အခန်း (၁၄၉-၁၅၀)
Vol. 15 Ch. 149-150
အပိုင်း (၁၄၉) ကြက်ဥtart ဖုတ်ခြင်း
မီးထွန်းပွဲတော် မတိုင်ခင် တစ်ရက်အလိုတွင် ရှန်မြောင်သည် ဆိုင်ရှေ့၌ ဆိုင်ပိတ်ကြောင်း ဆိုင်းဘုတ်ကို စောစီးစွာ ချိတ်ဆွဲလိုက်လေသည်။ ထို့အပြင် ဒီနေ့ ဆိုင်ပိတ်မည့်အကြောင်းကို ရုံးတော်၊ မျှော်စင်နှင့် ဖျော်ဖြေရေးရပ်ကွက်ရှိ လူများသိစေရန် အားလုံးထံ ကြိုတင်၍ လူလွှတ်အကြောင်းကြားထားလိုက်သည်။
မှန်ပါသည်။ နှစ်သစ်ကူး ပထမရက်တွင်ပင် မနားခဲ့သည့် ရှန်မြောင်သည် ဒီနေ့တွင်တော့ အနားယူရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ နေမင်းကြီး အနောက်ဘက်က ထွက်လာ၍ မဟုတ်ဘဲ ယန့်ရှူးနှင့် လူတစ်ချို့က နွားများ၊ လှည်းအပြည့်တင်ထားသည့် ပစ္စည်းများနှင့်အတူ ရောက်ရှိလာကြသောကြောင့် ဖြစ်လေသည်။
ချန်ချွမ်းသည် နေ့စဉ် စောစောထကာ ရှေ့နေတုန့်ထံ သွားရောက်ပြီး စာပေနှင့် ဥပဒေအကြောင်းများကို တစ်နာရီကြာ သင်ယူပြီးမှ အိမ်ပြန်လာလေ့ရှိသည်။ ရှန်းအာသည်လည်း ကျိုကောထံမှ ကိုယ်နေဟန်ထား တည်ငြိမ်စေရန် ရပ်နည်းနှင့် အသက်ရှူနည်းစသည့် အခြေခံသိုင်းပညာများကို တရားဝင် စတင်သင်ယူနေလေပြီ။
ထိုကလေးမလေးသည် သတ္တိ အလွန်ကောင်းလှသည်။ သူမက မြင်းစီးသင်ချင်ကြောင်း ကျိုကောကို ပြောပြလေသည်။ ထို့ကြောင့် ရှဲ့ချီက နေ့လယ်စာစားပြီးလျှင် မြို့စွန်သို့သွားကာ မြင်းစီးရင်း စိတ်အပန်းဖြေကြမည်ဟု ရှန်မြောင်ကို တိုင်ပင်လာသည်။
ရှန်မြောင်က မြို့ပြင်ထွက်ရင်း ဘဲခြံဆောက်လုပ်နေသည့် အခြေအနေကိုပါ တစ်ပါတည်း ဝင်ကြည့်နိုင်မည်ဟု တွေးမိလိုက်သည်။ နှစ်သစ်ကူးကာလမတိုင်ခင်က လက်သမားဆရာဟယ်သည် ဘဲခြံကို ဆောက်လုပ်ထားပြီး ဖြစ်သော်လည်း ဂိုဒေါင်နှင့် ခြံစည်းရိုးများ မပြီးစီးသေးပေ။ သည်ရက်ပိုင်းတွင် နှစ်သစ်ကူးကိစ္စများ၊ ထမင်းဘူးကိစ္စများနှင့် အလုပ်ရှုပ်နေသဖြင့် သူမ သွားမကြည့်ဖြစ်သည်မှာ ကြာလှပြီ။ ယခုအချိန်က သွားကြည့်ရန် အကောင်းဆုံးအချိန်ပင်။
ထို့ကြောင့် သူမလည်း အလိုက်သင့် သဘောတူလိုက်၏။
ဒီနေ့တွင် ရှားရှားပါးပါး နေသာနေလေသည်။ မိုးတိတ်သွားပြီဖြစ်သလို ဆီးနှင်းများလည်း အရည်ပျော်သွားပြီ။ ပထမလ၏ မှိုင်းညို့နေသည့် နေရောင်ခြည်သည် နောက်ဆုံးတော့ အားကောင်းလာခဲ့ပြီး ရှန်မိသားစု မြေမီးဖိုထဲတွင် ဖုတ်ထားသည့် ကြက်ဥတာ့ကဲ့သို့ ပြန့်ကျင်းမြို့တော်ကြီးကို ပူနွေးလာစေကာ လေထုထဲတွင် နွေးထွေးသည့် မုန့်သားအနံ့မျိုးပင် ရနေသယောင် ရှိလေသည်။
ယန်လျိုအရှေ့လမ်းကြားရှိ အိမ်တိုင်း၏ ခြံစည်းရိုးများပေါ်တွင် ဝါးတန်းရှည်များတင်ကာ ရောင်စုံစောင်များကို လှမ်းထားကြသည်။ ကျိုကောကဲ့သို့ အရပ်ရှည်သူ အနေဖြင့် အနောက်လမ်းကြားမှ အရှေ့လမ်းကြားသို့ လျှောက်သွားလျှင် နေရောင်နှင့် ဝါဂွမ်းနံ့သင်းနေသည့် စောင်များအောက်မှ ခေါင်းငုံ့ပြီး ဖြတ်သန်းသွားရပေလိမ့်မည်။
ရှန်မိသားစု၏ ခြံဝင်းငယ်လေးထဲတွင် ရှန်းအာက ချီလင်ကို ပွေ့ဖက်ထားပြီး ယန့်ရှူးက သုံးလသားအရွယ် နွားပေါက်လေးတစ်ကောင်ကို ဖက်ထားလေသည်။ အစားပုပ်လေး နှစ်ယောက်သည် ခုံပုလေးနှစ်လုံးကို ယူကာ နို့နံ့သင်းသင်းလေး ထွက်နေသည့် မြေမီးဖိုရှေ့တွင် ထိုင်စောင့်နေကြ၏။
ယန့်ရှူးသည် မနေ့ည သန်းခေါင်ယံအချိန်က ရောက်ရှိလာခြင်း ဖြစ်သည်။ သူသည် ချိုးဟောင်၊ နွားကျောင်းသား၊ ကျိုးတာ့မိသားစုတို့နှင့်အတူ လှည်းသုံးစီး တိုက်ကာ လာခဲ့ကြသည်။ လှည်းတစ်စီးတွင် ကျိုကော၏ ပစ္စည်းများပါပြီး နောက်တစ်စီးတွင် ကျိုကော စုဆောင်းထားသည့် ချန်ကျိုးဒေသထွက် ပစ္စည်းများ အပြည့်ပါလာသည်။ ကျန်တစ်စီးတွင်တော့ နို့တိုက်နေဆဲ နွားမကြီးကို တင်ဆောင်လာခြင်း ဖြစ်သည်။ ပစ္စည်းများလွန်းသည့်အပြင် နွားအရှင်ပါ ပါလာသဖြင့် လမ်းတွင် နားလိုက် သွားလိုက်ဖြင့် ရှဲ့ချီထက် နှစ်ရက်နောက်ကျမှ ရောက်လာခဲ့ကြသည်။
ဒီနေ့မနက်တွင် ယန့်ရှူးက နွားများ၊ ဒေသထွက်ပစ္စည်းများနှင့်အတူ တံခါးလာခေါက်လေသည်။ ရှန်မြောင်သည် ကြမ်းပြင်ပေါ်တွင် ပြည့်နှက်နေသည့် သေတ္တာကြီးငယ်များနှင့် နွားတစ်ရှဉ်းကို မြင်လိုက်ရသောအခါ ကြောင်အသွားရတော့သည်။
ကျိုကော ပြန်ရောက်နေသည်မှာ ရက်အနည်းငယ် ရှိပြီဖြစ်သော်လည်း သူမအတွက် ပစ္စည်းများ ဒီလောက်အများကြီး သယ်လာသည်ကို တစ်ခွန်းမှ မဟခဲ့ချေ။
ကျိုကော သယ်လာသည့် ဒေသထွက်ပစ္စည်းများကို နေရာချရန်အတွက်ပင် တစ်နာရီခန့် ကြာမြင့်သွားသည်။ သို့သော် ကျိုကော သယ်လာသည့် ပစ္စည်းများမှာ အလွန် အသုံးဝင်လှသည်။ ရှန်မြောင်သည် သေတ္တာများကို ဖွင့်ဖောက် နေရာချရင်း အားလုံးကို အသုံးပြုနိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ နေ့စဉ် ဆိုင်ဖွင့်ရန် လိုအပ်သည့် ပန်းခြောက်၊ ကြက်သွန်ဖြူ စသည့် အစားအစာများ ပါဝင်လေသည်။ ချန်ကျိုးဒေသထွက် ကြက်သွန်ဖြူသည် အလွန် ဥကြီးပြီး အနံ့စူးရှသဖြင့် ကြက်သွန်ဖြူဆီချက်ချက်လျှင် အလွန်မွှေးပေလိမ့်မည်။
ချန်ကျိုးဒေသထွက် မြေအိုးနက် သေတ္တာနှစ်လုံးမှာ အိုးလုပ်ငန်းတစ်ခုတည်း၊ ဆရာတစ်ယောက်တည်း၏ လက်ရာများ ဖြစ်ကြသည်။ မျက်နှာပြင်ရှိ အနက်ရောင်ကြွေရည်သုတ်မှာ ကြေးမုံပြင်ကဲ့သို့ ပြောင်လက်တောက်ပနေပြီး သူမ၏ ဆိုင်ထဲရှိ တစ်သုတ်နှင့် တစ်သုတ် မတူညီဘဲ အရောင်အသွေး ကွဲပြားနေသော ပန်းကန်ခွက်ယောက်၊ ဇွန်းများကို အားလုံး အသစ်လဲလှယ်လိုက်တော့သည်။
ယခုအခါ ခေါက်ဆွဲပန်းကန်နှင့် ဟင်းထည့်သည့် ပန်းကန်များကို အရောင်ညီညာ တောက်ပသော မြေအိုးနက်များဖြင့် အစားထိုးလိုက်ရာ အလွန် ရိုးရှင်းလှသော ရိုးရိုးခေါက်ဆွဲကိုပင် တန်ဖိုးကြီးသည့်ပုံစံ ပေါက်သွားစေသည်။
မီးပုံးများနှင့် ရွှံ့ခွေးရုပ်များလည်း ပါလာပြီး အရွယ်အစားမျိုးစုံ၊ ပုံစံမျိုးစုံ ပါဝင်သဖြင့် ရှန်းအာနှင့် ကလေးများကို ဖမ်းစားနိုင်ခဲ့သည်။ သူမသည် မီးပုံးများနှင့် ရွှံ့ခွေးရုပ်များ ထည့်ထားသည့် သေတ္တာရှေ့တွင် ဝိုင်းအုံကာ 'ဝိုး' ခနဲ အာမေဋိတ်သံများဖြင့် နာရီဝက်ကျော်ကြာအောင် ရွေးချယ်နေတော့၏။ အရွယ်ရောက်နေပြီဖြစ်သော ကျိကောပင်လျှင် စူးစမ်းလိုစိတ်ကို မထိန်းနိုင်ဘဲ စာပေပညာရှင် ဝတ်ရုံဝတ်ကာ စာအုပ်ကိုင်ထားသည့် ရွှံ့ခွေးရုပ်တစ်ရုပ်ကို ယူပြီး သူ့စာကြည့်စားပွဲပေါ်တွင် တင်ထားလိုက်သည်။
ချန်ချွမ်းလည်း စာသင်ပြီး ပြန်ရောက်လာချိန်တွင် အချိန်ကိုက်ပင် ဖြစ်သွားသည်။ ရှန်းအာက ချန်ချွမ်းကို သူကြိုက်နှစ်သက်သည့် ရွှံ့ခွေးရုပ်များကို ရွေးခိုင်းလိုက်ရာ အများကြီး ကျန်နေသေးကြောင်း တွေ့လိုက်ရသည်။ သူမက ခဏလောက် စဉ်းစားပြီးနောက် လျိုတို့ဟွားတို့ သူငယ်ချင်းတစ်သိုက်ကို ဝေပေးလို့ ရမလားဟု ရှဲ့ချီကို အားနာပါးနာ မေးလိုက်ပြန်သည်။
ရှဲ့ချီက ပြုံးပြီး ပြောလိုက်၏။ "ဒါတွေက မင်းတို့ ကစားဖို့ ယူလာတာပဲလေ၊ မင်း သဘောကျတဲ့သူကို ပေးလို့ရပါတယ်"
မိသားစုဝင်များ အားလုံး ခွဲဝေယူပြီးကြပြီ ဖြစ်သလို ရှန်းအာကလည်း သူမ အကြိုက်ဆုံးအရုပ်များကို အခန်းထဲတွင် ခိုးသိမ်းထားပြီး ဖြစ်ရာ လမ်းကြားထဲရှိ သူငယ်ချင်းများကို ဝမ်းသာအားရ ခေါ်ပြီး ဝေပေးလိုက်လေသည်။ တစ်ခဏချင်းမှာပင် ရှန်မိသားစု ခြံဝင်းငယ်လေးသည် နှစ်သစ်ကူးကာလကဲ့သို့ စည်ကားသွားတော့သည်။ လျိုတို့ဟွားမှာ စိတ်လှုပ်ရှားလွန်းသဖြင့် ရှန်းအာနှင့် တစ်သက်လုံး သူငယ်ချင်းကောင်း ဖြစ်ပါမည်ဟုပင် ကတိပေးလေသည်။
အကြီးကျယ်ဆုံး လက်ဆောင်ဖြစ်သည့် နွားအကြောင်းကိုတော့ ပြောရန်ပင် မလိုတော့ချေ။ နွားကျောင်းသည့် နွားကျောင်းသားပင် ပါလာခဲ့သည်။
နွားကျောင်းသားသည် ရှဲ့မိသားစု၏ ကျွန်ဖြစ်ပြီး ရှဲ့မိသားစုအတွက် မျိုးရိုးစဉ်ဆက် နွားမွေးလာခဲ့သဖြင့် ရိုးရှင်းစွာပင် နျို (နွား) မျိုးရိုးဟု သတ်မှတ်ခံထားရသည်။ သူ့ကို မိဘများက နျိုစန်းရှစ် (နွား ၃၀) ဟု လွယ်လွယ်ကူကူပင် နာမည်ပေးထားကြသည်။
ကြာလာသည့်အခါ ရှန်မြောင်သည် ဤခေတ်မှ လူအများစု ဂဏန်းများဖြင့် နာမည်ပေးရသည့် အကြောင်းရင်းကို သိလာရသည်။ အများအားဖြင့် နှစ်သစ်ကူး ၃၀ ရက်နေ့ သို့မဟုတ် လတစ်လ၏ ၃၀ ရက်နေ့တွင် မွေးဖွားသူများ ဖြစ်ကြသည်။
နျိုစန်းရှစ်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် နွားမကြီးကို ပုတ်ပြပြီး ရှန်မြောင်အား မိတ်ဆက်ပေးလေသည်။
"ကျိုကောက နို့ထွက်တဲ့ နွားကို လိုချင်တယ်ဆိုလို့ ကျွန်တော် နွားအုပ်ထဲကနေ ဘယ်ပြန်ညာပြန် ရွေးပြီးမှ ဒီတစ်ကောင်ကို ရွေးခဲ့တာပါ၊ ဒါက ခြံထဲမှာ အသန်စွမ်းဆုံးနဲ့ အလိမ္မာဆုံး နွားမကြီးပါပဲ၊ နွားပေါက်လေး မွေးတုန်းကဆို လူကူစရာတောင် မလိုဘဲ သူ့ဘာသာသူ အဆင်ပြေပြေ မွေးခဲ့တာ"
ရှန်မြောင်က သိချင်စိတ်ဖြင့် အနားကပ်သွားပြီး နွားမကြီးကို သူမလက်အား အနံ့ခံခိုင်းလိုက်သည်။ နွားမကြီးက နူးညံ့သည့် အကြည့်ဖြင့် သူမကို ကြည့်ကာ အမြီးကို ဖြည်းဖြည်းချင်း ယမ်းပြလေသည်။ နျိုစန်းရှစ်က ပြောလိုက်၏။ "သူ စိတ်မဆိုးပါဘူး၊ ရှန်ညန်ဇီ သူ့ပေါ်တက်စီးရင်တောင် ရပါတယ်"
"သူ့မှာ နွားပေါက်လေး ပါလာတာပဲ၊ မစီးတော့ပါဘူး"
ရှန်မြောင်သည် နွားမကြီး၏ ကျောဘက်မှ အမွှေးများကိုသာ လှမ်းပွတ်လိုက်သည်။ နွားမွှေးသည် ကြောင်မွှေး၊ ခွေးမွှေးများကဲ့သို့ မနူးညံ့ဘဲ အနည်းငယ် ကြမ်းတမ်းသော်လည်း ရှန်မြောင်ကတော့ သဘောကျနေမိသည်။ ဤနွားမကြီး၏ အမွှေးအရောင်မှာ ဖျော့တော့တော့ရှိပြီး အခြားနွားများကဲ့သို့ အညိုရောင်သမ်းသည့် အဝါရောင် မဟုတ်ပေ။ ဂျုံရောင် အဝါနုရောင်လေးဖြစ်ပြီး ကြည့်ရသည်မှာ နုနယ်ပုံပေါက်သည်။ မျက်လုံးများက ဝိုင်းစက်နေပြီး လူကို ကြည့်သည့်အခါ တည်ငြိမ်သည့်ပုံစံ ရှိကာ နှာခေါင်းထိပ်လေးမှာ ပန်းရောင် ဖြစ်နေသည်။
ထို့အပြင် နဖူးပြင် ကျယ်ဝန်းပြီး နားရွက်များ ဝိုင်းစက်ကာ ခန္ဓာကိုယ်ထည်မှာလည်း မသေးပေ။ ၁.၃မီတာလောက် မြင့်ရာ နွားမများထဲတွင် အတော်အတန် ထွားကျိုင်းသည်ဟု ဆိုနိုင်ပြီး အရွယ်ရောက်ပြီး နွားထီးတစ်ကောင်နီးပါး ရှိလေသည်။
ကြည့်လိုက်သည်နှင့် ရုပ်ရည်သန့်ပြန့်သည့် နွားတစ်ကောင်ကို တွေ့ရသည်မှာ ရှားပါးလှသည်။
ထို့အပြင် နျိုစန်းရှစ် ပြောပြချက်အရ ဤနွားမကြီးမှာ ၄ နှစ်သာ ရှိသေးပြီး အသန်စွမ်းဆုံးနှင့် နို့အထွက်ဆုံး အရွယ်ဖြစ်သည်ဟု ဆိုသည်။ လက်ရှိတွင်လည်း နို့ထွက်နှုန်း အကောင်းဆုံးအချိန် ဖြစ်သည်။ ရှန်မြောင်သည် ဘေးမှ ထိုင်ချလိုက်ပြီး နွားပေါက်လေး နို့စို့နေသည်ကို ကြည့်လိုက်၏။ နွားပေါက်လေးသည်လည်း နွားမလေးဖြစ်ပြီး မိခင်နှင့် အလွန်တူသော်လည်း နှာခေါင်း၊ ခြေသည်းနှင့် ဗိုက်သားတွင် အဖြူကွက်လေးများ ပါရှိသည်။
နွားပေါက်လေး ဗိုက်ဝသွားချိန်တွင် နျိုစန်းရှစ်က ရှန်မြောင်အတွက် နွားနို့ ၁ တို (၇ လီတာခန့်) ညှစ်ပေးလိုက်လေသည်။
နွားနို့! သူမ မဝယ်ရက်ခဲ့သည့် နွားနို့ပါလား!
ရှန်မြောင်သည် လတ်လတ်ဆတ်ဆတ် ညှစ်ထားပြီး ပူပူနွေးနွေး အမြှုပ်များပင် ထနေသေးသည့် အဝါရောင်သမ်းသော နို့ရည်ကို ကြည့်ရင်း မျက်လုံးများ အရောင်တောက်လာတော့သည်။
နွားနို့နှင့် ပတ်သက်သည့် မုန့်မျိုးစုံက သူမ ခေါင်းထဲတွင် ပျံဝဲသွားတော့၏။ နို့ကိတ်မုန့်၊ ကြက်ဥတာ့၊ နှစ်ထပ်နို့ပူတင်း၊ နို့ကြော်၊ နို့ဘီစကွတ်၊ နို့ခဲမုန့်၊ ပဲနီဌာပနာ ချိစ်ကိတ်... ပြီးတော့ နို့လက်ဖက်ရည်! နို့လက်ဖက်ရည် အချို၊ အငန်၊ ခေတ်သစ်မှ အရသာပေါင်းစုံ နို့လက်ဖက်ရည်များကို သောက်နိုင်တော့မည် မဟုတ်ပါလား။
ရှန်မြောင်သည် သွားရည်ကျမတတ် ဖြစ်သွားပြီး တံတွေးမြိုချလိုက်မိသည်။
ရှဲ့ချီက ကြောင်လေးကို ပွေ့ဖက်ကာ ဝရန်တာတွင် ထိုင်နေပြီး မျက်လုံးများ အရောင်တောက်နေသည့် ရှန်မြောင်၏ ပျော်ရွှင်နေပုံကို တိတ်တဆိတ် ငေးကြည့်နေမိလေသည်။ ရှန်ညန်ဇီ ပျော်ရွှင်နေသည်ကို မြင်ရသောအခါ သူ့စိတ်ထဲတွင်လည်း မွှေးကြိုင်နူးညံ့သည့် နွားနို့ထဲ စိမ်ထားရသကဲ့သို့ ကြည်နူးသွားပြီး မျက်လုံးများ ကွေးညွှတ်သွားသည်အထိ ပြုံးလိုက်မိကာ နှုတ်ခမ်းထောင့်များ မြင့်တက်သွားတော့သည်။
ရှန်ညန်ဇီက နို့လက်ဖက်ရည် မသောက်ရလို့ နှမြောနေတာလောက်ပဲ သူ မှတ်မိထားခဲ့တာ။ ရှန်ညန်ဇီက နွားနို့ကို ဒီလောက်ထိ ကြိုက်မှန်းသာ သိခဲ့ရင် သူ စောစောစီးစီး ပို့ပေးလိုက်မှာပေါ့။ ရှဲ့ချီသည် ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်လိုက်ပြီး နောက်ကျမှ ပို့ပေးမိသည့်အတွက် နောင်တရနေမိသည်။
သို့သော် ရှန်မြောင်သည် နွားနို့ရသည့် ပျော်ရွှင်မှုမှ လျင်မြန်စွာ သတိပြန်ဝင်လာပြီး ညှစ်ထားသည့် နွားနို့များကို မီးအေးအေးဖြင့် ကျိုချက်ထားရန် နျိုစန်းရှစ်ကို မှာကြားလိုက်သည်။ ထို့နောက် ရှဲ့ချီဘေးတွင် ဝင်ထိုင်လိုက်ပြီး လေးနက်စွာ မေးလိုက်လေသည်။
"ကျိုကော... ဒီနွားက ဘယ်လောက် ပေးရလဲ၊ အစားအစာတွေက ကိစ္စမရှိပေမယ့် နွားဆိုတာ တန်ဖိုးကြီးတဲ့ တိရစ္ဆာန်လေ၊ ကျွန်မ ဒီအတိုင်းကြီး စိတ်သန့်သန့်နဲ့ လက်မခံနိုင်ပါဘူး"
ရှဲ့ချီက ပြုံးပြီး "၁၀ ဝမ်" ဟု ပြောလိုက်သည်။
ရှန်မြောင်က စကားမပြောနိုင် ဖြစ်သွားပြီး "အတည်ပြောနေတာပါ" ဟု ပြန်ပြောလိုက်၏။
လယ်ယာလုပ်ငန်းခွင်သုံး နွားများသည် ဤခေတ်တွင် အလွန်တန်ဖိုးရှိပြီး နွားသည် သိုး၊ မြည်း စသည့် တိရစ္ဆာန်များထက် မွေးမြူရ ပိုခက်ခဲသဖြင့် နွားကောင်းတစ်ကောင်ဆိုလျှင် ပို၍ ဈေးကြီးလေသည်။ သူမ စိတ်ထဲတွင် အကြမ်းဖျင်း တွက်ကြည့်လိုက်ပြီး "အနည်းဆုံးတော့ ငွေလျန် ဆယ်ဂဏန်းလောက် ရှိမှာပဲ" ဟု ပြောလိုက်သည်။
"ရှန်ညန်ဇီ စိတ်မကောင်း မဖြစ်ပါနဲ့" ရှဲ့ချီက ကြောင်လက်သည်းလေးကို ကိုင်ကာ ဘယ်ညာ ယမ်းပြပြီး နွေးထွေးစွာ ပြုံးရင်း ပြောလိုက်သည်။
"ဒီနွားကို ကျွန်တော်ရယ်၊ ယန့်ရှူးရယ်၊ ချိုးဟောင်ရယ် နောက်ပိုင်း ရှန်ညန်ဇီအိမ်မှာ မကြာခဏ လာစားသောက်မယ့် ထမင်းဖိုးအဖြစ် သဘောထားလိုက်ပါ"
သူမအိမ်မှာ နဂါးသား ရှိနေတာမို့လို့လား။ ငွေလျန် ဆယ်ဂဏန်းကို ဘယ်အချိန်ထိ စားရမှာလဲ! ပြီးတော့ အရင်တုန်းက ရှဲ့ချီ စာမေးပွဲဖြေတုန်းက ပေးထားတဲ့ ငွေ ၃၀ လျန်တောင် အခုထိ မကုန်သေးဘူး။ ရှန်မြောင် ထပ်ပြောရန် ပြင်လိုက်သော်လည်း ရှဲ့ချီက ကြောင်လေးကို ခေါင်းငုံ့ပြီး ပွတ်သပ်လိုက်ကာ ချီလင်ကဲ့သို့ ကြည်လင်သည့် မျက်ဝန်းများဖြင့် သူမကို မော့ကြည့်ရင်း ဝမ်းနည်းပက်လက် ပြောလိုက်လေသည်။
"ရက်နည်းနည်းလောက်ပဲ ခွဲခွာရသေးတယ်၊ ရှန်ညန်ဇီက ကျွန်တော်နဲ့ ဒီလောက်တောင် စိမ်းကားသွားပြီလား..."
ရှန်မြောင်မှာ ဆွံ့အသွားတော့သည်။
"ဒီနေ့ နွားတစ်ကောင်ကြောင့်နဲ့ မင်းနဲ့ ကျွန်တော့်ကြား စည်းခြားလိုက်ပြီဆိုရင် နောက်နေ့ကျရင် ကျွန်တော် ဘယ်လိုလုပ် အိမ်လာရဲတော့မှာလဲ" သူ၏ မျက်ဝန်းထဲတွင် သနားစရာကောင်းသည့် အရိပ်အယောင်များ ယှက်သန်းလာပြီး အပစ်ပယ်ခံရမည်ကို ကြောက်ရွံ့သည့်ပုံစံဖြင့် ရှန်မြောင်ကို ကြည့်ကာ ပြောလိုက်သည်။
"အဲဒီနေ့တုန်းက... ရှန်ညန်ဇီ သဘောတူခဲ့တယ် မဟုတ်လား"
ရှန်မြောင်သည် ရက်အနည်းငယ်က ရှန်းအာ ပြောခဲ့သည့် သစ္စာဖောက် ယောကျ်ားများအကြောင်းကို ရုတ်တရက် သတိရသွားတော့သည်။ ကလေးစကား ဖြစ်သော်လည်း ယခုအချိန်တွင် သူမကိုယ်သူမ 'ရှန်ရှစ်မေ့' (ချန်ရှစ်မေ့ကဲ့သို့ သစ္စာဖောက်လင်ယောကျ်ား) ဖြစ်သွားသလို ခံစားလိုက်ရသည်။
ရှဲ့ချီ၏ နက်မှောင်တောက်ပသည့် အကြည့်အောက်တွင် သူမ မနေနိုင်တော့ဘဲ ချောင်းတစ်ချက်ဟကာ အလွန် မခိုင်လုံသည့် ဆင်ခြေတစ်ခု ပေးလိုက်တော့သည်။
"နွားနို့ ဆူတဲ့အသံ ကြားလိုက်သလိုပဲ၊ ကျွန်မ သွားပြီး ကြက်ဥနို့မုန့် နည်းနည်းလောက် သွားလုပ်လိုက်ဦးမယ်"
ဘာမှ မဖြစ်သလို ဟန်ဆောင်ပြီး မီးဖိုချောင်ထဲသို့ ဝင်ပြေးသွားသည့် ရှန်ညန်ဇီ၏ ကျောပြင်ကို ကြည့်ရင်း ရှဲ့ချီသည် ရယ်ချင်စိတ်ကို ထိန်းကာ မျက်လွှာချလိုက်သည်။ ဘာမှ နားမလည်သည့် ချီလင်၏ မက်မွန်သီးပုံ မျက်လုံးဝိုင်းဝိုင်းလေးများနှင့် ဆုံလိုက်ရသောအခါ ကြောင်လေး၏ ခေါင်းလုံးလုံးလေးကို ပွတ်သပ်ပေးလိုက်သည်။ သို့သော် နောက်ဆုံးတော့ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ကြောင်လေးကို ဖက်ကာ အသံတိတ် ရယ်မောရင်း ပခုံးများ တုန်ခါသွားပြီး ဝရန်တာပေါ်သို့ ပက်လက်လှန် လဲကျသွားတော့သည်။
သူ စောစောကတည်းက ရိပ်မိခဲ့ပါပြီ။ ရှန်ညန်ဇီက အပျော့ဆွဲရင် ရပေမယ့် အမာဆွဲရင် မရဘူး ဆိုတာကိုလေ။
အစ်မကြီး ဖြစ်သည့် ရှန်ညန်ဇီသည် လူရှေ့သူရှေ့တွင် ထက်မြက်အစွမ်းထက်သည့် ပုံစံဖြင့် နေလေ့ရှိပြီး လက်နှစ်ဖက်ကို ဖြန့်ကာ သူမဘေးနားက လူများနှင့် အရွယ်မရောက်သေးသည့် မောင်နှမများကို ကာကွယ်ပေးတတ်သည်။ သူမသည် ဘာမဆို ရင်ဆိုင်နိုင်ပြီး လောကဓံကို နားလည်သော်လည်း သူမ၏ စိတ်နှလုံးသားကတော့ နွေဦးကာလက ပြန့်မြစ်ရေကဲ့သို့ နူးညံ့ပျော့ပျောင်းလှသည်။
ပုံစံခွက်ထဲ ထည့်လိုက်သည့် ရေကဲ့သို့ပင် သူမသည် အကြိမ်ကြိမ် သူ့ကို မသိမသာ ကြင်နာယုယခဲ့သည်။
သူမကတော့ ဒီနေ့အထိ သိချင်မှ သိပေလိမ့်မည်။ သို့သော် ရှဲ့ချီကတော့ သူ့စိတ်ထဲတွင် အမြဲတမ်း မှတ်မိနေသည်။ လူတွေက ထာဝရ ကံဆိုးနေမှာ မဟုတ်ဘူးလို့ သူမ ပြောခဲ့တာတွေ၊ လူဆိုတာ တစ်သက်မှာ တစ်ခါပဲ ရှင်သန်ရတာလို့ ပြောခဲ့တာတွေ၊ သူ့ကို တွေ့ရတာ ကံကောင်းတယ်လို့ သူမ ပြောခဲ့တာတွေကို သူ မှတ်မိနေသည်။
သူ့အတွက် သူမ ချက်ပြုတ်ပေးခဲ့သည့် အရသာရှိသော အစားအစာတိုင်း၏ အရသာကို သူ မှတ်မိနေသည်။
ရှဲ့ချီသည် ကြောင်လေးကို မလိုက်ပြီး သူ့မျက်နှာပေါ်သို့ အုပ်ထားလိုက်သည်။ သူသည် နူးညံ့အိစက်နေသည့် ကြောင်ဗိုက်သားထဲ မျက်နှာအပ်ကာ နွေးထွေးမှုအောက်တွင် မျက်လုံးများကို မှိတ်ထားလိုက်တော့သည်။
သူ့ရင်ထဲတွင် ဖိနှိပ်ထားသည့် ပြင်းပြသော ခံစားချက်များကို ပွင့်ပွင့်လင်းလင်း ထုတ်မပြောရဲသော်လည်း... သူ တကယ် တွေးနေမိသည်မှာ - သူ့ပိုင်ဆိုင်သမျှ အရာအားလုံးနှင့် သူ့ခန္ဓာကိုယ်ကိုပါ ရှန်ညန်ဇီအား ပေးအပ်ချင်မိသည်။
သူမ လိုချင်ရင်ပေါ့လေ။
....
ရှန်မြောင်သည် မီးဖိုချောင်ထဲ ဝင်လာပြီး ကျိုကော၏ သနားစရာကောင်းသည့် အကြည့်မှ လွတ်မြောက်သွားကာ ထင်းမီးခိုးနံ့နှင့် နို့နံ့များ ဝန်းရံထားသည့်ကြား ရောက်လာမှ သက်ပြင်းချနိုင်တော့သည်။
နျိုစန်းရှစ်သည် စဉ့်အိုးရှည်ကြီးထဲမှ နွားနို့များကို ယောက်မဖြင့် မွှေပေးနေပြီး နွားနို့အဖြူရောင်များမှာ ပွက်ပွက်ဆူကာ အမြှုပ်လေးများ ထနေသည်။
နွားနို့ကို တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကျိုချက်လိုက်လျှင် ပိုးသတ်ပြီးသားနှင့် ညှီနံ့ပျောက်သွားပြီ ဖြစ်သဖြင့် ကြာကြာ ကျိုစရာမလိုပေ။
ရှန်မြောင်က စဉ့်အိုးကို ဘေးသို့ ရွှေ့ခိုင်းလိုက်ပြီး နွားနို့ကို အပူချိန်လျော့သွားအောင် သဘာဝအတိုင်း အအေးခံခိုင်းလိုက်သည်။
ထို့နောက် ကြက်ဥတာ့၏ အခွံ ပြုလုပ်ရန် ဂျုံနယ်လေသည်။
ရှန်မြောင်တွင် ရိုးရှင်းပြီး ဘယ်တော့မှ မမှားနိုင်သည့် ကြက်ဥတာ့ အခွံလုပ်နည်း ရှိလေသည်။
ပထမဆုံး ဆီဂျုံမုန့်ညက် ပြုလုပ်ရမည်။ အဝကျယ်သည့် မြေဇလုံထဲသို့ ဂျုံမှုန့် ၆ ကျပ်သား၊ ဆားတစ်ဇွန်း၊ သကြားဖြူ နှစ်ဇွန်း၊ ရေအေး ဖလားတစ်ဝက်၊ ဝက်ဆီ တစ်ဇွန်း ထည့်ရမည်။ ဂျုံမှုန့်စေ့တိုင်း ဆီနှင့် သမသွားအောင် သေချာစွာ နယ်ပေးရမည်။ ဤအဆင့်သည် အလွန် အရေးကြီးသည်။ ကြက်ဥတာ့ အခွံ ကြွပ်ရွမလား ဆိုသည်မှာ ဤအဆင့်ပေါ်တွင် မူတည်နေသည်။
နောက်ထပ် ပန်းကန်လုံးတစ်လုံးယူပြီး ရေနှင့် သကြားထည့်ကာ သကြားရည်ဖြစ်အောင် တူဖြင့် မွှေရမည်။ သကြားရည်ထဲသို့ ကြက်ဥအနှစ် ၃ လုံးထည့်ကာ တူဖြင့် ဆက်လက်မွှေပြီး ဂျုံမှုန့် ၆ အောင်စ ထည့်ရမည်။ ထို့နောက် လက်ဖြင့် ဂျုံမှုန့်နှင့် အရည်ကို သမအောင်နယ်ပြီး ချောမွတ်သည့် ဂျုံတုံးဖြစ်အောင် လုပ်ရမည်။ ဒါသည် ရေဂျုံမုန့်ညက် ဖြစ်သည်။
ရေဂျုံမုန့်ညက်ကို ဆီဂျုံမုန့်ညက်၏ အပြင်ဘက်တွင် အုပ်ရန် အသုံးပြုသည်။ ဖုတ်သည့်အခါ ရေဂျုံမုန့်ညက်ထဲမှ ရေငွေ့များက တဖြည်းဖြည်း အငွေ့ပြန်လာပြီး ဆီဂျုံမုန့်ညက်ကို အလွှာလိုက် ပွတက်လာအောင် တွန်းကန်ပေးသဖြင့် ကြက်ဥတာ့ အခွံသည် အလွှာလိုက် ကြွပ်ရွနေခြင်း ဖြစ်သည်။
ထို့နောက် ပြုလုပ်ထားသည့် ဆီဂျုံမုန့်ညက်နှင့် ရေဂျုံမုန့်ညက် နှစ်ခုလုံးကို အပြင်ဘက်သို့ ယူထုတ်သွားလိုက်သည်။ မီးဖိုချောင်ထဲတွင် ပူလွန်းသဖြင့် အေးမြသည့် အခန်းအပူချိန်တွင် ၁၅ မိနစ်ခန့် အအေးခံထားရန် လိုအပ်သည်။
ဂျုံသား နှပ်ထားစဉ်တွင် ရှန်မြောင်က မြေအိုးငယ်တစ်လုံးကို ယူကာ မီးဖိုပေါ်တင်ပြီး လက်ဖက်ခြောက် အနည်းငယ်ထည့်ကာ မီးအေးအေးဖြင့် မွှေးလာအောင် လှော်လိုက်သည်။ ထို့နောက် သကြားခဲနှင့် လက်ဖက်ခြောက်ကို ရောထည့်ပြီး ဆက်လက် လှော်လိုက်သည်။ သကြားများ အရောင်ပြောင်းကာ ပွက်ပွက်ဆူလာသည့်အခါ ကျိုထားသည့် နွားနို့ကို ထည့်ပြုတ်လိုက်ပြီး ပဲနီစေ့အနည်းငယ် ထည့်လိုက်လျှင် သကြားနီ နို့လက်ဖက်ရည် ရရှိပြီ ဖြစ်သည်။
နို့လက်ဖက်ရည် ပြုတ်ပြီးသည်နှင့် ကြက်ဥတာ့ကို ဆက်လက် ပြုလုပ်နိုင်သည်။
နှပ်ထားသဖြင့် ပွလာသည့် ဂျုံတုံးများကို ယူကာ စဉ့်တီတုံးပေါ်တွင် တင်လိုက်သည်။ ဂျုံတုံးနှစ်တုံးလုံးကို လက်ဖြင့် ဖိချပြီး အဝိုင်းပြား အကြီးကြီးဖြစ်အောင် လုပ်ရမည်။ ဆီဂျုံမုန့်ညက်ကို အပေါ်၊ ရေဂျုံမုန့်ညက်ကို အောက်ထားပြီး ဂျုံပြားနှစ်ခုကို ဗဟိုချက်ချင်း တူအောင် ထပ်လိုက်ရမည်။
ထို့နောက် ရေဂျုံမုန့်ညက်၏ အနားသတ်များကို အပေါ်သို့ မတင်ပြီး ဆီဂျုံမုန့်ညက်ကို လုံအောင် အုပ်လိုက်ရမည်။ ဆီဂျုံမုန့်ညက်များ ရေဂျုံမုန့်ညက်ထဲမှ ထွက်မကျအောင် အစပ်နေရာများကို သေချာ ဖိကပ်ထားရမည်။ ဒါဆိုလျှင် အစာသွတ်သည့် အဆင့် ပြီးဆုံးသွားပြီ ဖြစ်သည်။
…
အပိုင်း (၁၅၀)
အဆီအနှစ်ထည့်ပြီး ထုပ်ထားသည့် မုန့်နှစ်ကို ဒလိမ့်တုံးဖြင့် လေးထောင့်ပုံစံရအောင် ဖြည်းဖြည်းချင်း လှိမ့်လိုက်သည်။ ထို့နောက် ရှည်သည့်ဘက်အခြမ်းမှ စတင်ကာ စာရွက်လိပ်သကဲ့သို့ တဖြည်းဖြည်းချင်း လိပ်ယူလိုက်ပြီး ကျစ်လျစ်သည့် မုန့်နှစ်အချောင်းရှည်ဖြစ်အောင် လုပ်လိုက်သည်။ နောက်ဆုံးတွင် ဓားဖြင့် အတုံးငယ်လေးများ ပိုင်းဖြတ်လိုက်ပြီး လက်ဖြင့် ဖိချကာ အဝိုင်းပြားလေးများ ဖြစ်အောင် ပြုလုပ်လိုက်သည်။
ထို့နောက် အဝကျယ်သည့် မြေအိုးခွက်ငယ်လေးများကို ပုံစံခွက်အဖြစ် ယူလိုက်ပြီး အဝိုင်းပြားပါးပါးလေးများကို အထဲသို့ ထည့်ကာ ခွက်ပုံစံအတိုင်း အံဝင်ခွင်ကျဖြစ်အောင် လက်ချောင်းများဖြင့် ဖိကပ်လိုက်သည်။ ဤသို့ဖြင့် ခွက်ပုံစံရှိသည့် ကြက်ဥတာ့မုန့်ခွံလေး ရရှိလာတော့သည်။
ကြက်ဥတာ့မုန့်ခွံများကို မြေမီးဖိုထဲသို့ အရင်ထည့်ကာ ဖုတ်လိုက်ပြီး စောင့်ဆိုင်းနေသည့်အချိန်တွင် ကြက်ဥအရည်ကို ပြင်ဆင်လိုက်သည်။ သကြား၊ နွားနို့နှင့် ကြက်ဥအနှစ်ရည်တို့ကို ရောမွှေလိုက်ပြီး ပိတ်ပါးစဖြင့် နှစ်ကြိမ်စစ်လိုက်သည်။ သို့မှသာ အပေါ်ယံ အမြှုပ်များနှင့် သမအောင် မမွှေမိသည့် အနည်အဖတ်များ ဖယ်ရှားနိုင်ပြီး ပိုမိုညက်ညောကာ စားလိုက်သည့်အခါ နူးညံ့အိစက်သည့် အရသာကို ရရှိမည် ဖြစ်သည်။
ပထမတစ်ကြိမ် ဖုတ်ထားသည့် ကြက်ဥတာ့မုန့်ခွံများ၏ နှုတ်ခမ်းသားများ အနည်းငယ် ရွှေညိုရောင်သမ်းလာလျှင် အပြင်သို့ ထုတ်ယူနိုင်ပြီ ဖြစ်သည်။ ရှန်မြောင် အသုံးပြုနေသည့် မြေမီးဖိုတွင် အပူချိန်တိုင်းသည့် ကိရိယာမရှိဘဲ အတွေ့အကြုံကိုသာ အားကိုးနေရသဖြင့် မုန့်ခွံကို အရင်သီးသန့်ဖုတ်ရခြင်း ဖြစ်သည်။ ကြက်ဥတာ့မုန့်ခွံကို နှစ်ကြိမ်ခွဲဖုတ်ခြင်းဖြင့် အလွှာသား၏ ကြွပ်ရွမှုကို ပိုမိုကောင်းမွန်အောင် ထိန်းချုပ်နိုင်သလို ကြက်ဥရည် လောင်းထည့်သည့်အခါတွင်လည်း အောက်ခြေကို စိုရွှဲမသွားစေပေ။
ကြက်ဥရည် လောင်းထည့်သည့်အခါတွင်လည်း လောဘကြီးပြီး အပြည့်မထည့်မိစေရန် သတိထားရမည်။ မဟုတ်လျှင် ထပ်ဖုတ်သည့်အခါ လျှံကျလာလိမ့်မည်။
ရှန်မြောင်သည် ဒီနေ့တွင် ထောပတ်နှင့် ခရင်မ် လုပ်ရန် အချိန်မမီတော့သဖြင့် ဒါသည် တရုတ်ရိုးရာ အလွှာမုန့်ပုံစံ နွားနို့စစ်စစ် ကြက်ဥတာ့ ဖြစ်လေသည်။ နွားနို့စစ်စစ်တွင် ရေဓာတ်များသဖြင့် ဖုတ်သည့်အခါ ဂျုံမှုန့်နှင့် ကြက်ဥ အချိုးအစားကို အထူးဂရုပြုရမည် ဖြစ်ပြီး ကြက်ဥရည်ကိုလည်း အလွန်အကျွံ မမွှေမိစေရန် သတိထားရမည်။ အချိန်ကို သေချာတွက်ချက်ပြီး ကြက်ဥတာ့မျက်နှာပြင်တွင် ရွှေဝါရောင် အစက်အပြောက်များ စတင်ပေါ်လာပြီး ခဏအကြာတွင် စားသုံးနိုင်ပြီ ဖြစ်သည်။ သို့မဟုတ်ပါက မုန့်သားပြိုကျကာ ချိုင့်ဝင်သွားတတ်သည်။
ကြက်ဥတာ့သည် တကယ်ပင် မွှေးကြိုင်လှသည်။ မြေမီးဖိုထဲတွင် ဖုတ်နေစဉ်မှာပင် မီးကျွမ်းနံ့သင်းသင်းလေးနှင့် နို့နံ့ချိုချိုလေးက ခြံဝင်းတစ်ခုလုံး ပျံ့နှံ့နေလေပြီ။ ဤခေတ်ကာလတွင် သာမန်ပြည်သူများ၏ ကလေးများသည် ငယ်စဉ်ကတည်းက နို့ထွက်ပစ္စည်း စားသုံးရခဲလှသည်။ ကျိအာနှင့် ရှန်းအာတို့သည် တစ်နှစ်သားအရွယ် နို့ဖြတ်ပြီးကတည်းက နို့အရသာကို မမြည်းစမ်းဖူးကြတော့ဟု ထင်ရသည်။ ယခုအချိန်တွင် အနံ့မွှေးမွှေးလေး ထွက်လာသည်နှင့် ရှန်းအာသည် ကစားရန် စိတ်မပါတော့ဘဲ ခုံပုလေးတစ်လုံး ယူကာ မြေမီးဖိုဘေးတွင် အာရုံစိုက်ပြီး ထိုင်စောင့်နေတော့သည်။
ယန့်ရှူးသည်လည်း ထိုနည်းလည်းကောင်းပင်။ နွားနို့သည် တန်ဖိုးကြီးသည့် ပစ္စည်းဖြစ်ရာ ရှဲ့မိသားစုတွင် နွားနှင့်သိုး အများအပြား မွေးမြူထားသော်လည်း သူကဲ့သို့ အစေခံတစ်ယောက်အနေဖြင့် စားသုံးခွင့် မရှိပေ။ ယခုကဲ့သို့ ကြက်ဥနှင့်နို့ ရောစပ်ပြီး အချိန်ကုန်ခံကာ ဖုတ်ထားသည့် ထူးဆန်းသည့်မုန့်ဆိုလျှင် ဆိုဖွယ်ရာပင် မရှိတော့။
ပြန့်ကျင်းမြို့တော် တစ်ခုလုံးတွင် မည်သူမျှ မစားဖူးသေးဟုပင် ထင်ရသည်။
ထောပတ်ထည့်ထားသည့် ပရစ်မုန့်သည် အစားကောင်းဆုံး မုန့်တစ်မျိုးဟု ထင်မှတ်ထားခဲ့သော်လည်း ရှန်ညန်ဇီက လုပ်နည်းအသစ်များ ထပ်မံတီထွင်လိုက်ပြန်သည်ဟု ယန့်ရှူး တွေးလိုက်မိသည်။ ယန့်ရှူးသည် မွှေးကြိုင်သည့် အနံ့ကို ရှူရှိုက်ရင်း မြေမီးဖိုကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေလေတော့သည်။
ရှန်မြောင်သည် မနက်ပိုင်းတစ်ပိုင်းလုံး အချိန်ကုန်ခံပြီး လုပ်ခဲ့သော်လည်း ပျက်စီးသွားသည်များလည်း ရှိလေသည်။ နောက်ဆုံးတွင် ပြီးပြည့်စုံသည့် "ကြက်ဥခရစ်တာ့" သုံးဗန်း ရရှိခဲ့သည်။ ပုံပန်းသဏ္ဌာန်မှာ ခေတ်သစ်နှင့် မတူသော်လည်း အရသာမှာတော့ အတူတူပင် ဖြစ်သည်။ ပြုတ်ထားသည့် သကြားနီ၊ ပဲနီ၊ နို့လက်ဖက်ရည်နှင့် တွဲဖက်စားသုံးရန် အလွန်လိုက်ဖက်လှသည်။
တစ်ယောက်ကို နှစ်ခုစီ ဝေငှလိုက်ရာ ခဏချင်းပင် ကုန်စင်သွားတော့သည်။
ထန်အာနှင့် ဖူရှင်းတို့သည် မီးဖိုချောင်တံခါးဝတွင် ရပ်ရင်း စားနေကြသည်။ သိချင်စိတ်ဖြင့် အရင်ဆုံး အနံ့ခံကြည့်ပြီးမှ မုန့်အနားသားကို ဂရုတစိုက် ကိုက်စားကြသည်။ အားထောင်သည် ကွေ့ဟွားပင်အောက်တွင် ထိုင်စားနေပြီး ပူလွန်းသဖြင့် လက်ကာပြနေသော်လည်း တစ်လုပ်မျှ ထွေးမထုတ်ရက်နိုင်အောင် ဖြစ်နေသည်။
ရှန်မြောင်က ရှဲ့ချီကို တစ်ခုကမ်းပေးလိုက်ပြီး သူတို့နှစ်ယောက်သည် ဝရန်တာအောက်တွင် ထိုင်ကာ ကလေးများ စားနေသည်ကို ကြည့်နေလိုက်ကြသည်။
အထူးသဖြင့် ရှန်းအာနှင့် ယန့်ရှူးတို့ စားနေသည်ကို ကြည့်ရသည်မှာ သဘောကျစရာ ကောင်းလှသည်။ ဖိုင့်ဖိုင့်တုတ်တုတ် ကလေးနှစ်ယောက်သည် ခေါင်းပင်မမော့ဘဲ စားနေကြရာ သူတို့စားနေပုံကို ကြည့်ရုံဖြင့် လက်ထဲက မုန့်သည် သေချာပေါက် အရသာရှိမည်ဟု ခံစားမိစေသည်။
မီးဖိုထဲက ထွက်ခါစ ကြက်ဥတာ့သည် ချက်ချင်း စား၍မရပေ။ အနံ့က မွှေးကြိုင်နေပြီး အလွှာလိုက် ဖြစ်နေသည့် မုန့်ခွံက ထူထဲကာ တုန်တုန်ယင်ယင်ဖြစ်နေသည့် ကြက်ဥတာ့အနှစ်ကို ပင့်မထားသော်လည်း ကိုက်လိုက်လျှင် လျှာပူသွားတတ်သဖြင့် စိတ်ရှည်လက်ရှည် ခဏစောင့်ရပေမည်။
ရှန်းအာကဲ့သို့ စိတ်မြန်သည့် ကလေးမှာ ရှန်မြောင် သတိမပေးလိုက်ရခင်မှာပင် အပူလောင်သွားသော်လည်း စိတ်မဆိုးဘဲ ပါးကို ဖောင်းကာ အားကုန် မှုတ်နေတော့သည်။
ယန့်ရှူးသည် ရှန်းအာ အပူလောင်သွားသည်ကို မြင်လိုက်ရသဖြင့် မစားရဲသေးဘဲ လျှာထုတ်ကာ အပူချိန်ကို စမ်းကြည့်လိုက်သည်။ သိပ်မကြာခင်မှာပင် ရှန်းအာကဲ့သို့ပင် ပါးဖောင်းဖောင်းလေးဖြင့် အားကုန် မှုတ်နေတော့သည်။
ဖားလေးနှစ်ကောင်နှင့် တူနေတော့သည်။
ခဏလောက် စောင့်ပြီးနောက် ကလေးနှစ်ယောက်သည် အာသာပြေစေရန် နို့လက်ဖက်ရည် တစ်ဝက်ခန့် သောက်လိုက်ကြသည်။ နို့လက်ဖက်ရည်သည်လည်း ချိုမြိန်ပြီး သောက်ကောင်းလှရာ ရှန်းအာနှင့် ယန့်ရှူး၏ နှုတ်ခမ်းတစ်ဝိုက်တွင် နို့များ ပေကျံနေပြီး လျှာဖြင့် လိုက်သပ်နေကြသည်။
နောက်ဆုံးတော့ ကြက်ဥတာ့ အပြင်ဘက်မှ မုန့်ခွံ အေးသွားပြီ ဖြစ်သဖြင့် အတွင်းပိုင်း အပူချိန်မှာလည်း စားရန် အနေတော် ဖြစ်သွားပြီ။
ဒီလိုဆိုလျှင် စားလို့ ရပြီ။
ပူပူနွေးနွေး ချိုချိုလေးနှင့် အတွင်းပိုင်းမှ ကြက်ဥနို့အနှစ်မှာ အလွန်နူးညံ့ကာ ချောမွတ်နေသည်။ အပြင်ဘက်မှ အလွှာလိုက် မုန့်သားကို ကိုက်လိုက်သည်နှင့် အစအနများ တဖွဲဖွဲ ကျဆင်းလာသည်။ ရှန်းအာသည် စိတ်မရှည်နိုင်တော့ဘဲ အင်္ကျီပေါ် ကျလာသည့် မုန့်စများကို ကောက်ယူကာ ပါးစပ်ထဲ အတင်းထည့်နေသော်လည်း ပါးစပ်ထဲ မရောက်ခင် လက်ထဲတွင်ပင် မုန့်သားများက ပိုကြေမွသွားတော့သည်။
"အများကြီး ပြုတ်ကျကုန်ပြီ၊ မစားလိုက်ရဘူး" ရှန်းအာက နှမြောတသစွာဖြင့် လက်ဖြင့် ခံနေလေသည်။
"ငါ့ကို စောင့်၊ ငါ ပန်းကန်သွားယူလိုက်မယ်"
ယန့်ရှူးက ဖြတ်ထိုးဉာဏ်ကောင်းစွာဖြင့် မီးဖိုချောင်ထဲ ဝင်ပြေးသွားပြီး ပန်းကန်နှစ်ချပ် ယူလာခဲ့သည်။ နှစ်ယောက်သား ပန်းကန်ပြားဖြင့် ခံစားကြရာ မုန့်စများမှာ ပန်းကန်ထဲသို့ ဘေးကင်းစွာ ကျရောက်သွားပြီး လက်ထဲက မုန့်ကုန်သွားလျှင် မုန့်စများကိုပါ ဆက်လက် စားသုံးနိုင်တော့မည်။
ချန်ချွမ်းကတော့ ကြက်ဥတာ့ကို ရန်သူတော်ကြီးနှင့် ရင်ဆိုင်ရသကဲ့သို့ အလွန် သတိထားပြီး စားလေသည်။ အရင်ဆုံး ကြက်ဥတာ့မုန့်ခွံကို ပါးစပ်ဖြင့် ကိုက်ထားပြီး အပြတ်မကိုက်လိုက်ဘဲ ကြက်ဥတာ့ သတိမထားမိခင် ခိုးစားလိုက်သည့်ပုံစံဖြင့် အတွင်းမှ အနှစ်ကို တစ်ချက်တည်း စုပ်ယူလိုက်သည်။ ဤသို့ဖြင့် မုန့်ခွံရော ကြက်ဥနို့ရည်ပါ တစ်စက်မှ မဖိတ်စင်ဘဲ ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်။
နောက်တစ်ကိုက်တွင်လည်း ထိုနည်းအတိုင်းပင်။
ကျိကောအာကတော့ ပိုပြီး ဣန္ဒြေရသည်။ သူသည် စာသင်ကျောင်းတွင် တစ်ကိုယ်တည်း နေထိုင်ဖူးပြီးနောက် စိတ်နေသဘောထား ပိုမိုတည်ငြိမ်ရင့်ကျက်လာကာ ဤအရွယ် ကလေးကြီးများတွင် ရှိတတ်သည့် ရှက်ရွံ့တတ်မှုလည်း ရှိလာသည်။ သူသည် အခန်းထဲတွင် တစ်ယောက်တည်း ပုန်းစားနေပြီး အင်္ကျီပေါ်တွင် မုန့်စများ ပေကျံနေသည့် သူ့ပုံစံကို သူများ မမြင်စေချင်ပုံရသည်။
ဝက်ဆီဖြင့် ပြုလုပ်ထားသည့် တရုတ်ရိုးရာ အလွှာမုန့်သည် ပူပူနွေးနွေးရှိစဉ် ချက်ချင်းစားမှသာ ကောင်းမွန်သည်။ မဟုတ်လျှင် အေးသွားသည့်အခါ ဝက်ဆီနံ့ ထွက်လာပြီး အီသွားတတ်သည်။
ရှန်မြောင်u တစ်ခုစားပြီးသွားသည့်အခါ နို့လက်ဖက်ရည် သောက်ရင်း 'အချိန်ရရင် ထောပတ် နည်းနည်းလောက် လုပ်ဦးမှပဲ' ဟု တွေးလိုက်မိသည်။
ဒီရာသီဥတုက ထောပတ်ခဲ လုပ်ဖို့ အကောင်းဆုံး အချိန်ပဲ။ စားခါနီးမှ လှီးစားလို့ ရတယ်။
ဒီလိုဆိုရင် ပူပူနွေးနွေး၊ ကြွပ်ရွပြီး ပွနေတဲ့ နာနတ်သီးပေါင်မုန့် တစ်ဗန်းလောက် ဖုတ်၊ ပြီးရင် အလယ်ကနေ တစ်ဝက်ခွဲ၊ ဒါပေမဲ့ အပြတ်မခွဲဘဲ ဟနေတဲ့ကြားထဲမှာ အေးစက်နေတဲ့ ထောပတ်ငန် အချပ်လိုက်လေး ညှပ်ပြီး ထောပတ် အရည်မပျော်ခင် တစ်ကိုက်တည်း ကိုက်စားလိုက်ရင် အရမ်း စားကောင်းမှာပဲ။
ဒါက ကွမ်တုန်းရိုးရာ လက်ဖက်ရည်ဆိုင်များ၏ စားနည်းဖြစ်ပြီး ရှန်မြောင် အရင်ဘဝတုန်းက မနက်စာ စားတိုင်း ထောပတ် နာနတ်သီးပေါင်မုန့်ကို မဖြစ်မနေ မှာစားလေ့ရှိသည်။
"ကြက်ဥတာ့" နှင့် ပတ်သက်ပြီး ရှဲ့ချီသည် ဤကဲ့သို့ စားပုံမျိုး တစ်ခါမှ မစားဖူးသဖြင့် အလွန် ဆန်းသစ်နေလေသည်။
ဇွန်းပါးပါးလေးဖြင့် ခွက်နှင့် မုန့်ခွံကြား ညင်သာစွာ ထိုးထည့်လိုက်လျှင် ခွက်အနားသားထက် မြင့်တက်နေသည့် မုန့်ခွံကို ကိုင်ကာ ကြက်ဥတာ့ကို ပုံစံမပျက်ဘဲ ခွက်ထဲမှ ထုတ်ယူနိုင်လေသည်။
အလွှာလိုက်ဖြစ်နေသည့် မုန့်ခွံပါးပါးလေးများ ထုပ်ပိုးထားသည့် ကြက်ဥနို့အနှစ်တုံးမှာ လက်ပေါ်တွင် တင်ထားရုံဖြင့် တုန်ခါနေပြီး မျက်နှာပြင်ပေါ်တွင် ညိုရောင်သမ်းနေသည့် သကြားခဲအလွှာလေး ရှိနေသည်။
ရှဲ့ချီသည် နွားနို့သောက်လျှင် ဝမ်းပျက်တတ်သဖြင့် နွားနို့ သိပ်မစားပေ။
နို့လက်ဖက်ရည်ကို သူ အားနာပါးနာ ငြင်းဆန်လိုက်သော်လည်း ဤ ကြက်ဥနို့အလွှာမုန့်၏ မွှေးကြိုင်မှုကြောင့် ဘာကိုမှ ဂရုမစိုက်နိုင်တော့ပေ။
မွှေးကြိုင်လွန်းသဖြင့် မစားဘဲ မနေနိုင်အောင် ဖြစ်နေရသည်။
သူသည် "ဝမ်းပျက်ရင်လည်း ပျက်ပါစေတော့" ဟူသည့် စွန့်လွှတ်အနစ်နာခံ စိတ်ဓာတ်ဖြင့် နှစ်ကိုက် သုံးကိုက်နှင့် စားလိုက်လေသည်။ အပြင်ခွံက ကြွပ်ရွလွန်းသဖြင့် သွားနှင့် ထိလိုက်ရုံဖြင့် ကြေမွသွားပြီးနောက် ကြက်ဥပေါင်းကဲ့သို့ နူးညံ့သည့် ကြက်ဥနို့အနှစ်ရည်များ လျှာပေါ်တွင် အရည်ပျော်ကျသွားသည်။
စားလို့ ကောင်းလွန်းလိုက်တာ။
ရှဲ့ချီသည် လက်ထဲက "ကြက်ဥတာ့" ကို အံ့ဩတကြီး ကြည့်လိုက်ပြီးနောက် မယုံကြည်နိုင်စွာဖြင့် ရှန်မြောင်ကို မော့ကြည့်လိုက်သည်။ ချိုမြိန်ပြီး နို့နံ့သင်းကာ မွှေးကြိုင်သည့် အရသာကြောင့် စကားပင် မပြောနိုင်တော့ပေ။
ရှန်မြောင်လည်း စားနေရင်း နောက်တစ်ခါကျရင် ဘယ်လို ပြုပြင်မွမ်းမံရမလဲဟု စဉ်းစားနေစဉ် ရှဲ့ချီ၏ တုန်လှုပ်နေသည့် မျက်ဝန်းများကို မြင်လိုက်ရသည်။ သူမက ပါးစပ်ဘေးမှ မုန့်စများကို သုတ်ရင်း "ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။
"ဘာမှ မဖြစ်ပါဘူး၊ အရမ်း စားကောင်းလို့ပါ"
ရှဲ့ချီက ခေါင်းခါရင်း လက်ထဲက ကျန်နေသည့် နောက်ဆုံးတစ်ဝက်ကို ကိုက်စားလိုက်သည်။ ဒုတိယတစ်ခုက အနည်းငယ် အေးနေပြီ ဖြစ်သော်လည်း အတွင်းပိုင်းမှ ကြက်ဥနို့အနှစ်မှာ နို့ပူတင်းကဲ့သို့ ခဲသွားသဖြင့် စားကောင်းလွန်း၍ မျက်ခုံးများပင် ပွင့်လန်းသွားလေသည်။
စောစောက သူ တွေးမိသည်မှာ ရှန်ညန်ဇီသည် မီးဖိုချောင်စောင့် နတ်ဘုရားများ ဝင်စားလေသလား ဟူ၍ပင်။
သူမသည် စိတ်ညစ်စရာများကို မေ့ပျောက်စေပြီး ပျော်ရွှင်မှုကို ခံစားရစေသည့် လှပပြီး အရသာရှိသော အစားအစာများကို မည်သို့များ ဖန်တီးနိုင်ရသနည်း။ ရှဲ့ချီသည် စားပြီးသည့်တိုင်အောင် ထိုမေးခွန်းကို စဉ်းစားနေမိသည်။
ယန့်ရှူးကတော့ ကြက်ဥတာ့ တစ်ခုစားပြီးနောက် လက်ထဲတွင် ကျန်နေသည့် နောက်ဆုံးတစ်ခုကို မစားရက်တော့ပေ။ ပထမတစ်ခုကို ပါးစပ်အပြည့် ကိုက်စားလိုက်သော်လည်း ဒုတိယတစ်ခုကိုတော့ ကြက်ဥတာ့တစ်ခုကို တစ်ရက်လုံး စားမကုန်သကဲ့သို့ ဖြည်းဖြည်းချင်း ဝါးစားနေလေသည်။
သို့သော် ကြက်ဥတာ့မှာ အကန့်အသတ်ရှိရာ စားပြီးသွားသည့်အခါ ပန်းကန်ထဲက မုန့်စများကိုပါ ပါးစပ်ထဲ လောင်းထည့်လိုက်လေသည်။
ထို့နောက် မြည်းခြံဘက်သို့ တိတ်တဆိတ် ထွက်လာခဲ့သည်။ မြည်းခြံကျဉ်းကျဉ်းလေးထဲတွင် မြည်းတစ်ကောင်၊ မြင်းတစ်ကောင်နှင့် နွားနှစ်ကောင် (တစ်ခုက နွားပေါက်လေး ဖြစ်သော်လည်း) စုပြုံနေသဖြင့် မြင်းမှာ အလွန် စိတ်မရှည် ဖြစ်နေသည်။
ကျိုးတာ့က မြင်းကို သနားသဖြင့် အပြင်သို့ ဆွဲထုတ်လာကာ လမ်းမပေါ်တွင် ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်ရန် ပြင်ဆင်နေသည်။ မြင်းဆိုသည်မှာ လှောင်ပိတ်ထား၍ မရသော တိရစ္ဆာန်ဖြစ်သဖြင့် ဒီနေ့ မြို့စွန်သို့ မြင်းစီးထွက်ပြီးလျှင် ဤ " Rolls-Royce မြင်း"ကို ကျိုးတာ့က ချန်ကျိုးသို့ ပြန်ယူသွားမည်ဖြစ်ပြီး တခြားမြည်းတစ်ကောင်နှင့် လဲလှယ်ပေးခဲ့မည် ဖြစ်သည်။
ဒီတစ်ခေါက် ပစ္စည်းများ အများကြီး သယ်လာရပြီး ကျိုကောကလည်း အိမ်ပြန်ချင်စိတ် စောနေသောကြောင့်သာ ဤမြင်းကို အသုံးပြုခဲ့ရခြင်း ဖြစ်သည်။ ရှဲ့မိသားစု မွေးမြူထားသည့် မြင်းအများအပြားထဲတွင် ဤမြင်းတစ်ကောင်တည်းသာ "တာဝေးပြေးမြင်း" ဟု ခေါ်ဆိုနိုင်ပြီး အပြေးအမြန်ဆုံး ဖြစ်လေသည်။
ယန့်ရှူးသည် မြည်းခြံထဲ ဝင်သွားပြီး မြက်များကို မနားတမ်း စားနေသည့် "ရှန် ရှစ်ယီးလန်" (မြည်း) ကို ကျော်လွန်ကာ "ရှန် ရှစ်အာ့ညန်" ဟု ခေါ်သည့် နွားမကြီးဘေးတွင် ထိုင်ချလိုက်သည်။ သူသည် နွားနားရွက်နား ကပ်ကာ တိုးတိုးလေး အသနားခံလိုက်သည်။
"ခဏနေ မြို့ပြင်ရောက်ရင် ငါ သေချာ ဂရုစိုက်ပြီး နင် စားဖို့ အရည်ရွှမ်းပြီး လတ်ဆတ်တဲ့ တောဟင်းရွက်တွေ တူးပေးမယ်နော်၊ နင် မြေကပ်ပင် ကြိုက်လား၊ ကျိချိုင်ပင် ကြိုက်လား၊ အကုန်ကြိုက်တယ်ဆိုရင်လည်း ရတယ်၊ နင် ငါပေးတဲ့ ဟင်းရွက်တွေ စားပြီးရင် နို့များများ ထွက်ပေးရမယ်နော်"
"နင့်ရဲ့ နို့ရည်နဲ့ လုပ်ထားတဲ့ အလွှာမုန့်က ဒီလောက် စားကောင်းမှန်း အခုမှ သိတော့တယ်" ယန့်ရှူးက နွားမကြီးနှင့် ကိုယ့်ဘာသာ သဘောတူညီချက် ရယူပြီးနောက် နွားခေါင်းကို ဖက်ကာ စောစောက အရသာကို ပြန်ပြောင်းတွေးနေမိသည်။ လျှာဖြင့် နှုတ်ခမ်းကို သပ်ရင်း "ကျိုကောကို နွားများများ သယ်လာဖို့ ပြောခဲ့မိရင် ကောင်းသား..." ဟု တီးတိုး ရေရွတ်လိုက်သည်။
ပရစ်မုန့်ကတော့ နောက်ဆုံးတွင် ရှုံးနိမ့်သွားချေပြီ။ ယန့်ရှူးသည် ပရစ်မုန့်ကို သူ့ရင်ထဲက အစားကောင်းဆုံး စာရင်းမှ ဖယ်ရှားလိုက်ပြီး ကြက်ဥနို့အလွှာမုန့်ကို ဒီလောကကြီးတွင် သူစားဖူးသမျှ အစားကောင်းဆုံး မုန့်အဖြစ် လေးလေးနက်နက် သတ်မှတ်လိုက်လေသည်။
ပြိုင်ဘက်ကင်းပဲ။ ယန့်ရှူးက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
ရှန်မြောင်သည် ကြက်ဥတာ့ ဖုတ်ပြီးနောက် ကြက်ကင်နှစ်ကောင် ထပ်ကင်လိုက်သည်။ ထို့နောက် သစ်တော်သီးခဲ၊ သကြားဖြူးထားသည့် တည်သီးခြောက်၊ စွန်ပလွံသီး၊ မက်မွန်သီးခြောက် စသည့် သရေစာများကို ရှာဖွေထုတ်ယူလိုက်ပြီးနောက် မြို့ပြင်ထွက်ကာ မြင်းစီးရန် ပြင်ဆင်ကြတော့သည်။
ရှန်မြောင်က အားထောင်၊ ထန်အာနှင့် ဖူရှင်းတို့ကို လိုက်မလားဟု မေးလိုက်သည်။ အားထောင်က ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး သူတို့နှစ်ယောက်လုံးကို နောက်တွင် ကာထားလိုက်ကာ ပြတ်ပြတ်သားသား ပြောလိုက်သည်။ "မလိုက်တော့ပါဘူး၊ ညန်ဇီနဲ့ ကျိုကောပဲ ကလေးတွေကို ခေါ်သွားလိုက်ပါ"
"ထန်အာနဲ့ ဖူရှင်းလည်း မလိုက်ဘူးလား" ရှန်မြောင်က ခေါင်းပြူပြီး ထပ်မေးလိုက်သည်။
ထန်အာနှင့် ဖူရှင်းတို့ ပါးစပ်ဟလိုက်ရုံရှိသေးသည်၊ အားထောင်က တံတောင်နှင့် ဘယ်ပြန်ညာပြန် တွန်းလိုက်သဖြင့် ပြိုင်တူ ခေါင်းခါ ငြင်းလိုက်ကြသည်။ "မလိုက်တော့ပါဘူး၊ မလိုက်တော့ပါဘူး"
ဖူရှင်းက ဘဲကင်ကင်မည်ဟု ဆိုပြီး ထန်အာက သိုးရေခွံကို လျှော်ဖွပ်ကာ အမွှေးညှပ်ပြီး မြောက်ပိုင်းဒေသတွင် အတွေ့ရများသည့် သိုးမွှေး ဦးထုပ်လုပ်ရန် ချည်ငင်မည်ဟု ဆိုလေသည်။
နှစ်ယောက်စလုံး၏ အကြောင်းပြချက်များက ခိုင်လုံနေသဖြင့် ရှန်မြောင် အတင်း မခေါ်တော့ပေ။ ဒါပေမဲ့... အားထောင် ရယ်နေပုံက တစ်မျိုးကြီးပင်။
သူမသည် ရှန်မြောင်ကို ပြုံးဖြဲဖြဲ ကြည့်လိုက်၊ ရှဲ့ချီကို ကြည့်လိုက်နှင့် ထိုအပြုံးက ထူးထူးဆန်းဆန်း ကြင်နာလွန်းနေသည်။
ကျိုးတာ့လည်း မြင်းစီးထွက်ရာမှ ပြန်ရောက်လာပြီ။
မနေ့က သူတို့ လှည်းမောင်းလာတုန်းက လှည်းသုံးစီးဖြစ်သဖြင့် စုစုပေါင်း မြင်းလေးကောင် ရှိသည်။ အကယ်၍ အားထောင်တို့သာ လိုက်မည်ဆိုပါက လှည်းနှစ်စီး ပြင်ဆင်ပြီး ထွက်ရမည် ဖြစ်သည်။ သို့သော် ယခု သူတို့ ကျန်နေခဲ့မည်ဆိုလျှင် မြင်းအကောင်ရေ လုံလောက်သွားခဲ့သည်။
" Rolls-Royceမြင်း" မှလွဲ၍ ကျန်သည့် သုံးကောင်မှာ လှည်းဆွဲသည့် မြင်းပုများ ဖြစ်ကြသည်။ ကိုယ်ထည် သေးငယ်သော်လည်း စိတ်သဘောထား ကောင်းမွန်ပြီး လမ်းလျှောက်ရာတွင် ငြိမ်သက်သည်။ ကျိုးတာ့က သားဖြစ်သူ ကျိုးချူးယိကို မြင်းဆွဲကူရန် ခေါ်လိုက်ပြီး ရှန်းအာနှင့် ချန်ချွမ်းကို မြင်းတစ်ကောင်၊ ကျိကောအာနှင့် ယန့်ရှူးကို မြင်းတစ်ကောင် တင်ပေးလိုက်သည်။
ရှန်မြောင်က ကျန်နေသည့် ပုပုလုံးလုံး ချစ်စရာ မြင်းပုလေးကို စီးရမည်ဟု ကိုယ့်ဘာသာ မှတ်ယူထားလိုက်သည်။
သို့သော် ကျိုကောက လေးလေးနက်နက်ဖြင့် ပြောလာသည်။ "ရှန်ညန်ဇီက အရင်တုန်းက မြင်းမစီးဖူးတော့ မြင်းအကြောင်း နားလည်ပြီး ဆွဲပေးမယ့်သူလည်း မရှိဘူးလေ၊ ရှန်ညန်ဇီက ဟုန်ကျိ (မြင်းနီ) ကို စီးလိုက်ပါလား၊ ကျွန်တော် ဆွဲပေးပါ့မယ်"
ထိုစကားကြောင့် ရှန်မြောင် ဘာမှ မပြောရသေးခင်မှာပင် အားထောင်က ရုတ်တရက် ဝင်ပြောလေသည်။ "ညန်ဇီက ဘဲမွေးတဲ့ လယ်ကွင်းကို သွားကြည့်ချင်တယ် ဆို၊ ဒီလိုမျိုး ဖြည်းဖြည်းချင်း သွားနေရင် မိုးချုပ်တဲ့အထိ ပြန်ရောက်မှာ မဟုတ်ဘူး"
သူမက လေးလေးနက်နက် အကြံပေးလေသည်။ "ကျိုကောနဲ့ ညန်ဇီက မြင်းတစ်ကောင်တည်း အတူစီးပြီး လယ်ကွင်းကို အရင်သွားကြည့်လိုက်ပါလား၊ ရှန်းအာနဲ့ ကျိကောအာတို့က နောက်ကနေ ဖြည်းဖြည်း လိုက်လာလိမ့်မယ်၊ ဒါဆို အချိန်မီမှာပါ"
ရှဲ့ချီက အစပိုင်းတွင် ကြောင်အသွားပြီးနောက် ချက်ချင်း သဘောပေါက်သွားကာ ချောင်းတစ်ချက်ဟပြီး အားထောင်ကို လက်ယှက်ကာ ကျေးဇူးတင်လိုက်သည်။ "အားထောင် စဉ်းစားတာ ပိုပြီး ပြည့်စုံပါတယ်"
ထို့နောက် မျက်နှာရဲရဲဖြင့် ရှန်မြောင်ဘက် လှည့်ကာ မေးလိုက်သည်။ "အဲ... အဲဒါဆို အချိန်လည်း မစောတော့ဘူး၊ အချိန်မဆွဲဘဲ ကျွန်... ကျွန်တော် ရှန်ညန်ဇီကို မြင်းပေါ်တင်ပေးမယ်နော်"
သူသည် မျက်လွှာချထားပြီး သူမကို မကြည့်ရဲဘဲ နီရဲနေသည့် နားရွက်ဖျားလေးများသာ ပေါ်နေကာ သူမထံသို့ လက်ကမ်းပေးလိုက်လေသည်။
ရှန်မြောင်က အားထောင်ကို မျက်စောင်းထိုးလိုက်သော်လည်း ရှဲ့ချီ၏ လက်ကို မြင်လိုက်ရသောအခါ စိတ်နှလုံးသားက ပျော့ပျောင်းသွားရပြန်သည်။
သူ့လက်များသည် ကြီးမားရှည်လျားပြီး လက်မနှင့် လက်ညှိုးကြားတွင် အသားမာများ ရှိကာ တုတ်ရှည်ကို ကိုင်ပြီး လေတိုးသံထွက်အောင် ရမ်းနိုင်သူတစ်ယောက် ဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူ့လက်ဖဝါးကို ဖြန့်ထားပြီး အနည်းငယ် ကွေးညွှတ်ထားသည့် လက်ချောင်းထိပ်လေးများမှာ စိတ်လှုပ်ရှားလွန်းသဖြင့် မသိမသာ တုန်ယင်နေလေသည်။
ရင်ထဲတွင် တစ်စုံတစ်ခု လှုပ်ခတ်သွားသကဲ့သို့ ရှန်မြောင်တစ်ယောက် ကြောင်အသွားပြီးနောက် နောက်ဆုံးတွင် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်တော့သည်။
သူမ၏လက်ကို သူ၏ နွေးထွေးသည့် လက်ဖဝါးထဲသို့ ခိုင်မြဲစွာ ထည့်လိုက်လေတော့သည်။
...