← Chapters

အခန်း (၁၇၇)

Vol. 15 Ch. 177

အခန်း (၁၇၇)

Vol. 15 Ch. 177

ကျောက်ကျန်းဟုန်နှင့် ထန်ရို့တို့ ကွာရှင်းခဲ့စဥ်က ကျောက်မိသားစုမှာ အလွန်ပျော်ရွှင်ခဲ့ကြသော်လည်း အချိန်ကြာကြာ မပျော်ရွှင်ခဲ့ရပါချေ။ ကျောက်ကျန်းဟုန်က ကွာရှင်းပြီးနောက် သူ့ရဲ့ တုံ့ပြန်မှုမှာ လုံးဝလွှဲမှားနေခဲ့ခြင်းကြောင့်ပင်။

ဒီလိုထူးဆန်းနေတဲ့ မောင်လေးက လူတွေကို ကြောက်ရွံ့စေခဲ့သည်။

ယခုအခါ ကိုယ့်ကိုယ်ကို သတ်သေသူတွေ များစွာရှိလာပြီဖြစ်တာကြောင့် သူမမောင်လေး မစဥ်းစားဘဲ သင်္ဘောပေါ်ကနေ ရေထဲခုန်ချပြီး သေလိုက်မှာကို ထိတ်လန့်နေခဲ့ကြရသည်... ထို့ကြောင့် မိသားစုထဲက ဘယ်သူမှ သူ့ကို မလှုံ့ဆော်ဝံ့ခဲ့ကြခြင်းပင်။

ထန်ရို့အပေါ် ကျောက်မိသားစုရဲ့ သဘောထားမှာ မကြာသေးမီက ပိုမိုကောင်းမွန်လာခဲ့သလို ထန်ရို့ကလည်း မကြာခဏ လာလည်ခဲ့သည်။ ဒီမိန်းမက သူမတို့အိမ်ထောင်ရေးကို တကယ်ပဲ ကယ်တင်ချင်နေတာလား?

ကျောက်မိသားစုရဲ့ အကြီးဆုံးအစ်မက ကြေကွဲနေခဲ့ရပေမယ့် ထန်ရို့အား မည်းမှောင်နေတဲ့ မျက်နှာထားဖြင့် ရင်ဆိုင်ဝံ့ခြင်းမရှိခဲ့ပါပေ။

ဘာလို့လဲဆိုတော့ ထန်ရို့က "ကျောက်ကျန်းဟုန်ဟာ ကျွန်မကို ဘယ်တော့မှ လက်လျော့မှာမဟုတ်ဘူး" လို့ ပြောနေခဲ့တာကြောင့်ပေါ့။

ကျောက်မိသားစုလည်း ဒီလိုဖြစ်လာမှာကို စိုးရွံ့နေခဲ့သည်။ သူတို့ ဘယ်လောက်ပဲ မလိုလားနေပါစေ သူတို့နှစ်ယောက် ပြန်လည်ပေါင်းစည်းမှာကိုလည်း စိတ်အဆင်သင့်ပြင်ထားဆဲပင်။

ယခု ကျောက်ကျန်းဟုန်က သူ့ကိုယ်ပိုင်စာမေးပွဲကို မကျော်ဖြတ်နိုင်တော့ဘဲ ပြန်လည်လက်ထပ်ချင်နေပြီတဲ့လား? ဘယ်သူနဲ့လဲ? ဒီအချက်က အရမ်းအရေးကြီးတယ်လေ...

"သူမနာမည်က ယဲ့မင်ရှို့တဲ့၊ သူမက ကျွန်တော် ကျွန်းမှာဆုံခဲ့တဲ့ မိန်းကလေးပါ..."

ကျောက်မိသားစုရဲ့ အကြီးဆုံးအစ်မက ဤမရင်းနှီးတဲ့နာမည်ကို ကြားလိုက်သည်နှင့် သူမမောင်လေး ဆက်ပြောလာတဲ့စကားတွေကို ရှင်းရှင်းလင်းလင်း မကြားရတော့ပေ။ ထန်ရို့မဟုတ်သရွေ့ အရာအားလုံးအဆင်ပြေသွားမယ်ဆိုတာပဲ သူမ သိပေ၏။

ဒီအကြောင်းတွေကို သူမမိဘတွေဆီ ပြောပြလိုက်ရင် မိဘတွေ စိတ်လှုပ်ရှားလွန်းလို့ ခုန်ပေါက်နေလိမ့်မှာ။

"အင်းပါ အင်းပါ၊ မင်း အိမ်ထောင်ပြုချင်ပြုပေါ့... မင်းတို့ ဘယ်လိုတွေ့ခဲ့ကြတာလဲ?"

ဖုန်း၏အခြားတစ်ဖက်တွင် ကျောက်ကျန်းဟုန်က အားပါးတရ စကားတွေအများကြီးပြောနေခဲ့သည်။ အချစ်နဲ့တွေ့နေတဲ့လူတွေဟာ သူတို့ရဲ့ အချစ်ရေးအချစ်ရာကို တခြားလူတွေဆီ မမျှဝေဘဲ မနေနိုင်သဖြင့်

"ကျွန်တော် လုယန်ကို ကျေးဇူးတင်ရမှာပါဗျာ၊ သူရော ခယ်မလေးကိုရော ကျေးဇူးတင်ရမှာ။ သူက အရမ်းတော်တာပဲ..."

"လုယန်လား? လုမိသားစုရဲ့ အငယ်ဆုံးသား?"

သူလည်း ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတာလား?

"ဟုတ်တယ်ဗျ၊ ကျွန်တော် ကောင်းချီးပေးခံရဖို့ သူ့အိမ်ကိုသွားခဲ့တယ်လေ။ တကယ်ကံကောင်းသွားခဲ့တာပဲဗျာ... အခု ကျွန်တော် မင်ရှို့နဲ့ အတူတူရှိနေကြပြီ၊ ကျွန်တော့်ကို အကြံဉာဏ်ပေးခဲ့တဲ့ လုယန်ကိုလည်း ကျေးဇူးအရမ်းတင်မိတယ်ဗျာ..."

ကျောက်မိသားစု၏ အစ်မအကြီးဆုံးက မောင်ငယ်ဖြစ်သူရဲ့ စကားကို ထူးဆန်းနေတဲ့ အမူအရာဖြင့် နားထောင်နေခဲ့သည်။

သူမ စိတ်ထဲမှာ တွေဝေမိန်းမောနေရင်း... ကျောက်ကျန်းဟုန်ပြောတဲ့သူက လုယန်လား? လုယန်ဆိုတာက တစ်ယောက်ယောက်ကို အကြံဥာဏ်ပေးနိုင်တဲ့သူတဲ့လားဟ?

လောင်လုမိသားစုက လုယန်လား?

သူမငယ်စဥ်အခါက သူမအကိုနှင့် အဆင်မပြေတဲ့ လူဆိုးလေးလုယန်လား? အမျိုးသမီးတွေရဲ့ အလှကို နားမလည်၊ ဟန်ဆောင်ပန်ဆောင် မဆက်ဆံတတ်တဲ့ လုယန်လား?

ငါ စိတ်ကူးကြည့်လို့တောင်မရဘူးဟယ်...

ကျောက်မိသားစု၏ အစ်မအကြီးဆုံးမှာ အူကြောင်ကြောင်ဖြင့် ဖုန်းချသွားခဲ့သည်။ ထိုကျွန်းတွင် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို သူမ မသိသော်လည်း သူမမောင်လေးက ထန်ရို့နှင့် နောက်တစ်ကြိမ်အိမ်ထောင်မပြုတော့ဘဲ ယဲ့မင်ရှို့လို့ခေါ်တဲ့ မိန်းမငယ်လေးအသစ်ကို ရှာတွေ့ခဲ့လေပြီ။ သူတို့နှစ်ဦးဟာ တစ်ဦးနှင့်တစ်ဦး ချစ်မြတ်နိုးကြပြီး အချင်းချင်းသဘောကျနေကြတယ်...

အိုး မိုင် ဂေါ့ ! ! ဒီမိသားစုမှာ ကြီးကျယ်တဲ့အရာတွေကို ဖြစ်လာပြီပဲ !

သူမမောင်လေးရဲ့ တစ်သက်တာအချစ်ရေးကိစ္စက ပြေလည်သွားပြီပေါ့ ? ! !

သူမ ပြန်သွားပြီး မိဘတွေကို မြန်မြန် ပြန်ပြောပြရမယ်ဟေ့...

ကျောက်ပါးပါးမားမားက သမီးဖြစ်သူရဲ့ စကားကို ကြားလိုက်တဲ့အခါ အားလုံးက ပျော်မြူးနေကြလျက်။

"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းလိုက်တာ"

"သူကြိုက်တဲ့လူအကြောင်းပြောနေသရွေ့ အားလုံးအဆင်ပြေပါတယ်။ ဘယ်တော့မှ ဒီလောက်ကောင်းလာမှာ မဟုတ်တော့ပါဘူး!"

"လောင်လုမိသားစုရဲ့ လုယန်ကို ကျေးဇူးတင်ရမယ်လို့ သူ ပြောသေးတယ်။ ပါးမားတို့ရော လုယန်ကို မှတ်မိကြသေးလား?"

"မှတ်မိတာပေါ့၊ ဘယ်လိုလုပ်မမှတ်မိဘဲနေမှာတုန်း၊ လုကျုံးရီရဲ့ သားအငယ်ဆုံးလေးမလား?"

"ဟုတ်တယ်၊ သူ ဘာဖြစ်လို့လဲ?"

"သမီးတို့မောင်လေး လက်တွဲဖော်တစ်ဦး အောင်အောင်မြင်မြင်ရှာတွေ့တာ သူ့အကြံတွေကြောင့်တဲ့"

"တကယ်ကြီး?????"

ကျောက်ပါးပါးမားမားက တစ်ယောက်နဲ့တစ်ယောက်ကြည့်၍ - လုယန်လား? သူတို့သားက လိမ်နေတယ်လို့ ဘာကြောင့် ခံစားနေမိတာလဲနော်?

အလုပ်ဖြစ်သွားတယ်ဆိုရင်တောင်မှ ဒီလိုကြီးက မဟုတ်သေးဘူးလားလို့လေ?

မယုံနိုင်စရာပဲဟေ့!

လုကျုံးရီနှင့် သူ့ဇနီးတို့က ကျောင်းသောင်သို့ ပြန်ရောက်နေခဲ့သည်မှာ အချိန်အတော်ကြာခဲ့လေပြီ။

ရဲဘော်လောင်လု သက်ပြင်းချလိုက်ပြီး နေရာအပြောင်းအလဲကြောင့်လားတော့ သူလည်း မသိတော့ပေ။ ရဲဘော်ကျန်းဖျင်က ချုံကျိုးကျွန်း၌ သကြားမုန်လာတွေ စိုက်ပျိုးခဲ့ပြီးနောက် ဟင်းသီးဟင်းရွက်တွေဟာ နောက်တစ်ကြိမ် ခါးသက်လာပြန်၏။

ယခုတော့ ညည်းသည်းခံဖို့ သူ တစ်ဦးတည်းသာ ကျန်ရှိပါတော့သည်။

သူ ရုတ်တရက်ကြီး အရမ်းနောင်တရနေပါပြီ၊ အရမ်းနောင်တရတယ်ကွာ။ သူ့သားငယ်လေး လုပ်ကျွေးတဲ့ ဘန်းမုန့်ပေါင်းကြီးတွေနှင့် သူ့ချွေးမလေး ချက်ကျွေးတဲ့ ဟင်းတွေကို လွမ်းလိုက်တာကွာ...

လွမ်းလိုက်တာဟေ့...

ကေဒါ အနားယူရာအိမ်အများစုကို စစ်အကယ်ဒမီအနီးတွင် တည်ဆောက်ထားခဲ့သည်။ စစ်လေ့ကျင့်ရေးအသံဗလံများကို နေ့တိုင်းလိုလို ကြားနေရသည်မှာ တချိန်က စစ်မှုထမ်းစဥ်ဘဝသို့ ပြန်ရောက်သွားသည့်နှယ်။

ဒီရဲဘော်ဟောင်းတွေက အပေါ်ထပ်ကို တက်လိုက်သည်နှင့် လေကျင့်ရေးကွင်းထဲမှာ လူငယ်လေးတွေ ချွေးတလုံးလုံး လေ့ကျင့်နေတာကို တွေ့မြင်နိုင်ပေသည်။

မြင်ကွင်းထဲတွင် ဒီလိုလူငယ်လေးတစ်ယောက်ကို မြင်လိုက်ရတော့ ပိုပြီးလွမ်းဆွတ်မိသွားရလျက်။

သူ့မြေးလေးတွေကို လွမ်းလိုက်တာကွာ...

လုကျုံးရီ အောက်ထပ်သို့ ဆင်းလာသည့်အချိန်မှာပဲ တစ်စုံတစ်ယောက်က ရဲဘော်လောင်လုကို ဖုန်းဖြေဖို့ ခေါ်လိုက်သဖြင့် လောင်လုက ဒါ သူ့မြေးလေးတွေဆီကဖုန်းပဲဖြစ်မယ်လို့ တွေးမိသွားလျက်။

ဖုန်းဖြေလိုက်တဲ့အခါမှ လောင်ကျောက်တို့မိသားစုဆီမှ ဖုန်းခေါ်ဆိုမှုဖြစ်နေလိမ့်မယ်လို့ ဘယ်သူထင်မလဲလေ။

ပြီးတော့ ကျေးဇူးတင်ကြောင်းပြောတဲ့ ခေါ်ဆိုမှုဖြစ်နေတာဟ။

"ရဲဘော်လောင်လုရေ ကျေးဇူးတင်ပါတယ်ကွာ၊ ငါတို့မိသားစု ရှောင်ကျောက်က နောက်ဆုံးတော့ အချိန်ကြာမြင့်နေပြီဖြစ်တဲ့ ပြဿနာကြီးကို ဖြေရှင်းနိုင်ခဲ့ပြီ... မင်းရဲ့မိသားစု လုယန်ရဲ့ ကျေးဇူးတင်ရမှာပဲ။ သူ အကြံဥာဏ်မပေးခဲ့ရင် ငါတို့မိသားစုလည်း ဘာလုပ်ရမယ်မှန်း မသိတော့ဘူးလေ..."

ဖုန်းထဲရှိ တစ်ဖက်လူမှာ ဆက်တိုက်ပြောဆိုနေရင်း ကျေးဇူးတင်စကားတွေ အများကြီးပြောဆိုနေခဲ့၏။

ရဲဘော်လောင်လု စိတ်ရှုပ်သွားရလေပြီ။

လုကျုံးရီ: "…"

သူများတွေကို အကြံပေးတာလား?
 တစ်ယောက်ယောက်အကြောင်း ပြောပြတယ်?

ငါ့သားက ဒီလိုလုပ်နိုင်လို့လားဟ?!

- ငါမယုံဘူးဟေ့။

နောက်နှစ် သူ့မြေးတွေကိုခေါ်ပြီး ကျောင်းသောင်ကို လာလည်တဲ့အခါကျမှပဲ သူ့သားငယ်ကို မေးရတော့မှာပေါ့။

ချင်းရို့က သူမသားလေးနှစ်ယောက်ကို အစ်မဖြစ်သူအိမ်မှာ ဆော့ကစားဖို့ ခေါ်သွားခဲ့ပြီး သူမ ချုပ်ထားတဲ့ အဝတ်အစားအသစ်တွေကို ယူသွားကာ စစ်ဆေးပေးဖို့အတွက် အစ်မချင်းမျန့်ကို ပေးလိုက်၏။

အစ်မနှင့် သူမခင်ပွန်းမိသားစုတို့ရဲ့ အိမ်ဟာ ဆောက်လုပ်ပြီးပြီဖြစ်သလို လောလောဆယ်တွင် အနံ့ပြင်းပြင်းသုတ်ဆေးတွေ သုတ်ထားတာမျိုးတော့မရှိသေးသဖြင့် မိသားစုက တိုက်ရိုက် ပြောင်းရွှေ့နိုင်ခဲ့သည်။

အိမ်မှာ ယခင်ကထက် အများကြီးပိုကျယ်ဝန်းသလို အစ်မချင်းမျန့်ကလည်း ကျွမ်းကျင်သူဖြစ်တာကြောင့် အိမ်ဟာ အလွန်နွေးထွေးပြီး လှပလာခဲ့သည်။ သူမက အိမ်ထဲမှာလည်း စိမ်းစိုတဲ့ အပင်တွေ အများကြီး စိုက်ပျိုးထားခဲ့ပေသည်။

All Chapters