အခန်း (၃၀၁-၃၀၃)
Vol. 21 Ch. 301-303
အခန်း (၃၀၁) - တိုးမြှင့်ခြင်းနှင့် ရွှေအမြုတေ အဆင့် - အပိုင်း (၁)
~နေလမင်းကျွန်း...
ရေခဲမီး သုံးဆင့်ဂူအတွင်း...
အချိန်ကာလအားဖြင့် တစ်နှစ်ခန့် ကုန်ဆုံးသွားခဲ့ချေပြီ။
စုယွီသည် တတိယအဆင့်နိမ့် မိစ္ဆာသွေးအဆီအနှစ် (၃) စက်ကို တရှိန်ထိုး မျိုချလိုက်လေသည်။
ချက်ချင်းဆိုသလိုပင်...
သူ့ခန္ဓာကိုယ်အတွင်းမှ ကြီးမားလှသော သွေးစွမ်းအင်လှိုင်းကြီး ရုန်းကြွလာတော့၏။ ထိုစွမ်းအင်များသည် သူ့အရိုးအဆစ်များနှင့် ခြေလက်အင်္ဂါများဆီသို့ လှည့်ပတ်စီးဆင်းသွားကြ၏။ များပြားလှသော သွေးမြူများသည် သူ့ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံသွားပြီး ထူထဲသော သွေးမြူခိုးများကို ဖြစ်ပေါ်စေတော့သည်။
မှန်းဆ၍မရနိုင်လောက်အောင် ကြမ်းတမ်းခက်ထန်သော အရှိန်အဝါ တစ်ခုသည် စုယွီထံမှ ထွက်ပေါ်လာပြီး နေလမင်းကျွန်း တစ်ခုလုံးကို လွှမ်းမိုးသွားလေ၏။
ထိုအခြေအနေသည် ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာသားရဲကြီး တစ်ကောင် မွေးဖွားလာသကဲ့သို့ပင်။
ထိုအငွေ့အသက်သည် အနီးအနားရှိ ယဉ်ပါးအောင် မွေးမြူထားသော "မြေကမ္ဘာ မီးလျှံမျောက်ဝံ" နှင့် "အမွှေးနက် လင်းယုန်" တို့ကိုပင် တုန်လှုပ်ချောက်ခြားသွားစေခဲ့သည်။
၎င်းတို့နှစ်ကောင်စလုံးသည် စုယွီရှိရာဘက်သို့ ထိတ်လန့်တကြား အကြည့်ပို့လွှတ်လိုက်မိကြတော့၏။
"ဟူး... ဟူး... ဟူး..."
"ဝုန်း..."
လေထုက တုန်ခါသွားသည်။
စုယွီ၏ အသက်ရှူသံများသည် စစ်မြေပြင်မှ စည်ကြီးများကို တီးခတ်လိုက်သကဲ့သို့ ကျယ်လောင်ပြင်းထန်လှပေ၏။ သူ့အသက်ရှူသံကြောင့် လေပြင်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ သဘာဝ ဝိညာဉ်စွမ်းအင်များကို ဆူပွက်သွားစေကာ နေလမင်းကျွန်း၏ ကောင်းကင်ယံတစ်ခုလုံးကို သွေးရောင်မုန်တိုင်းအဖြစ် ပြောင်းလဲပစ်လိုက်လေသည်။
တတိယအဆင့် မိစ္ဆာသွေး၏ စွမ်းအားသည် အလွန်အမင်း ကြီးမားကျယ်ပြန့်လှပြီး ဒုတိယအဆင့် မိစ္ဆာသွေးထက် များစွာ သာလွန်လှပေသည်။
စုယွီသည် ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် (၁၈) သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း၊ တတိယအဆင့်နိမ့် မိစ္ဆာသွေး (၃) စက်ကို မျိုချလိုက်သည့်အခါ စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲတွင် ဗုံးတစ်လုံးသဖွယ် ပေါက်ကွဲသွားတော့၏။ သူ့ခန္ဓာကိုယ်သည် အတွင်းမှနေ၍ ဖောင်းပွလာ၏။ ပူပြင်းသော မီးတောင်ချော်ရည်လှိုင်းများသည် သူ့သွေးကြောများထဲတွင် စီးဆင်းနေသကဲ့သို့ ခံစားရပြီး သည်းမခံနိုင်လောက်အောင် နာကျင်မှုကို ဖြစ်ပေါ်စေလျက် သွေးကြောများကို ဖောင်းကြွလာစေသည်။
'တတိယအဆင့်နိမ့် မိစ္ဆာသွေးက တန်ဖိုးဖြတ်မရအောင် ရှားပါးလွန်းတယ်။ တစ်စက်တည်းနဲ့တင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၁၀၀၀) ထက်မက တန်ဖိုးရှိတာ... သူ့ဆီမှာပါတဲ့ စွမ်းအားက အံ့မခန်းပါလား'
စုယွီက သူ့စိတ်ထဲတွင် တွေးတောလိုက်မိ၏။
'ငါ ဒီသွေးတွေကို နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့တာ... ကိုယ်ခန္ဓာကြံ့ခိုင်မှု လေ့ကျင့်ဖို့အတွက် ဒီလောက်တန်ဖိုးရှိတဲ့ သွေးတွေကို မသုံးရက်ခဲ့ဘူး'
အကြောင်းမူကား... အဆောင်လက်ဖွဲ့များ ရေးဆွဲရာတွင် သူသည် ဝိညာဉ်သတ္တုမှုန့်များနှင့် ဝိညာဉ်အရည်များ ရောစပ်ထားသော အထူးမှင်ကိုသာ အဓိက အသုံးပြုခဲ့သည်။ တတိယအဆင့် အဆောင်လက်ဖွဲ့ အနည်းငယ်ကိုသာ သားရဲသားရေပေါ်တွင် ရေးဆွဲခဲ့ပြီး၊ အများစုကိုမူ တတိယအဆင့် ကျောက်စိမ်းတုံးများပေါ်တွင်သာ ရေးဆွဲခဲ့လေသည်။
သို့မဟုတ်ပါက စားသုံးရန်အတွက် လုံလောက်သော တတိယအဆင့် မိစ္ဆာပစ္စည်းများ ကျန်ရှိတော့မည် မဟုတ်ပေ။
'အရင်တုန်းကတော့ ငါ မသုံးရက်ခဲ့ဘူး... ဒါပေမဲ့ ဒီနေ့အတွက်တော့ သုံးရတော့မယ်'
သူ့ခန္ဓာကိုယ်ထဲတွင် ဆူပွက်နေသော မိစ္ဆာသွေးစွမ်းအင်များကို ခံစားရင်း စုယွီ၏ စိတ်ထဲတွင် တက်ကြွလာတော့၏။ ချက်ချင်းပင် သူသည် "ရွှေပုစဉ်းရင်ကွဲ နည်းစနစ်" ကို ထုတ်ဖော်လိုက်ပြီး သူ၏ တောက်ပသော ဝိညာဉ်စွမ်းအားဖြင့် ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားလိုက်သည်။
သူ၏ အလွန်အမင်း သန်မာသော ဝိညာဉ်စွမ်းအားကြောင့် စုယွီသည် သူ့ခန္ဓာကိုယ်ရှိ ကြွက်သားများ၊ အရိုးများနှင့် အသားစိုင် တစ်ခုချင်းစီကို တိကျစွာ ထိန်းချုပ်နိုင်လေ၏။
သူသည် မိစ္ဆာသွေး၏ စွမ်းအားအားလုံးကို သူ့ခန္ဓာကိုယ်အတွင်း၌ ပိတ်လှောင်ထားလိုက်သည်။
ထို့နောက်...
စုယွီသည် ယနေ့အတွက် လေ့ကျင့်စဉ်ဖြစ်သော "မိကျောင်းသားရဲ (၁၀၈) ကွက် ခန္ဓာကျင့်စဉ်" ကို စတင် လေ့ကျင့်လိုက်တော့၏။
ပထမကွက်... ဒုတိယကွက်... တတိယကွက်...
သူသည် ကိုယ်ခန္ဓာကြံ့ခိုင်မှု လေ့ကျင့်ခန်းများကို တစ်ဆင့်ပြီးတစ်ဆင့် အဆက်မပြတ် ပြုလုပ်နေလေသည်။
"ဝေါင်း..."
အဆုံးမရှိသော သွေးစွမ်းအင်လှိုင်းများသည် စုယွီ၏ ခန္ဓာကိုယ်အတွင်း၌ စုစည်းသွားကြ၏။ ရှေးဟောင်း မိကျောင်းဘုရင်ကြီးတစ်ပါး ဟိန်းဟောက်လိုက်သကဲ့သို့ မိုးခြိမ်းသံကြီးများ ထွက်ပေါ်လာ၏။
စုယွီ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးရောင်အဆင်းရှိသော မျဉ်းကြောင်းများ ပေါ်လာပြီး၊ သူ့ပတ်ဝန်းကျင်ရှိ ထူထဲသော သွေးအာငွေ့များသည် သွေးပင်လယ်ကြီးတစ်ခုအသွင် ဖန်တီးလိုက်သကဲ့သို့ ဖြစ်နေတော့၏။
ကြောက်မက်ဖွယ် ကောင်းလှသော ခွန်အားများ စုဝေးလာသည်။
သူ့လှုပ်ရှားမှု တစ်ချက်တိုင်းတွင် နေလမင်းကျွန်းကြီး တစ်ခုလုံး တုန်ခါသွားရလေသည်။
စုယွီသည် ကိုယ်ခန္ဓာကြံ့ခိုင်မှု လေ့ကျင့်ခန်းများကို ပြုလုပ်နေစဉ်တွင် သူ၏ "ကျွမ်းကျင်မှု မျက်နှာပြင်" ပေါ်၌ မိကျောင်းဘုရင်၏ (၁၀၈) ကွက် လေ့ကျင့်ခန်း တိုးတက်မှုနှုန်းသည် ဖြည်းညှင်းစွာ မြင့်တက်လာနေသည်ကို တွေ့ရ၏။ ဤကျွမ်းကျင်မှု ရရှိရန်အတွက် သူသည် နှစ်ပေါင်းများစွာ အဆက်မပြတ် ကြိုးစားအားထုတ်ခဲ့ရပေသည်။
ယခုအခါ သူ့ခန္ဓာကိုယ်ထဲရှိ မိစ္ဆာသွေးများကို သန့်စင်လိုက်သည့်အခါတွင်၊ သူ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့်သည် (၁၈) ဆင့်မြောက်တွင် ရာခိုင်နှုန်းပြည့်သို့ ဖြည်းဖြည်းချင်း ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ထိုသို့ဖြင့်...
တစ်နာရီကျော်ခန့် ကြာသောအခါ...
စုယွီ၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးရောင် မျဉ်းကြောင်းများသည် ရုတ်တရက် အသွင်ပြောင်းလဲသွားတော့၏။ ယခင်က ထိုမျဉ်းကြောင်းများသည် မိကျောင်းဘုရင်၏ အကြေးခွံများကဲ့သို့ လက်ဖဝါးအရွယ်အစားခန့် ရှိသော်လည်း၊ ယခုအခါ ထိုသွေးရောင်မျဉ်းကြောင်းများသည် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုကို စတင်နေပြီ ဖြစ်သည်။
တောက်ပသော သွေးရောင်အလင်းတန်းများ ဝေဝါးသွားပြီးနောက် သွေးရောင်မျဉ်းကြောင်းများက ဖြည်းညှင်းစွာ ကျုံ့ဝင်သွားကြ၏။ အကြေးခွံတစ်ခုစီသည် သေးငယ်သွားပြီး အကြေးခွံအသစ်များကို ဆက်တိုက် ထုတ်လုပ်နေသကဲ့သို့ ဖြစ်နေလေသည်။
ကြက်ဥအရွယ်အစားခန့်ရှိသော သွေးရောင်အကြေးခွံမြောက်မြားစွာသည် ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်နေကြ၏။
"ဝုန်း..."
စုယွီ၏ ခန္ဓာကိုယ် အရှိန်အဝါသည် ရုတ်ချည်း ပြောင်းလဲသွားတော့၏။ ကြောက်မက်ဖွယ် ကောင်းသော သွေးစွမ်းအင် အရှိန်အဝါသည် သူ့အတွင်းမှ ပေါက်ကွဲထွက်လာပြီး စုယွီ၏ ခန္ဓာကိုယ်ကို ခေတ္တမျှ ဖောင်းပွသွားစေသည်။
ကျွမ်းကျင်မှု မျက်နှာပြင်ပေါ်တွင် မိကျောင်းဘုရင်၏ (၁၀၈) ကွက် ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် သတင်းအချက်အလက်သည် အဆင့် (၁၈) မှ အဆင့် (၁၉) သို့ တိတ်တဆိတ် ပြောင်းလဲသွားလေသည်။
ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် (၁၉) ဆိုသည်မှာ အရည်အသွေးပိုင်းဆိုင်ရာ ကြီးမားသော ပြောင်းလဲမှုကြီး တစ်ခုပင် ဖြစ်သည်။
ဒုတိယအဆင့် မိစ္ဆာ သားရဲဘဝမှ တတိယအဆင့် မိစ္ဆာ သားရဲအဖြစ်သို့ ကူးပြောင်းသွားသကဲ့သို့ပင်။
ထိုအခိုက်အတန့်၌...
စုယွီ စားသုံးလိုက်သော တတိယအဆင့်နိမ့် မိစ္ဆာသွေး (၃) စက်စလုံးသည် သူ့ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းက စုပ်ယူခြင်းကို ခံလိုက်ရပြီတည်း။ တစ်ချိန်တည်းမှာပင် နေလမင်းကျွန်းဂူအတွင်းရှိ သဘာဝ ဝိညာဉ်စွမ်းအင်များသည် ကြီးမားသော စုပ်ယူအားတစ်ခုကြောင့် စုယွီ၏ ခန္ဓာကိုယ်ထဲသို့ အလုအယက် တိုးဝင်စီးဆင်းသွားကြတော့၏။
ထိုစွမ်းအင်များသည် သူ့ခန္ဓာကိုယ် အသွင်ပြောင်းလဲခြင်းအတွက် လိုအပ်သော စွမ်းအင်အရင်းအမြစ်များ ဖြစ်လာကြသည်။
'မလောက်သေးဘူး...'
စုယွီသည် သူ့အသားစိုင်များ၏ နက်ရှိုင်းသော နေရာမှ ထွက်ပေါ်လာသည့် အလွန် ကြောက်မက်ဖွယ်ကောင်းပြီး ကြမ်းတမ်းသော စွမ်းအားတစ်ခု မွေးဖွားလာသည်ကို ခံစားလိုက်ရ၏။ ယခုအချိန်တွင် သူ့ခန္ဓာကိုယ်သည် ရူးသွပ်မတတ် အသွင် ပြောင်းလဲခြင်းကို ခံစားနေရသည်။ သူ၏ ကြီးမားလှသော ဝိညာဉ်စွမ်းအား ထိန်းချုပ်မှုကြောင့် သူ့ခန္ဓာကိုယ်တွင် ဖြစ်ပေါ်နေသော ကြောက်ခမန်းလိလိ ပြောင်းလဲမှုများကို အတိုင်းသား သိရှိနေရလေ၏။
ရှေးဟောင်း မိစ္ဆာဘုရင်ကြီးတစ်ပါး ပြန်လည် နိုးထလာသကဲ့သို့ပင်။
ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ် အသွင်ပြောင်းလဲမှုသည် သူထင်မှတ်ထားသည်ထက် များစွာ သာလွန်သော စွမ်းအင်ပမာဏကို လိုအပ်နေပေသည်။
သူ့ခန္ဓာကိုယ်၏ 'ဆာလောင်မွတ်သိပ်မှု' ကို သတိပြုမိလိုက်သည်နှင့် စုယွီသည် အကြံတစ်ခု ရလိုက်ပြီး သူ၏ သိုလှောင်လက်စွပ် အတွင်း၌ သိမ်းဆည်းထားသော တတိယအဆင့်နိမ့် မိစ္ဆာသွေး အစက် (၁၀၀) ကျော်ကို ထုတ်ယူလိုက်လေသည်။
သူသည် ပါးစပ်ကို ဟကာ တတိယအဆင့်နိမ့် မိစ္ဆာသွေး (၁၀) စက်ကို စုပ်ယူလိုက်သည်။
"ဝုန်း..."
တတိယအဆင့်နိမ့် မိစ္ဆာသွေး (၁၀) စက်၏ စွမ်းအားသည် စုယွီ၏ ခန္ဓာကိုယ် အသွင်ပြောင်းလဲမှုကို အချိန်တိုတစ်ခုသာ ထောက်ပံ့ပေးနိုင်ပြီး အကုန်အစင် လောင်ကျွမ်းသွားတော့၏။ သူသည် နောက်ထပ် ပါးစပ်ကို ဟလိုက်ပြီး မိစ္ဆာသွေး (၁၀) စက်ကို ထပ်မံ မျိုချလိုက်ပြန်သည်။
နာရီဝက်ပင် မကြာလိုက်ချေ။
တတိယအဆင့်နိမ့် မိစ္ဆာသွေး အစက် (၁၀၀) စလုံးကို စုယွီက အကုန်အစင် မျိုချလိုက်ပြီတည်း။
သို့သော်လည်း ဤမျှ များပြားလှသော မိစ္ဆာသွေးများကို စားသုံးလိုက်သည့်တိုင် စုယွီ၏ ခန္ဓာကိုယ် အသွင်ပြောင်းလဲမှုမှာ သုံးပုံတစ်ပုံခန့်သာ ပြီးမြောက်သေးသည်။
အခန်း (၃၀၂) - တိုးမြှင့်ခြင်းနှင့် ရွှေအမြုတေ အဆင့် - အပိုင်း (၂)
~မတတ်သာတော့ပြီ။
အခြားရွေးချယ်စရာ လမ်းမရှိတော့သည့်အတွက် စုယွီသည် စိတ်ဓာတ်ကျစွာဖြင့် သူ၏ သိုလှောင်လက်စွပ်အတွင်း၌ နှစ်ပေါင်းများစွာ စုဆောင်းသိမ်းဆည်းထားခဲ့သော သားရဲသွေးအားလုံးကို ကပျာကယာ ထုတ်ယူလိုက်ရတော့၏။ ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့်ကို ထိုးဖောက်ကျော်လွန်ရန်အတွက် လိုအပ်နေသော စွမ်းအင်ပမာဏမှာ ကြီးမားလွန်းလှသည် မဟုတ်ပါလား။
ထိုသို့ဖြင့် ခြောက်နာရီခန့် ကြာမြင့်သွားသောအခါ...
တတိယအဆင့်နိမ့် မိစ္ဆာသွေးအစက်ရေ သုံးရာကျော်ကို သောက်သုံးပြီး၊ နေလမင်းကျွန်းရှိ တတိယအဆင့် ဂူစံအိမ်အတွင်းမှ သဘာဝ ဝိညာဉ်စွမ်းအင်များကိုပါ အကုန်အစင်နီးပါး စုပ်ယူပြီးသည့်နောက်တွင်မှ စုယွီ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့်ကို ထိုးဖောက်ခြင်း လုပ်ငန်းစဉ်သည် အောင်မြင်စွာ ပြီးဆုံးသွားခဲ့လေသည်။
သူ့အသားစိုင်များ၏ နက်ရှိုင်းသော နေရာမှ ပေါက်ဖွားလာသည့် ပေါက်ကွဲအားပြင်းထန်သော စွမ်းအင်များနှင့်အတူ စုယွီ၏ ခန္ဓာကိုယ် အသွင်ပြောင်းလဲခြင်းသည် အဆုံးသတ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
သူ့ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်အားလုံးသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားကြပြီး၊ ယခင်ကကဲ့သို့ စွမ်းအင်များကို ရူးသွပ်မတတ် စုပ်ယူခြင်း မရှိတော့ချေ။
ကိုယ်ခန္ဓာကြံ့ခိုင်မှု ကျင့်စဉ်ကို ဆက်လက်လည်ပတ်နေရင်း စုယွီ၏ ခန္ဓာကိုယ်ပေါ်တွင် ပေါ်ပေါက်နေသော သွေးရောင်သွေးကြောများသည် ဖြည်းညှင်းစွာ ပြန်လည်ပျောက်ကွယ်သွားကြသည်။ ထို့အတူ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲအားပြင်းသည့် အရှိန်အဝါကြီးသည်လည်း သူ့ခန္ဓာကိုယ် အတွင်းပိုင်းနက်ရှိုင်းသော နေရာသို့ ပြန်လည်ဆုတ်ခွာသွားပြီး၊ အစအနပင် ရှာမတွေ့နိုင်တော့သည်အထိ ငြိမ်သက်သွားတော့၏။
ထိုအခိုက်အတန့်၌...
သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်လေသည်။
သူ့မျက်လုံးများသည် သွေးကဲ့သို့ နီရဲတောက်ပနေပြီး ကြောက်မက်ဖွယ် ကောင်းလှသော အေးစက်စက် အလင်းရောင်များ ထွက်ပေါ်နေ၏။ အလွန်တရာ တိတ်ဆိတ်ငြိမ်သက်ပြီး အစွမ်းထက်လှသော အန္တရာယ်ရှိသည့် အရှိန်အဝါတစ်ခုသည် သူ့ပတ်ဝန်းကျင်၌ ဝိုးတဝါး ထွက်ပေါ်နေသည်ကို ခံစားလိုက်ရသည်။
စုယွီ၏ ပတ်ဝန်းကျင်ရှိ သဘာဝ ဝိညာဉ်စွမ်းအင်များသည် ခဲသွားသကဲ့သို့ ဖြစ်နေပြီး သွေးရောင်နယ်မြေတစ်ခုကို ဖန်တီးလိုက်သကဲ့သို့ပင်။
ထို 'နယ်မြေ' မှ ထွက်ပေါ်လာသော ဖိအားကို ခေတ္တမျှ လေ့လာကြည့်ရှုပြီးနောက် စုယွီသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်လေ၏။
"ဟူး..."
ထိုသက်ပြင်းသံသည် မိုင်ပေါင်းများစွာအထိ ပျံ့လွင့်သွားပြီး ပျောက်ကွယ်သွားရန် အချိန်အတော်ကြာ ယူလိုက်ရသည်။
ထိုသက်ပြင်းသည် တောက်လောင်နေသော မီးတောက်ကဲ့သို့ သွေးရောင်လွှမ်းနေပြီး အလွန်အမင်း ပူပြင်းလှပေသည်။
အကယ်၍ ဝိညာဉ်သန့်စင်ခြင်း အဆင့်ရှိ ကျင့်ကြံသူများသာ ထိုသက်ပြင်းငွေ့နှင့် ထိတွေ့မိပါက ချက်ချင်းပင် ပြာကျသွားနိုင်သည်ဟု ဆိုရလောက်အောင် ကြောက်မက်ဖွယ် ကောင်းလှပေ၏။
သူ့ခန္ဓာကိုယ်၏ စွမ်းအားပြောင်းလဲမှုများကို ခံစားကြည့်ပြီးနောက် စုယွီ၏ မျက်လုံးများ အရောင်ပြောင်းသွားကာ သွေးရောင်များ ပျောက်ကွယ်သွားပြီး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေသည်။
'ဒီစွမ်းအားက ရိုးရိုး ခန္ဓာကိုယ်ခွန်အားလောက်တော့ မဟုတ်တော့ဘူးထင်တယ်...'
စုယွီသည် ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် (၁၈) မှ (၁၉) သို့ ကူးပြောင်းသွားခြင်းမှာ သာမန်အဆင့်တက်ခြင်း မဟုတ်ဘဲ ကြီးမားသော အဆင့်ကျော်ဖြတ်မှုကြီး တစ်ခုဖြစ်ကြောင်း ခံစားမိလိုက်သည်။
ယခင်က သူ့စွမ်းအားသည် ရိုးရှင်းသော ခန္ဓာကိုယ်ခွန်အား သက်သက်သာ ဖြစ်သည်ဟု ဆိုလျှင်...
ယခုအခါတွင်မူ ထိုစွမ်းအား၌ ထူးခြားသော ပြောင်းလဲမှုတစ်ခု ပါဝင်နေသည်ကို စုယွီ ခံစားနေရသည်။
သူ့ခန္ဓာကိုယ်အတွင်းမှ စွမ်းအားသည် ပြင်ပရှိ သဘာဝစွမ်းအင်များကိုပါ လွှမ်းမိုးထိန်းချုပ်နိုင်စွမ်း ရှိနေသကဲ့သို့ပင်။
ယခု သူ ထုတ်လွှတ်လိုက်သော ဖိအားကို ကြည့်လျှင် သန့်စင်သော ခန္ဓာကိုယ်ခွန်အား သက်သက်မှ ဖြစ်ပေါ်လာသော အရှိန်အဝါသည် ရွှေအမြုတေ အဆင့် ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်ဖိအားနှင့် မခြားနားလှပေ။
ဝိညာဉ်စွမ်းအင် ကို အသုံးမပြုဘဲ ခန္ဓာကိုယ်ခွန်အား သက်သက်ဖြင့်ပင် ရွှေအမြုတေ အဆင့် (၁) ရှိသော ကျင့်ကြံသူတစ်ဦးနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
သို့သော်လည်း စုယွီသည် သူ၏ တိုက်ခိုက်နိုင်စွမ်း အတိအကျကိုမူ မသေချာသေးချေ။
"မိကျောင်းသားရဲ (၁၀၈) ကွက် ခန္ဓာကျင့်စဉ်" ကို လေ့ကျင့်လေလေ၊ ပိုမို အစွမ်းထက်လာလေလေ ဖြစ်သည်ကို သူ ခံစားနေရသည်။ ရှေးဟောင်း မိစ္ဆာဘုရင်ကြီးထံမှ ဆင်းသက်လာသော ဤကျင့်စဉ်သည် ၎င်း၏ ထူးခြားဆန်းကြယ်မှုကို တဖြည်းဖြည်း ထုတ်ဖော်ပြသလာနေပြီ ဖြစ်သည်။
ယခု သူ ဝိုးတဝါး ခံစားနေရသော ရှေးဟောင်း သွေးမိစ္ဆာ အရှိန်အဝါ ကဲ့သို့ပင်။
ထိုအရှိန်အဝါသည် ရှေးခေတ်ကာလများဆီမှ ဆင်းသက်လာသကဲ့သို့ ခံစားရပြီး၊ သူ ကျင့်ကြံနေသော ဤနည်းစနစ်သည် ယခုခေတ်နှင့် မသက်ဆိုင်ကြောင်း ထင်ရှားနေလေသည်။
ယခုတစ်ကြိမ် အဆင့် (၁၈) မှ (၁၉) သို့ တက်လှမ်းရာတွင် အသုံးပြုလိုက်ရသော တတိယအဆင့် မိစ္ဆာသွေးနှင့် သဘာဝ ဝိညာဉ်စွမ်းအင် ပမာဏမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး သာမန်မဟုတ်ကြောင်း ပြသနေ၏။
[နည်းစနစ် - မိကျောင်းသားရဲ (၁၀၈) ကွက် ခန္ဓာကျင့်စဉ် (အဆင့် ၁၉၊ ကျွမ်းကျင်မှု ၀.၀၁%)]
စုယွီသည် ကျွမ်းကျင်မှု မျက်နှာပြင်ကို ကြည့်လိုက်ရင်း အာမေဋိတ် သံတစ်ချက် ပြုလိုက်မိသည်။
သူသည် သက်တမ်း ကဏ္ဍကို ကြည့်လိုက်သောအခါ...
[သက်တမ်း - ၁၁၇ / ၅၆၉]
ငါးရာ့ခြောက်ဆယ့်ကိုးနှစ်...
အရင်တုန်းက လေးရာ့ငါးဆယ့်ငါးနှစ် မဟုတ်ပါလား။ သူ့သက်တမ်းက (၁၁၄) နှစ်တိတိ တိုးလာခဲ့ပြီပဲ။
ယခင်က ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် တက်လှမ်းခဲ့စဉ်က သူ့သက်တမ်းအပေါ် များစွာ သက်ရောက်မှု မရှိခဲ့ပေ။
သို့သော် ယခုအခါ သူ့ခန္ဓာကိုယ်သည် ရွှေအမြုတေ အဆင့်နှင့် ယှဉ်နိုင်သော အသွင်ပြောင်းလဲမှုကြီး ဖြစ်ပေါ်ခဲ့သဖြင့် သက်တမ်းမှာ ရာကျော် တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
သူ့သက်တမ်း (၅၆၉) နှစ်ကို ကြည့်ရင်း စုယွီ၏ ရင်ထဲတွင် ဒိန်းခနဲ ခုန်သွားပြီး မျက်လုံးများ အရောင်တောက်လာကာ ဖော်ပြမရနိုင်သော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားတော့၏။
'သာမန် ရွှေအမြုတေ အဆင့် (၉) ကျင့်ကြံသူတစ်ယောက်ရဲ့ သက်တမ်းကတောင် နှစ်ငါးရာ ဝန်းကျင်ပဲ ရှိတာ...'
'ငါက အခုမှ အခြေခံတည်ဆောက်ခြင်း အဆင့် (၉) ပဲ ရှိသေးတယ်... ဒါပေမဲ့ ငါ့သက်တမ်းက ရွှေအမြုတေ အဆင့်ကိုတောင် ကျော်လွန်နေပြီပဲ'
ထပ်မံ တွက်ချက်ကြည့်လိုက်သောအခါ...
ယခု သူသည် အသက် (၁၁၇) နှစ် ရှိနေပြီ ဖြစ်သော်လည်း၊ ကျန်ရှိနေသော သက်တမ်းမှာ နှစ်ပေါင်း (၄၅၂) နှစ်တိတိ ကျန်ရှိနေသေးသည်။
မည်သည့် ရွှေအမြုတေ အဆင့် ကျင့်ကြံသူက သူ့လောက် သက်တမ်းရှည်နိုင်ပါမည်နည်း။
အချိန်အတန်ကြာမှ စုယွီသည် စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်ပြီး သက်ပြင်းတစ်ချက် ရှိုက်ကာ ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့်တက်ခြင်း၏ အကျိုးဆက်များကို ပြန်လည် ဆန်းစစ်လိုက်သည်။
'ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့်က နောက်တစ်ဆင့် တက်သွားပြီဆိုတော့... သွေးဝေလငါး လမင်းမြို ကျင့်စဉ် ကို ဆက်လေ့ကျင့်ရမယ်'
"ဝီ..."
ထို့နောက် စုယွီသည် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး မျက်လုံးများကို မှိတ်ကာ "သွေးဝေလငါး လမင်းမြို ကျင့်စဉ်" ကို စတင်လည်ပတ်လိုက်တော့၏။ ဤကျင့်စဉ်သည်လည်း ရှေးဟောင်း မိစ္ဆာမျိုးနွယ်ဝင် "ကောင်းကင်စား ဝေလငါး" ၏ မွေးရာပါ စွမ်းရည်များကို အတုယူ ဖန်တီးထားသော လျှို့ဝှက်ဆန်းကြယ်သည့် ရှေးဟောင်း နည်းစနစ်တစ်ခု ဖြစ်သည်။ ဤကျင့်စဉ်ကို အသုံးပြုပါက သူ၏ မူလခန္ဓာကိုယ်ခွန်အားထက် အဆပေါင်းများစွာ သာလွန်သော စွမ်းအင်ကို ထုတ်ဖော်နိုင်မည် ဖြစ်သည်။
ဤအချိန်၌ စုယွီသည် သွေးဝေလငါး လမင်းမြို ကျင့်စဉ်ကို လေ့ကျင့်နေစဉ်၊ သူ့ခန္ဓာကိုယ်အတွင်း၌ ဖွဲ့စည်းထားသော အဓိက သွေးကြောများသည် အဆင့် (၁၉) ကိုယ်ခန္ဓာကြံ့ခိုင်မှုမှ ရရှိလာသော ကြောက်မက်ဖွယ် စွမ်းအင်များကို လောဘတကြီး ဝါးမြိုနေကြတော့၏။
အချိန်အတန်ကြာသော်...
သူ့ခန္ဓာကိုယ်ခွန်အား၏ ၉၀ ရာခိုင်နှုန်းခန့်ကို သွေးဝေလငါး လမင်းမြို ကျင့်စဉ်က ဝါးမြိုပြီးသည့်နောက်တွင် စုယွီသည် လေ့ကျင့်မှုကို ဖြည်းညှင်းစွာ ရပ်တန့်လိုက်သည်။
သူ့သွေးကြောများ၏ ပြောင်းလဲမှုကို ခံစားရင်း စုယွီက စိတ်ထဲတွင် တွက်ချက်လိုက်၏။
'နောက်ထပ် ရက်အနည်းငယ်လောက်ဆိုရင်... ငါ့ရဲ့ အမြုတေကို တတိယအဆင့် အထိ ပြောင်းလဲနိုင်လောက်တယ်'
သွေးဝေလငါး လမင်းမြို ကျင့်စဉ်၏ တတိယအဆင့် ရောက်ရှိပါက အချိန်တိုအတွင်း မူလခန္ဓာကိုယ်ခွန်အား၏ (၃) ဆကို ထုတ်ဖော် အသုံးပြုနိုင်မည် ဖြစ်သည်။
အကယ်၍ ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် (၁၉) သည် ရွှေအမြုတေ အဆင့် (၁) နှင့်သာ ယှဉ်ပြိုင်နိုင်သည်ဟု ဆိုလျှင်...
သွေးဝေလငါး လမင်းမြို ကျင့်စဉ်ကိုပါ ပေါင်းစပ်အသုံးပြုလိုက်ပါက၊ စုယွီသည် သူ့ခန္ဓာကိုယ်ခွန်အား သက်သက်ဖြင့်ပင် ရွှေအမြုတေ အဆင့် (၁) ရှိသော ကျင့်ကြံသူတစ်ဦးကို ပါးရိုက်သတ်နိုင်လောက်သည်အထိ ယုံကြည်မှု ရှိနေလေသည်။
ရွှေအမြုတေ အဆင့် (၂) ကျင့်ကြံသူကိုလည်း အနိုင်ယူနိုင်ရုံသာမက သတ်ဖြတ်နိုင်စွမ်းပါ ရှိပေလိမ့်မည်။
ရွှေအမြုတေ အဆင့် (၃) နှင့် ရင်ဆိုင်ရလျှင်ပင် ပြဿနာကြီးကြီးမားမား ရှိမည် မဟုတ်ချေ။
ဤမျှ လျှို့ဝှက်ဆန်းကြယ်သော ရှေးဟောင်း ကျင့်စဉ်သည် အလွန် ကြောက်မက်ဖွယ် ကောင်းလှသည် မဟုတ်ပါလော။
ယခုလေးတင် ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့်ကို ထိုးဖောက်ခဲ့ခြင်းကြောင့် နေလမင်းကျွန်းရှိ သဘာဝ ဝိညာဉ်စွမ်းအင် အားလုံးနီးပါး ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ သွေးဝေလငါး လမင်းမြို ကျင့်စဉ်ကိုပါ ဆက်လက် လေ့ကျင့်လိုက်သည့်အတွက် ဂူစံအိမ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် ပါးလွှာသော အလွှာလေးတစ်ခု အဖြစ်သာ ကျန်ရှိတော့၏။ အပြည့်အဝ ပြန်လည်ကောင်းမွန်လာရန် အချိန်အတန်ကြာ စောင့်ဆိုင်းရပေဦးမည်။
"ဓာတ်ကြီးငါးပါး နည်းစနစ်"၏ ရွှေအမြုတေ အဆင့် ကျင့်စဉ် ဖန်တီးမှုမှာလည်း ခရီးမရောက်သေးချေ။ သူ၏ အခြေခံတည်ဆောက်ခြင်း အဆင့် (၉) ကျွမ်းကျင်မှုသည်လည်း ပြည့်စုံရန် လိုအပ်နေသေးသဖြင့် နောက်ထပ် နှစ်အနည်းငယ်ခန့် လိုအပ်ဦးမည်ဟု ခန့်မှန်းရလေသည်။
အခန်း (၃၀၃) - တိုးမြှင့်ခြင်းနှင့် ရွှေအမြုတေ အဆင့် - အပိုင်း (၃)
~“အရင်ဆုံး သွားကြည့်လိုက်ရအောင်...”
နေလမင်းကျွန်းရှိ ဂူစံအိမ်မှ ထွက်ခွာလာပြီးနောက် စုယွီသည် ဆေးလုံးမျှော်စင် တောင်ထိပ်ရှိ နန်းတော်သို့ ပြန်လည်ရောက်ရှိလာ၏။
သူ ရောက်ရှိသည်နှင့် သတင်းကောင်းတစ်ခုနှင့် သတင်းဆိုးတစ်ခုကို ကြားသိလိုက်ရသည်။
သတင်းဆိုးမှာ အကြီးအကဲ စုကျန်း သက်တမ်းကုန်ဆုံး၍ လွန်ခဲ့သော (၃) လခန့်က ကွယ်လွန်သွားခြင်းပင်။ မိသားစုဝင်များက သူ့အတွက် ဈာပနအခမ်းအနားကို ကျင်းပပေးခဲ့ပြီး မိသားစု သင်္ချိုင်းတော်တွင် ခမ်းနားထည်ဝါစွာ မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြ၏။
ထိုအချိန်က စုယွီသည် တံခါးပိတ်ကျင့်ကြံနေသဖြင့် မိသားစုဝင်များက သူ့ကို မနှောင့်ယှက်လို၍ အကြောင်းမကြားခဲ့ကြခြင်း ဖြစ်သည်။
ထို့ကြောင့် စုယွီသည် သင်္ချိုင်းတော်သို့ သွားရောက်ကာ စုကျန်းအတွက် ဝတ်ပြုဆုတောင်းခြင်း ပြုလုပ်လိုက်သည်။
“သြော်... အနိစ္စ”
သက်ပြင်းချလိုက်သည်။ နောက်ထပ် အကြီးအကဲတစ်ယောက် ကြွေလွင့်သွားပြန်ပြီတည်း။
သင်္ချိုင်းကုန်းတစ်ခုလုံးကို လှည့်ပတ်ကြည့်လိုက်မိ၏။ စုမိသားစုသည် ဆေးလုံးမျှော်စင်တောင်ပေါ်သို့ ပြောင်းရွှေ့လာခဲ့သည့် ဆယ်စုနှစ်များစွာအတွင်း ဤနေရာတွင် ရာပေါင်းများစွာသော၊ ထောင်ပေါင်းများစွာသော မိသားစုဝင်များကို မြှုပ်နှံထားခဲ့ရပြီး ဖြစ်သည်။ ထိုအထဲတွင် ကျင့်ကြံသူများ ပါဝင်သကဲ့သို့ သာမန်မိသားစုဝင်များလည်း ပါဝင်လေသည်။
သူ့ကိုယ်သူ သတိမထားမိလိုက်ဘဲ သူသည်လည်း ‘အိုမင်း’ လာခဲ့ချေပြီ။ သင်္ချိုင်းကုန်းတွင် ခေတ္တမျှ ငေးမောနေပြီးနောက် စုယွီ ပြန်လှည့်လာခဲ့၏။
သတင်းကောင်းကမူ မကြာသေးမီကပင် မိသားစုခေါင်းဆောင် စုရွီအန်းနှင့် ယွီမိသားစုတို့ သဘောတူညီမှု ရရှိခဲ့ပြီး၊ ယွီမိသားစု၏ အကြီးဆုံးသမီး မျိုးဆက်သစ် ယွီဝမ်ကျီးနှင့် လက်ထပ်ထိမ်းမြားကာ ကျင့်ကြံဖော် အဖြစ် တော်စပ်တော့မည့် အကြောင်းပင် ဖြစ်သည်။
မိသားစု ခန်းမဆောင်...
စုယွီ၊ စုပင်း၊ စုဖုန်း၊ စုယွင်၊ စုရို့ဆု၊ ယွီခယ်အာ၊ စုရွီအန်း၊ စုချီ စသည့် မိသားစု အကြီးအကဲများနှင့် ခေါင်းဆောင်ပိုင်းများ စုံညီစွာ ရောက်ရှိနေကြ၏။ သူတို့သည် စုရွီအန်းနှင့် ယုမိသားစု မျိုးဆက်သစ်တို့၏ လက်ထပ်ပွဲကိစ္စကို ဆွေးနွေးရန် စုဝေးနေကြခြင်း ဖြစ်သည်။
စုရွီအန်းသည် စုမိသားစု၏ မျိုးဆက်သစ် လူငယ်ခေါင်းဆောင်တစ်ဦး ဖြစ်ပြီး စုယွီထက် တစ်ဆက် နိမ့်လေသည်။
ယွီဝမ်ကျီးမှာမူ ယုမိသားစု ခေါင်းဆောင်ဖြစ်သူ ယုချန်၏ သမီးဖြစ်ပြီး ယွီခယ်အာ၏ တူမတော်စပ်သူ ဖြစ်သည်။ သူတို့နှစ်ဦး၏ အသက်အရွယ်မှာ သိပ်မကွာခြားလှပေ။
လွန်ခဲ့သော နှစ်များစွာကတည်းက စုရွီအန်းသည် အခြေခံတည်ဆောက်ခြင်း အဆင့်သို့ အောင်မြင်စွာ ရောက်ရှိခဲ့ပြီး ယခုအခါ ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ယွီဝမ်ကျီး၏ ကျင့်ကြံမှုအဆင့်မှာ အနည်းငယ် နိမ့်ကျပြီး လက်ရှိတွင် ဝိညာဉ်စုဆောင်းခြင်း အဆင့် ကိုးဆင့်မြောက်တွင်သာ ရှိသေးသည်။ သို့သော် သူမသည် အခြေခံတည်ဆောက်ခြင်း အဆင့်သို့ တက်လှမ်းနိုင်မည့် ပါရမီမျိုး ရှိသူဖြစ်သည်။
စုယွီ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာသည်နှင့် စုပင်းက ချက်ချင်းပင် မိသားစု အစည်းအဝေး ခေါ်ယူလိုက်သည်။ မိသားစုခေါင်းဆောင် စုရွီအန်း၏ အိမ်ထောင်ရေးကိစ္စကို ဆွေးနွေးရန် ဖြစ်သည်။
“အကြီးအကဲ စုကျန်း ကွယ်လွန်သွားတာလည်း အချိန်အတော်ကြာခဲ့ပြီ... အခု စုယွီလေးလည်း တံခါးပိတ်ကျင့်ကြံရာက ပြန်ထွက်လာပြီဆိုတော့... မင်္ဂလာပွဲကို နောက်တစ်လလောက်နေရင် ကျင်းပလိုက်ကြမလား”
“အဲဒီကျရင် အင်အားစုအသီးသီးကို ဖိတ်ကြားရလိမ့်မယ်”
စုယွီက သဘောတူကြောင်း ခေါင်းညိတ်လိုက်သည်။ သူ သက်ပြင်းချလိုက်မိ၏။ စိတ်အေးသွားသည့် သဘောပင်။ မိသားစုခေါင်းဆောင် ဖြစ်သူ စုရွီအန်း တစ်ယောက် အသက်ကြီးသည်အထိ တစ်ကိုယ်တည်း နေသွားမည်ကို သူ စိုးရိမ်နေခဲ့မိသည်။
ဒါက အရေးကြီးသော ကိစ္စမဟုတ်ပါလော။
စုချီ၊ စုရင်၊ စုတင်းပန် စသည့် ကောင်လေးများကမူ ယခုအချိန်အထိ လက်တွဲဖော် ရွေးချယ်မည့် အရိပ်အယောင်ပင် မပြကြသေးပေ။
သူတို့ ဘာတွေ တွေးနေကြသလဲ ဆိုတာကို စုယွီ နားမလည်နိုင်အောင် ဖြစ်ရသည်။
သူတို့၏ ပါရမီနှင့်ဆိုလျှင် သေခြင်းကင်းမဲ့သည့် အဆင့်သို့ ရောက်ရှိရန်မှာ မဖြစ်နိုင်သလောက်ပင်။ တစ်သက်လုံး ကျင့်ကြံလျှင်တောင် အသက် (၁၀၀)၊ (၂၀၀) ခံမည်ဖြစ်၏။
ဒီလို တိုတောင်းလှသော ဘဝလေးမှာ အဖော်မွန်ကောင်း တစ်ယောက်နှင့် ဖြတ်သန်းရတာ မကောင်းပေဘူးလား။
မင်္ဂလာပွဲအတွက် အသေးစိတ် ကိစ္စရပ်များကိုမူ မျိုးဆက်သစ် အကြီးအကဲများက တာဝန်ယူ စီစဉ်ကြမည် ဖြစ်သည်။ စုပင်းကမူ စုယွီအား ဖိတ်ကြားလိုသည့် ပုဂ္ဂိုလ်များ သို့မဟုတ် အင်အားစုများ ရှိမရှိ မေးမြန်းပြီး ဖိတ်စာကိစ္စကို စီစဉ်ခိုင်းလေ၏။
စုယွီ တံခါးပိတ်ကျင့်ကြံနေစဉ် ကာလအတွင်း သူနှင့် စုမိသားစု၏ နာမည်ဂုဏ်သတင်းမှာ အတော်လေး ကျော်ကြားနေခဲ့သည်။
ထိုအခွင့်အရေးကို အသုံးချပြီး စုမိသားစုသည် အင်အားစုအသီးသီး၏ ဈေးကွက်များတွင် ဆေးလုံးမျှော်စင်များကို အပြင်းအထန် တိုးချဲ့ဖွင့်လှစ်ခဲ့သလို၊ အခြားအင်အားစုများထံမှ ဆေးဖော်စပ်ပေးရသည့် အလုပ်များကိုလည်း လက်ခံဆောင်ရွက်ပေးခဲ့သည်။
အချိန်တိုအတွင်းမှာပင် သူတို့သည် အကျိုးအမြတ်များစွာ ရရှိခဲ့ကြ၏။
မိသားစု၏ အခြေခံအုတ်မြစ်နှင့် အရင်းအမြစ်များသည် နောက်ထပ် အဆင့်တစ်ခုသို့ ခုန်တက်သွားခဲ့လေသည်။
ယခု မိသားစုခေါင်းဆောင်က ကျင့်ကြံဖော်တစ်ဦးကို လက်ခံတော့မည် ဖြစ်ရာ၊ ဤမင်္ဂလာပွဲကို အကြောင်းပြပြီး အင်အားစုအသီးသီးကို ဖိတ်ကြားခြင်းဖြင့် စုမိသားစုနှင့် အခြားအင်အားစုများအကြား ဆက်ဆံရေးကို ပိုမိုခိုင်မာစေနိုင်မည် ဖြစ်၏။ အနည်းဆုံးတော့ ယခင်ကလို စိမ်းကားနေကြမည် မဟုတ်ပေ။
ဒါက စုမိသားစုရဲ့ အနာဂတ်အတွက် ခိုင်မာသည့် အုတ်မြစ် တစ်ခု ချလိုက်ခြင်းပါပင်။
နန်းတော်သို့ ပြန်ရောက်သောအခါ...
စုယွီ တစ်စုံတစ်ခုကို စဉ်းစားမိလိုက်ပြီး "ကိုးသွယ်အလင်း တံဆိပ်ပြား" ကို ထုတ်ယူကာ သတင်းစကား ပါးလိုက်သည်။
“မိတ်ဆွေ ရှုယွီ... ကျွန်တော်တို့ မိသားစုခေါင်းဆောင်ရဲ့ မင်္ဂလာပွဲကို နောက်တစ်လနေရင် ကျင်းပဖို့ ရှိပါတယ်ဗျာ... အဲဒီကျရင် အင်အားစုအသီးသီးကို ဖိတ်ကြားချင်လို့ပါ... ကောင်းကင် အပျက်အစီး ခန်းမဆောင် အနေနဲ့ ဖိတ်စာပို့ပေးတဲ့ တာဝန်ကို ယူပေးနိုင်မလား”
မကြာမီမှာပင် တံဆိပ်ပြားမှတစ်ဆင့် တာအိုဆရာ ရှုယွီ၏ အသံ ပြန်လည်ရောက်ရှိလာသည်။
“ဟေ... ဟုတ်လား... ဂုဏ်ယူပါတယ်ဗျာ... ဂုဏ်ယူပါတယ်”
“ဒါပေါ့... ဘာပြဿနာမှ မရှိပါဘူး... ဒါပေမဲ့ ဒီကိစ္စက နည်းနည်းတော့ ရှုပ်ထွေးတယ်ဗျ... ဝန်ဆောင်ခကတော့...”
ရှုယွီ စကားမဆုံးခင်မှာပင် စုယွီက ဖြတ်ပြောလိုက်၏။
“မင်္ဂလာပွဲအပြင်... ကျွန်တော် အဓိက ဖိတ်ချင်တာက စုမိသားစုနဲ့ ကုန်ပစ္စည်းတချို့ ဖလှယ်ဖို့အတွက်ပါ... တကယ်လို့ သူတို့ဆီမှာ ကျွန်တော်တို့ လိုချင်တဲ့ ပစ္စည်းတွေ ရှိနေရင် အများကြီး ဝယ်ယူသွားမှာပါ... ရေရှည်လက်တွဲသွားဖို့လည်း ရှိပါတယ်”
တစ်ဖက်မှ တာအိုဆရာ ရှုယွီ ခေတ္တမျှ ကြောင်အသွားသည်။ ချက်ချင်းပင် စုယွီ၏ ဆိုလိုရင်းကို သဘောပေါက်သွားလေသည်။
မင်္ဂလာပွဲ တက်ရောက်ခြင်းက အရေးကြီးကိစ္စ မဟုတ်သော်လည်း၊ ကုန်သွယ်မှု ကိစ္စ ပါဝင်လာပါက ထိုမင်္ဂလာပွဲသည် စိတ်ဝင်စားစရာ ကောင်းလာပေလိမ့်မည်။ အင်အားစုအသီးသီးနှင့် မိတ်ဖက်အဖြစ် လက်တွဲနိုင်မည့် အခွင့်အရေးလည်း ရရှိနိုင်သည်။ ဒါက စုမိသားစုအတွက်ရော စုယွီအတွက်ပါ အလွန် အကျိုးရှိမည့် ကိစ္စပင်။
“ကောင်းပြီလေ”
ထို့နောက် စုယွီသည် သူ လိုချင်သော ကုန်ပစ္စည်းစာရင်းကို ရှုယွီထံ ပေးပို့လိုက်၏။
ထိုစာရင်းကို ကြည့်ပြီး ရှုယွီ၏ မျက်ခွံများ တဆတ်ဆတ် တုန်ခါသွားရသည်။ ဆေးလုံး၊ အဆောင်လက်ဖွဲ့နှင့် ရုပ်သေးသားရဲများ ပြုလုပ်ရန် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ အားလုံး ပါဝင်နေသည် မဟုတ်ပါလား။
ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်... အကုန် လိုအပ်နေ၏။
ပထမအဆင့်နှင့် ဒုတိယအဆင့် ပစ္စည်းများက စုမိသားစုအတွက် ဖြစ်နိုင်သော်လည်း၊ တတိယအဆင့် ပစ္စည်းများကတော့ တာအိုဆရာ စု အတွက် ဖြစ်ရပေမည်။
ဒါပေမဲ့ ဒီပမာဏက...
ခင်ဗျား တကယ်ပဲ ဒီလောက်အများကြီး ကုန်သွယ်ချင်တာ သေချာရဲ့လား မိတ်ဆွေ စု။
ရှုယွီ အနည်းငယ် ထိတ်လန့်သွားမိသည်။
“မိတ်ဆွေ စု... ခင်ဗျားတို့ရဲ့ သိုလှောင်ထားရှိမှုက ဒီလောက်တောင် များတာလား”
စုယွီက ပြန်လည် အကြောင်းပြန်လိုက်သည်။
“ဒီစာရင်းကို အပြင်မပေါက်ကြားစေချင်ဘူးဗျာ... ကျွန်တော် လိုချင်တာက... ကျွန်တော်တို့ လိုအပ်တဲ့ ပစ္စည်းတွေ ရှိတဲ့ အင်အားစုတွေကိုပဲ ချိတ်ဆက်ပေးစေချင်တာပါ... တကယ်လို့ သူတို့ မင်္ဂလာပွဲ တက်ရောက်လာမယ်ဆိုရင် စုမိသားစုနဲ့ အဲဒီပစ္စည်းတွေ ဖလှယ်လို့ ရတာပေါ့”
ရှုယွီ ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်သည်က…
“ကောင်းပါပြီ... ဒါပေမဲ့ ဝန်ဆောင်ခကတော့ နည်းနည်းများမယ်နော်... အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၅၀၀) ကျသင့်ပါမယ်”
ကြားခံလူအနေနဲ့ အင်အားစုအသီးသီးကို သတင်းစကား ပါးရမယ့်အလုပ်က လွယ်ကူတာမှ မဟုတ်တာ။
အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၅၀၀) ဆိုတာ သိပ်တော့ မများပါဘူး။
စုယွီ သဘောတူလိုက်သည်။
“ကောင်းပြီလေ”
ကိုးသွယ်အလင်း တံဆိပ်ပြားကို ပြန်လည်သိမ်းဆည်းလိုက်ပြီးနောက် စုယွီသည် ကုန်ပစ္စည်းစာရင်းကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ သူ့ရင်ထဲတွင် မျှော်လင့်ချက်များ ကိန်းအောင်းနေလေ၏။
'တကယ်လို့ ကုန်ကြမ်းပစ္စည်းတချို့သာ ရခဲ့မယ်ဆိုရင်... တတိယအဆင့် ဆေးပညာရှင်၊ အဆောင်လက်ဖွဲ့ ပညာရှင်နဲ့ ရုပ်သေးပညာရှင် အစောပိုင်းအဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်... ပြီးတော့ ဆေးလုံးတွေ၊ အဆောင်လက်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်မှုတွေလည်း တိုးတက်လာမှာပဲ’