← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အပိုင်း (၁၄၇)

ပြန့်ကျင်းမြို့တွင်လည်း မိုးစတင် ရွာသွန်းလာလေသည်။ မိုးဖွဲဖွဲလေးများသာ ဖြစ်သော်လည်း လမ်းမကြီးပေါ်ရှိ တစ်ဝက်ခန့် တည်ဆောက်ပြီးစီးနေသော အောက်ရှန်မီးအိမ်တောင်မှာ စိုရွှဲနေပြီး လက်မှုပညာသည်များသည် မိုးကာစများကို အလျင်အမြန် ဆွဲယူကာ ဖုံးအုပ်နေကြရသည်။ စစ်သည်များပင် သွားရောက်ကူညီပေးနေရလေသည်။

ဗြောက်အိုး အပိုင်းအစများနှင့် မီးရှူးမီးပန်း ပြာများသည် ရွှံ့ဗွက်များကြားတွင် ရောနှောနေတော့သည်။ မီးအိမ်ရောင်းသည့် ဈေးသည်များသည် လမ်းဘေး အမိုးအောက်များတွင် သုံးလေးယောက်တစ်စု မိုးခိုနေကြရသည်။ ပုံမှန်ဆိုလျှင် ပထမလ၏ စည်ကားသိုက်မြိုက်နေသင့်သော လမ်းမကြီးသည် ဤမိုးစက်များကြားတွင် ရုတ်တရက် အနည်းငယ် ခြောက်ကပ်သွားသယောင် ရှိလေသည်။

စိုစွတ်သော မိုးနံ့များက အတွင်းသို့ ပျံ့လွင့်လာသည်။ ရှန်မြောင်သည် ကောင်တာနောက်တွင် ထိုင်လျက် ပေသီးခုံကို တချွင်ချွင် ခေါက်နေလေသည်။

သူမသည် အားလပ်ချိန်ကို အခွင့်ကောင်းယူကာ ယမန်နှစ်က စာရင်းများကို အသေးစိတ် ပြန်လည်စစ်ဆေးနေခြင်း ဖြစ်သည်။

ဆိုင်စဖွင့်ချိန်မှစ၍ တွက်ချက်ကြည့်လျှင် သူမ၏ဆိုင်သည် တစ်လလျှင် ပျမ်းမျှ ဝင်ငွေ ၁၅၀ ကွမ်းခန့် ရှိလေသည်။ နှစ်ကုန်သည်အထိ စုဆောင်းလိုက်ရာ ရှန်ကျိဆိုင်၏ ဝင်ငွေမှာ ၁၃၅၀ ကွမ်းအထိ ရှိလာခဲ့သည်။

ထိုအထဲတွင် အကြမ်းအမြတ်ငွေမှာ တစ်နှစ်တာ ဝင်ငွေ၏ ၆၀ ရာခိုင်နှုန်းဖြစ်ပြီး အသားတင်အမြတ်ငွေမှာ ၄၅ ရာခိုင်နှုန်းခန့် ရှိသည်။ ဟင်းပွဲနှင့် ဆန်ရေရိက္ခာ ကုန်ကျစရိတ်မှာ ၃၀ ရာခိုင်နှုန်း၊ ဟင်းခတ်အမွှေးအကြိုင်နှင့် ကုန်ဆုံးလွယ်သော ပစ္စည်းများအတွက် ၃ ရာခိုင်နှုန်း၊ ဆီဖိုး ၂ ရာခိုင်နှုန်း ဖြစ်ပြီး ဆောင်းတွင်း၌ ထင်းမီးသွေး ဈေးတက်သဖြင့် စုစုပေါင်း ၃ ရာခိုင်နှုန်းခန့် ကျသင့်လေသည်။

ယိုယွီ၊ အားထောင်၊ ထန်အာနှင့် ဖူရှင်းတို့ လေးယောက်အတွက် လုပ်အားခမှာ ၁၂ ရာခိုင်နှုန်း ရှိသည်။ ထို့အပြင် အခွန်အခ ၅ ရာခိုင်နှုန်း ပေးဆောင်ရသေးသည်။

အိမ်တိုင်ရာရောက် ချက်ပြုတ်ပေးခြင်းမှ ရရှိသည့် အပိုဝင်ငွေများ (ဖုန်းမိသားစုက အများဆုံး ပံ့ပိုးပေးသည်) အပါအဝင် ရှန်မြောင်သည် ယမန်နှစ်ကတည်းက ၂၀၀၀ ကွမ်းကျော် ရှာဖွေနိုင်ခဲ့လေသည်။

ခေတ်သစ်နှင့် ယှဉ်လျှင် ယခုအမြတ်ငွေမှာ ပို၍ မက်လောက်စရာ ကောင်းနေသည်။ ခေတ်သစ်တွင် လုပ်အားခနှင့် အခြားကုန်ကျစရိတ်များက ယခုထက် များစွာ မြင့်မားသည်။ ဤနေရာတွင် သူမသည် ဝန်ထမ်းများအတွက် လူမှုဖူလုံရေးကြေးများ ပေးဆောင်ရန် မလိုသဖြင့် ငွေအတော်အတန် သက်သာလေသည်။

ရှန်မြောင်သည် စိတ်ထဲတွင် တိတ်တဆိတ် တွေးတောနေမိသည်။

'နောက်ပိုင်း နှစ်သစ်ကူးပွဲတော်တွေနဲ့ နှစ်ကုန်ဆုကြေးငွေ ပေးတဲ့အခါကျရင် သူတို့ကို ငွေပိုပေးဦးမှပဲ။ ဒီနှစ် အသင့်စားသောက်ဆိုင်လည်း ဖွင့်ပြီးပြီဆိုတော့ သူတို့ကို လစာတိုးပေးနိုင်အောင် ကြိုးစားရမယ်။'

သူမ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် လစာတိုးပေးမည့် နှုန်းထားကို ၅ ရာခိုင်နှုန်း ထားသင့်သလား၊ ၁၀ ရာခိုင်နှုန်း ထားသင့်သလားဟု အလေ့အကျင့်အတိုင်း စတင်တွက်ချက်နေမိသည်။

'ဝန်ထမ်းတွေက သည်းမခံနိုင်တော့မှ လစာတိုးပေးဖို့ ပြောလာတာကို စောင့်နေတာ မမှန်ဘူး။ ကိုယ်တိုင် ဦးဆောင်ပြီး လစာတိုးပေးမှ သူဌေးကောင်း မည်တယ်။'

ဤခေတ်ကာလတွင် လုပ်အားခမှာ အလွန်ပေါသော်လည်း ရှန်မြောင်ကတော့ ထိုသို့ လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

လူအများက လူ့အသက်ကို မြက်ပင်များကဲ့သို့ တန်ဖိုးမထားကြသော်လည်း သူမ၏မျက်လုံးထဲတွင်မူ လူဆိုသည်မှာ သစ်ပင်မြက်ပင် မဟုတ်ပေ။ သူမသည် ဘေးနားရှိ လူတိုင်းကို ရင်ထဲကနေ တန်ဖိုးထားလေသည်။ သူမသည် ဆိုင်ရှင်တစ်ယောက်အနေဖြင့် ဝန်ထမ်းများအပေါ် ကောင်းမွန်မှု ရှိမရှိဆိုသည်ကို ဆိုင်၏ လျင်မြန်ချောမွေ့သော လည်ပတ်မှုပုံစံက သက်သေပြနေလေသည်။

ရှန်မြောင်သည် စာရင်းစာအုပ်ကို ပိတ်လိုက်ပြီး မီးဖိုချောင်ဘက်သို့ လှည့်ကြည့်လိုက်ရာ ထန်အာ၊ ဖူရှင်းနှင့် အားထောင်တို့သည် တိတ်တဆိတ် "အချိန်ပိုဆင်း" နေကြသည်ကို တွေ့လိုက်ရသည်။

ဟင်းရွက်နွှာခြင်း၊ လှီးဖြတ်ခြင်း၊ ဆေးကြောခြင်းတို့ကို သူတို့သည် ၇ ရက်နေ့ကတည်းက မနက်စောစောထပြီး လုပ်ငန်းခွင်ထမင်းဘူးအတွက် လိုအပ်သော ကုန်ကြမ်းများကို ကူညီပြင်ဆင်ပေးခဲ့ကြရာ ယခုဆိုလျှင် အလွန်ကျွမ်းကျင်နေကြပြီ ဖြစ်သည်။ ရှန်မြောင်က ဆိုင်တွင် စီးပွားရေးပါးသဖြင့် သူမတစ်ယောက်တည်း ဖြည်းဖြည်းချင်း လုပ်ကိုင်နိုင်ကြောင်း ပြောပြီး သူတို့ကို ကလေးများနှင့်အတူ အပြင်ထွက်ကစားခိုင်းသော်လည်း မရပေ။

အားထောင်သည် ဟင်းရွက်သင်ရင်း ခေါင်းငုံ့ကာ တိုးတိုးလေး ပြောလေသည်။

"ကစားလို့လည်း ဝပါပြီ၊ စိတ်ပြန်စုစည်းသင့်ပြီလေ”

ထန်အာကလည်း ဓားကို ကျွမ်းကျင်စွာ ကိုင်တွယ်လျက် အသားများကို လှီးဖြတ်ရင်း ဝင်ပြောသည်။

"ညန်ဇီ တစ်ယောက်တည်း ပင်ပန်းနေတာကို ကြည့်ပြီး ကျွန်တော်တို့က ဒီမှာထိုင်ပြီး စိမ်ပြေနပြေ နေလို့ဖြစ်မလား။ လောကမှာ ဒီလိုစည်းမျဉ်းမျိုး ဘယ်ရှိပါ့မလဲ”

ဖူရှင်းက ဘေးနားတွင် ဟင်းရည်အိုး တည်ရင်း ဝင်ပြောပြန်သည်။

"ကျွန်တော်တို့လည်း အားနေတာပဲဟာ၊ ဝိုင်းကူလုပ်ပေးလိုက်တော့ ညန်ဇီလည်း အလုပ်တွင်တာပေါ့”

နောက်ပိုင်းတွင် ကျိအာပါ လာရောက်ကူညီလေသည်။

သူတို့ရှိနေသဖြင့် ရှန်မြောင်၏ ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးများ များစွာ လျော့ပါးသွားခဲ့ရသည်။ ထို့အပြင် အပြင်ဘက်တွင် ထမင်းဘူးပို့ရန် အားနေသူနှစ်ဦးကို ယာယီငှားရမ်းထားပြီး အိမ်မှ ရှဲ့ရှစ်ယီးအပြင် မြည်းလှည်းတစ်စီးကိုပါ ထပ်မံငှားရမ်းထားသည်။ ယွမ်ရှောင်းပွဲတော်ပြီး၍ စားဖိုမှူး ငှားပြီးသွားလျှင် အသင့်စားသောက်ဆိုင်သည် သီးခြား လည်ပတ်နိုင်တော့မည် ဖြစ်သည်။

ရှန်မြောင်သည် ထိုဆိုင်ခန်းတစ်ဝက်ကို စာချုပ်ချုပ်ဆိုလိုက်သည်။ အနောက်ဘက်ရှိ အိမ်ကို မလိုချင်သဖြင့် တစ်လလျှင် ငှားရမ်းခ ၂၀ ကွမ်းသာ ကျသင့်ရာ သူမ၏ ဘတ်ဂျက်နှင့် အတိအကျ ကိုက်ညီနေလေသည်။

အမှန်တကယ်တော့ လုပ်ငန်းခွင်ထမင်းဘူး လုပ်ငန်းသည် အမြတ်မနည်းလှပေ။ ရှန်မြောင် အရင်ဘဝတုန်းက လုပ်ငန်းခွင်ထမင်းဘူး လုပ်ကိုင်စဉ်က အမြတ်ငွေသည် ထက်ဝက်ခန့် ရရှိလေ့ရှိသည်။ အကြောင်းမှာ ဆိုင်ကြီးကြီးမားမား မလိုအပ်ဘဲ မီးဖိုချောင်၊ ထမင်းချက်သည့် အဒေါ်ကြီး နှစ်ယောက်သုံးယောက်နှင့် လိုက်ပို့မည့်သူ ရှိလျှင် လုံလောက်သောကြောင့်ပင်။ ထို့အပြင် ထမင်းဘူး အကန့်များလေလေ၊ သေသပ်လှပသည်ဟု ထင်ရလေလေ၊ တကယ်တမ်း ထည့်ရသည့် ထမင်းဟင်း ပမာဏ နည်းသွားလေလေ ဖြစ်သည်။ ဈေးနှုန်း သက်သာခြင်းမှာလည်း အရင်းအနှီး နည်းပါးသောကြောင့် ဖြစ်သည်။ နောင်လာမည့်ခေတ်တွင် လုပ်အားခ အဆမတန် မြင့်မားသည့်တိုင် သူမသည် ရောင်းကောင်းချိန်များတွင် တစ်လလျှင် ၁၀၀,၀၀၀ ခန့် ဝင်ငွေရရှိခဲ့ဖူးသည်။

သို့သော် သူမသည် အကောင်းဆုံး လုပ်နိုင်သူများထဲတွင် မပါဝင်သေးပေ။ အစားအသောက်လုပ်ငန်း ဈေးကွက်မြှင့်တင်ရေးတွင် အလွန်တော်သော မိတ်ဆွေများဆိုလျှင် တစ်လ ၁၆၀,၀၀၀ ခန့်အထိ ဝင်ငွေရှိသည်ဟု ကြားဖူးသည်။

တကယ်တမ်းတွင် မထင်ရှားသော လမ်းဘေးဆိုင်လေးများသည် ငွေအလွန်ရကြသည်။

ရှန်မြောင်၏ ဇာတိမြို့လေးတွင် လမ်းဘေးဖက်ထုပ်ပေါင်း ရောင်းသည့် ဆိုင်တစ်ဆိုင်ရှိပြီး လစဉ်ဝင်ငွေ ၂၀,၀၀၀၊ ၃၀,၀၀၀ ခန့် ရှိလေသည်။ စီးပွားရေး သိပ်မကောင်းလှသည့် မြို့ငယ်လေးတွင် ထိုဝင်ငွေသည် ဝန်ထမ်းအများစုထက် သာလွန်နေသည်။ သို့သော် ဤကဲ့သို့ သာမန်လုပ်ငန်းများသည် အလွန်ပင်ပန်းလှသည်။ မိုးမလင်းမီ ထပြီး ဂျုံနယ်၊ ဖက်ထုပ်လုပ်ရသည်။

ပြန်စဉ်းစားကြည့်လျှင် ဤလောကကြီးတွင် အသက်ရှင်သန် နေထိုင်နေကြသည့် သာမန်လူများအတွက် မပင်ပန်းသည့် အလုပ်ဟူ၍ မရှိပေ။ သမုဒ္ဒရာ တစ်ဖက်ကမ်းမှ မီးပြတိုက်နိုင်ငံကြီးတွင်ပင် လူအများစုသည် တစ်နေ့လျှင် အလုပ်နှစ်ခု လုပ်နေရသော်လည်း နေစရာအိမ်ကို ထိန်းသိမ်းထားနိုင်ရန် ခက်ခဲနေကြဆဲပင်။

အလုပ်လုပ်သလောက် အကျိုးပြန်ရသည်မှာပင် ကံကောင်းခြင်းတစ်ခုဟု မှတ်ယူရမည်။ ရှန်မြောင်သည် အလွန်ရောင့်ရဲတင်းတိမ်တတ်သူ ဖြစ်ကာ သူမသည် လက်ရှိဘဝကို နှစ်သက်သည်။

အသင့်စားသောက်ဆိုင်သည် လူအင်အား မလုံလောက်မှုကြောင့် အနည်းငယ် ကမောက်ကမ ဖြစ်နေရသည်။ သို့သော် ပထမလသည် ဈေးကွက်ဖောက်ရန် အခွင့်ကောင်းဖြစ်ပြီး အခြားစားသောက်ဆိုင်များ ပိတ်ထားချိန်သည် ရှန်မြောင် လှုပ်ရှားရန် အသင့်တော်ဆုံး အချိန်ပင်။

ယခု သူမ၏လက်ထဲတွင် စစ်သည်အယောက် ၅၀ စာ၊ ခိုင်ဖုန်းရုံးတော်မှ လူ ၃၀ စာ အော်ဒါများ ရရှိထားပြီး ဖြစ်သည်။ ဖျော်ဖြေရေးရပ်ကွက်တွင်လည်း လူသိများသည့် ပွဲစားပုလေးနှင့် သွားရောက်ညှိနှိုင်းထားသည်။ အရေအတွက် အတိအကျ မသိရသေးသော်လည်း အနည်းဆုံး ပွဲရာဂဏန်းခန့်တော့ ရှိပေလိမ့်မည်။ မှာယူသည့် အရေအတွက်သည် နေ့စဉ် ပုံသေမဟုတ်ဘဲ အတက်အကျ ရှိနိုင်သော်လည်း ယေဘုယျအားဖြင့် ၇၀၊ ၈၀ ဝန်းကျင်တွင် ရှိနေမည်မှာ သေချာသည်။

အသင့်စားသောက်ဆိုင်တွင် လူစုံပြီဆိုလျှင် လမ်းကြောင်းမှန်ပေါ် ရောက်ရှိသွားမည်ဖြစ်ပြီး အမြတ်ငွေသည် ထန်းပင်ဆိုင်အောက် နည်းမည်မဟုတ်ဟု ရှန်မြောင် ယူဆထားသည်။

ရှန်မြောင်သည် ထန်အာကို မြို့ပြင် ရေတံခါးနားသို့ လွှတ်ပြီး အဒေါ်နျန်ကို သွားရှာခိုင်းလိုက်သည်။ ဖျော်ဖြေရေးရပ်ကွက်သို့ ထမင်းဘူးပို့မည့်အလုပ်ကို သူမအား လုပ်ကိုင်စေရန် သဘောတူညီမှု ရယူထားပြီး ဖြစ်သည်။ ထိုသို့ဆိုလျှင် အဒေါ်နျန်အနေဖြင့် အဝတ်လျှော်၊ အဝတ်ချုပ်သည့် ပင်ပန်းသော အလုပ်ကို လုပ်စရာမလိုတော့သလို ဆောင်းတွင်းဘက် ရေအေးထဲ လက်နှိုက်စရာလည်း မလိုတော့ပေ။ ထမင်းဘူးပို့သည့်အလုပ်သည် နှိုင်းယှဉ်ကြည့်လျှင် သက်သာပြီး ရှန်မြောင်ပေးသည့် လုပ်အားခသည် သူမ ယခင်ရသည့် ဝင်ငွေထက် တစ်နေ့လျှင် ၅ ဝမ် ပိုများလေသည်။

အဒေါ်နျန်က သဘောတူလိုက်သည်။ ရှန်မြောင်၏ အသင့်စားသောက်ဆိုင် မီးဖိုချောင် မပြင်ဆင်ရသေး၍သာ မဟုတ်လျှင် သူမသည် ထန်အာနှင့်အတူ ချက်ချင်းလိုက်လာပြီး အလုပ်စဆင်းချင်နေရှာသည်။

ဆိုင်အသစ်တွင် မီးဖိုခုံ အသစ်စီရမည်ဖြစ်ပြီး သံပန်းပဲဆိုင်တွင်လည်း အချင်း ၂ ပေ ၂ လက်မ (၇၀ စင်တီမီတာ) ရှိသည့် ဒယ်အိုးကြီး နှစ်လုံးကို မှာယူထားသည်။ ခေတ်သစ် ကျေးလက်ဒေသတွင် စားပွဲဝိုင်းများအတွက် ချက်ပြုတ်ရာတွင် သုံးလေ့ရှိသည့် ဒယ်အိုးမျိုးဖြစ်ပြီး တစ်ခါချက်လျှင် လူ ၅၀ မှ ၇၀ စာ ချက်ပြုတ်နိုင်သည်။ တွဲဖက်အသုံးပြုမည့် ယောင်းမဆိုလျှင် ၄ ပေကျော် (၁.၅ မီတာ) ရှည်လေသည်။ သို့သော်... သူမ ငှားမည့် စားဖိုမှူးသည် သန်မာထွားကျိုင်းသည့် လူသန်ကြီးဖြစ်မှ ရပေလိမ့်မည်။ သာမန်လူဆိုလျှင် ထိုယောင်းမကို နိုင်အောင်မွှေနိုင်မည် မဟုတ်ပေ။

ထိုစဉ်က ပွဲစားပုလေးသည် အိမ်တွင် ခြေချိတ်ထိုင်ကာ ငှက်နှင့်ဆော့ကစားရင်း အေးဆေးနေချိန်၌ ရှန်မြောင်က ရုတ်တရက် ဆွဲခေါ်သွားပြီး စီးပွားရေးစကား ပြောခဲ့ခြင်းဖြစ်သည်။ သူမ ငှားချင်သည့် စားဖိုမှူး၏ အရည်အချင်းများကို ကြားလိုက်ရသောအခါ "ငါ့ကို သတ်လိုက်ပါတော့လား" ဟု အော်ဟစ်ခဲ့သော်လည်း ယွမ်ရှောင်းပွဲတော်ပြီးလျှင် လူရှာပေးမည်ဟု လွယ်ကူစွာပင် ကတိပေးလိုက်လေသည်။

ရှန်မြောင်သည် သူမ၏ဆိုင်တံခါးတွင်လည်း "အလုပ်သမား လိုသည်" ဟူသော စာကို ကော်ဖြင့် ကပ်ထားလိုက်တော့သည်။

စာရင်းတွက်ပြီးနောက် ရှန်မြောင်လည်း မီးဖိုချောင်ထဲဝင်ကာ အလုပ်ကူလုပ်လိုက်သည်။

အပြင်တွင် မိုးတဖွဲဖွဲ ရွာနေသဖြင့် ရှန်းအာနှင့် ကြောင်လေးခွေးလေးများသည် အပြင်ထွက် မကစားနိုင်ကြပေ။

သို့သော် ခြံဝင်းထဲတွင် တိတ်ဆိတ်လွန်းနေသဖြင့် ရှန်မြောင် သံသယဝင်သွားပြီး ခေါင်းပြူကြည့်လိုက်သည်။

ကလေးတွေ အသံတိတ်နေရင် သေချာပေါက် ပြဿနာရှာနေကြတာပဲ။

ထင်သည့်အတိုင်းပင်။ ဆောင်းတွင်းဘက် အရွက်များ ကြွေကျနေသည့် ကွေ့ဟွားပန်းပင်အောက်တွင် မိုးရွာထားသဖြင့် ရေအိုင်များ ဖြစ်ပေါ်နေပြီး မိုးဖွဲဖွဲလေးများ ကျဆင်းနေချိန်တွင် ကလေးအချို့သည် ခမောက်ဆောင်း၊ ထီးဆောင်းလျက် ခွေးနှစ်ကောင်ကို ခေါ်ကာ ရွှံ့ကစားနေကြသည်။

ဒါက ပုံမှန်ဟု ဆိုနိုင်သော်လည်း ဘယ်သူစလိုက်သည်မသိ၊ တစ်ယောက်နှင့်တစ်ယောက် ရွှံ့ဖြင့် ပက်ကြ၊ သုတ်ကြနှင့် တိတ်တဆိတ် ပျော်ပါးနေကြတော့သည်။ ရှန်မြောင် တွေ့လိုက်ချိန်တွင် ချန်ချွမ်း၊ ရှန်းအာနှင့် ခွေးနှစ်ကောင်စလုံး ကိုယ်လုံးအနှံ့ ရွှံ့များ ပေကျံနေပြီး သူတောင်းစားကြက်ကင်ပုံစံ ပေါက်နေသဖြင့် သူမမှာ မျက်လုံးပြာသွားရသည်။

ကံကောင်းသည်မှာ မီးဖိုချောင်ထဲတွင် ရေနွေးအလုံအလောက် ရှိနေသည်။ သူမသည် ခါးထောက်လျက် လူရော ခွေးပါ လှမ်းခေါ်လိုက်ပြီး ရေတစ်ဇလုံ သွားသယ်လာကာ ကိုယ့်ဘာသာကိုယ် ဆေးကြောခိုင်းလိုက်တော့၏။

လေထင်နှင့် ကျွေးဖုန်းတို့သည် အပြစ်လုပ်ထားမှန်း သိသဖြင့် မျက်လုံးများကို ကလယ်ကလယ် လုပ်ကာ ရှန်မြောင်ကို ခိုးကြည့်နေပြီး အမြီးကုပ်ထားကြသည်။

ရှန်းအာက ချန်ချွမ်းကို ဆွဲထားပြီး အသံမထွက်ရဲပေ။ ရှန်မြောင်ရှေ့တွင် လက်ချင်းချိတ်ကာ ရပ်နေကြပြီး လက်ကိုင်ပဝါဖြင့် မျက်နှာသစ်၊ လက်ဆေးနေကြသည်။ သူတို့နှစ်ယောက်၏ ဆံပင်များမှာလည်း ရွှံ့များဖြင့် ကပ်ငြိကာ ရှုပ်ထွေးနေတော့သည်။

"ရှန်းအာ၊ နင် ချန်ချွမ်းကို ခေါ်ပြီး လျှောက်ဆော့ပြန်ပြီလား။ ရာသီဥတုက အေးပါတယ်ဆိုမှ မိုးရွာထဲ ရွှံ့ကစားရဲကြတယ်ပေါ့”

ရှန်မြောင်က ခွေးကို ရေပတ်တိုက်ပေးရင်း ရှန်းအာကို မျက်စောင်းထိုးလိုက်သည်။

"သူက မနက်ဖြန်ကျရင် ရှေ့နေတုန့်ဆီမှာ ဥပဒေပညာ သွားသင်ရတော့မှာကို ဒီလို ညစ်ပတ်ပေရေနေတဲ့ပုံနဲ့ သွားလို့ဖြစ်မလား။ ဒီအချိန်က ရေချိုးလို့ရတာလည်း မဟုတ်ဘူး”

ရှန်မြောင်သည် ရှေ့နေတုန့်နှင့် ရုံးတော်တွင် စီးပွားရေးကိစ္စ သွားဆွေးနွေးစဉ်က ချန်ချွမ်း၏ ဥပဒေဆိုင်ရာ ပါရမီကို ထည့်ပြောခဲ့ဖူးသည်။ သူမ အစွမ်းကုန် မြှောက်ပင့်ပြောဆိုခဲ့ရာ ရှေ့နေတုန့်က ဘာမှပြန်မပြောခဲ့သော်လည်း နောက်ပိုင်းတွင် တကူးတက လာရောက်ကြည့်ရှုခဲ့သည်။ ဥပဒေပုဒ်မအချို့ကို မေးမြန်းစစ်ဆေးရာ ချန်ချွမ်းက ချောမွေ့စွာ ရွတ်ပြနိုင်ခဲ့ပြီး သူကိုယ်တိုင် လေ့လာထားသော လက်ရေးများကိုပါ မြင်တွေ့လိုက်ရသောအခါ ပထမလအတွင်း ကလေးကို ရှင်းကော်ဘုရားကျောင်းသို့ ပို့လိုက်ရန်နှင့် သူ့ဘေးတွင် တပည့်အဖြစ် လက်ခံမည်ဖြစ်ကြောင်း သဘောတူခဲ့သည်။

သူက စာရေးခြင်း၊ တွက်ချက်ခြင်း၊ စာချုပ်မူကြမ်းရေးခြင်း၊ အသနားခံစာရေးခြင်းတို့ကို သင်ကြားပေးမည်ဖြစ်ပြီး နောင်တွင် ရှေ့နေစာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်မည်။ စာမေးပွဲအောင်ပြီး အရွယ်ရောက်လာသည့်အခါ တရားဝင် ရှေ့နေဖြစ်လာပေလိမ့်မည်။ ရှေ့နေအလုပ်သည် ရုံးတော်နှင့် ဆက်ဆံရေး ကောင်းမွန်ရန် လိုအပ်သော်လည်း ဂုဏ်ရှိပြီး ဝင်ငွေကောင်းသော အလုပ်တစ်ခု ဖြစ်သည်။

လွန်ခဲ့သော ရက်ပိုင်းက ချန်ချွမ်းသည် အလွန်ပျော်ရွှင်နေခဲ့ပြီး ပုံမှန် တည်ငြိမ်နေတတ်သော မျက်နှာလေးတွင် အပြုံးရိပ်များ သန်းနေခဲ့သည်။ ယနေ့တွင် မနက်ဖြန် ဝတ်ဆင်မည့် အဝတ်အစားများကို ထုတ်ထားပြီး အားထောင်ကို လက်ဖက်ရည်ကရား အောက်ခြေဖြင့် မီးပူတိုက်ခိုင်းထားသေးသည်။ သူ ဘယ်လောက် မျှော်လင့်နေသည်ကို သိသာလှသည်။

ရှန်မြောင်က ပုံမှန်ဆိုလျှင် သူတို့ ဆော့ကစားသည်ကို သိပ်မပြောသော်လည်း ယခုအချိန်တွင် ရေမွှေးဆိုင်များ မဖွင့်သေးသဖြင့် ခေါင်းလျှော်ရန် ခက်ခဲသောကြောင့်ပင်။

ရှန်းအာသည် ရှန်မြောင်၏ မျက်နှာထားကို အကဲခတ်ကြည့်လိုက်ရာ အစ်မဖြစ်သူ တကယ် စိတ်ဆိုးနေသည် မဟုတ်မှန်း သိလိုက်သဖြင့် ရှန်မြောင်၏ အင်္ကျီလက်စကို ဆွဲကာ တိုးတိုးလေး ချွဲလိုက်၏။

"သမီးက ချန်ချွမ်း ရှေ့နေတုန့်ဆီ ရောက်သွားရင် တစ်နေ့လုံး စာပဲကျက်နေရမှာ၊ ဆော့ရတော့မှာ မဟုတ်ဘူးဆိုပြီး စိုးရိမ်လို့ ခေါ်ဆော့လိုက်တာပါ။ မကြီး သူ့မုန့်ဖိုးကို မဖြတ်ပါနဲ့နော်၊ သမီး မုန့်ဖိုးကိုပဲ ဖြတ်လိုက်ပါ... နော်လို့... နော်..."

အရင်တုန်းက ရှန်းအာနှင့် ချန်ချွမ်း ဆိုးသွမ်းလျှင် ရှန်မြောင်က မုန့်ဖိုး ဖြတ်လေ့ရှိသည်။ ချန်ချွမ်း အစရောက်ကာစက ဘာကြိုက်မှန်း မသိသာဘဲ ကျန်းမာရေးမကောင်းသလို ကြောက်လန့်နေတတ်သည်။ နောက်ပိုင်းတွင် ရှန်းအာကြောင့် ပျက်စီးသွားသည်လား မသိ။ ယခုအခါ သကြားလုံး အလွန်ကြိုက်လာပြီး အိတ်ကပ်ထဲတွင် နေ့စဉ် သကြားလုံး တစ်လုံးနှစ်လုံး ပါလေ့ရှိကာ ညအိပ်လျှင်လည်း သကြားလုံးကို ဆုပ်ကိုင်ထားတတ်သည်။

တကယ်တမ်းတွင် သူမ စိုးရိမ်သည်မှာ ကလေးနှစ်ယောက် အကဲလွန်ပြီး ဖျားနာသွားမည်ကိုပင်။ ဤခေတ်တွင် ကာကွယ်ဆေးဟူ၍ မရှိဘဲ အအေးမိဖျားနာလျှင် အလွန်ခံရခက်ပြီး ကိုယ်ခံအားဖြင့်သာ ကုသရလေသည်။ ထို့ကြောင့် သူမ မျက်နှာထားတင်းကာ ရှန်းအာကို ဆူပူလိုက်ပြီး ကစားလျှင်လည်း ကျန်းမာရေး ဂရုစိုက်ရမည်ဖြစ်ကြောင်း ပြောလိုက်သည်။

"မကြီးကို လာချွဲပြီး လမ်းကြောင်းမလွှဲနဲ့။ နောက်တစ်ခါ ဒီလို ထပ်မဆော့ရဘူး ကြားလား။ တကယ်လို့ အအေးမိသွားရင် နင်တို့နှစ်ယောက်လုံး ဆေးခါးကြီး သောက်ရလိမ့်မယ်။ အဲဒီကျရင် ပိုဆိုးမယ်နော်”

ထိုအခါ ရှန်းအာက သူမဆွဲထားသည့် အင်္ကျီစကို မြှောက်ပြပြီး နှုတ်ခမ်းဆူကာ မကျေမနပ် ပြောလေသည်။

"ကျိုကောတုန်းက မကြီးကို လာချွဲတော့ကျ မကြီးက သဘောတူပြီး သမီးကျတော့ ဘာလို့ မရတာလဲ။ မကြီးက ဘက်လိုက်တယ်”

ရှန်မြောင်၏ မျက်နှာသည် ချက်ချင်း ပူထူသွားလေသည်။

"ဘာ... နင် ဘာပြောလိုက်တာလဲ”

"ကျိုကောတုန်းကလည်း မကြီးရဲ့ အင်္ကျီလက်စကို ဆွဲပြီး ချွဲနေတာပဲဟာ၊ သမီး အကုန်မြင်တယ်နော်”

ရှန်မြောင်တစ်ယောက် မျက်လုံး ပြူးသွားတော့သည်။ မျက်နှာတစ်ခုလုံး ပူလောင်လာတော့၏။ ပုံမှန်ဆိုလျှင် ဈေးရောင်းရာ၌ နာရီဝက်လောက် မနားတမ်း ပြောနိုင်သည့် သူမသည် ယခုအချိန်တွင် ထိတ်လန့်လွန်းသဖြင့် စကားပင် ထစ်အသွားရသည်။

"နင်... နင်... နင်တို့... နင်တို့ ဘယ်လိုလုပ် မြင်ရတာလဲ။ နင်တို့ အဲဒီတုန်းက ရေခဲပြင် စီးဖို့ ထွက်သွားကြတာ မဟုတ်ဘူးလား”

"သွားမလို့ပဲ၊ ဒါပေမဲ့ လျိုတို့ဟွားက ပြောတယ်၊ သူ့အိမ်မှာ တို့ဖူးလုပ်ပြီးကာစမို့ တို့ဖူးပျော့ ဖယ်ထားပေးတယ်တဲ့၊ သူ့အမေက သကာရည် ကျိုထားပေးပြီး အဲဒီအပေါ်မှာ သကြားဖြူလေး ထပ်ဖြူးစားရင် အရမ်းစားကောင်းတယ်ဆိုလို့ သမီးတို့ အဲဒါ အရင်သွားစားလိုက်တာ”

ရှန်းအာက ပါးစပ်အုပ်ပြီး ခိုးရယ်လိုက်သည်။

"ဗိုက်ဝလို့ အပြင်ထွက်လာတော့ ယန့်ရှူးက ခေါင်းစောင်းပြီး နားထောင်ရင်း ကျိုကောအသံ ကြားတယ်ဆိုလို့ သမီးတို့အားလုံး တံခါးကြားကနေ ချောင်းကြည့်လိုက်ကြတာလေ”

ဒါဆို အဲဒီတုန်းက ခြံဝင်းတံခါး အပြင်ဘက်မှာ ကလေးတစ်သီတစ်တန်းကြီး ခေါင်းချင်းစီပြီး သူမနှင့် ကျိုကောကို မျက်လုံးတောက်တောက်များဖြင့် ချောင်းကြည့်နေကြတာပေါ့...

သွားပါပြီ။

ရှန်မြောင် ထိုမြင်ကွင်းကို ဆက်မတွေးရဲတော့ပေ။

"ကိစ္စမရှိပါဘူး မကြီးရဲ့၊ သမီး သူတို့ကို ပြောထားပြီးပါပြီ။ အပြင်မှာ လျှောက်မပြောဖို့လေ”

ရှန်းအာက သစ္စာရှိသည့်ပုံစံဖြင့် ရင်ဘတ်ကို ပုတ်ပြသည်။

"သမီး အမိန့်ထုတ်ထားတယ်။ မကြီးနဲ့ ကျိုကော လက်မထပ်ရသေးခင် ဘယ်သူ့ကိုမှ ပေးမပြောဘူးလို့လေ။ ကိုအာနဲ့ လျိုတို့ဟွားဆို သမီးရှေ့မှာ ကျိန်တောင် ကျိန်ဆိုသွားကြသေးတယ်။ မကြီး စိတ်ချပါ”

"လက်ထပ်ရမယ်... ငါ ဘယ်တုန်းက လက်ထပ်မယ်လို့ ပြောဖူးလို့လဲ”

ရှန်မြောင် ရှက်လွန်းအားကြီးပြီး ဒေါသပင် ထွက်ချင်သလို ဖြစ်ကာ ရယ်လိုက်မိသည်။ ရှန်းအာ၏ ပါးဖောင်းဖောင်းလေးကို လှမ်းဆွဲလိုက်ပြီး ဘေးနားတွင် ခိုးရယ်နေသည့် ချန်ချွမ်းကိုပါ ဆွဲလိုက်သည်။

"မကြီးကလည်း၊ ဒါဆို ဘာလို့ သူ့ကို အင်းလို့ ပြောလိုက်သေးလဲ။ မကြီးပုံစံက ပြဇာတ်ထဲက သစ္စာဖောက် ယောကျ်ားတွေနဲ့ တူနေပြီ”

ရှန်းအာက သူမ၏ပါးလေးကို ပွတ်သပ်ရင်း လူကြီးလူကောင်း ပုံစံဖြင့် တိုးတိုးလေး ကပ်ပြောသည်။

"ဒါပေမဲ့လေ... မကြီးက သစ္စာဖောက်ပဲ ဖြစ်ဖြစ်၊ သမီးရဲ့ မကြီးပဲဟာ။ နောက်ဆို သမီးတို့တွေ ကျိုကောကို မခေါ်ဘဲ နေလိုက်ကြမယ်လေ”

"... ကျေးဇူးပါပဲဟာ”

ရှန်မြောင် ခြေလှမ်းများပင် ယိုင်နဲ့ချင်သလို ဖြစ်သွားရသည်။

"ရပါတယ်၊ မလိုပါဘူး”

ရှန်မြောင်သည် ဒယ်အိုးကြီးဖြင့် ဟင်းချက်ပြီး၍ အလုပ်သမားများ ထမင်းဘူး လာသယ်သွားသည်အထိ ထို "လူသိရှင်ကြား ဖြစ်ရပ်" ကြောင့် တွေဝေငေးငိုင်နေမိဆဲပင်။

သူမသည် လူရှင်းနေသည့် ဆိုင်ထဲတွင် ထိုင်နေစဉ် စားပွဲခုံနားတွင် ထောင်မတ်နေသော အမြီးပွပွကြီး ဖြတ်သွားသည်ကို မြင်လိုက်ရသဖြင့် နယ်မြေလှည့်ကင်းလှည့်နေသော ချီလင်ကို လှမ်းဖမ်းပြီး ပွေ့ဖက်ထားလိုက်သည်။ သူမသည် ကြောင်ကို ပွတ်သပ်ပေးရင်း အပြင်ဘက် မိုးရွာနေသော လမ်းမကြီးကို ငေးကြည့်နေမိတော့သည်။

မိုးရေမှုန်များကြားထဲရှိ ပြန့်ကျင်းမြို့သည် ထူးခြားစွာ လှပနေသဖြင့် ကြည့်ရင်း ငေးမောသွားတော့သည်။

ရှန်းအာနှင့် ချန်ချွမ်းတို့သည် အခန်းထဲဝင်ပြီး ဆံပင်မီးကင်နေကြပြီ။ ရှန်းအာက ချန်ချွမ်းကို ဘယ်အမျိုးသမီးစစ်သူကြီးက အတော်ဆုံးလဲဟု မေးမြန်းနေသံကို ရှန်မြောင် ကြားလိုက်ရသည်။ သူမသည် စစ်သူကြီးရှီးက ရှန်းအာအတွက် ပေးခဲ့သည့် ကျောက်စိမ်းဓားမြှောင်လေးကို သတိရသွား၏။ ရှန်မြောင်သည် ထိုဓားမြှောင်ကို ကြိုးနီနှစ်ချောင်းဖြင့် သီကုံးပြီး ရှန်းအာ၏ "ရတနာသေတ္တာ" လေးထဲတွင် ထည့်သိမ်းပေးထားခဲ့သည်။

ထို့ကြောင့်ပင် စစ်သူကြီးရှီးနှင့် ရှန်းအာတို့၏ ကတိစကားကို ရှန်မြောင် သိရှိခဲ့ရခြင်းပင်။

ထိုကိစ္စကို စ,ကြားကာစက သူမ၏စိတ်ထဲတွင် စိုးရိမ်ပူပန်မှု အနည်းငယ် ဖြစ်ပေါ်ခဲ့မိသည်။ စစ်တိုက်ခြင်း၊ နယ်စပ်စောင့်ခြင်း ဆိုသည်မှာ ဘယ်လောက် ပင်ပန်းလိုက်မလဲ။ ပြီးတော့ ဓားကြည့်၊ လှံကြည့်ဆိုတာ မျက်စိပါတာ မဟုတ်ဘူး၊ မတော်တဆ တစ်ခုခုဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ။

သို့သော် ထိုအတွေး ဝင်လာပြီးမကြာခင်မှာပင် ရှန်းအာ၏ တောက်ပသော မျက်ဝန်းများကို မြင်လိုက်ရသည့်အခါ အရည်ပျော်ကျသွားတော့သည်။ ရှန်းအာက ထိုကျောက်စိမ်းဓားမြှောင်ကို မြှောက်ပြရင်း သူမ၏မျက်လုံးများက နှင်းရည်စက် ခိုတွယ်နေသည့် စပျစ်သီးနက်လေးများအလား တောက်ပနေကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောခဲ့လေသည်။

"အစ်ကိုကြီး ပြောတာ မှားတယ်။ 'ပျံလွှားစစ်သူကြီး' က ပြောတယ်၊ ဝတုတ်နေလည်း ကိစ္စမရှိဘူး၊ သစ်ပင်မတက်တတ်လည်း ကိစ္စမရှိဘူးတဲ့။ သမီးက သတ္တိရှိတယ်၊ စစ်သူကြီးလုပ်ဖို့ ပါရမီပါတယ်တဲ့”

...

အပိုင်း (၁၄၈) အစုံထည့်ဟင်းရည် (ဟော့ပေါ့)

သူမသည် ရှားဟူသော စာလုံးကို ဖတ်တတ်သော်လည်း ရှီးဟူသော စာလုံးကို မဖတ်တတ်သဖြင့် ရှီးဖေးကျင်းကို "ပျံလွှားစစ်သူကြီး" ဟု ခေါ်ဝေါ်လေသည်။

"'ပျံလွှားစစ်သူကြီး' က ပြောတယ်၊ ကျိုကောပြန်လာရင် သမီးကို သိုင်းသင်ပေးလို့ ရပြီတဲ့” ရှန်းအာသည် လက်ချောင်းလေးများကို ချိုးကာရေတွက်ရင်း သူမ၏ ကစားဖော်လေးများကို တစ်ယောက်ချင်း စီတန်းပြောပြပြန်သည်။ "လျိုတို့ဟွားက တို့ဖူးလုပ်ရတာ ကြိုက်တယ်။ ချန်ချွမ်းက ဥပဒေပုဒ်မတွေ ရွတ်ပြတတ်တယ်။ သမီးရဲ့အစ်ကိုက စာတော်တယ်၊ ကျင့်ရှီစာမေးပွဲ ဝင်ဖြေမှာ။ အိုအာကကျတော့ ကျောင်းဆရာက သူ့ကို ဉာဏ်မကောင်းဘူး၊ ရှို့ချိုင်စာမေးပွဲတောင် အောင်မှာမဟုတ်ဘူးတဲ့၊ ဒါကြောင့် သူက နောင်ကျရင် စာရင်းကိုင် လုပ်တော့မယ်တဲ့။ သူတို့က သမီးကို 'ရှန်းအာကရော ဘာလုပ်မှာလဲ' လို့ မေးတိုင်း သမီး ဘာမှပြန်မဖြေတတ်ဘူး။ ဒါပေမဲ့ အခုတော့..."

ရှန်းအာသည် ကျောက်စိမ်းဓားမြှောင်လေးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ရှန်မြောင်ကို လှည့်ပတ်ကာ လက်များကို ဖြန့်ကားရင်း ရယ်မောပြောဆိုလေသည်။ သူမသည် တောင်ပံဖြန့်ကာ ပျံသန်းတော့မည့် ငှက်ကလေးတစ်ကောင်နှင်နှယ်ပင်။

"မကြီး၊ သမီး အခု ပြန်ဖြေနိုင်ပြီ။ သမီး နောက်ကျရင် စုန့်ခေတ်ရဲ့ အတော်ဆုံး အမျိုးသမီးစစ်သူကြီး လုပ်မယ်”

ရှန်မြောင်မှာ ကြောင်သွားပြီးနောက် ပြုံးလိုက်မိ၏။

သူမ တကယ်ကို မလိုအပ်ဘဲ စိတ်ပူနေခဲ့မိတာပဲ။ ဒါက ရှန်းအာရဲ့ ဘဝလေ၊ သူမက ဝမ်းသာပေးသင့်တာပေါ့။

ပင်ပန်းသည်ဖြစ်စေ၊ ချိုမြိန်သည်ဖြစ်စေ အရေးကြီးဆုံးက ကိုယ်တိုင် လိုလိုလားလား ဖြစ်နေဖို့ပင်။

ထို့နောက်ပိုင်းတွင် သူမသည် ထိုကိစ္စကို ခေါင်းထဲထည့်မထားတော့ပေ။ ရှန်းအာက ငယ်သေးသည်။ ယခုအချိန်တွင် သူမ အမျိုးသမီးစစ်သူကြီး လုပ်ချင်သည်၊ သိုင်းသင်ချင်သည် ဆိုလျှင် နောင်တစ်ချိန် ဘာဖြစ်လာမည်ကို ထားလိုက်၊ အားပေးသင့်သည်။ သူမသည် အစ်မကြီးတစ်ယောက်အနေဖြင့် ရှန်းအာ ကြီးပြင်းလာပြီး နယ်စပ်သို့ တကယ်သွားသည်ဖြစ်စေ၊ မသွားသည်ဖြစ်စေ သူမ နောက်ပြန်လှည့်ကြည့်လိုက်တိုင်း အမြဲရှိနေမည့် "အိမ်" ဖြစ်ပေးလျှင် လုံလောက်ပေပြီ။

ကိုယ့်ဘေးနားတွင် ကြီးပြင်းလာသော ကလေးများသည် တစ်နေ့တွင် ပျံသန်းထွက်ခွာသွားကြစမြဲပင်။

ကလေးများ၏ ကြီးပြင်းလာမှုသည် အစကတည်းက ခွဲခွာခြင်း တစ်မျိုးဖြစ်ပြီး ပထမဆုံး နှုတ်ဆက်ခွဲခွာရသူမှာ သူတို့ကို ပြုစုပျိုးထောင်ပေးခဲ့သူများ ဖြစ်သည်ဟု လူတစ်ချို့ ပြောတာ ကြားဖူးသည်။ ကြားရသည်မှာ နည်းနည်း ဝမ်းနည်းစရာ ကောင်းသော်လည်း ဒီလိုမှသာ ကြီးပြင်းလာသော ကလေးများသည် သူတို့ပိုင်ဆိုင်သည့် တစ်ခုတည်းသော ထူးခြားသည့် ဘဝကို ဖြတ်သန်းနိုင်မှာ ဖြစ်သည်။

မိဘအနေဖြင့် ဖြစ်စေ၊ အကြီးဆုံးအစ်မအနေဖြင့် ဖြစ်စေ လက်ကို ဖြည်းဖြည်းချင်း လွှတ်ပေးရမည်။ စွန်လွှတ်သလိုပင် နောက်ဆုံး ကျန်နေသော ကြိုးစလေးကို ကိုင်ထားပြီး လက်လွှတ်လိုက်ကာ သူတို့ တစ်ကိုယ်တည်း ကောင်းကင်ယံသို့ ပျံသန်းသွားသည်ကို မော့ကြည့်နေရမည်။

ရှန်မြောင်သည် ချီလင်၏ ကျောဘက်အမွေးများကို ပွတ်သပ်ပေးရင်း အစက ရှက်ရွံ့နေခဲ့သော အတွေးများကို မိုးစက်မိုးပေါက်များနှင့်အတူ ထည့်မျောလိုက်တော့သည်။

နှစ်သစ်ကူး ကုန်ဆုံးတော့မယ်။ ကျိုကော ချန်ကျိုးတွင် ပျော်ရွှင်နေလောက်တယ်။ ရှဲ့မျိုးနွယ်စုဝင်များ များပြားသဖြင့် ပထမလ ၁ ရက်နေ့ လိုက်လံနှုတ်ဆက်တာနဲ့ပဲ တစ်နေကုန်ပြီး ခြေထောက်ညောင်းသွားလောက်တယ်။

အရင်က ပြန့်ကျင်းသို့ လာရာလမ်းတွင် သူမ ချန်ကျိုးကို ဖြတ်သန်းသွားဖူးသည်။ ထိုမြို့သည် ရှေးကျသော မြို့ဟောင်းလေးဖြစ်ပြီး ရေဖြင့်တိုက်စားခံထားသော ကျောက်ပြားလမ်းမများတွင် ချိုင့်ခွက်များ ဖြစ်နေတတ်သည်။ အိမ်အမိုးစွန်းများ နိမ့်ကျပြီး လယ်ကွင်းများထဲတွင် နုနယ်လတ်ဆတ်ကာ အရောင်တောက်ပသော ဟွာယန်ပန်း (လိမ္မော်လီလီပန်း) များ စိုက်ပျိုးထားသည်။

ပြန့်ကျင်းလောက် မစည်ကားသော်လည်း ချမ်းသာကြွယ်ဝသော ဒေသတစ်ခု ဖြစ်သည်။

အကြောင်းတစ်ချို့ကြောင့် သူမ ကျိုကောကို သတိရမိသွားတော့သည်။ အရင်က အလုပ်ရှုပ်နေသဖြင့် နေ့တိုင်း အလုပ်ပြီးသည်နှင့် အိပ်ပျော်သွားတတ်ကာ စိတ်ကလည်း ရိုးရှင်းနေခဲ့သည်။ ယခု မိုးရွာလိုက်မှ သူ့ကို လွမ်းဆွတ်နေသလိုလို။

"ချီလင်၊ နင် ကျိုကောကို လွမ်းလား”

သူမသည် ချီလင်ကို မတ်တပ်ရပ်အနေအထားဖြင့် ပွေ့ချီလိုက်ပြီး လက်ဖဝါးဖြင့် သူ့လက်မောင်းအောက်ကို ပင့်မထားကာ တောက်ပနေသော မျက်လုံးများနှင့် ဆုံကြည့်ရင်း တိုးတိုးလေး မေးလိုက်သည်။

"ဒီစကားကို တခြားသူကို မပြောရဲပေမယ့် နင့်ကိုတော့ မေးလို့ရတာပေါ့”

ချီလင်က ရုတ်တရက် လည်ပင်းဆန့်ထုတ်လိုက်ပြီး နားရွက်လှုပ်၊ နှာခေါင်းရှုံ့ကာ ကိုယ်ကိုရုန်းပြီး "ညောင်... ညောင်... ညောင်..." အော်လျက် ပြေးထွက်သွားတော့သည်။

"ဟေး... ချီလင်၊ အပြင်ထွက်လို့ မရဘူးလေ”

ရှန်မြောင် အမြန်ထရပ်ပြီး ဆိုင်အပြင်ဘက်သို့ လိုက်ဖမ်းသည်တွင် ခြေလှမ်းများမှာ တဖြည်းဖြည်း ရပ်တန့်သွားတော့သည်။

ချီလင်က အဝေးကြီး မပြေးသွားပေ။ ဆိုင်ရှေ့ရှိ အနီရောင် မြင်းကြီးတစ်ကောင်၏ ခြေထောက်ကို ဖက်ပြီး တက်ရန် ကြိုးစားရင်း အော်နေလေသည်။ မြင်းစီးလာသူက မြင်းပေါ်မှ ကျွမ်းကျင်စွာ ဆင်းလိုက်ပြီး မြေကြီးပေါ်သို့ တည်ငြိမ်စွာ ခြေချလိုက်သည်။ ထို့နောက် ကြောင်ကို အရင်ပွေ့ချီလိုက်ပြီးမှ ခေါင်းမော့ကာ ရှန်မြောင်ကို ပြုံးပြလိုက်သည်။

ရှန်မြောင်တစ်ယောက် တော်တော်လေး ကြောင်အသွားခဲ့သည်။

ရှဲ့ချီသည် မြင်းတစ်စီး၊ လူတစ်ယောက်တည်းဖြင့် မိုးတိမ်များကြားမှ ရုတ်တရက် ထွက်ပေါ်လာသကဲ့သို့ပင်။

သို့သော် သေချာကြည့်လိုက်လျှင် ခေါင်းစွပ်ဦးထုပ်အောက်ရှိ သူ၏ ဖြူစင်သော မျက်နှာပေါ်တွင် ဖုန်မှုန့်ပါးပါးလေးများ ကပ်ငြိနေပြီး ဆံထုံးများက ရှုပ်ပွနေသည်။ မိုးရေစိုနေသော ဆံပင်နုလေးများသည် နားရွက်ဘေးတွင် ကပ်နေပြီး လက်နှင့် မျက်နှာများ အအေးဒဏ်ကြောင့် နီရဲနေသည်ကို တွေ့ရသည်။

သူ့ဘေးနားတွင် ယန့်ရှူးပင် ပါမလာပေ။ မဟုတ်သေး။ ယန့်ရှူးနှင့် ကျိုးတာ့တို့သည် နောက်မှ ကျန်နေရစ်ခဲ့ခြင်း ဖြစ်လောက်သည်။

သူတစ်ယောက်တည်းသာ လေဒဏ်မိုးဒဏ်ကို အန်တုပြီး အမြန်ပြန်လာခဲ့ခြင်း ဖြစ်မည်။

ရှန်မြောင်သည် စကပ်ကိုမပြီး ရှေ့တိုးသွားချင်သော်လည်း ရှဲ့ချီက ကြောင်ကို လက်တစ်ဖက်ဖြင့် ပွေ့ထားရင်း ရှေ့သို့ ရောက်လာ၏။ သူသည် သူမကို အမိုးအောက်သို့ ဝင်ခိုင်းလိုက်ပြီး မိုးရေစက်များ ကပ်နေသော မျက်တောင်များကို ငုံ့ကြည့်ရင်း ပြောလိုက်သည်။

"မိုးမမိစေနဲ့”

အေးစက်စိုစွတ်သော ရာသီဥတု ဖြစ်သော်လည်း သူမ၏ ရင်ထဲတွင် မီးတောက်တစ်ခု လောင်ကျွမ်းသွားသလို ခံစားလိုက်ရသည်။ သူမသည် ခေါင်းကိုမော့ကာ သူ့ကို သေချာကြည့်လိုက်သည်။ သူ၏ မျက်တောင်ပေါ်ရှိ မိုးရေစက်များသည် အလင်းပြန်နေပြီး တဖြည်းဖြည်း စိုစွတ်လာကာ တစ်စုတစ်စည်းတည်း ဖြစ်သွားသဖြင့် မျက်ဝန်းအစုံကို ပိုမိုထင်ရှားသွားစေကာ သူ၏ အကြည့်များပင် စိုစွတ်နေသယောင်။

"ဘာလို့ ဒီလောက် အလောတကြီး ပြန်လာရတာလဲ”

ရှန်မြောင် အကြည့်လွှဲလိုက်ပြီး တိုးတိုးလေး မေးလိုက်မိသည်။

သို့သော် ရှဲ့ချီကတော့ နားလည်လိုက်သည်။ သူသည် ဘာမှပြန်မပြောဘဲ သူမကိုသာ စိုက်ကြည့်နေလေ၏။

နှစ်သစ်ကူးမတိုင်မီ ရှန်ညန်ဇီကို နှုတ်ဆက်တုန်းက သူ ဘယ်တော့ပြန်လာမည်ကို မပြောခဲ့ပေ။ သို့သော် နှစ်သစ်ကူးပြီးနောက် အပြင်ပန်းတွင် ဘာမှမဖြစ်သလို နေခဲ့သော်လည်း စိတ်ထဲတွင်တော့ မီးလိုပူလောင်နေကာ ဘာလုပ်လုပ် စိတ်မပါတော့ပေ။

ချန်ကျိုးအိမ်တော် ဝရန်တာတွင် ထိုင်ရင်း နှင်းကျနေသည်ကို ကြည့်ကာ ရှန်မိသားစု ခြံဝင်းလေးကို သတိရနေမိသည်။ 'နှင်းတွေများလို့ ကွေ့ဟွားပန်းပင်ကို ပိနေမလား၊ ချီလင်နဲ့ လေထင်တို့ မီးဖိုဘေးမှာ ကွေးအိပ်နေကြမလား၊ ရှန်းအာလုပ်တဲ့ နှင်းလူရုပ်က ဘာတိရစ္ဆာန်မှန်း သူကြည့်မရဘူး...' သူသည် ရှန်မိသားစုမှ လူများနှင့် အရာဝတ္ထုများကို စဉ်းစားခဲ့သော်လည်း ရင်ထဲရှိ လူတစ်ယောက်ကိုတော့ သိပ်မစဉ်းစားရဲခဲ့ပေ။

မစဉ်းစားရဲခြင်းမှာ သူမကို တွေ့ချင်စိတ် ထိန်းမရ ဖြစ်လာမည် စိုးသောကြောင့်ပင်။

သို့သော် သည်းခံလေလေ၊ နေဝင်မိုးချုပ်လေလေ၊ ပိုလို့ပင် သည်းမခံနိုင်လေလေ ဖြစ်လာသည်။

ချန်ကျိုးမြို့တံခါးမှ ထွက်လာကတည်းက ကျိုးတာ့ မြင်းလှည်းမောင်းတာ နှေးလိုက်တာဟု တွေးမိပြီး စိတ်မရှည်တော့သဖြင့် ကိုယ်တိုင် မြင်းစီးပြီး ကြိုထွက်လာခဲ့ခြင်း ဖြစ်သည်။ သူတို့ကိုတော့ ဖြည်းဖြည်းချင်း လိုက်လာခဲ့ရန် မှာခဲ့သည်။ မြင်းစီးပြီး ဒုန်းစိုင်းမောင်းနှင်လာခဲ့သော်လည်း စိတ်ထဲတွင် မြင်းကို ခြေထောက် ၈ ချောင်း ပေါက်စေချင်ပြီး ဒီထက်ပိုမြန်အောင် မောင်းချင်နေမိသည်။

ပြန့်ကျင်းမြို့နှင့် နီးလာလေလေ၊ ရင်ခုန်သံ မြန်လာလေလေပင်။

နောက်ဆုံး ရှန်ကျိထန်းပင်ဆိုင်ရှေ့ ရောက်ပြီး ရှန်ညန်ဇီကို တွေ့လိုက်ရချိန်မှသာ စိုးရိမ်ပူပန်မှုများနှင့် တည်ငြိမ်မှုမရှိသော စိတ်များသည် သူမနှင့် အကြည့်ချင်းဆုံလိုက်သည့် ခဏ၌ ပျောက်ကွယ်သွားတော့သည်။ အေးခဲနေသော ခြေလက်များသည် တဖြည်းဖြည်း နွေးထွေးလာပြီး ပူနွေးသော သွေးများသည် ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားသလို ခံစားလိုက်ရသည်။ ဟုတ်ပါသည်။ သူ၏ ခန္ဓာကိုယ်သည် သူ၏ စိတ်ထက် ပို၍ ရိုးသားပေသည်။

မြင်းပေါ်မှ ဆင်းလိုက်သောအခါ လေပြေက မိုးရေနံ့နှင့် ရှန်ညန်ဇီ ကိုယ်ပေါ်မှ အစားအသောက်နံ့များကို သယ်ဆောင်လာသည်။

သက်တမ်းရင့်ချင်း(ဂျင်း)နံ့ သင်းသင်းလေးကိုပါ ရလိုက်သဖြင့် ရှန်ညန်ဇီ ခုနက ချင်းလှီးထားတာ ဖြစ်မည်ဟု သူ တွေးလိုက်မိသေးသည်။

ရှဲ့ချီသည် မျက်လုံးများ ကွေးညွှတ်သွားသည်အထိ ပြုံးလိုက်မိသည်။

နှစ်ယောက်သား တံခါးဝတွင် မျက်နှာချင်းဆိုင် ရပ်နေကြပြီးနောက် ရှန်မြောင်မှာ မနေနိုင်တော့ဘဲ ရှဲ့ချီ၏ ကိုယ်ပေါ်မှ ရေစက်များကို လက်ဖြင့် သုတ်ပေးလိုက်ပြီး ခေါ်လိုက်သည်။

"လာ၊ အထဲဝင်ပြီး နွေးနွေးထွေးထွေး နေလိုက်ဦး။ ရှင်ကတော့လေ... တစ်ကိုယ်လုံး စိုရွှဲနေပြီ။ အဝတ်အစား ပါလာရဲ့လား”

ရှဲ့ချီက လိမ်လိမ်မာမာပင် နောက်မှလိုက်ပါလာပြီး ရိုးသားစွာ ဖြေလေသည်။

"အဝတ်အစားတွေက နောက်မှာ ကျန်ခဲ့တယ်။ မနက်ဖြန်လောက်မှ ရောက်မယ် ထင်တယ်။ ဒါပေမဲ့ အနောက်လမ်းကြားက အိမ်မှာတော့ အဝတ်အစားနည်းနည်း ရှိသေးတယ်။ ပြန်ယူလိုက်မယ်လေ”

ရှန်မြောင်က သက်ပြင်းချလိုက်ကာ "ရှင် သဘောတူမယ်ဆိုရင် ထန်အာကို သွားယူခိုင်းလိုက်မယ်လေ။ ရေစိုဝတ်ကြီးနဲ့ မိုးမိ၊ လေမိရင် ဖျားလိမ့်မယ်။ အခန်းထဲဝင်ပြီး မီးလှုံနေလိုက်၊ လျှောက်မသွားနဲ့တော့”

ရှဲ့ချီကလည်း သဘောတူလိုက်ပြီး သော့ထုတ်ပေးလိုက်သည်။

သူ လုံးဝ မငြင်းပါပေ။

မိုးရွာလျှင် မိုးချုပ်စောသည်။ မိုးသားများ အုံ့မှိုင်းနေချိန်တွင် ရှဲ့ချီသည် ခြောက်သွေ့သော အဝတ်အစားများ လဲလှယ်ဝတ်ဆင်ပြီး ရှန်မြောင်၏ အငွေ့အသက်များ လွှမ်းခြုံနေသော ရှန်မိသားစု ခြံဝင်းလေးအတွင်းရှိ မီးဖိုစားပွဲအောက်တွင် ခြေထောက်ထည့်ကာ နွေးထွေးစွာ ထိုင်နေလေသည်။

သူသည် လက်ကိုင်မီးဖိုလေးကဲ့သို့ ပူနွေးနေသော ချီလင်ကို ပွေ့ဖက်ထားပြီး ဝါးလုံးရှည်ဖြင့် မီးအိမ်များကို လိုက်ချိတ်နေသော ရှန်ညန်ဇီကို လှည့်ကြည့်ကာ မနေနိုင်ဘဲ ပြောလိုက်သည်။

"ကျွန်တော် လုပ်ပေးမယ်လေ”

ရှန်မြောင်က လှည့်ကြည့်ပြီး လက်ကာပြလိုက်သည်။ "မလှုပ်နဲ့၊ ငြိမ်ငြိမ်လေး ထိုင်နေ”

ရှဲ့ချီတစ်ယောက် ကြွခါစ တင်ပါးကို ပြန်ချလိုက်ရသည်။

ရှန်မိသားစု ခြံဝင်းလေးထဲတွင် မီးအိမ်များ လင်းထိန်လာသောအခါ သူ၏စိတ်နှလုံးသည်လည်း လုံးဝ တည်ငြိမ်သွားတော့သည်။

စိတ်တည်ငြိမ်သွားသည်နှင့် ဗိုက်ဆာလာတော့သည်။

သူ ထမင်းကောင်းကောင်း မစားရသည်မှာ ၂ ရက်ရှိပြီဖြစ်ကာ မီးဖိုချောင်ထဲမှ အရိုးပြုတ်ဟင်းရည် ပွက်ပွက်ဆူနေသံကို ကြားနေရသည်။

ရှဲ့ချီ၏ ဗိုက်ထဲမှ အသံတစ်ခု ထွက်ပေါ်လာ၏။

သူက ဗိုက်ကို အမြန် ဖိထားလိုက်သည်။

သို့သော် နားပါးသော ရှန်မြောင်ကလည်း ကြားဖြစ်အောင် ကြားသွားသေးသည်။ သူမသည် ပြုံးလျက် ဝါးလုံးကို ချထားလိုက်ပြီး နောက်ထပ် မီးအိမ်တစ်ခုကို ထွန်းညှိရင်း လှည့်ပြောလိုက်၏။

"ဒီည အစုံသုပ်ဟင်းရည် စားကြမယ်။ ကျက်နေပါပြီ၊ ခဏနေရင် သွားယူလိုက်မယ်”

ရှက်စရာကောင်းလိုက်တာ။ ရှဲ့ချီ မျက်နှာရဲသွားပြီး ခြေလက်များ ဘယ်နားထားရမှန်း မသိတော့သော်လည်း ဟန်ဆောင်ကာ ခေါင်းညိတ်ပြလိုက်သည်။

"ကျေးဇူးပါပဲ”

ရှန်မြောင်သည် အိမ်ရှေ့က မီးအိမ်ကို ထွန်းညှိလိုက်မှ သူ သတ္တိမွေးပြီး လှမ်းကြည့်လိုက်သည်။

သူမသည် လည်ပင်းတွင် ယုန်မွေးဖြူဖြူလေးများ ပါရှိသည့် အနီရောင် အနွေးထည်အင်္ကျီရှည်ကို ဝတ်ဆင်ထားပြီး ခြေဖျားထောက်ကာ မီးအိမ်ချိတ်လိုက်ချိန်တွင် သွယ်လျသော လည်တိုင်လေး ပေါ်လာသည်။ မီးအိမ်ကို ခေါင်းပေါ်မြှောက်လိုက်သောအခါ မီးရောင်က သူမကို လွှမ်းခြုံသွားခဲ့သည်။

သူမသည် အမှောင်ထုကို ဖြိုခွင်းသည့် နွေးထွေးသော အလင်းရောင်အောက်တွင် ရှိနေလေသည်။

ရှဲ့ချီ၏ အကြည့်များသည် မီးရောင်နှင့်အတူ အပေါ်သို့ တဖြည်းဖြည်း ရွေ့သွားပြီး သူမ၏ ဆံထိုးလေးပေါ်တွင် ရပ်တန့်သွား၏။

တိမ်တိုက်ပုံ ကျောက်စိမ်းဖြူ ဆံထိုးလေးသည် သူမ၏ ဆံနွယ်များကြားတွင် ကွယ်ဝှက်လို့နေလေသည်။

ရှဲ့ချီတစ်ယောက် မျက်လွှာချကာ ပြုံးလိုက်မိသည်။

ရှန်မြောင်သည် မီးအိမ်ချိတ်ပြီး လက်ခါလျက် ခုန်ဆင်းလိုက်ပြီး ဇနီးသည်အလား လက်ကိုင်ပဝါကို လိမ်ချိုးနေသည့် ရှက်သွေးဖြာနေသော ရှဲ့ချီ၏ မျက်နှာအမူအရာကို သတိမထားမိဘဲ မီးဖိုချောင်ထဲဝင်ကာ မြေအိုးကို မချီလာခဲ့သည်။

စိုစွတ်အေးစက်သော ဆောင်းရာသီတွင် အစုံသုပ်ဟင်းအိုး စားရသည်မှာ အကောင်းဆုံးပင်။ ဝက်ရိုးနှင့် ကြက်ရိုးကို ပြုတ်ထားသည့် ဟင်းရည်အိုးထဲသို့ အသားလုံးကြော်၊ တို့ဖူးကြော်၊ မှို၊ မုန်ညင်းဖြူ၊ ပဲပြား၊ မုန်လာဥဖြူ၊ ကျောက်ကပ်၊ ဝက်သားပြား၊ ငုံးဥတို့ကို ထည့်ပြီး ၁၀ မိနစ်ခန့် ပြုတ်ထားလိုက်လျှင် အရသာရှိသော ဟင်းရည်ကို ရရှိပြီဖြစ်သည်။

ထိုအထဲတွင် အထူးခြားဆုံးမှာ အသားလုံးကြော်ပင်။

နုတ်နုတ်စင်းထားသော ဝက်သားထဲသို့ ကြက်သွန်မြိတ်၊ ချင်း၊ ကြက်ဥ၊ ချင်းမှုန့်၊ ကော်မှုန့်၊ ဟင်းခတ်အမွှေးအကြိုင်များ ထည့်ပြီး သမအောင် နယ်ရသည်။ ဆီပူလာလျှင် အသားလုံးကို ထည့်ကြော်ပြီး ရွှေညိုရောင်သန်းလာလျှင် ဆယ်ယူရသည်။ အချဉ်ရည်နှင့် တို့စားလျှင်လည်း ကောင်းသလို ဟင်းရည်အိုးထဲ ထည့်စားလျှင်လည်း ဟင်းရည်အရသာ စိမ့်ဝင်နေသဖြင့် အလွန်စားကောင်းသည်။

ကြက်သွန်မြိတ် ဖြူးကာ ပွက်ပွက်ဆူနေတုန်း မီးဖိုစားပွဲပေါ်တင်ပြီး ပူပူနွေးနွေး စားရမည်။

အမိုးအောက်တွင် မိုးစက်သံများ ကြားနေရပြီး စင်္ကြံလမ်းတွင် ရေနွေးငွေ့များ ပျံ့လွင့်နေလေသည်။

ရှဲ့ချီသည် ကိုယ်တိုင် မစားရသေးခင် ငုံးဥတစ်လုံးကို ဆယ်ယူလိုက်ပြီး သေချာ အအေးခံပြီး ခွဲကာ ချီလင်ကို ခွံ့ကျွေးလိုက်သည်။

ချီလင်သည် သူ့ဒူးပေါ်တွင် ဝပ်လျက် သူ့လက်ဖဝါးပေါ်မှ ငုံးဥကို လျှာရဲရဲလေးဖြင့် လှမ်းလျက်စားရင်း တအီအီ အသံပြုကာ အလုပ်ရှုပ်နေတော့သည်။

လေထင်နှင့် ကျွေးဖုန်းတို့အတွက်လည်း အသားပါသည့် အရိုးတစ်တုံးကို ဆားမပါဘဲ ပြုတ်ပေးထားရာ နှစ်ကောင်သား တပျပ်ပျပ် မြည်အောင် စားသောက်နေကြလေသည်။

ဖူရှင်းက ထူစူးအရက်ကို နွှေးပြီး တစ်ယောက်တစ်ပန်းကန် လိုက်ဝေပေးသည်။ ပထမလတွင် ထူစူးအရက် သောက်ခြင်းသည် ထန်ခေတ်ကတည်းက ဆင်းသက်လာသော ဓလေ့တစ်ခုဖြစ်ပြီး ဆရာကြီးစွန်းစစ်မြောင် ဖော်စပ်ထားသောကြောင့် အအေးမိဖျားနာခြင်းကို ကာကွယ်နိုင်သည်ဟု ဆိုကြသည်။

မျက်နှာချင်းဆိုင်အိမ်မှ ကုထူစူးသည် ပထမလတွင် မွေးဖွားပြီး မိသားစုက အရက်ချက်လုပ်ငန်း လုပ်ကိုင်သဖြင့် ထိုနာမည် ပေးထားခြင်းပင်။

အားထောင်သည် ရှဲ့ချီ၏ မြင်းကို မြည်းခြံထဲသို့ ဆွဲသွင်းပြီး ရှန်ရှစ်ယီးလန်နှင့် ယှဉ်လျက် ချည်ထားလိုက်သည်။ ရှန်မိသားစုတွင် မြင်းဇောင်းမရှိသဖြင့် ရှစ်ယီးလန်နှင့် အတူမထားလျှင် အပြင်ဘက်တွင် မိုးမိပြီး ဖျားနာသွားနိုင်သည်။

"သည်းခံပြီး ရှစ်ယီးလန်နဲ့ အတူတူ နေလိုက်နော်”

အားထောင်က မြင်း၏ကျောကို ပုတ်ပေးပြီး အစုံသုပ်ဟင်းအိုး စားရန် ပြန်ဝင်လာခဲ့သည်။

မြင်းက ခေါင်းငုံ့ပြီး မြည်းခြံထဲ ဝင်လိုက်ပြီး လည်ပင်းဆန့်လိုက်သောအခါ ခေါင်းနှင့် အမိုးတန်း တိုက်မိသဖြင့် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းပြန်ငုံ့လိုက်ရသည်။

ခေါင်းစောင်းကြည့်လိုက်ရာ ဦးထုပ်ဆောင်း၊ ပုဝါစည်းထားသည့် မြည်းတစ်ကောင်သည် မြင်းကို ဂရုမစိုက်ဘဲ ကောက်ရိုးများကို အရသာရှိစွာ ဝါးစားနေသည်ကို တွေ့လိုက်ရသည်။

မြင်းသည် စိတ်ပျက်ပြီး ရွံရှာဟန်ဖြင့် နှာခေါင်းမှုတ်လိုက်လေသည်။

ရှန်မြောင်သည် ရှဲ့ချီအတွက် ဟင်းရည်တစ်ပန်းကန် ထပ်ထည့်ပေးပြီး ပန်းကန်မောက်အောင် အသားလုံးနှင့် ဟင်းဖတ်များ ထည့်ပေးလိုက်သည်။ ထို့နောက် စစ်သူကြီးရှီးနှင့် ရှန်းအာတို့၏ ဇာတ်လမ်းကို ပြောပြလိုက်သည်။

ရှဲ့ချီမှာ နားရွက်များ ရဲသွားပြီး ကျေးဇူးတင်စကား ပြောလိုက်တော့သည်။ ခုနက ပန်းကန်လှမ်းယူတုန်းက ရှန်ညန်ဇီ၏ လက်ချောင်းလေးများနှင့် ထိမိမလို ဖြစ်သွားသဖြင့် ရင်ခုန်နေရသည်။ ရှန်မြောင်က ရှီးဖေးကျင်းအကြောင်း ပြောလိုက်မှ သူ့မှာ ကြောင်သွားတော့သည်။

"ကျွန်တော့်ကျို့ရယ်လား”

"ရှန်းအာကို တော်တယ်လို့ ချီးကျူးပြီး ရှီးမိသားစု သိုင်းပညာကို သေချာသင်ပေးဖို့ ကျွန်တော့်ကို မှာသွားတယ် ဟုတ်လား”

သူသည် ဘေးနားတွင် ထိုင်နေသော ရှန်းအာကို ငုံ့ကြည့်လိုက်ရာ ရှန်းအာက သူ့ကို မော့ကြည့်ပြီး သွားဖြဲပြလေသည်။

အံ့ဩစရာ မဟုတ်တော့ပေ။ ရှန်းအာက ဒီနေ့မှ ဘာလို့ သူ့ဘေးနား လာထိုင်နေလဲလို့ စဉ်းစားနေတာ။ ဒီကိစ္စကြောင့်ကိုး။

ရှန်းအာက သူ့အင်္ကျီစကို ဆွဲလိုက်ပြီး "ကျိုကော သင်ပေးမှာလားဟင်”

ရှဲ့ချီ ခဏစဉ်းစားပြီးနောက် ခိုင်မာစွာ ခေါင်းညိတ်လိုက်သည်။

"ကျို့ရယ်ကလည်း ပြောထားတယ်၊ ရှန်းအာကလည်း သင်ချင်တယ်ဆိုတော့ ကျွန်တော် သေချာပေါက် သင်ပေးမှာပေါ့”

ရှန်းအာ ပျော်ရွှင်စွာ အော်ဟစ်လိုက်ပြီး ရှဲ့ချီအတွက် အသားလုံးကြော် တစ်တုံးကို ရက်ရောစွာ ထည့်ပေးလိုက်သည်။

"ကျိုကောက သဘောကောင်းလိုက်တာ၊ များများစားနော်၊ မကြီးကြော်ထားတဲ့ အသားလုံးက အရမ်းမွှေးတာ”

ရှန်မြောင် ရယ်မောလိုက်ပြီး ဟန်ဆောင်ဆူပူလိုက်သည်။

"ကြည့်စမ်း၊ ဒီမြေခွေးမလေး၊ အခုကတည်းက ဖားနေပြီ”

ရှဲ့ချီလည်း ပြုံးလိုက်သည်။

သူ့စိတ်ထဲတွင်လည်း ကျေနပ်နေမိ၏။

'ဒါဆိုရင် ငါ နေ့တိုင်း ရှန်ညန်ဇီအိမ်ကို လာဖို့ အကြောင်းပြချက် ခိုင်ခိုင်လုံလုံ ရှိသွားပြီပေါ့။ တော်သေးတာပေါ့၊ ငါ နေ့တိုင်း အပ်နဲ့ အပ်ချည် လာငှားဖို့ အကြောင်းပြချက် ရှာနေရတာကနေ လွတ်ပြီ။'

...

All Chapters