အခန်း (၁၇၆)
Vol. 15 Ch. 176
ကျောက်ကျန်းဟုန်သည် လုယန်က စားသောက်နေရင်း သူ့မျက်လုံးတွေက သူ့အဝတ်အစားတွေပေါ်မှာ ရှိနေတာကို တွေ့လိုက်ရ၍ ကျောက်ကျန်းဟုန် မပျော်ရွှင်မိဘဲ မနေနိုင်တော့ပေ။
သူ တစ်ခုခုကို သတိရသွားပြီး သူ့အင်္ကျီလက်ကို အလျင်စလို ဆွဲချလိုက်ကာ "ဒီဝတ်စုံက ငါ မင်ရှို့နဲ့ အပြင်သွားတုန်းက မင်ရှို့ ရွေးပေးခဲ့တာလေ။ သင့်တော်တယ်မလား?"
"မဆိုးပါဘူး"
သူ့မျက်လုံးထဲက ဂုဏ်မောက်နေတဲ့ အကြည့်တွေကို လုယန် မြင်လိုက်ရ၍ ဘန်းမုန့်ပေါင်းကို တစ်ကိုက်ကိုက်ပြီးမှ မထီအပြုံးဖြင့် သူ့လက်ညှိုးနှင့် အင်္ကျီကော်လာကို ကိုင်လိုက်ပြီး "ဒါက ငါ့ဇနီးလေးကိုယ်တိုင် ချုပ်ပေးထားတာလေ"
ကျောက်ကျန်းဟုန်ရဲ့ အမူအရာကို မြင်တဲ့အခါ လုယန် ပေါ့ပေါ့ပါးပါး ထပ်ပြောလိုက်ပါသေးသည်။ "ဒါက အထူးချုပ်ပေါ့ကွာ"
ကျောက်ကျန်းဟုန်: "... " ရဲဘော်ကျောက်က ရှုံးသွားပါပြီလို့ တွေးနေမိလျက်။
ချင်းရို့: "…"
ရဲဘော်ရှောင်ချင်းက သူမမျက်နှာကို ဖုံးကွယ်ချင်နေပါပြီနော်... အရမ်းရှက်စရာကောင်းတယ် မဟုတ်လားလို့...
လုယန်က အတွင်းဘက်မှ ပုန်းကွယ်နေတဲ့ ချည်မျှင်တွေကို ဖုံးကွယ်ရန် ကြိုးစားရပေမည်။
အဝတ်အစားတွေဟာ အပြင်ပန်း လှပတောက်ပြောင်နေသော်လည်း အတွင်းပိုင်းမှာတော့... ရဲဘော်ရှောင်ချင်းတစ်ဦးတည်းသာ အတွင်းဘက်မှာ ဘာတွေဖြစ်နေသလဲဆိုတာကို သိလေရဲ့။
ကျောက်ကျန်းဟုန် ခေါင်းညိတ်ကာ "အိမ်ထောင်ပြုတဲ့အခါ အရေးကြီးဆုံးအရာလေးခုရှိတယ် မဟုတ်လား? နာရီ၊ ရေဒီယို၊ စက်ဘီး၊ အပ်ချုပ်စက်လေ၊ ငါ နားလည်ပါတယ်ကွာ"
"ငါ အိမ်ထောင်ကျပြီးရင်လည်း ငါ့မိန်းမချုပ်ပေးတဲ့ အဝတ်အစားတွေ ဝတ်လို့ရပြီ"
လုယန်အတွေးထဲဝယ်.. အရင်ဆုံး မင်းမိန်းမက ဘယ်လိုချုပ်ရမလဲဆိုတာကို သိမှရမယ်လေ။
ချင်းရို့ သူမဘာသာ တွေးနေမိသည်မှာ.. မိန်းမတွေပဲ အချင်းချင်း ယှဥ်ပြိုင်နေတယ်လို့ ဘယ်သူပြောတုန်း? ယောကျ်ားသားတွေလည်း နှိုင်းယှဥ်လိုစိတ် ပြင်းထန်ကြတာပါပဲနော်။
လုယန်က ဖက်ထုပ်လေးရဲ့ ပုခုံးကို ပွေ့ဖက်၍ "ငါ့သားတွေ ဝတ်ထားတာလဲ အတူတူပဲလေ။ ငါတို့သားအဖတွေအားလုံး ငါ့ဇနီးလေး ချုပ်ပေးထားတာပဲ ဝတ်ထားကြတာလေ"
ကျောက်ကျန်းဟုန်: "…"
ကျောက်ကျန်းဟုန်သည် သူလည်း အနှေးနဲ့အမြန် အဲဒီအချိန်ကို ရောက်လာတော့မှာပါလို့ တွေးနေမိလျက်။ အဲဒီအခါကျ သူ့သားကိုပါ လုမိသားစုဆီခေါ်လာပြီး လုမိသားစုရဲ့ မြက်ခင်းပြင်ပေါ်မှာ ခုန်ကြမယ်။
ဖက်ထုပ်လေး: "မားမားက ငါးသေးသေးလေးလည်း လုပ်တတ်တယ်"
ဖက်ထုပ်လေးက သူ့ဖေဖေရဲ့ အကူအညီဖြင့် ကုလားထိုင်သေးသေးလေးပေါ်မှ ခုန်ဆင်း၍ ဦးလေးကျောက်ကို ပြဖို့အတွက် ငါးမန်းလေးကို သွားယူရန် အခန်းထဲ ပြေးဝင်သွားခဲ့သည်။
သူပြန်လာတော့ သူ့လက်ထဲမှာ ငါးမန်းအရုပ်လေး ကိုင်ထားပြီး ကျောက်ကျန်းဟုန်ရှေ့မှာ ပြလိုက်၏။
ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့က သူတို့မေမေ လုပ်ပေးထားတဲ့ ငါးမန်းရုပ်လေးတွေကို မူကြိုက တခြားကလေးတွေကို ပြဖို့ မယူသွားခဲ့ရသေးပေ။
ဘာလို့လဲဆိုတော့ သူတို့လေးတွေက ငါးမန်းရုပ်လေးကို အရမ်းသဘောကျသဖြင့် တခြားကလေးတွေကြောင့် ညစ်ပတ်သွားမှာ၊ ပျက်စီးသွားမှာ မလိုချင်တာကြောင့် အိမ်မှာပဲ သိမ်းထားပြီး အပြင်လူတွေကို မပြသခဲ့ပေ။
သို့ပေတိ သူတို့ရှေ့က ဦးလေးကတော့ ဒီလောက်ကြီးတဲ့ လူကြီးတစ်ယောက်ဆိုတော့ သူတို့ရဲ့ ငါးမန်းရုပ်လေးတွေကို လုယက်မှာ မဟုတ်တာ သေချာတယ်လေနော်...
ဖက်ထုပ်လေးက သူ့လက်ထဲတွင် ငါးမန်းဝတုတ်လေးကို ကိုင်ထားရင်း အနက်ရောင်ကျောက်လေးလို တောက်ပနေတဲ့ မျက်လုံးလှလှလေးတွေဖြင့် ပျော်ရွှင်စွာ ပြုံးပြနေခဲ့သည်။
သူ့အသံလေးက ချိုမြိန်ပြီး နူးညံ့နေကာ "ထပ်ရှိသေးတယ်နော်"
ကျိုးကျိုး: "ပါးပါးရော မားမားရော ရှိသေးတယ်"
ကျောက်ကျန်းဟုန်: "..." ဟုတ်ပါပြီကွာ၊ မင်းတို့မိသားစုမှာ ငါးမန်းဘေဘီလေးတွေ ရှိပါတယ်၊ လုမိသားစုမှာ ငါးမန်းဘေဘီလေးတွေ ဘာလို့ ဒီလောက်များနေသလဲဆိုတာကိုတော့ သူနားမလည်ခဲ့ပါပေ။
ပါးပါးရော မားမားမှာပါ တကယ်ကြီး ရှိသေးတာလားဟ?
ဒါဆို ဒါ မိသားစုပဲပေါ့...
သူ မနာလိုမဖြစ်ပါဘူးနော်...
ကျောက်ကျန်းဟုန် သူ့ရှေ့က ကလေးနှစ်ယောက်ကို ကြည့်ပြီး ခြံထဲက သူတို့လေးတွေရဲ့ မကောင်းဆိုးဝါးဆန်ဆန်အသံတွေကို ပြန်မတွေးတော့ဘဲ လုယန်နှင့် တော်တော်လေးဆင်ကြတဲ့ မျက်ခုံး၊ နှာတံလေးတွေရှိတဲ့ ကလေးအဆီမျက်နှာလေးတွေကို ကြည့်လိုက်ပြီး ရယ်ချင်စွာဖြင့် ကပ္ပတိန်လုရေ မင်းရဲ့သားတွေက မင်းရဲ့ဂုဏ်သိက္ခာကို တကယ်ဖျက်စီးပစ်နေတာပဲလို့ တွေးနေမိလေသည်။
သို့သော်လည်း ကျောက်ကျန်းဟုန်က အနည်းငယ် အားကျမနာလိုမိပါသည်။ သူ့ရဲ့အနာဂတ်ကလေးတွေလဲ သူနဲ့တူမယ်ဆိုရင် ကောင်းမှာပဲကွာ...
သူဘာတွေတွေးနေသလဲဆိုတာ အာရုံခံမိပုံရတဲ့ လုယန်က မျက်ခုံးပင့်လိုက်ပြီး ပြုံးကာ
"ငါ့သားတွေက ငါနဲ့တူတယ်မလား?"
"တူတယ်၊ တော်တော့်ကိုတူတယ်"
ကျောက်ကျန်းဟုန်က လုယန်နှင့် အတိအကျတူကြတဲ့ ကလေးဆန်ဆန်မျက်နှာလေးတွေကို ကြည့်လိုက်ပြီး ခဏလောက်ကြာတော့ တစ်ချိန်တည်းမှာပင် ချစ်စရာကောင်းပြီး မုန်းစရာကောင်းတယ်လို့ ခံစားလိုက်ရသဖြင့် အနှီကလေးပိစိနှစ်ယောက်ကို နောက်ပြောင်ချင်မိသွားရ၏။
"ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးလို့ ခေါ်တယ်ဟုတ်လား?"
ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့က ခေါင်းညိတ်လိုက်ကြ၏။
"လာပါဦး ဦးလေးက သားတို့ကို မေးခွန်းတစ်ခုမေးချင်လို့ကွယ်။ မင်းတို့မားမားက အကိုကြီးကျိုးကျိုးကို အချစ်ဆုံးလား? ဒါမှမဟုတ် ညီလေးဖက်ထုပ်လေးကိုလား? ဒါမှမဟုတ် နှစ်ယောက်စလုံးကိုလား?"
ဖက်ထုပ်လေးက စဥ်းတောင်စဥ်းစားမနေဘဲ ပြန်ဖြေလိုက်၏။
"မားမားက ပါးပါးကို အချစ်ဆုံးပဲ!"
ကျောက်ကျန်းဟုန်: "? ? ? ! ! !"
အချစ်ဆုံးက ပါးပါးတဲ့လား ? ? ? ! !
အရင်တုန်းက လူကြီးတွေက ကလေးတွေကို ဒီလိုမေးလိုက်ရင် ကလေးတွေအားလုံးက သူတို့မားမားဟာ သူတို့ကိုသာ အချစ်ဆုံးပဲဖြစ်ကြောင်း ဖြေတတ်ကြတာလေ... ဒါပေမဲ့...
ကျိုးကျိုး: "မားမားက ပါးပါးကို အချစ်ဆုံး၊ ပါးပါးကလဲ မားမားကို အချစ်ဆုံးပဲ။ အဲဒါကြောင့် ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးတွေရှိလာတာတဲ့"
ကျောက်ကျန်းဟုန်: "? ? ? ? ! ! !"
လုယန် မျက်နှာပေါ်ရှိ အပြုံးမှာ ပို၍တောက်ပလာပြီး သူ့ရဲ့ ချောမောခန့်ညားတဲ့မျက်နှာလေးဟာ ပွင့်ပွင့်လင်းလင်း အားပါးတရ ပြုံးရွှင်နေခဲ့သည်။ ကလေးတွေဟာ ဒီပါးပါးရဲ့ သားကောင်းရတနာလေးတွေပဲလို့ တွေးနေမိလျက်။
"အဲဒါ မားမားပြောတာပဲလေ"
ချင်းရို့ ချောင်းဟန့်လိုက်ရ၏။
ကျောက်ကျန်းဟုန်: "…"
ရဲဘော်လောင်ကျောက်ကတော့ သူဘာကြောင့် ဒီလိုမေးခွန်းမျိုး မေးခဲ့မိသလဲဆိုတာကို နောင်တရနေခဲ့လေပြီ။
ကလေးတွေဆီကနေ အကြွားခံလိုက်ရသည့်အလား...
ကျောက်ကျန်းဟုန် ကလေးနှစ်ယောက်ရဲ့ ကလေးဆန်ဆန်စကားတွေကို တွေးတောနေမိရင်း ညဘက် အိပ်မပျော်နိုင်ဖြစ်ရကာ ဟိုဘက်ဒီဘက်လူးလှိမ့်နေခဲ့သည်။
နောင်ကျ သူ့မှာလည်း သားသမီးတွေရခဲ့ရင် ဒီလိုပြောတတ်အောင် သင်ပေးထားရမယ်လို့ စိတ်ထဲမှာ တွေးနေခဲ့ရင်း...
အနှီလူရဲ့ စိတ်ထဲမှာ အတွေးတွေနှင့် ပြည့်နှက်နေပြီး လုံးဝရပ်တန့်လို့မရခဲ့ပေ။ ကျောက်ကျန်းဟုန်မှာ သူ အိမ်ထောင်ကျသွားပြီး နှစ်နှစ်သားအရွယ်ကလေးလေးတစ်ဦးကို ပြုစုပျိုးထောင်ရမယ့်နေ့ရက်တွေအထိ အတွေးရေယာဥ်ကြောထဲ ရှည်နေခဲ့သည်။
ညနက်သန်းခေါင်ရောက်မှသာ သူ ပျော်ပျော်ကြီး အိပ်ပျော်သွားပါတော့သည်။
ကျောက်ကျန်းဟုန် နိုးလာပြီးနောက် မိသားစုခြံဝင်းမှ ထွက်လာခဲ့ပြီး သူ့မိသားစုဆီ ချက်ချင်းဖုန်းဆက်လိုက်သည်။ အရင်က မိသားစုတွေ ဘယ်လောက်ပဲပြောနေပါစေ၊ ထိုစကားတွေဟာ ကလေးတွေရဲ့ စကားလောက် အကျိုးမရှိခဲ့ပေ။
"အစ်မရေ ကျွန်တော် အမြန်ဆုံး လက်ထပ်ချင်ပြီ"
ကျောက်မိသားစု၏ အစ်မအကြီးဆုံးက သူ့စကားတွေကြောင့် ကြောင်အသွားရပြီး
"အိမ်ထောင်ပြုမလို့? ဘယ်လိုအိမ်ထောင်ပြုမှာလဲ?"
သူမရဲ့မောင်လေး ကွာရှင်းပြီးကတည်းက စိတ်ဒဏ်ရာရသွားသလိုမျိုး လိပ်အခွံထဲမှာ ပိတ်မိနေခဲ့တာလေ။ မိသားစုက သူ့ကို တစ်ချိန်လုံး စိတ်ပူနေခဲ့ရပြီး အနာဂတ်မှာ သူ စင်ဂယ်ဖြစ်နေမှာကို စိုးရွံ့နေခဲ့ရတာ။
အရင်တုန်းက ထန်ရို့နှင့် ဖြစ်ပျက်ခဲ့တာတွေကြောင့် သူ မကျေမနပ်ဖြစ်မှာ၊ စိတ်ညစ်ရမှာကို စိုးရိမ်မိ၍ သူ့မိသားစုဝင်တွေကလည်း သူ့ကို တခြားတစ်ယောက်ယောက်နှင့် သာမန်ကာလျှံကာ မိတ်ဆက်မပေးရဲခဲ့ပေ။
ကျောက်ကျန်းဟုန် စိတ်လှုပ်ရှားစွာဖြင့် ပြောလာခဲ့သည်။
"လက်ထပ်တော့မလို့၊ ကျွန်တော် တစ်ယောက်ယောက်ကို လက်ထပ်ချင်တယ်!!"
သူချစ်ရတဲ့သူနဲ့ ကလေးယူချင်တယ်!
"ဘယ်သူနဲ့ လက်ထပ်မလို့လဲ?" ထန်ရို့တော့ မဖြစ်ပါစေနှင့်။
ကျောက်မိသားစုဝင်တွေက ထန်ရို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့ရပြီးဖြစ်၏။ အရင်ကတော့ သူတို့မောင်လေးက ထန်ရို့ကို သဘောကျခဲ့သဖြင့် တခြားသူတွေနဲ့ လက်ထပ်ဖို့ ငြင်းဆန်ခဲ့သည်ပင်။