အခန်း (၁၇၉)
Vol. 15 Ch. 179
သို့သော် ဒီအရွယ်ကလေးတွေဟာ ပြင်ပသဘာဝပတ်ဝန်းကျင်နှင့် ပိုပြီးထိတွေ့ခွင့်ရရှိရန် လိုအပ်ပေသည်။
သူတို့ကိုယ်တိုင် ကမ္ဘာကြီးကို နားလည်ဖို့ သင်ယူရုံသာမကဘဲ သူတို့ရဲ့ ခုခံအားဆဲလ်တွေက ဒီပတ်ဝန်းကျင်ကြီးနှင့် လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ၊ ကိုယ်ခံစွမ်းအားကို စဥ်ဆက်မပြတ် ဘယ်လိုမြှင့်တင်ရမလဲဆိုတာ သင်ယူဖို့ လိုအပ်သည်ပင်။
"ဘယ်လိုတောင်ဆိုးတဲ့ကလေးနှစ်ယောက်လဲနော်"
ချင်းရို့က အဝတ်အစား အပိုတွေယူလာခဲ့ပြီး အဝတ်အစားလဲရန် ဝက်ကလေးနှစ်ကောင်ကို အခန်းထဲသို့ ခေါ်သွင်းသွားကာ ပါးလေးတွေကို နမ်းလိုက်ရင်း
"နောက်တစ်ခါဆို ဒီလိုညစ်ပတ်လာလို့မရဘူး။ လိမ္မာတယ်နော်"
သူမ ဒီလိုပြောလိုက်ပေမယ့်လည်း အရာအားလုံးကို အနစ်နာခံဖို့အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။
ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးကို သန့်စင်အောင် ဆေးကြောပေးလိုက်၏။ ယဲ့မင်ရှို့ ကလေးလေးနှစ်ယောက်ကို တွေ့လိုက်တဲ့အခါ ချက်ချင်းပင် အံ့အားသင့်သွားရလျက်။
ဒီကောင်လေးနှစ်ယောက်ဟာ တကယ့်ကို ကြည့်ကောင်းတာပဲလို့ သူမ တွေးမိသည်ပင်။
အရင်က ကွပ်ပျစ်ပေါ်မှာ ဗိုက်ကလေးဖော်ပြီး အိပ်ပျော်နေကြတဲ့ ပေါက်စနလေးနှစ်ယောက်ကိုသာ မြင်ဖူးခဲ့ပေမယ့် ယခု သက်ဝင်လှုပ်ရှားနေကြတဲ့ ကလေးလေးတွေဟာ အရမ်းသွက်သွက်လက်လက်ရှိပြီး သူတို့မေမေကို တွယ်ကပ်နေကြတာ တကယ့်ကို ချစ်စရာကောင်းနေလေသည်။
"ဒေါ်လေးယဲ့လို့ နှုတ်ဆက်လိုက်"
"မင်္ဂလာပါ ဒေါ်လေးယဲ့"
"မင်္ဂလာပါ ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးရေ၊ ဒီကလေးနှစ်ယောက်က တကယ့်ကို တူကြတာပဲနော်"
"ဟုတ်တယ်၊ ဒါပေမယ့် နင် သေချာကြည့်ကြည့်ရင်တော့ သူတို့နှစ်ယောက်ရဲ့ စကားပြောဟန်၊ ကိုယ်ရည်ကိုယ်သွေးနဲ့ အကျင့်စရိုက်တွေကတော့ မတူဘူးဆိုတာ တွေ့လာလိမ့်မယ်"
"ကမ္ဘာပေါ်မှာ လုံးဝကိုဆင်တူကြတဲ့ အရွက်နှစ်ရွက် မရှိဘူးလေ။ ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးက ကမ္ဘာပေါ်မှာ ထူးခြားနေတာပဲ"
ယဲ့မင်ရှို့ ဒါကိုကြားလိုက်ရသည့်အခါ ပြုံးလိုက်ပြီး သူမနားထင်ပေါ်က ဆံပင်လေးကို သပ်လိုက်ရင်း
"အေးနော်၊ ညီအစ်မနှစ်ယောက်တောင်မှ ကွဲပြားကြတာကို..."
ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူမက ချင်းရို့အား တိုးတိုးလေးပြောလာခဲ့သည်။
"ငါ့မှာလည်း အရမ်းဆင်တူတဲ့ အမြွှာအစ်မတစ်ယောက်ရှိတယ်..."
ယဲ့မင်ရှို့ စကားစပြောခဲ့ပေမယ့် ဘယ်လိုဆက်ပြောရမလဲ၊ ဒါမှမဟုတ် ဆက်ပြောသင့်သလားဆိုတာ ချီတုံချတုံဖြစ်နေပုံရလေ၏။
"ဘာမှားလို့လဲ?"
"ငါ့အစ်မနဲ့ ယှဉ်ရင် ငါ့စရိုက်က တော်တော်လေး အဆင်မပြေဘူး..."
ယဲ့မင်ရှို့တို့မိသားစုတွင် ညီအစ်မတစ်စုံရှိပြီး သူတို့နှစ်ယောက်လုံးမှာ အသက်ကြီးနေပြီဖြစ်သလို မိဘများကလည်း သူမအစ်မဖြစ်သူကို ပိုနှစ်သက်ကြသည်မှာ ထင်ရှားလေသည်။
အရင်တုန်းက ပညာတတ်လူငယ်တစ်ယောက်ဖြစ်လာဖို့အတွက် မိသားစုထဲက လူတစ်ဦးက ကျေးလက်ဘက်သို့ သွားကိုသွားရမည်ဖြစ်ရာ ယဲ့မင်ရှို့ကိုယ်တိုင်ကပဲ ကျွန်းပေါ်ရှိ ကျေးလက်သို့ သွားမယ်လို့ အစပြုပြောခဲ့ခြင်းပင်။
ယဲ့မင်ရှို့ အိမ်မှာရှိစဥ် သူမဟာ ဖျောက်ဖျက်လို့မရနိုင်တဲ့ သိမ်ငယ်စိတ်တစ်ခု အမြဲခံစားနေခဲ့ရပြီး တစ်ခါတရံမှာ သူမအစ်မနှင့် နှိုင်းယှဥ်မိပါက သူမကို သဘောကျဖို့ မထိုက်တန်ဘူးလို့ ခံစားခဲ့ရသည်။
"ရဲဘော်ကျောက်က ငါ့ကို ကြိုက်လိမ့်မယ်လို့ ငါ တကယ်မမျှော်လင့်ထားခဲ့ဘူး... တကယ်တော့... သူ ငါ့အစ်မ ယဲ့မင်ကျွမ်းကို တွေ့ရင် သူမကို ပိုသဘောကျသွားမှာကို ငါကြောက်နေတုန်းပဲ"
သူမရဲ့ အုံ့မှိုင်းနေတဲ့နေ့ရက်တွေမှာ ကျောက်ကျန်းဟုန်ဆီမှ စာတစ်စောင်ရဲ့ ကျေးဇူးကြောင့် သူမအား အကူအညီနှင့် အားပေးမှုများစွာကို ပေးခဲ့၏။
ဒီကမ္ဘာကြီးရဲ့ ထောင့်တစ်နေရာမှာ ငါ့လိုမျိုး တခြားလူတစ်ဦးက တိတ်တဆိတ် ဝမ်းနည်းကြေကွဲနေတာပဲ...
ယဲ့မင်ရှို့က ထိုသူဖြစ်ပျက်ခဲ့တာတွေကို ပြန်တွေးကြည့်တဲ့အခါ သူမအာရုံပြောင်းသွားပုံရပြီး သူမကိုယ်ပိုင်ပြဿနာတွေကြောင့် အရမ်းကြီး အဆင်မပြေသလို မခံစားတော့ချေ။
"စိတ်မပူပါနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါဟယ်။ သူကြိုက်တဲ့လူက တခြားသူမဟုတ်ဘူး၊ နင်ပဲလေ ယဲ့မင်ရှို့"
ယဲ့မင်ရှို့ အပြုံးလေးနှင့် ခေါင်းညိတ်လာခဲ့သည်။
ယဲ့မိသားစုသည် ကျွန်းပေါ်က ယဲ့မင်ရှို့ထံမှ စာတစ်စောင် ရရှိခဲ့သည်။
ရက်အတော်ကြာသည်အထိ ထိုစာကို ဘယ်သူမှ ဖွင့်မဖတ်ခဲ့ကြပေ။ ယဲ့မိသားစုရဲ့ မိဘများဟာ ကျေးလက်ကိုသွားတဲ့ တခြားမိန်းကလေးတွေလိုမျိုးဖြစ်မှာပဲလို့ ယူဆလိုက်သည်ပင်။
စာထဲမှာ သူတို့တွေက ငိုယိုနေကြပြီး ကျွန်းပေါ်က ကျေးလက်တောရွာဆီရောက်တော့ သူတို့ဘဝဟာ ဘယ်လောက်နာကျင်ခက်ခဲရကြောင်း ညည်းညူပြောဆိုနေတတ်ကာ သူတို့မိသားစုထံမှ ငွေနှင့် အစားအသောက်လက်မှတ်တွေကို တောင်းခဲ့ကြသည်ပင်...
ယခုအခါ မိသားစုထဲတွင် သမီးဖြစ်သူ ယဲ့မင်ကျွမ်းက စက်ရုံမန်နေဂျာရဲ့ သားဖြစ်သူနှင့် ရည်ငံနေကြပြီဖြစ်ရာ ယဲ့မိဘတွေက သမီးအငယ်ကို သိပ်အာရုံထားမနေဘဲ သူတို့သမီးအကြီးဆီမှာသာ အာရုံစိုက်ထားခဲ့ကြ၏။
"မင်ကျွမ်းက စက်ရုံမန်နေဂျာရဲ့ သားကို လက်ထပ်လိုက်ရင် ငါတို့မိသားစု အဆင်ပြေသွားမှာပဲ..."
"မင်ကျွမ်းက အလုပ်ပိုကြိုးစားဖို့လိုတယ်"
"စိတ်ချပါ၊ လီကျင့်က သမီးအပေါ် အရမ်းကောင်းပါတယ်။ အမေတို့ကြည့်လေ သမီးတို့ ရုပ်ရှင်အတူတူသွားကြည့်ကြတယ်၊ သူက သမီးအတွက် အဝတ်အစားတွေနဲ့ သားရေဖိနပ်လေးပါ ဝယ်ပေးခဲ့တယ်လေ"
"ဒီသိုးမွှေးအင်္ကျီကိုကြည့်ပါဦး၊ ဒါအသစ်ချွတ်ချွတ်ပဲနော်၊ အထည်သားအကောင်းနဲ့ လုပ်ထားတာမလား?"
"ဒါက တကယ့်ကို ရက်ရောတာပဲ။ သူတို့မိသားစုက ဇနီးတစ်ယောက် လိုချင်နေပြီဆိုရင် ဒီပိုက်ဆံတွေက မရှိမဖြစ်လိုအပ်တယ်လေ။ ပရိဘောဂအမျိုးမျိုးကို စီစဉ်ပေးလို့ရတယ်..."
"သူက အခု ယာဉ်မောင်းဖြစ်နေပြီဆိုတော့ အလားအလာ အရမ်းကောင်းပါတယ်။ အနာဂတ်မှာ ကားမောင်းသင်ပေးဖို့အတွက် နင့်မောင်ကို ခေါ်သွားပေးနိုင်တာပဲ"
…
ယဲ့မင်ကျွမ်းက စက်ရုံမန်နေဂျာရဲ့သား လီကျင့်ကို စဥ်းစားကြည့်မိတော့ သူမပခုံးလောက်ထိရှည်နေတဲ့ ကျစ်ဆံမြီးနှစ်ထပ်ကျစ်ထားတဲ့ ဆံပင်အဆုံးနားလေးကို ရှက်ကိုးရှက်ကန်းဖြင့် ပွတ်သပ်နေလျက်။
သို့သော် ယဲ့မင်ကျွမ်း ဗီရိုပေါ်ကစာကို မြင်လိုက်တဲ့အခါ သူမမျက်နှာပေါ်ရှိ အပြုံးတွေ မှေးမှိန်သွားခဲ့သည်။ သူမမျက်နှာပေါ်က အပြုံးကို ဖယ်ထုတ်လိုက်ပြီး ညီမဖြစ်သူ ယဲ့မင်ရှို့ ကျွန်းကနေ ပေးပို့လာတဲ့ စာကို ဖွင့်ဖတ်လိုက်၏။
သူမ စာကို ဖွင့်ပြီး အစမှအဆုံးဖတ်ကြည့်ပြီးသည်နှင့်
"ယဲ့မင်ရှို့ပြောတာက သူမ ကျွန်းမှာ စစ်သားတစ်ယောက်ကို ရှာတွေ့ခဲ့ပြီတဲ့။ အဲ့ဒီလူက ကျွန်းပေါ်က တပ်မတော်သားတစ်ယောက်လို့ သူမပြောထားသေးတယ်"
အံ့အားသင့်သွားကြတဲ့ ယဲ့မိဘနှစ်ပါး: "တကယ်လား? သူမ ကျွန်းပေါ်မှာ လက်တွဲဖော်ကို ရှာတွေ့ခဲ့တာလား? သူမ ပြန်လာဖို့ အစီအစဉ်မရှိဘူးလား?"
ယဲ့မင်ကျွမ်း ပီတိဖြာနေကာ ပြန်မလာတာ ပိုကောင်းတာပဲလို့ တွေးနေလေရဲ့။ ယဲ့မင်ရှို့က အနာဂတ်မှာ အဲဒီလူသူမဲ့ကျွန်းသေးသေးလေးမှာ အိမ်ထောင်ပြုလိုက်ရင် ဒီကိုပြန်လာဖို့ အခွင့်အရေးရှိမှာ မဟုတ်တော့ဘူးလေ...
"မင်ရှို့က လက်တွဲဖော်ရှာတွေ့ထားပြီးပြီဆိုတော့ အဲဒီလူနဲ့အတူ ပြန်လာခိုင်းလိုက်ရမလား?"
"သူ ငါတို့နဲ့ တွေ့ဆုံပေးဖို့ ပြန်လာရမှာပေါ့၊ ဒါမှမဟုတ် သူမကို အဲဒီလူကို ပြန်ခေါ်လာခိုင်းလိုက်ကြမလား?"
"မဖြစ်ဘူး!"
ယဲ့မင်ကျွမ်းက ထိုစကားကို ကြားပြီးနောက် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားလျက်
"သမီးတို့ မင်ရှို့ကို ပြန်လာခိုင်းလို့မရဘူး"
"သူမ အဲဒီလူနဲ့ လက်ထပ်ချင်ရင် လက်ထပ်ပစေပေါ့"
"ဘာမှားလို့လဲ?"
"ပါး မား လောလောဆယ် သူမကို ပြန်လာခွင့် မပေးရဘူးနော်။ မားတို့ သူမကို ပြန်လာခွင့်ပေးလိုက်လို့ သမီးရဲ့ အိမ်ထောင်ရေး အဆုံးသတ်သွားရင် ဘယ်လိုလုပ်ရမလဲ?"
"ဘယ်လိုဖြစ်တာလဲ?"
အခုလိုဖြစ်လာတော့ ယဲ့မင်ကျွမ်းလည်း သူမမိဘတွေကို ဖုန်းကွယ်မနေတော့ဘဲ စက်ရုံမန်နေဂျာရဲ့ သားလီကျင့်က ယဲ့မင်ရှို့ကို မြင်မြင်ချင်း ချစ်မိသွားတာဖြစ်ကြောင်း ပြောပြခဲ့သည်။
သူမနှင့် ယဲ့မင်ရှို့က အရမ်းရုပ်ဆင်ကြပေမယ့် ယဲ့မင်ကျွမ်းက သူမလိုမျိုး အလားတူဝတ်စားရန် အတော်ကြာ တွန့်ဆုတ်နေခဲ့ရသည်။ ယဲ့မင်ရှို့က ကျေးလက်ဆန်ဆန် ရိုးစင်းတဲ့ကျစ်ဆံမြီးဆံပင်ရှည်ရှည်ထားသူဖြစ်ပြီး သူမ ယဲ့မင်ကျွမ်းကတော့ ခေတ်စတိုင်ဆံပင်အရှည်ထားသူပင်။
ရလဒ်အနေဖြင့် လီကျင့်က သူမကို တစ်ကြိမ်တွေ့ပြီးနောက် သူမအား ယဲ့မင်ရှို့ အဖြစ် အထင်မှားခဲ့သည်။ ယဲ့မင်ကျွမ်းကလည်း သူ့ကို အမှန်အတိုင်းမပြောခဲ့တာကြောင့် ထိုအစား အဆင်ပြေသွားခဲ့ကြ၏။
သူမညီမဖြစ်သူ ယဲ့မင်ရှို့က ပညာတတ်လူငယ်တစ်ဦးအဖြစ် ကျွန်းသို့ စေလွှတ်ခံခဲ့ရပြီး နှစ်အနည်းငယ်ကြာကြာ အိမ်ပြန်မလာနိုင်မှာမဟုတ်ပေ။ ဒါပေမဲ့ သူမကတော့ စက်ရုံမန်နေဂျာမိသားစုရဲ့ ချွေးမဖြစ်လာတော့မှာပဲ။
ယခုဆို ယဲ့မင်ကျွမ်းက လီကျင့် သံသယပယ်ပျောက်စေရန်အတွက် ယဲ့မင်ရှို့လိုမျိုး ဂရုတစိုက်တုပနေခဲ့ရသည်။
"သမီးတို့ သူမကို ပြန်လာခွင့်ပြုလို့မရဘူး။ သူမပြန်လာလို့ လီကျင့်က အမှန်တရားကို သိသွားခဲ့ရင် သမီးတို့မိသားစုက သူ့ကို လှည့်စားနေတယ်လို့ ထင်သွားရင် ဘယ်လိုလုပ်မလဲ?"
"သူ ဟိုးအစကတည်းက သဘောကျနေတဲ့သူဟာ မင်ရှို့ ဖြစ်နေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့လို့"
"အခု မင်ရှို့လည်း စစ်သားတစ်ယောက်ကို ရှာတွေ့သွားပြီပဲ၊ သူမ ဘာလို့ ပြန်လာမှာတုန်း?"
ယဲ့မိဘတွေက သမီးဖြစ်သူပြောတာကို ကြားတဲ့အခါ ယဲ့မင်ကျွမ်း မှန်ကန်တယ်လို့ ခံစားလိုက်ရသည်။
အခုဆို အမှားရှိခဲ့ပေမယ့် ဖြစ်ပြီးတာက ဖြစ်ပြီးသွားပြီပဲလေ။ ဘယ်သမီးက စက်ရုံမန်နေဂျာရဲ့သားနဲ့ လက်ထပ်တာပဲဖြစ်ဖြစ်၊ တခြားသူရဲ့ သမီးတွေတော့ မဖြစ်ရပါဘူး။ ဒီအိမ်ထောင်ရေးကို လက်မလွှတ်နိုင်ဘူးဟေ့...