အခန်း (၁၇၅)
Vol. 15 Ch. 175
ညနေခင်း၌ ချင်းရို့က လီချင့်ဟွား ပေးပို့ထားတဲ့ မြောက်ပိုင်းဆန်ဖြင့် ပုစွန် ယာဂုတစ်အိုးကို ကလေးတွေအတွက် ချက်လိုက်၏။
ကောက်ညှင်းဆန်ပျော့ပျော့ထဲတွင် ရေစိမ်ထားတဲ့ ခေါင်းဖယ်ပြီးသား ပုစွန်နီနီတွေ၊ ရှီးတက်မှိုနှင့် မုန်လာဥနီအတုံးသေးသေးလေးတွေ၊ လတ်လတ်ဆတ်ဆတ်နှင့် ကြက်သွန်မြိတ်စိမ်းစိမ်းလေးတွေကို ထည့်ထားသဖြင့် စားချင့်စဖွယ်ကောင်းနေလေရဲ့။
သို့သော်လည်း ကလေးတွေက မုန်လာဥနီအတုံးသေးသေးလေးတွေကို မြင်လိုက်တဲ့အခါ ပျော့ဖတ်သွားကြလေပြီ။
ဂျုံယာဂု မသောက်ချင်ပေမယ့် အနံ့က အရမ်းမွှေးနေတာပဲရော...
ချင်းရို့က ပုစွန်နှင့်ပဲကြာဇံဟင်းတစ်အိုး၊ ခရမ်းချဉ်သီးအသားလုံးစွပ်ပြုတ်တစ်အိုး၊ ခရမ်းချဉ်သီးနှင့် ပဲတို့ဟူးချောင်းဆလတ်ဟင်းတစ်အိုး၊ မြေအိုးဝက်အူချောင်း ထမင်းတို့ကို ချက်ပြုတ်ခဲ့သည်။
ဒီနေ့ချက်တဲ့ မြေအိုးထမင်းကတော့ အတော်လေးရိုးရှင်းလှပြီး အခြေခံအကျဆုံး ဝက်အူချောင်းမြေအိုးထမင်းပင်။
သူမက ထမင်းအလယ်မှာ ကြက်ဥကြော်တွေ ထည့်ထားပြီး တစ်ဝက်ကို အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ ထည့်ကာ ကျန်တစ်ဝက်ကိုမူ ဝက်အူချောင်းထည့်ထားပေသည်။ ဝက်အူချောင်းအနီကို ပါးပါးလှီးဖြတ်ထားကာ ဖီးနစ်အမြီးလိုမျိုး ထမင်းပေါ်တွင် ဖြန့်ထားပြီး နောက်ဆုံးတွင်မူ ချင်းရို့က နှမ်းနက်နည်းနည်း ဖြူးလိုက်၏။
အနံ့လေးမှာ မွှေးပျံ့နေပြီး ဆွဲဆောင်မှုရှိနေပြီး ထမင်းလုံးကြွပ်ကြွပ်လေးတွေလည်း ရှိပါသေးသည်။
ညနေစာရဲ့ အဓိကဟင်းလျာများမှာ မြေအိုးဝက်လက်စတူးနှင့် ရွှေရောင်စွပ်ပြုတ်နှင့် ငါးချဥ်အိုးပင်။ မြေအိုးဝက်လက်စတူးကို သူမချက်ကြည့်ချင်နေခဲ့တာ အတော်ကြာပြီလေ။
လှီးဖြတ်ထားတဲ့ ဝက်လက်တွေကို ရေနွေးဖျော၍ ချင်းပြားအနည်းငယ်နှင့် ဟင်းချက်ဝိုင်တို့ဖြင့် နှပ်ထားလိုက်ပြီးမှ ဟင်းခတ်အမွှေးအကြိုင်တို့ဖြင့် ရောမွှေလိုက်ကာ သကြားရောင်လေးရစေရန် သကြားခဲတွေ ထည့်လိုက်၏။
ထို့နောက် ပဲပိစပ်၊ ဝက်လက်တွေနှင့် ဟင်းခတ်အမွှေးအကြိုင်တွေကို အိုးထဲထည့်ကာ မီးအေးအေးနှင့် နှပ်ထားလိုက်၏။ နောက်ဆုံးတွင် မီးအေးအေးဖြင့် နှပ်ထားတဲ့ ဝက်လက်စတူးဟာ မွှေးပျံ့လာတာကြောင့် လူတွေကို သွားရည်ယိုစေပါသည်။
လုမိသားစုက ငရုတ်သီးကို အများအပြား မစားသော်လည်း ငရုတ်ပွအဝါဆော့စ်ဖြင့် ချက်ထားတဲ့ ရွှေရောင်စွပ်ပြုတ်ကိုတော့ မရှိမဖြစ်လိုအပ်သည်ပင်။ စွပ်ပြုတ်က အရမ်းအရသာရှိလှသည်။
ရွှေရောင်စွပ်ပြုတ်ထဲမှာ ငါးချဥ်နှင့် တို့ဟူးခြောက်တွေထည့်ပြီးပါက ငါးအသားမှာ နူးညံ့ပြီး အရသာရှိသလို စွပ်ပြုတ်ကိုလည်း တိုက်ရိုက်သောက်နိုင်ပေ၏။
လုယန်က မီးဖိုချောင်ဆီ လာရောက်ကူညီခဲ့ပြီး ဟင်းပွဲတွေအားလုံးကို စားပွဲပေါ် တင်ပေးခဲ့သည်။ ကျောက်ကျန်းဟုန်က သူ့ရှေ့ရှိ အရောင်အသွေးစုံလင်ပြီး အနံ့အရသာနှင့် ပြည့်စုံတဲ့ ဟင်းလျာတွေကို ကြည့်လိုက်သည်။
ပထမတော့ စွဲမက်ဖွယ်ရနံ့ကြောင့် တံတွေးမျိုချမိပြီးနောက်တွင် လုမိသားစုမှာ အိုးတွေ အများကြီးရှိလို့ အံ့အားသင့်သွားခဲ့ရ၏။
"ငါ့ဇနီးလေးက အဖုံးပါတဲ့အိုးတွေကို ကြိုက်လို့ အများကြီးဝယ်ထားတာလေ"
ကျောက်ကျန်းဟုန် နားလည်သမှုဖြင့် ခေါင်းညိတ်ရင်း
"ငါ အိမ်ထောင်ကျပြီး မိသားစုခြံဝင်းဆီ ပြောင်းလာတဲ့အခါ အိုးတွေနည်းနည်းလောက် ကြိုဝယ်ထားသင့်လား? ဒီအိုးကို ဘယ်မှာဝယ်လို့ရမလဲ?"
"ငါ ကွမ်ချန်က ဝယ်ခဲ့တာပဲ"
လုယန် ပြောပြီး နောက် ဟာသဆန်ဆန်ဖြင့် "အိုးအမည်းတွေနည်းနည်းပိုဝယ်ဖို့ ငါ အကြံပြုလိုက်မယ်ကွာ"
ကျောက်ကျန်းဟုန်: "ငါ အိုးအမည်းကြီးကို မကြိုက်ပါဘူး"
"အိမ်မှာ မင်းမဝယ်ရင် ဘယ်သူဝယ်မှာလဲကွာ။ လောင်ကျောက် မင်းမှာ စဥ်းစားဥာဏ်လုံးဝမရှိဘူးပဲ"
ကျောက်ကျန်းဟုန် ရုတ်တရက် သဘောပေါက်သွားပြီး "လတ်စသတ်တော့ ဒါဟာ ကြုံဖူးတဲ့သူတွေဆီက အတွေ့အကြုံတွေပဲကိုး"
အိမ်ထောင်သက် ၃နှစ်ရှိပြီးသူတွေဟာ မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ သူ အိမ်ကို အိုးအမည်းယူသွားဖို့ အရင်လုပ်ရမယ်။ ဒါဟာ မှတ်ကိုမှတ်ထားသင့်တယ်။
ကျောက်ကျန်းဟုန် မှတ်စုစာအုပ်ငယ်လေးကို မယူလာမိတဲ့အတွက် နောင်တရမိလေပြီ။
သို့သော် ဒီညမှာ သူစားခဲ့တဲ့ မြေအိုးဟင်းလျာပေါင်းများစွာကို တွေးကြည့်မိလိုက်တဲ့အခါ ဒီအိုးအမည်းကို မှတ်မိသင့်ပေသည်။ အနာဂတ်အိမ်ထောင်ရေးဘဝ သာယာစေဖို့အတွက် ရဲဘော်လုယန်ကို အများကြီးခုတုံးမလုပ်သင့်ပါပေ။
သူတို့ရဲ့ စကားတွေကို နားထောင်နေရင်း ခဏတာ ဆွံ့အသွားရသော ချင်းရို့ "…"
သူမ လုယန်ကို စိုက်ကြည့်လိုက်ကာ... ဒီလူက ထပ်ပြီးလှည့်စားနေပြန်ပြီလား လုကောရေ?
လုယန် ပျော်မြူးစွာ လေချွန်လိုက်လေသည်။
လုကျုံးရီတို့ဇနီးမောင်နှံဟာ လုပြည်နယ်ရှိ သူတို့မွေးရပ်မြေသို့ ပြန်သွားခဲ့သည်မှာ ကြာလှပြီဖြစ်ပြီး အတန်းဖော်ငယ်လေး ရှမင်ရှီးကိုလည်း နှစ်ကုန်တုန်းက သူ့မိခင်ရှိရာဆီ ခေါ်ဆောင်သွားသည်ဖြစ်တာ ကြောင့် ယခု လုယန်နှင့် သူ့ဇနီးလေးတို့က အမြွှာလေးနှစ်ယောက်နှင့်သာရှိနေပြီး ဧည့်သည်ဖြစ်တဲ့ ကျောက်ကျန်းဟုန်နှင့်ဆို ထမင်းစားပွဲဝိုင်းတွင် လူငါးယောက် ထိုင်နေခဲ့ကြသည်။
ချင်းရို့ ကလေးလေးနှစ်ယောက်အတွက် ပုဇွန်ဂျုံယာဂု တစ်ပန်းကန်လုံးစီ ခပ်ပေးလိုက်၏။
ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့က စူးရှရှအကြည့်တို့ဖြင့် ယာဂုထဲက မုန်လာဥနီအတုံးလေးတွေကို မြင်သောအခါတွင် ခေါင်းလေးတွေကို ဘေးသို့ လှည့်လိုက်ကြသည်။
"ယာဂုမစားဘူး"
"မစားနဲ့ ကောကော"
ချင်းရို့ ညင်သာစွာ ပြုံးလျက် "သားတို့ ဒီည ယာဂုမစားရင် မနက်ဖြန် သက်သတ်လွတ် မုန်လာဥနီကြော်နဲ့ မုန်လာဥပေါင်း စားရမယ်နော်"
ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေး: "..."
အကြီးလေးကျိုးကျိုးက ဖေဖေလုယန်ကို ကြည့်ကာ
"ပါးပါးရေ မားမားကို မထိန်းနိုင်တော့ဘူးလား?"
လုယန် ဘန်းမုန့်ပေါင်းတစ်ခုယူကာ တစ်ကိုက်ကိုက်လိုက်ရင်း
"ပါးပါးက မထိန်းနိုင်ဘူး၊ မင်းတို့မားမားကပဲ ပါးပါးကို ထိန်းချုပ်တာလေ"
ကျောက်ကျန်းဟုန်: "…"
အိမ်မှာ လုကောရဲ့ ပြောဆိုပြုမူပုံကို ကြည့်ပြီးတော့ သူ ရုတ်တရက် သဘောပေါက်သွားချေပြီ။
ထပ်ပြီးလေ့လာထားရမယ်...
ကျောက်ကျန်းဟုန်ရဲ့ သင်ယူနေတဲ့ အမူအရာဟာ လုယန်ရဲ့ အာရုံကို ဖမ်းစားနိုင်လိုက်လေပြီ။ လုယန် ငါးဆုပ်လုံးကို ယူလိုက်ပြီး ကျောက်ကျန်းဟုန်ဆီ စိုက်ကြည့်နေလိုက်သည်။
ဒီနေ့ ဒီကောင်ရဲ့ ပုံစံက လောင်ဝမ်ကို သတိရသွားစေတယ်ကွာ...
ဒါ …
ဒီလူတွေက လက်တွဲဖော်တစ်ဦးရှာတွေ့ပြီးရင် ဘာလို့လုံးဝပြောင်းလဲသွားသလို ပုံပေါ်နေတာလဲကွာ? အရမ်းစိတ်ရှုပ်စရာပဲဟေ...
ထို့အပြင် လုယန်က ကျောက်ကျန်းဟုန် ၀တ်လာတဲ့ရှပ်အဖြူကို စိုက်ကြည့်လိုက်ပြီးနောက် သူ့ရှပ်အင်္ကျီအဖြူကို သူ့ဘာသာသူ ပြန်ကြည့်လိုက်တဲ့အခါ "..."
ကျောက်ကျန်းဟုန်သည် သူ့အိတ်ကပ်ထဲမှာလည်း ဘောပင်တစ်ချောင်းထည့်ထားကာ ဒဿနိကဗေဒစာအုပ်တစ်အုပ်ကိုပါ ယူလာခဲ့သေးသည်။
လုယန်က ဒီကောင် ဟန်ဆောင်ကောင်းလွန်းတယ်လို့ တွေးနေမိလျက်။
မင်းရဲ့လုကောရှေ့မှာ တကယ်ကြီး ဟန်ဆောင်ပန်ဆောင်လာတယ်ပေါ့လေ။
ကျောက်ကျန်းဟုန်သည် နူးညံ့မွှေးပျံ့တဲ့ ဝက်လက်စတူးကို စားလိုက်ပြီး ကြာဇံအနည်းငယ်ကို မြည်းစမ်းကြည့်လိုက်သည်။ သူ့လျှာသူတောင် ကိုက်မိချင်လောက်အောင် လတ်ဆတ်လွန်းနေ၏။
နှစ်ပေါင်းများစွာ သူစားသောက်ခဲ့တဲ့ ကန်တင်းနှင့် သူတွေ့ဆုံခဲ့ဖူးတဲ့ စားဖိုမှူးများစွာကို ပြန်တွေးကြည့်မိလိုက်တော့... သူ ဒီလိုလှပကျေနပ်ဖွယ်နေ့ရက်များကို တစ်ခါမျှ မခံစားခဲ့ဖူးပါချေ...
သူ့မျက်လုံးထဲတွင် အရင်တုန်းက ဟင်းချက်အဖွဲ့ခေါင်းဆောင် ယောက်မကိုင်ထားတဲ့ပုံတွေကို တစ်ခုပြီးတစ်ခု ပြန်ပေါ်လာလျက်။
စစ်သားတစ်ဦးဖြစ်လာဖို့ လျှို့ဝှက်စွာ တောင်းဆိုနေကြတာ ဘယ်လိုလူမျိုးတွေလဲဆိုတာ မင်းတို့သိရဲ့လား?
- အရသာရှိတဲ့အစားအစာတွေ ချက်ပြုတ်တတ်တယ်။
ဘိုးဘေးတွေလိုမျိုး အလေးထားရမယ်။
သင်္ဘောပေါ်က အေးခဲဟင်းသီးဟင်းရွက်တွေနှင့် ပဲပင်ပေါက်တွေကို ပြန်တွေးကြည့်မိတော့... စားချင့်မဖွယ်မကောင်းလိုက်တာများ...
ကျောက်ကျန်းဟုန် သူ့နှလုံးသားထဲတွင် ဝမ်းနည်းပူဆွေးမှုကို ခံစားလိုက်ရသဖြင့် ယခုမူ သူ့ရဲ့ဝမ်းနည်းမှုနှင့် ဒေါသကို စားချင်စိတ်အဖြစ် ပြောင်းလဲရန် လိုအပ်နေပြီဖြစ်သည်။
သူ့ရဲ့ လှပချောမွေ့တဲ့ အနာဂတ်ဘဝကို မစတင်ရသေးခင် ခဏလောက်တော့ ကန်တင်းမှာ စားရပေဦးမည်။ ရဲဘော်လောင်လုလည်း ဒီလိုမျိုးနေခဲ့ရတာပဲလေ။