မကို အခွင့်အရေး ပေးခဲ့တယ်"

ရှန်ညန်ဇီက ဘာမှ မသိခဲ့ပေ။ သို့သော် သူမက သဘောထားကြီးသည်။ သူမကိုယ်တိုင်လည်း လောကဓံကို ကြံ့ကြံ့ခံပြီး မိန်းမသားတစ်ယောက်တည်း အိမ်ထောင်ဦးစီး လုပ်နေရသူမို့ တခြားမိန်းမသားတစ်ယောက်ကို အခွင့်အရေးပေးဖို့ ဝန်မလေးခဲ့ခြင်း ဖြစ်မည်။

ယိုကျိုးကို စရောက်တုန်းက ချွေးဝမ်ညန်သည် လူတကာ၏ ကဲ့ရဲ့ရှုတ်ချမှုကို ခံခဲ့ရသည်။ သို့သော် သူမသည် စိတ်ကို တင်းထားပြီး စက်ရုံကို အောင်မြင်အောင် လုပ်မည်ဟု ဆုံးဖြတ်ထားခဲ့သည်။ သူမအတွက် နောက်ဆုတ်စရာ လမ်းမရှိတော့ပေ။ ကျို့မူနှင့် ရှန်ညန်ဇီ၏ စေတနာကို အလဟဿ မဖြစ်စေချင်ပေ။ ထို့ကြောင့် အံကို တင်းတင်းကြိတ်ကာ ခြေတစ်လှမ်းချင်း လှမ်းရင်း အောင်မြင်လာခဲ့ခြင်း ဖြစ်သည်။

"ဒါက စက်ရုံရဲ့ ၇ လတာ စာရင်းချုပ်ပဲ။ ကျွန်မ မိတ္တူ နှစ်စောင် ကူးလာတယ်။ ဒီတစ်စောင်က ရှန်ညန်ဇီ သိမ်းထားဖို့၊ နောက်တစ်စောင်ကို မနက်ဖြန် ချန်ကျိုး ပြန်ရောက်ရင် ကျို့မူဆီ ပို့ပေးလိုက်မယ်"

ချွေးဝမ်ညန်က လွယ်အိတ်ထဲမှ စာရင်းအင်းစာအုပ်တစ်အုပ်ကို ထုတ်ပြီး ရှန်မြောင်ကို ပေးလိုက်သည်။

"ဒီနှစ်အတွက် စက်ရုံဆောက်လုပ်ခ၊ လုပ်အားခ၊ ကုန်ကြမ်းဖိုး အရင်းတွေ အကုန်ကျေသွားပြီ။ အမြတ်တောင် ကျန်သေးတယ်။ နောက်ရက်ကျရင် ကျို့မူနဲ့တိုင်ပင်ပြီး စိတ်ချရတဲ့ စာရင်းကိုင်ငှားကာ စာရင်းထပ်စစ်ပြီးရင် ရှန်ညန်ဇီကို အမြတ်ခွဲဝေပေးလို့ ရပြီ"

ရှန်မြောင်က စာရင်းအုပ်ကို လှန်ကြည့်လိုက်သည်။ ထန်ခေတ်နှင့် စုန့်ခေတ်တွင် စာရင်းကိုင်ရာ၌ "တိုင်လေးတိုင် စာရင်းကိုင်နည်းစနစ်" ကို သုံးသည်။ "တိုင်လေးတိုင်" ဆိုသည်မှာ စာရင်းဟောင်း (လက်ကျန်ဟောင်း)၊ စာရင်းသစ် (ဝင်ငွေသစ်)၊ သုံးစွဲစာရင်း (အသုံးစရိတ်) နှင့် လက်ရှိစာရင်း (လက်ကျန်) တို့ ဖြစ်သည်။ ထိုခေတ်က စာရင်းကိုင်များသည် လအလိုက် စာရင်းချုပ်ပြီး "လက်ကျန်ဟောင်း + ဝင်ငွေသစ် = အသုံးစရိတ် + လက်ရှိစာရင်း" ဟူသော ပုံသေနည်းဖြင့် တွက်ချက်ကြသည်။ "ဝင်ငွေသစ် - အသုံးစရိတ်" သည် အသားတင်အမြတ်ငွေ ဖြစ်သည်။

ရှန်မြောင်သည် အစပိုင်းတွင် ပြီးပြီးရော ကြည့်လိုက်သော်လည်း နောက်ပိုင်းတွင် ပေသီးတစ်ခု ယူကာ လစဉ် အသားတင်အမြတ်ငွေများကို ပေါင်းကြည့်လိုက်၏။ တွက်ချက်ပြီးသောအခါ သူမ၏ လက်ချောင်းများ ပေသီးပေါ်တွင် တန့်သွားပြီး ချွေးဝမ်ညန်ကို မော့ကြည့်လိုက်မိတော့သည်။

ချွေးဝမ်ညန်က ဣန္ဒြေရရ ပြုံးလိုက်သော်လည်း မျက်လုံးထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများကို ဖုံးဖိမထားနိုင်ပေ။

ရှန်မြောင်က လက်ချောင်းများကို လှုပ်ရှားကာ နောက်တစ်ခေါက် ထပ်တွက်ကြည့်သည်။ ရလဒ်က အတူတူပင်။ သူမ အသက်ပြင်းပြင်း ရှူလိုက်ပြီး မနေနိုင်စွာ နောက်တစ်ခေါက် ထပ်တွက်ပြန်သည်။ ဒီတစ်ခါတော့ သေချာသွားပြီ။

သူမ ခေါင်းငုံ့ကာ ချွေးဝမ်ညန်ကို လက်ယပ်ခေါ်လိုက်သည်။ နှစ်ယောက်သား နဖူးချင်းထိလုနီးပါး ကပ်သွားမှ ရှန်မြောင်က လေထွက်ရုံမျှ တိုးညှင်းသော အသံဖြင့် မေးလိုက်သည်။

"စက်ရုံက ၇ လကျော်အတွင်းမှာ ဝမ် ၂ သောင်း ၂ ထောင် ၈ ရာ ၅ ဆယ် ၇ ကွမ်း မြတ်တာလား"

ချွေးဝမ်ညန်သည် ရှန်ညန်ဇီ၏ ပိုက်ဆံမက်သော မျက်လုံးများကို ကြည့်ရင်း ရယ်ချင်သွားသော်လည်း လေသံတိုးတိုးဖြင့်ပင် ပြန်ဖြေလိုက်သည်။

"ဟုတ်ပါတယ်"

"စာရင်းထဲမှာ နောက်နှစ် စက်ရုံလည်ပတ်ဖို့ ငွေတစ်ရပ် သပ်သပ်ဖယ်ထားတာ တွေ့တယ်..."

နှစ်ဝက်အတွင်း အမြတ်ငွေ ၂ သောင်းကျော် ရသည်ဆိုသည်မှာ ယိုကျိုးကဲ့သို့ နယ်စပ်ဒေသတွင် မလွယ်ကူပေ။

"ဟုတ်ပါတယ်" ချွေးဝမ်ညန်၏ မျက်နှာတွင် အပြုံးပန်းများ ဝေနေသည်။

ရှန်မြောင်က သူမ ရမည့် ၃၀ ရာခိုင်နှုန်း အမြတ်ဝေစုကို စိတ်တွက်ဖြင့် တွက်ကြည့်လိုက်ပြီးနောက် "ဝါး" ခနဲ ရေရွတ်လိုက်မိသည်။ ဒါက အိပ်နေရင်း ပိုက်ဆံရတာနဲ့ ဘာကွာလို့လဲ။ ပျော်စရာကြီးပါလား။

သတင်းကောင်း ပြောပြီးနောက် သတင်းဆိုး လာပြန်သည်။

ချွေးဝမ်ညန်က ရှန်မြောင်ကို ပွင့်ပွင့်လင်းလင်း ပြောပြသည်။

"ယိုကျိုးမှာ တချို့ ခေါက်ဆွဲဆိုင်တွေက ခေါက်ဆွဲခြောက် ဘယ်လိုလုပ်သလဲ ဆိုတာ သိကုန်ကြပြီ။ သူတို့က ရှန်ညန်ဇီရဲ့ ဟင်းရည်အနှစ်လို အရသာ ထပ်တူ မလုပ်နိုင်ပေမယ့် ကိုယ်ပိုင် ခေါက်ဆွဲခြောက်တွေ စလုပ်နေကြပြီ"

ရှန်မြောင်က ခေါင်းညိတ်လိုက်သည်။ ဒါက သူမ မျှော်လင့်ထားပြီးသား ကိစ္စပင်။ ခေါက်ဆွဲခြောက်ဆိုသည်မှာ လိုက်လုပ်ဖို့ သိပ်မခက်ခဲလှပေ။ သို့သော် သူမတွင် ခေတ်သစ်လူသား သန်းပေါင်းများစွာ စိစစ်ရွေးချယ်ထားသော ထူးခြားသည့် အရသာ ရှိသလို ဈေးကွက်ကိုလည်း ဦးအောင် နေရာယူထားပြီးသားမို့ အသာစီးရနေဦးမည် ဖြစ်သည်။ သူမ ချွေးဝမ်ညန်ကို မော့ကြည့်လိုက်သည်။

"ယွမ်ညန် က ဘယ်လို စဉ်းစားထားလဲ"

"အခု လိုက်တုနေတဲ့ ဆိုင်က ဆိုင်သေးလေးပါ။ တစ်နိုင်တစ်ပိုင် လုပ်နေတာ။ ကျွန်မ လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်တော့ ဆိုင်ရှင်ရဲ့ ပိုင်ဆိုင်မှုနဲ့ဆို စက်ရုံထောင်ဖို့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဆိုင်ရှင်က အမြင်ရှိတယ်။ သူက ချမ်းသာတဲ့ ကုန်သည်တွေကို စက်ရုံစပ်တူထောင်ဖို့ လိုက်စည်းရုံးနေတယ်။ ဒါပေမဲ့ အကုန် အငြင်းခံလိုက်ရတယ်"

ချွေးဝမ်ညန်၏ မျက်ဝန်းများ အေးစက်သွားသည်။

"ယိုကျိုးမှာ နာမည်ကြီး ကုန်သည်တွေ အကုန်လုံးက စစ်သူကြီးရှီး နဲ့ ရင်းနှီးကြတယ်။ ကျွန်မရဲ့ နောက်ခံက ဘယ်သူလဲ ဆိုတာ သူတို့ သိကြတယ်။ ဒါကြောင့် ကျွန်မကို မျက်နှာပျက်အောင် လုပ်ပြီး ပြိုင်ဆိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ယိုကျိုးက ယိုကျိုးပဲလေ။ အချိန်ကြာလာတာနဲ့အမျှ ခေါက်ဆွဲခြောက် ပြုလုပ်နည်းကို လူသိများလာမှာပဲ။ ယိုကျိုးမှာ မလုပ်ရဲပေမယ့် တခြားမြို့တွေမှာတော့ မပြောနိုင်ဘူး"

အလွန် တည်ငြိမ်ပြီး သုံးသပ်ချက် ကျိုးကြောင်းဆီလျော်သည်။ ရှန်မြောင် သူမကို ပိုပြီး သဘောကျလာသည်။

"ဒါဆိုရင်...?"

"ဒါကြောင့် ကျွန်မ ကိုယ်တိုင် ပြန်လာခဲ့တာ" ချွေးဝမ်ညန်၏ မျက်လုံးထဲတွင် ရည်မှန်းချက်ကြီးမားမှုများ ပြည့်နှက်နေသည်။ "ကျွန်မက ကပ်လျက်မြို့တွေမှာ ခေါက်ဆွဲခြောက်စက်ရုံတွေ ထပ်ဖွင့်ပြီး ဈေးကွက်ကို ကြိုတင် လက်ဦးမှု ရယူချင်တယ်"

ဟင်းပွဲတစ်ပွဲ၏ ချက်ပြုတ်နည်းကို သူများ သိသွားလည်း ကိစ္စမရှိပေ။ ဒီလောကမှာ ဟင်းတစ်ခွက်တည်းကို ချက်တတ်သူ အများကြီး ရှိသည်။ ဖန်လို စားသောက်ဆိုင်က နာမည်ကြီးသော်လည်း နန်ရွှင်တံခါးက ဆိတ်သားမုန့်က ပြန့်ကျင်းတစ်မြို့လုံးမှာ အကောင်းဆုံး ဖြစ်နေဆဲပင်။

အရသာ၊ အရည်အသွေး ရှိပြီး လက်ဦးမှု ရယူထားနိုင်သမျှ ကာလပတ်လုံး ယှဉ်ပြိုင်မှုများကြားတွင် "အသားတုံး" ကို စားရမည့်သူမှာ ကိုယ်သာ ဖြစ်လိမ့်မည်။

"ကျွန်မတို့က အသားစားရမှာ ဖြစ်သလို သူများကိုလည်း ဟင်းရည်သောက်ခွင့် ပေးရမယ်"

ချွေးဝမ်ညန်က သဘောထားကြီးစွာ ပြောလိုက်ပြီး သူမ၏ အစီအစဉ်များကို ရှန်မြောင်အား အသေးစိတ် ပြောပြလေသည်။ သူမအနေဖြင့် ရှန်မြောင်ထံမှ နောက်ထပ် အရသာကွဲ ခေါက်ဆွဲခြောက် နှစ်မျိုး လိုချင်သည်။ အသစ်အဆန်း ထုတ်လုပ်ခြင်းသည် ဈေးကွက်ချဲ့ထွင်ရာတွင် ကောင်းမွန်သော နည်းလမ်းဖြစ်သည်။ ထို့ပြင် သူမသည် စက်ရုံကို ပိုမိုကြီးမား ကျယ်ဝန်းအောင် တည်ဆောက်လိုပြီး လူအင်အား ပိုသုံးကာ ခေါက်ဆွဲခြောက် ပိုထုတ်ချင်သည်။ သို့မှသာ အခြား အသေးစား စက်ရုံများက သူမ၏ ဖြန့်ဖြူးမှုကို မမီနိုင်ဘဲ နောက်ဆုံးတွင် ဝါးမျိုး ခံလိုက်ရမည် ဖြစ်သည်။

ရှန်မြောင်က ခေါင်းညိတ်လိုက်၏။ ဒီအချက်နှစ်ချက်စလုံးက အကွက်ဝင်သည်။ နောင်လာမည့်ခေတ်က "ဆရာကြီးခမ်း” တံဆိပ် ခေါက်ဆွဲခြောက်သည်လည်း ဤနည်းဖြင့် ကြီးပွားလာခြင်း ဖြစ်သည်။ ဆရာကြီးခမ်းသည် ပထမဆုံး အမဲသားနှပ်ခေါက်ဆွဲကို ထုတ်လုပ်လိုက်သည်နှင့် တစ်နိုင်ငံလုံး ပျံ့နှံ့သွားခဲ့သည်။ ၃ နှစ်အတွင်း တစ်နိုင်ငံလုံးသို့ ဈေးကွက်ချဲ့ထွင်နိုင်ခဲ့ပြီး ၄ နှစ်မြောက်တွင် အချိုရည်လောကသို့ ဝင်ရောက်လာခဲ့သည်။

"အရသာအသစ်အပြင် ကျွန်မတို့ရဲ့ စက်ရုံနဲ့ ခေါက်ဆွဲခြောက်ကို နာမည်တစ်ခု ပေးချင်တယ်" ချွေးဝမ်ညန်က ဆက်ပြောသည်။ "ပြန့်ကျင်းမြို့ထဲက 'နန်းတော်ရှေ့ အသားဆိုင်' တို့၊ 'ငါးဟင်းရည်သည် စုန့်အစ်မကြီး' တို့၊ 'ကော်မိသားစု ပျားရည်စိမ်ဇီးသီး' တို့လိုမျိုး ကျွန်မတို့လည်း နာမည်တစ်ခု ရှိမှ ဖြစ်မယ်။ နောင်ကျရင် စက်ရုံကြီးလာတဲ့အခါ သူများတွေ အတုလုပ်လို့ မရအောင်နဲ့ ဖောက်သည်တွေ မှတ်မိလွယ်အောင်လို့လေ"

ရှန်မြောင်က ဆရာကြီးခမ်း ကို သတိရသွားပြီး သွေးတိုးသမ်းကာ မေးမြန်းလိုက်သည်။

"'ဆရာကြီးထန် ခေါက်ဆွဲခြောက်၊ စားလိုက်တာနဲ့ အရသာထိမိ' ဆိုရင်ရော"

မှတ်မိလွယ်သားပဲ။ ချွေးဝမ်ညန်က ပါးစပ်ထဲတွင် ရေရွတ်ကြည့်ပြီးနောက် သဘောကျစွာ ရယ်မောလိုက်သည်။

"ကောင်းတယ်။ ရိုင်းလည်းမရိုင်းဘူး။ ယဉ်လည်းမယဉ်လွန်းဘူး"

ရှန်မြောင်က ကြော်ငြာစာသားများပါ ထပ်ဆင့်ပေးလိုက်သည်။ "အရှင်မင်းကြီးတောင် ကြိုက်တဲ့ ခေါက်ဆွဲ"၊ "အရိုးပြုတ်ဟင်းရည်က မွှေးနေတာပဲ"၊ "ဗိုက်ဆာရင် ဆရာကြီးထန် စားလိုက်ပါ" စသည်ဖြင့်...

ရှန်မြောင်၏ မကုန်နိုင်မခမ်းနိုင်သော ကြော်ငြာစကားများကြောင့် ချွေးဝမ်ညန် ရယ်မောနေသော်လည်း အရေးကြီးသော ကိစ္စတစ်ခုကို သတိရသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

"ရှန်ညန်ဇီကို ပြောပြရမယ့် အခက်အခဲ တစ်ခု ရှိသေးတယ်"

သူမက သက်ပြင်းချလိုက်ကာ "မြင်းခြံက အရာရှိတချို့ ပြောလာကြတယ်။ ပို့လိုက်တဲ့ ခေါက်ဆွဲခြောက်တွေက အသုတ်လိုက် အရသာ ကွာနေတယ်တဲ့။ တစ်ခါတလေ ကောင်းလိုက်၊ တစ်ခါတလေ ဆိုးလိုက် ဖြစ်နေလို့ သူတို့ မကျေနပ်ကြဘူး။ ကျွန်မလည်း ဘာကြောင့်မှန်း မသိဘူး။ ရှန်ညန်ဇီ ပေးလိုက်တဲ့ ဟင်းချက်နည်းထဲမှာ ဆီ၊ ဆား၊ သကြား၊ အမွှေးအကြိုင် ဘယ်လောက်ထည့်ရမလဲ။ ရေဘယ်နှစ်ကျင်း ထည့်ရမလဲ ဆိုတာကအစ အတိအကျ ပါတာပဲ။ ဒါပေမဲ့ စက်ရုံထဲက စားဖိုမှူး ဆယ်ဂဏန်းလောက်က လုပ်လိုက်တဲ့အခါ အရသာတွေက မတူကြဘူး။ ရှန်ညန်ဇီ လက်ရာနဲ့ မတူတာ ထားပါတော့။ သူတို့အချင်းချင်း လုပ်တာတောင် တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး။ တကယ် ထူးဆန်းတယ်။ ချက်နည်းတူတူ၊ ဂျုံမှုန့်တူတူ၊ ဆီဆားအချိုမှုန့် တူတူ သုံးပါလျက်နဲ့..."

ထိန်းချုပ်ဖို့ အခက်ဆုံးက လူ ဖြစ်နေလို့လေ။ စားဖိုမှူးတစ်ယောက်တည်း ချက်တာတောင် ဒီနေ့လက်ရာနဲ့ မနက်ဖြန်လက်ရာ ကွာသေးတာပဲ။

ရှန်မြောင် စဉ်းစားလိုက်ပြီး ပြုံးကာ မေးလိုက်သည်။

"စက်ရုံမှာ စားဖိုမှူးတစ်ယောက်က ဂျုံနယ်တာကနေ ခေါက်ဆွဲကြော်တာ။ အနှစ်စပ်တာအထိ တစ်ယောက်တည်း အစအဆုံး လုပ်တာလား"

"ဟုတ်တယ်လေ" သူမက နားမလည်စွာ ခေါင်းညိတ်သည်။ ဘာများ မှားနေလို့လဲ။ စက်ရုံတိုင်း ဒီလိုပဲ လုပ်ကြတာပဲလေ။ ဆရာသမားက တပည့်ကို သင်ပေး၊ တစ်ဆင့်ပြီးတစ်ဆင့် လက်ဆင့်ကမ်းကြတာ။ သူတို့ ခေါက်ဆွဲစက်ရုံမှာလည်း လူတစ်ယောက်ကို စားပွဲတစ်လုံး၊ ဒယ်အိုးတစ်လုံး ပေးထားပြီး အလုပ်သင်ဆို ဂျုံနယ်တာက စသင်ရသည်။ တစ်ပွဲပြီးမှ တစ်ပွဲ လုပ်ရသည်။

ရှန်မြောင်က ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်၏။

"ကျွန်မ ကြားဖူးတဲ့ ပုံပြင်လေးတစ်ပုဒ် ပြောပြမယ်။ မြို့တော်က အမတ်တစ်ယောက်က မယားငယ်တစ်ယောက် ကောက်ရသတဲ့။ အဲဒီမယားငယ်က အရာရှိကြီးတစ်ယောက်ရဲ့ အိမ်တော်က ပေါက်စီဖိုဆောင်မှာ လုပ်ဖူးသတဲ့။ တစ်နေ့တော့ အမတ်က ပေါက်စီစားချင်လို့ မယားငယ်ကို လုပ်ခိုင်းတာပေါ့၊ ဒါပေမဲ့ မယားငယ်က 'သခင်ကြီး... ကျွန်မက ကြက်သွန်မြိတ် လှီးတာပဲ တတ်ပါတယ်။ ကျန်တာ ဘာမှ မလုပ်တတ်ပါဘူး' လို့ ပြောသတဲ့။ တကယ်တော့ အဲဒီအရာရှိကြီးအိမ်တော်ရဲ့ မီးဖိုဆောင်မှာ အလုပ်ခွဲဝေမှုက အရမ်းစနစ်ကျတာကိုး။ အသားစဉ်းတဲ့သူက သက်သက်၊ အစာသွပ်တဲ့သူက သက်သက်၊ ဂျုံနယ်တဲ့သူ၊ အချဉ်စပ်တဲ့သူ၊ ပေါင်းအိုးအဖုံး ပိတ်တဲ့သူကအစ လူသက်သက်စီ ရှိကြတယ်တဲ့။ ဒီပုံပြင်က အရာရှိကြီးရဲ့ ဖြုန်းတီးမှုကို သရော်ထားတာ ဆိုပေမယ့် ယွမ်ညန် အနေနဲ့ ဒီနည်းလမ်းကို ခေါက်ဆွဲခြောက်စက်ရုံမှာ အသုံးချကြည့်သင့်တယ်"

ရှန်မြောင်က လက်ညှိုးကို လက်ဖက်ရည်စွတ်ကာ စားပွဲပေါ်တွင် ပုံဆွဲပြလိုက်သည်။ ဂျုံမှုန့် သယ်ယူသည်မှစ၍ ရှည်လျားသော လုပ်ငန်းစဉ်ကြီးတစ်ခုတွင် လူတစ်ယောက်ချင်းစီက အပိုင်းတစ်ပိုင်းစီကိုသာ တာဝန်ယူရမည့် သဘောတရားကို ရှင်းပြသည်။

"လူတိုင်းက ကိုယ်ကျွမ်းကျင်တဲ့ အလုပ်တစ်ခုတည်းကိုပဲ လုပ်ခိုင်းရမယ်။ ဂျုံနယ်ကောင်းတဲ့သူဆို ဂျုံပဲ နယ်ခိုင်း၊ ခေါက်ဆွဲကြော်ကောင်းတဲ့သူဆို ခေါက်ဆွဲပဲ ကြော်ခိုင်း၊ လူတွေကို စက်သွားတွေ၊ ဆက်ကြောင်းတွေလို သဘောထားပြီး တစ်ဆင့်ပြီးတစ်ဆင့် ချိတ်ဆက်လုပ်ခိုင်းရမယ်။ ဒီလို စနစ်တကျ ခွဲဝေလုပ်ကိုင်လိုက်ရင် ထွက်လာတဲ့ ပစ္စည်းက သေချာပေါက် ပိုကောင်းလာလိမ့်မယ်"

"ပြီးတော့ အလုပ်ခွဲဝေပြီးရင် စံချိန်စံညွှန်းတွေ သတ်မှတ်ရမယ်။ လုပ်ငန်းစဉ်တွေ စနစ်ကျအောင် လုပ်ရမယ်။ ဥပမာ - ဂျုံနယ်ရင် ဘယ်နှခါ နယ်ရမလဲ။ ဒါမှ အရသာ အကောင်းဆုံး ဖြစ်မလဲ။ ခေါက်ဆွဲသား အပြား အထူအပါး ဘယ်လောက်ရှိရမလဲ။ အနှစ်စပ်ရင် ဘယ်နှခါ မွှေရမလဲ။ ဘယ်လောက်ကြာကြာ မွှေရမလဲ။ ဘယ်ကနေ ညာ မွှေမလား။ ညာကနေ ဘယ် မွှေမလား။ ဒီလို အသေးစိတ်ကအစ သတ်မှတ်ပေးပြီး စံချိန်စံညွှန်းအတိုင်း လုပ်ခိုင်းရင် စက်ရုံက ထွက်တဲ့ ခေါက်ဆွဲခြောက်တွေက ပိုပြီး မြန်ဆန်လာမယ်။ တည်ငြိမ်လာမယ်။ အရသာ မတူတာတွေ၊ ကွာခြားတာတွေ ရှိတော့မှာ မဟုတ်ဘူး"

ချွေးဝမ်ညန်သည် နားထောင်လို့ပင် မဆုံးသေးခင် ထိုင်ရာမှ ဝုန်းခနဲ ထရပ်လိုက်သည်။ ခေါင်းကို တုတ်နှင့် ရိုက်နှိုးလိုက်သလို အသိဉာဏ် ပွင့်လင်းသွားပြီး ဆိုင်ထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း ရေရွတ်နေတော့သည်။

"ဟုတ်သားပဲ... ကိုယ့်တာဝန် ကိုယ်ယူ၊ အဆင့်လိုက် လုပ်ဆောင်... ဒီလောက် ရိုးရှင်းတဲ့ သဘောတရားကို ငါ ဘာလို့ မစဉ်းစားမိပါလိမ့်"

သူမ ရုတ်တရက် လှည့်ကြည့်ပြီး ရှန်မြောင်၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။

"ရှန်ညန်ဇီ ကျေးဇူးတင်ပါတယ်။ ကျွန်မ အခုချက်ချင်း ချန်ကျိုးကို သွားပြီး ကျို့မူကို ပြောပြလိုက်မယ်။ နှစ်သစ်ကူးပြီးတာနဲ့ ယိုကျိုးကို ချက်ချင်းပြန်ပြီး ရှန်ညန်ဇီရဲ့ ပြုပြင်ပြောင်းလဲရေးနည်းလမ်းတွေကို အကောင်အထည် ဖော်တော့မယ်"

"နေဦး... ယွမ်ညန်" ရှန်မြောင်က သူမကို အမြန်ဆွဲထားပြီး အရှင်မင်းကြီးကလည်း ခေါက်ဆွဲခြောက်စက်ရုံ တည်ထောင်လိုသည့်အကြောင်း တိုးတိုးလေး ပြောပြလိုက်သည်။ နားထောင်ပြီးသည်နှင့် ချွေးဝမ်ညန်၏ မျက်လုံးများ အရောင်လက်သွားသည်။

"အိပ်ချင်နေတုန်း ခေါင်းအုံးရ ဆိုသလိုပဲ။ ကွက်တိပဲဟေ့။ ရှန်ညန်ဇီ ပြောပြလို့ ကျေးဇူးပါ။ ကျွန်မ ဘာလုပ်ရမလဲ သိပြီ။ ခွင့်ပြုပါဦး"

ပြောပြီးသည်နှင့် ရှန်မြောင်၏ အဖြေကိုပင် မစောင့်တော့ဘဲ ကျန်ရစ်သော နောက်လိုက်များကို ခေါ်ကာ လေပွေတစ်လုံးလို အလျင်အမြန် ထွက်ခွာသွားလေတော့သည်။

...

အပိုင်း (၁၃၈)

မျက်စိတစ်မှိတ်အတွင်း မြင်းခွာသံများ တဒုန်းဒုန်းမြည်လျက် လူများ ပျောက်ကွယ်သွားလေသည်။

ရှန်မြောင်သည် ခေါင်းခါလိုက်မိ၏။ ဤ ချွေးညန်ဇီ သည် စိတ်မြန်လက်မြန် ရှိသူတစ်ဦး ဖြစ်ပေသည်။ သူမသည် နောက်ဖေးခြံဝင်းသို့ ပြန်ဝင်ရန် ပြင်လိုက်စဉ် ချွေးညန်ဇီ စေလွှတ်လိုက်သော ဒေသထွက်လက်ဆောင်ယူရန်နှင့် တည်းခိုခန်းရှာရန် သွားသည့် နောက်လိုက်နှစ်ယောက် ပြန်ရောက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့သည် "ပဲ... ပဲ" ဟု အော်မြည်နေသော သိုးဝဖြိုးဖြိုး ၂ ကောင်ကို ဆွဲလာပြီး သိုးချည်ထားသော ကြိုးကို ရှန်မြောင်ထံ ကမ်းပေးလျက် လူရှင်းနေသော ဆိုင်ထဲသို့ ဝေ့ဝဲကြည့်ကာ မေးလိုက်သည်။

"ရှန်ညန်ဇီ... ကျွန်တော်တို့ သခင်မ ဘယ်ရောက်သွားပြီလဲ"

သိုးက ဘေးတွင် အော်မြည်နေသဖြင့် ရှန်မြောင် ကြောင်အမ်းအမ်း ဖြစ်သွားသည်။

"ဒါက ကျွန်မကိုပေးတဲ့ ဒေသထွက်လက်ဆောင်လား"

.........

ရှန်မြောင်သည် ပြန်စဉ်းစားမိပြီး ခြံဝင်းထဲရှိ သိုးရေခွံ ၂ ချပ်ကို လှမ်းကြည့်လိုက်၏။ ချွေးညန်ဇီ ယူလာသော ဒေသထွက်လက်ဆောင်သည် နောက်တစ်ရက်တွင် ထန်အာ ၏ ဓားချက်အောက်၌ စစ်မှန်သော "ဒေသထွက်ပစ္စည်း" ဘဝသို့ ရောက်သွားခဲ့ရသည်။ သိုးများက မြက်စားလွန်းသဖြင့် ခြံထဲတွင် ဆက်မွေးထားရန် မဖြစ်နိုင်တော့ရာ ရှန်မြောင်က ထန်အာ ကို သတ်ခိုင်းလိုက်ရခြင်း ဖြစ်သည်။

သူမ၏ အတွေးများသည် တိတ်ဆိတ်ငြိမ်သက်နေသော ရှန်မိသားစု ခြံဝင်းလေးဆီသို့ ပြန်ရောက်သွားပြန်သည်။

ကျိုကော နှင့် ယန့်ရှူး တို့ ချန်ကျိုး သို့ ပြန်သွားကြပြီ။ ထန်အာ နှင့် ဖူရှင်း က ကျိအာ ကို သွားကြိုကြသည်။ အားထောင် က ငွေလဲရန် ငွေတိုက်သို့ သွားသည်။ ရှန်းအာ နှင့် ချန်ချွမ် က လျိုတို့ဟွား အိမ်တွင် ကစားနေကြသည်။ ယိုယွီ က နှစ်သစ်ကူးရန် အိမ်ပြန်သွားသည်။

ရှန်မြောင်သည် ရေတွက်ကြည့်လိုက်မှ အိမ်တွင် သူမတစ်ယောက်တည်း ကျန်နေမှန်း သိလိုက်ရ၏။ ဪ... သူတစ်ယောက်တည်းတော့ မဟုတ်၊ သိုးရေခွံ ၂ ချပ်လည်း ရှိသေးသည်။

သူမက စဉ်းစားလိုက်ပြီး အိမ်မှ စက္ကူနီများကို ယူကာ မီမိသားစုအိမ်သို့ ပြတင်းပေါက်ကပ် စက္ကူပန်း သွားညှပ်ရန် ဆုံးဖြတ်လိုက်သည်။ ဒီနေ့ မေစန်းညန် က သူမကို ၃၊ ၄ ခေါက် လာခေါ်ပြီး ဖြစ်သည်။ ကျိုကော ပြန်သွားမည့်ကိစ္စကြောင့် မသွားဖြစ်ခဲ့ချေ။ ယခုတော့ အားသွားပြီ။

ရောက်သွားသောအခါ မေစန်းညန် နှင့် မီရှောင်ညန်ဇီ တို့သည် စားပွဲတစ်လုံးအပြည့် ညှပ်ထားပြီး ဖြစ်သည်။ ရှန်မြောင် က လက်ရည်မမီဘဲ ဝင်သင်သည်။ သူမ၏လက်သည် ဓားကိုင်ပြီး ဟင်းချက်ရာတွင် သွက်လက်သော်လည်း စက္ကူညှပ်ရာတွင်မူ ကြက်ခြေထောက်ကဲ့သို့ ဖြစ်နေပြီး ပြောမရဆိုမရ ဖြစ်နေသည်။

စက္ကူအချို့ ညှပ်ရင်း ပျက်စီးသွားသဖြင့် မေစန်းညန် က အလျင်အမြန် ပြောလိုက်ရသည်။

"ဘုရားရေ... ညည်း တန်ခိုးမပြပါနဲ့တော့၊ တော်ပါတော့၊ ပြီးရင် စားပွဲပေါ်က လိုချင်တာ ရွေးယူသွားလိုက်၊ ကပ်ကြေးကို ကျွန်မကို ပေး၊ ရှင် လက်ဖက်ရည်ပဲ သောက်နေလိုက်တော့"

ရှန်မြောင် က ဟီးခနဲရယ်ကာ ကပ်ကြေးကို ချလိုက်ပြီး သူတို့နှစ်ယောက် ညှပ်သည်ကိုသာ ထိုင်ကြည့်နေလိုက်၏။ ရှောင်မီ က အညှပ်နိုင်ဆုံး ဖြစ်သည်။ သူမလက်က ငြိမ်သည်။ စက္ကူကို သေချာခေါက်သည်။ ခေါက်ရိုးက ဖြောင့်တန်းညီညာသည်။ ထို့နောက် ငွေကပ်ကြေးကို ကိုင်ကာ စက္ကူပေါ်တွင် လျင်မြန်စွာ ရွေ့လျားညှပ်လိုက်သည်။

သူမသည် စက္ကူအနားသတ်မှ ညှပ်ပြီး ဝိုင်းစက်ပြည့်ဖြိုးသော ပန်းပွင့်ဖတ်ပုံစံကို ဖော်သည်။ ပန်းပွင့်ဖတ်များက အထပ်လိုက် အစီအရီ၊ အကြီးအသေး ညီညာလှပကာ ညှပ်လိုက်တိုင်း စက္ကူစများ တဖြုတ်ဖြုတ် ကျဆင်းသွားသည်။ ဝတ်ဆံနေရာရောက်သောအခါ ကပ်ကြေးထိပ်ဖျားဖြင့် ဝတ်ဆံပုံစံ သေးသေးလေးများကို ညှပ်ထုတ်လိုက်သည်။ နောက်ဆုံး ဖြန့်လိုက်သောအခါ သက်ဝင်လှုပ်ရှားနေသော ပျိုနီပန်း တစ်ပွင့် ဖြစ်လာခဲ့သည်။

မေစန်းညန် က ငါးနှစ်ကောင်ပုံ ညှပ်သည်။ ငါးအကြေးခွံများကို လွှသွားစိတ်ပုံစံ သေးစိတ်နေအောင် ညှပ်ထားပြီး တစ်ခုချင်းစီ အပေါက်ဖောက်ထားသလို ရှင်းလင်းပြတ်သားသည်။ ရှန်မြောင် ကြည့်လေ အံ့သြလေပင်။ အရမ်းတော်ကြသည်။ သူမ၏ စက္ကူညှပ်အရည်အချင်းကတော့ မူကြိုအဆင့်သာ ရှိကာ ခေါက်ပြီးရင်း ခေါက်၊ ပြီးရင် ညှပ်လိုက်ပြီး ထွက်လာသည့် ပုံစံကို ကိုယ်တိုင်တောင် မမှတ်မိပေ။

နောက်ဆုံးတွင် သူမသည် မျက်နှာပြောင်တိုက်ပြီး စက္ကူပန်းများစွာ ပိုက်ကာ အိမ်ပြန်လာခဲ့လိုက်၏။ ထိုစက္ကူပန်းများအားလုံးကို တစ်ယောက်တည်း လိုက်ကပ်ရာ ခွေးအိမ်နှင့် ကြက်ခြံပင် မကျန်တော့ပေ။ အနီရောင်၊ အစိမ်းရောင်၊ ပန်းပွင့်ပုံ၊ စာလုံးပုံများဖြင့် တံခါးနှင့် ပြတင်းပေါက်များ သက်ဝင်လှုပ်ရှားလာပြီး ဖြာကျလာသော နေရောင်ခြည်သည်လည်း နှစ်သစ်ကူး အငွေ့အသက်များ လွှမ်းခြုံသွားတော့သည်။

စက္ကူပန်းများ နွေဦးအလင်းရောင်ကို ဟပ်နေရင်း ရက်အနည်းငယ် လျင်မြန်စွာ ကုန်ဆုံးသွားကာ မျက်စိတစ်မှိတ်အတွင်း နှစ်သစ်ကူးအကြိုနေ့သို့ ရောက်ရှိလာသည်။

အကြိုနေ့တွင် ပြန့်ကျင်းမြို့အနှံ့ "တောလိုက်ထွက်သူများ" (အလှူခံသူများ) ရှိနေသည်။ လမ်းပေါ်တွင် ဆင်းရဲသား တောင်းရမ်းသူများက ၃၊ ၄ ယောက် တစ်စုဖွဲ့ကာ နတ်မိစ္ဆာများ၊ တရားသူကြီးများ၊ ကျုံးခွေး နတ်ဘုရားပုံစံများ ဝတ်ဆင်ပြီး တံခါးပေါက်များတွင် ဗုံမောင်းတီးကာ လိုက်လံအလှူခံကြသည်။ ၎င်းသည် နတ်ဆိုးမောင်းထုတ်သည့် သဘောလည်း ဆောင်သည်တဲ့။

ရှန်မြောင်သည် မနက်မှ ညအထိ ပိုက်ဆံ ဘယ်နှခါ ပေးမိမှန်းပင် မသိတော့ပေ။ သို့သော် သူတို့သည် အိမ်ရာမဲ့ ဆင်းရဲသားများ ဖြစ်ကြသဖြင့် ပေးလိုက်ခြင်း ဖြစ်ကာ သူတို့လည်း နှစ်သစ်ကူး ကောင်းကောင်း ပိုင်ဆိုင်ပါစေဟု ဆုတောင်းပေးလိုက်သည်။ ဤတစ်ရက်တွင်သာ တံခါးခေါက်ပြီး တောင်းရမ်းလျှင် မောင်းထုတ်မခံရခြင်း ဖြစ်ပေလိမ့်မည်။

ညရောက်သောအခါ "တစ္ဆေနှင်ခြင်း" ပြုလုပ်ရသည်။ မီးအိမ်ကိုကိုင်ကာ အိမ်ထောင့်စွန်းအနှံ့ လိုက်ထိုးပြီး ဆိုးကျိုးပေးသော တစ္ဆေသရဲများကို မောင်းထုတ်ကာ ဘေးအန္တရာယ်နှင့် မကောင်းသော နိမိတ်များကို ဖယ်ရှားရသည်။

နှစ်သစ်ကူးနေ့ ရောက်သောအခါ ရှန်မြောင်က ဆိုင်တံခါး ဖွင့်လိုက်သည်။ တံခါးတွင် ချိတ်ထားသော မက်မွန်သား အဆောင်ပြားကို အသစ်လဲပြီး တံခါးစောင့်နတ်မင်းပုံ အသစ် ကပ်လိုက်သည်။ ထို့နောက် တံခါးကို ဖွင့်ထားလိုက်သည်။ ဧည့်သည်စောင့်ရန် မဟုတ်ဘဲ "စီးပွားလာဘ်လာဘနတ်မင်းကို ကြိုဆိုရန်" ဖြစ်ကာ ဒီည သန်းခေါင်ကျော်မှ ဗြောက်အိုးဖောက်၊ အမွှေးတိုင်ထွန်းပြီးမှ တံခါးပိတ်ရမည်။

ထို့နောက် သူမသည် မီးဖိုဆောင်သို့ ဝင်ကာ အင်္ကျီလက်ကို ပင့်တင်ပြီး ဒီနေ့အတွက် နှစ်ကူးညစာ ပြင်ဆင်တော့သည်။

လွန်ခဲ့သော ရက်များက သူမကို နှစ်ကူးညစာ လာချက်ပေးရန် ဖိတ်ခေါ်သော မိသားစုများ ရှိသော်လည်း ရှန်မြောင် ငြင်းပယ်ခဲ့သည်။ ဒါသည် ဤလောကသို့ ရောက်ပြီးနောက် ပထမဆုံး နှစ်သစ်ကူးဖြစ်သဖြင့် မိသားစုနှင့်သာ အတူကုန်ဆုံးချင်သည်။ သို့သော် နှစ်ဆန်း ၂ ရက်နေ့တွင် ကျင်းပမည့် "မိဘရပ်ထံပြန်သည့် ဧည့်ခံပွဲ" အတွက် ဖုန်းမိသားစုက ဖိတ်ကြားသည်ကိုမူ လက်ခံခဲ့သည်။

ဖုန်းမိသားစုက ဖိတ်လျှင် ရှန်မြောင် ငြင်းရန် ခက်ခဲသည်။ ရွှေတုံးများကို ဘယ်သူက ငြင်းရက်ပါမည်နည်း။

သူမ ဝက်သုံးထပ်သား တစ်တုံးကို ယူလိုက်ပြီး ပါးစပ်မှ အော်ပြောလိုက်သည်။

"ကျိအာ... မီးနည်းနည်း မြှင့်လိုက်"

ရှန်ကျိ က "ဟုတ်" ဟု ထူးပြီး ခုံပုလေးပေါ်ထိုင်ကာ မကြီး အတွက် အာရုံစိုက် မီးထိုးပေးနေသည်။

ယိုယွီ အိမ်ပြန်သွားသဖြင့် မီးထိုးသည့်တာဝန်က သူ့ပခုံးပေါ် ရောက်လာသည်။ ထန်အာ က နှစ်ကူးရက်တွင် အလွန်အလုပ်များနေသည်။ သတ်စရာ တိရစ္ဆာန်တွေ မကုန်နိုင်၊ လှီးစရာ အသားတွေ မကုန်နိုင် ဖြစ်နေသည်။ အဓိကမှာ အိမ်တော်ထိန်းကျန့် ထံမှ ဘဲကင် အကောင် ၃၀ မှာထားသဖြင့် မနက်ခင်းတစ်ခုလုံး ဘဲသားလွှာရင်း အချိန်ကုန်သွားသည်။ နန်းတော်ထဲ ပို့ပြီးမှ တခြားအလုပ် လုပ်ရသည်။

ဖူရှင်း နှင့် အားထောင် က မျောက်ရှုံးအောင် ဆော့တတ်သော ကလေးများကို ခေါ်ပြီး နှစ်ကူးဈေးဝယ်ထွက်ရင်း နတ်ဆရာ ၏ လမ်းဘေးပေါက်ပေါက်ဖောက်သည်ကို သွားကြည့်ကြသည်။ ထိုခေတ်က ပေါက်ပေါက်ကို ကောက်ညှင်းဆန်ဖြင့် လှော်ခြင်း ဖြစ်ပြီး စားရန် မဟုတ်ဘဲ တစ်နှစ်တာ ကံကြမ္မာကို မေးမြန်းရန် ဖြစ်သည်။

ယခုခေတ် "အဖြေရှာစာအုပ်" ကဲ့သို့ပင်။ မိန်းကလေးများ စုဝေးပြီး သူတို့၏ အိမ်ထောင်ရေးကံကို မေးမြန်းတတ်ကြသည်။

၂ လပိုင်း ၂ ရက်နေ့ "နဂါးခေါင်းထောင်ရက်" တွင်လည်း ပေါက်ပေါက် တစ်ခါထပ်ဖောက်ရသည်ဟု ကြားဖူးသည်။ "နဂါးမုတ်ဆိတ်ကြော်သည်" ဟု ခေါ်ပြီး ကံကောင်းခြင်း၊ စပါးကျီပြည့်ခြင်းတို့ကို ကိုယ်စားပြုသည်။ နဂါးမုတ်ဆိတ်ကြော်ခြင်းအပြင် ၂ လပိုင်း ၂ ရက်နေ့တွင် "နဂါးခေါင်းရိတ်ခြင်း" (ဆံပင်ညှပ်ခြင်း) လည်း ပြုလုပ်ကြသည်။

ရှန်မြောင်က အသားလှီးရင်း တွေးလိုက်မိသည်။ လက်ရှိ အရှင်မင်းကြီးက အတော်သဘောထားကြီးသည်။ နောက်ပိုင်း မင်းဆက်များတွင် ဧကရာဇ်အာဏာ ပိုကြီးလာပြီး လူ့ဘောင်အဖွဲ့အစည်း ပိုပြီး ရှေးရိုးစွဲဆန်လာသောအခါ ကောင်းကင်နှင့်မြေကြီးအသင်း အဖွဲ့ဝင်များမှလွဲ၍ ဘယ်သူက "နဂါးမုတ်ဆိတ်ကြော်သည်"၊ "နဂါးခေါင်းရိတ်သည်" ဟု ပြောရဲပါမည်နည်း။ ပြောလိုက်လျှင် စာပေမှုခင်းဖြင့် အရေးယူခံရလိမ့်မည်။

ထားလိုက်ပါတော့။ ရှန်မြောင်က ဒီနေ့ "ခို့ဝမ်" လုပ်မည်။

စုန့်လူမျိုးတို့၏ နှစ်ကူးညစာတွင် ခို့ဝမ် ၈ မျိုး မပါလျှင် မပြီးပေ။ ထန်ခေတ်ကတည်းက စားပွဲ,ခံလျှင် ခို့ဝမ်ထည့်သည့် ဓလေ့ ရှိခဲ့သည်။

နှစ်ပေါင်းထောင်ချီ ကြာခဲ့ပြီ ဖြစ်သော်လည်း နောက်ခေတ် ဟူနန်ပြည်နယ်တွင် ဤဓလေ့ ကျန်ရှိနေသေးသည်ဟု ကြားဖူးသည်။

ရှန်မြောင် အရင်က ဟူနန်စတိုင် တို့ဟူးအချဉ်ခို့ဝမ်နှင့် ဝက်သားပြားကြော်ခို့ဝမ် စားဖူးပြီး အရသာ အရမ်းစားကောင်းသည်။ သူမ ဒီနေ့ လုပ်မည့် နှစ်ကူးညစာ ခို့ဝမ်များတွင် ထိုနှစ်မျိုး ပါဝင်သည်။ ထို့ပြင် ငန်ငန်စပ်စပ် ငါးပေါင်း၊ ကြက်အစာသွပ်ပေါင်း၊ ဝက်သားသုံးထပ်သားပေါင်း၊ ဝက်နံရိုးပေါင်း၊ ကြက်သားတုံးပေါင်း၊ အသားလုံးပေါင်း၊ ဝက်လက်ပေါင်း တို့ ပါဝင်သည်။ အစာပြေအနေဖြင့် ရှစ်မျိုးပါ ကောက်ညှင်းထမင်းနှင့် အချဉ်ဟင်းထုပ် ဖက်ထုပ် ကြီးကြီးများ ပါဝင်သည်။

နောက်ဆုံးတွင် တောင်ပိုင်းနှင့် မြောက်ပိုင်း အရသာ ပေါင်းစပ်ပြီး အသီးအရွက်ဟင်းတစ်ပွဲ ထည့်လိုက်ပြီး ကိုက်လန်ရွက် ပြုတ် ဖြစ်သည်။ အရှေ့က ဟင်းများအားလုံး အသားချည်း ဖြစ်နေသဖြင့် အီပြေအောင် အပေါ့စားလေး စားရမည်။

ခို့ဝမ် ၂ ခွက် လုပ်ပြီးချိန်တွင် အပြင်၌ နှင်းများ တဖွဲဖွဲ ကျလာပြန်သည်။

ရှန်မြောင် မီးဖိုဆောင်တွင် အလုပ်ရှုပ်နေစဉ် ဆိုင်ထဲမှ ခြေသံများ ကြားလိုက်ရ၏။ လူတစ်ယောက်က နှင်းများကို နင်းလျက် ဝင်လာသဖြင့် ဖိနပ်အောက်မှ နှင်းများကြောင့် "ကျွိ ကျွိ" မြည်သံများ ထွက်ပေါ်နေသည်။

ရှန်မြောင်သည် သတိမထားမိချေ။ ကောင်တာစားပွဲ အခေါက်ခံရမှ ရှန်မြောင် မော့ကြည့်လိုက်မိသည်။

ဆိုင်ထဲတွင် ရင်းနှီးသလို ရှိသော လူလတ်ပိုင်း အမျိုးသား ၂ ဦး ရပ်နေသည်။ တစ်ယောက်က ဝါဂွမ်းသားအကောင်းစား လက်ကျဉ်းဝတ်ရုံ၊ မျက်ခုံးထူထူ မျက်လုံးကျယ်ကျယ်နှင့် ဖြောင့်မတ်တည်ကြည်သော ပုံစံ ရှိသည်။ နောက်တစ်ယောက်က မြေခွေးမွှေးဝတ်ရုံ ခြုံထားပြီး အတွင်းတွင် ပိုးသား ကနုတ်ပန်းထိုး ဝတ်ရုံရှည် ဝတ်ထားကာ အသားမည်းမည်း နောက်လိုက် ၂ ယောက် ပါလာသည်။

သူမ ရေနွေးငွေ့များကြားမှ မျက်လုံးမှေးကြည့်လိုက်ရာ ခဏကြာမှ မှတ်မိသွားသည်။

ယွိကျင်ဥယျာဉ်မှာ တွေ့ခဲ့တဲ့ လူကြီး ၂ ယောက်ပဲ။

ရှန်မြောင်သည် ဓားကို အမြန်ချလိုက်ပြီး လက်ဆေးကာ ထွက်လာခဲ့လိုက်ကာ သူတို့၏ ဝတ်စားဆင်ယင်မှုကို ကြည့်ပြီး နှုတ်ဆက်လိုက်သည်။

"လူကြီးမင်းတို့ နှစ်သစ်ကူးမှာ မင်္ဂလာပါ။ ဒီနေ့ ဆိုင်ကို ဘာကိစ္စများ..."

ရှီးဖေးကျင်းက မျက်လုံးတွင် အပြုံးရိပ်သန်းလျက် ရှေ့ကလူကို အကဲခတ်ကာ ပြောလာ၏။

"စားသောက်ဆိုင်ကို လာတာ ထမင်းစားဖို့ပေါ့၊ အနှောင့်အယှက် ပေးမိပြီ ရှန်ညန်ဇီ"

ယွဲ့ထန် က အတည်ပြုသလို မေးလိုက်သည်။

"မင်းက ရှန်ညန်ဇီ လား"

ရှန်မြောင် က ဆိုင်ပိတ်တော့မည့် စကားများကို မျိုချလိုက်ပြီး ယွဲ့ထန် ကို အရိုအသေ ပေးလိုက်သည်။

"ဟုတ်ပါတယ်"

ယွဲ့ထန်က သက်ပြင်းချလိုက်၏ နောက်ဆုံးတော့ ရှာတွေ့ပြီ။

"ရှန်ညန်ဇီ ယွိကျင်ဥယျာဉ်မှာ လုပ်ခဲ့တဲ့ ငါးခေါင်းတို့ဟူးဟင်းရည်ကို ယွဲ့ကျနော် တစ်ချိန်လုံး ပြန်စားချင်နေတာ။ ကံမပါလို့ အရင်က လာတုန်းက ရှန်ညန်ဇီ မရှိဘူး။ ဒီနေ့တော့ မျက်နှာပြောင်တိုက်ပြီး လာခဲ့ရတာပဲ..."

ရှန်မြောင်သည် သဘောပေါက်သွားပြီး ပြုံးလိုက်သည်။

"ဒါ မခက်ပါဘူး။ ဒါပေမဲ့ ငါးဟင်းရည်က ချက်ချင်းလုပ်ရမှာမို့ အချိန်နည်းနည်း ကြာလိမ့်မယ်။ လူကြီးမင်းတို့ စောင့်နိုင်ပါ့မလား။ ဒါမှမဟုတ် တခြားဟာ အရင်စားနှင့်မလား။ အိမ်မှာ အခုလေးတင် ထုပ်ပြီးသား အချဉ်ဟင်းထုပ် ဖက်ထုပ်တွေ ရှိတယ်..."

သူမ စကားမဆုံးခင် ရှီးဖေးကျင်း က ရယ်မောကာ ဖြတ်ပြောသည်။

"ရှန်ညန်ဇီ က ယွဲ့အာ့ ရဲ့ အကြိုက်ကို တည့်တည့်ထိသွားပြီ။ သူက တခြားဟာ ဘာမှ မကြိုက်ဘူး။ တို့ဟူးနဲ့ အချဉ်ဟင်းထုပ် ဖက်ထုပ်ဆိုရင်တော့ တစ်ယောက်တည်း တစ်အိုးကုန်အောင် စားနိုင်တယ်"

ယွဲ့ထန် က သူ့ကို မျက်စောင်းထိုးလိုက်သော်လည်း ရှီးဖေးကျင်း ပြောတာ မမှားသဖြင့် ဘာမှ မတတ်နိုင်ပေ။ သူ့တွင် ရှိရှိသမျှ အစားအသောက် တပ်မက်မှုက ဤဟင်းနှစ်ပွဲအပေါ်တွင်သာ ရှိသည်။ သူ ခုံတွင် ဝင်ထိုင်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

"ဒုက္ခရှာမိပြီ"

"မဟုတ်ပါဘူး။ ထိုင်ကြပါ။ ကျွန်မ အခုပဲ သွားလုပ်ပေးပါ့မယ်"

ရှန်မြောင်သည် မီးဖိုဆောင်ပြန်ဝင်ပြီး ဖက်ထုပ်များကို အရင်ပြုတ်ကာ ရှာလကာရည်တစ်ပန်းကန်နှင့်အတူ ဧည့်သည် ၂ ယောက် အဆာပြေစားရန် အရင်ချပေးလိုက်သည်။ ထို့နောက် ထန်အာ မနက်က သတ်ထားသော ငါးကို ယူကာ ခေါင်းဖြတ်လိုက်သည်။

ဧည့်သည်ရောက်လာမှတော့ နှစ်မကူးခင် နောက်ဆုံးတာဝန် ထမ်းဆောင်လိုက်ဦးမည်။

ထို့အပြင် ဒီ စစ်သူကြီးရှီး က ကျိုကော ရဲ့ ဦးလေး ဖြစ်ဖို့ ၈၀ ရာခိုင်နှုန်း သေချာသည်။ စစ်သူကြီးယွဲ့ ကတော့... သမိုင်းထဲက ယွဲ့ဖေး မဟုတ်မှန်း သိသော်လည်း သူကလည်း တို့ဟူးကြိုက်သည် ဆိုသောကြောင့် စိတ်ထဲတွင် လေးစားမိသည်။

ငါးခေါင်းတို့ဟူးဟင်းရည်ကို ကောင်းကောင်း လုပ်ပေးရမည်။

ဆိုင်ထဲတွင် ပြတင်းပေါက်နား၌ နှင်းကျသည်ကို ကြည့်ရင်း ရှီးဖေးကျင်း နှင့် ယွဲ့ထန် တို့သည် အသားပြည့်ဖောင်းကာ အရည်ရွှမ်းနေသော အချဉ်ဟင်းထုပ် ဖက်ထုပ်များကို စားရင်း စကားပြောနေကြသည်။

"ဒီဖက်ထုပ်က ရွှေတုံးပုံလေး ထုပ်ထားတာပဲ။ တခြားဆိုင်တွေနဲ့ မတူဘူး"

ရှီးဖေးကျင်းက စိတ်ဝင်စားစွာဖြင့် ဖက်ထုပ်တစ်လုံးကို ညှပ်ယူကြည့်ရှုပြီးနောက် ပါးစပ်ထဲ ထည့်လိုက်သည်။ ကိုက်လိုက်သည်နှင့် "ဟေ" ခနဲ အာမေဋိတ်သံ ထွက်လာသည်။

"ဒီဖက်ထုပ်က တကယ် အရသာရှိတာပဲ။ အစာသွပ်ထားတာ အရမ်းမွှေးတယ်"

"အင်း ကောင်းတယ်" ယွဲ့ထန် ခေါင်းညိတ်သည်။ သူ ၃ လုံးမြောက် ရှိနေပြီ။

ဒီ ရှန်ညန်ဇီ လက်ရာက တကယ် မရိုးဘူး။ တို့ဟူးဟင်းရည် ချက်ကောင်းရုံတင် မကဘူး။ ဖက်ထုပ်လည်း ထုပ်တတ်သားပဲ။ အချဉ်ဟင်းကို အချဉ်ဖောက်ထားတာ အနေတော်ပဲ။ လတ်ဆတ်ပြီး ချဉ်ပြုံးပြုံးလေး မွှေးနေတာ။

အချဉ်ဟင်းထဲက ဝက်သားက နူးညံ့ပြီး အရသာဝင်နေသည်။ အသားမျှင်တိုင်းမှာ အချဉ်ဟင်းရည် စိမ့်ဝင်နေသည်။ အချဉ်ဓာတ်နဲ့ အသားအရသာ ဒီလောက် လိုက်ဖက်ညီအောင် လုပ်ထားတာ တကယ် စားကောင်းသည်။

"မင်း စားပဲ စားမနေနဲ့ဦး။ မေးစရာ ရှိသေးတယ်"

ယွဲ့ထန်က တစ်လုံးပြီးတစ်လုံး စားနေသည်မှာ ၆ လုံးတောင် ရှိနေပြီ။ စကားတစ်ခွန်းမှ မပြောသဖြင့် ရှီးဖေးကျင်းက သူ့လက်မောင်းကို တံတောင်နှင့် တွတ်လိုက်၏။

"လုဝမ်မင်းသား က ငါတို့နဲ့အတူ နယ်စပ်လိုက်ပြီး လျောင်နဲ့ ကျင်း မြင်းတပ်တွေကို လေ့လာချင်တယ်လို့ ပူဆာနေတယ်။ မယ်တော်ကြီးခမျာ သူ့ကို နားပူနားဆာလုပ်လွန်းလို့ ခေါင်းကိုက်ပြီး ခွင့်ပြုလုနီးပါး ဖြစ်နေပြီ။ ဘယ်လိုလုပ်ကြမလဲ"

ယွဲ့ထန် က ခေါင်းငုံ့ပြီး စားနေတုန်းပင်။ တစ်ကိုက်ကိုက်၊ ရှာလကာရည်တို့၊ ပြီးရင် စား၊ အာရုံစိုက်လွန်းသဖြင့် ပြန်ပင် မဖြေနိုင်ပေ။

ရှီးဖေးကျင်းမှာ ဒေါသထွက်လာတော့သည်။

"ယွဲ့ထန်... ခဏနေရင် နန်းတွင်းထဲသွားပြီး စားပွဲတက်ရတော့မှာ။ မင်း အခု စကားတစ်ခွန်းလောက် ပြောဦး။ ဒါမှ ခဏနေ စားပွဲရောက်ရင် မင်းနဲ့ငါ အတူတူ ဝိုင်းငြင်းလို့ ရမှာပေါ့"

"တစ်လုံးတည်းပဲ ပြောမယ်... အချိန်ဆွဲ"

ယွဲ့ထန် က ဖက်ထုပ်ကို မျိုချလိုက်သည်။ စကားပြောနေသည့် ခဏအတွင်း သူ့ရှေ့က ပန်းကန် ပြောင်လုနီးပါး ဖြစ်နေပြီး သူ ထပ်ပြောလိုက်သည်။

"နှစ်လုံးပြောမယ်... ထွက်ပြေးမယ်။ နှစ်ကူးပြီးရင် ငါတို့ သွားကြတော့မှာ။ မင်းသားလု မသိစေနဲ့။ မိုးမလင်းခင် တိတ်တိတ်လေး ပြေးကြမယ်"

"ဟုတ်သားပဲ ဟုတ်သားပဲ"

အချဉ်ဟင်းထုပ် ဖက်ထုပ် စားလိုက်တော့ ယွဲ့အာ့ ဉာဏ်ကောင်းလာပါလားဟု ရှီးဖေးကျင်းက တွေးလိုက်မိသည်။ သူလည်း ဖက်ထုပ် ၂ လုံးလောက် အမြန် လှမ်းညှပ်လိုက်ရသည်။ မစားလျှင်လည်း ယွဲ့ထန် တစ်ယောက်တည်း အကုန်စားပစ်တော့မည်။

အင်း... တကယ် စားကောင်းတာပဲ။ ရှီးဖေးကျင်းက အချဉ်ဟင်းထုပ် ဖက်ထုပ် သိပ်မကြိုက်သော်လည်း ဒီနေ့တော့ အံ့ဩစရာကောင်းလောက်အောင် ကြိုက်နေမိသည်။ ရှန်ညန်ဇီ နယ်ထားတဲ့ အစာထဲမှာ မွှေးကြိုင်ကြွပ်ရွတဲ့ ဝက်ဆီဖတ်လေးတွေ ပါနေသလိုပဲ။ အရမ်းမွှေးတာပဲ။ ဘယ်လိုလုပ် ဒီလောက် ကောင်းအောင် လုပ်တတ်ရတာလဲ။

...

All Chapters