အခန်း (၁၇၈)
Vol. 15 Ch. 178
ချင်းရို့တို့ အစ်မဖြစ်သူအိမ်ကို ရောက်သည်နှင့် ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့ဟာ ထိုင်ပင်မထိုင်နိုင်တော့ဘဲ မျောက်တွေကို အစာကျွေးရန် ငှက်ပျောသီးယူပြီး တောင်ပေါ်တက်ဖို့ သူတို့ဝမ်းကွဲအကိုအစ်မတွေကို ခေါ်သွားခိုင်းကြ၏။
ဤကလေးနှစ်ယောက်က အကြောက်အလန့်မရှိကြတော့ပေ၊ အထူးသဖြင့် ဖက်ထုပ်လေးပေါ့။ အရင်က သူတို့လေးတွေဟာ မျောက်တွေဆီက အလုယက်ခံခဲ့ရပေမယ့် ယခုအခါ မျောက်တွေကို မကြောက်ရွံ့တော့ပေ။
ဖက်ထုပ်လေးက ဒီလိုလည်း ပြောခဲ့ပါသေးရဲ့။ "သန်မာအောင်လို့ ပိုစားရမယ်၊ ဒါဆို မျောက်တွေဆီက အဆွဲမခံရတော့ဘူး"
"မားမား ဖက်ထုပ်လေး ပိုသန်မာရမယ်"
ချင်းရို့: "…"
မင်းက မားမားရဲ့ သရေစာတွေကို လှည့်ဖျားချင်နေတဲ့ ကောင်လေးပဲ...
ချင်းရို့က သူမချုပ်ထားတဲ့ အ၀တ်ပိစိလေးတွေကို ထုတ်ယူပြီး အစ်မချင်းမျန့်အား ပြလိုက်၏။
"ဒီမှာ၊ ကျေးဇူးပြုပြီး ခေါင်းဆောင်က စစ်ဆေးပေးပါဦးနော်"
ချင်းမျန့်က အဝတ်ပိစိလေးနှစ်ထည်ကို ကိုင်လိုက်ပြီး မရယ်မောဘဲ မနေနိုင်ဖြစ်လျက်
"ကောင်းပါပြီရှင်၊ ငါ အခု ခေါင်းဆောင်ဖြစ်သွားပြီပေါ့လေ၊ မှန်တယ် မှန်တယ်၊ ရဲဘော်ရှောင်ချင်းက အများကြီးတိုးတက်လာပြီပဲ၊ ဒါပေမယ့် ဒီနေရာမှာ..."
ညီအစ်မနှစ်ယောက် စကားစမြည်ပြောနေကြပြီး ခဏအကြာတွင် ယဲ့မင်ရှို့က ရွာထဲမှာ အမြွှာညီအကိုနှစ်ဦးအကြောင်း လူတွေပြောနေတာကို ကြားလိုက်ရတဲ့အခါ ချန်မိသားစုရဲ့ ညီမလေးက ဒီကိုရောက်နေတာကို သိလိုက်သဖြင့် သူမလည်း ချန်မိသားစုထံသို့ ဧည့်သည်အဖြစ် လာခဲ့လေသည်။
"ရဲဘော်ရှောင်ယဲ့ရေ ဂုဏ်ပြုပါတယ်နော်၊ နင် လက်တွဲဖော်အစစ်ကို ရှာတွေ့သွားပြီပေါ့"
ယဲ့မင်ရှို့က ချင်းရို့ကို တွေ့သည့်အခါ သူမမျက်နှာ နီမြန်းသွားရပြီး ရှက်ရွံ့ကာ အနည်းငယ် ကသိကအောက်ဖြစ်ရသော်လည်း သူမက ချင်းရို့ဆီက အကြံဉာဏ်အချို့ ရယူလိုပါသေးသည်။
"ဒီယောက်ျားတွေဟာ တကယ်ကို အလျင်လိုနေတာပဲဟာ။ ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိကြတာ ဘယ်လောက်ကြာသေးလို့လဲ၊ ပြီးတော့ သူ့မိဘတွေကိုတောင်မှ မတွေ့ဖူးသေးတဲ့ဟာ။ သူပြောတာက... သူက အိမ်ထောင်ပြုဖို့ လျှောက်လွှာတင်ချင်တယ်လို့ ပြောပြီးတော့ ငါ့ကို သဘောတူမတူ မေးတယ်လေ၊ ငါကတော့ မြန်လွန်းတယ်ထင်လို့..."
"ငါကတော့ မစီစဥ်ခင်မှာ သူနဲ့အတူတူ သူ့မွေးရပ်မြေဆီ သွားပြီးတော့ သူ့မိဘတွေနဲ့ သွားတွေ့ချင်သေးတာ။ ငါ... ငါကြားတာတော့ သူ့မိသားစု အခြေအနေက တော်တော်လေးကောင်းတယ်ဆိုပဲ။ သူ့မိသားစုက ငါ့ကို သဘောမကျမှာကြောက်လို့"
"သူ့အိမ်က တော်တော်ဝေးတယ်တဲ့၊ ရှန်တုန်းခရိုင်ထဲမှာ..."
ယဲ့မင်ရှို့ တွန့်ဆုတ်နေရင်း သူမရဲ့ ကိုယ်ပိုင်အတွေးတွေကို ပြောပြလာခဲ့ပြီး ချင်းရို့အား မမေးဘဲ မနေနိုင်တော့ပေ။
"နင်နဲ့ နင့်ရဲ့လောင်လု လက်ထပ်ဖို့ စဉ်းစားတုန်းက အချိန်ဘယ်လောက်ယူခဲ့လဲဟင်?"
ချင်းရို့: "…"
နောက်မေးခွန်းတစ်ခု ပြောင်းလိုက်ကြရအောင်ဟယ်။
လုယန် လက်ထပ်ခွင့်လျှောက်လွှာ တင်လိုက်တာကို ငါ ဒါရိုက်တာစွင်းဆီက သိခဲ့ရတာလေ၊ အချိန်ဘယ်နှမိနစ်ပဲကြာလိုက်သလဲ? ဆယ်မိနစ်များလား?
နောက်ပြီးတော့ လုယန်က လက်ထပ်ခွင့်လျှောက်လွှာအတည်ပြုဖို့ ဆုံးဖြတ်ချက်ချခဲ့တာရော အချိန်ဘယ်လောက်ယူခဲ့ရသလဲ? လုကောပြောပုံအရဆို သူက နေရာမှာတင် လက်ထပ်ပစ်ချင်တာပါဆိုပဲ...
- သူတို့နှစ်ယောက်ကတော့ လက်ထပ်တဲ့နေရာမှာ လျှပ်စီးလို အဖွဲ့ပါပဲနော်။
ချင်းရို့ ဘယ်လိုပြန်ဖြေရမှန်းမသိပေမယ့် အစ်မဖြစ်သူ ချင်းမျန့်က အပြုံးလေးနှင့် ပြောလာခဲ့သည်။
"ငါ့ညီမလေးနဲ့ မတ်လေးက အချင်းချင်းသိကြတာ ဆယ်ရက်ကျော်လောက်ပဲရှိသေး လက်ထပ်ပြီးသွားကြပြီလေ။ အစ်မတောင် ကြားလိုက်တုန်းက တုန်လှုပ်သွားရသေးတယ်။ သူတို့နှစ်ယောက် အချင်းချင်း ချစ်ခင်နေသရွေ့ သူတို့ဆက်ဆံရေးလဲ မြန်မြန်ကြီး တိုးတက်လာတာပဲလေ"
"ငါနဲ့ သူ့ခဲအိုလည်း အတူတူပဲလေ"
"တကယ်?"
ယဲ့မင်ရှို့ အတွေးများနေရင်း ခေါင်းညိတ်လိုက်ပြီး ကျောက်ကျန်းဟုန်နှင့် သူမတို့ရဲ့ တိုးတက်မှုဟာ အရမ်းမမြန်ဘူးဆိုတာကို သဘောပေါက်သွားရ၏။
သူတို့က တစ်ယောက်နဲ့တစ်ယောက် ဆယ်ရက်ကျော်ကြာသိပြီးသွားပြီးမှ လက်ထပ်ကြမှာပဲ...
"နင်တို့ဘယ်နှစ်ခါတွေ့ပြီးတော့လဲ?"
ချင်းရို့ အမူအရာမဲ့စွာဖြင့် "တစ်ခါပဲဆုံဖူးတာ၊ ရုပ်ရှင်အတူကြည့်တယ်၊ ဒုတိယတစ်ခေါက်တွေ့တဲ့အချိန်က လက်ထပ်ခဲ့ကြတာပဲ"
ချင်းမျန့် ပြုံးလျက် "လက်ထပ်ပြီးတော့ လင်မယား ဆက်ဆံရေးက ချိုမြိန်နေတာပါပဲဟယ်။ ပြီးတော့ သူတို့ သိပ်မကြာခင် အမြွှာလေးမွေးခဲ့တာပေါ့"
ယဲ့မင်ရှို့: "…"
ဒီတော့ သူမနှင့် ကျောက်ကျန်းဟုန်ရဲ့ တိုးတက်မှုက အရမ်းနှေးကွေးနေပြီလား? သူတို့က ပထမဆုံးအကြိမ် လူချင်းတွေ့ပြီးတာနဲ့ ချစ်ကြိုက်သွားကြပြီး ချက်ချင်းလက်ထပ်စာချုပ်ယူလိုက်ကြတယ်တဲ့...
"နင် မတ်လေးကို ငါတို့အိမ်ဆီ ခေါ်လာတဲ့နေ့မှာပဲ ငါ မြင်လိုက်တာနဲ့ နင့်ရွေးချယ်မှုမှန်တယ်ဆိုတာ ငါသိလိုက်ရလို့ စိတ်သက်သာရာရသွားတယ်ကွယ် အားမိန့်ရယ်"
ချင်းရို့: "... " မမရေ တစ်ဝက်က နင်ညံ့တာကြောင့်လေ၊ နောက်တစ်ဝက်ကလည်း နင် လုယန်ကို တွေ့တွေ့ချင်း သူ့ဆီက နည်းနည်းလေးဆွဲဆောင်ခံလိုက်ရတယ်ဆိုတာ ဝန်ခံလိုက်စမ်းပါဟာ။
"ထားလိုက်တော့ ငါ့အကြောင်းပြောမနေပါနဲ့တော့။ မမ နင့်မှာ အရည်အချင်းရှိရင် ကိုယ့်အကြောင်းကိုယ်ပြောလေ။ တောင်ပေါ်မှာ ခဲအိုနဲ့ ဘယ်လိုရှာတွေ့ခဲ့တာလဲ?"
"မမရေ နင်နဲ့ ခဲအိုရဲ့ ဒီဇာတ်လမ်းကိုလည်း ရုပ်ရှင်ရိုက်လို့ရတာပဲနော်"
ဥပမာဆို xxတောင်ပေါ်မှ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့...
"ငါနဲ့ လုယန်ရဲ့ ဇာတ်လမ်းက အရိုးရှင်းဆုံးပါပဲနော်။ ခေါင်းဆောင်က ဘလိုင်းဒိတ်စီစဥ်ပေးပြီးတော့ လက်ထပ်ခဲ့ကြ၊ မိသားစုခြံဝင်းဆီရောက်လာ၊ ပြီးတော့ ကလေးတွေမွေးပေါ့... စာရေးဆရာဆို ဒီလိုမျိုးရေးမှာမဟုတ်ဘူးလေ။ နောက်ပြီးတော့ ယဲ့မင်ရှို့နဲ့ ကျောက်ကျန်းဟုန်... နင်တို့နှစ်ယောက်ကတော့... တကယ့်ကို အလှည့်အပြောင်းတွေအမျိုးမျိုးနဲ့ဆိုတော့ ဝတ္ထုထဲက ဇာတ်လိုက်နဲ့ ဇာတ်လိုက်မနဲ့တူတယ်နော်"
ရဲဘော်ရှောင်ချင်းသည် သူမဘဝဟာ ဝတ္ထုဇာတ်လမ်းမျိုးစုံမှ အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တွေဖြင့် ပြည့်နှက်နေတယ်လို့ ခံစားလိုက်ရသော်လည်း သူမဘဝကတော့ တကယ့်ကို သာမန်ဆန်လွန်းလှသည်ပင်။
ယဲ့မင်ရှို့က သူမလက်ကို အလျင်အမြန် ဝှေ့ယမ်းလိုက်ပြီး "မဟုတ်ပါဘူး၊ အဲ့လိုမဟုတ်ဘူး"
သုံးယောက်သား ခဏလောက် စကားစမြည်ပြောနေကြစဥ် ကလေးတွေက သူတို့မျက်နှာပေါ်မှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေပုံနဲ့ ပြန်ရောက်လာခဲ့ကြပြီး ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့က သူတို့မေမေရှိရာဆီ ခုန်ပေါက်ပြေးလာလေသည်။
ကလေးဆိုးလေးနှစ်ယောက်ဟာ မျက်နှာပေါ်မှာ ရွှံ့တွေပေကျံနေကြကာ သူတို့ရဲ့ အနက်ရောင်မျက်လုံးတွေကတော့ သူတို့မျက်နှာပေါ်မှာ ပေကျံနေသည်ထက် ပိုလို့တောင် မည်းမှောင်နေပါသေးသည်။
ချင်းရို့: "…"
သူမ တွေဝေနေစဥ်မှာပင် ကလေးနှစ်ယောက်က သူမဆီ အမြန်ပြေးလာတာကို ခံစားမိသွားကာ
"မားမား သား အမှိုက်ကောက်ပြီး ပြန်လာပြီ!"
"ရပ်လိုက်!"
ရွှံ့ပေနေတဲ့ ကောင်ဆိုးလေးနှစ်ယောက် သူမဆီ အမြန်ပြေးလာတဲ့အခါ ချင်းရို့ အလျင်စလို တားမြစ်လိုက်ကာ
"ညစ်ပတ်တဲ့ကောင်ဆိုးလေးတွေ အဲဒီအတိုင်းရပ်နေဦး၊ မားမား မင်းတို့ကို သုတ်ပေးဖို့ မျက်နှာသုတ်ပုဝါ သွားယူလိုက်ဦးမယ်"
ကလေးလေးတွေက နာနာခံခံလေး မတ်တပ်ရပ်နေကြလျက်။ ချင်းရို့ ရေယူ၍ မျက်နှာသုတ်ပုဝါကို ရေဆွတ်လိုက်ပြီး မျောက်ကလေးတွေရဲ့ မျက်နှာမည်းမည်းလေးတွေကို သန့်ရှင်းအောင် သုတ်ပေးလိုက်သည်။
ရွှံ့တွေနှင့် ညစ်ပေနေတဲ့ နူးနူးညံ့ညံ့မျက်နှာလေးကို ကလေးတွေရဲ့မေမေ ပွတ်သုတ်ပေးလိုက်တဲ့အခါ နူးညံ့ဖြူဖွေးတဲ့ မျက်နှာလေး ပေါ်ထွက်လာလေပြီ။ ကလေးလေးကလည်း သူ့မေမေလက်ကို သုတ်ရန် အခွင့်အရေးယူခဲ့ပါသေးသည်။
"ဒီကလေးဆိုးလေးနှစ်ယောက်ကတော့လေ မင်းတို့ ရွှံ့တွေကို ဒီမားမားကို လာသုတ်နေသေးတယ်ပေါ့လေ?"
"မားမား နမ်း"
"မနမ်းဘူး"
"နမ်းပါလို့ မားမား..."
"မနမ်းဘူး"
ချင်းရို့က သူတို့ရဲ့ မျက်နှာနှင့် ခြေလက်လေးတွေပေါ်မှ အညစ်အကြေးတွေကို သုတ်ပေးလိုက်ပေမယ့် သူတို့အဝတ်အစားတွေကိုတော့ ဘာမှလုပ်လို့မရတော့ပေ။
ဒီကလေးဆိုးလေးနှစ်ယောက်က ကစားတဲ့အခါ အရူးအမူးပဲ။ အရင်ကတော့ သူတို့မားမား ချုပ်ပေးထားတဲ့ အဝတ်တွေကို မြတ်နိုးသင့်တယ်လို့ ပြောခဲ့ပေမယ့် အခုတော့ သူတို့လေးတွေက နှလုံးသားမဲ့စွာဖြင့် ရွှံ့လူးခဲ့ကြသေးတာ...
သူတို့ခေါင်းမှာ ဆောင်းထားတဲ့ ကောက်ရိုးဦးထုပ်လေးတွေကိုလည်း… စတေးပြီးသွားပြီ။
ညစ်ပတ်တဲ့ ကောင်ဆိုးလေးနှစ်ယောက်ပဲ...
သို့သော် ဒီအရွယ်ကလေးတွေဟာ ပြင်ပသဘာဝပတ်ဝန်းကျင်နှင့် ပိုပြီးထိတွေ့ခွင့်ရရှိရန် လိုအပ်ပေသည်။
သူတို့ကိုယ်တိုင် ကမ္ဘာကြီးကို နားလည်ဖို့ သင်ယူရုံသာမကဘဲ သူတို့ရဲ့ ခုခံအားဆဲလ်တွေက ဒီပတ်ဝန်းကျင်ကြီးနှင့် လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ၊ ကိုယ်ခံစွမ်းအားကို စဥ်ဆက်မပြတ် ဘယ်လိုမြှင့်တင်ရမလဲဆိုတာ သင်ယူဖို့ လိုအပ်သည်ပင်။