← Chapters

အခန်း (၁၈၁)

Vol. 15 Ch. 181

အခန်း (၁၈၁)

Vol. 15 Ch. 181

ချင်းရို့ စက်ဘီးကိုတွန်းပြီး သူတို့နဲ့အတူ လမ်းလျှောက်ခဲ့ပေမယ့် ကလေးနှစ်ယောက်က ခေတ္တမျှ လမ်းလျှောက်ပြီးတဲ့အခါ သူတို့ ထပ်ပြီးမကိုင်နိုင်တော့ဘူးလို့ ပြောလာလေပြီ။

ချင်းရို့ ပစ္စည်းအားလုံးကို စက်ဘီးပေါ်တင်လိုက်ပြီး ကလေးတွေနှင့်အတူ နေရာမှာတင် ခဏနားလိုက်ကြ၏။ သူမက ဖြတ်သွားတဲ့ ကလေးတစ်ယောက်ကို အုန်းရွက်တစ်ရွက် တောင်းလိုက်သည်။ တစ်နည်းအားဖြင့်ဆိုရသော် သူမက ကလေးတွေရဲ့ သကြားလုံးနှင့် လဲလှယ်ခဲ့သည်ပင်။

ညီအကိုနှစ်ယောက်ကို အုန်းရွက်လေးကိုင်ပြီး အတွဲညီညီ လမ်းလျှောက်ခိုင်းလိုက်၏။

ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့လည်း ပျော်စရာတစ်ခု ရှာတွေ့သွားသည့်နှယ်။ သူတို့မေမေစကားကို ပျော်ပျော်ကြီး နားထောင်ကာ အုန်းရွက်တွေကို ကိုင်ထားရင်း သစ်ပင်အောက်မှာ သူတို့မေမေကို စက်ဝိုင်းပတ်နေကြတော့သည်။

"မားမား မားမား ..."

ချင်းရို့က သစ်သီးသကြားလုံးတစ်လုံးစားလိုက်ပြီး အရွက်အောက်က ကလေးလေးနှစ်ယောက်ဟာ အမှန်တကယ့်ကို ကြွက်ငယ်လေးနှစ်ကောင်နဲ့ တူတယ်လို့ ခံစားလိုက်ရ၏။

ဒီကလေးနှစ်ယောက် သူမဗိုက်ထဲမှာရှိနေတုန်း သူမနဲ့ လုယန်လည်း ဒီလိုမျိုး အုန်းရွက်ကိုင်ရင်း အိမ်ပြန်လာခဲ့ကြတဲ့ အမှတ်တရအဖြစ်အပျက်ကို ပြန်တွေးမိသွားရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပဲ ကလေးပိစိလေးတွေဟာ ဒီလောက်တောင်ကြီးလာကြပြီပဲနော်...

ခဏလောက် အနားယူပြီးတဲ့နောက် သူမတို့လမ်းဆက်လျှောက်ကြသည်။ သုံးယောက်စလုံး အရွယ်အစားကြီးတဲ့ ကောက်ရိုးဦးထုပ်တွေကို ဆောင်းထားကြပြီး ချင်းရို့လည်း သူမကိုယ်တိုင် ချုပ်ထားတဲ့ ပေါ့ပေါ့ပါးပါး အရောင်ဖျော့ဖျော့ နေရောင်ကာအ၀တ်အစားကို ၀တ်ဆင်ထားခဲ့သည်။

ဒီကျွန်းပေါ်မှာ နေရောင်ကာကွယ်ရာတွင် ရုပ်ပိုင်းဆိုင်ရာနေရောင်ကာကွယ်ခြင်းလောက် ပိုကောင်းတာမရှိပါပေ။ အပြင်ထွက်တဲ့အခါ ကိုယ့်ရဲ့ပုံရိပ်ကို အာရုံစိုက်နေစရာမလိုဘူးလေ။

လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း သူမက နေရောင်ကာကွယ်ရာတွင် အတွေ့အကြုံများစွာရှိပြီဖြစ်သောကြောင့် နေရောင်ကာအ၀တ်အစားများသာမက နေရောင်ကာလက်ရှည်အစွပ်များနှင့် နေရောင်ကာလက်အိတ်များကိုလည်း စုဆောင်းထားခဲ့သည်။

ဟုတ်ပါတယ်၊ သယ်ရလွယ်ကူတဲ့ ထီးကတော့ အကောင်းဆုံးပဲပေါ့လေ...

အပြင်သွားတဲ့အခါ ထီးတစ်ချောင်းနှင့် ကောက်ရိုးဦးထုပ်လေးတစ်လုံး ယူသွားရတာ အဆင်အပြေဆုံးပင်။

ယေဘူယျဆိုရသော် ကျွန်းပေါ်တွင် နေထိုင်သူတိုင်း၊ ဒေသခံကျွန်းသူကျွန်းသားများဖြစ်စေ၊ ပြင်ပမှလာတဲ့ ပညာတတ်လူငယ်များဖြစ်စေ၊ အိမ်၌ ကောက်ရိုးဦးထုပ်များစွာနှင့် ဝါးဦးထုပ်များစွာရှိကြပြီး အပြင်ထွက်တိုင်း ဦးထုပ်ဆောင်းရမည်ဖြစ်သည်။

တခါတရံ လေပြင်းတိုက်တဲ့အခါ လူတော်တော်များများက သူတို့ဦးထုပ်နောက် ပြေးလိုက်နေရတဲ့ ဟာသဆန်ဆန်မြင်ကွင်းတွေကို မင်း မြင်ရပါလိမ့်မယ်။ အထူးသဖြင့် ပညာတတ်လူငယ်တွေကြားထဲမှာပေါ့။ ချောမောလှပကြတဲ့ ပညာတတ်လူငယ်မိန်းကလေးတွေမှာ ဦးထုပ်လှလှလေးတွေရှိကြတယ်လေ၊ ဟုတ်ပါတယ် အဲဒီဦးထုပ်တွေဆို လွင့်ထွက်သွားဖို့ ပိုလွယ်တာပေါ့...

ချင်းရို့ ကိုယ်တိုင်ထိုးထားသည့် ကောက်ရိုးဦးထုပ်လေးဟာ အလွန်လှပသလို ရိုးရိုးလေးနှင့် ကြော့ရှင်းနေပြီး ကမ်းခြေအပန်းဖြေခရီးထွက်သည့် ခံစားချက်ကို ရရှိစေပေသည်။ အားနည်းချက်ကတော့ လွင့်ထွက်သွားဖို့ လွယ်တာကြောင့် မေးစေ့မှာ ကြိုးဖြင့် ချည်ထားရုံသာ။

လေပြင်းတိုက်ခတ်တဲ့အခါ လှ၏ မလှ၏ကို စိုးရိမ်မနိုင်တော့ဘဲ ကိုယ့်ခေါင်းကိုယ်ငုံ့ထားပြီး ဦးထုပ်ကို မြဲမြဲကိုင်ထားရမယ်။

လေပြင်းတိုက်ချိန်တွင် ထီးကိုင်ရတာ အဆင်မပြေပေ၊ ထီးလန်တက်သွားပြီး ကျိုးသွားနိုင်၏။ မြို့ထဲ၌ မြေအောက်ရထားထဲမှာ ကြပ်ညှပ်ခံလိုက်ရသလိုမျိုး ကြောက်စရာကောင်းလှသည်။

ချင်းရို့ တစ်ခါတုန်းက လူထူထပ်တဲ့ မြေအောက်ရထားထဲမှာ ကြပ်ညှပ်ခံလိုက်ရကာ ရထားပေါ်က ဆင်းလာတဲ့အခါ သူမကိုင်ထားတဲ့ ထီးမှာ ကျိုးသွားခဲ့လေပြီ။

သူမက ကလေးလေးတွေအတွက်လည်း နေရောင်အကာအကွယ်တွေ ယူခဲ့သည်။ ကလေးနှစ်ယောက်စလုံးရဲ့ အသားအရည်မှာ သူမနှင့် တူကြပြီး လွယ်လွယ်လေး အသားမမည်းသွားခဲ့ချေ။

ယခုလတွင် နေသိပ်မပူတော့သော်လည်း ချင်းရို့က ကလေးတွေကို ကောက်ရိုးဦးထုပ်လေး ဆောင်းပေးထားဆဲပင်။ ဦးထုပ်အောက်မှာ ဖောင်းကားနေတဲ့ ချစ်စရာပါးလေးတွေကို ဆွဲဖျစ်လိုက်၏။

"မားမားက ဆိုးတယ်၊ ဟီးဟီး…" ကလေးလေးတွေ ရယ်မောနေကြလျက်။

ချင်းရို့က သူတို့ထဲက တစ်ယောက်ကို စက်ဘီးရှေ့ ဘားတန်းမှာ ထိုင်ခိုင်းလိုက်ပြီး နောက်တစ်ယောက်ကို အနောက်ခုံမှာ ထိုင်ခိုင်းလိုက်သည်။ ယနေ့ စက်ဘီးနောက်ခုံတွင် ကလေးထိုင်ခုံငယ်လေးတစ်လုံးကို တပ်ဆင်ထားပြီးဖြစ်၏။

"ကိုင်ထားနော်၊ မပြုတ်ကျစေနဲ့" ချင်းရို့ ကလေးတွေကို သတိပေးလိုက်သည်။

ကောင်လေးနှစ် ယောက် ပြိုင်တူခေါင်းညိတ် ကြလျက်။

ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ချင်းရို့ မပြောဘဲမနေနိုင်တော့သဖြင့် "သားတို့ကိုတွန်းရတာ မားမားအတွက် အရမ်းခက်ခဲတာပဲကွယ်"

ထွားကြိုင်းလာတဲ့ ကောင်ငယ်လေးနှစ်ယောက်ဟာ အခုဆို ပေါ့ပါးခြင်းမရှိတော့ပေ။ လောလောဆယ်မှာ ခိုင်ခံ့လှတဲ့ စက်ဘီးတွေကို ကျေးဇူးတင်ရမှာပဲ...

ကျိုးကျိုးက ထောက်ထားညှာတာစွာ ပြောလာခဲ့သည်။

"မားမားနဲ့ တူတူသွားမယ်လေ"

ဖက်ထုပ်လေးကလည်း သူ့အစ်ကို့စကားကို သဘောတူလိုက်ပြီး

"ဟုတ်တယ် ဒါဆို အတူတူသွားကြမယ်လို့"

ယခု ကောင်းကင်ယံမှာ တိမ်ထူထပ်နေပြီး ကလေးလေးနှစ်ယောက်ဟာ ဘဲကလေးတွေလိုမျိုး သူတို့မိခင်နောက်မှ လိုက်လာခဲ့ကြသည်။

ချင်းရို့ ကလေးတွေနှင့်အတူ ဖြည်းညှင်းစွာ လမ်းလျှောက်နေခဲ့၏။

"ဒါ ရှောင်ချင်းပဲ"

"ကြေငြာသူ ရှောင်ချင်းပဲ"

"လာကြ ဒီမှာလတ်လတ်ဆတ်ဆတ် ခူးထားတဲ့ အုန်းသီးတွေကို ကလေးတွေကို ပေးမြည်းလိုက်ဦးလေ"

လမ်းတစ်လျှောက် သူတို့သိတဲ့ ရွာသားတွေနှင့် တွေ့ခဲ့ပြီး သူတို့က ကလေးနှစ်ယောက်အား အုန်းသီးသေးသေးလေးနှင့် ဝါးကျူတံလေး ပေးလိုက်၏။ ကျိုးကျိုးလေးနှင့် ဖက်ထုပ်လေးတို့က အုန်းသီးသေးသေးလေးကို ကိုင်ကာ အုန်းရည်ချိုချိုလေးကို သောက်ခဲ့ကြသည်။

ဤဒေသရှိ ရွာသားတော်တော်များများက ချင်းရို့ကို သိကြပါသည်။ သူတို့အားလုံးက လူကိုမသိရင်တောင် သူမရဲ့ အသံနဲ့ ရင်းနှီးနေကြခြင်းပင်။

ဒီခေတ်က လူတွေဟာ အရမ်းကိုဖော်ရွေကြလေသည်။ အုန်းသီး၊ သရက်သီးလို အသီးအနှံတွေဟာ တန်ဖိုးကြီးအရာတွေ မဟုတ်ပေ။ သူတို့က လတ်လတ်ဆတ်ဆတ်အသီးတွေကို အမြန်ခူးလိုက်ပြီး တခြားသူတွေကို အရင်စားရန် ပေးတတ်ကြ၏။ မဟုတ်ရင် သူတို့ဘာသာ ကုန်အောင်မစားနိုင်တာကြောင့် ဝက်တွေကို ကျွေးပစ်လိုက်ရမှာလေ ဟုတ်တယ်မလား?

ကလေးလေးနှစ်ယောက်က အုန်းသီးကို ပွေ့ဖက်ထားရင်း ဆော့ကစားနေကြ၏။ ရာသီဥတုမှာ အရမ်းမပူပြင်းဘဲ လေပြေလေညင်းလေး တိုက်ခတ်နေရာ လမ်းလျှောက်ရတာဟာ အတော်လေး သက်တောင့်သက်သာဖြစ်သည်ပင်။

သို့သော်လည်း ကလေးပိစိလေးတွေကတော့ ငြိမ်ငြိမ်မနေနိုင်ပါပေ။ ဒီနေ့ သူတို့က ဦးဦးဒေါ်ဒေါ်တွေ အများကြီးနှင့် စကားပြောခဲ့ကြသလို၊ အုန်းရည်သောက်ပြီးတဲ့နောက် စကားပြောတာ မရပ်ကြတော့ပေ။

"မားမား နှစ်သစ်ကူးကျင်းပရတော့မယ်"

"ဟုတ် တယ် တရုတ်နှစ် သစ် ကူး လေ"

ချင်းရို့လည်း ဝက်ကလေးနှစ်ကောင်ဟာ အဆာပြေမုန့်တွေစားလိုတာ ကြောင့် သူတို့မေမေအား နောက်တစ်ကြိမ် လှည့်စားလာတော့မယ်လို့ မူလက ထင်ခဲ့သည်။

တရုတ်နှစ်သစ်ကူးမှာဆို အရသာရှိတဲ့ အစားအစာတွေ အများကြီးစားရတော့မှာလေ...

ဖက်ထုပ်လေးက အရင်ဆုံး ဒီလိုပြောလာလိမ့်မယ်လို့ ဘယ်သူသိမလဲလေ...

"မားမား နှင်းကျမှာလား?"

"ဒေါ်လေးစာအုပ်က နှင်းတွေကျမယ်လို့ ပြောထားတယ်"

ချုံကျိုးကျွန်းမှာ နှင်းမကျသဖြင့် ကလေးတွေက နှင်းတွေကို တစ်ခါမှမမြင်ဖူးသေးပေ။

"မြောက်ပိုင်းမှာပဲ နှင်းကျတာလေ။ ဖိုးဖိုးဖွားဖွားနေတဲ့ ကျောင်းသောင်မှာပေါ့ကွယ်။ အဲဒီကဆောင်းရာသီဆို တရုတ်နှစ်သစ်ကူးအချိန်မှာ နှင်းပွင့်လေးတွေ ရှိလိမ့်မယ်"

"တောင်ပေါ်မှာ မျောက်တွေရှိတယ်၊ ဒါပေမဲ့ ဘာလို့ ဝံပုလွေတွေ မရှိရတာလဲဟင်? မားမားက 'ဝံပုလွေလာပြီ' ဆိုတဲ့ပုံပြင်ကို ဘာလို့ပြောပြတာလဲ?"

"ဘာလို့ဆိုတော့ မားမားက အရင်တုန်းက လျောင်ပြည်နယ် ပင်းချန်မြို့မှာ နေခဲ့တာကြောင့်ပေါ့ကွယ်။ မြောက်ပိုင်းမှာဆို ဝံပုလွေတွေအပြင် မြက်ခင်းပြင်ကြီးတွေ၊ စားကျက်မြေက သိုးအုပ်တွေ နွားအုပ်တွေလည်းရှိတယ်လေ။ အခု မားမားတို့က တောင်ပိုင်းက ကျွန်းတစ်ကျွန်းပေါ်မှာဆိုတော့ ကလေးတွေကိုစားတဲ့ မစ္စတာဝံပုလွေက လှေနဲ့ ပင်လယ်ပြင်ကြီးကို ဖြတ်ပြီး ကျွန်းဆီကို မလာနိုင်ဘူးပေါ့ကွယ်"

"ဝံပုလွေက ဘာလို့ ကျွန်းဆီကို လှေနဲ့မလာနိုင်တာလဲဟင်?"

"ဘာလို့လဲဆိုတော့ မစ္စတာဝံပုလွေက ဒီကရာသီဥတုကို မကြိုက်လို့လေ၊ ပြီးတော့ သူ့ကို ဘယ်သူမှ လှေနဲ့ ခေါ်မတင်တာကြောင့်ပေါ့"

"ဘာလို့လဲ ဘာလို့လဲဟင်?"

ကလေးလေးနှစ်ယောက်က အသေးစိတ်ကို နားထောင်ချင်သဖြင့် အကြောင်းပြချက်မျိုးစုံ မေးမြန်းကာ စတင်သင်ယူလာပြီဖြစ်သည်။

ချင်းရို့တစ်ယောက် မေးခွန်းထုတ်ခံရတာတွေ များလာတဲ့အခါ အရမ်းစိတ်ရှုပ်သွားရလေပြီ။ ဘာကြောင့်လဲဆိုတာကို သူမကရော ဘယ်လိုသိမှာလဲလို့...

ဒါပေမယ့် ကလေးလေးတွေရဲ့ မေးခွန်းတွေကို လိုက်စဉ်းစားပေးရမှာပေါ့လေ...

"ဘာလို့လဲဆိုတော့ မစ္စတာဝံပုလွေက ပူအိုက်လို့နေမယ်။ သူက အမွေးထူတိရိစ္ဆာန်ဆိုတော့ ကွမ်တုံပြည်နယ်ကို သွားရင် အပူဒဏ်ကြောင့် သူ့သားမွေးတွေ ဆုံးရှုံးသွားနိုင်တယ်လေ။ ကျိုးကျိုးလေးနဲ့ ဖက်ထုပ်လေးဆိုလဲ ပူတဲ့အခါ အဝတ်ထူကြီး မဝတ်ချင်ဘူး ဟုတ်တယ်မလား? စောင်ကိုတောင် ကန်ထုတ်တတ်တဲ့ ဖက်ထုပ်လေးလိုပဲပေါ့"

ကွမ်တုံပြည်နယ်မှာ ကြီးပြင်းလာတဲ့ ချင်းရို့က ကလေးနှစ်ယောက်ဆီက အမေးမြန်းခံရပြီးတဲ့နောက် မတွေးတောကြည့်ဘဲ မနေနိုင်တော့ပေ။ တောင်ပေါ်မှာ ခြင်္သေ့တွေနဲ့ ဝံပုလွေတွေ ရှိတယ်လို့ ပြောရတာ နည်းနည်းတော့ ထူးဆန်းပုံရပြီး ဝံပုလွေတွေဖြစ်ရင်တောင်မှ အမွေးနည်းတဲ့ ဝံပုလွေပိန်ပိန်လေးတွေ ဖြစ်သင့်ပေသည်။

ဆိုရိုးစကားအတိုင်း ဟွိုင်နန်မှာသီးတဲ့ လိမ္မော်သီးဟာ ပျားလိမ္မော်သီးဖြစ်ပြီး ဟွိုင်ပေမှာသီးတဲ့ လိမ္မော်သီးဟာ Trifoliateလိမ္မော်သီးဖြစ်မှာပေါ့။

အရှေ့မြောက်ပိုင်းရှိ တိရစ္ဆာန်တွေက သားမွေးတွေကို ထိန်းသိမ်းနိုင်ပေမယ့် ကွမ်တုံပြည်နယ်၊ ချုံကျိုးကျွန်းရှိ တိရစ္ဆာန်တွေက ဘယ်လိုလုပ်နိုင်မှာတုန်းနော်?

- ဒီမှာက အရမ်းပူတယ်လေ။

All Chapters