အခန်း (၁၄၁-၁၄၂)
Vol. 15 Ch. 141-142
အပိုင်း (၁၄၁) မြည်းဝယ်ခြင်း
နှင်းကျသောနေ့ရက်များသည် ပိုးစာပင်အခေါက်ဖြင့် ပြုလုပ်ထားသော စက္ကူပြတင်းပေါက်များကို လင်းထိန်သွားစေနိုင်သည်။
ဆောင်းတွင်း၏ နေရောင်ခြည်သည် ထူထဲမည်းမှောင်သော ညဉ့်နက်သန်းခေါင်ယံမှ ရုန်းထွက်လာသည့်အလား နေမင်းကြီးသည် လက်နှစ်ဖက်ကို ဆန့်တန်းကာ အကြောဆန့်လိုက်လေသည်။ ကောင်းကင်အစွန်းတဖက်ရှိ မီးခိုးပြာရောင်မှ စတင်လင်းလက်လာပြီး တဖြည်းဖြည်း ပျံ့နှံ့လာ၏။ ထူထဲသော စောင်များကြားထဲတွင် ကွေးနေသော ရှန်မြောင်သည် အိပ်ပျော်နေရင်းနှင့်ပင် မျက်ခွံပေါ်သို့ ကျရောက်လာသော အလင်းရောင်ကို ခံစားမိလာပြီး တဖြည်းဖြည်း စူးရှလာသည်အထိ သိရှိလာလေသည်။
မိုးလင်းသည်နှင့် သူမသည် အချိန်မှန် နိုးထလာလေသည်။
မနေ့က နှစ်သစ်ကူးအကြိုနေ့တွင် မိသားစုတစ်စုလုံးသည် ပေါင်းဟင်းပွဲရှစ်ပွဲအပြင် ငါးချိုချဉ်ဟင်း၊ အသားလုံးဟင်း၊ ဆန်မုန့်ကြော်တို့ကို စားသောက်ခဲ့ကြပြီး နောက်ဆုံးတွင် ဒိုမီနိုကစားကာ နှစ်သစ်ကို စောင့်ကြိုခဲ့ကြသည်။ သန်းခေါင်ယံအချိန် ဗြောက်အိုးဖောက်ပြီး စီးပွားလာဘ်လာဘနတ်မင်းကို ကြိုဆိုပြီးမှသာ အိပ်ရာဝင်ခဲ့ကြလေသည်။
သူမသည် သမ်းဝေရင်း ထလာကာ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး အလှပြင်ဆင်လေ၏။
ယနေ့သည် လဆန်းတစ်ရက်နေ့ ဖြစ်သဖြင့် အထူးတလည် ခမ်းနားစွာ ပြင်ဆင်ခြယ်သလိုက်သည်။
သူမသည် မက်မွန်ပွင့်ရောင် ကြိုးကြာပုံစံဝတ်ရုံရှည်အသစ်ကို ဝတ်ဆင်ထားပြီး အင်္ကျီရင်ဘတ်နှင့် လက်မောင်းအနားသတ်များတွင် ယုန်မွှေးများ တပ်ဆင်ထားသည်။ အောက်ပိုင်းတွင် ဖဲပွင့်လေးနှစ်ခုနှင့် အနီရောင်အနားသတ် တွန့်စကပ်ကို ဝတ်ဆင်ထားပြီး ဇာပုဝါရှည်နှစ်စလည်း ပါရှိသည်။ ခေါင်းပေါ်တွင် ဆံထုံးထုံးထားပြီး အပေါ်အောက် ဆံထိုးနှစ်ချောင်း ထိုးစိုက်ထားသည်။ ကျိုကော ပေးထားသည့် ကျောက်စိမ်းဆံထိုးကို အပေါ်တွင်ထိုးထားပြီး အောက်ဘက်တွင် မက်မွန်ပွင့်ပုံစံ ပုလဲဆံထိုးကို ထပ်မံထိုးစိုက်ထားသည်။ ကတ္တီပါပန်းပွင့်ပုံ ဆံထိုးအသေးလေးတချို့ကိုလည်း ဆံထုံးကြားတွင် အလှဆင်ထားလေသည်။
ဦးခေါင်းနောက်ဘက်ရှိ ဆံထုံးတွင် မက်မွန်သားဘီးကို ပြောင်းပြန်စိုက်ထားသည်။ ဆောင်းဦးရာသီမှစ၍ လမ်းမပေါ်ရှိ မိန်းမပျိုလေးများသည် ဆံပင်ပေါ်တွင် ဘီးစိုက်ခြင်းကို ခေတ်စားလာကြခြင်း ဖြစ်လေသည်။
မျက်ခုံးဆွဲ၊ ပေါင်ဒါလိမ်းပြီး နှုတ်ခမ်းနီပါးပါးလေး ဆိုးလိုက်လျှင် ပြီးပြည့်စုံသွားလေသည်။
မီးဖိုချောင်ထဲတွင် မနေ့ညက နှစ်သစ်ကူးအကြိုညစာမှ ကျန်ရှိနေသည့် ပေါင်းဟင်းပွဲတချို့ ရှိနေသေးသည်။ မနက်ပိုင်းတွင် ရိုးရှင်းစွာ ပြန်နွှေးလိုက်ပြီး တို့ဖူးအချဉ်ဟင်း၊ ဆန်ပြုတ်နှင့် ကြက်သွန်ဖြူဆော့စ်တို့ဖြင့် တွဲဖက်စားသောက်လိုက်သည်။ ပထမလဆန်းပိုင်းတွင် အသားဟင်းများလွန်းသဖြင့် မနက်စောစောစီးစီး ဗိုက်ထဲသို့ အဆီအစိမ့်များလွန်းစွာ မထည့်ချင်တော့ပေ။
ရှန်မြောင် မနက်စာစားပြီးမှ ရှန်းအာနှင့် ကျိအာတို့ နိုးလာကြသည်။ မနေ့ညက အိပ်ရာဝင် နောက်ကျလွန်းသလို ညဘက်တွင် အပြင်၌ မီးရှူးမီးပန်းများနှင့် ဗြောက်အိုးများ တောက်လျှောက် ဖောက်နေကြသဖြင့် မည်သူမျှ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ပျော်ခဲ့ကြပေ။ သို့သော် ဒါသည် နှစ်သစ်ကူး၏ အရသာပင် ဖြစ်ပြီး နှာခေါင်းထဲနှင့် လေထဲတွင် ယမ်းငွေ့နံ့များ ရနေတတ်သည်။
အိပ်မက်ထဲတွင်ပင် ဗြောက်အိုးသံများကို ကြားယောင်နေသလိုလို။
နှစ်သစ်ကူးဆိုသည်မှာ ဆူညံပြီး ပျော်ရွှင်စရာကောင်းလေသည်။
ရှန်မြောင်သည် အိပ်မှုန်စုံမွှားဖြစ်နေသည့် ရှန်းအာကို ဆွဲခေါ်လိုက်ပြီး ခေါင်းဖီးပေးလိုက်သည်။ ပန်းဖူးပုံစံ ဆံထုံးနှစ်ဖက်ခွဲထုံးပေးလိုက်ပြီး ဆံထုံးနှစ်ဖက်လုံးတွင် မီးအိမ်နီပုံစံ ဆံထိုးလေးများ ထိုးပေးလိုက်သည်။ အနီရောင်ပိုးချည်ပွားလေးများသည် နားရွက်ဘေးတွင် တွဲလောင်းကျနေပြီး လမ်းလျှောက်လိုက်သည့်အခါ လှုပ်ခါသွားသည်မှာ ကျက်သရေရှိပြီး ချစ်စရာကောင်းနေလေသည်။
ကျိအာကိုတော့ ကိုယ့်ဘာသာ ခေါင်းဖီးခိုင်းလိုက်သည်။ သူသည် စာသင်ကျောင်းသို့ ရောက်ပြီးကတည်းက ဆံထုံးထုံးတတ်နေလေပြီ။ သူက သူ့ဘာသာဖြီးပြီးနောက် ချန်ချွမ်းကိုပါ ကူညီဖီးပေးလိုက်သေးသည်။
ရှန်မြောင်သည် သူတို့ကို နှစ်သစ်ကူး အဝတ်အစားသစ်များ လဲလှယ်ဝတ်ဆင်ရန် မှာကြားလိုက်ပြီး ခဏနေလျှင် သူမနှင့်အတူ အိမ်နီးနားချင်းများကို လိုက်လံနှုတ်ဆက်ရမည်ဟု ပြောလိုက်သည်။ ထို့နောက် အခန်းထဲသို့ပြန်ဝင်ကာ မနေ့က ကျိအာကို ရေးခိုင်းထားသည့် ဟင်းလျာစာရင်းကို ယူလိုက်ပြီး နှစ်သစ်ကူးမုန့်ဖိုး အများအပြားကိုလည်း ယူလိုက်သည်။ ထို့နောက် သူမအသစ်ဝယ်ထားသည့် ယပ်တောင်ပုံစံ လွယ်အိတ်လေးကို ကျေနပ်ပီတိစွာဖြင့် လွယ်လိုက်လေသည်။ ဤလွယ်အိတ်လေးကို ရှန်မြောင် ဈေးဝယ်ထွက်စဉ်က အဝတ်အထည်ဆိုင်ရှေ့ ဖြတ်သွားရင်း မြင်မြင်ချင်း ကြိုက်နှစ်သက်သွားခြင်း ဖြစ်သည်။
အိတ်အောက်ခြေတွင် နွားသားရေအစလေး တစ်ခုခံထားပြီး အပေါ်ဘက်တွင် အရောင်မပြယ်သော ဖရဲသီးအသားရောင်အထည်ဖြင့် ပြုလုပ်ထားသည်။ ပခုံးသိုင်းကြိုးသည် လက်သုံးချောင်းစာ အကျယ်ရှိပြီး စိန်ကွက်ပုံစံ ပန်းပွင့်များဖြင့် ပန်းထိုးထားသည်။ အိတ်မျက်နှာပြင်ပေါ်တွင် အညိုဖျော့ရောင်၊ သံလွင်စိမ်းရောင်၊ ကြက်သွေးရောင်နှင့် အပြာရင့်ရောင် ပိုးချည်များဖြင့် ပန်းကွက်အမျိုးမျိုး ထိုးထားသည်။ အစွန်းနှစ်ဖက်တွင် ကတ္တီပါအကွပ်များပါရှိပြီး အပေါ်အောက်တွင် ကျူးယွီပန်းပွင့်ပုံစံများ၊ ဘေးနှစ်ဖက်တွင် အသက်ရှည်စေကြောင်း ပန်းထိုးလက်ရာများ ပါရှိလေသည်။
ဤအိတ်ငယ်လေး၏ ပန်းထိုးလက်ရာမှာ စိတ်ရှည်လက်ရှည် ပြုလုပ်ထားပြီး ပန်းပုံစံမတူသလို ချည်ထိုးနည်းလည်း မတူညီပေ။ သို့သော် စမ်းသပ်ကြည့်လိုက်လျှင် ညီညာချောမွတ်နေသည်။ ချိတ်ပိတ်သည့်နေရာတွင် ပုလဲလုံးအသေးလေးများကို ယပ်တောင်ပုံစံ စီတန်းထားသည်။ ဈေးမေးကြည့်လိုက်ရာ ဝမ် ၃၀၀ ကျော် ပေးရသည်ဟု ဆိုလေသည်။
ထိုနေ့က မဝယ်ဖြစ်ဘဲ အိမ်ပြန်လာခဲ့သည်။
နှစ်ရက်ကြာတော့ ဖြတ်သွားရင်း ထပ်တွေ့ပြန်ရာ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် စိတ်မဖြောင့်ဘဲ အိမ်ပြန်လာခဲ့ရပြန်သည်။ နောက်ထပ် နှစ်ရက်ကြာသောအခါ သူမသည် အံကိုကြိတ်ပြီး ဆိုင်ထဲဝင်ကာ အတင်းအကြပ် ဈေးဆစ်ပြီး ဝမ် ၅၀ လျှော့ခိုင်းကာ ဝယ်ယူလိုက်တော့သည်။
မြင်မြင်ချင်း သဘောကျသည့် ပစ္စည်းဆိုသည်မှာ ဟိုချိန်ဒီချိန် ချိန်ဆနေဦးတော့ နောက်ဆုံးတွင် ဝယ်ဖြစ်သွားတတ်သည်သာ။
ဝယ်ပြီးသွားတော့လည်း နောင်တမရပေ။ ဤအိတ်က ကြည့်လိုက်လျှင် သေးသော်လည်း အတွင်းထဲတွင် မီးခတ်ကျောက်၊ ငွေစ၊ ကြေးပြားနှင့် သော့များ ထည့်ထားလျှင်လည်း ပြည့်ကျပ်မနေပေ။ ပစ္စည်းအပြည့်ထည့်ထားလျှင်လည်း အောက်ခြေတွင် သားရေပြား ခံထားသဖြင့် ပုံပျက်သွားခြင်း မရှိပေ။ ပုံမှန်အချိန် လွယ်ထားလျှင် ပေါ့ပါးပြီး ကြည့်ကောင်းလှသည်။
နှစ်သစ်ကူးပဲလေ... ကိုယ့်ကိုယ်ကိုယ် ဆုချသည့်အနေဖြင့် လှပသည့်အိတ်လေး ဝယ်လိုက်သည်မှာ ဖြစ်သင့်သည့်ကိစ္စပင်။
ရှန်မြောင်သည် သူမကိုယ်သူမ လက်ခံနိုင်လောက်သည့် အကြောင်းပြချက်ကောင်းတစ်ခု ပေးလိုက်ပြီး ပျော်ရွှင်နေလေ၏။
ရှန်းအာနှင့် ချန်ချွမ်း နှစ်ယောက်စလုံးသည် အားထောင် ချုပ်ပေးထားသည့် ဝါဂွမ်းအင်္ကျီအနီရောင်များကို ဝတ်ဆင်ထားကြသည်။ တစ်ယောက်က ခြင်္သေ့ခေါင်းပုံစံ ဦးထုပ်၊ နောက်တစ်ယောက်က ကျားခေါင်းပုံစံ ဦးထုပ် ဆောင်းထားကြသည်။ အဝတ်အစားပေါ်တွင်လည်း ပန်းမန်တိရစ္ဆာန်ပုံစံ ရောင်စုံပန်းထိုးများ ပါရှိသဖြင့် ကျက်သရေရှိလှသည်။ အထူးသဖြင့် ဆောင်းတွင်းအဝတ်အစားဖြစ်သဖြင့် ဝါဂွမ်းထူထူထည့်ထားရာ ဖောင်းကားနေပြီး ကလေးနှစ်ယောက် ဝတ်လိုက်သည်နှင့် လှုပ်ရှားသွားလာနေသည့် ပေါက်စီလုံးလေးနှစ်လုံးနှင့် တူနေတော့သည်။
ရှန်မြောင်သည် အငြိမ်မနေနိုင်ဘဲ ဟင်္သာပြဒါးကျောက်ကို ယူကာ စုတ်တံအသေးဖြင့် သူတို့နှစ်ယောက်၏ နဖူးအလယ်တည့်တည့်တွင် အနီစက်လေးများ တို့ပေးလိုက်သည်။ ထို့နောက် အမြီးကော့နေသည့် ငါးမီးအိမ်လေးများကို တစ်ယောက်တစ်လက် ကိုင်ခိုင်းလိုက်ရာ ကြောင်တောင်တောင်လေးဖြင့် ယှဉ်ရပ်နေကြသည်မှာ ပိုပြီး ချစ်စရာကောင်းသွားတော့သည်။
သူမသည် သည်းမခံနိုင်တော့ဘဲ ကလေးနှစ်ယောက်ကို ဖက်ကာ အားရပါးရ နမ်းရှုံ့ပစ်လိုက်တော့သည်။
ကျိအာသည် မောင်နှမနှစ်ယောက် နှစ်သစ်ကူးပန်းချီကားထဲက ကလေးများကဲ့သို့ အပြင်ဆင်ခံလိုက်ရသည်ကို မျက်လုံးပြူးကြည့်နေပြီး သေချင်သေပါစေ ထိုကဲ့သို့ အပြင်ဆင်မခံနိုင်ကြောင်း ငြင်းဆန်ကာ သာမန်ရိုးကျ အပြာရောင်အင်္ကျီအသစ်ကိုသာ ဇွတ်အတင်း ဝတ်ဆင်တော့သည်။
ရှန်မြောင်လည်း စိတ်မကောင်းစွာဖြင့်ပင် သူ့သဘောအတိုင်း လွှတ်ထားလိုက်ရတော့၏။
လူကြီးပေါက်စတွေက အမှန်တကယ်ပဲ ကလေးပေါက်စလေးတွေလောက် စနောက်လို့မကောင်းတော့ပေ။
သူမသည် ကလေးသုံးယောက်ကို ခေါ်ပြီး အဒေါ်ကုအိမ်မှစတင်ကာ တောက်လျှောက် လိုက်လံနှုတ်ဆက်ကြသည်။ ကလေးတွေ့လျှင် နှစ်သစ်ကူးမုန့်ဖိုး တစ်တွဲစီ ပေးလိုက်သည်။ ကျိအာတို့လည်း ပြန်လည်ရရှိကြသော်လည်း အဝတ်အစားကြောင့် ရှန်းအာနှင့် ချန်ချွမ်းတို့က ပိုပြီး နာမည်ကြီးကာ လူချစ်လူခင် များနေကြသည်။
အိမ်တစ်အိမ်ဝင်တိုင်း ဦးကြီး ဒေါ်ကြီးများက အတင်းအကြပ် ဖက်နမ်းကြပြီး အိတ်ကပ်ထဲသို့ ဆန်လှော်၊ မြေပဲယိုနှင့် လိမ္မော်သီးများကို အတင်းထိုးထည့်ပေးကြသည်။ လမ်းတစ်ဝက်တောင် မရောက်သေးမီ ကလေးနှစ်ယောက်မှာ ဝန်ပိပြီး လမ်းမလျှောက်နိုင် ဖြစ်နေကြပြီ။
ရင်ခွင်ထဲမှာရော အိတ်ကပ်ထဲမှာပါ သကြားလုံးများနှင့် သစ်သီးများ ပြည့်နေသဖြင့် ရှန်မြောင်သည် ကျိအာကို အိမ်ပြန်လွှတ်ပြီး ထည့်စရာအိတ် သွားယူခိုင်းလိုက်ရသည်။
နောက်ဆုံးဝင်သည့်အိမ်မှာ ကူသာ့လန်၏ ဆီစက်ဖြစ်သည်။
ထင်မှတ်မထားဘဲ ဒီနေ့ ကူသာ့လန်အိမ်တွင် အထူးစည်ကားနေသည်။ အကြောင်းမှာ ကူမိသားစုက မြင်းတစ်ကောင် ဝယ်လိုက်သောကြောင့်ပင်။ ရပ်ကွက်ထဲမှ လူများသည် ခြံဝင်းထဲတွင် ဝိုင်းအုံကြည့်ရှုနေကြသည်။ တချို့က မြေကြီးပေါ်ထိုင်ချပြီး မြင်းခွာကို ကြည့်ကြသည်။ တချို့က မြင်းပါးစပ်ကို ဖြဲပြီး သွားကို ကြည့်ချင်ကြသည်။ တချို့က မြင်းမြီးကို ဆွဲလှန်ပြီး မြင်းတင်ပါးကို ကြည့်ကြလေသည်။
ထိုမြင်းခမျာ စိတ်ရှုပ်ပြီး ခွာဖြင့် ပစ်ကန်ချင်စိတ်များ ပေါက်နေရှာသည်။
ရှန်မြောင်သည် ရှေ့ထွက်ကာ ကူသာ့လန် မိသားစုကို နှစ်သစ်ကူး နှုတ်ဆက်လိုက်ပြီး အမွှာမောင်နှမကို မုန့်ဖိုးပေးလိုက်သည်။ တစ်ယောက်ကို တစ်တွဲစီ ပေးလိုက်လေသည်။
“အားပေါင်၊ အားတိ နှစ်သစ်မှာ မင်္ဂလာရှိပါစေ”
“ရှန်သာ့ကျဲအာ နှစ်သစ်မှာ မင်္ဂလာရှိပါစေ”
အားပေါင်နှင့် အားတိတို့က ပြိုင်တူ အရိုအသေပေးလိုက်ကြသည်။ အားတိက အူကြောင်ကြောင်ဖြင့် သူ့အစ်မလုပ်သူ မိန်းကလေး အရိုအသေပေးသည့်ပုံစံကို လိုက်လုပ်မိသဖြင့် အားပေါင်က စိတ်တိုပြီး ခြေဆောင့်ကာ ပြောလိုက်တော့သည်။
“နင် မှားနေပြန်ပြီ”
အားတိသည် ပိုက်ဆံကို ကိုင်ထားရင်း ဘာဖြစ်မှန်းမသိဘဲ ခေါင်းကုတ်နေရှာသည်။
ရှန်မြောင်သည် ခါးကိုင်းပြီး သူတို့နှစ်ယောက်ကို ပြုံးကာ ကြည့်လိုက်သည်။ သူတို့သည်လည်း ရင်ဖုံးကြယ်သီးတပ် ဝါဂွမ်းအင်္ကျီနှင့် ဘောင်းဘီအနီရောင်ကို ဝတ်ဆင်ထားကြရာ ရှန်းအာ၊ ချန်ချွမ်းတို့နှင့် ယှဉ်ရပ်လိုက်လျှင် အရွယ်အစားမတူသည့် နှစ်သစ်ကူးပန်းချီကားထဲမှ ကလေးနှစ်တွဲနှင့် တူနေပြီး ကြည့်ရသည်မှာ ရယ်စရာကောင်းနေသည်။
ကူသာ့လန်က လက်ဖက်ရည် လာချပေးပြီး အားပေါင်နှင့် အားတိကို ရှန်းအာ၊ ချန်ချွမ်းတို့နှင့်အတူ ဧည့်ခန်းထဲတွင် မုန့်နှင့် နှမ်းယိုများ သွားစားခိုင်းလိုက်သည်။
ကူမိသားစုသည် လမ်းကြားထဲတွင် အချမ်းသာဆုံးဟု ပြောနိုင်သည်။ ရှေးလူကြီးများ ပြောသလို ဆီအိုးထဲ ကျနေသည့် ကြွက်ကဲ့သို့ပင် သူတို့အိမ်တွင် ဆီများ ပေါများလှသည်။ စားပွဲပေါ်တွင် တင်ထားသည့် သစ်သီးများထဲတွင် လိမ္မော်သီး၊ ဇီးသီးများသာမက တွေ့ရခဲသည့် ချယ်ရီသီးများပင် ပါဝင်သည်။ သကြားလုံးများဆိုလျှင် ဆယ်မျိုးကျော် ခင်းကျင်းထားသဖြင့် ကလေးများ၏ အကြည့်ကို ချက်ချင်း ဖမ်းစားလိုက်တော့သည်။
ကူသာ့လန်က အားနာမနေဘဲ ကြိုက်သလောက် စားကြရန် ပြောသော်လည်း ရှန်းအာနှင့် ချန်ချွမ်းတို့သည် ရှန်မြောင်ကို အရင်ဆုံး မော့ကြည့်ကြကာ သွားစားလို့ရမရ မျက်လုံးဖြင့် လှမ်းမေးနေကြသည်။
ရှန်မြောင်သည် လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း သူတို့၏ မျှော်လင့်တကြီး မျက်ဝန်းများကို မြင်လိုက်ရသဖြင့် ပြုံးကာ ခေါင်းညိတ်ပြလိုက်လေသည်။
“သွားစားကြလေ၊ ဒါပေမဲ့ နည်းနည်းပဲ စားကြနော်၊ အပူကန်နေဦးမယ်”
“ဟုတ်ကဲ့”
သူတို့သည် ဝမ်းသာအားရ အော်ဟစ်လိုက်ကြပြီး အမွှာမောင်နှမ၏လက်ကို ဆွဲကာ ဧည့်ခန်းထဲသို့ သကြားလုံးရွေးရန် ပြေးဝင်သွားကြတော့သည်။
ကလေးတချို့သည် စားပွဲကို ဝိုင်းကာ ဟိုရွေးဒီရွေးဖြင့် အချိန်ကုန်နေကြသည်။ ရှန်းအာက နို့ဖြင့်ပြုလုပ်ထားသည့် ထောပတ်မုန့် စားချင်သည်ဟု ဆိုသည်။ ချန်ချွမ်းကတော့ ကြက်ခေါင်းသီးသကြားပေါင်း စားမည်ဟု ဆိုသည်။ သူတို့နှစ်ယောက်သည် တစ်ယောက်တစ်မျိုးစီယူပြီး လဲစားကြရန် တိုင်ပင်ထားကြသည်။
ထိုစဉ် အားပေါင်က ရက်ရက်ရောရောပင် ပြောလိုက်လေသည်။
“ရွေးမနေကြပါနဲ့၊ နှစ်မျိုးလုံး တစ်ဆုပ်စီ ယူလိုက်၊ ဘယ်လက်ရော ညာလက်ရော ကိုင်ပြီး စားကြ”
ရှန်မြောင် ကြားလိုက်ရသဖြင့် လှည့်ပြီး သကြားအများကြီးမစားရန် တားမြစ်ချင်သွားသည်။ ရှန်းအာနှင့် ချန်ချွမ်းတို့သည် နေ့တိုင်း ကုမိသားစုအိမ်သို့ လာဆော့နေကြသူများ ဖြစ်သလို နှစ်သစ်ကူးလည်း ဖြစ်နေသဖြင့် အားနာစရာမလိုသော်လည်း သူတို့ သွားလဲနေသည့်အရွယ်ဖြစ်၍ သွားပိုးစားမည်ကို စိုးရိမ်မိသည်။
ကူသာ့လန်က တစ်ချက်ကြည့်ရုံဖြင့် သိသဖြင့် ရယ်မောကာ ပြောလိုက်လေသည်။
“လဆန်းတစ်ရက်နေ့ကြီးမှာ ကလေးတွေကို လွတ်လွတ်လပ်လပ် နေပါစေဗျာ၊ ပုံမှန်ရက်ဆို ဘယ်လောက်များ စားရလို့လဲ၊ ဒီရက်ပိုင်းလေးပဲ လွှတ်ထားပေးလိုက်ပါ”
ရှန်မြောင်လည်း စဉ်းစားကြည့်လိုက်ရာ ဟုတ်ပေသားဟု တွေးမိပြီး ဒီနေ့တစ်ရက်တော့ သူတို့ကို လွှတ်ထားပေးလိုက်တော့သည်။
သူမသည် စိတ်ဝင်တစားဖြင့် ကူမိသားစု အသစ်ဝယ်ထားသည့် မြင်းကို သွားကြည့်လိုက်သည်။
ကူမိသားစု ဝယ်ထားသည့် မြင်းသည် ကျိုကော၏ မြင်းလို အကောင်းစားမျိုး မဟုတ်ဘဲ ကုန်တင်ရန် အသုံးပြုသည့် ရိုးရှင်းသော ဝန်တင်မြင်းတစ်ကောင် ဖြစ်သည်။
သို့သော်လည်း မြင်းဟူ၍ ခေါ်ဆိုနိုင်ပေသည်။
ဤမြင်းသည် အစက်အပြောက်ပါသည့် မီးခိုးရောင်အမွှေး ရှိပြီး မြည်းထက် ခေါင်းတစ်လုံးသာ ပိုမြင့်သည်။ ဝန်တင်မြင်းတို့၏ သဘာဝအတိုင်း ခေါင်းကြီး၍ လည်ပင်းတိုကာ ရင်အုပ်ကျယ်ပြီး ခြေလက်တိုတုတ်သည်။ ဤမြင်းမျိုးသည် အပြေးမမြန်သော်လည်း ကောင်းမွန်သည့် မြင်းများထက် ဈေးသက်သာသည်။ ရောဂါဖြစ်ခဲပြီး အစာကြမ်းကျွေးရုံဖြင့် အသက်ရှင်နိုင်ကာ မွေးမြူရလွယ်ကူသည်။
အဓိကအားဖြင့် ရှုပ်ထွေးသော မြေမျက်နှာသွင်ပြင်များတွင် သွားလာနိုင်ပြီး အားသန်သဖြင့် ကုန်ပစ္စည်းအများအပြား သယ်ဆောင်နိုင်ကာ လမ်းလျှောက်ရာတွင်လည်း အလွန်ငြိမ်သက်သည်။
ရှန်မြောင်သည် ဆန်းပြားစွာ ကြည့်ရှုရင်း ကြမ်းတမ်းသော မြင်းမွှေးများကို လှမ်းကိုင်ကြည့်လိုက်သည်။ ထို့နောက် လှည့်မေးလိုက်လေသည်။
“မဆိုးဘူးပဲ၊ ဒါ ဘယ်တုန်းက ဝယ်လိုက်တာလဲ၊ ရှင့်ရဲ့ မြည်းကော ဘယ်ရောက်သွားလဲ”
ရှန်မြောင်သည် ကူမိသားစု၏ မြည်းကို မှတ်မိနေသည်။ ထိုမြည်းသည်လည်း မြည်းကောင်းတစ်ကောင် ဖြစ်သည်။ ကွမ်းကျုံးမြည်းမျိုးဖြစ်ပြီး ထူးခြားစွာ အရပ်မြင့်သည့် မြည်းမျိုးစိတ်ဖြစ်သည်။ ဆွဲအားကောင်းပြီး အပြေးမြန်သဖြင့် ကုန်တင်ရန်နှင့် လှည်းဆွဲရန် အလွန်သင့်တော်သည်။
မြည်းများထဲတွင် အကောင်းဆုံးဟု ပြောနိုင်သည်။
ကူသာ့လန်သည် မြင်းခေါင်းကို ချစ်ခင်စွာ ပွတ်သပ်ရင်း ရယ်မောကာ ပြောလိုက်လေသည်။
“လွန်ခဲ့တဲ့ရက်ပိုင်းကမှပါ၊ နွားနဲ့မြင်းဈေးတန်း မပိတ်ခင်လေးလေ၊ နှစ်ကုန်ခါနီးဆိုတော့ ပုံမှန်ထက် ငွေနည်းနည်း သက်သာတာနဲ့ ဝယ်လိုက်တာ၊ မြည်းကတော့ ဘယ်လိုပဲဖြစ်ဖြစ် မြင်းလောက် အားမသန်ဘူးလေ၊ ဒီမြင်းပုက မြင်းကောင်းတွေလောက် မမြန်ပေမယ့် မြည်းထက်တော့ အများကြီး ပိုမြန်တယ်၊ ကျွန်တော်က မြို့ပြင်မှာ ဆီစက်အသေးစားလေး တစ်ခု ထပ်ဖွင့်ထားတော့ နေ့တိုင်း မြို့တွင်းမြို့ပြင် ကူးသန်းနေရတာ၊ မြင်းမဝယ်လို့ မဖြစ်တော့ဘူး၊ အိမ်က မြည်းကိုတော့ နွေဦးရောက်ရင် ရောင်းထုတ်မလို့ စဉ်းစားထားတယ်”
ရှန်မြောင် ထင်ထားသည့်အတိုင်းပင်။ ထို့ကြောင့် သူမက မေးလိုက်ခြင်း ဖြစ်သည်။ သူမက ချက်ချင်းပင် မေးလိုက်လေသည်။
“ဒါဆို ရှင့်ရဲ့ မြည်းကို ကျွန်မဆီ ပြန်ရောင်းပါလား”
သူမ မြည်းဝယ်ရန် စဉ်းစားနေသည်မှာ ကြာပြီဖြစ်သည်။
ကူသာ့လန်က ထိုစကားကို ကြားလိုက်သည်နှင့် ကောင်းတာပေါ့ဟု တွေးလိုက်သည်။
အာနာမနေတော့ဘဲ ရှန်မြောင်ကို မြည်းသွားကြည့်ရန် ခေါ်သွားတော့သည်။
ထိုစဉ်က ကူသာ့လန် မြင်းသွားဝယ်စဉ်က မိမိအိမ်ရှိ မြည်းကို ပေးပြီး မြင်းဖိုးထဲမှ ငွေနှိမ်ရန် စဉ်းစားခဲ့ဖူးသည်။ သို့သော် နွားမြင်းဈေးကွက်မှ မြင်းကုန်သည် တစ်ယောက်မှ လက်မခံခဲ့ကြပေ။ သို့မဟုတ် ဈေးအလွန်နှိမ်ခဲ့ကြသည်။
ထိုမြင်းကုန်သည်များသည် နှစ်ကုန်ရက်တွင် မြင်းများကို ဈေးပေါပေါဖြင့် ရောင်းချနေကြသည်မှာ ငွေသားကိုင်ပြီး ဇာတိပြန်ချင်ကြသောကြောင့် ဖြစ်သည်။ အကယ်၍ သူ့မြည်းကို ယူပြီး ငွေခုပေးရမည်ဆိုလျှင် မြင်းကုန်သည်များအနေဖြင့် ထိုမြည်းကို ရောင်းထွက်ရန် အချိန်ကုန်ခံပြီး အားစိုက်ထုတ်ရဦးမည်။ ပုံမှန်အချိန်ဆိုလျှင် ဖြစ်နိုင်သော်လည်း ယခုလို နှစ်ကုန်ရက်မျိုးတွင် မည်သူမဆို ငွေသားကိုင်ပြီး အိမ်ပြန်ကာ မိသားစုနှင့် ဆုံစည်းချင်ကြသည် မဟုတ်ပါလား။
ထို့အပြင် သူ့မြည်းက အသက်သုံးနှစ်သာ ရှိသေးပြီး အရွယ်ကောင်း၊ ကျန်းမာသန်စွမ်းကာ ရုပ်ရည်သန့်ပြန့်သည်။ မြင်းမဝယ်ခင်က ကူသာ့လန်သည် ဤမြည်းကို အလွန်တန်ဖိုးထားခဲ့ရာ ဈေးအလွန်နှိမ်ပြီး ပေးရမည်ဆိုလျှင် သူဘယ်လိုလုပ် ရက်ရောနိုင်ပါမည်နည်း။
ယခု အိမ်တွင် မြင်းရှိလာပြီဖြစ်ရာ မြည်းကို ဆက်မွေးထားလျှင် နေရာကျဉ်းသလို မြက်ဖိုးလည်း ပိုကုန်ပြီး တွက်ခြေမကိုက်ပေ။
တိုက်တိုက်ဆိုင်ဆိုင် ရှန်မြောင်က ဝယ်ချင်နေသည်ဖြစ်ရာ ကူသာ့လန်၏ ဆန္ဒနှင့် ကွက်တိပင်။ ရှန်မြောင်က အိမ်နီးနားချင်း မိတ်ဆွေဖြစ်သဖြင့် သူ စိတ်ချရသည်။
မြည်းကို တစ်ရက်စောရောင်းနိုင်လျှင် မြက်ဖိုးတစ်ရက်စာ သက်သာလိမ့်မည်။
ကူသာ့လန်သည် ရှန်မြောင်ကို နောက်ဖေးခြံဝင်းထဲသို့ ခေါ်သွားပြီး မြက်တဲထဲတွင် ရှိနေသည့် အမွှေးအရောင်တောက်ပြောင်ကာ သန်စွမ်းသည့် သစ်အယ်သီးရောင် မြည်းထီးလေးကို လက်ညှိုးထိုးပြကာ လွမ်းဆွတ်သည့်လေသံဖြင့် ပြောလိုက်လေသည်။
“ဒီမြည်းကိုဝယ်တုန်းက ဝမ်ငါးထောင် တိတိပေးပြီး ဝယ်ခဲ့ရတာ၊ ဒီမြည်းကို ကျွန်တော် ဂရုတစိုက်နဲ့ နှစ်နှစ်လောက် သင်ပေးထားတာ၊ အခုဆိုရင် လယ်ထွန်တာ၊ ကြိတ်ဆုံဆွဲတာ၊ လှည်းဆွဲတာ၊ ဝန်တင်တာ အကုန်လုပ်တတ်တယ်၊ လူတွေက ပြောကြတယ် မြည်းစိတ်က ခေါင်းမာတယ်တဲ့၊ ကျွန်တော့်မြည်းကတော့ ခေါင်းမမာဘူး၊ လားတစ်ကောင်လိုပဲ ယဉ်ပါးတယ်”
ကူသာ့လန်သည် မြည်းမြီးကို လှန်ပြပြီး ရှန်မြောင်ကို ပြလိုက်၏။ “ကြည့်စမ်း၊ ဒီမြည်းရဲ့ လည်ဆံမွှေးနဲ့ အမြီးမွှေးက အဖြူရောင်လေ၊ မြည်းကြည့်တတ်တဲ့ ဆရာကြီးတွေ ပြောကြတယ်၊ ဒီလိုပုံစံရှိတဲ့ မြည်းက အကောင်းစားပဲတဲ့၊ မြင်းနဲ့စပ်လိုက်ရင် အနီရောင်လားလေး မွေးလာနိုင်တယ်တဲ့”
ပြောရင်းဆိုရင်း သူက ရယ်မောကာ ရှန်မြောင်ကို မျက်စိတစ်ဖက်မှိတ်ပြပြီး မြှောက်ပင့်ပြောဆိုလိုက်လေသည်။
“နောက်ကျရင် မင်း ဒီမြည်းကို ဆွဲလာပြီး ကျွန်တော့်အိမ်က မြင်းနဲ့ လာစပ်လေ၊ လားလေးမွေးလာရင် မင်းကို တစ်ကောင် အလကားပေးမယ်၊ ပိုက်ဆံတစ်ပြားမှ မယူဘူး”
ရှန်မြောင်လည်း ရယ်မောလိုက်လေသည်။
“ရှင်ပြောတာနော်၊ ကျွန်မ မှတ်ထားတယ်၊ ကတိမဖျက်နဲ့”
“စိတ်ချပါ”
ရှန်မြောင်သည် မြည်းကို အပေါ်အောက် သေချာကြည့်ရှုလိုက်၏။ ကူမိသားစုသည် ယခင်က ဤမြည်းကိုအသုံးပြုပြီး ဆီသယ်ခြင်း၊ နှမ်းသယ်ခြင်းများ ပြုလုပ်သဖြင့် လမ်းကြားထဲတွင် နေ့စဉ် တွေ့ဖူးနေကျ ဖြစ်သည်။ ကျောက်ကြိတ်ဆုံ ချိတ်ပေးလိုက်လျှင် တစ်နေကုန် ပတ်မောင်းနေသော်လည်း ဂျီမကျပေ။
ထို့ကြောင့် သူမသည် ဤလိမ္မာသော မြည်းလေးကို သွားရည်ကျနေသည်မှာ ကြာပြီဖြစ်သည်။
ဒီလောက် လိမ္မာပြီး စကားနားထောင်သည့် မြည်းမျိုး ရှားပါးလှသည်။
အစောပိုင်းတုန်းက ရှန်မြောင်သည် မြည်းဝယ်ရန် ရည်ရွယ်ချက်ဖြင့် နွားမြင်းဈေးကွက်သို့ သွားရောက်စုံစမ်းဖူးသည်။ သို့သော် ကုမိသားစု၏ မြည်းကို မြင်ဖူးပြီးနောက် ဈေးကွက်ထဲရှိ မသင်ကြားရသေးသော မြည်းများကို သူမ မျက်စိမကျတော့ပေ။
တချို့မြည်းများက တက်ကြွလွန်းပြီး လက်လွှတ်လိုက်သည်နှင့် ပျောက်သွားတတ်သည်။ တချို့မြည်းများက စိတ်မြန်ပြီး လူကို ကန်တတ်သည်။ တချို့မြည်းများက ခေါင်းမာလွန်းပြီး လူစီးလိုက်သည်နှင့် ခါချတတ်သည်။ တချို့မြည်းများက ပိုဆိုးသည်၊ လူကို မျက်စောင်းထိုးကြည့်ပြီး လေလည်တတ်သေးသည်။
လားဝယ်ရန်အတွက်လည်း ရှန်မြောင် သိပ်ဘဝင်မကျပေ။
လားသည် မျိုးပွား၍ မရနိုင်သလို အစာကျွေးရာတွင်လည်း မြည်းထက် ပိုမိုဂရုစိုက်ရပြီး ရောဂါဖြစ်လွယ်သည်။ မြည်းသည် အများအားဖြင့် စိတ်ကြီးတတ်သော်လည်း မြင်း၊ လား၊ မြည်း၊ နွား စသည့် "သယ်ယူပို့ဆောင်ရေး တိရစ္ဆာန်" များထဲတွင် စရိတ်အသက်သာဆုံးနှင့် ပြုစုရ အလွယ်ကူဆုံး ဖြစ်လေသည်။
...
အပိုင်း (၁၄၂)
ရှန်မြောင်သည် မြက်ခြောက်ဝါးနေသော လိမ္မာသည့် မြည်းလေးအား လက်လှမ်း၍ ဖွဖွလေး ပွတ်သပ်ပေးလိုက်သည်။ ထိုမြည်းလေး၏ ကြီးမားနက်မှောင်သော မျက်လုံးကြီးများသည် အရည်လဲ့နေပြီး လူကို လှမ်းကြည့်နေကာ အရေခွံနှင့် အမွှေးအမျှင်တို့မှာလည်း ဆီသုတ်ထားသည့်အလား ပြောင်လက်နေသဖြင့် ရှန်မြောင် စိတ်လှုပ်ရှားသွားရလေသည်။ ထို့ကြောင့် ချက်ချင်းပင် မေးမြန်းလိုက်တော့သည်။
“သာ့လန်၊ ရှင် ဒီမြည်းကို ဘယ်လောက်နဲ့ ရောင်းမလဲ”
ကူသာ့လန်သည် ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွားပြီးမှ ပြုံးကာ ပြောလိုက်လေသည်။
“အိမ်နီးချင်းတွေပဲဟာ၊ ငါ စျေးကြီး မခေါ်ပါဘူး၊ ဒါပေမဲ့ မင်းလည်း ငါ့ကို အရမ်းမရှုံးစေနဲ့ဦးလေ၊ ဒီမြည်းကို ဝမ် ၅၀၀၀ နဲ့ ဝယ်ထားတာ၊ မင်း ၄၈၀၀ ပေးလိုက်ပါ၊ ရမလား။ ဒီမြည်းက ၁ နှစ်သားကတည်းက ငါနဲ့လိုက်နေတာ၊ သားရင်းလေးလို ၂ နှစ်လောက် မွေးထားရတာ၊ ငါ အလကား မွေးပေးထားသလို သဘောထားလိုက်ပါမယ်၊ ပိုပြီး တစ်ပြားမှ မယူပါဘူး”
အားလုံးက အိမ်နီးနားချင်းများ ဖြစ်ကြသည်။ ထို့ပြင် ကူသာ့လန် ဖွင့်သည့်ဈေးမှာလည်း တရားမျှတမှု ရှိလှသည်။ အပြင်လောကတွင် ဤမျှထူးချွန်ပြီး လိမ္မာသည့် မြည်းတစ်ကောင်ကို ဝယ်ယူလိုပါက အနည်းဆုံး ဝမ် ၆၀၀၀ ခန့် ပေးရလိမ့်မည်။ ယခု ကူသာ့လန်က သူမကို စျေးလျော့ပေးထားသေးရာ ရှန်မြောင်သည်လည်း စျေးထပ်မဆစ်တော့ဘဲ ချက်ချင်းပင် လက်ခံလိုက်တော့သည်။
ကူသာ့လန်သည် မြည်းရောင်းရန် စောစီးစွာ ရည်ရွယ်ထားသော်လည်း တကယ်တမ်း ရောင်းရတော့မည့်အချိန်တွင်မူ စိတ်မကောင်း ဖြစ်မိလေသည်။ သူသည် တုတ်ခိုင်သော လက်မောင်းများကို ဆန့်တန်းကာ မြည်း၏ ခေါင်းပွပွလေးကို ဖွဖွလေး ပွတ်သပ်ဖက်တွယ်လိုက်ပြီး သက်ပြင်းချကာ ပြောလိုက်လေသည်။
“နောင်ကျရင် မင်းက ရှန်ညန်ဇီနဲ့လိုက်ပြီး ဇိမ်ကျကျ နေရတော့မယ်၊ ငါလည်း မင်းအတွက် အိမ်ကောင်း ရှာပေးလိုက်တာပဲ၊ ဒီလိုဆိုရင် မင်းကို ငါ မနစ်နာစေတော့ဘူးပေါ့”
ဤမြည်းသည် လူ့သဘောသဘာဝကို နားလည်နေသည့်အလား ခေါင်းလေးစောင်းကာ ကူသာ့လန်၏ လက်မောင်းကို နဖူးဖြင့် ပွတ်သီးပွတ်သပ် လုပ်နေလေသည်။
ကူသာ့လန်၏ မျက်ရည်များပင် ကျဆင်းလုမတတ် ဖြစ်သွားရသည်။
ကူသာ့လန်သည် အလျင်အမြန် ခေါင်းမော့လိုက်ပြီး ရှန်မြောင်ကို လက်ကာပြကာ အော်ပြောလိုက်တော့သည်။ “မဖြစ်တော့ဘူး၊ မြန်မြန် ဆွဲသွားတော့၊ ငါ့ကို ထပ်မမြင်စေနဲ့တော့”
ရှန်မြောင်သည် မူလက နှစ်သစ်ကူး နှုတ်ဆက်ထွက်ခြင်း ဖြစ်သော်လည်း နောက်ဆုံးတွင် မြည်းတစ်ကောင် ဆွဲပြီး ပြန်လာရလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိပေ။
အိမ်ရောက်ပြီးနောက် သူမသည် မြည်းဖိုးငွေကို ကူသာ့လန်ထံ သွားရောက်ပို့ဆောင်ပေးလိုက်သည်။ အိမ်ပြန်ရောက်သည့်အခါ ဆိုင်ထဲတွင် သူမကို နှစ်သစ်ကူးလာရောက်နှုတ်ဆက်သူ အများအပြား ရောက်ရှိနေကြသည်ကို တွေ့လိုက်ရသည်။ ထိုက်ဖုန်းဆန်ဆိုင်မှ သူဌေးနှင့် အလုပ်သမားများ၊ ဝက်သားသည် ကျန့်၊ သိုးသားသည် နျိုတာ့ချွီ၊ ငါးဆိုင်မှ ယွီရွှင်နှင့် ရှန်မြောင် ဟင်းသီးဟင်းရွက် ဝယ်ယူလေ့ရှိသည့် ဈေးသည်အချို့တို့ ရောက်လာကြခြင်း ဖြစ်သည်။
ရှန်မြောင်သည် အလျင်အမြန်ပင် နွေးထွေးစွာ ဧည့်ခံရပြီး ရေနွေးကြမ်းတိုက်ခြင်း၊ မုန့်များကျွေးခြင်းတို့ဖြင့် ဧည့်ခံစကားပြောလိုက်သည်။ ထိုသို့ စည်ကားသိုက်မြိုက်စွာဖြင့် နေ့လယ်ပိုင်းရောက်မှသာ လူစုကွဲသွားကြသည်။ ရှန်မြောင်သည် အားလပ်သွားမှသာ ဟင်းလျာစာရင်းကို ရင်ဝယ်ပိုက်ကာ နည်းပြလင် ရှိရာ တံတားမြောက်ဘက်ရှိ မျှော်စင်သို့ ထွက်လာခဲ့လေသည်။
ယခုအခါ ညမထွက်ရအမိန့် ပယ်ဖျက်လိုက်ပြီဖြစ်ပြီး ပြန့်ကျင်းမြို့တွင်းနှင့် မြို့ပြင်ရှိ ရပ်ကွက်တံခါးများကို ဖျက်သိမ်းလိုက်ပြီ ဖြစ်သော်လည်း ရပ်ကွက်တံခါးနှစ်ဖက်ရှိ မျှော်စင်များကိုမူ ဆက်လက်ထားရှိထားသည်။
နောက်ပိုင်းတွင် အတွင်းမြို့တော်သည် ပိုမိုကျပ်တည်းလာသဖြင့် မင်းကြီးက တာ့ရှန့်ကော်ဘုရားကျောင်းအနီးနှင့် ပြန့်မြစ်ကမ်းတစ်လျှောက်တွင် မျှော်စင်များ တိုးချဲ့ဆောက်လုပ်ရန် အမိန့်ချမှတ်ခဲ့သည်။ ထိုနေရာများတွင် ဆိုင်ခန်းများ ပေါများပြီး စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ စားဖိုဆောင်များနှင့် အလုပ်ရုံများ များပြားလှသဖြင့် မီးလောင်လျှင် တစ်ပြင်လုံး ပျံ့နှံ့သွားတတ်သည်။ မီးဘေးကြည့်မျှော်စင်များကို ဤနေရာတွင် ထားရှိခြင်းဖြင့် မီးလောင်မှုကို အချိန်မီ တွေ့ရှိနိုင်ပြီး အချိန်မီ ငြှိမ်းသတ်နိုင်မည်။
ယခင်က ရှန်မိသားစုအိမ်တော်သည်လည်း ဤမျှော်စင်များ၏ ကျေးဇူးကြောင့်သာ မီးဘေးမှ လွတ်ကင်းခဲ့ရခြင်း ဖြစ်သည်။ သို့မဟုတ်ပါက လမ်းတစ်လမ်းလုံး ကူးစက်လောင်ကျွမ်းပြီး ထိန်းသိမ်းမရ ဖြစ်သွားနိုင်သည်။
နည်းပြလင်၏ လက်အောက်တွင် လူအယောက်တစ်ရာကျော်ရှိပြီး သုံးရက်လျှင် တစ်ကြိမ် အလှည့်ကျ တာဝန်ထမ်းဆောင်ရသည်။ မျှော်စင်အသီးသီး၏ အထက်အောက်တွင် လူ ၄ ယောက်မှ ၆ ယောက်အထိ စောင့်ကြပ်ရသည်။
အဝေးမှ လှမ်းကြည့်လိုက်လျှင် သာမန်လူနေအိမ်များထက် မြင့်မားသော ထိုမျှော်စင်များသည် နှင်းထဲတွင် တစ်ခုနှင့်တစ်ခု မလှမ်းမကမ်း၌ မားမားမတ်မတ် တည်ရှိနေကြသည်။ မျှော်စင်အောက်ခြေရှိ ကျောက်စိမ်းရောင် အုတ်ခဲများသည် ယခုအခါ နှင်းများဖြင့် ဖုံးလွှမ်းနေလေပြီ။ ဒုတိယထပ်သည် ကင်းကြည့်ရန် မျှော်စင်ဖြစ်ပြီး အတွင်းခန်း မကျယ်ဝန်းသော်လည်း သေသပ်စွာ စီစဉ်ထားလေသည်။
တာဝန်ကျ မြို့စောင့်တပ်သားများသည် မီးဖိုငယ်လေးကို ဝိုင်းထိုင်နေကြ၏။ မီးဖိုထဲတွင် မီးသွေးများက "တဖျစ်ဖျစ်" မြည်ကာ လောင်ကျွမ်းနေသည်။ မီးဖိုဘေးတွင် ဝါဂွမ်းစောင်ထူထူအချို့ကို ပစ်တင်ထားသည်။ အေးစက်သော ဆောင်းတွင်းညများတွင် သူတို့သည် ဝါဂွမ်းစောင်များကို ပတ်ကာ မျှော်စင်ထဲ၌ တစ်ညတာ ကုန်ဆုံးလေ့ ရှိကြသည်။
လေးထောင့်စပ်စပ် ပြတင်းပေါက်ငယ်လေးအောက်တွင် သစ်သားစင်လေးတစ်ခု ရိုက်ထားပြီး အပေါ်တွင် ဆက်သွယ်ရေးပစ္စည်းများ တင်ထားသည်။ ခရာနှင့် ကြေးမောင်းများကို ပြောင်လက်နေအောင် တိုက်ချွတ်ထားပြီး အရောင်မတူညီသော အလံများကိုလည်း သပ်ရပ်စွာ စီထားလေသည်။
မြို့စောင့်တပ်သားများသည် နှစ်နာရီလျှင် တစ်ကြိမ် အနီးနားရှိ မျှော်စင်များနှင့် အလံပြသင်္ကေတဖြင့် ဆက်သွယ်ရသည်။ အပြာရောင်အလံသည် ဘေးကင်းကြောင်း၊ အနီရောင်အလံသည် မီးလောင်ကြောင်း၊ အဝါရောင်အလံသည် အခြားအရေးပေါ်ကိစ္စရှိ၍ အကူအညီလိုကြောင်း ကိုယ်စားပြုလေသည်။
ဟူမာကျစ်သည် ဝါဂွမ်းစောင်ကို ပတ်ထားရင်း ကြက်ကလေး အစာကောက်သကဲ့သို့ ခေါင်းငိုက်စိုက်ကျနေ၏။ သူ့ဘေးရှိ ခန္ဓာကိုယ် တောင့်တင်းသန်မာသော အာ့ဟူသည်လည်း လေအေးဒဏ်ကြောင့် မျက်နှာတစ်ခုလုံး နီရဲနေပြီး အိပ်ငိုက်နေလေသည်။ မျက်လုံးကို ပွတ်သပ်ရင်း ရေရွတ်လိုက်လေသည်။
“ရာသီဥတုကလည်း ဆိုးလိုက်တာ၊ နှင်းတွေက အလကားရလို့ ရွာနေသလား မှတ်ရတယ်၊ ငါ့မျက်လုံးတွေတောင် ပြာနေပြီ၊ အိပ်ချင်လွန်းလို့ ခဏလောက် အိပ်လိုက်ဦးမယ်”
သူတို့နှစ်ယောက်သည် မနေ့ညက တစ်ညလုံး စောင့်ကြပ်ခဲ့ရသည်။ မနေ့ညက နှစ်သစ်ကူးအကြိုညဖြစ်သဖြင့် မီးရှူးမီးပန်းများ တရစပ် ပစ်ဖောက်နေကြရာ သူတို့သည် မျက်တောင်ပင် မခတ်ရဲခဲ့ကြပေ။ မီးပွားများ လွင့်စင်ပြီး အိမ်များကို မီးကူးစက်လောင်ကျွမ်းသွားမည်ကို အထူးစိုးရိမ်ခဲ့ကြရသည်။
တကယ့်ကို တစ်ညလုံး မျက်လုံးဖွင့်ပြီး စောင့်ခဲ့ရခြင်း ဖြစ်သည်။ ဟူမာကျစ်သည် ယခုအချိန်ထိ အတင်းတောင့်ခံထားရင်း ပြောလိုက်လေသည်။
“မအိပ်နဲ့လေ၊ နည်းပြ ပြောထားတယ်မလား၊ ခဏနေ ရှန်ညန်ဇီက ဟင်းစာရင်း လာပို့ပြီး တို့ကို ရွေးခိုင်းမှာတဲ့၊ နည်းပြက ပြောသေးတယ်၊ ပထမဆုံးတစ်နပ်ကို သူ ဒကာခံမယ်တဲ့၊ တို့တွေ ဟင်းပူပူ ထမင်းပူပူ စားရတော့မှာ”
ဟုတ်သားပဲ... မနေ့က နည်းပြ လာပြောသွားသည်မှာ နောက်ပိုင်းတွင် သူတို့ ဟင်းပူပူ ထမင်းပူပူ စားရတော့မည်ဟု ဆိုသည်ပဲ။ အာ့ဟူသည် ကြမ်းပြင်ပေါ်မှ ကုန်းရုန်းထလိုက်လေသည်။
“ငါ ဒီလောက် ကောင်းတဲ့သတင်းကို ဘယ်လိုလုပ် မေ့သွားရတာလဲ၊ လာပြီလားဟေ့”
မြို့စောင့်တပ်သားအလုပ်သည် ပင်ပန်းဆင်းရဲသော အလုပ်ဖြစ်ပြီး အများစုမှာ ပြန့်ကျင်းမြို့မှ မဟုတ်ကြပေ။ အနီးအနားရှိ ကျေးလက်တောရွာများနှင့် အခြားမြို့ကြီးများမှ ခေါ်ယူထားသော လူငယ်လူရွယ်များသာ ဖြစ်ကြသည်။ မိဘညီအစ်ကိုများနှင့် ဝေးကွာနေသလို ပြုစုစောင့်ရှောက်မည့် ဇနီးမယားလည်း အနားတွင် မရှိကြပေ။ သို့မဟုတ်ပါက တာဝန်ကျချိန်တွင် မိသားစုဝင်များက ထမင်းလာပို့ပေးရန်မှာ မခဲယဉ်းလှပေ။
ထိုသို့သာဆိုလျှင် သည်လောက်အထိ တပ်မက်နေမည် မဟုတ်ပေ။
ဟူမာကျစ်သည် ပြတင်းပေါက်ဝသို့ အလျင်အမြန် ပြေးကြည့်လိုက်ပြီး လှမ်းအော်လိုက်လေသည်။
“မလာသေးဘူး... ဟာ... လာပြီ လာပြီ၊ ဟိုမှာ ရှန်ညန်ဇီ မဟုတ်လား”
ရှန်ညန်ဇီက မှတ်မိလွယ်သည်။ လူအုပ်ကြားထဲတွင် ရောနှောနေလျှင်ပင် ထင်ရှားနေတတ်သည်။ သူသည် စိတ်လှုပ်ရှားလွန်းသဖြင့် အိပ်ချင်စိတ်များ လွင့်ပါးသွားကာ လူမရောက်သေးခင် တံတွေးမြိုချကာ လွမ်းဆွတ်တမ်းတစွာဖြင့် ပြောလိုက်လေသည်။
“နွေရာသီတုန်းက ငါ ရှန်ကျိဆိုင်မှာ ငါးကင် သွားစားဖူးတယ်၊ အရသာက အရမ်းကောင်းတာပဲ၊ အခုထိ လွမ်းနေတုန်းပဲ”
ယခု ဆောင်းတွင်းတွင် ဟင်းသီးဟင်းရွက် ဈေးကြီးသဖြင့် တွဲဖက်ဟင်းလျာများ မရှိတော့ရာ ရှန်ကျိဆိုင်၏ ငါးကင်ကို မရောင်းချတော့ပေ။
သူတို့ သိပ်မစောင့်လိုက်ရပေ။ အောက်ထပ်တွင် တာဝန်ကျနေသည့် ညီအစ်ကို ကျန်းလျိုပေါင်သည် လှေကားအတိုင်း တဒုန်းဒုန်း ပြေးတက်လာလေသည်။ သူ့လက်ထဲတွင် လက်ဝါးအရွယ်အစားရှိသော စာရွက်တစ်ရွက်ကို ကိုင်ဆောင်ထားပြီး စာရွက်ပေါ်တွင် စာများ အပြည့်ရေးထားသည်။
ကျန်းလျိုပေါင်သည် သူတို့အထဲတွင် တစ်ဦးတည်းသော စာတတ်သူဖြစ်သဖြင့် သူတို့နှစ်ဦးကို ဖတ်ပြလိုက်လေသည်။
“ကုန်းပေါင်ကြက်သားတဲ့၊ ကြက်သားကို မုန်လာဥနီ၊ သခွားသီးတို့နဲ့ ကြော်ထားတာ၊ ရှာလကာရည်ဆမ်း မုန်ညင်းဖြူ... မေချိုက်(မုန်ညင်းချဉ်ခေါက်) ဝက်သားပေါင်း... ဆောင်းဟင်းနုနွယ်ကြော်... ဝက်နံရိုးနီချက်... ကြက်သွန်ဖြူအနှစ် မုန်လာဥ... မင်းတို့ ဘာစားမလဲ။ ရှန်ညန်ဇီက ပြောတယ် သုံးမျိုး ရွေးလို့ရတယ်တဲ့၊ သက်သတ်လွတ် ၃ မျိုး ၁၆ ဝမ်၊ အသား ၁မျိုး အသီးအရွက်၂ ဆို ၂၀ ဝမ်၊ အသား ၂ မျိုး အသီးအရွက် ၁မျိုး ဆို ၂၄ ဝမ်တဲ့”
ဟူမာကျစ်သည် ခဏလောက် စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ “ဒါဆိုရင် ကုန်းပေါင်ကြက်သားနဲ့ ဝက်နံရိုးနီချက် ယူမယ်၊ ပြီးတော့ မုန်လာဥတစ်ပွဲ ထည့်မယ်”
အာ့ဟူက မျက်လုံးကစားလိုက်ပြီး ပါးနပ်စွာ ပြောလိုက်လေသည်။
“ငါက မေချိုက်ဝက်သားပေါင်း၊ ရှာလကာရည်ဆမ်း မုန်ညင်းဖြူနဲ့ ဆောင်းဟင်းနုနွယ်ကြော် ယူမယ်”
ပြီးနောက် ဟူမာကျစ်ကို တံတောင်ဖြင့် တွန်းကာ ပြောလိုက်သည်။
“မားဇီ၊ တို့ညီအစ်ကိုနှစ်ယောက် ဒီလိုရွေးလိုက်ရင် အတူတူစားတဲ့အခါ ဟင်း ၆ မျိုး စားရပြီပေါ့”
ဟူမာကျစ်သည် သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။
ကျန်းလျိုပေါင်က ပြန်ပြောလိုက်သည်။
“ကောင်းပြီ၊ ငါ မှတ်လိုက်မယ်။ ဒီတစ်ခါ မင်းတို့ဆီက ပိုက်ဆံမကောက်ဘူး၊ နည်းပြက ဒကာခံမယ်တဲ့”
စကားပြောပြီးနောက် တဒုန်းဒုန်းဖြင့် ပြန်ပြေးဆင်းသွားတော့သည်။
ဟူမာကျစ်နှင့် အာ့ဟူတို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ တွေးလိုက်မိကြသည်။ ဒီလိုနဲ့ပဲ ပြီးသွားပြီလား။ မနက်ဖြန် တကယ်ပဲ ဟင်းပူထမင်းပူ စားရတော့မှာလား။ ထို့အပြင် ဒီဟင်းလျာပုံစံများသည် ရှန်ကျိဆိုင်တွင် တစ်ခါမှ မရောင်းဖူးသဖြင့် အရသာ မည်သို့ရှိမည်ကို မသိနိုင်ပေ။
သို့သော် သူတို့နှစ်ဦးစလုံးသည် ရှန်ကျိဆိုင်မှ အသင့်စားခေါက်ဆွဲနှင့် အခြားဟင်းလျာများကို အကြိမ်ကြိမ် စားဖူးကြသဖြင့် ရှန်ညန်ဇီ၏ လက်ရာအပေါ် အထူးယုံကြည်မှု ရှိကြသည်။ မကောင်းမှာကို လုံးဝ သံသယမရှိကြပေ။ ကုန်းပေါင်ကြက်သားဟူသည် အဘယ်ကြောင့် ကုန်းပေါင်ကြက်သားဟု ခေါ်ဆိုကြောင်း နှစ်ယောက်သားမှာ စိတ်အားထက်သန်စွာဖြင့် ဆွေးနွေးကြတော့သည်။
“ကုန်းပေါင်ဆိုတာ အိမ်ရှေ့စံရဲ့ဆရာ (ကုန်းပေါင်) ကို ပြောတာလား၊ စစ်သူကြီးယွဲ့ ကြိုက်လို့များလား”
ဟူမာကျစ်ကဲ့သို့ မြို့စောင့်တပ်သား လူငယ်အများစုသည် စစ်သူကြီးယွဲ့ မြို့သုံးမြို့ကို ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ပြန့်ကျင်းမြို့သို့ ခရီးမိုင်ထောင်ချီပြီး စစ်ကူလာခဲ့ကြောင်း စသည့် သူရဲကောင်းပုံပြင်များကို ကြားဖူးပြီး စစ်ထဲဝင်လာကြသူများ ဖြစ်သည်။ ထို့ကြောင့် ကုန်းပေါင်ဟူသည့် စကားလုံးကို ကြားသည်နှင့် သူ့ကို အရင်ဆုံး ပြေးမြင်မိကြသည်။
စစ်သူကြီးယွဲ့သည် အိမ်ရှေ့စံ၏ ဆရာ (ကုန်းပေါင်) မဟုတ်ပါလား။
“ဒါပေမဲ့ ငါမှတ်မိသလောက် စစ်သူကြီးယွဲ့က တို့ဖူးကြိုက်တာ မဟုတ်လား။ ဟိုတလောက မင်းကြီးတောင် သူ့ကို တို့ဖူးဟင်းပွဲနဲ့ ဧည့်ခံလိုက်သေးတယ်”
“ဘာကြက်သားဖြစ်ဖြစ်ကွာ၊ စားကောင်းမှာ သေချာတယ်၊ မနက်ဖြန် မြန်မြန်ရောက်ချင်လှပြီ၊ ဟင်းနာမည်ကြားတာနဲ့ ဗိုက်ဆာလာပြီ”
နှစ်ယောက်သား အိပ်ချင်ပြေသွားပြီး ခေါင်းချင်းဆိုင်ကာ ဆက်လက်စကားစမြည် ပြောဆိုနေကြတော့သည်။ ရှန်ကျိဆိုင်မှ ဘဲကင်၊ ငါးကင်အကြောင်းမှသည် သိုးသားဟင်းရည်၊ ပဲခေါက်ဆွဲအကြောင်းအထိ ပြောရင်းပြောရင်း ပိုဗိုက်ဆာလာကြရာ အသင့်စားခေါက်ဆွဲ တစ်ပွဲစီ ထလုပ်ပြီး ရေနွေးဖျောစားကာ အာသီသဖြေလိုက်ကြရတော့သည်။
လဆန်းနှစ်ရက်နေ့ ရောက်သောအခါ ရှန်မြောင်သည် ဖုန်းမိသားစုအိမ်သို့ သွားရောက်ပြီး အိမ်အပြန် နေ့လယ်စာစားပွဲကို အရင်ဆုံး ချက်ပြုတ်ပေးလိုက်သည်။ နေ့လယ်စာစားပွဲမှာ ရိုးရှင်းသဖြင့် ချက်ပြုတ်ပြီးစီး၍ အိမ်ပြန်ရောက်ချိန်တွင် မွန်းလွဲ ၁ နာရီခွဲခန့်သာ ရှိသေးသည်။
ဟိုရှင်းဒီရှင်း လုပ်ပြီးနောက် ထမင်းဘူး ပြင်ဆင်ရန် စတင်တော့သည်။
ဟင်းခြောက်မျိုးတွင် ဝက်နံရိုးနီချက်နှင့် မေချိုက်ဝက်သားပေါင်းမှလွဲ၍ ကျန်ဟင်းများမှာ အလွယ်တကူ ချက်ပြုတ်နိုင်သော ဟင်းများ ဖြစ်သည်။
မေချိုက်ဝက်သားပေါင်းကို မနေ့ကတည်းက ကြိုတင်ပြင်ဆင်ထားသဖြင့် ပေါင်းအိုးတင်ရန်သာ လိုတော့သည်။ ထို့ကြောင့် ရှန်မြောင်သည် အချိန်ကုန်သက်သာစေရန် ဝက်နံရိုးနီချက်ကို အရင်ဆုံး စတင်ချက်ပြုတ်လေသည်။ ဝက်နံရိုးများကို အရွယ်အစားညီညာစွာ ပိုင်းဖြတ်ပြီး "ရိုးရာနည်းလမ်းသုံးသွယ်" ဖြင့် သွေးရည်ဆေးကြောခြင်း၊ အနံ့ပျောက်အောင်လုပ်ခြင်းတို့ ပြုလုပ်ပြီးနောက် ဆီအိုးတည်လိုက်သည်။ ဆီပူလာပြီး မီးခိုးအနည်းငယ် ထွက်လာချိန်တွင် ဝက်နံရိုးများကို အိုးထဲသို့ တစ်ရှိန်ထိုး ထည့်လိုက်သည်။
"တရှဲရှဲ" မြည်သံများနှင့်အတူ ယောက်မဖြင့် အလျင်အမြန် မွှေကြော်လိုက်သည်။ ဝက်နံရိုးများ ရွှေဝါရောင်သန်းလာပြီး အပေါ်ယံ အနည်းငယ် ကျွတ်လာချိန်တွင် ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူတို့ကို အတုံးကြီးကြီးလှီးပြီး အိုးထဲထည့်ကာ ဝက်နံရိုးနှင့်အတူ ဆီသတ်လိုက်သည်။ အနံ့မွှေးလာသည်နှင့် နာနတ်ပွင့်၊ သစ်ကြံပိုးခေါက်၊ ကရဝေးရွက် စသည့် ဟင်းခတ်အမွှေးအကြိုင်များ ထည့်ကာ အရက်ဆမ်းလိုက်သည်။ ပြီးလျှင် အရောင်တင်ရန် ပဲငံပြာရည်ထည့်ပြီး ဆက်လက်မွှေကြော်ပေးရသည်။ ဝက်နံရိုးတုံးတိုင်းတွင် ဆော့စ်အရည်များ နှံ့စပ်သွားအောင် ပြုလုပ်ရသည်။
ဤအချိန်တွင် အနံ့မှာ အလွန်မွှေးကြိုင်နေလေပြီ။
နောက်ဆုံးတွင် ဝက်နံရိုးမြုပ်ရုံ ရေတစ်မုတ် ခပ်ထည့်လိုက်ပြီး အဖုံးအုပ်ကာ မီးပြင်းဖြင့် ဆူအောင်တည်သည်။ ထို့နောက် မီးအေးအေးဖြင့် နှပ်ထားလိုက်သည်။ ဤသို့ နှပ်ထားသည်မှာ တစ်နာရီခန့် ကြာမြင့်မည်ဖြစ်ပြီး အသားနူးညံ့လာကာ ဟင်းရည်ပျစ်နှစ်လာသည်အထိ တည်ထားရမည်။
ဝက်နံရိုးနူးအောင် စောင့်နေစဉ်အတွင်း ရှန်မြောင်သည် မီးဖိုနှစ်ဖို ပြိုင်တူမွှေးလိုက်သည်။ တစ်ဖိုတွင် ပေါင်းအိုးတင်ကာ ဝက်သားပေါင်း၊ မန်ထိုနှင့် ဆန်လုံးညိုထမင်းများကို ပေါင်းလိုက်သည်။ ကျန်တစ်ဖိုတွင် ကုန်းပေါင်ကြက်သား ချက်ပြုတ်သည်။ ကြက်သားကို အန်စာတုံးအရွယ်အစား လှီးဖြတ်သည်။ ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူတို့ကို များများလှီးထားသည်။
မြေပဲဆံကို မီးအေးအေးဖြင့် ကြွပ်ရွနေအောင် ကြော်ထားပြီး ဆယ်ယူထားစဉ် ပန်းကန်လုံးထဲတွင် ဆော့စ်ရည်စပ်လိုက်သည်။ ရှာလကာရည်၊ ပဲငံပြာရည်၊ သကြား၊ ဆန်အရက်၊ ကော်မှုန့်နှင့် ရေတစ်ဝက်ခန့်ရောကာ မွှေထားလိုက်သည်။
ဒယ်အိုးပူလျှင် ဆီအေးထည့်ကာ ကြက်သားတုံးများ၊ မုန်လာဥနီတုံးများကို ထည့်ကြော်သည်။ ကြက်သား အရောင်ပြောင်းသွားလျှင် ဘေးကပ်ထားပြီး ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူ ထည့်ကာ ဆီသတ်သည်။ အနံ့မွှေးလာသည်နှင့် ဆော့စ်ရည်လောင်းထည့်ကာ မီးပြင်းဖြင့် ချက်သည်။ ဟင်းရည်ပျစ်လာလျှင် ကြော်ထားသော မြေပဲဆံများ ထည့်ကာ မွှေလိုက်လျှင် ဟင်းပွဲ အသင့်ဖြစ်လာသည်။
ဆော့စ်ရည်များ ရွှဲရွှဲစိုနေသော ကြက်သားတုံးများနှင့် ကျွတ်ရွနေသော မြေပဲဆံတို့ ပေါင်းစပ်ထားသော ဤဟင်းပွဲသည် ထမင်းမြိန်စေပြီး ချိုချဉ်စပ် အရသာစုံလင်လှသည်။
ဆက်လက်ပြီး ဆောင်းဟင်းနုနွယ်ကြော်နှင့် ရှာလကာရည်ဆမ်း မုန်ညင်းဖြူတို့ကို ချက်ပြုတ်သည်။ ဒယ်အိုးနှစ်လုံးဖြင့် အချိန်အနည်းငယ်စီ ခြားပြီး ချက်ပြုတ်ရာတွင် ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူ ဆီသတ်ပြီး မီးပြင်းဖြင့် မွှေကြော်လိုက်သည်။ ဟင်းသီးဟင်းရွက် လှီးဖြတ်ချိန်ပါ ထည့်တွက်လျှင် ၁၅ မိနစ်ခန့်သာ ကြာမြင့်သည်။
ဆောင်းတွင်းတွင် မီးလှုံရင်း အသားစားများသဖြင့် အပူကန်တတ်ရာ ဤသို့ လတ်ဆတ်သော ဟင်းသီးဟင်းရွက် နှစ်မျိုး စားသုံးခြင်းဖြင့် အပူငြိမ်းစေပြီး ဝမ်းမီးကောင်းစေသည်။
ကြက်သွန်ဖြူဆော့စ် မုန်လာဥဟင်းသည်လည်း ထိုနည်းအတိုင်းပင်။ အခွံခွာ၊ အပါးလှီးပြီး ကြက်သွန်ဖြူ ဆီသတ်ကာ စပ်ရှိန်းရှိန်းအရသာရှိသော ကျူးယွီနှင့် ဂျင်းချဉ်တို့ကို ထည့်ကြော်သည်။ ထို့နောက် ပဲငံပြာရည်၊ ဆား စသည်တို့ ထည့်လိုက်လျှင် မွှေးကြိုင်ပြီး စပ်ရှိန်းရှိန်း အရသာရရှိသည်။ နှင်းရိုက်ထားသော မုန်လာဥဖြစ်သဖြင့် ချိုသည့်အရသာလည်း ပါရှိရာ အသားထက်ပင် ပိုမွှေးပြီး ထမင်းမြိန်စေသည်။
သက်သတ်လွတ်ဟင်းသုံးပွဲစလုံးသည် ရိုးရှင်းပြီး မြန်ဆန်လှသည်။ ဤသို့ ချက်ပြုတ်လိုက်ရာ ဟင်းအားလုံးချက်ပြီးချိန်တွင် ဝက်နံရိုး၊ ဝက်သားပေါင်းနှင့် ထမင်းများလည်း ကျက်ပြီ ဖြစ်သည်။
ရှန်မြောင်သည် ချက်ပြုတ်ပြီးစီးသော ဟင်းခြောက်မျိုးကို ဇလုံကြီးများထဲတွင် အသီးသီးထည့်လိုက်ပြီးနောက် အားကုန်ထုတ်ကာ တွန်းလှည်းပေါ်သို့ တစ်ဆင့်ချင်း တင်လိုက်သည်။ ထို့နောက် တွန်းလှည်းအောက်ခြေရှိ မီးဖိုကို မီးမွှေးလိုက်ပြီး အပူလုံစေရန် ဝါဂွမ်းစောင်ဖြင့် အုပ်လိုက်သည်။
အားလုံးပြီးစီးသွားသောအခါ ကုမိသားစုထံမှ ဝယ်ယူထားသည့် "တစ်ပတ်ရစ်" မြည်းလိမ္မာလေးကို ဆွဲထုတ်လာခဲ့သည်။
မြည်းနှင့် လှည်းသည် မတူပေ။ တစ်ပတ်ရစ်လှည်းသည် သုံးလေဟောင်းနွမ်းလေ ဖြစ်သော်လည်း ကောင်းမွန်စွာ ကျွေးမွေးထားသည့် တစ်ပတ်ရစ်မြည်းသည် မြည်းအသစ်ထက်ပင် ပိုမိုတန်ဖိုးရှိလှသည်။ ဤမြည်းကဲ့သို့ပင် တကယ့်ကို လိမ္မာလှသည်။ တခြားအိမ်များနှင့် မယှဉ်ဘဲ ကျိုကော၏ တစ်နေ့လျှင် မြည်းချေး ၁၅ ပိဿာလောက် ပါတတ်သည့် မြည်းနှင့် ယှဉ်လျှင်ပင် အများကြီး ပိုလိမ္မာနေပြီ ဖြစ်သည်။
ထိုအကြောင်း တွေးမိပြီး ရှန်မြောင်သည် ပြုံးကာ အိတ်ကပ်ထဲမှ ပဲစေ့အနည်းငယ် နှိုက်ယူပြီး မြည်းမျက်လုံးရှေ့တွင် ယမ်းပြလိုက်သည်။ ထိုမြည်းသည် နှာခေါင်းကို ရှုံပွရှုံပွလုပ်ရင်း ချက်ချင်း တိုးကပ်လာကာ သူမလက်ထဲမှ ပဲစေ့များကို လျှာဖြင့် လှမ်းလျက်စားလိုက်ပြီး ရှန်မြောင်၏လက်ကို ခင်မင်ရင်းနှီးစွာ ပွတ်သီးပွတ်သပ် လုပ်လေသည်။
တော်တော်လေး ခင်တတ်တာပဲ။ ရှန်မြောင်သည် ကျေနပ်စွာဖြင့် မြည်းခေါင်းကို ပုတ်ပေးလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။
“ဒီနေ့တော့ မင်း ပင်ပန်းရတော့မယ်၊ ရှန်ရှစ်ယီးလန်ရေ”
ဒီနာမည်ကို ရှန်းအာက ပေးထားခြင်း ဖြစ်သည်။ ထန်အာ၊ ဖူရှင်း၊ အားထောင်နှင့် ယိုယွီတို့ကို ထည့်မတွက်ဘဲ ရှန်မိသားစုဝင် ၄ ယောက်၊ ခွေး ၂ ကောင်၊ ကြက် ၃ ကောင်နှင့် ကြောင်တစ်ကောင်ကို ပေါင်းတွက်လိုက်လျှင် သူက နံပါတ် ၁၁ နေရာတွင် ရှိနေပြီး မြည်းထီးလည်း ဖြစ်သဖြင့် ထိုနာမည် ပေးလိုက်ခြင်း ဖြစ်သည်။
ရှန်းအာက မကြီးတစ်ခါ လုပ်ရပြန်လေပြီ။
ရှန်ရှစ်ယီးလန်သည် သူမ ဆွဲခေါ်ရာနောက်သို့ ငြိမ်သက်စွာ လိုက်ပါလာပြီး လှည်းရှေ့တွင် ချည်နှောင်လိုက်သည်ကိုလည်း နာခံလေသည်။ ရှန်မြောင်က ကျောကုန်းကို ပုတ်ပေးလိုက်သည်နှင့် ရှေ့သို့ စတင်လျှောက်လှမ်းတော့သည်။
လှည်းဆွဲမည့် ရှန်ရှစ်ယီးလန် ရှိလာသဖြင့် ရှန်မြောင် အတော်လေး သက်သာသွားတော့သည်။ သူမသည် လက်ချည်းသက်သက်ဖြင့် လှည်းဘေးမှ ပေါ့ပါးသွက်လက်စွာ လိုက်ပါသွားလေသည်။ တစ်နေကုန် အလုပ်လုပ်ထားသော်လည်း လုံးဝ ပင်ပန်းသည်ဟု မခံစားရပေ။ လမ်းတစ်လျှောက်တွင် သူမသည် မြည်းနှင့်ပင် စကားတပြောပြော လုပ်သွားလေသည်။
ဘာသာစကားချင်း မတူသော်လည်း ဆက်သွယ်ပြောဆိုရန် အခက်အခဲ ရှိပုံမပေါ်ပေ။
ကျင်းလျန်တံတား မြောက်ဘက်သို့ ရောက်ခါနီးတွင် ပြန့်မြစ်ရေပြင်ပေါ်၌ သူမနှင့် မြည်းယှဉ်တွဲလျှောက်လှမ်းနေသည့် ပုံရိပ်ကို ထင်ဟပ်နေသည်ကို တွေ့လိုက်ရသည်။ ရှန်မြောင် ရုတ်တရက် အကြောင်းအရာတစ်ခုကို တွေးမိလိုက်သည်။
သူမ ဒီခေတ်ဒီအခါမှာတော့ လှည်း (မြည်း) ပိုင်၊ အိမ်ပိုင် လူတန်းစား ဖြစ်နေပြီပဲ။
...