အခန်း (၁၄၅-၁၄၆)
Vol. 15 Ch. 145-146
အပိုင်း (၁၄၅) ခေတ်ရေစီးကြောင်းနောက် လိုက်ခြင်းနှင့် လျှို့ဝှက်ချက်
မျက်စိတစ်မှိတ်အတွင်း ပထမလ၏ ၁၀ရက်နေ့သို့ ရောက်ရှိလာခဲ့လေသည်။
မိုးလင်းစအချိန်တွင် ခန်းကျိထန်းပင်ဆိုင်၏ တံခါးဘောင်များကို ဖြုတ်ချလိုက်ရာ အေးစက်သည့်လေက မျက်နှာသို့ တိုးဝင်လာတော့သည်။ သူဌေးခန်းသည် တံခါးဘောင်ကို မှီလျက် လူသွားလူလာ ရှိစပြုနေပြီဖြစ်သော လမ်းမကြီးကို ငေးကြည့်ရင်း လွမ်းဆွတ်တသ ဖြစ်နေမိသည်။
ယွမ်ရှောင်းပွဲတော် ရောက်တော့မည်ဖြစ်ရာ ပြန့်ကျင်းမြို့ထဲရှိ လမ်းမအသီးသီးတွင် လမ်းမီးအိမ်များ စတင်ချိတ်ဆွဲနေကြပြီဖြစ်သည်။ လမ်းမကြီးပေါ်တွင်လည်း ဝါးနှင့် သစ်သားများကို သယ်ယူပို့ဆောင်နေကြပြီး လက်မှုပညာသည်များသည် နေ့ရောညပါ အလုပ်လုပ်ကာ အမြင့် ၁၆ကျန့်၊ အကျယ် ၃၆၅လှမ်းရှိသည့် အောက်ရှန်မီးအိမ်တောင်ကို တည်ဆောက်တော့မည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် မီးအိမ်တောင်ပေါ်တွင် ရောင်စုံပိုးစများ ချိတ်ဆွဲကာ ပန်းမီးအိမ်ထောင်ပေါင်းများစွာကို ထွန်းညှိထားမည်ဖြစ်ရာ ရွှေရောင်အဆင်း တောက်ပနေမည်ဖြစ်ပြီး အလွန်ခမ်းနားထည်ဝါနေပေလိမ့်မည်။
သို့သော် သူဌေးခန်းသည် သည်နှစ်တွင် မီးအိမ်ကြည့်ရန် စိတ်ဝင်စားမှု သိပ်မရှိလှပေ။
သူသည် အနောက်ဘက်အဆောင်မှ ဂေါ်ပြားနှင့် တံမြက်စည်းကို ယူလာပြီး တံခါးရှေ့ လှေကားထစ်များပေါ်မှ နှင်းများကို ဖြည်းညှင်းစွာ လှည်းကျင်းလိုက်သည်။ ထိုအချိန်တွင် လမ်းပေါ်၌ ကိုယ်လုံးအနှံ့ ပန်းမီးအိမ်များ ချိတ်ဆွဲထားသည့် လမ်းဘေးဈေးသည်များသည် ဝန်စည်စလွယ်များကို ထမ်းလျက် ခေါက်တုံ့ခေါက်ပြန် သွားလာနေကြသည်။ အဆော့မက်သည့် ကလေးငယ်တစ်ချို့သည် မနက်စောစောစီးစီး ထွက်လာကြပြီး ဗြောက်အိုးဖောက်ကာ မြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်သည်နှင့် "ဗုန်း" ခနဲ မြည်သွားတတ်သည့် မီးရှူးမီးပန်းငယ်များကို ပစ်ပေါက်ဆော့ကစားနေကြသည်။
သူ တံမြက်စည်းတစ်ချက် လှည်းလိုက်တိုင်း နားထဲတွင် မီးပွားများ "ရှဲ" ခနဲ မြည်သံနှင့် "ဗုန်း" ခနဲ ပေါက်ကွဲသံများကို ကြားနေရသည်။ ကလေးများသည် သိုးပေါက်လေးများအလား သူ့ရှေ့မှ ပြေးလွှားဆော့ကစားကာ ရယ်မောပျော်ရွှင်နေကြသည်။
သူဌေးခန်းသည် တစ်ပတ်လည်အောင် လှည်းကျင်းပြီးနောက် ခါးကိုဆန့်ကာ ခြောက်ကပ်တိတ်ဆိတ်နေသည့် ဆိုင်ထဲသို့ ပြန်ဝင်လာခဲ့သည်။ သူ ခဏလောက် ရပ်နေပြီးနောက် ကောင်တာနှင့် စားပွဲကုလားထိုင်များကို လိုက်လံသုတ်သင် ရှင်းလင်းလိုက်သည်။ ယွမ်ရှောင်းပွဲတော် မပြီးသေးသဖြင့် ဆိုင်မှ ဝန်ထမ်းများနှင့် စားဖိုမှူးအများစုသည် အလုပ်မဆင်းချင်ကြသေးပေ။ ထို့ကြောင့် ဤအသေးအဖွဲကိစ္စများကို သူကိုယ်တိုင်သာ လုပ်ဆောင်ရတော့သည်။
ထိုအချိန်၌ စားဖိုမှူးဝမ်သည် ပခုံးပေါ်တွင် တွဲလျားကျနေသည့် အိတ်တစ်လုံးကို လွယ်ထားပြီး သမ်းဝေလျက် လမ်းထောင့်မှ ချိုးကွေ့ထွက်လာသည်။ ခန်းကျိဆိုင်တံခါး ပွင့်နေသည်ကို မြင်လိုက်ရသဖြင့် ခြေလှမ်းများကို အရှိန်မြှင့်လိုက်ပြီး အတွင်းသို့ ဝင်လိုက်ရာ သူဌေးခန်းတစ်ယောက်တည်း ဆိုင်ထဲတွင် အလုပ်ရှုပ်နေသည်ကို တွေ့လိုက်ရလေသည်။
ပိုးသားအဝတ်အစား ဝတ်ဆင်ထားသည့် ခါးတုတ်တုတ်နှင့် ကျောပြင်ကြီးမှာ အနည်းငယ် အထီးကျန်ဆန်နေပုံ ပေါက်နေသည်။
စားဖိုမှူးဝမ်သည် အရှေ့သို့ ကမန်းကတန်း သွားလိုက်ပြီး သူဌေးခန်းလက်ထဲမှ အဝတ်စုတ်ကို လှမ်းယူလိုက်သည်။ မျက်နှာမကောင်းဖြစ်နေသည့် သူဌေးခန်းကို ကြည့်ပြီး မနေနိုင်ဘဲ မေးလိုက်တော့သည်။
"သူဌေး၊ ခင်ဗျား ကျွန်တော့်ကို ဘာလို့ ဒီလောက်စောစော ပြန်ခေါ်တာလဲ။ ဒီမှာ ယွမ်ရှောင်းပွဲတော်တောင် မပြီးသေးဘူးလေ”
အရင်နှစ်များကဆိုလျှင် ယွမ်ရှောင်းပွဲတော်ပြီးမှသာ တရားဝင် ဆိုင်ဖွင့်လေ့ရှိသည်။
ဆိုင်အချို့ဆိုလျှင် ယွမ်ရှောင်းပွဲတော်ပြီး၍ ရက်အတော်ကြာသည်အထိ ဆိုင်မဖွင့်ကြသေးပေ။ စားဖိုမှူးဝမ်သည် ခန်းကျိဆိုင်မှ စားဖိုမှူးငါးယောက်ထဲတွင် အနီးဆုံးနေထိုင်သူဖြစ်ပြီး သူ့အိမ်မှာ မြို့တွင်း၌ ရှိသည်။ ထို့ကြောင့် သူဌေးခန်းက သူ့ကို လာခေါ်သည့်အခါ အိမ်တွင်လည်း ဘာမှလုပ်စရာမရှိသဖြင့် ငွေပိုရမည်ဟု တွေးကာ လက်ခံလိုက်ခြင်း ဖြစ်သည်။
သို့သော် သူ၏စိတ်ထဲတွင်မူ အလွန်သိချင်နေမိသည်။ စောစော ဆိုင်ဖွင့်လျှင် သူက အမြတ်ထွက်သည်မှာ မှန်သော်လည်း လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ တစ်ရက်စာ လုပ်ခရမည်ဖြစ်သည်။ သို့သော် ယခုလို ဆွေမျိုးမိတ်ဆွေများထံ အလည်သွားနေကြသည့်အချိန်မျိုးတွင် ဘယ်ဧည့်သည်ကများ ဆိုင်သို့ လာစားကြမည်နည်း။
သူဌေးခန်းက သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။
"ငါကရော လိုလားတယ်လို့ မင်း ထင်နေလား”
သူလည်း မဖွင့်ချင်ပါပေ။
ထိုစကားကြောင့် စားဖိုမှူးဝမ်မှာ နားမလည်နိုင် ဖြစ်သွားရသည်။
"သူဌေး၊ ခင်ဗျားစကားက ဘယ်လိုဖြစ်တာလဲ။ ကြားရတာ နားမလည်နိုင်စရာကြီး။ စောစောစီးစီး ဆိုင်မဖွင့်ချင်ဘူးဆိုရင်လည်း နောက်ထပ် ရက်နည်းနည်းလောက် ထပ်နားလိုက်ပေါ့။ ဒါက ခင်ဗျားပိုင်တဲ့ဆိုင်ပဲဟာ၊ ခင်ဗျား ဘယ်နှရက် ဖွင့်ချင်လဲဆိုတာ ခင်ဗျားသဘောပဲလေ။ ဘယ်သူကများ ခင်ဗျားလည်ပင်းကို ဓားနဲ့ထောက်ပြီး ဆိုင်ဖွင့်ခိုင်းနေလို့လဲ”
သူဌေးခန်းက မျက်လုံးများကို အပေါ်သို့လှန်လိုက်ပြီး နားရွက်ကို ညွှန်ပြကာ ပြောလိုက်သည်။
"ဘယ်သူက မရှိဘူး ပြောလို့လဲ။ မင်း နားထောင်ကြည့်”
စားဖိုမှူးဝမ်သည် ပါးစပ်ပိတ်လိုက်ပြီး သူဌေးခန်းလုပ်သလိုပင် နားစွင့်ကြည့်လိုက်သည်။
မိုးလင်းနေပြီဖြစ်ပြီး နှင်းကျတာလည်း ရပ်သွားပြီဖြစ်ရာ လမ်းမပေါ်တွင် ပို၍ စည်ကားလာခဲ့သည်။ ဖျော်ဖြေရေးရပ်ကွက်ထဲမှ ပုံပြောသံနှင့် သီချင်းဆိုသံများပင် ထွက်ပေါ်လာသည်။ စားဖိုမှူးဝမ် ဘာမှမကြားရပေ။
"ဘာလဲ”
"မင်း သေချာနားထောင်ကြည့်စမ်း၊ ခေါင်းလောင်းသံ ကြားလား”
သူဌေးခန်းက ပြောရင်း တံခါးနားသို့ လျှောက်သွားလိုက်သည်။
စားဖိုမှူးဝမ်လည်း နောက်မှလိုက်သွားပြီး စိတ်ရှည်လက်ရှည် ဆက်လက် နားထောင်လိုက်သည်။
ဒီတစ်ခါတော့ တကယ်ပင် ကြားလိုက်ရသည်။ မသဲမကွဲ ခေါင်းလောင်းသံလေးများ နားထဲသို့ ရောက်လာသည်။ ခေါင်းလောင်းက ဘာဖြစ်လို့လဲဟု မေးမည်ပြုစဉ် သူဌေးခန်းက အပြင်ဘက်သို့ မေးငေါ့ပြပြီး အားမလိုအားမရလေသံဖြင့် ပြောလိုက်သည်ကို တွေ့လိုက်ရသည်။
"ဟိုမှာ၊ လာနေပြီ။ မင်းဘာသာမင်း ကြည့်လိုက်ရင် သိလိမ့်မယ်”
ကြည်လင်ပြတ်သားသည့် ခေါင်းလောင်းသံနှင့်အတူ ဝန်ထမ်းတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးက ထူးထူးဆန်းဆန်း မြည်းလှည်းတစ်စီးကို မောင်းနှင်လာခဲ့သည်။
ထိုဝန်ထမ်းက ထူးခြားမှုမရှိဘဲ သာမန်ဝတ်စားဆင်ယင်ထားပြီး ရုပ်ရည်မှာလည်း သာမန်ပင်ဖြစ်သည်။
လှည်းဆွဲလာသည့် မြည်းသည်လည်း သာမန် လီမောင်မြည်းတစ်ကောင်သာ ဖြစ်သော်လည်း မြည်းပိုင်ရှင်ကတော့ သိပ်ပြီး ပုံမှန်ဟုတ်ဟန် မတူပေ။ မြည်း၏ခေါင်းပေါ်တွင် အညိုရောင်အဝတ်ဖြင့် အထူးပြုလုပ်ထားသည့် ဦးထုပ်ကို ဆောင်းပေးထားပြီး ထိုအပေါ်တွင် "မက်မွန်" ပန်းပွင့်ပုံကို ပိုးချည်ဝါဖြင့် ထိုးထားကာ ထောင့်နားတွင် "ရှစ်ယီး" ဟူသော စာလုံးနှစ်လုံးကိုလည်း ထိုးထားသေးသည်။
မြည်း၏လည်ပင်းတွင်လည်း အစနှင့် ပုံစံတူသည့် တြိဂံပုဝါ စည်းနှောင်ထားပြီး ပုဝါအောက်တွင် နာမည်ရေးထိုးထားသည့် ခေါင်းလောင်းကြီးတစ်ခု ပါရှိသည်။ မြည်းလမ်းလျှောက်လိုက်တိုင်း ထိုခေါင်းလောင်းက တချွင်ချွင် မြည်နေခြင်းဖြစ်သည်။
မြည်းကို လူရည်သန့်လေးတစ်ယောက်အလား ပြင်ဆင်ပေးထားသဖြင့် လူပုံစံပေါက်နေသည့် မြည်းလို ဖြစ်နေတော့သည်။
ဒီမြည်းပိုင်ရှင်က တကယ်ကို အားယားနေတာပဲ။ စားဖိုမှူးဝမ် ကြည့်ရင်း မျက်လုံးထောင့်များ လှုပ်ခတ်သွားတော့သည်။
ဒါတင်မကသေးပေ။ မြည်းဆွဲလာသည့် လှည်းသည် သေတ္တာကြီးတစ်လုံးကို တင်လာသကဲ့သို့ ဖြစ်နေသည်။ ဘီးနှစ်ဘီးတပ်ထားသည့် လှည်းပြားပေါ်တွင် လေးဖက်လေးတန် သစ်သားပြားများ ကာရံထားပြီး အဆက်အစပ်များကို သေသပ်စွာ ရိုက်နှက်ထားသည်။ အပေါ်တွင် အဖုံးပါရှိပြီး ဖွင့်နိုင်သည့် လက်ကိုင်လည်း ပါရှိသည်။
သေတ္တာ၏အနောက်တွင် ထီးအကြီးကြီးနှင့် ဆိုင်းဘုတ်ထောင်ထားနိုင်သည့် နေရာပါရှိသည်။ ထိုထီးပေါ်တွင် အစိမ်းရောင် ကြွေပန်းကန်လုံးကြီးပုံများကို ပတ်လည် ရေးဆွဲထားပြီး ပန်းကန်ထဲတွင် ထမင်းဟင်းများ မောက်နေအောင် ထည့်ထားပုံများ ပါရှိသည်။ ဘေးနားတွင် လေတိုက်၍ တလူလူလွင့်နေသည့် ဆိုင်းဘုတ်ပေါ်၌ "ရှန်ကျိအမြန်စားသောက်ဆိုင်" ဟူသော စာလုံးကြီးများကို ရေးသားထားလေသည်။
လှည်းကိုယ်ထည် သေတ္တာပေါ်တွင်လည်း "အရသာရှိပြီး တန်ဖိုးသင့်သည့် ရှန်ကျိအမြန်စားသောက်ဆိုင်" ဟူသော စာသားကို ထွင်းထုထားပြီး တောက်ပသော ဆေးအနီရောင် သုတ်ထားသည်။ မြည်း၏ ခေါင်းလောင်းသံနှင့် တွဲဖက်လိုက်သည့်အခါ လူမမြင်ခင် အသံကို အရင်ကြားရပြီး ထူးခြားသည့်မြည်း၊ ဆန်းပြားသည့် ဆိုင်းဘုတ်နှင့် ထူးခြားသည့်လှည်းတို့ကြောင့် လူအများ၏ အာရုံစိုက်မှုကို ရရှိနေတော့သည်။ တကယ်ပဲ... စားဖိုမှူးဝမ်သည် ထိုနေရာတွင် ကြောင်အမ်းအမ်းဖြင့် အချိန်အတော်ကြာ ရပ်ကြည့်နေမိပြီး မျက်လွှာပင် မချမိတော့ပေ။
ထိုမြည်းလှည်း မျက်စိရှေ့မှ ဖြတ်သွားမှသာ သူ သတိပြန်ဝင်လာပြီး အံ့အားသင့်စွာဖြင့် မျက်နှာပျက်နေသည့် သူဌေးခန်းကို လှည့်ကြည့်ကာ မေးလိုက်သည်။
"ဒါ ရှန်ကျိထန်းပင်ဆိုင်က မြည်းလှည်းလား”
သူဌေးခန်းက တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလိုက်သည်။
စားဖိုမှူးဝမ်သည် စာအနည်းငယ်ဖတ်တတ်သဖြင့် နားမလည်စွာ မေးလိုက်သည်။
"အမြန်စားသောက်ဆိုင်ဆိုတာ ဘာလဲ”
သူဌေးခန်းက သက်ပြင်းတစ်ချက်ချလိုက်သည်။
"ပြောရရင်တော့ ဇာတ်လမ်းရှည်ကြီးပဲ..."
သူသည် မျက်နှာတွင် ဆင်းရဲဒုက္ခရောက်နေသည့် ပုံစံဖြင့် လှည့်ထွက်သွားပြီး စားဖိုမှူးဝမ်ကို လက်ယပ်ခေါ်လိုက်သည်။
"မင်း အထဲဝင်လာခဲ့၊ ငါ မင်းကို သေချာရှင်းပြမယ်”
စားဖိုမှူးဝမ်လည်း အထဲသို့ လိုက်ဝင်သွားရာ သူဌေးခန်းက ခုံတန်းရှည်နှစ်လုံးကို ဆွဲထုတ်လိုက်သည်ကို တွေ့လိုက်ရသည်။ နှစ်ယောက်သား ထိုင်လိုက်ကြပြီးနောက် သူဌေးခန်း စပြောလိုက်သည့် ပထမဆုံးစကားက စားဖိုမှူးဝမ်ကို တုန်လှုပ်သွားစေသည်။
"ရှန်ညန်ဇီက နှစ်သစ်ကူး ပထမရက်ကတည်းက တစ်ရက်မှ မနားဘဲ ဒီနေ့အထိ သူရဲ့ လုပ်ငန်းခွင်ထမင်းဘူး လုပ်ငန်းသစ်ကို လုပ်ကိုင်နေတာလေ”
ဆိုင်မပိတ်ဘူးတဲ့လား။ စားဖိုမှူးဝမ် အလွန်အံ့ဩသွားသည်။
နှစ်သစ်ကူးလေ။ တစ်နှစ်ပတ်လုံးတွင် အရေးကြီးဆုံးနေ့ရက်မှာ သူက ဆိုင်မပိတ်ဘူးတဲ့လား။
"တကယ်တော့ အဲဒီ လုပ်ငန်းခွင်ထမင်းဘူးဆိုတာကလည်း သူက ဟင်းရိုးရိုးလေးတွေ ချက်တာပါပဲ။ ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ ဒါပေမဲ့ ဒီအစားအသောက်တွေက စစ်သည်တွေကို သီးသန့်ပေးဖို့ဖြစ်ပြီး ဈေးနှုန်းကလည်း အပြင်က စားသောက်ဆိုင်တွေထက် ဝမ်နည်းနည်း သက်သာတယ်။ သူက တံတားမြောက်ဘက်က ကင်းစောင့်စင်တဝိုက်ကို အရင်ပို့ပေးတာ။ ချက်လည်းချက်၊ လိုက်လည်းပို့ပေါ့။ အားနေတဲ့လူတွေကို ငှားပြီး ပို့ခိုင်းတာ။ ဘယ်သူထင်မှာလဲ၊ နာမည်ရလာမယ်ဆိုတာကိုလေ။ နောက်တော့ ကျိုးချောင်ဘက်က နည်းပြတွေကပါ သူ့ကို လာရှာကြတော့ သူက နှစ်ဖက်လုံးကို လုပ်ပေးရတော့တာပေါ့။ ပြီးတော့ ငါကြားတာက သူက ပထမလထဲမှာပဲ စားဖိုမှူးတွေ၊ ဝန်ထမ်းတွေကို လိုက်ငှားနေတယ်တဲ့။ စားဖိုမှူး မငှားနိုင်ပေမယ့် ထမင်းဘူးလိုက်ပို့ဖို့ ကလေးတစ်ပိုင်း လူငယ်နှစ်ယောက်ကိုတော့ ယာယီငှားထားနိုင်တယ်။ အခုဆို ပိုပြီးတော့တောင် ဟုတ်နေပြီ။ လွန်ခဲ့တဲ့ရက်ပိုင်းက အိမ်ခြံမြေအကျိုးဆောင် ဖွင့်တာနဲ့ သူက ယောက်လော်ကဲ့ကို ချက်ချင်းသွားရှာပြီး ဆိုင်ခန်းအသစ် ငှားတော့တာပဲ”
စားဖိုမှူးဝမ် နောက်ဆုံးတော့ နားလည်သွားပြီ။ ဤလုပ်ငန်းက ကြားရတာ မဆိုးလှပေ။ လူတော်တော်များများက အလုပ်များသည့်အခါ အစားအသောက်ပို့ရန် လူငှားရသည်မှာ အလုပ်ရှုပ်ပြီး ငွေကုန်ကြေးကျများသည်။ ဒီ ရှန်ညန်ဇီကတော့... စားဖိုမှူးဝမ်သည် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ လေးစားမိသွားသည်။ နွေရာသီတုန်းက ငါးကင်ကိစ္စ ပေါ်လာကတည်းက သူက အမြဲတမ်း တစ်ခုမဟုတ် တစ်ခု ထွင်နေတတ်သည်။
ထိုစဉ်က သူဌေးခန်းသည် သူမကို ပညာပေးချင်ခဲ့သော်လည်း မထင်မှတ်ဘဲ ကိုယ်တိုင်သာ အထိနာခဲ့ရသည်။
နောက်ပိုင်းတွင် ခန်းကျိဆိုင်ကလည်း ရှန်ကျိဆိုင်ကို အတုခိုးပြီး ပုံစံမျိုးစုံ လုပ်ကြည့်ခဲ့သော်လည်း နောက်ဆုံးတွင် ဝမ်းနည်းဖွယ် ကောင်းလောက်အောင် ပြီးဆုံးသွားခဲ့ရပြီး သူများအကြံကို ခိုးချသည်ဟူသော လှောင်ပြောင်သံများသာ ကျန်ရစ်ခဲ့သည်။ ယခု ခန်းကျိဆိုင်တွင်လည်း အထူးကတ်များ ရှိနေသော်လည်း ကတ်လုပ်သူ နည်းပါးပြီး ဟင်းပွဲအပ်ထားသူဆိုလျှင် ပို၍ပင် ရှားပါးလှသည်။ အဓိကအကြောင်းရင်းမှာ ခန်းကျိဆိုင်တွင် ရှန်ညန်ဇီကဲ့သို့ အစားထိုးမရနိုင်သည့် လက်ရာမရှိသလို သတိရတိုင်း စားချင်စိတ်ဖြစ်စေပြီး နာမည်ကြီးစေမည့် ဟင်းပွဲကောင်းလည်း မရှိသောကြောင့်ပင်။ ထို့ကြောင့် ဤသို့သော အစီအစဉ်များ လုပ်ဆောင်ရာတွင် ရှန်ကျိဆိုင်လောက် အကျိုးသက်ရောက်မှု မရှိခြင်းဖြစ်သည်။
ဆောင်းရာသီရောက်၍ ငါးကင်မရှိတော့သည့်တိုင် ရှန်ညန်ဇီက ဘဲကင်ကို ထပ်လုပ်ပြန်ရာ နေ့တိုင်း ရောင်းမလောက်အောင် ဖြစ်နေဆဲပင်။ ယခုဆိုလျှင် ဘဲကင် အပ်ထားသူများက ငါးကင် အပ်ထားသူများထက် ပိုများလောက်သည်။ အကြောင်းမှာ ဘဲကင်က တစ်နေ့လျှင် အရေအတွက် အကန့်အသတ်ရှိရာ ထိုနေ့မစားရလျှင် ငွေပေးပြီး အပ်ထားလိုက်ရသည်။ မနက်ဖြန် စောစောလာလျှင် သေချာပေါက် စားရမည်။ အဘယ်ကြောင့်ဆိုသော် ရှန်ညန်ဇီက စားသုံးသူများကို မြှောက်ပင့်ပြောဆိုတတ်ပြီး "ရှင်က ရှန်ကျိဆိုင်ရဲ့ တန်ဖိုးရှိတဲ့ ရွှေဖြူအသင်းဝင်လေ၊ သေချာပေါက် ဦးစားပေးမှာပေါ့" ဟု ပြောလေ့ရှိသောကြောင့်ပင်။
ထိုသို့ ပြောလိုက်လျှင် ကတ်ကိုင်ပြီး ဘဲကင်လာစားသည့် ဧည့်သည်များသည် သူတို့ကိုယ်သူတို့ တခြားသူများထက် တစ်ဆင့်မြင့်နေသကဲ့သို့ ခံစားရပြီး လမ်းလျှောက်လျှင်ပင် ရင်ကော့ခေါင်းမော့ လျှောက်လာတတ်ကြသည်။
ကြားရသည်မှာ သူမသည် မြို့စွန်တွင် ကန် ၁၀ဧကလောက် ဝယ်ယူထားပြီး ကိုယ်တိုင် ဘဲမွေးရန် ပြင်ဆင်နေသည်ဟု ဆိုသည်။
ယခု ဘဲခြံပင် မဆောက်ရသေး၊ သူမက ဆိုင်ခွဲထပ်ဖွင့်ပြီး အမြန်စားသောက်ဆိုင် လုပ်ပြန်ပြီ။ စားဖိုမှူးဝမ် ခေါင်းခါလိုက်မိသည်။ သူမ၏ဦးနှောက်က ဘယ်လိုများ ဖွဲ့စည်းထားသလဲ မသိပေ။ ဘာကြောင့်များ သူတို့လို သာမန်လူများနှင့် မတူဘဲ အကြံသစ် ဉာဏ်သစ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်နေရသနည်း။ ထို့အပြင် လုပ်သမျှလည်း အောင်မြင်နေပြန်သည်။
သို့သော် ရှန်ညန်ဇီ အမြန်စားသောက်ဆိုင် လုပ်မည့်ကိစ္စကို စားဖိုမှူးဝမ် သေချာ စဉ်းစားကြည့်ပြီးနောက် သိပ်ပြီး အံ့ဩမနေတော့ပေ။ သူမ အသင့်စားထန်းပင် စလုပ်ကတည်းက နောင်တစ်ချိန်တွင် အမြန်စားသောက်ဆိုင်လုပ်ရန် တွေးထားပြီးသား ဖြစ်လောက်သည်။ အသင့်စားထန်းပင်ဖြင့် ပြန့်ကျင်းမြို့တွင် ဤကဲ့သို့ လွယ်ကူမြန်ဆန်သည့် အစားအသောက်မျိုး လိုအပ်ချက် ရှိမရှိ စမ်းသပ်ခဲ့ခြင်း ဖြစ်လောက်သည်။ သူမသည် ဈေးကွက်ရှိသည်ကို သိရှိပြီး ငွေကြေးလည်း စုဆောင်းမိသည်နှင့် ချက်ချင်း လက်တွေ့အကောင်အထည် ဖော်လိုက်ခြင်းပင်။ ယခု အမြန်စားသောက်ဆိုင် ဖွင့်လှစ်လိုက်ခြင်းသည် ရေရှည်စီမံကိန်း၏ ခြေလှမ်းတစ်လှမ်း ဖြစ်ပုံရသည်။
စဉ်းစားမိသွားသည့်အခါ စားဖိုမှူးဝမ်နှင့် သူဌေးခန်းတို့သည် တစ်ပြိုင်နက်တည်း သက်ပြင်းချလိုက်မိကြသည်။
သူဌေးခန်းသည် ခဏလောက် တိတ်ဆိတ်နေပြီးနောက် ဝမ်းနည်းပက်လက်ဖြင့် ထပ်ပြောလိုက်သည်။
"ငါ့မှာ ရုံးတော်ရုံးခန်းက စာရေးအလုပ်လုပ်တဲ့ ဆွေမျိုးတစ်ယောက်ရှိတယ်။ ငါ့တူမ ယောကျ်ားဘက်က ဝမ်းကွဲညီအစ်ကိုပေါ့။ သူ လွန်ခဲ့တဲ့ရက်ပိုင်းက ဆိုင်ကို ထမင်းလာစားတုန်းက ပြောပြတယ်။ ရှန်ညန်ဇီရဲ့ အမြန်စားသောက်ဆိုင်က ရုံးတော်ရုံးခန်းထဲအထိတောင် ပို့နေရပြီတဲ့။ ပြီးတော့ သူတို့ပြောကြတာက မြို့တော်ဝန်ဝမ် ကိုယ်တိုင် ရှန်ကျိဆိုင်က ဘဲကင်ကို ဝယ်ပြီး ရုံးခန်းကလူတွေကို ဝေပေးလေ့ရှိသတဲ့။ တချို့ကဆို ဒီနှစ် နန်းတွင်းထဲက နှစ်သစ်ကူးပွဲတော် စားသောက်ပွဲမှာတောင် ရှန်ကျိဆိုင်က ဘဲကင် ပါတယ်လို့ ပြောနေကြတယ်။ ဒီ ရှန်ညန်ဇီက အရှင်မင်းကြီးနဲ့ မှူးမတ်တွေရဲ့ မျက်စိကျတာကို ခံနေရပြီဆိုတော့ ငါတို့လို သာမန်လူတွေအနေနဲ့ သူ့ကို ယှဉ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ နောက်ဆိုရင် ခန်းကျိဆိုင်ရဲ့ စီးပွားရေးက ပိုပြီး လုပ်ရခက်လာတော့မှာ။ ငါ့ဆိုင်ကလည်း ငှားထားတာဆိုတော့ တကယ်လို့ အဆင်မပြေတော့ဘူးဆိုရင် အဲဒီအချိန်ကျရင် ဆိုင်ပိတ်ပြီး ဇာတိပြန်ရုံပဲ ရှိတော့မယ်”
စားဖိုမှူးဝမ်တစ်ယောက် လန့်သွားတော့သည်။
"ဘယ်လိုလုပ်ပြီး ဒီအခြေအနေထိ ရောက်သွားရတာလဲ။ နှစ်မကုန်ခင်တုန်းက ဆိုင်မှာ ဧည့်သည်တွေ စည်ကားနေတုန်းပဲ မဟုတ်လား”
ရှန်ကျိဆိုင် မဖွင့်ခင်ကလောက် မများတော့သည်မှာ မှန်သော်လည်း...
သူဌေးခန်းကတော့ အကောင်းဘက်က မမြင်ပေ။
"ရှန်ကျိဆိုင်က ဖန်လိုစားသောက်ဆိုင်နဲ့ မတူဘူး။ ဖန်လိုစားသောက်ဆိုင်က လက်လှမ်းမမီနိုင်လောက်အောင် မြင့်မားတယ်။ အဲဒါက ချမ်းသာကြွယ်ဝတဲ့သူတွေ သွားလာတဲ့နေရာ။ ရှန်ကျိဆိုင်နဲ့ ငါတို့ကျတော့ ဒီဈေးထဲမှာပဲ အတူတူ လုပ်ကိုင်စားသောက်နေကြတာ။ နေရာကလည်း နီးတယ်။ လာစားတဲ့သူတွေကလည်း သာမန်ပြည်သူတွေပဲ။ အခု ကိုယ်က သူများလောက် မလုပ်နိုင်တော့ဘူးဆိုရင် တဖြည်းဖြည်းနဲ့ ကျရှုံးသွားမှာပဲလေ။ မင်း စာရင်းမစစ်ကြည့်လို့ မသိတာပါ။ ငါ မနှစ်က နှစ်ဝက်စာရင်းကို စစ်ကြည့်တော့ ဆိုင်ငှားခ၊ အလုပ်သမားခနဲ့ ဈေးဖိုးတွေ နုတ်လိုက်ရင် ဘာမှ မကျန်သလောက်ပဲ။ ဒါကြောင့်လည်း ငါ ဒီလို ညည်းတွားနေရတာပေါ့။ ဒီနေ့ မင်း ငါ ခေါ်လို့ စောစော ရောက်လာတာနဲ့ အတော်ပဲ၊ ငါ မင်းကို ရင်ဖွင့်ပြောပြရဦးမယ်။ ဧည့်သည်တွေက တဖြည်းဖြည်း နည်းလာတာ မြင်နေရတော့ နောက်ဆို ငါ စားဖိုမှူးတွေ အများကြီး မလိုတော့ဘူး။ ယွမ်ရှောင်းပွဲတော်ပြီးရင် ငါ စားဖိုမှူးနှစ်ယောက်နဲ့ ဝန်ထမ်းတွေကို လျှော့ပစ်ရလောက်တယ်”
စားဖိုမှူးဝမ်လည်း စိတ်မကောင်း ဖြစ်သွားရသည်။ သူဌေးခန်းက သူ့ရှေ့တွင် ဒီစကားကို ပြောပြသည်မှာ သူ့ကို အလုပ်ဖြုတ်မည် မဟုတ်လောက်ဟု ယူဆရသော်လည်း သူ့စိတ်ထဲတွင်တော့ စိုးရိမ်ပူပန်နေမိသည်။ ခန်းကျိဆိုင်သာ ဒီထက်ပိုပြီး ကျဆင်းသွားလျှင် နောင်တစ်ချိန်တွင် သူလည်း အလုပ်ရှင်ပြောင်းရကိန်း ရှိနေသည်။
သူ၏စိတ်ထဲတွင် ရုတ်တရက် လေးလံသွားတော့သည်။
"မယှဉ်နိုင်တာလည်း မတတ်နိုင်ဘူးလေ။ ရှန်ညန်ဇီသာ ခန်းကျိဆိုင်ရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုရင် ငါ သူ့ကို တကယ် လေးစားမိမှာပဲ။ မိန်းမသားတစ်ယောက်၊ ပြီးတော့ ကွာရှင်းထားတဲ့သူတစ်ယောက်အနေနဲ့ ဒီလို အောင်မြင်မှုရဖို့ဆိုတာ တကယ် မလွယ်ကူဘူး။ ပြီးတော့ သူက လက်ရာကောင်းရုံတင်မကဘူး၊ ရှိတာလေးနဲ့ ရောင့်ရဲမနေဘဲ ကြိုးစားလွန်းအားကြီးတော့ ငါ ဘာတတ်နိုင်မှာလဲ”
လက်ရာချင်းယှဉ်တော့လည်း မနိုင်၊ ကြိုးစားမှုချင်းယှဉ်တော့လည်း မမီ။
သူ အရှုံးပေးလိုက်ပါပြီ။
သူဌေးခန်းက လက်လျော့လိုက်သည့်ပုံဖြင့် ခေါင်းခါလိုက်ပြီး စားဖိုမှူးဝမ်၏ ပခုံးကို ပုတ်လိုက်သည်။
"မပြောတော့ပါဘူး၊ မင်း မီးဖိုချောင်ထဲသွားပြီး ဟင်းနည်းနည်းပါးပါး ပြင်ဆင်လိုက်ပါဦး။ ဧည့်သည် လာပါစေလို့ပဲ ဆုတောင်းရတော့မှာပေါ့”
စားဖိုမှူးဝမ်က မလှုပ်ပေ။ သူက စဉ်းစားလိုက်သည်။ သူဌေးခန်းက သူ့အပေါ် ကျေးဇူးရှိသူဖြစ်သည်။ သူဌေးခန်း၏ ညှိုးငယ်နေသည့် ပုံစံကိုကြည့်ပြီး သူ မနေနိုင်ဘဲ သူဌေးခန်း၏ အင်္ကျီလက်စကို လှမ်းဆွဲထားလိုက်သည်။
"သူဌေး၊ နေပါဦး”
သူဌေးခန်းက လှည့်ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ”
"သူဌေး စဉ်းစားဖူးလား။ ရှန်ကျိဆိုင်လိုပဲ ကျွန်တော်တို့လည်း အမြန်စားသောက်ဆိုင် လိုက်လုပ်ရင်ရော”
စားဖိုမှူးဝမ်က လိုရင်းကို ထောက်ပြ အကြံပေးလိုက်သည်။
"ဆိုင်မှာ စီးပွားရေးမကောင်းဘူး၊ ကျွန်တော်တို့မှာ စားဖိုမှူးတွေရော ဝန်ထမ်းတွေရော ရှိနေတာပဲ၊ ကျွန်တော်တို့လည်း အမြန်စားသောက်ဆိုင် လုပ်ကြတာပေါ့။ သူဌေးလည်း အလုပ်ရုံက လူတွေအများကြီးကို သိတာပဲမဟုတ်လား။ ရှန်ညန်ဇီက စစ်သည်တွေနဲ့ ရုံးတော်ရုံးခန်းက အလုပ်တွေကို ယူထားတယ်ဆိုရင် ကျွန်တော်တို့က သူ့နဲ့မလုဘဲ နေလိုက်မယ်။ သူ့ရဲ့ အမြန်စားသောက်ဆိုင်က ဘယ်လောက်ပဲ ကောင်းကောင်း ပြန့်ကျင်းမြို့တစ်မြို့လုံးကိုတော့ ပို့ပေးနိုင်မှာ မဟုတ်ဘူးလေ။ သူက ဒီဧရိယာကို တာဝန်ယူပါစေ၊ ကျွန်တော်တို့ အမြန်စားသောက်ဆိုင်က တခြားနေရာကို တာဝန်ယူမယ်။ ဒီလိုဆိုရင် ကျွန်တော်တို့လည်း ဆိုင်ပိတ်ရတဲ့အထိ ဖြစ်မသွားနိုင်ဘူး”
သူဌေးခန်း ကြောင်သွားသည်။
"ဒီလိုလုပ်လို့ ဖြစ်ပါ့မလား။ ရှန်ညန်ဇီ လာပြီး ရန်ရှာနေပါဦးမယ်”
စားဖိုမှူးဝမ်ကတော့ ကိစ္စမရှိဟု ထင်သည်။
"ဒီကိစ္စက သူများရဲ့ ဘိုးစဉ်ဘောင်ဆက် ဟင်းချက်နည်းတွေ၊ လျှို့ဝှက်နည်းတွေကို ခိုးယူတာမှ မဟုတ်တာ။ ကျွန်တော်တို့က လိုက်လုပ်တာဆိုတော့ အဆင့်အတန်း နိမ့်သလိုဖြစ်ပြီး နာမည်တော့ သိပ်မကောင်းလှဘူးပေါ့။ ဒါပေမဲ့ နောက်ဆိုရင် တခြားဆိုင်တွေကလည်း ရှန်ညန်ဇီကို လိုက်လုပ်ကြမှာပဲ။ ကျွန်တော်တို့ မလုပ်ရင်လည်း တခြားသူတွေ လုပ်ကြမှာ။ ဒီတော့ ကျွန်တော်တို့က ဘာကိစ္စနဲ့ မာနကြီးပြီး အငတ်ခံနေရမှာလဲ။ ရှန်ညန်ဇီ အခုမှ စလုပ်တုန်းရှိသေးတာဆိုတော့ ကျွန်တော်တို့လည်း တစ်ဝက်လောက် ဝေစုယူလို့ ရတာပေါ့။ ရှန်ညန်ဇီ ဆိုင်သစ်ဖွင့်ပြီးသွားလို့ စားဖိုမှူးတွေ ငှားပြီးသွားပြီဆိုရင်တော့ အဲဒီအချိန်ကျမှ ကျွန်တော်တို့ ဝင်ပါချင်ရင်တောင် အခွင့်အရေး ရတော့မှာ မဟုတ်ဘူး”
သူဌေးခန်း စဉ်းစားကြည့်လိုက်ရာ ဟုတ်ပေသားဟု တွေးမိပြီး စိတ်လှုပ်ရှားစွာဖြင့် စားဖိုမှူးဝမ်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
"မင်းက တကယ် ဉာဏ်ကောင်းတာပဲ၊ ကံကောင်းလို့ မင်းရှိနေတာ။ ဒါဆို ငါ ဒီနေ့ပဲ ငါနဲ့ရင်းနှီးတဲ့ ပိုးချည်စက်ရုံတွေကို သွားမေးကြည့်လိုက်မယ်”
ပြောပြီးသည်နှင့် သူဌေးခန်းက အခန်းထဲပြန်ဝင်ကာ ဦးထုပ်ယူပြီး ဧည့်သည်တွေ့ရာတွင် ဝတ်သည့် အဝတ်အစားကောင်းကို လဲလှယ်ဝတ်ဆင်ကာ အလျင်အမြန် ထွက်ခွာသွားတော့သည်။
စားဖိုမှူးဝမ်သည် သူ၏ကျောပြင်ကို ကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ သူဌေးခန်း၏ နောက်ဆုံးကြိုးပမ်းမှု အောင်မြင်ပါစေဟု မျှော်လင့်ရသည်။ သူ ခန်းကျိဆိုင်တွင် လုပ်နေရသည်မှာ ကြာပြီဖြစ်၍ နေသားကျနေပြီဖြစ်ရာ အလုပ်ရှင် မပြောင်းချင်တော့ပေ။
ရှန်မြောင်ကတော့ ခေတ်ရေစီးကြောင်းနောက် လိုက်လုပ်မည့်သူများ ပေါ်လာပြီဆိုသည်ကို မသိပေ။ သူမသည် ယောက်လော်ကဲ့နောက်လိုက်ပြီး ဆိုင်ခန်းသွားကြည့်နေသည်။
ဒီတစ်ခါ ဆိုင်ခန်းက လမ်းမကြီးနှင့် ကျင်းလျန်တံတားကြားရှိ လမ်းတွင်ဖြစ်သည်။ မြောက်ဘက်သို့သွားလျှင် ခိုင်ဖုန်းရုံးတော်သို့ ရောက်နိုင်ပြီး တောင်ဘက်သို့သွားလျှင် စစ်သည်ကင်းစောင့်စင်သို့ အစားအသောက်ပို့ရန် လွယ်ကူသည်။
သို့သော် လိုက်လုပ်မည့်သူများ ရှိလာနိုင်သည်ကိုတော့ သူမ အစကတည်းက ကြိုတင်တွေးထားပြီးသား ဖြစ်သည်။
အမြန်စားသောက်ဆိုင်ကို တစ်ဦးတည်း လက်ဝါးကြီးအုပ်ထား၍ မရနိုင်ပေ။ ဒါက စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာမှာ သေချာသည်။ စီးပွားရေး ပိုမိုဖွံ့ဖြိုးသည့် ခေတ်ကာလရောက်လေ ပိုပြီး ထိုသို့ဖြစ်လာလေပင်။ ထို့ကြောင့် သူမအနေဖြင့် ထိုကိစ္စအတွက် စိုးရိမ်ပူပန်မနေပေ။ အကြောင်းကလည်း လုပ်ငန်းခွင်ထမင်းဘူးကို ကောင်းကောင်းလုပ်နိုင်ရန်မှာလည်း ထင်သလောက် မလွယ်ကူသောကြောင့်ပင်။
လုပ်ငန်းခွင်ထမင်းဘူးဆိုသည်မှာ အပေါ်ယံကြည့်လျှင် အမြန်စားသောက်ဆိုင် လုပ်သကဲ့သို့ပင် ဖြစ်ပြီး နည်းပညာ သိပ်မလိုဟု ထင်ရသည်။ တကယ်တမ်း အဓိကသော့ချက်မှာ အသေးစိတ် ဂရုစိုက်ပြီး ဝန်ဆောင်မှုကောင်းပေးရန် လိုအပ်ခြင်းဖြစ်သည်။ ဤနေရာတွင် အနှစ်သာရမှာ ဟင်းချက်ကောင်းရုံနှင့် မပြီးပေ။ ဟင်းအရသာ မဆိုးရသည်မှာ မှန်သော်လည်း "သုံးစွဲသူ၏ စိတ်ကျေနပ်မှု" က ပို၍ အရေးကြီးသည်။
အဘယ်ကြောင့်ဆိုသော် လုပ်ငန်းခွင်ထမင်းဘူး၏ ဈေးကွက်မှာ ကျဉ်းမြောင်းပြီး သတ်မှတ်ထားသည့် လူအုပ်စုကိုသာ ဦးတည်ရသောကြောင့် ဖြစ်သည်။
ထမင်းဟင်း ကောင်းကောင်းချက်လျှင် ထိုလူအုပ်စု၏ အစာအိမ်ကို ဖမ်းစားနိုင်မည်ဖြစ်ပြီး အသေးစိတ် ဂရုစိုက်နိုင်လျှင် သူတို့၏ နှလုံးသားကိုပါ ဖမ်းစားနိုင်ပေလိမ့်မည်။
ဘေးလူများအမြင်တွင် သူမ လုပ်နေသည်မှာ လူငှား၊ ဟင်းချက်၊ ထမင်းပို့ရုံသာဖြစ်ပြီး လွယ်ကူသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် သူမသည် ခြေလှမ်းတိုင်းကို အလွန်သတိထား လျှောက်လှမ်းနေရပြီး အသေးစိတ် အချက်အလက်တိုင်းကို ကောင်းမွန်အောင် ကြိုးစားနေရသည်။
ထို့အပြင် သူမကိုယ်တိုင်လည်း အခုမှ စမ်းတဝါးဝါး စတင်လုပ်ကိုင်နေရခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဘာဖြစ်လာမည်ကို မသိနိုင်သေးပေ။ သူမ အရင်ဘဝတုန်းကလည်း အမှားများ ကြုံဖူးပြီး သင်ခန်းစာများ ရဖူးသည်။ လုပ်ငန်းခွင်ထမင်းဘူးကို ကောင်းကောင်းမလုပ်နိုင်လျှင် အရှုံးပေါ်တတ်သလို တစ်ခါတည်း ချောက်ထဲကျသွားနိုင်သည်အထိ ဖြစ်တတ်သည်။
ဒါကြောင့်လည်း ရှန်မြောင်က ပန်းကန်ခွက်ယောက် ပြဿနာကို သတိထားမိလိုက်သည်နှင့် ချက်ချင်း ဖြေရှင်းရန် နည်းလမ်းရှာခဲ့ခြင်း ဖြစ်တော့သည်။
...
အပိုင်း (၁၄၆)
ထမင်းဘူး သေသပ်လှပမှု ရှိမရှိဆိုသည်မှာ အမြန်စားသောက်ဆိုင်အတွက် အလွန်အရေးကြီးလေသည်။ လွန်ခဲ့သော ရက်ပိုင်းက စစ်သည်တပ်ဖွဲ့တွင် နာမည်ရလာပြီးနောက် သူမသည် ရှေ့နေတုန့်နှင့်အတူ ခိုင်ဖုန်းရုံးတော်ရှိ အရာရှိကြီးအချို့ကို လက်ဆောင်ပစ္စည်းများ သွားရောက်ပေးပို့ခဲ့ရာ အဆင်ပြေချောမွေ့စွာဖြင့် ခွင့်ပြုချက် ရရှိခဲ့လေသည်။ ထိုအရာရှိသည် အရာရှိအမူအရာဖြင့် ရှန်မြောင်ကို မိုးပေါ်မှ စီးကြည့်သကဲ့သို့ကြည့်ကာ မုတ်ဆိတ်မွေးကို သပ်ရင်း ထပ်တလဲလဲ မှာကြားလေသည်။
"ဒါက ရှေ့နေတုန့်ရဲ့ မျက်နှာကို ထောက်လို့နော်။ ရှန်ညန်ဇီရဲ့ နာမည်ဂုဏ်သတင်းကို ကျုပ် ကြားဖူးပေမယ့် တချို့စကားတွေကိုတော့ ပြောရဦးမယ်။ ဒီထမင်းဟင်းတွေက သေချာပေါက် သန့်ရှင်းရမယ်။ တကယ်လို့ ညစ်ပတ်ပေရေနေမယ်ဆိုရင်တော့ နောက်တစ်ခါ လာပို့ခွင့် မပေးနိုင်ဘူး”
ရှန်မြောင်က ပြုံးလျက် အရိုအသေပြုကာ စိတ်ချပါဟု ပြောလိုက်သည်။
သူမသည် အခွင့်ကောင်းကိုယူ၍ ထမင်းဘူးမြေပန်းကန်ကို ဒုတိယမျိုးဆက်အဖြစ် အဆင့်မြှင့်တင်လိုက်သည်။ ပန်းကန်ကို အနက်ထပ်တူးလိုက်ပြီး ဘယ်ဘက်အစွန်ဆုံးတွင် ဇွန်းနှင့် တူ ထည့်စရာနေရာကို ဒီဇိုင်းထုတ်လိုက်သည်။ ထို့နောက် အဝိုင်းကွက် တစ်ကွက်နှင့် လေးထောင့်ကွက် တစ်ကွက်ပါရှိပြီး တစ်ကွက်တွင် ကြက်ဥ၊ တစ်ကွက်တွင် အသားထည့်ရန် ဖြစ်သည်။ အလယ်တည့်တည့်တွင် အကွက်အသေးလေးတစ်ခု ပါရှိပြီး ၎င်းမှာ အချဉ်ရည် သို့မဟုတ် မုန်ညင်းချဉ်၊ ချဉ်ဖတ် ကဲ့သို့သော အရံဟင်းများ ထည့်ရန်ဖြစ်သည်။ ထို့နောက်တွင်တော့ ထမင်းထည့်ရန် အကွက်အကြီးဆုံး ပါရှိပြီး ထမင်းကွက်၏ အပေါ်ဘက်တွင် အရွယ်အစားတူညီသည့် သက်သတ်လွတ်ဟင်းထည့်ရန် အကွက်နှစ်ကွက် ပါရှိလေသည်။
ထို့ပြင် သူမသည် သန့်ရှင်းပြီး လှပသည့် ပန်းကန်များ ရရှိစေရန် အဖြူရောင် ရွှံ့စေးမြေဖြင့် ပြုလုပ်ပေးရန် မြေအိုးဖိုကို တောင်းဆိုခဲ့သည်။ ဒုတိယမျိုးဆက် ပန်းကန်များကို ရုံးတော်နှင့် ဖျော်ဖြေရေးရပ်ကွက်တွင် အဓိကထား စမ်းသပ်သုံးစွဲခဲ့ရာ ထိုလူတန်းစားများအတွက် ရည်ရွယ်ထုတ်လုပ်ထားခြင်း ဖြစ်သဖြင့် အမှန်တကယ်ပင် လူကြိုက်များခဲ့လေသည်။
နောက်ပိုင်းတွင် ထိုအရာရှိသည် ရှန်မြောင် လာပို့သည့် ပြောင်လက်နေသော အဖြူရောင် မြေပန်းကန်ထဲတွင် အသားဟင်း၊ အရွက်ဟင်း ခွဲခြားထားမှု သေသပ်ကာ အနံ့အရသာနှင့် ပြည့်စုံသည့် အစားအသောက်များကို မြင်တွေ့ရသောအခါ အပြစ်ပြောစရာ လုံးဝ ရှာမတွေ့တော့ချေ။
စာရေးအရာရှိလေးများသည် သိုသိုသိပ်သိပ် ချွေတာကြသော်လည်း အပြင်ပန်းတွင်တော့ တောက်ပြောင်ချင်ကြသူများ ဖြစ်သည်။ ထို့ကြောင့် သူတို့အား 'အစေခံကံပါပေမယ့် သခင်မလေးရောဂါ ရနေသူများ' ဟူသော သာလွန်သည့် ခံစားချက်မျိုးကို ဆက်လက်ထိန်းသိမ်းထားနိုင်စေရန် ဖန်တီးပေးလိုက်လျှင် သူတို့၏ စိတ်နှလုံးကို ဖမ်းစားနိုင်ပေလိမ့်မည်။
ထို့အပြင် ရှန်မြောင်သည် ယခုအခါ စိတ်ကြိုက်ဟင်းပွဲ မှာယူနိုင်သည့် စနစ်ကိုပါ မိတ်ဆက်လိုက်ပြီး စစ်သည်များနှင့် စာရေးအရာရှိလေးများ ဘာဟင်းစားချင်သည်ကို မကြာခဏ မေးမြန်းလေ့ရှိသည်။ အဆင့်မြင့် သေသပ်လှပသည့် ထမင်းဘူးနှင့် စိတ်ကြိုက်ဟင်းပွဲ ဝန်ဆောင်မှုသည် ရှေးခေတ် ရုံးတော်များ၏ လိုအပ်ချက်နှင့် အလွန်ကိုက်ညီမှု ရှိနေလေသည်။
ရုံးတော်အပြင် ရှန်မြောင်သည် ကျင်းလျန်တံတားအနီးရှိ အကြီးဆုံး ဖျော်ဖြေရေးရပ်ကွက်တစ်ခုဆီသို့လည်း အကြည့်ရောက်လာခဲ့သည်။ ထိုနေရာတွင် ပြဇာတ်ကပြခြင်းနှင့် ပုံပြောခြင်းဖြင့် အသက်မွေးကြသည့် သဘင်သည်များစွာ ရှိပြီး ထိုသူများသည်လည်း ဤကဲ့သို့သော "ရိုက်ကွင်းသုံး ထမင်းဘူး" မျိုးကို အလွန်လိုအပ်ကြသည်။
နာမည်ကြီးသည့် ဇာတ်လိုက်ကျော်များတွင် အစေခံများ ရှိကြသော်လည်း နာမည်မကြီးသည့် သဘင်သည် အများစုမှာ နေ့စဉ် သီဆိုကပြရသဖြင့် အလွန်ပင်ပန်းကြသည်။ အကယ်၍ အစားအသောက် လာပို့ပေးမည့်သူ ရှိလျှင် သေချာပေါက် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ရှန်မြောင်သည် တစ်ဖက်က စဉ်းစားရင်း တစ်ဖက်က ယောက်လော်ကဲ့နှင့်အတူ ဆိုင်ခန်းအချို့ကို လိုက်ကြည့်ခဲ့သော်လည်း ဈေးကြီးလွန်းသည်ဟု ခံစားနေရသည်။ လမ်းမကြီးပေါ်ရှိ ဆိုင်ခန်းများက ကျင်းလျန်တံတားဘက်ထက် ပို၍ ဈေးကြီးနေသေးသည်။
ရှေးခေတ်ဖြစ်စေ၊ ခေတ်သစ်ဖြစ်စေ၊ ပြည်တွင်းဖြစ်စေ၊ ပြည်ပဖြစ်စေ မြို့တော်ဖြစ်နေသမျှ ကုန်ဈေးနှုန်းနှင့် အိမ်ဈေးနှုန်းတို့မှာ အလွန်ထိတ်လန့်စရာ ကောင်းနေမြဲပင်။
ရှန်မြောင် စဉ်းစားပြီးနောက် မေးလိုက်သည်။
"ဆိုင်ခန်း သေးတာလေးတွေ ရှိသေးလား။ ဒီလောက်ကြီးတာမျိုး မလိုပါဘူး”
ထိုစကားက ယောက်လော်ကဲ့ကို အခက်တွေ့သွားစေသည်။ သူသည် နေရာတွင်ရပ်လျက် ခဏမျှ စဉ်းစားနေပြီးနောက် ရုတ်တရက် ရှန်မြောင်၏ လိုအပ်ချက်နှင့် ကိုက်ညီမည့် နေရာတစ်ခုကို သတိရသွားကာ ချက်ချင်း လှည့်မေးလိုက်သည်။
"ရှန်ညန်ဇီက တခြားသူနဲ့ ဆိုင်ခန်းတွဲဖွင့်ရမှာကို သဘောမကျဖြစ်မလား။ ဆိုင်ရှင်တစ်ယောက်က စီးပွားရေး မကောင်းလို့ ဆိုင်ခန်းတစ်ဝက်ကို ငှားချင်နေတာ ရှိတယ်။ သူက ဆိုင်ကို သစ်သားပြားနဲ့ နှစ်ပိုင်းကာထားပြီး မီးဖိုချောင်ကိုလည်း နှစ်ခုခွဲလို့ ရတယ်။ ဒီလိုဆိုရင် ရှန်ညန်ဇီက ငှားရမ်းခ တစ်ဝက်ပဲ ပေးရမှာလေ”
ဒါက နောင်လာမည့်ခေတ်တွင် လုပ်လေ့လုပ်ထရှိသည့် နည်းလမ်းမဟုတ်ပါလား။ ရှန်မြောင်က မဆိုးဘူးဟု ထင်မြင်မိသည်။
"သွားကြည့်လို့ ရတာပေါ့”
ထို့နောက် သူတို့နှစ်ဦးသည် လမ်းမကြီးဘက်သို့ ထွက်လာခဲ့ကြသည်။ ယောက်လော်ကဲ့က အဝေးမှနေ၍ သူမအား နေရာကို ညွှန်ပြလေသည်။ ရှန်မြောင် ခြေဖျားထောက်ကြည့်လိုက်ရာ ထိုဆိုင်ခန်းနေရာမှာ တော်တော်ကောင်းမွန်သည်ကို တွေ့လိုက်ရသည်။ နန်းတော်၏ အရှေ့တံခါးနှင့် အလွန်နီးကပ်ပြီး ခိုင်ဖုန်းရုံးတော်နှင့် ခြေလှမ်း ရာဂဏန်းခန့်သာ ဝေးသည်။ ကျင်းလျန်တံတားနှင့်တော့ အနည်းငယ် ဝေးကွာလေသည်။
ရှန်မြောင်သည် နန်းတော်တံခါးဝကို လှမ်းကြည့်လိုက်မိသည်။ သူမ နန်းတော်နှင့် သည်လောက် နီးကပ်စွာ ရောက်ဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။ ပုံမှန်ဆိုလျှင် ကိစ္စမရှိဘဲ သူမ ဤနေရာသို့ လာမည်မဟုတ်ပေ။ သူမနှင့် ယောက်လော်ကဲ့သည် ဝါးနှင့်သစ်သားများ သယ်ဆောင်လာသည့် လက်မှုပညာသည်များကို ရှောင်ကွင်းသွားလိုက်သည်။ လမ်းမကြီး အလယ်တည့်တည့်တွင် အောက်ရှန်မီးအိမ်တောင်ကို တည်ဆောက်နေကြသဖြင့် ကြမ်းပြင်အနှံ့ ဝါးများ၊ သစ်သားများ၊ လျှော်ကြိုးများဖြင့် ရှုပ်ပွနေလေသည်။
"ဒီနေရာပဲ၊ ရှန်ညန်ဇီ အထဲဝင်ကြည့်ပါဦး”
ယောက်လော်ကဲ့က ရှေ့မှလမ်းပြရင်း ပြောလိုက်သည်။
ရှန်မြောင်သည် သိချင်စိတ်ဖြင့် ခြေလှမ်းကျဲကာ ဝင်လိုက်လေသည်။
......
သူမ ဆိုင်ခန်းကြည့်နေချိန်တွင် နန်းတော်ကြီး၏ အတွင်းဘက်၊ မယ်တော်ကြီး စံမြန်းရာ ဝမ်အန်းနန်းဆောင်တွင်တော့ ဘဲကင်နံ့များ ပျံ့လွင့်နေလေသည်။
မယ်တော်ကြီးသည် ခန္ဓာကိုယ်ကို ကောင်းစွာ ထိန်းသိမ်းထားသဖြင့် အသက် ၅၀ ကျော်ပြီဖြစ်သော်လည်း အသက် ၄၀ ကျော်ရုံသာ ထင်ရသည်။ သူမသည် အလွန်ချောမောလှပပြီး အသက်အရွယ် ရလာသည့်တိုင် ငယ်စဉ်က အလှတရားအရိပ်အယောင်များကို မြင်တွေ့နေရဆဲပင်။
အထူးသဖြင့် မျက်ဝန်းအစုံမှာ ကြည်လင်နေသည့် ဆောင်းဦးရေကန်ပမာ ဖြစ်သည်။
နန်းဆောင်အတွင်းတွင် ကျောက်စိမ်းရောင် မီးဖိုမှ နှင်းဆီရနံ့သင်းပျံ့သော မီးခိုးငွေ့များ တလူလူ ထွက်ပေါ်နေသည်။ နန်းဆောင်တံခါး ဝဲယာတွင် ရပ်နေကြသော နန်းတွင်းအပျိုတော်များသည် အသက်ရှူသံကိုပင် ထိန်းထားကြသည်။ အတွင်းဆောင်၏ နက်ရှိုင်းသော နေရာတွင် ပုလဲခန်းဆီးများ တွဲလျားကျနေပြီး အထက်တွင် ထိုင်နေသော မယ်တော်ကြီး၏ ပုံရိပ်ကို ဝိုးတဝါး မြင်တွေ့နေရသည်။
ယနေ့တွင် သူမသည် သာမန်အိမ်နေရင်း ဝတ်စုံကို ဝတ်ဆင်ထားပြီး လေးလံသော ခေါင်းဆောင်းများကို မဆောင်းထားပေ။ ပုလဲဆံထိုးအချို့ကိုသာ ပန်ထိုးထားပြီး ခရမ်းရောင် သစ်သားကုလားထိုင်ပေါ်တွင် သက်သောင့်သက်သာ ထိုင်နေသည်။ နန်းတွင်းအပျိုတော်များက သူမအတွက် ဘဲသားထုပ်ပေးနေသည်ကို ပြုံး၍ ကြည့်နေပြီး မှာကြားလိုက်သည်။
"ဟို အချောင်းရှည်ရှည် ဟောသွန်းသီးယိုချောင်းလေး ထည့်ပေးစမ်း။ ကြက်သွန်မြိတ် မထည့်နဲ့”
"ဟုတ်ကဲ့ပါ မယ်တော်ဘုရား”
နန်းတွင်းအပျိုတော်က ကိုယ်ကိုကိုင်းညွှတ်လျက် တူဖြင့် ဘဲသား၊ ဘဲအရေခွံ၊ သခွားသီးနှင့် ဟောသွန်းသီးယိုချောင်းတို့ကို ယူလိုက်သည်။ ပါးလွှာသော ကြာရွက်မုန့်ဖြင့် လိပ်လိုက်ပြီး မုန့်သားအဖျားကို အောက်ဘက်သို့ ခေါက်ထည့်လိုက်သည်။ ထို့နောက် ဂရုတစိုက်ဖြင့် ခေါင်းပေါ်မြှောက်ကာ ဒူးကို အနည်းငယ်ကွေးလျက် မယ်တော်ကြီးရှေ့သို့ ဘဲကင်လိပ်ကို ဆက်သလိုက်လေသည်။
မယ်တော်ကြီးသည် ပန်းကန်ကို လှမ်းယူလိုက်သည်။ ထိုင်ပုံထိုင်နည်း မပျက်ယွင်းဘဲ တူဖြင့်ညှပ်ကာ ဖြည်းဖြည်းချင်း စားသုံးလိုက်သည်။
ဤဘဲကင်မှာ အမှန်တကယ် အရသာရှိသော်လည်း စားရသည်မှာ အနည်းငယ် လက်ဝင်ပြီး ကြည့်ရဆိုးစေသည်။
မယ်တော်ကြီးသည် မယ်တော်ကြီး ဖြစ်လာပြီးနောက်ပိုင်း ကျန်းမာရေးကို အထူးဂရုစိုက်လာသည်။ ပုံမှန်အားဖြင့် အစာကို ဗိုက်ပြည့်အောင် မစားခြင်း၊ ပေါ့ပါးသော အစားအစာများကိုသာ စားခြင်းတို့ကို လိုက်နာပြီး ထမင်းမစားမီ တရားထိုင်လေ့ရှိကာ အသားဟင်း စားသုံးမှု နည်းပါးလေသည်။
အပြောင်းအလဲ အားလုံးသည် ယခုနှစ် နန်းတွင်းစားသောက်ပွဲမှ စတင်ခဲ့ခြင်း ဖြစ်သည်။
အရှင်မင်းကြီး ကျောက်ပေါ်ယွင်သည် နန်းတွင်းစားသောက်ပွဲတွင် တက်ရောက်လာကြသော ရင်းနှီးသည့် မှူးမတ်အရာရှိကြီး တစ်ဦးချင်းစီအား ဘဲကင်တစ်ပွဲစီ အပိုဆုချခဲ့သည်။ ထိုပွဲမှာ သေးငယ်ပြီး ဘဲသားလိပ် သုံးခုစာလောက်သာ ပါရှိကာ ပိုလိုချင်၍လည်း မရပေ။
မယ်တော်ကြီး၏ ရှေ့တွင်လည်း တစ်ပွဲ ချထားပေးသည်။ သူမသည် မူလက အဆီများလွန်းသည်ဟု ယူဆကာ မနှစ်မြို့သဖြင့် တူပင် မလှုပ်ခဲ့ပေ။ သို့သော် ဘေးနားမှ အရှင်မင်းကြီးက မြိန်ရေရှက်ရေ စားသုံးနေသည်ကို တွေ့လိုက်ရပြီး မွှေးကြိုင်သော အနံ့များက သူမ၏ နှာခေါင်းဝသို့ တိုးဝင်လာကာ ပျောက်ကွယ်မသွားဘဲ ဝဲပျံနေတော့သည်။
သူမသည် အထက်ပလ္လင်ပေါ်သို့ အသာလေး လှမ်းကြည့်လိုက်ရာ ကျောက်ပေါ်ယွင်တစ်ယောက် လျှာပါမြိုချမတတ် စားသောက်နေသည့် ပုံစံကြောင့် သူမလည်း စားချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။ ထို့ကြောင့် မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် နန်းတွင်းအပျိုတော်ကို ပြင်ဆင်ခိုင်းပြီး တစ်ခု မြည်းစမ်းကြည့်လိုက်သည်။
မထင်မှတ်ဘဲ နောက်ပိုင်းတွင် မသိလိုက်မသိဘာသာဖြင့် တစ်ပွဲလုံး ကုန်အောင် စားမိသွားတော့သည်။
ထိုအဖြစ်ကြောင့် သူမကိုယ်တိုင်ပင် အံ့အားသင့်သွားရသည်။ ဤမျှ အရသာရှိသော အသားဟင်းမျိုး မစားရသည်မှာ ကြာမြင့်ခဲ့ပြီ။
ကျောက်ပေါ်ယွင်သည် တစ်ဝက်ခန့် စားပြီးချိန်တွင် ခေါင်းလှည့်ကြည့်လိုက်ရာ မယ်တော်ကြီး၏ ပန်းကန်တွင် ပြောင်သလင်းခါနေသည်ကို မြင်လိုက်ရသဖြင့် အလွန်အံ့ဩသွားခဲ့သည်။ နောက်ပိုင်းတွင် သူက လျန်ချန်ကို အပြင်ထွက်ပြီး ဘဲကင်ဝယ်ခိုင်းသည့်အခါ မယ်တော်ကြီးအား နေ့စဉ် ကန်တော့ရန်အတွက် ဘဲတစ်ကောင်ခွဲ ဝယ်ခိုင်းခဲ့လေသည်။
မယ်မယ်က အသားမကြိုက်ဘူးဆိုတော့ တစ်ဝက်ဆို လောက်ပါပြီလေ၊ များသွားရင် မကုန်ဘဲ နှမြောစရာ ဖြစ်နေဦးမယ်။
ထို့ကြောင့် ယနေ့တွင် မယ်တော်ကြီးသည် အရှင်မင်းကြီး ပို့လိုက်သော ဘဲကင်တစ်ဝက်ကို စားသုံးနေခြင်း ဖြစ်သည်။
သူမသည် အီသွားခြင်းမရှိဘဲ ဘဲကင်၏ အရသာကို ပိုမိုနှစ်သက်လာခဲ့သည်။
အထူးသဖြင့် ကျောက်ပေါ်ယွင်သည် မနက်စောစော ဂါရဝပြုရန် လာရောက်ချိန်တွင် ရှန်ညန်ဇီက ဘဲကင်ပြုလုပ်ပုံကို မည်သို့ မွမ်းမံထားကြောင်းနှင့် ဟောသွန်းသီးယိုချောင်း ထည့်သွင်းစားသောက်ပုံတို့ကို အသေးစိတ် ရှင်းပြခဲ့သေးသည်။
မယ်တော်ကြီးက အစပိုင်းတွင် ဤကဲ့သို့ အငန်နှင့်အချို ရောနှောထားသော စားနည်းမှာ ထူးဆန်းနေမည်ဟု ထင်ခဲ့သော်လည်း ကျောက်ပေါ်ယွင်၏ တိုက်တွန်းမှုကြောင့် စမ်းစားကြည့်လိုက်ရာ အမှန်တကယ်ပင် အရသာရှိပြီး အီပြေစေသည်ကို တွေ့လိုက်ရသည်။ ဘဲသားနှင့် ဟောသွန်းသီး၏ အမွှေးအကြိုင်တို့မှာ ဆန့်ကျင်ဘက် မဖြစ်သည့်အပြင် မူလကတည်းက တွဲဖက်စားသုံးသင့်သည့် အရာများအလား လိုက်ဖက်ညီလွန်းလှသည်။
မယ်တော်ကြီးသည် ပါးစပ်ထဲမှ နောက်ဆုံးကျန်သော ဘဲကင်ဖတ်ကို မျိုချလိုက်ပြီး ကျေနပ်စွာဖြင့် ပလုတ်ကျင်းလိုက်သည်။ နန်းတွင်းအပျိုတော် ဆက်သလာသည့် လက်ကိုင်ပဝါဖြင့် ပါးစပ်ကိုသုတ်လိုက်ပြီးနောက် ဘေးနားမှ ရင်းနှီးသော မိန်းမစိုးက စကားပြောချင်နေသည်ကို မြင်လိုက်ရသဖြင့် ရှေ့သို့တိုးခိုင်းလိုက်ပြီး ကျန်လူများကို ဆုတ်ခွာသွားစေလိုက်သည်။
"ပြောစမ်း၊ ရှန်ကျိဆိုင်အကြောင်း စုံစမ်းလို့ ရခဲ့ပြီလား”
မယ်တော်ကြီးသည် အရှင်မင်းကြီးက ရှန်ကျိဆိုင်အကြောင်း လူလွှတ်စုံစမ်းပြီး ပြဿနာမရှိမှ ရှန်ညန်ဇီ ပြုလုပ်သည့် ဘဲကင်ကို စိတ်ချလက်ချ စားလိမ့်မည်ဆိုသည်ကို သိသော်လည်း ကိစ္စအဝဝကို မိမိလက်ထဲတွင် ရှိနေမှ စိတ်ချတတ်သည့် အကျင့်ကြောင့် လူလွှတ်ပြီး ထပ်မံစုံစမ်းခိုင်းခြင်း ဖြစ်သည်။
မထင်မှတ်ဘဲ ရှန်ညန်ဇီ၌ ပြဿနာမရှိသော်လည်း သူမ၏ ခင်ပွန်းဟောင်းနှင့် ပတ်သက်သော အတိတ်က ဇာတ်လမ်းဟောင်းများကို စုံစမ်းသိရှိခဲ့ရသည်။
မိန်းမစိုးက ရှန်မိဘများအကြောင်း တိုးတိုးတိတ်တိတ် ပြောပြပြီးနောက် နောက်သို့ ခြေနှစ်လှမ်းဆုတ်ကာ ရပ်နေလိုက်သည်။
သူမသည် တွေဝေငေးမောသွားပြီး ရေရွတ်လိုက်သည်။
"မင်း ပြောချင်တာက ကွယ်လွန်သွားတဲ့ ရှန်ညန်ဇီရဲ့ မိဘတွေက လွန်ခဲ့တဲ့ ၃ နှစ်က ရွှီမိသားစုအမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ဈေးသည်တွေပေါ့လေ။ တိုက်ဆိုင်လိုက်တာ..."
"မှန်ပါတယ်၊ အဲဒီတုန်းက အရာရှိဆိုး ကျန်းချုံးက နတ်ရွာစံအရှင်မင်းကြီးရဲ့ အမိန့်နဲ့ ရွှီရှန်းတစ်မိသားစုလုံးကို တိတ်တဆိတ် သတ်ဖြတ်ဖို့ လုပ်ခဲ့ပေမယ့် သဲလွန်စ ကျန်ရစ်ခဲ့တာကြောင့် ရှဲ့မိသားစုက တတိယသခင်လေးက လိုက်လံစုံစမ်းခဲ့ပါတယ်။ မတတ်သာတဲ့အဆုံး ဖုံးကွယ်ဖို့ ကြိုးစားခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီအကြိမ်မှာ လဲ့ကျန်းနယ်စားက အလုပ်မပိုင်နိုင်ဘဲ လမ်းမပေါ်မှာ မြင်းစီးပြီး လူတွေကို တိုက်မိလို့ အပြစ်မဲ့တဲ့ ပြည်သူတွေ သေဆုံးခဲ့ရပါတယ်။ နတ်ရွာစံအရှင်မင်းကြီးက အဲဒီတုန်းက သူ့ကို ဒေါသထွက်လွန်းလို့ သမားတော်တွေရှေ့မှာတင် သွေးအန်ခဲ့ပြီး ကျန်းမာရေး ပိုဆိုးလာခဲ့ရတာပါပဲ”
မိန်းမစိုးက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
မယ်တော်ကြီး၏ မျက်ဝန်းများ အနည်းငယ် လှုပ်ခတ်သွားသည်။ ဤကိစ္စများကို သူမ သိပါသည်။ ထိုအချိန်က ကျင့်မင်းသားသည် စိတ်မြန်လက်မြန် ဖြစ်နေပြီး နတ်ရွာစံအရှင်မင်းကြီး အနေဖြင့်လည်း ထိုကိစ္စများကို ဂရုစိုက်ရန် အချိန်မရှိသဖြင့် ရွှီမိသားစုကို အရင် အပြစ်ပေးခဲ့ရသည်။ လဲ့ကျန်းနယ်စားကိုလည်း အရေးမယူဘဲ သူ၏မြင်းထိန်းကိုသာ ထောင်ချကာ မြင်းလန့်သွားသည့် မတော်တဆမှုအဖြစ် ဝါးတားတား လုပ်ခဲ့ရသည်။
ထိုစဉ်က နတ်ရွာစံအရှင်မင်းကြီးမှာလည်း ရွေးချယ်စရာ မရှိခဲ့ပေ။ အကြောင်းမှာ ကျင့်မင်းသား၏ ကြင်ယာတော်သည် ရွှီမိသားစုမှ ဖြစ်သဖြင့် ရွှီမိသားစုသည် ကျင့်မင်းသားဘက်တွင် ရှိနေပြီး ကျင့်မင်းသားသည်လည်း အထက်တန်းလွှာ မျိုးနွယ်ကြီးများ၏ မျက်နှာသာပေးမှုကို ရရှိထားသောကြောင့် ဖြစ်သည်။ ထို့အပြင် သူသည် လူမှုဆက်ဆံရေး ကောင်းမွန်ပြီး အထက်တန်းလွှာများနှင့် ရင်းနှီးသဖြင့် မျိုးနွယ်ကြီးများက သူ့ကို အိမ်ရှေ့စံအဖြစ် တင်မြှောက်ချင်ကြသည်။
နတ်ရွာစံအရှင်မင်းကြီးတွင် မိဖုရားခေါင်ကြီးမှ ဖွားမြင်သော သားတော်အရင်း မရှိပေ။ ကျင့်မင်းသားသည် သားအကြီးဆုံးဖြစ်ပြီး ရွှယ်ဖေးသည်လည်း မျိုးရိုးမြင့် ဖြစ်သည်။ သို့သော် နတ်ရွာစံအရှင်မင်းကြီးသည် မျိုးနွယ်စုကြီးများ၏ ထိန်းချုပ်မှုကို မခံလိုတော့ပေ။ သူ နန်းတက်စဉ်ကာလတစ်လျှောက် အာဏာစက် ဖြန့်ကျက်ရန် ခက်ခဲခဲ့ပြီး နန်းတွင်းတွင် မျိုးနွယ်စုကြီးများက အုပ်စုဖွဲ့ကာ အားပြိုင်မှုများ ပြင်းထန်ခဲ့သည်။
သူသည် အများ၏ ကန့်ကွက်မှုကို ပယ်ရှားပြီး လက်ရှိ အရှင်မင်းကြီး ကျောက်ပေါ်ယွင်ကို မယ်တော်ကြီးထံ ပို့ဆောင်မွေးစားစေကာ တရားဝင် သားတော်အဖြစ် သတ်မှတ်ပေးခဲ့သည်။ ထိုကိစ္စကြောင့် မှူးမတ်များက "အကြီးကိုကျော်ပြီး အငယ်ကို နန်းတင်သည်" ဟု မကျေမနပ်ဖြစ်ကာ အမိန့်ပြန်ရုပ်သိမ်းရန် အကြိမ်ကြိမ် လျှောက်တင်ခဲ့ကြသည်။
နတ်ရွာစံအရှင်မင်းကြီး နန်းတက်စကတည်းက မျိုးနွယ်စုကြီးများနှင့် အမြဲ တိုက်ပွဲဝင်ခဲ့ရပြီး နတ်ရွာစံခါနီးအချိန်တွင် စိတ်မချနိုင်ဖြစ်ကာ သွေးစွန်းမှုများနှင့် လူအသေအပျောက်များဖြင့် မျိုးနွယ်စုကြီးများကို ခြိမ်းခြောက်ပြီး လှုပ်ရှားရဲခြင်း မရှိအောင် လုပ်ဆောင်ခဲ့ရသည်။
ရွှီမိသားစုကို ရှင်းလင်းခြင်းသည် ကျင့်မင်းသား၏ အင်အားကိုပါ လျော့နည်းသွားစေပြီး မြှားတစ်စင်းတည်းဖြင့် ငှက်နှစ်ကောင်ပစ်သည့် အကွက်ဖြစ်သည်။ ကျားသည် သားသမီးကို မစားဘူးဟု ဆိုကြသော်လည်း မင်းမျိုးမင်းနွယ်များကြားတွင် သားအဖဟူသည် မရှိချေ... မယ်တော်ကြီးသည် ကျင့်မင်းသား၏ ပုန်ကန်မှုကြောင့် ဖြစ်ပေါ်ခဲ့သော သွေးစွန်းသည့် မုန်တိုင်းများကို ပြန်တွေးမိပြီး ကြောက်ရွံ့တုန်လှုပ်မိသည်။
သို့သော် ထိုအစီအစဉ်က အမှန်တကယ် အလုပ်ဖြစ်ခဲ့သည်။ အကယ်၍ သူမ၏ ခင်ပွန်းဟောင်းသာ ဝက်ကဲ့သို့ မတုံးအဘဲ ကိစ္စများကို မဖျက်ဆီးခဲ့လျှင် သဲလွန်စ ကျန်ရစ်မည် မဟုတ်သလို အပြစ်မဲ့သူများလည်း ပါဝင်ပတ်သက်ရမည် မဟုတ်ပေ။
နတ်ရွာစံအရှင်မင်းကြီးသည် ထိုစဉ်က အလွန်ဒေါသထွက်ခဲ့ပြီး ရှဲ့မိသားစုကိုပါ ပြင်းပြင်းထန်ထန် အပြစ်ပေးချင်ခဲ့သော်လည်း ရှဲ့ကျဲယွီက လက်ဦးမှုရယူကာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည်။ ရှဲ့မိသားစုကလည်း အခြေအနေ တင်းမာမှုကို သိရှိပြီး ချက်ချင်း ဆုတ်ခွာကာ သစ္စာရှိကြောင်း ပြသခဲ့ကြသည်။
ရှဲ့ကျဲယွီကို တွေးမိသောအခါ မယ်တော်ကြီးသည် စိတ်မကောင်း ဖြစ်မိသည်။ လေညင်းခံ ဝါးရုံပင်ကဲ့သို့သော ထိုမိန်းမငယ်လေးကို စိတ်ထဲမှ တိတ်တဆိတ် သတိရမိသည်။
'သူက အရမ်း လှပပြီး သိမ်မွေ့ပေမယ့် စိတ်ဓာတ်က ကြံ့ခိုင်ပြတ်သားတယ်။ အခြေအနေနဲ့ နတ်ရွာစံအရှင်မင်းကြီးရဲ့ စိတ်ကို သူများထက်စောပြီး မြင်နိုင်တယ်။ ပြီးတော့ မိသားစုတစ်ခုလုံး လွတ်မြောက်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် စွန့်လွှတ်ဖို့ ချက်ချင်း ဆုံးဖြတ်နိုင်ခဲ့တာ တကယ် လေးစားစရာပဲ။'
မယ်တော်ကြီးသည် ပြောင်စင်သွားသည့် ဘဲကင်ပန်းကန်ကို ကြည့်ရင်း စိတ်ထဲ၌ တွေးလိုက်သည်။
'တကယ်တော့ အရှင်မင်းကြီးနဲ့ နတ်ရွာစံအရှင်မင်းကြီးက တော်တော်တူတာပဲ။'
နှစ်ဦးစလုံးတွင် ဘုရင်တို့၏ အေးစက်မှု ရှိကြသည်။
သူမသည် သူမကို ရောင်းစားခဲ့သည့် လဲ့ကျန်းနယ်စားကို ပြန်သတိရမိသည်။ ဤခင်ပွန်းဟောင်းသည်လည်း သူမ၏ ရင်ထဲက အနာတစ်ခုပင်။ သူက အမြော်အမြင်နည်းပြီး တုံးအလွန်းသဖြင့် လက်ကမခွာနိုင်သော အညစ်အကြေးတစ်ခုလို ဖြစ်နေသည်။
ထိုစဉ်က နတ်ရွာစံအရှင်မင်းကြီးသည် သူ့ကို တမင် ချန်ထားခဲ့ပြီး မြှောက်ထားပေးခဲ့သည်... ယခု အရှင်မင်းကြီးကလည်း ထိုနည်းအတိုင်းပင်။ ရွှီမိသားစုအမှုကို ပြန်မဖော်သလို သူ့ကိုလည်း အရေးမယူပေ။ ဒါက သူမကို ထိန်းချုပ်ဖို့ ချန်ထားတဲ့ လက်နက်တစ်ခုလား။
သူမသည် ကျောက်ပေါ်ယွင်ကို အသက် ၁၁ နှစ်မှ ၁၆ နှစ်အထိ ၅ နှစ်တိုင်တိုင် မွေးမြူခဲ့ပြီး သေအတူ ရှင်မကွာ အတူတူ ဖြတ်သန်းခဲ့ရဖူးသည်။ သို့သော် လူဆိုသည်မှာ ထိုနေရာသို့ ရောက်သွားသည်နှင့် အပြင်ပန်းတွင် မည်မျှ လိမ္မာရေးခြား ရှိသည်ပြောပြော တကယ်တမ်းကျတော့ သူမ၏ သား မဟုတ်တော့ပေ။ သူမကလည်း ကျောက်ပေါ်ယွင်ကို သားအရင်းကဲ့သို့ သဘောထားရန် မရဲတော့ချေ။
သူက အရှင်မင်းကြီး ဖြစ်နေပြီလေ။
မယ်တော်ကြီးသည် လက်မှစိပ်ပုတီးကို ပွတ်သပ်ရင်း မျက်နှာတွင် အပြုံးတစ်ခု ပန်ဆင်ထားသော်လည်း ရင်ထဲ၌ အေးစက်နေမိသည်။
ကံကောင်းသည်မှာ သူမသည် ဤတစ်သက် ယောကျ်ားများကို ယုံကြည်ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ခြင်းပင်။
အရှင်မင်းကြီးသည် အရွယ်ရောက်လာပြီ ဖြစ်သည်။ ယခုနှစ်တွင် ဘယ်သူ့ကိုမှ အသိမပေးဘဲ ယွဲ့ နှင့် ရှီး စစ်သူကြီးနှစ်ဦးကို တိတ်တဆိတ် ပြန်ခေါ်လိုက်ခြင်းသည် အချက်ပေးခေါင်းလောင်းသံ တစ်ခုပင်။ နန်းတွင်းစားသောက်ပွဲတွင် ယွဲ့ နှင့် ရှီး တို့သည် သံချပ်ကာအပြည့်အစုံ ဝတ်ဆင်ကာ အရှင်မင်းကြီး၏ ဘေးဝဲယာတွင် လိုက်ပါလာခဲ့ရာ မြို့တော်ရှိ မှူးမတ်များအားလုံး ကျောချမ်းသွားခဲ့ကြသည်။
ယွဲ့မိသားစုကို ပြောစရာမလိုသော်လည်း ရှီးမိသားစုသည် မျိုးနွယ်ကြီး မဟုတ်ပေ။ နတ်ရွာစံအရှင်မင်းကြီး လက်ထက်ကျမှ ရာထူးတိုးလာခဲ့ခြင်းဖြစ်ပြီး ရှီးမိသားစုသည် နတ်ရွာစံအရှင်မင်းကြီးက အရှင်မင်းကြီးလက်ထဲသို့ အလေးအနက်ထား ထည့်ပေးလိုက်သူများ ဖြစ်သည်။ ယခင်က သူတို့ကို ရွှီ၊ ရွှယ်၊ ကော်၊ ကျန်း စသည့် မျိုးနွယ်ကြီးများက 'မျိုးရိုးနိမ့် စစ်ဘက်အရာရှိ' ဟု နှိမ့်ချခေါ်ဝေါ်ခဲ့ကြပြီး အခြေခံမရှိသော မိသားစုဟု ပြောရန် ဝန်မလေးခဲ့ကြပေ။
မယ်တော်ကြီးသည် ဦးဆုံး အရာချခံလိုက်ရသည့် မိဖုရားခေါင်ကြီးကောကို သတိရမိပြီး မျက်ဝန်းများ မှိန်ဖျော့သွားသည်။ အရှင်မင်းကြီးသည် သူမအပေါ် လိမ္မာသော်လည်း... အရှင်မင်းကြီးသည် မျိုးနွယ်ကြီးများကို သတိထားနေသကဲ့သို့ ဆွေမျိုးတော်စပ်သူများကိုလည်း သတိမထားဘဲ နေပါ့မလား။
ထိုသို့မဟုတ်လျှင် ယခု ကိုယ်လုပ်တော်ကြီး နေရာတွင် ရှိနေသူမှာ ဘာကြောင့် မိဘမျိုးရိုးမရှိသည့် ဂီတပညာသည်တစ်ယောက် ဖြစ်နေရသနည်း။
ဟောင်းနွမ်းနေသော အတိတ်က ကိစ္စတစ်ခုကို ပြန်လည်ဖော်ထုတ်ရန် အချိန်တန်ပြီ ဖြစ်ကောင်းဖြစ်နိုင်သည်။
ရွှီမိသားစုအမှုကို ပြန်မစစ်ဆေးလျှင်တောင် မတရားသေဆုံးခဲ့ရသည့် ပြည်သူများကိုတော့ ဖြေရှင်းချက်ပေးသင့်သည်။
သူမသည် တစ်ချိန်က ခင်ပွန်းသည်၏ ရောင်းစားခြင်းကို ခံရသည့် ဇနီးသည်၊ မင်းသားအိမ်တော်မှ အဆင့်နိမ့် အစေခံ၊ အရေးမပါသည့် ကိုယ်လုပ်တော်... စသဖြင့် ဒုက္ခပေါင်းစုံကို ဖြတ်ကျော်ပြီးမှ ယနေ့ အခြေအနေသို့ ရောက်ရှိလာခဲ့သူ ဖြစ်သည်။ လဲ့ကျန်းနယ်စားဟူသော ဤလက်နက်ကို သူမအပေါ် ကျရောက်ခွင့် လုံးဝ မပေးနိုင်ပေ။
မယ်တော်ကြီးသည် မျက်လွှာချကာ လက်မှစိပ်ပုတီးကို ဖြည်းညှင်းစွာ ပွတ်သပ်ရင်း တိတ်တဆိတ် တွေးတောနေလေသည်။
....
ပြန့်ကျင်းမြို့တွင် နှင်းတိတ်၍ နေသာနေသော်လည်း ချန်ကျိုးတွင်မူ မိုးဖွဲဖွဲလေးများ ရွာသွန်းနေလေသည်။
ရှဲ့ချီနှင့် ရှစ်ယီးညန်တို့သည် လမ်းဘေးဆိုင်ခန်းတစ်ခု၏ အမိုးအောက်တွင် မိုးခိုနေကြသည်။ ရှစ်ယီးညန်သည် လက်ထဲတွင် နှမ်းကပ်ကောက်ညှင်းမုန့်ကို ကိုင်ထားပြီး အနည်းငယ် ဝိုင်းလာသော မျက်နှာလေးကိုမော့ကာ မိုးစက်မိုးပေါက်များကို ကြည့်ရင်း အစ်ကိုဖြစ်သူနှင့် စကားစမြည်ပြောကာ အိမ်မှလာကြိုမည့် မြင်းလှည်းကို စောင့်နေကြသည်။
သူမသည် မုန့်ကို တစ်ကိုက်ကိုက်လိုက်ပြီး အစ်ကိုဖြစ်သူ၏ နောက်နားတွင် ပုံထားသော ပစ္စည်းများကို မနေနိုင်ဘဲ လှမ်းကြည့်လိုက်မိသည်။ ချန်ကျိုးဒေသထွက် ကြာစွယ်ခြောက်၊ ဟွာယန်ဒေသထွက် နှင်းပန်းခြောက်၊ အမွှာကြီးပြီး စပ်သော ချန်ကျိုးကြက်သွန်ဖြူ... စားစရာ ဒေသထွက်ပစ္စည်းများအပြင် "အရောင်တင်ဆီ သုတ်ထားသလို မည်းနက်ပြောင်လက်နေသည့်" ချန်ကျိုး မြေအိုးမြေခွက် သေတ္တာနှစ်လုံးလည်း ပါသေးသည်။
ဒါတွေက ထားလိုက်ပါတော့။ အစ်ကိုကြီးက ကလေးကစားသည့် ချန်ကျိုး "ရွှံ့ခွေးရုပ်" များကိုပါ ရှာဖွေဝယ်ယူထားပြီး တိရစ္ဆာန်ရုပ် သေတ္တာတစ်လုံးလည်း ပါသေးသည်။ ရာသီခွင် အကောင်၁၂ကောင်ပင် စုံလင်အောင် ပါသေးသည်။
ဒါတင်မကသေးပေ။ ယွမ်ရှောင်းပွဲတော် နီးလာပြီဖြစ်သဖြင့် ချန်ကျိုးမှ မီးအိမ်အမျိုးမျိုးကိုလည်း သေတ္တာနှစ်လုံးအပြည့် ဝယ်ထားသေးသည်။
ကြားသိရသည်မှာ ကျိုးတာ့က ဒီနေ့ အိမ်မွေးတိရစ္ဆာန်မွေးမြူရေးခြံသို့ လှည်းမောင်းသွားပြီး ဟွိုင်ရှန်းနွားနှစ်ကောင်ကို ကြိုးချည်ကာ နွားမွေးမြူတတ်သည့် အစေခံတစ်ယောက်ကိုပါ ရွေးချယ်ပြီး ခေါ်လာဦးမည် ဆိုသည်။
အစ်ကိုကြီးက ကျိုးတာ့ကို သေချာမှာလိုက်သေးသည်။ နွားကို အထီးတစ်ကောင်၊ အမတစ်ကောင် ဖြစ်အောင် ရွေးရမည်။ ဒါမှ ရှန်ညန်ဇီက ဘဲခြံနားမှာ မွေးလို့ရပြီး အစေခံက ကူညီစောင့်ရှောက်ပေးနိုင်မည်။ မကြာခင် နွားနို့ထွက်ပြီး မျိုးပွားနိုင်သလို ရှန်ညန်ဇီအတွက် လယ်ထွန်ပေးနိုင်ပြီး ရှန်ညန်ဇီနှင့် မောင်လေးညီမလေးတွေလည်း နွားနို့သောက်ရလိမ့်မည် ဟု ဆိုသည်။
ဘာကြောင့် ဒီလောက် အကြီးအကျယ် စီစဉ်ရသလဲဆိုသည်ကို ရှစ်ယီးညန် မှတ်မိနေသည်။ အစ်ကိုကြီးက ဒီလိုပြောဖူးသည်။ တစ်နေ့ သူက ရှန်ညန်ဇီနှင့်အတူ ဈေးဝယ်ထွက်တုန်း လမ်းဘေးတွင် နွားနို့ရောင်းသည့် လယ်သမားတစ်ယောက်ကို တွေ့ခဲ့သည်။ ရှန်ညန်ဇီက ကြည့်ပြီးနောက် မဝယ်ဖြစ်ခဲ့ပေ။ "နွားနို့က ဈေးကြီးလွန်းတယ်၊ မဟုတ်ရင် နို့လက်ဖက်ရည် ကျိုသောက်လို့ရတာကို" ဟုသာ ရေရွတ်ခဲ့လေသည်။
ထိုအကြောင်းကို သူက မှတ်ထားခဲ့ခြင်း ဖြစ်သည်။ ယခု အခွင့်အရေးရသည်နှင့် သူမအတွက် နွားနှစ်ကောင် ယူသွားပေးခြင်း ဖြစ်လေသည်။
မှန်ပါသည်။ တောင်လိုပုံနေသော ပစ္စည်းများအားလုံးသည် ရှန်ညန်ဇီအတွက် ယူသွားမည့်အရာများ ဖြစ်သည်။
ရှစ်ယီးညန်သည် မုန့်ကို နောက်ထပ်တစ်ကိုက် ကိုက်လိုက်ပြီး အိမ်မှ ဒုတိယအဒေါ် မကြာခဏ ပြောလေ့ရှိသည့် စကားကို သတိရသွား၏။
ဒုတိယအဒေါ်က "သမီးမိန်းကလေးဆိုတာ အိမ်ထောင်ကျရင် ယောကျ်ားဘက် ပါသွားတတ်တာပဲ၊ ကိုယ့်မိသားစုကို မေ့သွားတတ်ကြတယ်" ဟု ပြောလေ့ရှိသည်။ ထိုစကား မှားသည် မှန်သည်ကို ထားလိုက်၊ ဒုတိယအဒေါ်က အမှန်တရားနဲ့ နီးစပ်တာ ပြောခဲပြီး ဟာသအနေဖြင့်သာ နားထောင်လေ့ ရှိကြသည်။
ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး... အစ်ကိုကြီးကျတော့ ပြောင်းပြန်ဖြစ်နေရတာလဲ။ အစ်ကိုကြီးက ရှန်ညန်ဇီနဲ့ ဘာမှမဖြစ်သေးပါဘူး။ သယ်လို့ရသမျှ ပစ္စည်းမှန်သမျှ အကုန်သယ်သွားချင်နေတော့တာပဲ။
နှစ်သစ်ကူး ပြန်လာတော့လည်း စိတ်က လူမှာမကပ်ပေ။ သူ့ကို မီးပန်းကစားဖို့ အဖော်ခေါ်တော့လည်း လက်ထဲက မီးပန်းချောင်းလေးကို ကိုင်ပြီး ငေးငိုင်နေတတ်သည်။ ကိုယ်ခန္ဓာသာ ချန်ကျိုးမှာရှိပြီး စိတ်က ဘယ်ရောက်နေမှန်း မသိ၊ နောက်ဆုံး လက်မီးပူသွားတာတောင် မသိပေ။
ရှစ်ယီးညန် ခေါင်းခါလိုက်ပြီး မုန့်ကို ထပ်ကိုက်လိုက်ကာ ငေးငိုင်နေသော ရှဲ့ချီဘက်သို့ လှည့်ကာ မေးလိုက်သည်။
"အစ်ကို၊ အစ်ကို ယွမ်ရှောင်းပွဲတော်ကို အိမ်မှာ တကယ် မနေတော့ဘူးလား”
ရှဲ့ချီက သတိဝင်လာပြီး ခေါင်းညိတ်ပြလိုက်သည်။
"အမေက သဘောတူလိုက်ပြီလေ၊ အစ်ကို ကျိုးတာ့ ပြန်လာတာနဲ့ ထွက်တော့မယ်။ ခဏနေ ကျိုးအာ့ လာကြိုရင် ညီမလေးဘာသာ အိမ်ပြန်လိုက်တော့နော်”
ရှစ်ယီးညန်က နှုတ်ခမ်းဆူထားလိုက်တော့သည်။
သူမအမြင်အရ ပြောရမည်ဆိုလျှင်တော့ သားယောကျ်ားလေးတွေကမှ တကယ် သူများဘက် ပါသွားတတ်တာ ဖြစ်လိမ့်မည်။
...