အခန်း (၁၀၆-၁၀၈)
Vol. 8 Ch. 106-108
အခန်း (၁၀၆) - လေလံပွဲ၏ မှတ်တိုင်များ (အပိုင်း ၁) - ဒီအမှိုက်တုံးက စားလို့ရလို့လား
~ဒုစရိုက်မြို့တော်၏ အလယ်ဗဟိုချက်... ထျန်းပေါင်ကော လေလံရုံကြီး။
ကံဆိုးမိုးမှောင်ကျလှသော အနက်ရောင်ကျားဂိုဏ်းကို ပညာပေးပြီးနောက်... ဂိုဏ်းချုပ် ကျန်းချန်သည် လုယက်ရာ ပစ္စည်းများဖြင့် ဗိုက်ကားနေကြသော တပည့် (၂၀) ကို ဦးဆောင်ကာ မြို့တော်အတွင်း အခမ်းနားဆုံး အဆောက်အအုံဆီသို့ ချီတက်လာခဲ့သည်။
၎င်းမှာ (၅) ထပ်မြင့်သော ဧရာမ မျှော်စင်ကြီး တစ်ခု ဖြစ်၏။ ရွှေအိုရောင် ဝိညာဉ်ဓာတ်များဖြင့် တည်ဆောက်ထားသဖြင့် ညအမှောင်ထုအတွင်း ဆွဲဆောင်မှုရှိသော အလင်းတန်းများကို ထုတ်လွှတ်နေ၏။
အဝင်ဝတွင် ရပ်နေသော အစောင့်များမှာ ယခင်ကကဲ့သို့ လူငပိန်များ မဟုတ်တော့ဘဲ... အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့် အစောပိုင်းရှိ ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့၏ အသက်ရှူသံမှာ နက်ရှိုင်းပြီး အကြည့်များမှာ စူးရှလွန်းလှသည်။
“ဝင်ကြေးက တစ်ယောက်ကို ဝိညာဉ်ကျောက်တုံး ငါးဆယ်စီ ပေးရမယ်” အစောင့်က အေးစက်စက် လေသံဖြင့် လူအုပ်ကို တားဆီးလိုက်၏။
ငါးဆယ် ဟုတ်လား။ ဒါ ဓားပြတိုက်တာပဲ။
ဒီဖရဲသီး မှည့်ပြီလား (ဝမ်သဲ့ဖာ) တစ်ယောက် အကျင့်အတိုင်း ပေါက်ကွဲတော့မည့်ဆဲဆဲမှာပင်... ကျန်းချန်က သူ့အား အကြည့်တစ်ချက်ဖြင့် တားဆီးလိုက်သည်။
တဆက်တည်း၌၊ ကျန်းချန်သည် စောစောက "ဓားပြကို ပြန်တိုက်ခြင်း" မှ ရရှိထားသော အိတ်ထဲမှ ဝိညာဉ်ကျောက်တုံးအချို့ကို ပေါ့ပါးစွာ ထုတ်ယူကာ ပစ်ပေးလိုက်၏။
“အထဲဝင်ကြစို့။ မှတ်ထားရမှာက... စကားနည်းနည်းပြောပြီး အခြေအနေကိုပဲ အကဲခတ်ကြ”
ကျန်းချန်က တပည့်များကို တီးတိုး မှာကြားလိုက်သည်။ သူ ဤလေလံပွဲကို လာရခြင်းမှာ လျှောက်ကြည့်ရန် သက်သက် မဟုတ်ပေ။ စနစ်က ရုတ်တရက် "အချိန်အကန့်အသတ်ရှိ စွန့်စားခန်း တာဝန်" တစ်ခု ပေးအပ်ခဲ့ပြီး... ဤလေလံပွဲ၌ ကွေ့ယွမ်ဂိုဏ်း၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါလှသော "အထူးပစ္စည်း" တစ်ခု ပေါ်လာလိမ့်မည်ဟု အသိပေးထားသောကြောင့် ဖြစ်၏။
အဖွဲ့သားအားလုံးသည် အသံလုံ အခင်းအကျင်းကို ဖြတ်ကျော်ကာ လေလံခန်းမအတွင်းသို့ ဝင်ရောက်လိုက်ကြသည်။
“အိုး... မိုက်လှချေလား...”
လောကကြီးကို နှံ့စပ်လှပြီဟု ကိုယ့်ကိုယ်ကိုယ် ထင်မှတ်ထားကြသော ကစားသမားများသည်ပင် ရှေ့မှ မြင်ကွင်းကြောင့် မှင်သက်သွားကြရ၏။
ဧရာမ စက်ဝိုင်းပုံစံ ခန်းမကြီးအတွင်း လူပေါင်း ထောင်ချီ ဆံ့ပေသည်။ အထက်ရှိ အခင်းအကျင်းဖြင့် ပြုလုပ်ထားသော အမိုးခုံးမှာ ညကောင်းကင်ယံမှ ကြယ်ပွင့်များကို တုပထားသဖြင့် နူးညံ့သော ကြယ်ရောင်များ ဖြာကျနေ၏။ ခန်းမကို ဝန်းရံလျက် အထူးခန်းများမှာ လေထဲတွင် မျောလွင့်နေကြ၏။... တန်ဖိုးကြီး ဝိညာဉ်ပိုးစများဖြင့် ကာရံထားသဖြင့် အထဲမှ အစွမ်းထက် ပုဂ္ဂိုလ်များ၏ ပုံရိပ်များကို ဝေဝါးစွာသာ မြင်တွေ့ရသည်။
လေထုအတွင်း အဆင့်မြင့် ဝိညာဉ်လက်ဖက်ရည်နံ့နှင့် ထူးဆန်းသော ရနံ့များ ပြည့်နှက်နေသဖြင့် လေတစ်ချက် ရှူလိုက်ရုံနှင့်ပင် လန်းဆန်းသွားစေ၏။
“ဒီ ရုပ်လုံးဖော်ထားတာတွေ... ဒီ အလင်းအမှောင်တွေကတော့ ငါ့ရဲ့ ဂရပ်ဖစ်ကတ်ကြီး မီးလောင်တော့မှာပဲ။ ဒါနဲ့ ယှဉ်လိုက်ရင် ငါတို့ ကွေ့ယွမ်ဂိုဏ်းရဲ့ ခန်းမဆောင်ကြီးက အိမ်သာနဲ့ တူနေပြီ” တပည့်တစ်ယောက်က တိုးတိုးလေး ရေရွတ်လိုက်သည်။
“ရှူး... အသံလျှော့စမ်း။ အရှက်မကွဲစေနဲ့”
အဖွဲ့သားများသည် လူသူကင်းဝေးသော ထောင့်တစ်နေရာတွင် ဝင်ထိုင်လိုက်ကြသည်။ ယခုအခါ သူတို့မှာ ပိုက်ဆံအနည်းငယ် ရှိနေပြီ ဖြစ်သော်လည်း... ဤကဲ့သို့သော ငွေကို ရေလို သုံးသည့် နေရာမျိုးတွင်မူ "ဆင်းရဲသား" များသာ ဖြစ်နေကြသေး၏။
မကြာမီမှာပင် ကြည်လင်သော ခေါင်းလောင်းသံ တစ်ချက်နှင့်အတူ ခန်းမအတွင်းရှိ မီးများ အားလုံး ငြိမ်းသွားသည့်အခိုက်၊... အလယ်ရှိ စင်မြင့်ထက်သို့သာ အလင်းတန်းတစ်ခု ကျရောက်လာ၏။
မီးနီရောင် ဝတ်စုံကို ဆင်မြန်းထားပြီး ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ် ကောက်ကြောင်းရှိသည့် အမျိုးသမီး လေလံဆရာမလေး တစ်ဦးသည် စင်ပေါ်သို့ လှပစွာ တက်လှမ်းလာခဲ့သည်။ သူမ၏ ပြုံးယောင်သန်းနေသော မျက်ဝန်းများနှင့် လက်ဟန်ခြေဟန်တိုင်းက ဆွဲဆောင်မှု အပြည့် ရှိနေသဖြင့် ခန်းမတစ်ခုလုံး၏ လေထုကို ချက်ချင်းပင် အရှိန်မြှင့်တင်ပေးလိုက်၏။
“မင်္ဂလာရှိသော ညချမ်းပါ..တာအိုရောင်းရင်းတို့ရှင်။ ကျွန်မကတော့ ဟုန်ယွီ ဖြစ်ပါတယ်။ ဒီညရဲ့ လေလံပွဲကို ကျွန်မကပဲ တာဝန်ယူ တင်ဆက်ပေးသွားမှာပါ...”
လေလံပွဲ တရားဝင် စတင်နေပြီ ဖြစ်၏။
ပထမဆုံး လေလံတင်သည့် ပစ္စည်းမှာ တစ်ကိုယ်လုံး နီရဲနေပြီး ပူပြင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည့် မီးလျှံနီဓား - အဆင့်မြင့် ဝိညာဉ်လက်နက်ပင် ဖြစ်၏။
အဖွင့်ဈေးကတော့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၅၀၀) ဖြစ်သည်။
“ခြောက်ရာ...”
“ရှစ်ရာ...”
“တစ်ထောင်...”
ဈေးနှုန်းမှာ တစ်ဟုန်ထိုး မြင့်တက်သွားပြီး နောက်ဆုံးတွင် ဝိညာဉ်ကျောက်တုံး (၁၅၀၀) ဖြင့် ရောင်းထွက်သွား၏။
ထောင့်က ကစားသမားများမှာမူ ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး... တီးတိုး ဆဲဆို ဝေဖန်ကြတော့သည်။
“တစ်ထောင်နဲ့ ငါးရာ ဟုတ်လား။ ဒီ အမှိုက်တုံးကြီးကိုလေ”
ဝမ်သဲ့ဖာက နှာခေါင်းရှုံ့လိုက်သည်။
“ဒီအကောင်က ရုပ်ထွက်လေး လှတာပဲ ရှိတာ။ လူသတ်ရင်လည်း တစ်ချက်တည်းပဲလေ။ အဲ့ဒီ ပိုက်ဆံနဲ့ဆိုရင် ငါ အဆိပ်အိုးတွေ ဘယ်လောက်တောင် ဝယ်လို့ရမလဲ။ တောင်တစ်ဝက်လောက်ကို မိုင်းခွဲပစ်လို့ ရတယ်”
“ဟုတ်ပ၊ တွက်ခြေ လုံးဝ မကိုက်ဘူး”
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဦးလေးကျန်းကလည်း ဝင်၍ ကဲ့ရဲ့လိုက်၏။
“ဒီပိုက်ဆံနဲ့ဆိုရင် ငါ ဘိလပ်မြေ ဘယ်နှစ်တန်တောင် ဝယ်လို့ရမလဲ။ ဂိုဏ်းအတွက် မြို့ရိုးကြီး တစ်ခုလုံး ဆောက်လို့ ရတယ်ကွ”
နောက်ပိုင်းတွင် လေလံတင်သော ပစ္စည်းများမှာလည်း အလွန်ပင် ဈေးကြီးလှသည်။ နုပျိုဆေးလုံး၊ ပျံသန်းနိုင်သော မှော်လက်နက်နှင့် မိစ္ဆာသားရဲသားပေါက်လေး စသည်တို့ ပါဝင်၏။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် အသည်းအသန် ဈေးပြိုင်ပေးနေကြသော်လည်း... ကစားသမားများကမူ (သူတို့ကိုယ်တိုင် ယူလာသော) နေကြာစေ့များကို ဝါးရင်း... ထို ငွေဖြုန်းနေသူများကို "မင်းတို့က ချမ်းသာပေမဲ့ တုံးလိုက်တာဗျာ" ဟူသော အကြည့်မျိုးဖြင့် ကြည့်နေကြ၏။
သူတို့၏ မျက်လုံးထဲတွင် တိုက်ရိုက် တိုက်ခိုက်ရေးစွမ်းအား တိုးစေမည့်အရာ သို့မဟုတ် အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးတွင် သုံးရမည့်အရာမှလွဲ၍ ကျန်သည့် အလှပြ ပစ္စည်းများမှာ ပိုက်ဆံဖြုန်းခြင်းသာ ဖြစ်ပေသည်။
သို့သော်လည်း...
“နောက်ထပ် လေလံတင်မယ့် ပစ္စည်းလေးကတော့ နည်းနည်း ထူးခြားပါတယ်ရှင်”
စင်ပေါ်မှ လေလံဆရာမလေးက ခပ်ပြုံးပြုံးဖြင့် ဗန်းပေါ်ရှိ အနီရောင် ပိတ်စကို လှန်လိုက်၏။
ဗန်းထဲတွင်မူ လက်သီးဆုပ်ခန့် ရှိပြီး မီးခိုးရောင် သန်းနေသော၊ မျက်နှာပြင်မှာလည်း ကြမ်းတမ်းလှသည့် ကျောက်တုံးစုတ် တစ်တုံး ငြိမ်သက်စွာ ရှိနေပေသည်။ ကြည့်ရသည်မှာ ထူးခြားမှု လုံးဝ မရှိလှပေ။
ခန်းမတစ်ခုလုံးမှ လှောင်ပြောင်သံများ ထွက်ပေါ်လာတော့သည်။
“ဒါ ဘာအမှိုက်လဲ၊ လမ်းဘေးက ကောက်လာတာလား”
“မြန်မြန် ဖယ်လိုက်စမ်းပါ။ ငါတို့က ဇာတ်သိမ်းပိုင်း ရတနာကိုပဲ မြင်ချင်တာ”
ထိုအသံများကြားမှ၊ ဟုန်ယွီသည် စိတ်မဆိုးဘဲ တည်ငြိမ်စွာပင် ရှင်းပြလိုက်၏။
“အားလုံးပဲ စိတ်မလောကြပါနဲ့ရှင်။ ဒီကျောက်တုံးလေးကို တစ်ပိုင်းတစ မြေကြော ဝိညာဉ်အဆီအနှစ် လို့ ခေါ်ပါတယ်။ ဝိညာဉ်စွမ်းအင်တွေ အများကြီး ဆုံးရှုံးနေပြီး အပြင်ပန်း ပျက်စီးနေပေမဲ့... ဒါဟာ တစ်ချိန်က တတိယအဆင့် ဝိညာဉ်ကြောရဲ့ အူတိုင် ဖြစ်ခဲ့တာပါ”
“အကယ်၍ အခင်းအကျင်း ပညာရှင် တစ်ယောက်ယောက်ကသာ ဒါကို အခင်းအကျင်းရဲ့ ဗဟိုချက်အဖြစ် အသုံးပြုမယ်ဆိုရင်... ဝိညာဉ်စုစည်းခြင်း အခင်းအကျင်းရဲ့ အာနိသင်ကို အနည်းငယ် တိုးတက်စေမှာ ဖြစ်သလို၊ ပျက်စီးနေတဲ့ မြေဓာတ်ဆိုင်ရာ မှော်ရတနာတွေကိုလည်း ပြုပြင်နိုင်မှာ ဖြစ်ပါတယ်ရှင်”
အဖွင့်ဈေး - ဝိညာဉ်ကျောက်တုံး (၂၀၀၀)။
ပရိသတ်၏ တုံ့ပြန်မှုမှာ အေးစက်လှပေသည်။
တတိယအဆင့် ဝိညာဉ်ကြော အူတိုင်က တန်ဖိုးရှိသည်မှာ မှန်သော်လည်း... ဤအရာက ရှင်းရှင်းလင်းလင်းကြီး အသုံးမဝင်တော့သည်မှာ သိသာလှသည်။ "အသုံးဝင်ကောင်း ဝင်နိုင်သည်" ဆိုသော အမှိုက်တုံး တစ်တုံးအတွက် ဝိညာဉ်ကျောက်တုံး နှစ်ထောင် အကုန်ခံမည့်သူမှာ မရှိသလောက်ပင် ဖြစ်၏။
သို့သော်လည်း။
ထောင့်တစ်နေရာတွင် ထိုင်နေသော ကျန်းချန်သည် ထိုကျောက်တုံးကို မြင်သည်နှင့် တပြိုင်နက် မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။
သူ့ရှေ့တွင် စနစ်၏ မျက်နှာပြင်က တဖျတ်ဖျတ် လက်လာခဲ့၏။
(တီ..တီ... ဂိုဏ်းချုပ်။ မစ်ရှင်ပစ္စည်းကို တွေ့လိုက်ပါပြီ။)
(ပစ္စည်းအမည် - မြေကြော ဝိညာဉ်အဆီအနှစ် - ပျက်စီးနေတယ် / ပြန်ပြင်လို့ ရပါတယ်။ )
(စနစ်ရဲ့ သုံးသပ်ချက် - ကွေ့ယွမ်ဂိုဏ်းရဲ့ မြေအောက် ဝိညာဉ်ကြောက ခမ်းခြောက်နေတာ။ တောင်ကာကွယ်ရေး မဟာအခင်းအကျင်းကြီးကို ပြန်ပြင်ထားပေမဲ့ စွမ်းအင် အဆက်မပြတ် ရဖို့တော့ လိုနေသေးတယ်။ ဒီပစ္စည်းကို စနစ်ရဲ့ ပြုပြင်ခြင်း စွမ်းအားနဲ့ တွဲသုံးလိုက်ရင်... ကွေ့ယွမ်ဂိုဏ်းရဲ့ ဝိညာဉ်ကြောကို ပြန်လည် ပုံဖော်ပေးနိုင်မှာ ဖြစ်သလို... ဂိုဏ်းရဲ့ ဝိညာဉ်စွမ်းအင် ပြင်းအားကိုလည်း နောက်ထပ် (၅၀၀) ရာခိုင်နှုန်း တိုးစေမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘူး... "ဝိညာဉ်စိုက်ခင်း စိုက်ပျိုးခြင်း" စနစ်ပါ ပွင့်သွားဦးမှာနော်။)
ဒီလိုပေါ့။
ကျန်းချန်၏ နှလုံးသားသည် ပြင်းထန်စွာ ခုန်လှုပ်လာခဲ့၏။
‘ဒါ အမှိုက် မဟုတ်ဘူး။ ဒါ ငါတို့ ကွေ့ယွမ်ဂိုဏ်း ပြန်လည် နိုးထဖို့အတွက် အခြေခံအုတ်မြစ်ပဲ။ ဒါသာ ရှိရင် ငါတို့ ဂိုဏ်းက ဆင်းရဲမွဲတေနေတဲ့ တောင်ကြားရွာလေး ဘဝကနေ... တကယ့် နတ်ဘုရားဘုံ တစ်ခုအဖြစ် ပြောင်းလဲသွားမှာ သေချာတယ်။
ဒီအရာကို သေချာပေါက် ရအောင် ယူရမယ်။’
ကျန်းချန်သည် လေတစ်ချက်ကို အဝရှူလိုက်ပြီး ဈေးခေါ်ရန် လေလံတံဆိပ်ပြားကို မြှောက်ရန် ပြင်လိုက်သည်။
“ဝိညာဉ်ကျောက်တုံး နှစ်ထောင်”
ပျင်းရိပျင်းတွဲနိုင်လှပြီး မောက်မာမှုများ ပြည့်နှက်နေသော အသံတစ်ခုသည် ဒုတိယထပ်ရှိ အထူးခန်း တစ်ခုမှ ထွက်ပေါ်လာ၏။
ကျန်းချန် မျက်မှောင်ကြုတ်ကာ မော့ကြည့်လိုက်၏။
အထူးခန်း၏ လိုက်ကာမှာ တစ်ဝက်ခန့် လိပ်တင်ထားပြီး... တန်ဖိုးကြီး ဝတ်စုံများကို ဆင်မြန်းထားကာ လက်ထဲတွင် လင်းလက်နေသော ပုလဲနှစ်လုံးကို ကစားနေသည့် လူငယ်လေးတစ်ဦးက ဂရုမစိုက်ဟန်ဖြင့် ငုံ့ကြည့်နေ၏။
သူ၏ ဘေးတွင်မူ ဆွဲဆောင်မှုရှိသော အမျိုးသမီး ကျင့်ကြံသူလေး တစ်ဦးက သူ၏ ရင်ခွင်ထဲတွင် မှီတွယ်နေ၏။
“သခင်လေးရယ်... ဘာလို့ ဒီကျောက်တုံးစုတ်ကို ဝယ်တာလဲဟင်။ လှလည်း မလှဘဲနဲ့” အမျိုးသမီးလေးက ချွဲနွဲ့သော အသံဖြင့် မေးလိုက်၏။
“ဟဲဟဲ... ငါ ကြည့်ရသလောက်တော့ ဒီကျောက်တုံးက ပုံစံလေးက ထူးဆန်းတယ်ကွ။ အိမ်ပြန်ရောက်ရင် စားပွဲခြေထောက် ခုဖို့အတွက်တော့ အတော်ပဲ ဖြစ်မှာပါ” သခင်လေးက ကျယ်လောင်စွာ ရယ်လိုက်ရာ ခန်းမတစ်ခုလုံး ဟိန်းသွားတော့သည်။ “ဒီနေ့ ငါ စိတ်ကြည်နေတယ်လေ... အသံလေး ဘာလေး ထွက်အောင် လုပ်ကြည့်တာပါကွာ”
ပရိသတ် တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
စားပွဲခြေထောက် ခုဖို့အတွက် ကျောက်တုံး တစ်တုံးကို ဝိညာဉ်ကျောက်တုံး နှစ်ထောင် အကုန်ခံတယ် ဟုတ်လား။ ဒါကိုပဲ "ပိုက်ဆံရှိရင် ဘာမဆို လုပ်လို့ရတယ်" လို့ ခေါ်တာလား။
ထောင့်က ကစားသမားများလည်း ဒေါသထွက်ကုန်ကြတော့၏။
“သောက်ကျိုးနည်း။ ဒါကတော့ တော်တော် ကြွားတာပဲဟ။ ငါတောင် ကြည့်မနေနိုင်တော့ဘူး” ဝမ်သဲ့ဖာက အံကို ကြိတ်လိုက်သည်။ “ဒီကောင်က ငါ့ထက်တောင် ဟန်ဆောင် ကောင်းနေပါလား။ ဒါ.. ဘယ်က အန်ပီစီလဲ”
“ဒုစရိုက်မြို့တော် မြို့စားမင်းရဲ့ သားဖြစ်သူ 'ကျောက်ထျန်းပါး' တဲ့ဗျ”
ကောင်းကင်ခွင်း ဓားတစ်လက်က ဘေးပတ်ဝန်းကျင်မှ စကားသံများကို နားထောင်ပြီး သတင်းအချက်အလက်ကို ချက်ချင်း စုဆောင်းလိုက်၏။
ထိုအခါ၊
ကျန်းချန်၏ မျက်နှာမှာ အနည်းငယ် ညှိုးမှိန်သွားခဲ့သည်။
ငွေတန်ဖိုး မသိဘဲ ပြဿနာရှာတတ်သည့် ဤကဲ့သို့သော သူဌေးသား အာဏာရှင်များကို သူ အမုန်းဆုံး ဖြစ်ပါသည်။
သို့သော်လည်း... ဤပစ္စည်းကို သူ လက်မလွှတ်နိုင်ပေ။
“ဝိညာဉ်ကျောက်တုံး နှစ်ထောင့် တစ်ရာ” ကျန်းချန်က တံဆိပ်ပြားကို မြှောက်လျက် တည်ငြိမ်စွာ ဆိုလိုက်၏။
ဒုတိယထပ်ရှိ အထူးခန်းမှ ကျောက်ထျန်းပါးသည် ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့သည်။ သူ၏ ဈေးနှုန်းကို လိုက်ခေါ်ရဲသူ ရှိနေသည်ကို အံ့သြသွားပုံရ၏။ သူသည် ထောင့်က ထူးဆန်းသော ဝတ်စုံများ ဝတ်ဆင်ထားသည့် "တောသား" အုပ်စုကို ငုံ့ကြည့်လိုက်ပြီး... နှုတ်ခမ်းထောင့်တွင် မထီမဲ့မြင် ပြုံးလိုက်၏။
“စိတ်ဝင်စားစရာပဲ။ သူတောင်းစား တစ်သိုက်က ငါနဲ့ ဈေးပြိုင်ချင်တာလား”
သူသည် လက်ထဲမှ နေကြာစေ့ခွံများကို ဘေးသို့ ပေါ့ပါးစွာ ပစ်ချလိုက်ပြီး ပျင်းရိစွာဖြင့် အော်လိုက်၏။
“ဝိညာဉ်ကျောက်တုံး သုံးထောင်”
ဈေးနှုန်းကို တစ်ခါတည်း (၉၀၀) တိုးလိုက်ခြင်း ဖြစ်ပေသည်။
ပရိသတ် တစ်ခုလုံး အံ့အားသင့်သွားကြရသည်။ ဒါက ဈေးပြိုင်ခေါ်တာ မဟုတ်တော့ဘဲ... အတိအလင်း အရှက်ခွဲပြီး အာဏာပြလိုက်ခြင်းသာ ဖြစ်တော့သည်။
ကျန်းချန်၏ လက်ချောင်းများမှာ အနည်းငယ် တင်းမာသွားခဲ့၏။ လက်ရှိတွင် သူ၏ လက်ထဲ၌ ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော် ရှိနေသော်လည်း... ဂိုဏ်း၏ တည်ဆောက်ရေး လုပ်ငန်းများမှာ နေရာတိုင်း၌ ငွေလိုအပ်နေသည် မဟုတ်ပါလော။ အကယ်၍သာ ဤနေရာ၌ တမင်တကာ ဈေးတင်ခြင်းကြောင့် ငွေအမြောက်အမြား ဆုံးရှုံးသွားပါက... သူ၏ နောက်ဆက်တွဲ အစီအစဉ်များမှာ လုံးဝ ပျက်စီးသွားပေလိမ့်မည်။
သို့သော်လည်း... ဤ မြေကြော ဝိညာဉ်အဆီအနှစ်ကိုမူ သူ သေချာပေါက် ရယူရမည်။
ကျန်းချန်သည် အံကို ကြိတ်ကာ ဈေးနှုန်း ထပ်တိုးရန် ပြင်လိုက်စဉ်မှာပင်...
အနောက်၌ ထိုင်နေသော ဝမ်သဲ့ဖာသည် ရုတ်တရက် မတ်တတ်ရပ်လိုက်ရာ... သူ၏ မည်းနက်သော ချပ်ဝတ်ကြီးမှာ "ဒေါင်" ခနဲ မြည်သွားလေတော့သည်။
“တောက်... ငါတော့ သည်းမခံနိုင်တော့ဘူး”
ဝမ်သဲ့ဖာက ဒုတိယထပ်မှ ကျောက်ထျန်းပါးကို လက်ညှိုးထိုးပြရင်း သူ၏ အသံကြီးဖြင့် အော်ဟစ်လိုက်၏။
“သုံးထောင် ဆိုတာ ဘာကြီးမို့လို့လဲ။ မင်းရဲ့ ဝိညာဉ်ကျောက်တုံးတွေက လေထဲက ကျလာတာလား”
“ဂိုဏ်းချုပ်... မကြောက်ပါနဲ့ဗျာ”
ဝမ်သဲ့ဖာက ကျန်းချန်ကို လှည့်ကြည့်လိုက်ပြီး... ခုနလေးတင် လုယက်ထားပြီး နွေးတောင် မနွေးသေးသော သူ၏ သိုလှောင်အိတ်ကို စားပွဲပေါ်သို့ "ဒုန်း" ခနဲ မြည်အောင် တင်လိုက်၏။
“ညီအစ်ကိုတို့ရေ... ဒီကောင်က ကျုပ်တို့ကို အထင်သေးနေတာဗျ”
“ရှိသမျှ ပိုက်ဆံတွေ အကုန် စုကြစမ်း။ ဒီနေ့တော့ ဝိညာဉ်ကျောက်တုံးတွေနဲ့ ပေါက်ပြီးတော့တောင် ဒီကျောက်တုံးကို ကျုပ်တို့ ဂိုဏ်းဆီ ပြန်သယ်ရမယ်။ စတုတ္ထကပ်ဘေးတွေရဲ့ မျက်နှာကိုတော့ အပျက်မခံနိုင်ဘူးဟေ့”
အခန်း (၁၀၇) - လေလံပွဲ၏ မုန်တိုင်း (အပိုင်း ၂) - ဒါဟာ ငွေသုံးကြမ်းတဲ့ ကစားသမားတွေရဲ့ စုပေါင်းအင်အားပဲ
~ဒုစရိုက်မြို့တော်။
ထျန်းပေါင်ကော လေလံရုံကြီးအတွင်းဝယ် လေထုက ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလောက်အောင် တင်းမာလျက်ရှိသည်။
ဝမ်သဲ့ဖာ၏ ဟိန်းဟောက်သံကြောင့် ထောင့်တစ်နေရာရှိ မထင်မရှား ထိုင်ခုံဝိုင်းလေးမှာ တစ်ခန်းမလုံး၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်သွားလေတော့သည်။
“စုကြစမ်း... ရှိသမျှ ဝိညာဉ်ကျောက်တုံးတွေ အကုန်ထုတ်ကြစမ်း... တစ်ပြားမှ ချန်မထားနဲ့...”
ဝမ်သဲ့ဖာက သူ၏ သိုလှောင်အိတ်ထဲမှ ဝိညာဉ်ကျောက်တုံးများကို စားပွဲပေါ်သို့ "ဂူ" ခနဲ မြည်အောင် သွန်ချလိုက်သည်။ သူ၏ မျက်လုံးများက နီရဲနေပြီး ဒုတိယထပ်ရှိ အထူးခန်းမှ ကျောက်ထျန်းပါးကို လက်ညှိုးထိုးပြကာ ဆိုလိုက်၏။
“ကျုပ် ဖက်တီး ဘဝမှာ အမုန်းဆုံး လူနှစ်စားရှိတယ်ဗျ။ တစ်မျိုးက ကျုပ်ထက် ပိုက်ဆံချမ်းသာတဲ့သူ၊ နောက်တစ်မျိုးက ကျူပ်ထက် ပိုကြွားနိုင်တဲ့သူပဲ။ ဒီကောင်က နှစ်မျိုးလုံးနဲ့ ငြိနေပြီ...”
“ချပစ်မယ်ဗျာ... သေချာပေါက် ချရမယ်...”
ကောင်းကင်ခွင်း ဓားတစ်လက် လည်း စိတ်ပါသွားခဲ့ပြီ ဖြစ်သည်။ ပုံမှန်ဆိုလျှင် တည်ငြိမ်သူ ဖြစ်သော်လည်း ကျွမ်းကျင်ကစားသမား တစ်ယောက်အနေဖြင့် အန်ပီစီ တစ်ဦး၏ အထင်သေးမှုကို ခံရသည်မှာ သူ၏ သိက္ခာကို ထိခိုက်စေသည် မဟုတ်ပါလော။ သူကလည်း သူ၏ အိတ်ကို ဖြည်ကာ ဝိညာဉ်ကျောက်တုံးပုံထဲသို့ အားဖြည့်လိုက်၏။
“ကျွန်တော်က ငါးရာ ထည့်မယ်ဗျာ။ အပျော်သက်သက်ပေါ့...”
“ကျွန်တော်လည်း ပါမယ်... သုံးရာ ရှိတယ်...”
“ကျွန်မက တစ်ရာ့ငါးဆယ်... ဒါတွေက ကျွန်မ အကပွဲမှာ ကပြပြီး ရှာထားတဲ့ ချွေးနည်းစာလေးတွေပါရှင်...”
“ကျွန်တော့်ကိုလည်း မမေ့နဲ့ဦး... များတော့ မများဘူး၊ ဒါပေမဲ့ ဒီကိစ္စအတွက်တော့ ပေးရမှာပဲ...”
မျက်စိတစ်မှိတ်အတွင်းမှာပင် ကစားသမား (၂၀) ကျော်မှာ သူတို့၏ အိတ်များကို ဖွင့်လိုက်ကြ၏။
တစ်ဦးချင်းစီတွင် ပိုက်ဆံ အမြောက်အမြား မရှိကြသော်လည်း (လမ်းဘေးမှာ ဈေးဝယ်ခဲ့ကြသည် မဟုတ်ပါလော) သူတို့၏ စည်းလုံးမှုနှင့် အဖွဲ့လိုက် လုပ်ဆောင်မှုက ထိုဟာကွက်ကို ဖြည့်ဆည်းပေးလိုက်သည်။
ခင်ဗျားက သုံးရာ၊ ကျုပ်က နှစ်ရာ၊ သူက ငါးဆယ်...။
ကျန်းချန်၏ ရှေ့ရှိ စားပွဲငယ်လေးပေါ်တွင် ဝိညာဉ်ကျောက်တုံးများမှာ တောင်ပုံရာပုံ ဖြစ်လာပြီး ကြမ်းပြင်ပေါ်သို့ပင် လိမ့်ကျကုန်တော့သည်။ အကြမ်းဖျင်း ကြည့်လိုက်လျှင်ပင် အနည်းဆုံး သုံးလေးထောင်ခန့် ထပ်မံ ရရှိသွားခဲ့၏။
သူ့ရှေ့မှ ချွေးနံ့နှင့် ကြိုးစားအားထုတ်မှု ရနံ့များ ကိန်းဝပ်နေသော "ဝိညာဉ်ကျောက်တုံး တောင်ကြီး" ကို ကြည့်ပြီး ကျန်းချန်၏ ရင်ထဲတွင် နွေးထွေးမှုတစ်ခု (အဓိကကတော့ ပိုက်ဆံကြောင့်) ဖြစ်ပေါ်လာပြီး ပြတ်သားသော ဆုံးဖြတ်ချက်အဖြစ် ပြောင်းလဲသွား၏။
သူသည် မတ်တတ်ရပ်လိုက်သည်။ ဈေးခေါ်ရန် မလောဘဲ စားပွဲပေါ်က ကျောက်တုံးများကို အသာအယာ စုစည်းလိုက်၏။ ပြီးနောက် ဒုတိယထပ်ကို မော့ကြည့်ကာ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သော အပြုံးတစ်ခုကို ဆင်မြန်းလိုက်၏။
“ဝိညာဉ်ကျောက်တုံး လေးထောင်...”
“ရှူး...”
ပရိသတ်အားလုံး နောက်တစ်ကြိမ် ပင့်သက်ရှိုက်မိကြပြန်သည်။
တန်ဖိုးမရှိတဲ့ ကျောက်တုံးစုတ် တစ်တုံးအတွက် ဝိညာဉ်ကျောက်တုံး လေးထောင် ဟုတ်လား။ ဒီ တစ်ကိုယ်တော် ကျင့်ကြံသူတွေ ရူးကုန်ကြပြီလား။
….
ဒုတိယထပ် အထူးခန်းအတွင်းရှိ၊
ကျောက်ထျန်းပါး၏ မျက်နှာပေါ်မှ လှောင်ပြုံးမှာ အေးခဲသွားခဲ့၏။ သူတောင်းစားနှင့် တူလှသော ဤလူစုမှာ ပိုက်ဆံအမြောက်အမြား စုစည်းနိုင်ရုံတင်မကဘဲ သူ့ကို စိန်ခေါ်ရဲလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။
ဒုစရိုက်မြို့တော်မှာ သခင်လေးကျောက် ဆိုတာ မသိသူ မရှိတာကိုလေ။
“ကောင်းပြီ... အရမ်းကောင်းတာပေါ့...”
ဒေါသအမျက် ချောင်းချောင်းထွက်နေသော ကျောက်ထျန်းပါးက အေးစက်စွာ ရယ်လိုက်သည်။ သူသည် သူ့ရင်ခွင်ထဲမှ ကျင့်ကြံသူ ကောင်မလေးကို တွန်းဖယ်လိုက်ပြီး မတ်တတ်ရပ်ကာ လက်ရန်းနားသို့ တိုးသွား၏။ သူက ကျန်းချန်ကို စိုက်ကြည့်လျက် ဆိုလိုက်၏။
“မင်းတို့ တောသားတွေက ငါနဲ့ ချမ်းသာတာ ပြိုင်ချင်တယ်ပေါ့... အဆင့်ချင်းကွာလွန်းပါတယ်ကွာ...”
“ဝိညာဉ်ကျောက်တုံး ငါးထောင်...”
ကျောက်ထျန်းပါးက ဈေးနှုန်းကို တစ်ထောင်တိတိ တိုးလိုက်၏။ သူ၏ အသံထဲတွင် မထီမဲ့မြင်ပြုမှုများနှင့် ပြိုင်ဘက်ကို နင်းခြေဖျက်ဆီးပစ်လိုသည့် ပျော်ရွှင်မှုများ ပြည့်နှက်နေ၏။ “ငါကတော့ ဝိညာဉ်ကျောက်တုံး ငါးထောင်ကို လေထဲ လွှင့်ပစ်လိုက်ရုံပဲ။ မင်းတို့ကော အဲ့ဒီလောက် တတ်နိုင်ရဲ့လား...”
ငါးထောင် တဲ့လား။
ဤဈေးနှုန်းမှာ မြေကြော ဝိညာဉ်အဆီအနှစ်၏ တကယ့် တန်ဖိုးထက် အဆပေါင်းများစွာ ကျော်လွန်နေ၏။ လေလံဆရာမ ဟုန်ယွီမှာမူ ပျော်လွန်းသဖြင့် လက်ထဲက တူလေးပင် ပြုတ်ကျလုနီးပါး ဖြစ်သွားရရှာသည်။
အောက်ဘက်ရှိ ကစားသမားများမှာမူ မျက်နှာများ ညှိုးငယ်သွားကြ၏။ ပိုက်ဆံ စုထားသည်မှာ မှန်သော်လည်း ကျန်းချန်ဆီမှာ ရှိတာပါ ပေါင်းလိုက်လျှင် ငါးထောင်ကျော်ကျော်လေးသာ ရှိသည် မဟုတ်ပါလော။ ထပ်တိုးရန်မှာ အလွန် ခက်ခဲလှပေသည်။
“ဘာလဲ... တိတ်သွားကြပြီလား...”
အောက်ဘက်မှ တိတ်ဆိတ်သွားသည်ကို မြင်သောအခါ ကျောက်ထျန်းပါးက ပို၍ မောက်မာလာ၏။ သူက လက်ထဲမှ ပုလဲလုံးကို ဝှေ့ယမ်းပြရင်း လှောင်ပြောင်တော့သည်။
“စောစောကတော့ တော်တော် ကြွားနေကြတာ မဟုတ်လား။ အခုလည်း အော်ကြဦးလေ။ လူဆင်းရဲ တစ်သိုက်ကများ ထျန်းပေါင်ကောမှာ လာပြီး လူကြီးလူကောင်း လုပ်ချင်နေသေးတယ်။ အိမ်ပြန်ပြီး မိခင်နို့ပဲ သွားစို့ကြစမ်းပါ...”
"လူဆင်းရဲ" ဟူသော စကားလုံးက ယမ်းပုံကို မီးပွားကျလိုက်သကဲ့သို့ ဖြစ်သွားစေတော့သည်။
“တောက်... ငါတော့ သည်းမခံနိုင်တော့ဘူးဗျာ...”
ဝမ်သဲ့ဖာ တစ်ယောက် ဒေါသကြောင့် ကိုယ်ပေါ်က အသားတွေပင် တုန်ခါနေ၏။ သူသည် ထိုင်ခုံပေါ်သို့ ရုတ်တရက် ခုန်တက်လိုက်ပြီး ကျောက်ထျန်းပါးကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်တော့သည်။
“ပိုက်ဆံရှိတာ ဘာဖြစ်လဲဗျ။ အဲ့ဒါ ခင်ဗျားအဖေ ပိုက်ဆံလေ။ ခင်ဗျားကတော့ သူတောင်းစားနဲ့ ဘာမှမထူးဘူး။ အောက်ဆင်းခဲ့စမ်းပါ။ ငါတို့ တစ်ယောက်ချင်း ချမယ်။ ဘယ်သူ ပိုပြီး အသက်ရှည်မလဲဆိုတာ ကြည့်ရတာပေါ့။ ပိုက်ဆံရှိတာ ပြိုင်ရမှာ မဟုတ်ဘူးကွ...”
ရင်းနှီးဖော်ရွေသော အစ်မကြီး ကလည်း သူမ၏ ထူးခြားသော လေသံဖြင့် ဝင်၍ အော်လိုက်၏။
“ဝါး... ဒီသခင်လေးကတော့ တကယ့်ကို အထက်တန်းစားပဲနော်။ အမှိုက်တုံးတစ်တုံးကို ငါးထောင်ပေးဝယ်တာက သူ့ဦးနှောက်ကလည်း ကျောက်တုံးနဲ့ လုပ်ထားတယ်ဆိုတာ သက်သေပြနေတာပဲ။ 'လူအ တံဆိပ်ခေါင်းခွန်' ကို အားရပါးရ ပေးဆောင်နေရှာတာပဲလေ...”
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဦးလေးကျန်း ကတော့ ပို၍ ဆိုးသည်။ သူက ဆေးတံကို ဖွာရင်း ကျောက်ထျန်းပါးကို ငွေဖြုန်းတီးသူ တစ်ယောက်အဖြစ် ကြည့်ကာ ဘေးနားကလူကို ကျယ်လောင်စွာ တီးတိုး ပြောလိုက်၏။
“မြင်လား... ဒါဟာ မြေရှင်သူဌေးရဲ့ သားအစစ်ပဲ။ ဒီလိုလူမျိုးတွေက ရုပ်မြင်သံကြား ဇာတ်လမ်းတွဲတွေထဲမှာဆိုရင် နှစ်ပိုင်းထက် ပိုမခံပါဘူးကွာ...”
ကစားသမားများ၏ စကားလုံးများမှာ မည်မျှ ထက်မြက်သနည်း။
သူတို့သည် ခေတ်သစ် အင်တာနက် လောကထဲတွင် လေ့ကျင့်သား ရထားသူများ မဟုတ်ပါလော။
ကျောက်ထျန်းပါးသည် "ကပ်ပါးကောင်" ၊ "လူအ တံဆိပ်ခေါင်းခွန်" သို့မဟုတ် "ဇာတ်လမ်းတွဲ" စသည့် စကားလုံးများကို နားမလည်သော်လည်း ထိုစကားလုံးများထဲမှ မထီမဲ့မြင်ပြုမှုနှင့် လှောင်ပြောင်မှုများကိုမူ အပြည့်အဝ နားလည်၏။
မြို့စားမင်းရဲ့ သားဖြစ်တဲ့ သူဟာ ဘယ်တုန်းက ဤကဲ့သို့ စော်ကားခံရဖူးလို့လဲ။
“ကောင်စုတ်တွေ... မင်းတို့ သေချင်နေကြတာပဲ...”
ကျောက်ထျန်းပါးမှာ ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီရဲလာပြီး လည်ပင်းကြောများ ထောင်လာ၏။ သူသည် လက်ထဲမှ လက်ဖက်ရည်ခွက်ကို မြေပြင်သို့ ပစ်ပေါက်လိုက်ပြီး ဆိုလိုက်၏။
“ခြောက်ထောင်... ငါ ခြောက်ထောင် ပေးမယ်... မင်းတို့ ဘာဆက်လုပ်မလဲ ကြည့်ရသေးတာပေါ့...”
“ခြောက်ထောင် တစ်ကြိမ်...” လေလံဆရာမ ဟုန်ယွီ၏ အသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေ၏။
ကျန်းချန်သည် ရူးသွပ်နေသော ကျောက်ထျန်းပါးကို တည်ငြိမ်စွာ ကြည့်နေခဲ့သည်။ သူ၏ လက်ကျန်ငွေကို တွက်ချက်လိုက်ရာ ခြောက်ထောင်တစ်ရာ ကျော်ကျော်လေးသာ ရှိတော့သည်။
ဒါဟာ ဂိုဏ်းရဲ့ နောက်ဆုံး လက်ကျန်ငွေပဲ ဖြစ်သည်။ အကယ်၍သာ ရှုံးနိမ့်သွားပါက မြေကြော ဝိညာဉ်အဆီအနှစ်ကို ဝယ်ယူနိုင်မည် မဟုတ်ရုံတင်မကဘဲ ဂိုဏ်းပြန်လည် ထူထောင်ရေး အစီအစဉ်မှာလည်း ရပ်တန့်သွားပေလိမ့်မည်။
သို့သော်လည်း... အကယ်၍ နိုင်ခဲ့လျှင်...။
ကျန်းချန်က ကျောက်တုံးကို တစ်ချက် ကြည့်လိုက်သည်။ စနစ်က ထိုအရာကို ပြန်ပြင်နိုင်ပြီး ဝိညာဉ်စွမ်းအင်ကို (၅၀၀) ရာခိုင်နှုန်း တိုးစေနိုင်သည်ဟု အာမခံထားသည် မဟုတ်ပါလော။ ထိုတန်ဖိုးမှာ ခြောက်ထောင် မက၊ ခြောက်သောင်းပင် တန်ဖိုးရှိပေသည်။
“ခြောက်ထောင်နဲ့ တစ်တုံး...”
ကျန်းချန်က အလွန်ပင် ရွံစရာကောင်းလှသော ဈေးနှုန်းကို ခေါ်လိုက်၏။
“မင်း... မင်း...”
ကျောက်ထျန်းပါး တစ်ယောက် သူ့ရင်ဘတ်ကို အချက် (၁၀၀၀၀) လောက် အထိုးခံလိုက်ရသလို ခံစားလိုက်ရသည်။ တစ်တုံးပဲ ပိုခေါ်တယ် ဟုတ်လား။ ဒါဟာ အတိအလင်းကို စော်ကားလိုက်ခြင်းပင်။
“ခုနစ်ထောင်... ငါ ခုနစ်ထောင် ပေးမယ်...” ကျောက်ထျန်းပါးက မျက်လုံးများ နီရဲလျက် ဟိန်းဟောက်လိုက်၏။
သို့သော်လည်း သူ ဈေးခေါ်လိုက်သည့် အချိန်မှာပင်... သူ၏ အနောက်ဘက် အမှောင်ရိပ်ထဲမှ ပိန်လှီသော အစေခံအိုကြီး တစ်ဦး ထွက်ပေါ်လာပြီး သူ၏ ပခုံးကို ညင်သာစွာ ဖိလိုက်၏။
“သခင်လေး... မဖြစ်ဘူးလေ...”
အစေခံအိုကြီး၏ အသံမှာ အက်ကွဲနေသော်လည်း ငြင်းဆန်၍ မရနိုင်သော စွမ်းအားများ ပါဝင်နေသည်။
“မြို့စားမင်းကြီးက သခင်လေးကို ဝိညာဉ်ကျောက်တုံး တစ်သောင်းပဲ သုံးခွင့် ပေးထားတာပါ။ သခင်လေးက ဟို ယပ်တောင်နဲ့ အစေခံမလေးကို ဝယ်တာ ငါးထောင် ကုန်သွားပြီလေ။ အခု ဒီ အမှိုက်တုံးအတွက် နောက်ထပ် ခုနစ်ထောင် ထပ်သုံးလိုက်ရင် အိမ်ပြန်ရောက်တဲ့အခါ မြို့စားမင်းကြီးကို ဘယ်လို ရှင်းပြမှာလဲ...”
“ခင်ဗျားကများ ကျုပ်ကို လာသင်ပေးနေတာလား...” ကျောက်ထျန်းပါးက ဒေါသတကြီးဖြင့် အစေခံအိုကြီး၏ လက်ကို ခါထုတ်လိုက်သည်။ “ဒီနေ့တော့ ကျုပ် ဒီကျောက်တုံးကို ရအောင် ယူမယ်...”
“သခင်လေး...” အစေခံအိုကြီး၏ မျက်လုံးများ အေးစက်သွား၏။
“မြို့စားမင်းကြီးရဲ့ စိတ်ဓာတ်ကို သခင်လေး သိမှာပါ...”
မြို့စားမင်းကြီး ဟူသော အမည်ကို ကြားလိုက်ရသည်နှင့် ကျောက်ထျန်းပါး တစ်ကိုယ်လုံး တုန်တက်သွားပြီး... ရူးသွပ်နေသော စိတ်ဆန္ဒများမှာ ရေအေးဖြင့် လောင်းချခံလိုက်ရသကဲ့သို့ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ သူသည် လေတိုက်တိုင်း ယိမ်းနေသော သူဌေးသား ဖြစ်သော်လည်း ရက်စက်လှသော သူ၏ ဖခင်ကိုတော့ အကြောက်ဆုံး ဖြစ်ပါ၏။
သူသည် အံကို ကြိတ်လျက် အောက်ထပ်မှ ကျန်းချန်ကို စားမလို ဝါးမလို ကြည့်နေမိသည်။ သူ၏ မျက်လုံးများထဲတွင် မြွေဟောက်တစ်ကောင်၏ အဆိပ်အတောက်များကဲ့သို့ နာကြည်းချက်များ ပြည့်နှက်နေ၏။
အကယ်၍ သူ ထပ်မခေါ်ပါက သိက္ခာကျမည် ဖြစ်ပြီး၊ ထပ်ခေါ်ပါက အိမ်ပြန်ရောက်လျှင် ခြေထောက် ကျိုးပေလိမ့်မည်။
အလွန်အမင်း စိတ်ပျက်အားငယ်မှုနှင့် အရှက်ရမှုများကြားတွင် ကျောက်ထျန်းပါးသည် နောက်ဆုံး၌ ဈေးထပ်မခေါ်ရဲတော့ပေ။ သူသည် လက်ရန်းကို လက်သီးဖြင့် အားကုန် ထိုးချလိုက်ရာ ဝိညာဉ်သစ်သား လက်ရန်းမှာ အက်ကွဲသွားလေတော့သည်။
“ကောင်းပြီ... အရမ်းကောင်းတာပေါ့...”
ကျောက်ထျန်းပါးက ကျန်းချန်ကို လက်ညှိုးထိုးကာ အေးစက်စူးရှသော အသံဖြင့် ဆိုလိုက်၏။
“ကောင်လေး... မင်းမှာ သတ္တိရှိသားပဲ။ ဒီကျောက်တုံးကို မင်း ယူသွားလိုက်တော့...”
“ဒါပေမဲ့... ဒုစရိုက်မြို့တော်မှာ... မင်းမှာ ဝယ်ဖို့ အသက်ရှိပေမဲ့... သယ်သွားဖို့ အသက်ရှိမလားဆိုတာ ကြည့်ရသေးတာပေါ့...”
ကြည့်ကြသေးတာပေါ့။
ထိုသို့ပြောပြီးနောက် သူသည် အင်္ကျီလက်စကို ခါယမ်းကာ အမျိုးသမီး ကျင့်ကြံသူ၊ အစေခံအိုကြီးတို့နှင့်အတူ အထူးခန်းထဲမှ ဒေါသတကြီး ထွက်ခွာသွားလေတော့သည်။ မထွက်ခွာမီ အစေခံအိုကြီးက ကျန်းချန်ကို တစ်ချက် လှည့်ကြည့်သွားခဲ့ရာ... သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။
“ခြောက်ထောင်နဲ့ တစ်တုံး... သုံးကြိမ်... အတည်ပြုပါတယ်ရှင်...”
ဟုန်ယွီ၏ လက်ထဲမှ တူငယ်လေး ကျရောက်သွားသည်နှင့် တပြိုင်နက်...
“အောင်ပြီဟေ့...”
ထောင့်တစ်နေရာမှ နားကွဲမတတ် အောင်ပွဲခံ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။ ကစားသမားများသည် ခက်ခဲလှသော တိုက်ပွဲတစ်ခုကို အနိုင်ရလိုက်သကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် လက်ချင်းရိုက်ကာ ဖက်လဲတကင်း ရှိနေကြ၏။
“ဟားဟားဟား... ဟိုကောင် လန့်သွားပြီဗျ...”
“ငါတို့ စတုတ္ထကပ်ဘေးကို လာပြိုင်ချင်တာလား... သူက အသားမကျသေးပါဘူးကွာ...”
“ဒါဟာ စုပေါင်းအင်အားပဲ၊ ငွေပေးဆော့တဲ့သူတွေရဲ့ အောင်ပွဲပေါ့...”
ကျန်းချန်သည် ပိုက်ဆံပေးချေလိုက်ပြီး လေးလံလှသော မြေကြော ဝိညာဉ်အဆီအနှစ်ကို လက်ခံရရှိလိုက်သည်။ သူ၏ အိတ်မှာ ချက်ချင်း ပြောင်သွားခဲ့သော်လည်း စိတ်ထဲတွင်မူ အလွန်ပင် သက်သောင့်သက်သာ ရှိနေခဲ့၏။
သူသည် ထွက်ခွာသွားသော ကျောက်ထျန်းပါး၏ ခြိမ်းခြောက်စကားကို ကြားလိုက်ရသည်။
သို့သော် သူ ဂရုမစိုက်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ကျောက်ထျန်းပါး ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း သူ၏ နှုတ်ခမ်းဖျားတွင် မျှော်လင့်ချက် အပြုံးတစ်ခု ပေါ်ပေါက်လာ၏။
ကလေးတွေ ထွက်သွားရင် လူကြီးတွေ လာကြဦးမှာပဲ မဟုတ်လား။
အချိန်ကိုက်ပါပဲ။ ငါ့တပည့်တွေက ပစ္စည်းအသစ်တွေ ရထားကြတော့ လက်တည့်စမ်းစရာ နေရာ ရှာနေကြတာလေ။
မင်းတို့ကိုယ်တိုင် "အတွေ့အကြုံတုံး" နဲ့ "ပစ္စည်းလာပို့သူ" အဖြစ် အိမ်အရောက် လာခဲ့ကြမယ်ဆိုမှတော့... ငါကလည်း အားနာနေမှာ မဟုတ်ဘူးနော်။
အခန်း (၁၀၈) - ကြားဖြတ်တိုက်ခိုက်ခြင်းနှင့် ပြန်လည်တိုက်ခိုက်ခြင်း .. ဘယ်သူက တကယ့်လူဆိုးလဲ
~ညဉ့်နက်သန်းခေါင်ယံအချိန်။ ဒုစရိုက်မြို့တော်အတွင်းဝယ်... ထျန်းပေါင်ကော လေလံရုံနှင့် လမ်း (၃) ခုခန့် ဝေးကွာသော လူသူကင်းဝေးပြီး မှောင်မည်းနေသည့် လမ်းကြား တစ်ခု။
လမင်းပင် တိမ်ကွယ်နေသော ဤညသည် လူသတ်ပွဲ ကျင်းပရန်အတွက် အကောင်းဆုံးသော အချိန်ပင် ဖြစ်၏။
ကျန်းချန်သည် လေလံပွဲကြီးအကြောင်းကို စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသော တပည့် (၂၀) ကို ဦးဆောင်ကာ လမ်းကျဥ်းလေး တစ်ခုအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ စည်ကားလှသော လမ်းမကြီးများနှင့် ဝေးကွာလာသည်နှင့်အမျှ လမ်းဘေးဝဲယာရှိ အဆောက်အအုံများမှာ ပိုမိုဆွေးမြည့်နေပြီး... မီးအိမ်အနည်းငယ်သာ ရှိသဖြင့် ပြင်းထန်သည့် လေထုကို ဖြစ်ပေါ်စေ၏။
“ဂိုဏ်းချုပ်... ကျွန်တော်တို့ လမ်းမှားနေပြီလား ခင်ဗျာ။ ဒီလမ်းက တည်းခိုခန်း ပြန်တဲ့လမ်းနဲ့ မတူဘူးနော်...”
ဝမ်သဲ့ဖာ (ဒီဖရဲသီး မှည့်ပြီလား) သည် သူ၏ ခေါင်းဆောင်းကြီးကို (သူသည် ထိုမည်းနက်သော သံစည်ပိုင်းကြီးကို ဝတ်ထားဆဲပင် ဖြစ်ပါသည်) လက်ဖြင့် ကုတ်လိုက်ရင်း ဇဝေဇဝါဖြင့် မေးလိုက်၏။
ကျန်းချန်၏ ခြေလှမ်းများ ရပ်တန့်သွား၏။ သူ၏ နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ပါသော အေးစက်စက် အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး အနောက်သို့ လှည့်မကြည့်ဘဲ တည်ငြိမ်စွာပင် ဆိုလိုက်၏။
“မင်းတို့ လမ်းမမှားပါဘူး။ ဒီနေရာက... ဖုန်းရွှေ အလွန်ကောင်းတဲ့ နေရာပဲ။ လူသေမြှုပ်ဖို့ အတော်ဆုံးနေရာပေါ့...”
“ဗျာ...” ဝမ်သဲ့ဖာ တစ်ယောက် ကြောင်အသွားရှာသည်။
ထိုစဉ်မှာပင်...
“ဝှစ်... ဝှစ်... ဝှစ်...”
စူးရှလှသော လေခွင်းသံ ဆယ်ဂဏန်းခန့် ရုတ်တရက် ထွက်ပေါ်လာ၏။
တပြိုင်နက်တည်းမှာပင် လမ်းကြား၏ ထိပ်နှစ်ဖက်လုံးတွင် မှောင်မည်းသော လူရိပ် (၁၀) ကျော်စီ ဆင်းသက်လာကြပြီး... ကျန်းချန်နှင့် အဖွဲ့၏ ထွက်ပေါက်များကို လုံးဝ ပိတ်ဆို့လိုက်ကြတော့သည်။ ထို့နောက်.. လမ်းဘေး အမိုးများပေါ်တွင် ဒူးလေးများကို ကိုင်ဆောင်ထားသော အနက်ရောင်ဝတ် လူများ ရုတ်တရက် ပေါ်လာကြသည်။ တောက်ပြောင်နေသော မြှားဦးများကို လမ်းကြားအတွင်းရှိ လူများထံသို့ ချိန်ရွယ်ထားကြ၏။
“ဟားဟားဟား... ပြေးလေ... ဘာလို့ မပြေးတော့တာလဲ...”
မောက်မာလှသော ရယ်သံကြီးတစ်ခု ရှေ့မှ ထွက်ပေါ်လာခဲ့၏။
ကျောက်ထျန်းပါးသည် အမှောင်ရိပ်ထဲမှ ထွက်ပေါ်လာပြီး လက်ထဲတွင် ယပ်တောင်ကို ဝှေ့ယမ်းလျက် ရက်စက်သော မျက်နှာထားကို ဖော်ပြနေ၏။ သူ၏ အနောက်တွင်မူ ပိန်လှီသော အစေခံအိုကြီးနှင့် မိစ္ဆာစွမ်းအင်များ ထွက်ပေါ်နေသည့် လက်မရွံ့ လူမိုက် (၁၀) ကျော် လိုက်ပါလာကြသည်။
“ငါ ပြောပြီးသားပဲ။ ဒုစရိုက်မြို့တော်မှာ ငါ ကျောက်ထျန်းပါးကို စော်ကားတဲ့သူ ဘယ်သူမှ အသက်ရှင်လျက် ထွက်မသွားရဘူးလို့...”
ကျောက်ထျန်းပါးက ယပ်တောင်ဖြင့် ကျန်းချန်ကို ညွှန်ပြလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် လောဘနှင့် နာကြည်းချက်များ ပြည့်နှက်နေ၏။
“ကောင်လေး... အသက်ရှင်ချင်ရင် အဲ့ဒီ မြေကြော ဝိညာဉ်အဆီအနှစ်ကို အခုချက်ချင်း အပ်စမ်း။ ပြီးတော့ မင်းတို့ဆီမှာ ရှိတဲ့ သိုလှောင်အိတ်တွေကိုလည်း ထားခဲ့ကြ။ ငါ စိတ်ကြည်နေရင်တော့ မင်းတို့ရဲ့ အလောင်းတွေကို အကောင်းအတိုင်း ထားပေးလိုက်မယ်...”
ဤကဲ့သို့သော "လူသတ် ဓားပြတိုက်" ဇာတ်ကွက်မျိုးနှင့် တင်းမာလှသော လေထုကြီးက... အကယ်၍သာ အခြားသော တစ်ကိုယ်တော် ကျင့်ကြံသူများ ဖြစ်ခဲ့ပါက ယခုအချိန်၌ ဒူးထောက် အသနားခံနေကြလောက်ပြီ ဖြစ်ပေသည်။
သို့သော်လည်း၊ ကျောက်ထျန်းပါးသည် သူ၏ ရှေ့မှ လူစုကို ကြည့်လိုက်သောအခါ... သူတို့၏ တုံ့ပြန်မှုများမှာ အနည်းငယ် ထူးဆန်းနေသည်ကို သတိထားမိလိုက်၏။
ကြောက်ရွံ့ခြင်း မရှိ၊ အော်ဟစ်ခြင်း မရှိ၊ ထိတ်လန့်ခြင်း အရိပ်အယောင်ပင် မတွေ့ရချေ။
ဆန့်ကျင်ဘက်အနေဖြင့် ထူးဆန်းသော ဝတ်စုံများ ဝတ်ဆင်ထားသည့် ထိုလူများက သူ့ကို မြင်လိုက်ရသောအခါ... သူတို့၏ မျက်လုံးများထဲ၌ ပြင်းထန်သည့် စိမ်းဖန့်ဖန့် အလင်းတန်းများ ယှက်ဖြာသွားကြ၏။
“သောက်ကျိုးနည်း... ဝှက်ထားတဲ့ ဇာတ်ကွက်ကြီးပါလား...”
“ဟို သူဌေးသားပဲဟ။ ဒီကောင် ပစ္စည်းလာပို့မယ်ဆိုတာ ငါ ကြိုသိသားပဲ...”
“ညီအစ်ကိုတို့ရေ... နာမည်နီ မွန်းစတားက အရင် စတိုက်ပြီဟေ့။ နာမည်နီဖြစ်မှာကို ကြောက်စရာ မလိုတော့ဘူး။ ချကြစမ်း...”
ကစားသမားများသည် ချက်ချင်းပင် စိတ်လှုပ်ရှားမှုများ ပေါက်ကွဲသွားကြတော့သည်။ သူတို့သည် ဝိညာဉ်ကျောက်တုံးများ အကုန်သုံးထားသဖြင့် နောက်ထပ် ပိုက်ဆံ ဘယ်ကရှာရမလဲဟု တွေးပူနေချိန်တွင်... သခင်လေးကျောက်ကတော့ အိမ်အရောက် လာပို့ပေးသည့် ငွေထုတ်ကြီးပမာ ဖြစ်နေတော့သည် မဟုတ်ပါလော။
“ဟို အစေခံအိုကြီးကို ကြည့်စမ်း။ အရှိန်အဝါက တော်တော် ပြင်းတာပဲ။ သူက လက်ရွေးစင် မွန်းစတား ဖြစ်ရမယ်။ သူ့ဆီက ပစ္စည်းတွေကို ငါ လုမယ်...”
“သခင်လေးကျောက်က ငါ့အပိုင်ပဲ။ သူ ကိုင်ထားတဲ့ ယပ်တောင်က မှော်လက်နက် ဖြစ်ရမယ်။ လုပြီး ယပ်ခတ်ကြည့်ရင် တော်တော် အေးမှာပဲ...”
ကောင်းကင်ခွင်း ဓားတစ်လက်သည် ခါးကြားမှ ဓားရှည်ကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်၏။ ဓားသွားမှာ လရောင်အောက်တွင် အေးစက်သော အလင်းများ လက်သွားသည်။ သူသည် နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ရင်း... ကျောက်ထျန်းပါးကို ရွေ့လျားနေသော ရတနာသေတ္တာကြီးတစ်ခုပမာ စိုက်ကြည့်လျက် ဆိုလိုက်၏။
“ညီအစ်ကိုတို့... အစီအစဉ်အတိုင်းပဲ။ အသားခံမဲ့သူတွေက ရှေ့ကနေ ဒဏ်ခံ... အဝေးပစ်သမားတွေက ဒမ်းမေ့ခ်ျ ပေး... ကျန်တဲ့သူတွေကတော့ ရန်သူကို နှောင့်ယှက်ကြ...”
“ချကြစမ်း...”
အမိန့်သံအဆုံးတွင် ကစားသမား (၂၀) သည် အသနားခံမည့်အစား... ရန်သူ့ထံသို့ တစ်ဟုန်ထိုး ပြေးဝင်သွားကြလေတော့သည်။
ကျောက်ထျန်းပါး တစ်ယောက် ကြောင်အသွားရ၏။
ဒါက ငါ တွေးထားတဲ့ ဇာတ်ညွှန်းမျိုး မဟုတ်ဘူးလေ။ ငါက သူတို့ကို ဝိုင်းထားတာကို... ဘာလို့ သူတို့က ငါ့ထက် ပိုပြီး စိတ်လှုပ်ရှားနေကြတာလဲ။
“သေချင်နေကြတာပဲ။ အကုန် သတ်ပစ်ကြစမ်း။ တစ်ယောက်မှ အရှင်မထားနဲ့...” ကျောက်ထျန်းပါးက ဟိန်းဟောက်လိုက်၏။
တိုက်ပွဲမှာ ချက်ချင်းပင် ပေါက်ကွဲထွက်သွားခဲ့၏။
သို့သော်လည်း ဤသည်မှာ ကျင့်ကြံသူများကြားမှ ပုံမှန်တိုက်ပွဲမျိုး မဟုတ်ဘဲ... ညစ်ပတ်သော နည်းလမ်းပေါင်းစုံ ပါဝင်သည့် လမ်းကြားထဲမှ ရမ်းကားသော ရိုက်ပွဲကြီး တစ်ခုနှင့် တူနေတော့သည်။
ရှေ့ဆုံးမှ ပြေးဝင်လာသော ဝမ်သဲ့ဖာသည် ပေါင် (၃၀၀) ချပ်ဝတ်နှင့် ဧရာမ ဒိုင်းကာကြီးကို အကာအကွယ်ယူလိုက်၏။... ထိန်းချုပ်မှု လွတ်နေသော တင့်ကားကြီး တစ်စီးပမာ သူ့ထံသို့ ကျရောက်လာသော မန္တန်များနှင့် မြှားများကို လစ်လျူရှုလျက် လူအုပ်ထဲသို့ တည့်တည့် ဝင်ဆောင့်လိုက်၏။
“ငါနဲ့ တိုက်မိတဲ့ကောင် သေဖို့ပဲ ပြင်ထားကြစမ်း...”
“ဘုန်း...”
သူသည် အနက်ရောင်ဝတ် လူမိုက်နှစ်ဦးကို လွင့်စင်သွားအောင် တိုက်လိုက်ရာ... ထိုသူနှစ်ဦးမှာ နံရံတွင် ပန်းချီကားနှစ်ချပ်ပမာ ကပ်သွားကြရှာသည်။
ချက်ချင်းဆိုသလိုပင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ဦးလေးကျန်း နှင့် ခွန်အားလိုင်း ကစားသမား အချို့သည်... မိုင်းတွင်းထဲတွင် အကြိမ်ကြိမ် ကျိုးခဲ့ဖူးသော ပေါက်ချွန်းများကို ဝှေ့ယမ်းကာ ရန်သူ၏ အောက်ပိုင်းကိုသာ အဓိကထား တိုက်ခိုက်ကြတော့သည်။
“အား... ငါ့ခြေကျင်းဝတ်...” လူမိုက်တစ်ဦး အော်ဟစ်ကာ မြေပေါ်သို့ လဲကျသွားသည်နှင့်... ကစားသမား အများအပြားက ဝိုင်းအုံကာ ဝိုင်းနင်းကြလေတော့သည်။
ကျောက်ထျန်းပါးကို အမှန်တကယ် စိတ်ပျက်အားငယ်စေသူများမှာမူ အပန်းဖြေလိုင်း ကစားသမားများပင် ဖြစ်ကြသည်။
အဆိပ်ဆရာ နှစ်ဦးဖြစ်သော ရှန်နွန် နှင့် ဇီဝဗေဒ ခွေးပေါက်လေးတို့သည် လူအုပ်အလယ်တွင် ရပ်လျက်... အိုးမျိုးစုံ၊ ပုလင်းမျိုးစုံကို အပြင်သို့ တရစပ် ပစ်ပေါက်နေကြ၏။
၎င်းတို့မှာ ပေါက်ကွဲစေတတ်သော မန္တန်စာရွက်များ မဟုတ်သလို... အဆိပ်အပ်များလည်း မဟုတ်ပေ။
အနံ့ဆိုးရွားလှသော အဆိပ်ငွေ့များနှင့် စေးကပ်လှသော အမည်မသိ အရည်များသာ ဖြစ်ချေသည်။
“ငါ့ရဲ့ အဆင့်မြှင့်ထားတဲ့ 'ပြုံးပျော် တစ်ဝက်ခြေ ရူးသွပ်ဆေး' ကို မြည်းစမ်းကြည့်စမ်းပါဦး...”
“ဒါကတော့ ငါ့ရဲ့ 'ယားယံမှုမှုန့်' ပဲ။ အဆင့် (၁) အဆိပ်ခြင်ရဲ့ အဆိပ်အိတ်တွေနဲ့ လုပ်ထားတာကွ...”
အနက်ရောင်ဝတ် လူမိုက်များသည် အဆိပ်ငွေ့များကို ရှူမိကြသည်နှင့်... အချို့မှာ ထိန်းချုပ်၍မရဘဲ တဟားဟား ရယ်လာကြပြီး... အချို့မှာမူ တစ်ကိုယ်လုံး သည်းမခံနိုင်လောက်အောင် ယားယံလာသဖြင့် လက်နက်များကို ပစ်ချကာ ကုတ်ခြစ်နေကြရသဖြင့် တိုက်ခိုက်ရေးစွမ်းအားများ ချက်ချင်း ဆုံးရှုံးကုန်ကြ၏။
ကျောက်ထျန်းပါးကို အမြဲ ကာကွယ်ပေးနေသော အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်ရှိ အစေခံအိုကြီးပင်လျှင် ယခုအချိန်၌ အနည်းငယ် ပျာယာခတ်နေရ၏။
သူ၏ ကျင့်ကြံမှုမှာ နက်ရှိုင်းသော်လည်း... ဤလူအုပ်၏ အရှက်မရှိမှုကိုမူ သူ မခံနိုင်ပေ။
ထို ရင်းနှီးဖော်ရွေသော အစ်မကြီး (အမျိုးသမီးဝတ် ယောကျ်ားကြီး) သည် တင်ပါးကို ဝှေ့ယမ်းကာ ကခုန်သလို လှုပ်ရှားမှုများဖြင့် တိုက်ကွက်များကို ရှောင်တိမ်းရင်း... ကြက်သီးထဖွယ်ကောင်းသော အသံပျော့ပျော့ကြီးဖြင့် သူ့ကို စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်နေ၏။
“အဘိုးကြီးရယ်... ဒီအရွယ်ကြီးကျမှ ရန်လာသတ်နေရသေးတယ်... ခါးတွေ ဘာတွေ နာကုန်ဦးမယ်နော်...”
“အစ်မကြီးက နှိပ်ပေးစေချင်လို့လားဟင်...”
အစေခံအိုကြီးမှာ ဒေါသကြောင့် သွေးများ ဆူပွက်လာပြီး အော့အန်ချင်စိတ်ပင် ပေါက်လာတော့သည်။ “မိစ္ဆာကောင်... ပါးစပ်ပိတ်စမ်း...”
သူသည် ထိုယင်ကောင်အုပ်ကို အမြစ်ပြတ်ချေမှုန်းရန် သူ၏ အစွမ်းကုန် တိုက်ကွက်ကို ထုတ်သုံးမည် ပြင်စဉ်မှာပင်... သူ၏ ခြေထောက်အောက်တွင် တင်းကျပ်သွားသည်ကို ခံစားလိုက်ရ၏။
ငုံ့ကြည့်လိုက်သောအခါ... မြေပြင်ပေါ်တွင် စေးကပ်လှသော ကော်ရည်များ (မိစ္ဆာအကျိအချွဲများ) ရောက်ရှိနေပြီး သူ၏ ဖိနပ်ကို မြေကြီးနှင့် ကပ်ထားသည်ကို တွေ့လိုက်ရ၏။
“အခွင့်အရေးပဲ။ ဟို အဘိုးကြီးကို အာရုံစိုက်ပြီး ချကြစမ်း...”
ကောင်းကင်ခွင်း ဓားတစ်လက် က အခြေအနေကို အမြန် အကဲခတ်လိုက်ပြီး... အဝေးပစ် မန္တန်သမားများကို မလှုပ်နိုင်တော့သော အစေခံအိုကြီးထံသို့ တရစပ် တိုက်ခိုက်ရန် ညွှန်ကြားလိုက်၏။
ဒမ်းမေ့ခ်ျမှာ အလွန်မများသော်လည်း စော်ကားမှုကတော့ အထွတ်အထိပ်သို့ ရောက်သွားခဲ့၏။ အစေခံအိုကြီး၏ မုတ်ဆိတ်မွေးများမှာ မီးလောင်ကျွမ်းကုန်ပြီး... ယခင်က ဆရာကြီးဟန်ပန်များ လုံးဝ ပျောက်ကွယ်သွားတော့သည်။
“သခင်လေး... ပြေးတော့... ဒီလူတွေက မရိုးဘူးဗျ...” အစေခံအိုကြီးက အခြေအနေမှန်ကို နောက်ဆုံး၌ သဘောပေါက်လိုက်၏။ ဤလူများမှာ အနိုင်ကျင့်ရလွယ်သော သိုးငယ်များ မဟုတ်ဘဲ... အရူးခွေးအုပ်စုကြီး ဖြစ်နေသည် မဟုတ်ပါလော။
သို့သော်လည်း ကျောက်ထျန်းပါး တစ်ယောက် ထွက်ပြေးရန်အတွက် နောက်ကျသွားခဲ့၏။
ကျန်းချန်သည် သူ၏ အနောက်တွင် တစ္ဆေတစ်ကောင်ပမာ ဘွားခနဲ ပေါ်လာခဲ့သည်။ သူ၏ သွယ်လျသော လက်ချောင်းများက ကျောက်ထျန်းပါး၏ ပခုံးပေါ်သို့ ညင်သာစွာ ကျရောက်လာပြီး... အေးစက်လှသော ဝိညာဉ်စွမ်းအင်များဖြင့် သူ၏ သွေးကြောမျှင်များကို ချက်ချင်းပင် ချိပ်ပိတ်လိုက်လေတော့သည်။
“သခင်လေးကျောက်... ရောက်မှ ရောက်လာတာကို... ဘာလို့ ဒီလောက် အသည်းအသန် ပြန်ဖို့ ပြင်နေတာလဲ ...”
ကျန်းချန်၏ အသံမှာ ကျောက်ထျန်းပါး၏ နားစည်ထဲတွင် မိစ္ဆာတစ်ကောင်၏ တီးတိုးပြောသံကဲ့သို့ မြည်ဟိန်းသွား၏။
“ခုနက ခင်ဗျား ပြောလိုက်တာ... ကျွန်တော်တို့ရဲ့ သိုလှောင်အိတ်တွေကို ထားခဲ့ရမယ် ဆိုလား...”
“အဲ့ဒါ ကျွန်တော် တွေးနေတာနဲ့ ကွက်တိပဲ...”
ခေတ္တအကြာတွင်။
လမ်းကြားလေးအတွင်း၌ တိတ်ဆိတ်ငြိမ်သက်ခြင်းများ ပြန်လည် စိုးမိုးသွားခဲ့၏။
မြေပြင်ပေါ်တွင်မူ ညည်းညူနေကြသော အနက်ရောင်ကျားဂိုဏ်း လူမိုက်များ ပြန့်ကျဲနေ၏။
လမ်းကြား၏ အနက်ရှိုင်းဆုံးနေရာတွင်မူ... တချိန်က မောက်မာခဲ့သော ကျောက်ထျန်းပါးနှင့် သူ၏ အစေခံအိုကြီးမှာ ခြေလက်များကို တင်းကျပ်စွာ ချည်နှောင်ခံထားရပြီး... သတ်ရန် စောင့်နေသော ငုံးငှက်နှစ်ကောင်ပမာ ထောင့်တစ်နေရာတွင် ကုပ်ကုပ်လေး ရှိနေကြရရှာသည်။
သူတို့ ဝတ်ဆင်ထားသော တန်ဖိုးကြီး ဝတ်ရုံများမှာ ချွတ်ယူခံလိုက်ရသဖြင့် အတွင်းခံ အဝတ်ပါးလေးများသာ ကျန်ရစ်တော့သည်။ ခါးမှ သိုလှောင်အိတ်များ၊ လက်မှ သိုလှောင်လက်စွပ်များ၊ ဦးခေါင်းမှ ကျောက်စိမ်း ဆံထိုးများပင် တစ်ခုမကျန် လုယက်ခြင်း ခံလိုက်ရတော့၏။
ဝမ်သဲ့ဖာက ကျောက်ထျန်းပါး၏ ယပ်တောင်ကို ယူကာ သူ့ပုံစံအတိုင်း ယပ်ခတ်ကြည့်ပြီး နှာခေါင်းရှုံ့လိုက်၏။
“ကျွတ်... ဘာ ယပ်တောင်လဲ မသိဘူး။ ငါ့အိမ်က ထန်းယပ်တောင်လောက်တောင် လေမထွက်ဘူး...”
သူသည် လုယက်ရာ ပစ္စည်းများကို စစ်ဆေးနေသော ကျန်းချန်ကို လှည့်ကြည့်ကာ တဟီးဟီး ရယ်လိုက်၏။
“ဂိုဏ်းချုပ်... ရှယ်ပဲဗျာ။ ဒီကောင်လေးဆီမှာ ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော်တောင် ပါတယ် ခင်ဗျာ။ ပြီးတော့ ဆေးလုံးတွေလည်း အများကြီးပဲ...”
“ဒါက ကြားဖြတ်တိုက်တာ မဟုတ်ဘူးဗျ။ အတိအလင်းကို လက်ဆောင်လာပေးတာပဲ...”
ထိုစကားများကို နားထောင်ရင်း... ဓားပြတိုက်သူများက မိမိပစ္စည်းများကို ခွဲဝေနေကြသည်ကို ကြည့်ရင်း... ကျောက်ထျန်းပါး တစ်ယောက် မျက်စိများ ပြာလာကာ နောက်ဆုံး၌ အသိစိတ် လွတ်ကာ မေ့လဲသွားတော့သည်။
သူ ဘယ်လိုလူတွေကို သွားစော်ကားမိတာလဲ။
ဒီလူတွေကမှ တကယ့် လူဆိုးကြီးတွေ မဟုတ်ပါလား။