အခန်း (၁၇၀)
Vol. 15 Ch. 170
"ဒါဆို သူပဲ!" ယဲ့မင်ရှို့ လက်ခုပ်တီးလိုက်၏။
"ဘာလို့လဲ? အရင်က နင်တို့အချင်းချင်း တခြားအဆက်အသွယ်တွေ ရှိဖူးတာလား?"
"အဲဒါက... မတော်တဆပါ။ ကျွန်မတို့က *ကလောင်မိတ်ဆွေတွေဖြစ်နေတာ မသိခဲ့... တစ်ဖက်သတ်ကြီးဖြစ်နေ..."
(*စာနဲ့ပဲဆက်သွယ်တဲ့ ရင်းနှီးတဲ့မိတ်ဆွေပါ)
ယဲ့မင်ရှို့က အထစ်ထစ်အငေါ့ငေါ့ဖြင့် ဘယ်လိုဖော်ပြရမယ်မှန်းမသိ ဖြစ်နေခဲ့၏။
သူမနှင့် ကျောက်ကျန်းဟုန်တို့ရဲ့ ဆက်ဆံရေးမှာ ကြီးကြီးမားမားမဟုတ်ပါချေ။ ယခုအချိန်တွင် ပညာတတ်လူငယ်များအကြား စာရေးပြီး ဆက်သွယ်ကြတဲ့ ကလောင်မိတ်ဆွေလုပ်ကြတာက ရေပန်းစားနေသည်ပင်။ နောက်တစ်နည်းကတော့ မိမိရဲ့ ခံစားချက်ကို ဖော်ပြရန်အတွက် အကျွမ်းတဝင်မရှိတဲ့ အီးမေးလ်လိပ်စာသို့ စာတစ်စောင်ပို့ခြင်းဖြစ်သည်။
တစ်ခါက စာတိုက်ရှိ မိတ်ဆွေနံရံမှာ ယဲ့မင်ရှို့ရှိခဲ့ဖူးပါသည်။ ၎င်းကို မိတ်ဆွေနံရံလို့ ခေါ်ဆို၍မရနိုင်ပေမယ့် "ကြေငြာအသေးလေးတွေ" ကပ်လို့ရတဲ့ နံရံတစ်ခုပင်။
အများအားဖြင့် စာတိုက်နှင့် ရထားဘူတာများတွင် အိမ် အလဲအလှယ်လုပ်ခြင်း၊ အလုပ်ဖလှယ်ခြင်းစသဖြင့် "ကြော်ငြာအသေးစားတွေ" နှင့် ရံဖန်ရံခါ မိတ်ဆွေဖွဲ့ရန်အတွက် အချက်အလက်တွေကို ကပ်ထားနိုင်တဲ့ နံရံတစ်ခုရှိလေ၏။
ယဲ့မင်ရှို့ စိတ်လက်မာန်ပါဖြင့် သူမရဲ့ အီးမေးလ်လိပ်စာကို ချန်ထားခဲ့လိုက်သည်။
ဟုတ်ပါတယ် သူမ ထွက်သွားပြီးမှ နောင်တရမိလေရဲ့။ နောက်တစ်နေ့တွင် သူမ သွားပြန်ကြည့် တဲ့အခါ သူမချန် ထားခဲ့ တဲ့စာရွက်မှာ စုတ်ပြဲနေပြီဖြစ်၍ အလေးအနက် မှတ်ယူမနေခဲ့တော့ပေ။
သို့သော် နောက်ပိုင်းတွင်မူ စာတိုက်ပုံးမှတစ်ဆင့် "ကျန်းရှန့်ဖေးဟုန်"အမည်ရှိတဲ့ လူတစ်ယောက်ဆီက စာတစ်စောင်ကို အမှန်တကယ် လက်ခံရရှိခဲ့သည်။
ယဲ့မင်ရှို့က သူ့စာကိုဖတ်ကြည့်ပြီးနောက် ထိုလူကို စိတ်ဝင်စားလာခဲ့ပေမယ့် ထိုသူက စာတစ်စောင်ပို့တိုင်းပို့တိုင်း သူ့အချက်အလက်နှင့် လိပ်စာကို ဘယ်တော့မှ မချန်ထားခဲ့တဲ့အတွက် ရှာမတွေ့နိုင်ခဲ့ပေ။
သူ့ဆီမှ ရင်ဖွင့်ခံရတဲ့လူဟာ သူ့ကို စာပြန်ရေးဖို့ မလိုအပ်သလိုပင်။
ယဲ့မင်ရှို့က သူ့စာကို တကယ်ပြန်ရေးချင်ခဲ့သော်လည်း ရွေးချယ်စရာမရှိခဲ့ပါပေ။
သူမ ပညာတတ်လူငယ်တစ်ယောက်အဖြစ် ချုံကျိုးကျွန်းကို ပြန်လာတဲ့အခါ လမ်းမှာ ဘောပင်တစ်ချောင်းကို အမှတ်တမဲ့ ကောက်ရခဲ့ပြီး ထိုဘောပင်ပေါ်က လက်ရေးဟာ သူမဆီရောက်ရောက်လာတဲ့ စာထဲကလက်ရေးနှင့် အတူတူပင်ဖြစ်ကြောင်း သိရှိခဲ့ရ၏။
ဘောပင်ပေါ်မှာ စစ်တပ်အမှတ်အသားရှိနေသလို 'ကျန်းရှန့်ဖေးဟုန်' နှင့် 'ကျောက်ကျန်းဟုန်' ဆိုတဲ့ နာမည်ကလည်း အရမ်းဆင်တူနေခဲ့ရာ ဒါဟာ ဆင်တူနေရုံပဲလားလို့ သူမတွေးနေမိလျက်။
ဒီလိုတိုက်ဆိုင်မှုဆိုတာ တကယ်ပဲရှိတာလားနော်?
ဤကျောက်ကျန်းဟုန်မှာ ကျန်းရှန့်ဖေးဟုန်ပင်။
သည့်အပြင် ပိုလို့တောင် တိုက်ဆိုင်မှုတစ်ခု ဖြစ်သွားပါသေးသည်။
သူသည် စာထဲတွင် စစ်တပ်က အမြွှာသားနှစ်ယောက်ရှိတဲ့ သူ့ငယ်သူငယ်ချင်းကောင်းတစ်ယောက်အကြောင်းကိုတောင် အကျဥ်းချုံး ပြောပြခဲ့ပါသေးသည်။
ယနေ့ ကလေးတချို့ မျောက်တွေဆီက အလုယက်ခံလိုက်ရကြောင်း၊ ထိုကလေးလေးမှာ အမြွှာထဲက တစ်ယောက်ဖြစ်ကြောင်း ရွာသားတွေ ပြောနေကြတာကို ယဲ့မင်ရှို့ ကြားလိုက်ရသည်ပင်။ ထူးခြားချက်မှာ အမြွှာလေးတွေရဲ့ ဖေဖေကလည်း တပ်မတော်ကဖြစ်နေလေရဲ့။
ဒါက တိုက်ဆိုင်လွန်းနေတယ်မလား...
ဒီလိုတိုက်ဆိုင်မှုတွေ ဆက်တိုက်ကြုံလာရတာဟာ တကယ့်ကို မယုံနိုင်စရာကောင်းလှသည်ပင်။ ဒါဟာ ကောင်းကင်ဘုံက ပေးအပ်တဲ့ ကံကြမ္မာတစ်ခုလိုပါပဲ...
ယဲ့မင်ရှို့ အများကြီး တွေးမနေတော့ဘဲ ချန်မိသားစုအိမ်သို့ စာအုပ်သွားပြန်ပေးရန်အတွက် စေတနာ့ဝန်ထမ်းလုပ်လိုက်တော့သည်။
အမှန်တကယ်တော့ ပင်လယ်ထဲက လျှို့ဝှက်ဆန်းကြယ်တဲ့ ရဲဘော်ကျောက်ကျန်းဟုန်အကြောင်း မေးမြန်းစုံစမ်းဖို့အတွက် ဒီအခွင့်အရေးကို ရယူချင်ခဲ့ခြင်းသာ။
မမျှော့်လင်စွာပင် သူမ အမှန်တကယ် သိရှိခဲ့ရလေပြီ။
"သူ့နာကျင်မှုတွေ၊ စိတ်ဓာတ်ကျတာတွေအကြောင်း ရင်ဖွင့်ထားတဲ့ သူ့စာတွေကို ကျွန်မဖတ်ပြီးပြီ။ သူက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်လို့ ကျွန်မ ထင်မိတယ်။ သူ့စာတွေကလည်း အရမ်းဆွဲဆောင်မှုရှိတယ်လေ။ သူက ပင်လယ်ပြာပြာရဲ့ လွမ်းဆွေးမှုလိုမျိုးပဲ..."
ချင်းရို့: "…"
ဒီလိုကွက်ကွက်ကွင်းကွင်းဖော်ပြချက်က...
မင်း ၁၉၇၀ပြည့်လွန်နှစ်များက လူငယ်တွေနှင့် တွေ့ဆုံရတာကို ဘယ်လိုခံစားရသလဲ...?
ဤလျှို့ဝှက်ချက်ကို သူမရဲ့ နှလုံးသားထဲတွင် အချိန်အကြာကြီး နစ်မြုပ်ထားခဲ့ရတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်လေရဲ့။ ယဲ့မင်ရှို့က ချင်းရို့ရှေ့မှာ ရဲဘော်ကျောက်ကျန်းဟုန်အကြောင်းကိုသာ ဖော်ပြခဲ့တယ်ဆိုပေမယ့် အနှီဖော်ပြချက်မှာ သူမအား ရူးသွပ်သွားစေမိတော့မလိုပင်။
"နင့်ယောကျ်ားကိုလေ ရဲဘော်ကျောက်ဆီကို စာတစ်စောင် ပို့ပေးခိုင်းလို့ရမလား?"
ချင်းရို့လည်း ဒီလိုမှော်ဆန်ပြီး တိုက်ဆိုင်မှုရှိတဲ့ ဇာတ်လမ်းကို ကြားခဲ့ရပြီးနောက် သေချာပေါက် သဘောတူခဲ့တာပေါ့လေ။
စပ်စုချင်လွန်းတဲ့ ချင်းရို့ဟာ ပညာတတ်လူငယ်တွေရှိရာနေရာဆီသို့ ဤမိန်းကလေးနောက်မှ လိုက်သွားခဲ့ပြီး အချိန်တစ်ခုလောက်ထိ သူ့သားတွေကို အာရုံမရတော့ပေ။
သူမ ဖရဲသီးကို နီးနီးကပ်ကပ်စားချင်ရုံလေးပါနော်။
ယဲ့မင်ရှို့ နေရာမှာတင် စာတစ်စောင်ရေးနေစဥ် ချင်းရို့က ဘေးမှာ စောင့်ဆိုင်းနေခဲ့၏။ ယဲ့မင်ရှို့က သူမအား ကျောက်ကျန်းဟုန်ရေးခဲ့တဲ့ စာတစ်ချို့ကိုတောင် ရက်ရက်ရောရော ပြသခဲ့ပါသေးသည်။ စာထဲမှာ အကြောင်းအရာ ထူးထူးခြားခြားမပါရှိဘဲ တိတ်တဆိတ် ရင်ဖွင့်ထားတဲ့ ခံစားချက်တွေသာ။
တစ်ယောက်တည်း ကြေကွဲဝမ်းနည်းရတဲ့ စာပေအလား...
ကောင်းကင်ပြာပြာနှင့် ပင်လယ်ကြီး၊ တိမ်ဖြူဖြူတွေအောက်က သင်္ဘောကြီး၊ ရေအောက်ရှိ လှုပ်ယမ်းနေတဲ့ သန္တာကျောက်တန်းတွေ၊ တသီးတခြားဖြစ်နေတဲ့ကျွန်းတွေ၊ အုန်းပင်တွေ၊ ကမ်းခြေမှာ ပြေးလွှားနေတဲ့ ဂဏန်းတွေ၊ လွင့်မျောနေတဲ့ တိမ်တိုက်တွေ၊ အဆုံးမရှိလှတဲ့ အထီးကျန်မှုအကြောင်း စသဖြင့် ထပ်ခါထပ်ခါ ရေးသားထားခြင်းပင်။
ရံဖန်ရံခါတွင် "I ရှန်နျန့် you (i miss u)"လိုမျိုး အင်္ဂလိပ်မဟုတ် တရုတ်မကျ စကားလုံးတွေပါ ရောနှောပါနေသေးတယ်။
ဟုတ်တာပေါ့ ဒီလိုစာလုံးတွေက အခုခေတ်မှာ အတော်လေး ခေတ်စားနေပုံရတာကိုး။
ချင်းရို့: "…"
ယဲ့မင်ရှို့ နောက်ဆုံးတွင် စာရေးပြီးသွားသည်နှင့် စာအိတ်ထဲတွင် ထည့်လိုက်ပြီး သူမဓာတ်ပုံကိုပါ ထည့်လိုက်လေ၏။
သူမရဲ့ မျက်လုံးတွေက တဖျပ်ဖျပ်လှုပ်ခတ်နေလျက်။ တကယ်တော့ ရဲဘော်ကျောက်အကြောင်းတွေကို ပိုပြီးမေးမြန်းချင်ခဲ့သော်လည်း အနာဂတ်တွင် သူ့ဆန္ဒအလျောက် ပြောပြတာကိုပဲ စောင့်ဆိုင်းသင့်ကြောင်း တွေးမိသွားခဲ့သည်။
ယဲ့မင်ရှို့ စာအိတ်ပိတ်ကာ တံဆိပ်ခေါင်းတစ်ခု ကပ်လိုက်ပြီး ချင်းရို့ဆီ ကမ်းပေးလိုက်ရင်း ရှက်ရွံ့စွာပြောခဲ့လေသည်။
"ဒါဆို ဒါလေးကို ရဲဘော်ချင်းဆီမှာပဲ အပ်လိုက်ပြီနော်"
ချင်းရို့ ခေါင်းညိတ်ပြ၍ စာကို လက်ခံခဲ့ပြီး သူမအစ်မအိမ်သို့ ပြန်လာခဲ့သည်။ ကလေးလေးနှစ်ယောက်ဟာ သူတို့မေမေကို တွေ့သည်နှင့် ချက်ချင်းပင် ဝိုင်းရံခဲ့ကြသည်။
"မားမား စာအုပ်လေး ပြန်ရလာပြီ"
"အင်း စာအုပ်လေးက သူ့ဘာသူ ပြန်လာပြီ"
"မျောက်လေး အဲဒီမှာရှိနေသေးလား?"
"ဟုတ်တယ် မားမားက ဆိုးသွမ်းတဲ့မျောက်လေးကို သင်ကြားပေးဖို့ မျောက်ပါးပါးမားမားဆီ သွားပြောထားတယ်နော်"
ဖက်ထုပ်လေး ဝမ်းသာအားရ ခေါင်းညိတ်လာခဲ့၏။
ချင်းရို့ ကလေးနှစ်ယောက်နှင့်အတူ အိမ်ပြန်လာခဲ့ပြီး သိပ်မကြာမီတွင် လုယန် အိမ်ပြန်ရောက်လာခဲ့သည်။
ဖက်ထုပ်လေးက သူ့ဖေဖေပြန်လာကြောင်းကြားသည်နှင့် သူ ဒီနေ့ အလွန်အမင်းနစ်နာခဲ့ရကြောင်း ပြောပြဖို့အတွက် သူ့ကောကောအရှေ့မှ ပြေးသွားကာ သူ့ဖေဖေရင်ခွင်ထဲကို ခုန်ဝင်ပြီး နှစ်သိမ့်ပေးဖို့ တောင်းဆိုနေပါတော့သည်။
ကလေးလေးနှစ်ယောက်က သူတို့ဖေဖေ့ရင်ခွင်ထဲကို ပစ်ဝင်ခဲ့ကြကာ
"ပါးပါး ပါးပါး..."
"ဘာဖြစ်လို့လဲ?"
လုယန် ကလေးတွေကို တစ်ယောက်ပြီးတစ်ယောက် ပွေ့ချီလိုက်၏။ ဒီနေ့ သူ့သားလေးတွေ အရမ်းစိတ်အားထက်သန်နေကြတာပဲ။ ဖက်ထုပ်လေးက စိတ်ထိခိုက်နေတဲ့ မျက်လုံးလေးတွေနှင့် သူ့ဖေဖေကို ကြည့်လိုက်ပြီး
"ပါးပါး မျောက်လေးက သားစာအုပ်ကို လာလုတယ်"
"ဖက်ထုပ်လေး လုယက်ခံလိုက်ရတာ"
လုယန်: "…" ? ? ?
မျောက်တစ်ကောင်က သားငယ်လေးဆီက လုယက်သွားတယ်...
ပျက်စီးနေတဲ့ကလေးလေးလို ပြုမူရတာကို သဘောကျတဲ့ ဖက်ထုပ်လေးဟာ သူ့ဖေဖေဆီက နှစ်သိမ့်မှုကို တောင်းခံနေလေပြီ။ ဖေဖေလုယန်က သားငယ်လေးရဲ့ နစ်နာခဲ့ရတာတွေ၊ မကျေနပ်ချက်တွေကို ကြားလိုက်ရတဲ့အခါရယ်စရာကောင်းပြီး ဟာသဆန်တယ်လို့ ခံစားလိုက်ရလျက်။
ဖွီး... မဟုတ်ဘူး... သူ့သားလေးရှေ့မှာ အကျယ်ကြီးမရယ်မောမိဖို့ ကြိုးစားရမယ်...
"မျောက်အဆိုးလေး"
"အင်း မျောက်အဆိုးလေးပဲ။ နောက်တစ်ခါကျ သားရဲ့ စတုတ္ထဦးလေးကို ပညာပေးခိုင်းလိုက်မယ်နော်"
"အင်း အင်း ..."
ကလေးလေးနှစ်ယောက်က သဘောတူစွာ ခေါင်းညိတ်လာခဲ့၏။ ဖက်ထုပ်လေးဟာ အခွင့်အရေးတိုင်းကို ဘယ်လိုရယူရမလဲဆိုတာကို သိတဲ့ ပေါက်စနလေးပင်။
ဒီနေ့ သူ အမှားယွင်းခံခဲ့ရတာကြောင့် ဒီညနေမှာ ဖေဖေလုပ်ပေးတဲ့ ဘန်းမုန့်ပေါင်းကြီးတွေ၊ မေမေလုပ်ပေးတဲ့ ပုဇွန်မုန့်လေးတွေ၊ သူ့အစ်ကိုအကြိုက် ပေါင်မုန့်လုံးလေးတွေ စားချင်ကြောင်း ပြောလာခဲ့သည်။
"ကောင်းပြီ ဘန်းမုန့်ပေါင်းအတွက် မုန့်ညက်နယ်ဖို့ သားကိုခေါ်သွားမယ်"
သားအဖသုံးယောက်သား စကားစမြည်ပြောပြီး ရယ်မောနေရင်း အိမ်ထဲဝင်လာခဲ့ကြလေ၏။