← Chapters

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အခန်း (၁၄၃-၁၄၄)

Vol. 15 Ch. 143-144

အပိုင်း (၁၄၃) အမြန်စား အစားအစာ လုပ်ငန်း စမ်းသပ်ခြင်း

အာ့ဟူသည် ဝါဂွမ်းစောင်အထူကြီးကို ပတ်ထားပြီး ဖင်ကုန်းကာ မျှော်စင်ပြတင်းပေါက်နားတွင် မှောက်နေလေသည်။ ထိုပြတင်းပေါက် အပေါက်လေးမှာ လေးထောင့်စပ်စပ်နှင့် သေးငယ်ပြီး သူ့မုတ်ဆိတ်မွှေးများဖြင့် ပြည့်နှက်နေသော မျက်နှာကြီးနှင့် ကွက်တိဖြစ်နေလေ၏။

အပြင်ဘက်တွင် နှင်းများ ကျဆင်းနေဆဲဖြစ်ရာ ပြတင်းပေါက်ဘောင်တွင် နှင်းများ စုပုံနေပြီး အာ့ဟူက မငြီးမငြူ လှည်းကျင်းပစ်နေလေသည်။ သူသည် နေ့လည်ပိုင်းကတည်းက သည်ပုံစံအတိုင်း ရှိနေခဲ့ပြီး ရှန်မြောင်နှင့်တူသည့် လူတစ်ယောက် လျှောက်လာသည်ကို မြင်လိုက်ရသည်နှင့် မျက်နှာကို အတင်းဆွဲထုတ်ကာ အော်ဟစ်လိုက်တော့သည်။

"လာပြီ လာပြီ”

အကြိမ်ပေါင်းများစွာ လူမှားခဲ့သဖြင့် ဟူမာကျစ်၏ ကန်ကျောက်ခြင်းကို ခံလိုက်ရပြီးမှ သူသည် ငြိမ်ကျသွားတော့သည်။

နှင်းကျသည့်နေ့များက အေးစက်သော်လည်း နှိုင်းယှဉ်ကြည့်လျှင် မီးလောင်ကျွမ်းမှု ဖြစ်ပွားရန် မလွယ်ကူပေ။ သည်နှစ်တွင် အခြားနည်းပြများ အုပ်ချုပ်သည့် ရပ်ကွက်များ၌ သေးငယ်သော မီးလောင်ကျွမ်းမှု နှစ်ကြိမ်သာ ဖြစ်ပွားခဲ့ပြီး လျင်မြန်စွာ ငြှိမ်းသတ်နိုင်ခဲ့သဖြင့် ကြီးမားသည့် ကပ်ဘေးမဖြစ်ခဲ့သည်က ကံကောင်းခြင်းပင်။

ဟူမာကျစ်၊ ကျန်းလျို့ပေါင်နှင့် ချောင်ရှင်းတို့ ရှိနေကြသည့် တံတားမြောက်ဘက် မျှော်စင်သည် သိပ်မကြီးပေ။ ပုံမှန်အားဖြင့် လူ ၄ယောက်သာ စောင့်ကြပ်လေ့ရှိပြီး ကျန်သည့် ညီအစ်ကိုများမှာ လမ်းကင်းလှည့်သူ၊ တံခါးစောင့်သူနှင့် တော်ဝင်လမ်းမကြီးပေါ်တွင် နှင်းလှည်းရန် ရွှေ့ပြောင်းခံရသူများ ဖြစ်ကြသည်။

ပုံမှန်ရက်များတွင် ကိစ္စကြီးကြီးမားမား မရှိပေ။ အေးစက်မှုနှင့် ဆာလောင်မှုကို ကျော်ဖြတ်နိုင်လျှင် သည်အလုပ်က သိပ်မပင်ပန်းလှပေ။ အနည်းဆုံးတော့ မြောင်းထဲဆင်းပြီး နှင်းတူးရသည်ထက် အများကြီး သက်သာလေသည်။ လက်ရှိတွင် သူတို့သည် ပဲစေ့ ခန့်မှန်းတမ်းကစားရန် ဝိုင်းဖွဲ့နေကြပြီး ကစားရင်း ရှန်မြောင် ထမင်းလာပို့မည်ကို စောင့်နေကြလေသည်။

ချောင်ရှင်းက လက်ကိုနောက်ပစ်ကာ ပဲစေ့အနည်းငယ်ကို ယူလိုက်ပြီး အက်ကြောင်းရာများနေသည့် ပန်းကန်လုံးထဲ ထည့်ကာ စားပွဲပေါ်တွင် မရပ်မနား လှုပ်ခါလိုက်သည်။ သူက အာ့ဟူကို စောင်းငဲ့ကြည့်လိုက်ပြီး ပြန်မှောက်ချကာ ဟူမာကျစ်၊ ကျန်းလျို့ပေါင်တို့နှင့်အတူ ရယ်မောလိုက်သည်။

"မြန်မြန် အရေအတွက် ပြောကြ။ ရှုံးတဲ့လူ ပန်းကန်ဆေးကြေး။ ကဲ မင်းတို့ အာ့ဟူကို ကြည့်ကြစမ်းပါ၊ သူ ပြတင်းပေါက်နားမှာ မှောက်နေတာလည်း ကောင်းသားပဲ၊ သူ့မျက်နှာက ပြတင်းပေါက်ကို လုံနေအောင် ပိတ်ထားပေးတော့ လေတိုးမဝင်နိုင်ဘူး၊ အခန်းထဲမှာတောင် နွေးနေသလိုပဲ”

ဟူမာကျစ်က ပန်းကန်ထဲက ပဲစေ့လှုပ်ရှားသံကို နားထောင်ပြီး စဉ်းစားလိုက်သည်။

"၁၅”

ကျန်းလျို့ပေါင်က ဆက်ပြောလိုက်သည်။

"၉”

အာ့ဟူက မျက်နှာကို ပြန်ဆွဲထုတ်လိုက်ရာ မျက်နှာပေါ်တွင် ပြတင်းပေါက်ဘောင်ရာများ ထင်ကျန်နေလေသည်။ ခေါင်းလှည့်လာပြီး လက်တစ်ဖက်က ဖင်ကို ကုတ်ရင်း ပြောလိုက်လေသည်။

"၁၀”

ချောင်ရှင်းက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ဟဲဟဲဟု ရယ်လိုက်သည်။

"မာကျစ်က များသွားပြီ၊ လျို့ပေါင်က နည်းသွားတယ်၊ ထပ်ပြောကြ”

အာ့ဟူ ပါးစပ်ဟရုံ ရှိသေးသည် မျက်လုံးထောင့်မှ အဝေးတစ်နေရာကို လှမ်းမြင်လိုက်ရာ ချက်ချင်း ခုန်ထလိုက်ပြီး ပြတင်းပေါက်အပေါက်နား ကပ်ကြည့်ကာ အော်ပြောလိုက်တော့သည်။

"မကစားတော့ဘူး မကစားတော့ဘူး၊ ဒီတစ်ခါ တကယ်လာပြီ၊ ငါ မြင်လိုက်တယ်၊ ရှန်ညန်ဇီ မြည်းလှည်းမောင်းလာတာ”

ဘယ်သူမှ သူ့ကို ဂရုမစိုက်ကြပေ။ ဟူမာကျစ်က ခဏလောက် စဉ်းစားလိုက်ပြီး ဆက်ပြောလိုက်သည်။

"၁၂”

ပြီးနောက် ချောင်ရှင်းနှင့် ကျန်းလျို့ပေါင်ကို ပြောလိုက်သည်။ "ဒီတစ်နာရီအတွင်းမှာ သူ ရှန်ညန်ဇီလာပြီလို့ အော်နေတာ ၆ခေါက်လောက် ရှိပြီ၊ သေချာပေါက် ထပ်မှားပြန်ပြီ”

ကျန်းလျို့ပေါင်ကလည်း နေရာမှ မရွေ့ဘဲ ပြောလိုက်သည်။

"၁၄”

အာ့ဟူက မျက်လုံးပြူးသွားပြီး "တကယ်ရောက်လာတာပါဆို”

သူက ဘေးနားရှိ ကျန်းလျို့ပေါင်ကို ဆွဲကာ ပြတင်းပေါက်နား ခေါ်သွားလေသည်။

"မင်း ကြည့်ကြည့်၊ ဟုတ်တယ်မလား၊ အခုထိ မဆင်းသေးဘူးလား၊ မင်းက ခေါင်းဆောင်ဆို”

ကျန်းလျို့ပေါင်က မျက်လုံးကို ပွတ်သပ်လိုက်ပြီး ခေါင်းပြူ ကြည့်လိုက်သည်။

တကယ်ကြီး ဟုတ်နေတာပဲ။

"ဒီတစ်ခါ သူ လူကို မလိမ်ပါဘူး၊ တကယ်ပဲ ရှန်ညန်ဇီ ဖြစ်နေတယ်”

သူသည် ကိုယ်ပေါ်က စောင်ကို ပစ်ချလိုက်ပြီး ထမင်းဟင်းသွားယူရန် အောက်ထပ်သို့ အလောတကြီး ဆင်းသွားတော့သည်။

သည်မျှော်စင်၏ အောက်ထပ်သည် မူလက ထင်း၊ ရိက္ခာခြောက်၊ အဝတ်အစား၊ မီးညှပ်၊ ရေပုံး စသည့်ပစ္စည်းများ သိုလှောင်ထားသည့် ဂိုဒေါင်ဖြစ်သည်။

ကျန်းလျို့ပေါင်က အစုတ်အပြတ်ပုံထဲမှ သူတို့လေးယောက် ပုံမှန်သုံးနေကျ ပန်းကန်ခွက်ယောက်များကို လျင်မြန်စွာ ရှာဖွေပြီး ဆင့်ထားလိုက်သည်။

ထိုအချိန်မှာပင် ရှန်မြောင် ရောက်လာခဲ့လေသည်။

မြည်းလှည်းပေါ်တွင် ဝါဂွမ်းစောင်အထူကြီး ဖုံးအုပ်ထားပြီး အောက်ဘက်တွင် မီးဖိုလည်း ပါရှိသည်။ ဝင်လာသည့်အခါ စောင်ကို လှန်လိုက်သည်နှင့် အတွင်းမှ အပူငွေ့များ ထွက်ပေါ်လာပြီး နွေးထွေးသည့် အမွှေးနံ့များပါ ပျံ့လွင့်လာရာ ကျန်းလျို့ပေါင် မနေနိုင်ဘဲ တံတွေး အရင်မျိုချလိုက်မိသည်။

ဟင်းထည့်ထားသည့် ဇလုံကြီး ၆လုံးကို သပ်သပ်ရပ်ရပ် စီထားသည်ကို တွေ့လိုက်ရပြီး အခြားဇလုံနှစ်လုံးတွင် တစ်လုံးက မန်ထို၊ တစ်လုံးက ဆန်လုံးညိုထမင်း ဖြစ်သည်။

မနေ့က မှတ်သားထားသည့် စာရင်းအတိုင်း ကျန်းလျို့ပေါင်က ပန်းကန်ကမ်းပေးပြီး ဟင်းမှာလိုက်သည်။ ရှန်မြောင်က ဇွန်းကြီးကို ကိုင်ထားရင်း ရုတ်တရက် သူမကိုယ်သူမ ကျောင်းက အစားအသောက်ခပ်ပေးသည့် ဒေါ်ကြီးတစ်ယောက်လို ခံစားလိုက်ရ၏။

သူမက ထမင်းကို အရင်အပြည့်ခပ်ပြီး ဖိသိပ်လိုက်ကာ အပေါ်မှ ဟင်းထည့်ပေးသည်။ ဟင်းတစ်မျိုးစီကို ဇွန်းအပြည့် ခပ်ပေးပြီး လက်မတွန့်ပေ။ သို့သော် ထည့်ပေးနေရင်း ရှန်မြောင်သည် ပြဿနာတစ်ခုကို တွေ့လိုက်ရ၏။ လူတိုင်း၏ ပန်းကန်အရွယ်အစား မတူညီကြပေ။ တစ်ချို့လူများ၏ ပန်းကန်တွင် ထမင်းဟင်းများ မောက်နေသော်လည်း တစ်ချို့လူများမှာ ပန်းကန်တစ်ဝက်သာ ရှိသည်။

ထမင်းနှင့် ဟင်း ရောနှောနေပြီး ဟင်းရည်က ထမင်းထဲ စိမ့်ဝင်နေသဖြင့် စားသောက်မှုအရသာကိုလည်း ထိခိုက်စေသည်။ ရေရှည်ဆိုလျှင် မတရားဘူးဟု ခံစားလာရနိုင်သည်။

ရှန်မြောင်သည် သည်အသေးစိတ်အချက်လေးကို စိတ်ထဲမှတ်ထားလိုက်ပြီး နောက်တစ်ကြိမ်တွင် ပန်းကန်ခွက်ယောက် တစ်ပုံစံတည်း စီစဉ်ပေးရမလားဟု တိတ်တဆိတ် တွေးတောနေမိသည်။ ဝါးပန်းကန် အပေါဆုံးကို သုံးလျှင်ရသော်လည်း ကုန်ကျစရိတ်က တက်လာပေလိမ့်မည်။

ခဏနေ နည်းပြလင်းနှင့် တွေ့လျှင် သေသေချာချာ တိုင်ပင်ပြီး နည်းလမ်းတစ်ခုခု စဉ်းစားရမည်။

ထမင်းဟင်း ခပ်ပေးပြီးနောက် ရှန်မြောင်က လက်မှတ်ဖြတ်ပိုင်းကို ပြန်ယူလိုက်ပြီး မနက်ဖြန်အတွက် ဟင်းလျာစာရင်း ချန်ထားပေးကာ နောက်ထပ် မျှော်စင်တစ်ခုဆီသို့ သွားရန် ပြင်ဆင်လိုက်သည်။

သူမသည် အစမှအဆုံးထိ သွားလိုက်ပြီး အပြန်တွင် အဆုံးမှအစသို့ ပြန်လာကာ ဧည့်သည်များ မှာယူထားသည့် စာရင်းများကို တစ်ခါတည်း သိမ်းဆည်းလာခဲ့သည်။ သို့မှသာ သူတို့ ဘာဟင်းမှာသည်၊ ဘာကို ကြိုက်နှစ်သက်သည် ဆိုတာကို သိနိုင်မည်။ ပမာဏ အနည်းအများကို တွက်ချက် ပြင်ဆင်နိုင်မည်ဖြစ်ပြီး ဘယ်ဟင်းကို ပိုချက်ရမည်၊ ဘယ်ဟင်းကို လျှော့ချက်ရမည်ကို ရှင်းရှင်းလင်းလင်း သိနိုင်ကာ လေလွင့်မှု မရှိစေရန် လုပ်ဆောင်နိုင်ပေလိမ့်မည်။

သူမသည် ကျန်းလျို့ပေါင်ကို နှုတ်ဆက် ဂါရဝပြုလိုက်ပြီး မြည်းကို ပွတ်သပ်ကာ ထီးဆောင်းလျက် မြည်းလှည်းမောင်းပြီး ထွက်ခွာသွားလေသည်။

ကျန်းလျို့ပေါင်က ရှန်မြောင်ကို လိုက်ပို့ပေးရင်း သူမ၏ မြည်းလှည်းမှာ အထူးတလည် ကွဲပြားနေသည်ကို အံ့ဩစွာ တွေ့ရှိလိုက်ရသည်။ "ရှန်ကျိ" ဟု ဆိုင်းဘုတ်ထိုးထားသည့် ဆီစိမ်ရွက်ဖျင်မိုး ပါရုံသာမက လှည်းဆွဲသည့် မြည်း၏ ခေါင်းပေါ်တွင်လည်း သေသေချာချာ ရက်လုပ်ထားသည့် ခမောက်လေး ဆောင်းထားပေးပြီး မိုးကာအင်္ကျီ ဝတ်ပေးထားလေသည်။

မြည်းလည်ပင်းတွင်လည်း ခေါင်းလောင်းလေး ဆွဲထားပြီး ခေါင်းလောင်းအောက်တွင် အထူးပြုလုပ်ထားသည့် သစ်သားဆိုင်းဘုတ်လေး တစ်ခု တွဲလောင်းကျနေသည်။ ထိုအပေါ်တွင် "ချစ်လှစွာသောမြည်း ရှန်ရှစ်ယီးလန်" ဟု ထွင်းထားပြီး အောက်တွင် စာလုံးသေးတစ်ကြောင်း ရှိသေးသည်။ သူ သေချာ မကြည့်လိုက်ရသော်လည်း ရှန်ကျိဆိုင်၏ လိပ်စာ ဖြစ်လောက်သည်။

ကျန်းလျို့ပေါင်တစ်ယောက် ကြောင်အသွားတော့သည်။ ဘယ်အိမ်က မြည်းကောင်းမို့လို့ နာမည်ကို ရှန်ရှစ်ယီးလန် လို့ ပေးထားရတာလဲ။

မြည်းလည်ပင်းမှ ခေါင်းလောင်းသံ တဖြည်းဖြည်း ဝေးကွာသွားသည်နှင့် ကျန်းလျို့ပေါင် အမြန်လှည့်ပြန်လာရာ မည်သူမျှ ထမင်းဆင်းမယူကြသည်ကို တွေ့လိုက်ရသဖြင့် ဒေါသထွက်ကာ လှေကားဘက်သို့ လှမ်းအော်လိုက်တော့သည်။

"ထမင်းရောက်နေပြီ၊ မင်းတို့ကောင်တွေ ငါ့ကို အပေါ်ထိ လာပို့စေချင်နေတာလား။ ကိုယ့်ဘာသာ ဆင်းယူကြ၊ ငါက မီးနေသည်ကို ပြုစုနေတဲ့ အဘွားကြီး မဟုတ်ဘူးကွ”

"လာပါပြီ လာပါပြီ”

အာ့ဟူက ပထမဆုံး လှိမ့်ဆင်းလာပြီး သူ့ဇလုံကြီးနှင့် မန်ထိုကို ယူလိုက်ကာ ဟူမာကျစ်အတွက်ပါ တစ်ခါတည်း ယူသွားပေးလေသည်။ ချောင်ရှင်းက မြင်လိုက်ပြီး ဆဲဆိုလိုက်သည်။

"မင်း ဘာလို့ ငါ့ဟာပါ ကူမယူပေးတာလဲ”

တော်သေးသည်က သူ လမ်းတစ်ဝက်ရောက်သည်နှင့် ကျန်းလျို့ပေါင်က သူ့ထမင်းဟင်းကို ကမ်းပေးလိုက်ခြင်းပင်။

လေးယောက်သား မီးဖိုကို ဝိုင်းဖွဲ့ကာ နောက်ဆုံးတော့ အားရပါးရ စားသောက်နိုင်ကြပြီ ဖြစ်သည်။

"ဒီသုံးထပ်သားပေါင်းက အရသာရှိလိုက်တာကွာ”

အာ့ဟူက မွှေးကြိုင်နေသည့် မုန်ညင်းချဉ်ခြောက် သုံးထပ်သားပေါင်းကို ပထမဆုံး စားလိုက်သည်။

သူသည် ဆီရောင်တလက်လက် တောက်ပနေသည့် ဝက်သားသုံးထပ်သား အတုံးကြီးကို ပါးစပ်ထဲ တန်းထည့်လိုက်၏။ အဆီနှင့် အရေခွံတွဲနေသည့် အပိုင်းသည် နူးအိနေအောင် ပေါင်းထားသဖြင့် ပါးစပ်ထဲတွင် အဆီအီသည်ဟု လုံးဝ မခံစားရပေ။ အသားအပိုင်းက မုန်ညင်းချဉ်၏ ငန်ကျိကျိအရသာနှင့် အရည်ပျစ်ပျစ်ကို စုပ်ယူထားသဖြင့် ဝါးလေ မွှေးလေ ဖြစ်နေသည်။

ဒီမုန်ညင်းချဉ်ခြောက် သက်သက်စားလျှင်လည်း အလွန် စားကောင်းသည်။ ဤအရွက်ခြောက်သည် အချဉ်ဖတ်နှင့်မတူဘဲ ထူးခြားသည့် အမွှေးနံ့ရနေရုံသာမက ဝက်သားသုံးထပ်သားနှင့် အတူရောချက်ထားသဖြင့် ဆီဝင်းပြီး နူးညံ့နေကာ ငန်သလိုလိုနှင့် ချိုမြမြ အရသာရှိသည်။ မုန်ညင်းချဉ်အနှစ်ကို ထမင်းပေါ် ဆမ်းလိုက်ပြီး ဆီရွှဲရွှဲထမင်းနှင့်စားလျှင် ဟင်းတစ်မယ်တည်းနှင့်ပင် ထမင်းသုံးပန်းကန်လောက် စားနိုင်သည်ဟု အာ့ဟူ ခံစားလိုက်ရသည်။

"ဒီမုန်ညင်းချဉ် လုပ်ထားတာ တကယ်ကောင်းတယ်၊ ငါက စကားမတတ်တော့ တခြား ဘယ်လိုပြောရမလဲ မသိဘူး၊ ကောင်းတယ်ကွာ၊ တော်တော်ကောင်းတယ်”

အာ့ဟူက မုန်ညင်းချဉ်ကို ပါးစပ်အပြည့်ဝါးရင်း ထမင်းကို လွေးနေတော့သည်။

အသားစားရတာ များလာသဖြင့် သူက ရှာလကာရည်နှင့် ချက်ထားသော မုန်ညင်းဖြူကို တစ်လုပ် ယူစားလိုက်ရာ စိတ်လှုပ်ရှားစွာဖြင့် တအင်းအင်း အော်မြည်လိုက်ပြီး ဟင်းကို တူဖြင့်ညွှန်ပြကာ မျိုချဖို့ပင် မစောင့်နိုင်ဘဲ ဟူမာကျစ်ကို ပြောလိုက်သည်။

"မုန်ညင်းဖြူကလည်း အရမ်းကောင်းတယ်”

"ငါ မြည်းကြည့်မယ်”

ဟူမာကျစ်က အားမနာဘဲ သူ့ပန်းကန်ထဲမှ မုန်ညင်းဖြူတစ်ဖတ်ကို တူဖြင့် လှမ်းနှိုက်စားလိုက်ရာ ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားတော့သည်။

တကယ် မဆိုးပါဘူး။ ကြွပ်ရွပြီး စားကောင်းသလို ချဉ်ချဉ်ချိုချိုနှင့် ခံတွင်းမြိန်စေသည်။ မုန်ညင်းဖြူက ဆောင်းတွင်းတွင် တွေ့နေကျ ဟင်းသီးဟင်းရွက် ဖြစ်သဖြင့် ဟူမာကျစ်က အစောကြီးကတည်းက ရိုးအီနေပြီဟု ထင်ခဲ့သော်လည်း ဤထူးခြားသည့် အချဉ်အရသာကို စားလိုက်ရသည့်အခါ အရသာက လုံးဝ ကွဲပြားနေသည်။ အရိုးကို ကိုက်လိုက်လျှင် ကြွပ်ခနဲမြည်ပြီး အရွက်က အချဉ်ရည်ကို စုပ်ယူထားသဖြင့် ချောချောအိအိလေး ဖြစ်နေသည်။

ရှာလကာရည်၊ ပဲငံပြာရည်နှင့် အငန်အရသာတို့က အရွက်ပေါ်တွင် စွဲကပ်နေသဖြင့် စားရသည်မှာ အလွန် အီပြေစေသည်။ ကျောက်ဖရုံသီးအကြော်လည်း ရှိသေးသည်။ ကြည့်လိုက်လျှင် ရိုးရှင်းပြီး ထူးခြားပုံမရသော်လည်း အမှန်တကယ်တွင် အနေတော် ချက်ပြုတ်ထားသည်။ ထိပ်ပိုင်းက ကြွပ်ဆတ်ဆတ် အရသာရှိပြီး အသားနှင့်ကပ်သည့် နေရာသို့ ရောက်လေ ပိုပြီး နူးညံ့ကာ ချိုမြိန်လေ ဖြစ်သည်။

အရသာလေးလံသည့် မုန်ညင်းချဉ် သုံးထပ်သားပေါင်းကို စားပြီးနောက် ဤကျောက်ဖရုံသီးကို စားလိုက်လျှင် လန်းဆန်းသည့် အရသာကို ခံစားရနိုင်သည်။

အားလုံးက ခံတွင်းတွေ့တာချည်းပဲ။ အာ့ဟူက စားကောင်းလွန်းသဖြင့် နောက်ဆုံးတွင် ဟင်းရည်တောင် မကျန်တော့ဘဲ ပြောင်စင်အောင် စားပစ်လိုက်သည်။

ဟူမာကျစ်လည်း ထိုနည်းလည်းကောင်းပင်။ စားသောက်ပြီးနောက် ပန်းကန်ခွံကို ကိုင်ကာ ပျင်းရိစွာ မှီထိုင်နေပြီး ခုနက ဟင်းအရသာကို ပြန်တွေးနေမိသည်။

ကြက်သားကုန်းပေါင်က ဒီလောက် စားကောင်းမယ်လို့ ထင်မထားဘူး။ စစ်သူကြီးယွဲ့ ကြိုက်နှစ်သက်သည့် ကြက်သားဟင်း ဖြစ်ရကျိုးနပ်ပါပေတယ်။ ကြက်သားက နူးညံ့ပြီး အိစက်နေကာ ပါးစပ်ထဲ ထည့်လိုက်လျှင် စပ်ရှိန်းရှိန်းလေး စတင် ခံစားရပြီးနောက် အချိုအရသာ ထွက်ပေါ်လာသည်။ အစပ်သည်က သိပ်မစပ်၊ အချိုကလည်း သိပ်မချိုဘဲ ကြက်သား၏ လတ်ဆတ်မှုနှင့် နူးညံ့မှုကို ပိုပေါ်လွင်စေသည်။

တကယ်တော့ ဟင်းထဲတွင် အချဉ်အရသာ ပါနေပြီး ရှာလကာရည် ထည့်ထားမှာ သေချာသည်။ သို့သော် စားရသည်မှာ လုံးဝ မထူးဆန်းဘဲ ထိုအချဉ်အရသာက မွှေးကြိုင်ပြီး ကြွပ်ရွနေသည့် မြေပဲဆံအပြင်ဘက်တွင် ကပ်နေသည်။ ဝါးလိုက်လျှင် ကြွပ်ရွမွှေးကြိုင်နေပြီး အတွင်းမှ မုန်လာဥနီ၊ သခွားသီးတို့ကလည်း ကြွပ်ဆတ်နေသဖြင့် သူ့ကို တစ်လုပ်ပြီးတစ်လုပ် မရပ်မနား စားမိစေသည်။

ကြက်သွန်ဖြူနှင့် မုန်လာဥဝိုင်းကလည်း စားကောင်းသည်။ အတုံးလိုက် လှီးထားသည့် မုန်လာဥဝိုင်းတိုင်းတွင် ကြက်သွန်ဖြူစများနှင့် ကပ်နေပြီး ကြော်ထားသည်က အနည်းငယ် ကြွပ်ရွနေသည်။ ပြုတ်ထားသည်ထက် စားရတာ ပိုကောင်းပြီး အထူးသဖြင့် ကြက်သွန်ဖြူ၏ ပြင်းထန်သော အနံ့က မုန်လာဥဝိုင်း၏ မူလ အရသာပေါ့ပျက်ပျက်နိုင်မှုကို မျှခြေဖြစ်သွားစေသည်။

ဘယ်လိုစားစား စားကောင်းနေသည်။ ရိုးရှင်းသည့် ဟင်းလျာများ ဖြစ်သော်လည်း စားရသူကို ကျေနပ်ပီတိ ဖြစ်စေသည်။

ဒါသည် ရှန်မြောင်၏ စွမ်းရည်ပင်။ သူမသည် သာမန်ဟင်းလျာများကို အခြား စားသောက်ဆိုင်များထက် သာလွန်အောင် ချက်ပြုတ်နိုင်စွမ်း ရှိသည်။ ရှားပါးသည့် ဟင်းချက်ပစ္စည်းများ မထည့်ထားသလို ထူးဆန်းသည့် ဟင်းခတ်အမွှေးအကြိုင်များလည်း မသုံးထားပေ။ သာမန် အိမ်ချက်ဟင်း လက်ရာမျိုးသာ ဖြစ်သော်လည်း ပါးစပ်ထဲရောက်သွားလျှင် အရသာက လုံးဝ ကွဲပြားနေသည်။

ကျန်းလျို့ပေါင်က ပါးစပ်ကို သုတ်လိုက်ပြီး ကျယ်လောင်စွာ လေတက်လိုက်ကာ ရေရွတ်လိုက်သည်။

"ခေါက်ဆွဲပြုတ်က စားကောင်းပေမယ့် ဆက်တိုက်စားရင် အီသွားတာပဲ။ ဒီနေ့လို ပူပူနွေးနွေး ထမင်းဟင်း စားလိုက်ရတာ တကယ်ကောင်းတယ်။ ဒီထမင်းတစ်နပ် စားပြီးတာနဲ့ ငါ့ခြေလက်တွေတောင် နွေးသွားသလိုပဲ”

ချောင်ရှင်းကတော့ ခေါင်းငုံ့ပြီး သည်းကြီးမည်းကြီး စားသောက်နေသည်။ အာရုံစိုက် စားလွန်းသဖြင့် စကားပင် မပြောချင်ပေ။ စားပြီးသွားမှ ကိုယ်ပေါ် ကျနေသည့် ထမင်းစေ့များကို တစ်စေ့ချင်း ကောက်ယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။ ထို့နောက်မှ လေပူတစ်ချက် မှုတ်ထုတ်ကာ ကျေနပ်စွာ ညည်းတွားလိုက်သည်။

"ငါက ပုံမှန်ဆို ထမင်းထဲ ဟင်းရည်ဆမ်းစားရတာ မကြိုက်ဘူး၊ ဒါပေမဲ့ ရှန်ညန်ဇီ လက်ရာက ကောင်းလွန်းတော့ စားရတာ လုံးဝ မအီဘူး။ အခု ဗိုက်ပြည့်သွားပေမယ့် ပါးစပ်က တောင်းတနေတုန်းပဲ၊ တစ်ခုခု ထပ်စားချင်နေသလိုပဲကွာ”

ကျန်းလျို့ပေါင် ကြားလိုက်သည်နှင့် မနက်ဖြန်အတွက် ဟင်းများကို သတိရသွားပြီး အိတ်ထဲမှ ဟင်းလျာစာရင်းကို အမြန်ထုတ်ကာ ဖတ်ပြလိုက်သည်။

"ရှန်ညန်ဇီက မနက်ဖြန်အတွက် စာရင်း ပေးသွားတယ်၊ ငါ မင်းတို့ကို ဖတ်ပြမယ်... ဟေ၊ ထူးဆန်းလိုက်တာ၊ ဒီနေ့နဲ့ မတူတော့ဘူးပဲ။ ပထမတစ်မျိုးက ကျန်းနန်ရှီးလမ်း (ကျန်းရှီး) သုံးခွက်ချက် ကြက်သားထမင်းတဲ့။ အဲဒီမှာ ကြက်ဥပေါင်း၊ ပဲငါးပိဂေါ်ဖီထုပ် တစ်ပွဲ ပါမယ်။ ဟာ၊ ရှန်ညန်ဇီက နေရာအနှံ့က တောင်ပိုင်းဟင်းလျာတွေကိုပါ ချက်တတ်တာလား၊ သွားလာနေတဲ့ ကုန်သည်တွေဆီက သင်ထားတာ ဖြစ်လောက်တယ်၊ ပြီးခဲ့တဲ့တစ်ခေါက်က ဟုန်ကျိုးက လက်ဖက်ခြောက် လာရောင်းတဲ့သူကို ငါ တွေ့လိုက်သေးတယ်။ ရှန်ညန်ဇီက တကယ် တော်လွန်းတာပဲ”

"နောက်တစ်ခုက ဝက်သားနီချက်ထမင်း၊ တွဲဖက်ဟင်းကလည်း ကြက်ဥနဲ့ ဂေါ်ဖီထုပ်ပဲ။ နောက်ဆုံးတစ်ခုက ကြက်သွန်မြိတ် ဝက်သားခြောက်ကြော်ထမင်း၊ တွဲဖက်ဟင်းက အတူတူပဲ။ ဒါပေမဲ့ ဒီနေ့ထက် ဟင်းရည်တစ်ခွက် ပိုပါလာတယ်၊ မုန်ညင်းထုပ် ဟင်းရည်ကြည်တဲ့။ မင်းတို့ ဘယ်ဟာ စားကြမလဲ။ ငါတော့ ကျန်းနန်ကြက်သား စားမယ်၊ ငါ ဒီလောက် အသက်ကြီးတာတောင် မမြည်းဖူးသေးဘူး”

"ငါလည်း ကြက်သား ယူမယ်”

"ဝက်သားနီချက်၊ ငါ ဝက်သားနီချက် အကြိုက်ဆုံးပဲ”

"ဒါဆို ငါ ကြက်သွန်မြိတ် မှာမယ်၊ ငါတို့တွေ လဲစားလို့ ရတာပေါ့”

လေးယောက်သား ထိုဟင်းလျာစာရင်းကို ဝိုင်းကြည့်နေကြသည်။ ဗိုက်ထဲတွင် နွေးထွေးနေပြီး အမှန်တကယ် ဗိုက်ပြည့်နေပြီ ဖြစ်သော်လည်း ဆွေးနွေးလို့ ကောင်းနေကြဆဲပင်။ ယခု တာဝန်ထမ်းဆောင်နေရသည်မှာ စားကောင်းသောက်ဖွယ်များ စားရတော့မည်ဖြစ်၍ မျှော်လင့်ချက် ရှိနေသကဲ့သို့ ခံစားရပြီး နေ့ရက်များ ပျင်းစရာကောင်းသည်ဟု မထင်တော့ပေ။

ရှန်မြောင်သည် ထမင်းဘူး ပို့ပြီး၍ ပြန်လာသည့်လမ်းတွင် ကင်းလှည့်ပြီး ပြန်လာသည့် နည်းပြလင်းနှင့် တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့သည်။ သူမသည် ထမင်းဘူး ချိန်ညှိမည့် နည်းလမ်းကို စဉ်းစားထားပြီးဖြစ်ရာ နည်းပြလင်းနှင့် တိုင်ပင်ပြီး သဘောတူညီချက် ရသည်နှင့် အိုးလုပ်ငန်းသို့ တန်းသွားကာ လေးထောင့်ပန်းကန်ပြား ဒါဇင်အနည်းငယ် မှာယူလိုက်သည်။

ထိုပန်းကန်ပြား၏ ဘေးလေးဖက်မှာ အနည်းငယ် ကော့တက်နေပြီး အလယ်တွင် ခွက်နေကာ အသွင်အပြင်မှာ ခေတ်သစ်မှ စတီးထမင်းဗန်းနှင့် တော်တော်လေး ဆင်တူသည်။ ရှန်မြောင်က အိုးလုပ်ငန်းမှ ဆရာကြီးကို အကန့်သုံးကန့် ခွဲခိုင်းထားလိုက်ကာ ဟင်းနှင့် ထမင်း ထည့်ရန် ကွက်တိဖြစ်ပြီး အနံ့များ ရောနှောသွားမည် မဟုတ်တော့ပေ။

ထိုအချိန်ရောက်လျှင် သူမသည် ထမင်းလာပို့ပါက ဤပန်းကန်များကို ယူဆောင်လာမည်ဖြစ်ပြီး ထမင်းမှာသည့် စစ်သည်များက ပန်းကန်အတွက် စရံငွေ ပေးထားရုံသာ ဖြစ်သည်။

အကယ်၍ ထမင်း မမှာချင်တော့လျှင် စရံငွေ ပြန်ထုတ်ယူနိုင်သည်။ ဤနည်းအားဖြင့် ထုပ်ပိုးခ ထပ်ပေးရသည်ကို မကျေနပ်ဖြစ်မည့် ကိစ္စများ ရှိတော့မည် မဟုတ်ပေ။

ရှန်မြောင်သည် ဤအမြန်စား အစားအစာ လုပ်ငန်းကို တစ်ဆင့်ချင်း တိုးချဲ့လုပ်ကိုင်ရန် စိတ်ကူးထားသည်။ နောက်ပိုင်းတွင် ဆိုင်ခန်းငယ်လေးတစ်ခု သီးသန့်ငှားရမ်းပြီး အမြန်စား အစားအစာဆိုင် ဖွင့်ကာ သူမ၏ ခေါက်ဆွဲဆိုင်နှင့် ခွဲခြားထားလိုက်မည်။ သည်အမြန်စား အစားအစာဆိုင်ကို မျှော်စင်အများစုနှင့် ခိုင်ဖုန်းရုံးတော် အလယ်လောက်ကျသည့် နေရာတွင် ရှာဖွေရမည်။ အတွင်းဘက် နေရာကျယ်စရာ မလိုပေ။ အဓိကမှာ အုပ်စုလိုက် ထမင်းဘူး ပို့ဆောင်ခြင်းဖြစ်ရာ အခန်းကျဉ်းလေး တစ်ခန်း ငှားရမ်းလျှင် လုံလောက်ပြီဖြစ်ပြီး ငှားရမ်းခလည်း သိပ်စျေးကြီးမည် မဟုတ်ပေ။

သို့သော် ဆိုင်ထဲတွင် စားပွဲအနည်းငယ် ခင်းထားနိုင်လျှင် ပိုကောင်းသည်။ သို့မှသာ ရံဖန်ရံခါ လာရောက်စားသောက်သည့် ဧည့်သည်များကို လက်ခံနိုင်မည်။ သို့သော် အဓိကအားဖြင့် ပါဆယ်နှင့် အုပ်စုလိုက် အစားအသောက် ပို့ဆောင်ခြင်းကိုသာ ဦးစားပေးမည်။

သူမသည် နောက်ရက်အနည်းငယ်ကြာလျှင် ရှေ့နေတုန့်ကို သွားရောက်တွေ့ဆုံရန် ပြင်ဆင်ထားလိုက်သည်။ သူမက ငွေကြေးအနည်းငယ် ထုတ်ပေးပြီး ရုံးတော်အတွင်း သူ၏ ပိုင်နိုင်လှသော လူမှုဆက်ဆံရေးကို အသုံးပြုကာ မိတ်ဆက်ပေးခိုင်းမည်။ ထို့နောက် ရုံးတော်ဌာန အသီးသီးမှ စာရေးများနှင့် သည်အုပ်စုလိုက် ထမင်းဘူးကိစ္စကို ဆွေးနွေးကြည့်မည်။ ဖြစ်နိုင် မဖြစ်နိုင် စမ်းသပ်ကြည့်ရမည်။

အကယ်၍ အဆင်ပြေလျှင် ယွမ်ရှောင်းပွဲတော်ပြီးနောက် ရုံးပြန်ဖွင့်သည်နှင့် ထမင်းဘူးလုပ်ငန်းကို စစ်သည်များထံမှ ခိုင်ဖုန်းရုံးတော်တော်ထိ တိုးချဲ့နိုင်ပေလိမ့်မည်။

ဒီလိုဆိုလျှင်တော့ သူမ လူငှားရဦးမည်။ သို့သော်... ထားလိုက်ပါတော့။ နွေဦးပေါက်လျှင် ဘဲခြံအတွက်လည်း လူငှားရမည်ဖြစ်ရာ တစ်ခါတည်း ဖြေရှင်းလိုက်တော့မည်။

သည်အမြန်စား အစားအစာဆိုင်မှ ဟင်းလျာများမှာ အိမ်ချက်ဟင်းများသာ ဖြစ်သည်။ ချက်ပြုတ်နည်းများ ပျံ့နှံ့နေပြီဖြစ်သော စုန့်ခေတ်တွင် ထူးခြားသည့်အရာ မဟုတ်သလို လျှို့ဝှက်ချက်လည်း မရှိပေ။ ထို့ကြောင့် ကျွန် ဝယ်စရာမလိုဘဲ ပုံမှန် အလုပ်သမား ငှားရမ်းလျှင်လည်း ရသည်။

ရှန်မြောင်သည် ပုကွကွ လူပွဲစားကိုပင် ရှာဖွေပြီး ချိတ်ဆက်ခိုင်းရန် ပြင်ဆင်ထားသည်။ ဘဲခြံလုပ်သားနှင့် ချက်ပြုတ်ကျွမ်းကျင်သည့် စားဖိုမှူး၊ ထမင်းပို့မည့် အလုပ်သမား နှစ်ယောက်နှင့် စာရင်းကိုင်တစ်ယောက် ငှားရမ်းမည်။ သူမ၏ အမြန်စား အစားအစာဆိုင်ကို အကြီးကြီး လုပ်ရန် အစီအစဉ် မရှိပေ။ သည်လူများနှင့်ဆိုလျှင် နေ့စဉ် လည်ပတ်ရန် လုံလောက်သည်။

အမြန်စား အစားအစာဆိုင်မှ ဟင်းလျာများအတွက် ရှန်မြောင် ကိုယ်တိုင် ချက်ပြုတ်မည် မဟုတ်ဘဲ ငှားရမ်းထားသည့် စားဖိုမှူးကို လွှဲအပ်ထားမည်။ သူမက ခေါက်ဆွဲဆိုင်တွင်သာ အဓိက အလုပ်လုပ်မည်။ အမြန်စား အစားအစာဆိုင်၏ စီးပွားရေးအတွက် သူမက နေ့စဉ် ဟင်းလျာစာရင်းနှင့် ဟင်းအသစ် မထွက်ခင် အရည်အသွေး ထိန်းချုပ်ခြင်းကိုသာ ကိုင်တွယ်မည်။ စားဖိုမှူးကို ချက်ခိုင်းပြီး သူမမြည်းစမ်းကြည့်ကာ အဆင်ပြေလျှင် စံချိန်စံညွှန်းနှင့် အရသာကို သတ်မှတ်ပေးလိုက်မည်။

နောက်ဆုံးတွင်တော့ သည်အမြန်စား အစားအစာဆိုင်၏ ရည်ရွယ်ချက်မှာ အကောင်းဆုံး အရသာကို ရှာဖွေခြင်း မဟုတ်ဘဲ အဆင်ပြေခြင်း၊ မြန်ဆန်ခြင်းနှင့် တန်ဖိုးသင့်ခြင်းကိုသာ ဦးစားပေးခြင်း ဖြစ်သည်။ ထို့ကြောင့် စားသောက်ရာတွင် သူမ၏ စံသတ်မှတ်ချက်၌ အလယ်အလတ်အဆင့် အထက် ရောက်ရှိလျှင် လုံလောက်ပြီ ဖြစ်သည်။

ရှန်မြောင်သည် ဤကာလအတွင်း ရောင်းရငွေ အမြတ်အစွန်းများနှင့် စားသောက်ပွဲ စီစဉ်ပေးပြီး ရရှိသည့် ငွေပိုများကို သေသေချာချာ တွက်ချက်ကြည့်လိုက်ရာ ဤရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်များကို ကာမိသည်ဟု ခန့်မှန်းရသည်။

ငွေကို မြေအောက်ခန်းထဲ ဝှက်ထားရုံဖြင့် ပွားလာမည် မဟုတ်ပေ။

အရင်ဘဝတုန်းက သူမ တွေဝေပြီး ရှေ့မတိုးရဲ ဖြစ်နေချိန်တွင် အဘိုးက သူမကို မကြာခဏ ပြောဖူးသည်။ စီးပွားရေး လုပ်တတ်ချင်ရင် အရင်ဆုံး ငွေသုံးတတ်ဖို့ သင်ယူရမယ်၊ စီးပွားရေးကို မပြတ် တိုးချဲ့မှသာ ငွေက ငွေကို မွေးပြီး ကြွယ်ဝမှုတွေ ပိုများလာမှာ ဖြစ်တယ်။ ဒါပေမဲ့ ခြေလှမ်းကိုလည်း အရမ်းကျဲလို့ မဖြစ်ဘူး၊ မဟုတ်ရင် အခက်တွေ့လိမ့်မယ်။

ရှန်မြောင်သည် သူမ၏ လျှောက်လှမ်းလာပုံကို ပြန်ကြည့်လျှင် အတော်လေး သတိကြီးသည်ဟု ခံစားရသည်။ ရွေးချယ်လိုက်သည့် စီးပွားရေး လမ်းကြောင်းများကလည်း သေသေချာချာ စဉ်းစားပြီးမှ လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ လိုအပ်ချက် ရှိမှသာ ရောင်းလိုအား ရှိမည်။ သူမသည် ခေတ်သစ်လူ၏ အမြင်ဖြင့် ဤလိုအပ်ချက်များကို သတိပြုမိခဲ့ပြီး အခွင့်အရေးကို အရယူကာ စားသုံးသူများ၏ အလေ့အကျင့်ကို ကြိုတင် ပြုစုပျိုးထောင်ရမည်။

လူဆိုသည်မှာ အလေ့အကျင့် ရှိတတ်ကြသည်။ ဆိုင်တစ်ဆိုင်၏ အရသာ၊ ဟင်းလျာ၊ လည်ပတ်ပုံ သို့မဟုတ် ဖွင့်ချိန်တို့ကို အသားကျသွားလျှင် မသိစိတ်က အလိုလို သွားစားမိတတ်ကြသည်။

သူမ၏ ဤအုပ်စုလိုက် ထမင်းဘူး ပုံစံသည် အလုပ်များလွန်းသဖြင့် ထမင်းထွက်မဝယ်နိုင်သည့် ရှေးခေတ် ဝန်ထမ်းများ၊ အလုပ်ရုံမှ လက်မှုပညာရှင်များ၊ လက်လုပ်လက်စားများနှင့် စာသင်ကျောင်း၊ ပုဂ္ဂလိက ကျောင်းများတွင် ပိတ်လှောင်ခံထားရပြီး ကျောင်းအစားအစာကိုသာ စားရသည့် စာသင်သားများအတွက် အလွန် သင့်လျော်လေသည်။

ပထမလူတန်းစားမှာ အချိန်ကျပ်တည်းသဖြင့် အပြင်ထွက် စားသောက်ရန် အချိန်မရှိကြပေ။ ဒုတိယလူတန်းစားမှာ ရွေးချယ်စရာ မရှိသဖြင့် အရသာ ပြောင်းလဲရန်အတွက် အကြိမ်အနည်းငယ် မှာယူကြလိမ့်မည်။

အစကတည်းက ရှန်မြောင်သည် သူမ၏ ဈေးကွက်နေရာကို တိတိကျကျနှင့် "ကျဉ်းမြောင်း" စွာ ရွေးချယ်ထားသည်။ သူမ၏ အမြန်စား အစားအစာဆိုင်သည် သာမန် စားသုံးသူများအတွက် မဟုတ်ဘဲ အလုပ်များသူများအတွက် သီးသန့် ရည်ရွယ်ထားခြင်းပင်။

စစ်သည်များသည် ထိုအထဲမှ တစ်ခုဖြစ်သည်။ သူတို့သည် သိပ်မလုပ်ရသော်လည်း တာဝန်မှ ခွာ၍မရပေ။ စားသောက်ရန် စစ်တပ်ထမင်းစားဆောင် မရှိသလို အများစုမှာ အိမ်ထောင်မရှိသည့် လူပျိုလူလွတ်များ ဖြစ်ကြရာ ဤအုပ်စုလိုက် ထမင်းဘူးအတွက် လိုအပ်ချက်က အလွန် ကြီးမားလေသည်။

...

အပိုင်း (၁၄၄)

ခိုင်ဖုန်းရုံးတော်ဖက်တွင်တော့ ရှန်မြောင်သည် ချန်ချွမ်း ပြန်ပေးဆွဲခံရသည့်အမှုကို စုံစမ်းရန် အကြိမ်များစွာ သွားရောက်ခဲ့ဖူး၏။ အရာရှိများသည် အမှန်တကယ်ပင် ခြေမလည်အောင် အလုပ်များနေကြကြောင်း သူမ လေ့လာမိခဲ့လေသည်။

အထူးသဖြင့် ရုံးတော်အတွင်းရှိ စာရေးအရာရှိလေးများသည် အောက်ခြေအကျဆုံးနှင့် အပင်ပန်းဆုံး ဖြစ်ကြလေသည်။ သူတို့တွင် ရာထူးအဆင့်အတန်း မရှိသလို လစာမှာလည်း နည်းပါးလှရာ ရှေ့နေတုန့်ကဲ့သို့ လူများ၏ "ဂါရဝပြုခြင်း" မှ ရရှိသည့် မစို့မပို့ အပိုဝင်ငွေကို အားပြုမှသာ အဆင်ပြေပြေ နေထိုင်နိုင်ကြခြင်း ဖြစ်လေသည်။

သို့သော် ထိုထမင်းအိုးကို တည်ရသည်မှာလည်း မလွယ်ကူလှပေ။ သူတို့ အထက်တွင်လည်း သူတို့က ပြန်လည် ဂါရဝပြု ဧည့်ခံရမည့် အရာရှိအကြီးအကဲများ မနည်းလှချေ။ တစ်ဆင့်နှင့်တစ်ဆင့် ဖိနှိပ်ထားကြခြင်း ဖြစ်ပြီး ဤအကြောင်းများကို ရှေ့နေတုန့်က စကားစမြည်ပြောရင်း သူမကို ဖွင့်ပြောပြခဲ့ခြင်း ဖြစ်လေသည်။

သူမ အကြိမ်ကြိမ် လေ့လာကြည့်ရှုချက်အရ ရုံးတော်အတွင်းရှိ စာရေးအရာရှိ အများစုသည် အပေါ်ယံတွင် တောက်ပြောင်နေသော်လည်း ထမင်းချိုင့် ကိုယ်တိုင်ယူလာသူ သို့မဟုတ် အစေခံများ လာပို့သူမှာ လူနည်းစုသာ ရှိလေသည်။ သူတို့အများစုမှာ ထင်သလောက် မချမ်းသာကြပေ။ တစ်ယောက်တည်း လုပ်ကိုင်ပြီး မိသားစုဝင် တစ်ဆယ်ကျော်ကို ရှာဖွေကျွေးမွေးနေရသူ ရှိသလို အိမ်တွင် "လင်မယားနှစ်ယောက်စလုံး အလုပ်လုပ်" ပြီး ဇနီးဖြစ်သူက အိမ်စရိတ်ကာမိစေရန် အခြားတောက်တိုမယ်ရ အလုပ်များကို ရှာဖွေလုပ်ကိုင်ရသူများလည်း ရှိလေသည်။ အိမ်ငှားခအကြွေး ဆပ်နေရသူများလည်း ရှိကြ၏။

ရှန်မြောင် ရည်ရွယ်ထားသည့် အမြန်စား အစားအစာသည် ဈေးနှုန်းသက်သာပြီး အရည်အသွေး ကောင်းမွန်ကာ အရသာလည်း မဆိုးလှပေ။ ယခုအချိန်သည် အခွင့်ကောင်းဖြစ်ရာ အစောင့်တပ်များမှစ၍ စမ်းသပ်လုပ်ကိုင်ကြည့်ရမည်။ ထို့နောက် ခိုင်ဖုန်းရုံးတော်နှင့် ပူးပေါင်းလုပ်ကိုင်ရန် အခွင့်အရေး ရမရ ကြည့်ရပေလိမ့်မည်။

အကယ်၍ အဆင်ပြေသွားပါက နောင်တွင် တော်ဝင်ကျောင်းတော်နှင့် အခြားရုံးတော်များကိုလည်း စီးပွားရေး သွားရောက်ဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်နိုင်ပေလိမ့်မည်။

ကျိအာ ရှိသည့် ဖိယုံးစာသင်ကျောင်းတွင်လည်း ဤအုပ်စုလိုက် ထမင်းဘူးစနစ်ကို ဖြန့်ချိနိုင်လေသည်။ အကယ်၍ အမြန်စား အစားအစာအတွက် သီးသန့်ဆိုင်ငယ်လေး ရှိလာပါက အလုပ်မနိုင်မနင်းဖြစ်မည်ကို စိုးရိမ်စရာ မလိုတော့ပေ။ လမ်းခရီး အနည်းငယ် ဝေးကွာလျှင်လည်း လှည်းဖြင့် သွားပို့လိုက်ရုံသာ ဖြစ်သည်။

ထို့ကြောင့် ရှန်မြောင်သည် မြည်းနှစ်ကောင်နှင့် ထမင်းပို့လှည်း နှစ်စီး ထပ်ဝယ်ရဦးမည်ဟု တွေးတောမိလိုက်သည်။ ထိုလှည်းကို အတွင်းဘက်တွင် ထမင်းဟင်းပုံးကြီးများ ထည့်နိုင်အောင် ပုံစံထုတ်ရမည်ဖြစ်ပြီး လေးဘက်လေးလံ လုံခြုံပိတ်ထားကာ အပူထိန်းနိုင်အောင်လည်း လုပ်ရပေမည်။ သို့မှသာ ထမင်းဟင်းများ အေးစက်သွားမည်ကို စိုးရိမ်စရာ မလိုတော့ပေ။

ရုံးခန်းများသို့ အုပ်စုလိုက် ထမင်းဘူးပို့သည့် ဤအလုပ်မျိုးကို ရှန်မြောင် အရင်ဘဝကလည်း လုပ်ဖူးလေသည်။ ထိုအချိန်တုန်းကတော့ လွယ်ကူလှသည်။ ဖော့ဘူးအကြီးစားကို အပြင်က ဘီးပါသည့် ရွက်ဖျင်တွန်းလှည်းနှင့် စွပ်လိုက်ပြီး ကုန်တင်ကားဖြင့် မြေအောက်ခန်းသို့ ပို့ကာ တင်ဆောင်သွားရုံပင်။ ခေတ်သစ်တွင် အပူထိန်းသည့် နည်းလမ်းများ များပြားလွန်းသဖြင့် လုံးဝ စိတ်ပူစရာ မလိုခဲ့ပေ။

စုန့်ခေတ်မှာတော့... ရှန်မြောင်သည် ယန်လောင်ဟန့်ကို သွားရှာရန် ဆုံးဖြတ်လိုက်၏။ ပုံဆွဲပြပြီး သူ့ကို မြည်းဖြင့် ဆွဲနိုင်မည့် သေတ္တာပုံစံ ထမင်းပို့လှည်းတစ်ခု အရင် စမ်းလုပ်ခိုင်းရမည်။

ရှန်မြောင်သည် သူမ၏ ရှန်ရှစ်ယီးလန်ကို ဆွဲပြီး အိမ်ပြန်လာသည့် လမ်းတစ်လျှောက်တွင် ဖြည်းဖြည်းချင်း အလုံးစုံ စဉ်းစားပြီးသွားလေပြီ။ တကယ်တော့ ဒါတွေအားလုံးသည် သူမ အရင်ဘဝက လျှောက်လှမ်းခဲ့ဖူးသည့် စီးပွားရေးလမ်းကြောင်းများသာ ဖြစ်သည်။ ယခုမူ နှစ်ထောင်ချီသော အတိတ်ကာလတွင် ကိုယ့်ခြေရာကိုယ် ပြန်နင်းပြီး ပြန်လျှောက်လှမ်းနေရသကဲ့သို့ ဖြစ်နေလေသည်။

၁၊ ၂၊ ၃၊ ၄... သေချာရေတွက်ကြည့်လျှင် သူမ လုပ်စရာကိစ္စများ မနည်းလှချေ။ ရှန်မြောင်တစ်ယောက် တက်ကြွမှုများ ပြည့်နှက်လာတော့သည်။ သူမသည် ဤခံစားချက်မျိုးကို သဘောကျလေသည်။ ပေးဆပ်ခဲ့ဖူးသည့် ကြိုးစားမှုအားလုံးသည် အနာဂတ်က သူမဆီသို့ စုဝေးရောက်ရှိလာပြီး သူမသည် တစ်လှမ်းချင်းစီ ရှေ့သို့ ဆက်သွားနေကာ နေ့စဉ် အရွေ့တစ်ခု၊ နေ့စဉ် တိုးတက်မှုတစ်ခု ရှိနေခြင်းပင်။

နေ့ရက်တိုင်းသည် သူမအတွက် အသစ်အဆန်း ဖြစ်နေသည်။ တကယ် ကောင်းမွန်လှပေ၏။

သူမသည် ကိုယ့်အတွက်ကိုယ် အလုပ်လုပ်နေခြင်းဖြစ်ရာ ပင်ပန်းသည်ဟု မခံစားရသလို ညည်းညူခြင်းလည်း မရှိပေ။ သူမ ရှာဖွေရရှိသည့် ဝမ်တစ်ပြားချင်းစီတိုင်းသည် ကိုယ့်အတွက်ကိုယ် ရှာဖွေနေခြင်းဖြစ်ရာ ဘာများ ညည်းတွားစရာ ရှိမည်နည်း။

သူမသည် "ကြိုးစားတာက စကားတစ်ခွန်းတည်း၊ ငါတစ်ခါပဲ ပြောမယ်" ဆိုသည့် သီချင်းကို ညည်းဆိုရင်း ယန်လျိုအရှေ့လမ်းကြားထိပ်သို့ ရောက်သည်နှင့် စစ်သူကြီးယွဲ့နှင့် စစ်သူကြီးရှီးတို့ ထပ်ရောက်လာကြသည်ကို မြင်လိုက်ရသည်။

ဒီတစ်ခါတွင် သူတို့သည် မြင်းကြီးများကို ဆွဲလာကြပြီး ကိုယ်ပေါ်တွင်လည်း မြင်းစီးရာတွင် အအေးဒဏ်ခံနိုင်သည့် ဝတ်စုံများ လဲလှယ်ဝတ်ဆင်ထားကြသည်။ သားမွေးဝတ်ရုံကြီးများ ခြုံထားပြီး သားမွေးဦးထုပ်များ ဆောင်းထားကြရာ ခရီးဝေးသွားတော့မည်မှန်း ကြည့်ရုံနှင့် သိသာနေလေသည်။

ယွဲ့ထန်သည် ခေါင်းလောင်းသံကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ ရှန်မြောင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူက လက်ကို အနည်းငယ် ယှက်ကာ ပြုံးလျက် ပြောလိုက်သည်။

"ခရီးမထွက်ခင် ရှန်ညန်ဇီရဲ့ လက်ရာကို နောက်တစ်ခေါက် လာမြည်းတာပါ”

ရှီးဖေးကျင်းသည် သူ၏ ကိုယ်လုံးတစ်ခုလုံး မည်းနက်နေပြီး အဖြူရောင်အမွှေး တစ်ပင်မှ မပါသည့် မြင်းနက်ကြီးကို ခေါက်ဆွဲဆိုင်ရှေ့တွင် ချည်နှောင်လိုက်ပြီး ခေါင်းလှည့်ကာ အလွန် ရင်းနှီးသည့်ပုံစံဖြင့် ပြောလိုက်လေသည်။

"ရှန်ညန်ဇီ စိတ်မဆိုးပါနဲ့၊ ပထမလထဲမှာပဲ ထပ်လာနှောင့်ယှက်မိပြန်ပြီ”

ရှန်မြောင်က ရှီးဖေးကျင်း၏ မြင်းကို တစ်ချက် ကြည့်လိုက်ပြီး ဒါကတော့ ဖရာရီမြင်းဟု ခေါ်ရမည် ဖြစ်ကြောင်း တွေးလိုက်လေသည်။ သူမသည် စိတ်ထဲတွင် သူများမြင်းကို တံဆိပ်ကပ်ပေးရင်း မြည်းလှည်းကို နေရာတကျ ရပ်နားလိုက်ကာ သူတို့ ဘာစားချင်လဲဟု မေးမြန်းလိုက်သည်။

ယွဲ့ထန်က စဉ်းစားမနေဘဲ ဖြေလိုက်သည်။

"တို့ဖူးပဲ စားချင်တယ်”

ရှီးဖေးကျင်းက ဝင်ပြောလိုက်သည်။

"ကျွန်တော်က သိုးသား စားမယ်”

ရှန်မြောင်က မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးရင်း ပြောလိုက်လေသည်။

"ဒါဆိုရင် တုန်းဖိုတို့ဖူး တစ်ပွဲ လုပ်ပေးပါမယ်၊ ဒီတုန်းဖိုတို့ဖူးက ရွှေအိုရောင်သန်းအောင် ကျော်ပြီးမှ ပြန်ချက်တာပါ၊ ရှန်းဖေးစေ့ နည်းနည်းထည့်ပြီး မြေအိုးလေးနဲ့ ပေါင်းချက်ထားတော့ အရမ်းမွှေးတယ်၊ စစ်သူကြီးယွဲ့ ကြိုက်မှာပါ။ စစ်သူကြီးရှီး၊ ရှင်က သိုးသား ပေါ်ရှာကုန်း မြည်းကြည့်မလား။ ဒီလို နှင်းကျတဲ့နေ့မှာ စားရင် အကောင်းဆုံးပဲ၊ ဟင်းရည်ကြည်ထဲမှာ ကြက်သွန်မြိတ်နဲ့ မုန်လာဥပဲ ထည့်ပြီး မီးဖိုနဲ့ တည်ထားတာ၊ ပါးပါးလှီးထားတဲ့ သိုးပေါင်သား လတ်လတ်ဆတ်ဆတ်ကို နှစ်ပြီး နှမ်းအနှစ်နဲ့ တို့စားရင် အရမ်း စားကောင်းတယ်”

နားထောင်ရင်း သူတို့ သွားရည်ကျလာသဖြင့် နှစ်ယောက်စလုံးက ကောင်းပြီဟု ပြောလိုက်ကြသည်။

ရှန်မြောင်သည် စစ်သူကြီးနှစ်ဦးကို ဆိုင်ထဲ ခေါ်သွားပြီး ခဏထိုင်စောင့်ရန် ပြောလိုက်သည်။ သူမသည် မီးဖိုချောင်ထဲဝင်ကာ ဟင်းပြင်ဆင်လေသည်။ အသားထည့်ထားသည့် ခြင်းတောင်းထဲတွင် အသားရွေးရန် ထိုင်ချလိုက်ပြီး သိုးသားလှီးရန်အတွက် နူးညံ့သည့် သိုးပေါင်တစ်ချောင်းကို ရှာဖွေလိုက်သည်။

ဆိုင်ထဲတွင် ယွဲ့ထန်က အေးဆေးစွာ ထိုင်စောင့်နေသော်လည်း ရှီးဖေးကျင်းကမူ မြင်းချည်တုန်းက ဘာနှင့် ပွတ်တိုက်မိမှန်းမသိဘဲ လက်ညစ်ပတ်သွားသည်ကို တွေ့လိုက်ရသည်။ မည်းမည်းကြီး ဖြစ်နေလေသည်။ သန့်ရှင်းမှုကို ဂရုစိုက်တတ်သူ ဖြစ်ရာ လက်ကိုင်ပုဝါဖြင့် သုတ်သော်လည်း မပြောင်သဖြင့် ကောင်တာရှေ့သို့ သွားပြီး မေးလိုက်သည်။

"ရှန်ညန်ဇီ၊ လက်ဆေးဖို့ ရေနည်းနည်းလောက် ခဏပေးသုံးပါလား”

ရှန်မြောင်က ရေနွေးတည်ပြီး သိုးသားလှီးနေပြီ ဖြစ်ရာ အလုပ်ရှုပ်နေရင်း ခေါင်းမော့ကာ ပြန်ပြောလိုက်သည်။

"စစ်သူကြီးရှီး၊ ရှင် နောက်ဖေးခြံထဲ ဝင်လာလိုက်လေ”

ထို့နောက် သူမသည် ခေါင်းပြူပြီး ခြံထဲတွင် ပိုးချည်မျှင်များ ရှင်းလင်းနေသည့် အားထောင်ကို လှမ်းမှာလိုက်သည်။

"အားထောင်၊ ဧည့်သည် လက်ဆေးဖို့ ရေနွေးတစ်ဇလုံလောက် စပ်ပေးလိုက်ပါဦး”

အားထောင်က တောင်းကို အမြန်ချလိုက်ပြီး "လာပါပြီ” ဟု ပြောလိုက်သည်။

ရှီးဖေးကျင်းက "အနှောင့်အယှက် ပေးမိပါပြီ” ဟု တိုးတိုးဆိုကာ လိုက်ကာကို မပြီး ရှန်အိမ်၏ နောက်ဖေးခြံထဲ ဝင်သွားလေသည်။

သူသည် ရှန်အိမ်၏ ခြံဝင်းငယ်လေးကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။

သေးငယ်သော ခြံဝင်းလေးကို သေသပ်သန့်ရှင်းစွာ ရှင်းလင်းထားသည်။ နှင်းများကို ပြောင်စင်အောင် လှည်းကျင်းမထားဘဲ ကစားရန် သက်သက်ချန်ထားပုံ ရလေသည်။ စိုက်ခင်းဘောင်ဘေးတွင် နှင်းဖြင့် ပြုလုပ်ထားသည့် အကြီးအသေး နှင်းလူရုပ်လေးများကို တန်းစီထားသည်။

မြင်ကွင်းတစ်ဆုံးတွင် နံရံပေါ်၌ ခမောက်၊ တံမြက်စည်း၊ ဂေါ်ပြား စသည်တို့ကို ချိတ်ဆွဲထားသည်ကို တွေ့ရသည်။ ရှန်ညန်ဇီ၏ ပစ္စည်းသိမ်းဆည်းပုံ အလေ့အကျင့်သည် အခြားလူများနှင့် မတူကွဲပြားနေပုံ ရသည်။ သို့သော် သည်လို တစ်တန်းစီ ချိတ်ဆွဲထားပြီး သံချောင်းများကိုပင် ညီညီညာညာ ရိုက်ထားသည်မှာ ကြည့်ရသူကို အကြောင်းမဲ့ သက်သောင့်သက်သာ ဖြစ်ရစေသည်။

သူ၏ အကြည့်က ထောင့်ဘက်တွင် ယာယီဆောက်လုပ်ထားသည့် မြည်းတဲလေးဆီသို့ ရောက်သွားပြန်သည်။ ခုနက လှည်းဆွဲလာသည့် မြည်းသည် လည်ပင်းတွင် နာမည်ကတ်ပြား ချိတ်ဆွဲထားလျက် ကောက်ရိုးများကို အေးအေးလူလူ ဝါးနေလေသည်။

ခေါင်းပြန်လှည့်လိုက်သည့်အခါ သူရပ်နေသည့်နေရာ၏ နောက်ဘက် မလှမ်းမကမ်းတွင် ရေခဲဖုံးနေသည့် ရေကန်ငယ်လေး တစ်ခု ရှိနေသည်။ ကန်ဘေးတွင် မပျော်သေးသည့် နှင်းများ စုပုံနေပြီး စာရေးထားသည့် သစ်သားဆိုင်းဘုတ်လေး တစ်ခု စိုက်ထားသည်ကို တွေ့လိုက်ရသည်။ "ဖားလေး ဆောင်းခိုနေသည်၊ နွေဦးမှ ပြန်တွေ့ကြမယ်"ဟူ၍။

သူ မနေနိုင်ဘဲ သဘောကျစွာ ပြုံးမိလိုက်သည်။

ခြံဝင်းထဲတွင် ခွေးနှစ်ကောင် ရှိသေးသည်။ တစ်ကောင်က စင်္ကြံလမ်းရှိ မီးဖိုစောင်ထဲ ကွေးနေပြီး ရှေ့ခြေလက်နှစ်ဖက်ဖြင့် ကြောင်ဝတုတ်တစ်ကောင်ကို ဖက်ကာ ကြောင်ကို အလေးအနက်ထားပြီး လျှာဖြင့် လျက်ပေးနေသည်။ နောက်တစ်ကောင်ကတော့ ကြက်နောက်သို့ မနားတမ်း လိုက်ပြေးနေလေသည်။

နည်းနည်းတော့ ထူးဆန်းသည်။ သူသည် ထိုခွေးအငယ်ကောင်ကို နားမလည်စွာ ကြည့်နေမိသည်။ ဘာဖြစ်လို့ ကြက်ဖင်ကို လိုက်ကိုက်ချင်နေရတာလဲ။

ဒီကြက်ဖင်က ဘာများ လျက်ကောင်းလို့လဲ။

ခွေးက ထူးဆန်းသည်ဟု တွေးနေစဉ်မှာပင် အနောက်ဘက်မှ ကလေးအသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရပြန်သည်။ သူ ခေါင်းလှည့်ကြည့်လိုက်ရာ အနီရောင် ဝါဂွမ်းအင်္ကျီ ဝတ်ဆင်ထားသည့် မိန်းကလေးငယ်တစ်ဦးနှင့် ရွယ်တူယောင်ယောင် ယောက်ျားလေးတစ်ဦးတို့သည် သူ၏နောက် မလှမ်းမကမ်းရှိ တိုင်လုံးအနောက်တွင် ပုန်းကွယ်ရင်း တီးတိုးပြောဆိုနေကြသည်ကို တွေ့လိုက်ရသည်။

ထိုကလေးနှစ်ယောက်၏ မျက်နှာထားက အလေးအနက် ရှိလှပြီး ဘာအကြောင်း ပြောနေကြမှန်း မသိပေ။

ရှီးဖေးကျင်းသည် ပင်ကိုယ်ကတည်းက တည်တည်ငြိမ်ငြိမ် မနေတတ်သူဖြစ်ရာ သည်မြင်ကွင်းကို မြင်သည်နှင့် တိုင်လုံးကို မှီလိုက်ပြီး နားစွင့်ကာ ကလေးစကားကိုပင် ခိုးနားထောင်လိုက်တော့သည်။

ဖြူဖြူတုတ်တုတ် ကလေးမလေးက အသံနှိမ့်ပြီး ပြောလိုက်သည်။

"ရှောင်ချွမ်း၊ လျိုတို့ဟွားနဲ့ ကိုအာတို့ဘက်က လူများတယ်၊ ငါတို့အစ်ကိုကလည်း အသုံးမကျတော့ 'ကျဆုံး' သွားပြီ၊ ငါတို့ နိုင်ချင်ရင် နင် ငါပြောတာ နားထောင်။ ခဏနေ ငါထွက်ပြီး သူတို့ကို မျှားခေါ်လာမယ်၊ နင်က ဒီမှာ ပုန်းနေ၊ သူတို့ ဝင်လာပြီး ခြေလှမ်းနည်းနည်း လှမ်းမိတာနဲ့ နင် ကြိုးကို ဆွဲပြီး ခလုတ်တိုက် လဲကျအောင် လုပ်လိုက်၊ ပြီးရင် ငါ ပြေးထွက်လာပြီး သူတို့ကို ဖမ်းလိုက်မယ်။ နင် နားလည်လား”

ကောင်လေးက ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ”

ရှီးဖေးကျင်း ကြားလိုက်သည်နှင့် နားလည်သွားတော့သည်။ ဒီကလေးနှစ်ယောက်က "စစ်တိုက်တမ်း" ကစားနေကြတာကိုး။ ချက်ချင်း စိတ်ဝင်စားသွားလေသည်။

ပြောပြီးသည်နှင့် ကလေးမလေးက ခြေသံလုံလုံဖြင့် ပိုမြင်သာသည့် နေရာတစ်ခုသို့ ပြောင်းရွှေ့ ပုန်းအောင်းလိုက်သည်။ သူမသည် ကြက်အိမ်အနောက်တွင် ခြံတံခါးကို ကျောပေးပြီး ပုန်းနေသော်လည်း တမင်တကာ သူမခေါင်းတစ်ဝက် ပေါ်အောင် ဖော်ထားလိုက်သည်။

မကြာမီ နောက်ဖေးပေါက်ဝတွင် သူခိုး၊ ဓားပြပုံစံဖြင့် အရိပ်ငယ်နှစ်ခု လှုပ်ရှားလာသည်ကို တွေ့လိုက်ရရာ သူမပြောသည့် ကိုအာနှင့် လျိုတို့ဟွား ဖြစ်လောက်သည်။ ထိုကလေးနှစ်ယောက်က တံခါးဝမှ သတိထားပြီး ခေါင်းပြူကြည့်ရာ ကလေးမလေး ပုန်းနေသည့်နေရာကို တန်းမြင်သွားတော့သည်။ ချက်ချင်း မျက်နှာတွင် အပြုံးရိပ်များ ယှက်သန်းသွားပြီး အခွင့်ကောင်းရပြီဟု ထင်မှတ်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် သူမကို ဖမ်းရန် အတင်းပြေးဝင်လာကြတော့သည်။

သို့သော် နှင်းထဲတွင် ကလေးမလေးနှင့် ကောင်လေးတို့ ကြိုးတစ်ချောင်း မြှုပ်ထားသည်ကို သူတို့ ထင်မထားခဲ့ကြပေ။ ကောင်လေးက အချိန်ကိုက် ကြိုးကို ဆောင့်ဆွဲလိုက်ရာ ကိုအာနှင့် လျိုတို့ဟွားတို့ နှစ်ယောက်မှာ မထင်မှတ်ထားသဖြင့် "ဗုန်း" ခနဲ အသံမြည်ကာ ကြမ်းပြင်ပေါ် လဲကျသွားကြတော့သည်။

ကလေးမလေးက မြင်သည်နှင့် "ရွှပ်" ခနဲ ပြေးထွက်လာပြီး သူတို့ ပြန်မထနိုင်ခင် သူမ၏ ဝတုတ်တုတ် ကိုယ်လုံးဖြင့် ထိုနှစ်ယောက်ကို နှင်းထဲတွင် မလှုပ်နိုင်အောင် ဖိထားလိုက်ကာ ချန်ချွမ်းကို အကျယ်ကြီး လှမ်းခေါ်လိုက်တော့သည်။

"ရှောင်ချွမ်း၊ မြန်မြန်ထွက်ပြီး လာကူဦး”

လျိုတို့ဟွားနှင့် ကိုအာတို့မှာ သူမအောက်တွင် ဖိမိနေပြီး ခြေလက်များ ယက်ကန်ယက်ကန်ဖြင့် ရုန်းကန်နေသော်လည်း သူမ၏ လက်ခုပ်တွင်းမှ မလွတ်မြောက်နိုင်ကြပေ။

ထို့နောက် ကလေးမလေးက ကိုအာ၏ ကိုယ်ပေါ်တွင် ဓားဖြင့် လှီးသလိုမျိုး လက်ဖြင့် လုပ်ပြလိုက်ပြီး ပါးစပ်မှ အော်ပြောလိုက်သည်။

"ကိုအာ 'ကျဆုံး' သွားပြီ”

သို့သော် လျိုတို့ဟွားကိုမူ အရေးယူခြင်း မရှိဘဲ "ပြန်ပေးဆွဲ" ထားလိုက်ကာ တိုးတိုးလေး တစ်ခုခု မှာကြားလိုက်သည်။

ထို့နောက် လျိုတို့ဟွားမှာ အရှက်ရစွာဖြင့် ဘာမှမဖြစ်သလို ဟန်ဆောင်ကာ တံခါးနားတွင် ရပ်ပြီး အကျယ်ကြီး အော်ပြောရတော့သည်။

"ကျန့်ပိထီ၊ ငါတို့ ရှန်းအာကို ဖမ်းမိထားပြီ၊ နင် မြန်မြန် လာကူဦး”

တံခါးအပြင်ဘက်မှ မျက်နှာပေါ်တွင် နှပ်ချေးတွဲလောင်းနှင့် နောက်ဆုံးကျန်သည့် ကောင်လေးက ကြားလိုက်ရသည့်အခါ တကယ် အယုံလွယ်ပြီး အလောတကြီး ပြေးဝင်လာခဲ့သည်။

ရှီးဖေးကျင်းသည် ကလေးမလေးက လူနည်းစုဖြင့် လူများစုကို အနိုင်ယူပြီး သူမ၏ ပြိုင်ဘက်များကို တစ်ယောက်မကျန် ဖမ်းဆီးလိုက်သည်ကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုလိုက်ရလေသည်။

ဒါက ကျိုကော ပြောပြောနေတတ်တဲ့ ရှန်းအာ ဆိုတာ ဖြစ်မယ်၊ ရှန်ညန်ဇီရဲ့ ညီမလေး ဖြစ်လောက်တယ်။

ရှီးဖေးကျင်းက စိတ်ထဲတွင် ချက်ချင်း ခန့်မှန်းမိလိုက်ပြီး တစ်ချိန်တည်းမှာပင် ပါရမီရှင်လေးကို နှမြောတသဖြစ်မိသွားသည်။ စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်မိသည်။

"ဒီလောက် ငယ်ငယ်လေးနဲ့ ဘယ်သူမှ သင်မပေးဘဲ ကစားဖော်တွေနဲ့ ကစားရင်း စစ်ဗျူဟာကို သူ့အလိုလို သုံးတတ်နေပါလား..."

ရှုံးနိမ့်သွားသည့် ကလေးများသည် ခေါင်းငိုက်စိုက်ကျသွားပြီး ရှန်းအာကို တစ်ယောက်လျှင် သကြားလုံး တစ်ထုပ်စီ လိမ္မာစွာ ပေးလိုက်ရတော့သည်။ ရှန်းအာက ပျော်ရွှင်မြူးထူးစွာဖြင့် လက်နှစ်ဖက်အပြည့် ဆုပ်ယူလိုက်ပြီး ခုန်ဆွခုန်ဆွဖြင့် ပြန်ပြေးလာကာ ချန်ချွမ်းကို သဘောထားကြီးစွာဖြင့် သကြားလုံး ခွဲပေးလိုက်လေသည်။

ရှီးဖေးကျင်းသည် အားထောင် ကမ်းပေးသည့် ရေခွက်ဖြင့် လက်ဆေးပြီးသော်လည်း ချက်ချင်း မထွက်သွားဘဲ ဒူးထောက်ထိုင်ချလိုက်ကာ ရှန်းအာကို ကြည့်ပြီး နူးညံ့စွာ မေးလိုက်သည်။

"ကလေးမလေး၊ မင်းက ရှန်ညန်ဇီရဲ့ ညီမလေးလား”

ရှန်းအာက ပါးစပ်ထဲ သကြားလုံး ငုံထားလျက် မေးတာကို ကြားတော့ ခေါင်းလှည့်လာပြီး ပြတ်သားစွာ ဖြေလိုက်သည်။

"ဟုတ်တယ်”

ရှီးဖေးကျင်းက ထပ်မေးလိုက်သည်။

"မင်း ခုနက ဘယ်သူ့နေရာက သရုပ်ဆောင်တာလဲ”

ရှန်းအာက မျက်နှာလေး မော့ကာ ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

"ဟွားမုလန်လေ၊ သမီးက အမျိုးသမီးစစ်သူကြီး”

ပြောရင်း ဘေးနားက ချန်ချွမ်းကို လက်ညှိုးထိုးပြလိုက်သည်။

"ရှောင်ချွမ်းက သမီးရဲ့ ကိုယ်ရံတော်တပ်သား”

ချန်ချွမ်းက သကြားလုံး စားနေသဖြင့် ပါးဖောင်းနေသော်လည်း လိုက်လျောညီထွေစွာ ခေါင်းညိတ်ပြလိုက်သည်။ သူက ဘာဖြစ်ဖြစ် ဂရုမစိုက်ပေ။ ရှန်းအာနှင့် တစ်ဖွဲ့တည်း ဖြစ်လျှင် ပြီးရော။ ဘာလို့လဲဆိုတော့ လျိုတို့ဟွားတို့ အဖွဲ့က အမြဲရှုံးနေကျမို့လို့ ရှန်းအာကို မနိုင်နိုင်ပါဘူး။

သူကလည်း အမြဲတမ်း အရှုံးမခံချင်ပါဘူး။

ရှီးဖေးကျင်းက မနေနိုင်ဘဲ ရယ်မောလိုက်သည်။

"ဒါဆို မင်း နာမည်က ဘယ်လိုခေါ်လဲ”

ရှန်းအာက အလွန် ပါးနပ်သူ ဖြစ်ရာ ထိုစကားကို ကြားသည်နှင့် ချက်ချင်း သတိထားပြီး သူ့ကို စိုက်ကြည့်လိုက်သည်။

"မကြီးက မှာထားတယ်၊ လူစိမ်းတွေကို ကိုယ့်နာမည် မပြောပြရဘူးတဲ့၊ လူစိမ်း ပေးတာလည်း မစားရဘူးတဲ့။ ဦးလေးက ဘာလို့ သမီးတို့အိမ်ထဲ ရောက်နေတာလဲ၊ ဘာလာလုပ်တာလဲ”

လူဆိုးဟု အထင်ခံလိုက်ရသဖြင့် ရှီးဖေးကျင်းက ဟားဟားနှင့် အားရပါးရ ရယ်မောလိုက်ပြီး သူမလက်ကို ညွှန်ပြကာ မေးလိုက်သည်။

"ဒါဆို ဦးလေးကို မင်းလက်ဖဝါးလေး ပြလို့ရမလား။ ကြည့်ရတာ မင်းလက်ဖဝါးက တော်တော်ကျယ်ပြီး ခြေထောက်လည်း မတိုဘူးပဲ”

ဒီကလေးက အဝတ်အစား ထူထူဝတ်ထားပြီး ပြည့်ဖောင်းဖောင်းနှင့် ဝတုတ်နေသော်လည်း ပြေးသည့်အခါ လုံးဝ မနှေးကွေးပေ။ အလားအလာရှိသောသူ ဖြစ်လောက်သည်။

သို့သော် ရှန်းအာက ပိုပြီး သတိထားသွားကာ အကျယ်ကြီး အော်ပြောလိုက်သည်။

"မပြဘူး။ မကြီး ပြောတယ်၊ မိန်းကလေးတွေရဲ့ လက်ကို လူတွေကို လျှောက်မပြရဘူးတဲ့၊ အထူးသဖြင့် ယောက်ျားလေးတွေကိုပေါ့၊ ဦးလေးက သူများအိမ်ထဲရောက်နေပြီး ဘာလို့ ဒီလောက် ရိုင်းစိုင်းရတာလဲ”

ရှီးဖေးကျင်းက ရယ်လွန်းသဖြင့် အသက်ရှူပင် မဝတော့ပေ။ "ကောင်းပါပြီဗျာ၊ ကောင်းပါပြီ” ဟု ဆက်တိုက် ပြောလိုက်သည်။ ရယ်မောပြီးနောက် ဆက်မေးလိုက်သည်။

"ကျိုကော ပြန်ရောက်လာရင် ကျိုကောဆီမှာ ဦးလေးတို့ ရှီးမိသားစုရဲ့ တုတ်သိုင်းပညာကို သင်ချင်လား။ နှစ်သစ်ကူးပြီးရင် ကျိုကောကို သင်ပေးခိုင်းမလို့၊ ကောင်းလား”

ရှန်းအာက ကြောင်သွားပြီး စိတ်ဆိုးဖို့ပင် မေ့သွားကာ စူးစမ်းလိုစိတ်ဖြင့် မျက်တောင်ခတ်လိုက်သည်။

"ဦးလေးက ကျိုကောကို သိတာလား။ ဘယ်လိုလုပ် သိတာလဲ”

ရှီးဖေးကျင်းက ခေါင်းညိတ်လိုက်သည်။

"သိတာပေါ့၊ ကျိုကောရဲ့ တုတ်သိုင်းပညာ တစ်ဝက်လောက်က ဦးလေးဆီက သင်ထားတာလေ”

ရှန်းအာက နားမလည်သေးပေ။

"ဒါဆို ဘာလို့ သမီးကို သင်ခိုင်းချင်တာလဲ”

ရှီးဖေးကျင်းက ပြန်မေးလိုက်သည်။

"မင်းက အမျိုးသမီးစစ်သူကြီး ဖြစ်ချင်တာ မဟုတ်ဘူးလား”

ရှန်းအာက ခေါင်းစောင်းပြီး သံသယဖြင့် မေးလိုက်သည်။

"သင်ပြီးရင် စစ်သူကြီး ဖြစ်မှာလား”

ရှီးဖေးကျင်းက ပြုံးပြီး ပြောလိုက်သည်။

"သင်ပြီးတာနဲ့ ချက်ချင်းတော့ စစ်သူကြီး မဖြစ်သေးပါဘူး၊ ဒါပေမဲ့ တုတ်သိုင်းသင်ထားရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တယ်၊ ကျန်းမာတယ်၊ သူများ အနိုင်ကျင့်တာ မခံရဘူး။ မင်း ကြီးလာလို့ အမျိုးသမီးစစ်သူကြီး လုပ်ချင်သေးရင် ယိုကျိုးကို စာပို့ဖို့ ကျိုကောကို ပြောလိုက်၊ ဦးလေး လူလွှတ်ပြီး မင်းကို လာခေါ်ခိုင်းမယ်”

ကျိုကောကို သိမှတော့ လူဆိုး မဟုတ်လောက်ပါဘူးလေ။

ရှန်းအာက သေချာစဉ်းစားပြီး ပြန်ဖြေလိုက်သည်။

"ကောင်းပြီလေ၊ ဒါပေမဲ့ သမီး တတ်မတတ်တော့ မသိဘူး။ ကိုကြီးက ပြောတယ်၊ သမီးက သစ်ပင်တောင် မတက်နိုင်ဘူးတဲ့၊ ပါရမီမရှိမှာ စိုးတယ်”

"မင်းအစ်ကိုက လူကြည့်မမှန်ပါဘူး၊ ဦးလေး ကြည့်ရတာတော့ မင်းက ပါရမီရှိပါတယ်။ သတ္တိရှိပြီး သွက်လက်ပါတယ်”

ရှီးဖေးကျင်းသည် သူမ၏ ပါးနပ်သွက်လက်သည့် ပုံစံကို ကြည့်ပြီး သူ့သမီးနှစ်ယောက် ငယ်ငယ်တုန်းက ပုံစံကို သတိရသွားမိသည်။

သူက တိုးတိုးလေး ရယ်မောလိုက်သည်။

"အရင် သင်ထားလိုက်ပါ၊ ဘာပဲဖြစ်ဖြစ် မင်းတို့နဲ့ ဦးလေးတို့က နောက်ကျရင် မိသားစု ဖြစ်လာမှာပဲဟာ၊ သင်ထားတော့ အကျိုးမယုတ်ပါဘူး”

စကားပြောနေစဉ် ရှန်မြောင်က အိုးကိုကိုင်ပြီး မီးဖိုချောင်ထဲမှ ထွက်လာကာ ခေါင်းပြူပြီး လှမ်းခေါ်လိုက်သည်။

"စစ်သူကြီးရှီး၊ ကလေးနဲ့ စကားပြောနေတာလား၊ ပေါ်ရှာကုန်း ရပြီ”

ရှီးဖေးကျင်း ကြားလိုက်သည်နှင့် ဒူးပေါ်က နှင်းများကို ပုတ်ချပြီး မတ်တတ်ရပ်လိုက်ကာ မျက်လုံးအကြည့် နူးညံ့စွာဖြင့် ရှန်းအာကို ပြောလိုက်သည်။

"ကဲ ဦးလေး သွားတော့မယ်၊ စစ်သူကြီးလေး၊ နောက်ကျရင်... ရေစက်ရှိရင် ပြန်ဆုံကြတာပေါ့”

ရှန်းအာက သကြားလုံးကို ပိုက်ပြီး ခေါင်းညိတ်ပြလိုက်သော်လည်း ရုတ်တရက် ခေါင်းမော့ပြီး မေးလိုက်သည်။

"ယိုကျိုးက ဘယ်နားမှာလဲဟင်၊ တကယ်လို့ သမီးက စစ်သူကြီး ဖြစ်ချင်လာရင်၊ ဦးလေးက သမီးကို မမှတ်မိတော့ရင်၊ သမီးက ဦးလေးကို ဘယ်လို လာရှာရမှာလဲ။ ကျိုကောကို မေးရမှာလား”

ရှီးဖေးကျင်းက ခဏလောက် စဉ်းစားလိုက်ပြီး ရင်ဘတ်ထဲမှ ကျောက်စိမ်းဖြင့် ထုလုပ်ထားသည့် ဓားမြှောင်သေးသေးလေး တစ်ချောင်းကို ထုတ်ကာ ရှန်းအာကို ပေးလိုက်သည်။

"ဒါက တန်ဖိုးမရှိပါဘူး၊ မင်း ယူထားလိုက်။ ဒါပေမဲ့ မင်းက ငယ်သေးတော့ မကြီးကို ပြန်ပေးပြီး သိမ်းခိုင်းထားလိုက်၊ မပျောက်စေနဲ့။ ပုံမှန်ဆို ထုတ်မကြည့်နဲ့။ မင်း ကြီးလာလို့ စစ်သူကြီး လုပ်ချင်သေးရင် ထုတ်ပြလိုက်၊ မနောက်ကျသေးပါဘူး။ ဒါက ဦးလေး မင်းကိုပေးတဲ့ အမှတ်တရပစ္စည်းပေါ့”

ထိုကျောက်စိမ်းဓားမြှောင်သည် လက်ဝါးတစ်ဝက်ခန့်သာ ရှည်လျားပြီး ဓားရိုးတွင် "ရှီးဖေးကျင်း" ဟူသော စာလုံးသုံးလုံး ထွင်းထားသည်။ ရှန်းအာက လက်ထဲတွင် ကိုင်ကြည့်နေသော်လည်း စာလုံးသုံးလုံးထဲတွင် "ဖေး" တစ်လုံးသာ မှတ်မိသဖြင့် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်လိုက်သည်။

"ကတိပေးတယ်နော်၊ သိုင်းကောင်းကောင်း သင်ပြီး ကောင်းကောင်း ကြီးပြင်းလာခဲ့”

ရှီးဖေးကျင်းက မျက်လုံးလေးများ ကွေးညွတ်သွားသည်အထိ ပြုံးလိုက်ပြီး အင်္ကျီလက်ကို ခါရမ်းလျက် ပေါ့ပါးသွက်လက်စွာဖြင့် အရှေ့ဘက်သို့ ပြန်ထွက်သွားကာ သိုးသား "ပေါ်ရှာကုန်း" ကို သွားစားတော့သည်။

...

All Chapters