← Chapters

အခန်း (၃၀၄-၃၀၆)

Vol. 21 Ch. 304-306

အခန်း (၃၀၄-၃၀၆)

Vol. 21 Ch. 304-306

အခန်း (၃၀၄) - တိုးမြှင့်ခြင်းနှင့် ရွှေအမြုတေ အဆင့် - အပိုင်း (၄)

~ဤမင်္ဂလာပွဲသည် မင်္ဂလာဆောင်သည့်ကိစ္စ တစ်ခုတည်းအတွက်သာ အရေးပါသည်တော့ မဟုတ်ချေ။ ဤပွဲမှတစ်ဆင့် စုမိသားစုနှင့် သူသည် မိမိတို့ လိုချင်တပ်မက်သော အရာများကို ရရှိနိုင်မည် ဖြစ်သည်။

ထို့ကြောင့် ဤမင်္ဂလာပွဲသည် ကျင်းပရကျိုး နပ်ပေသည်။

ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို ဖန်တီးရန် တံခါးပိတ် မကျင့်ကြံမီ အချိန်နှင့် ယှဉ်လိုက်လျှင် ယခုလက်ရှိ စုမိသားစုသည် များစွာ ပြောင်းလဲတိုးတက်လာခဲ့ပြီ ဖြစ်၏။

စုဖုန်းသည် မိသားစုခေါင်းဆောင် ရာထူးမှ အနားယူလိုက်ပြီ ဖြစ်ကာ စုရွီအန်းက ထိုရာထူးကို ဆက်ခံထားပြီတည်း။

သက်ကြီးပိုင်း မျိုးဆက်များဖြစ်ကြသော စုယွင်နှင့် စုရို့ဆုတို့သည် အိုမင်းမစွမ်း ဖြစ်နေကြပြီ ဖြစ်သည်။ သူတို့၏ လက်ကျန်သက်တမ်းမှာ (၁၀) နှစ်ခန့်သာ ကျန်ရှိတော့၏။

စုပင်း၊ စုကျင်းပန်းနှင့် စုဟယ်တို့၏ ကျင့်ကြံမှု အဆင့်များမှာမူ အနည်းငယ် တိုးတက်မှု ရှိလာခဲ့ကြ၏။ စုပင်းသည် အခြေခံတည်ဆောက်ခြင်း အဆင့် (၆) သို့ ရောက်ရှိခဲ့ပြီး၊ စုကျင်းပန်းမှာ အဆင့် (၄)၊ စုဟယ်မှာမူ အဆင့် (၂) သို့ ခက်ခက်ခဲခဲ တက်လှမ်းနိုင်ခဲ့ကြ၏။

သူတို့အပြင် မျိုးဆက်သစ် လူငယ်များဖြစ်ကြသော စုရွီအန်း၊ စုချီနှင့် စုတင်းပန်းတို့သည်လည်း အခြေခံတည်ဆောက်ခြင်း အဆင့်သို့ အောင်မြင်စွာ ရောက်ရှိခဲ့ကြပြီတည်း။

စုရင်မှာမူ လွန်ခဲ့သော နှစ်နှစ်က အခြေခံတည်ဆောက်ခြင်း အဆင့်သို့ တက်ရောက်ရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ယခုအခါ သူမသည် ဒဏ်ရာများကို ကုသရင်း ပြန်လည် နာလန်ထူရန် ကြိုးစားနေရသည်။

အချို့သော သက်ကြီးပိုင်း မျိုးဆက်များသည် "အမှောင် နတ်ဘုရား ဆေးလုံး" အကူအညီဖြင့် အခြေခံတည်ဆောက်ခြင်း အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကြ၏။ ဝိညာဉ်စုဆောင်းခြင်း အဆင့် (၉) သို့ ရောက်ရှိနေသော မိသားစုဝင်များလည်း အများအပြား ရှိနေသေး၏။ ပါရမီထူးသော မျိုးဆက်သစ် လူငယ် (၂၀) ခန့်မှာမူ အကြီးအကဲများ၏ လမ်းညွှန်မှုအောက်တွင် ကျင့်ကြံအားထုတ်နေကြ၏။

သူတို့သည် အသက် (၂၀) မှ (၄၀) ကြား အရွယ်များ ဖြစ်ကြပြီး ဝိညာဉ်စုဆောင်းခြင်း အဆင့် (၇) နှင့် အထက် ရှိသူများ ဖြစ်ကြ၏။

စုဖုန်း ချမှတ်ခဲ့သော 'ကလေးများများ မွေးဖွားရေး' မူဝါဒကြောင့် မိသားစုဝင်များအကြား အိမ်ထောင်ပြုလိုစိတ်နှင့် ကလေးယူလိုစိတ်များ မြင့်တက်လာခဲ့သည်။ ထို့ကြောင့် ဝိညာဉ်အမြစ် ပါသော မျိုးဆက်သစ် ကလေးငယ် အရေအတွက်သည် တစ်နှစ်ထက်တစ်နှစ် တိုးပွားလာခဲ့လေသည်။

မျိုးဆက်သစ် ရှားပါးမည့် အရေးကို စိုးရိမ်စရာ မလိုတော့ပေ။

စုမိသားစု၏ သြဇာအာဏာနှင့် အင်အားသည်လည်း တစ်နှစ်ထက်တစ်နှစ် ကြီးထွားလာခဲ့သည်။

သို့သော်...

စုရွီအန်း၊ စုချီနှင့် အခြားသော ရွယ်တူမျိုးဆက်အချို့မှလွဲ၍ စုယွီသည် မျိုးဆက်သစ် လူငယ်များနှင့် ထိတွေ့ဆက်ဆံမှု သိပ်မရှိလှချေ။ အကယ်၍ သူတို့သာ မိသားစု အကြီးအကဲ မဖြစ်လာခဲ့လျှင် သူ့ကို တွေ့ဆုံရန် ခဲယဉ်းပေလိမ့်မည်။

နောက်ပိုင်းရက်များတွင်...

စုယွီသည် နေ့ဘက်၌ နေလမင်းကျွန်းသို့ သွားရောက်ကာ နေ့စဉ် ကျင့်ကြံခြင်းများကို ပြုလုပ်လေ့ရှိသည်။ ကျင့်ကြံပြီးသည့်အခါ ဂူစံအိမ်တွင် ဆက်လက်နေထိုင်ပြီး "ဓာတ်ကြီးငါးပါး နည်းစနစ်" ၏ ရွှေအမြုတေ အဆင့် ကျင့်စဉ်ကို ဖန်တီးရန် ကြိုးပမ်းလေသည်။ ညဘက်ရောက်မှသာ နန်းတော်သို့ ပြန်လာပြီး ယွီခယ်အာနှင့်အတူ မဟာတာအို၏ နက်နဲသော အရသာကို ခံစားလေ့ရှိ၏။

ယခင်က စုယွီသည် အချိန်ပြည့် တံခါးပိတ်ကျင့်ကြံနေသဖြင့် ယွီခယ်အာသည် အထီးကျန်ခဲ့ရသည်။ ယခု စုယွီ ပြန်ထွက်လာပြီ ဖြစ်ရာ သူမအနေဖြင့် သူ့ကို အလွယ်တကူ လက်လွှတ်ခံမည် မဟုတ်ပေ။ သူ့ကို နွေးထွေးပျူငှာစွာ ကြိုဆိုပြုစုလေသည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။

*

တစ်လခန့် ကြာသောအခါ...

ဆေးလုံးမျှော်စင်တောင်...

တောင်အောက်ရှိ မြေအောက်ချော်ရည် အက်ကြောင်းကြီး၏ အပြင်ဘက် လျှိုမြောင်အတွင်းသို့ ပျံသန်းနိုင်သော သားရဲထိန်းကျောင်းသူများ တစ်သုတ်ပြီးတစ်သုတ် ဆင်းသက်လာကြ၏။ တာ့ယွဲ့စီရင်စု အတွင်းရှိ ဂိုဏ်းအသီးသီးနှင့် ကျင့်ကြံခြင်း မိသားစု အင်အားစုများမှ လူများသည် စုမိသားစု နယ်မြေအတွင်းသို့ တဖွဲဖွဲ ဝင်ရောက်လာကြ၏။

တာ့ယွဲ့နန်းတော်၊ ခိုင်ရန်နန်းတော်၊ ဓားမြို့တော်မှ ချင်မိသားစု၊ မြေဆရာ မာမိသားစု... စသည်ဖြင့် စုံလင်လှပေသည်။ ပြင်ပလောကနှင့် အဆက်အသွယ်ဖြတ်ထားသော ထျဲမိသားစုမှ လူများပင် ရောက်ရှိလာကြ၏။ လာရောက်ကြသူ အများစုမှာ အထက်တန်းအလွှာ သို့မဟုတ် မျိုးဆက်သစ် လူငယ်များ ဖြစ်ကြသော်လည်း၊ ဤအခြေအနေက စုမိသားစု၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ဖော်ပြနေပေသည်။ ပုံမှန်အားဖြင့် ရွှေအမြုတေ အဆင့်ရှိသော သူတော်စင်များသည် အလွန်အရေးကြီးသော ကိစ္စမရှိဘဲ အပြင်ထွက်လေ့မရှိကြချေ။

ထိုလူအုပ်ကြီးထဲတွင် စုယွီ ရင်းနှီးကျွမ်းဝင်သူများလည်း ပါဝင်လေသည်။

အခြားသော အင်အားစုများမှ စုယွီ မသိကျွမ်းသူများကို စုရွီအန်း၊ စုပင်းနှင့် အခြားသော အကြီးအကဲများက ဧည့်ခံကြ၏။ စုယွီကမူ သူ့မိတ်ဆွေများ ဖြစ်ကြသော လော့ချန်ကုန်း၊ တာအိုဆရာ ရှုယွီ၊ တာအိုဆရာ ချင်းချွမ်၊ တာအိုဆရာ ရှုဟိုင်၊ လော့ချန်ယွီ တို့ကို သူ့နန်းတော်အပြင်ဘက်ရှိ ခြံဝင်းအတွင်းသို့ ဖိတ်ခေါ်လိုက်သည်။

အားလုံး နေရာယူပြီးသည်နှင့် စုယွီက ယွီခယ်အာနှင့် အစေခံများကို ဝိညာဉ်လက်ဖက်ရည်များဖြင့် ဧည့်ခံစေလိုက်သည်။

လော့ချန်ကုန်းသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး "ချန်ခွန်းအိတ်" တစ်လုံးကို စုယွီထံ ပေးပို့လိုက်ရင်း ပြုံးရယ်ကာ ပြောလိုက်သည်။

“တာအိုဆရာ စု... ခင်ဗျားက အခြေခံတည်ဆောက်ခြင်း အဆင့်နဲ့ ရွှေအမြုတေ အဆင့် သူတော်စင်တစ်ပါးကို သတ်ဖြတ်နိုင်ခဲ့တာကို ကျွန်တော် ဂုဏ်ပြုဖို့ မေ့နေတာဗျာ... ဒီအိတ်ထဲမှာ တတိယအဆင့် ရောင်စုံ ဝိညာဉ်သံလိုက်ကျောက် ပါတယ်... ဒါက ကျွန်တော်တို့ လော့မိသားစုရဲ့ လက်ဆောင်ပါ... ခင်ဗျား ရွှေအမြုတေ အဆင့်ကို အမြန်ဆုံး တက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်”

တတိယအဆင့် ရောင်စုံ ဝိညာဉ်သံလိုက်ကျောက်...

စုယွီ၏ မျက်လုံးများ အရောင်လက်သွားသည်။ ဒါက တတိယအဆင့် အရည်အသွေးကောင်း ဝိညာဉ်သတ္တုပစ္စည်း တစ်မျိုးပင်။

‘ဒီကျောက်က စွမ်းအင် စုပ်ယူနိုင်စွမ်းနဲ့ ပြန်လည်ကန်ထွက်နိုင်စွမ်း ဆိုတဲ့ ဂုဏ်သတ္တိ နှစ်မျိုးစလုံး ပိုင်ဆိုင်ထားတာပဲ။

ပုံမှန်အားဖြင့် ကာကွယ်ရေး လက်နက်တွေ ဖန်တီးရာမှာ သုံးလေ့ရှိပြီး၊ အရည်အသွေး အကောင်းဆုံး လက်နက်တွေကိုတောင် ဒီပစ္စည်းနဲ့ ဖန်တီးလို့ ရနိုင်တယ်။

တကယ်လို့.. "တာအို ကိုယ်ပွား ရုပ်သေး" ကို ဒီကျောက်ရဲ့ အဆီအနှစ်တွေ စုပ်ယူခိုင်းလိုက်ရင် ရုပ်သေးရဲ့ ခန္ဓာကိုယ် ပိုမို ခိုင်မာလာပြီး စွမ်းအားတွေ ပိုတိုးလာမှာ သေချာတယ်၊’

“ကျေးဇူးပါပဲ... တာအိုဆရာ လော့”

စုယွီသည် ချန်ခွန်းအိတ်ကို လှမ်းယူလိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။

ထို့နောက် သူ့အကြည့်များက ဘေးတွင် ထိုင်နေသော တာအိုဆရာ ရှုယွီထံသို့ ရောက်ရှိသွားသည်။

ရှုယွီက ခပ်မဲ့မဲ့ ပြုံးလိုက်ပြီး လက်ကို ဆန့်ထုတ်လိုက်ရာ ကျောက်စိမ်းပြား တစ်ခု ပေါ်လာလေသည်။ သူက စုယွီထံ ကမ်းပေးလိုက်ပြီး ပြောလိုက်သည်။

“ကျွန်တော့်ဆီမှာတော့ တန်ဖိုးကြီးတာ ဘာမှမရှိပါဘူးဗျာ... ရှိရင်တောင် ခင်ဗျားက သဘောကျမှာ မဟုတ်ပါဘူး”

“ဒါကြောင့် ကျွန်တော် ပေးနိုင်တာကတော့ ဒီကျောက်စိမ်းပြားလေးပါပဲ... ခင်ဗျားအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်”

“ဟား ဟား... ကျေးဇူးပါပဲ... တာအိုဆရာ ရှုယွီ”

စုယွီက ပြုံးရယ်လျက် ကျောက်စိမ်းပြားကို လှမ်းယူကာ ကျေးဇူးတင်လိုက်သည်။ သို့သော် သူက ရှုယွီကို နားမလည်နိုင်သလို ကြည့်ပြီး မေးလိုက်၏။

“ဒါနဲ့... ဒီကျောက်စိမ်းပြားထဲမှာ ဘာတွေ ပါတာလဲ”

ရှုယွီက ရယ်နေရုံသာ ရှိပြီး ပြန်မဖြေချေ။

သေချာသည်မှာ စုယွီကို ကိုယ်တိုင် ကြည့်ရှုစေချင်ပုံရသည်။ စုယွီလည်း စိတ်ဝင်စားသွားပြီး သူ့ဝိညာဉ်အာရုံ ကို ကျောက်စိမ်းပြားထဲသို့ စေလွှတ်လိုက်သည်။ ချက်ချင်းပင် မြေပုံတစ်ခုနှင့်အတူ သတင်းအချက်အလက်များစွာ သူ့ခေါင်းထဲသို့ စီးဝင်လာတော့၏။

ခဏကြာသော်...

စုယွီ မျက်လုံးများ ပွင့်လာပြီး ရှုယွီကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။

ထိုမြေပုံသည် တာ့ယွဲ့စီရင်စုမှ တာ့ချန် နတ်ဘုရားကမ္ဘာ သို့ သွားရာ လမ်းကြောင်းပြ မြေပုံ ဖြစ်နေ၏။ လမ်းတစ်လျှောက်တွင် တွေ့ကြုံရမည့် အင်အားစုများ၏ နယ်မြေများကိုလည်း အမှတ်အသား ပြုလုပ်ထားလေသည်။

ပါလာသော သတင်းအချက်အလက်များမှာ ထိုအင်အားစုများအကြောင်း အကျဉ်းချုံး မိတ်ဆက်ချက်များ ဖြစ်၏။

တာ့ယွဲ့စီရင်စုမှနေ၍ တာ့ချန် နတ်ဘုရားကမ္ဘာ၏ ဗဟိုချက်မ ဒေသတစ်ခု ဖြစ်သော ခွန်လုံစီရင်စု အထိ ခရီးလမ်းဆုံး ပါဝင်လေသည်။

ဒီကျောက်စိမ်းပြားရဲ့ တန်ဖိုးကတော့ ပြောနေစရာတောင် မလိုတော့ပေ။

ယခင်က စုယွီသည် ဓာတ်ကြီးငါးပါး ပေါင်းစပ်ကျင့်ကြံနည်းကို ရှာဖွေပေးရန် ရှုယွီအား အကူအညီ တောင်းခံခဲ့ဖူးသော်လည်း မတွေ့ရှိခဲ့ပေ။ ထိုအချိန်က ရှုယွီက တာ့ချန် နတ်ဘုရားကမ္ဘာ၏ ဗဟိုဒေသများတွင် ရှိကောင်းရှိနိုင်ကြောင်း အကြံပြုခဲ့ဖူးသည်။ ရှုယွီသည် ထိုကိစ္စကို မှတ်မိနေသေးပုံရ၏။

စုယွီ၏ မျက်နှာထား တည်ကြည်လေးနက်သွားပြီး ရှုယွီကို နောက်တစ်ကြိမ် ထပ်မံ ကျေးဇူးတင်လိုက်သည်။

“ကျေးဇူးပါပဲ မိတ်ဆွေ... တကယ့်ကို တန်ဖိုးရှိတဲ့ လက်ဆောင်ပါပဲ”

ရှုယွီက ခဏမျှ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။

“အမှန်အတိုင်း ပြောရရင်တော့... ခင်ဗျားကို ဒါကြီး မလိုအပ်စေချင်ပါဘူး... ဒါပေမဲ့ တကယ်လို့ လိုအပ်လာခဲ့ရင်လည်း... ဒါက ကောင်းတဲ့ ကိစ္စတစ်ခု ဖြစ်လာမှာပါ... ဘာပဲဖြစ်ဖြစ် သေသေချာချာ စဉ်းစားဆုံးဖြတ်ပါ”

သူ့စကားများက ရှေ့နောက်မညီသလို ထင်ရသော်လည်း စုယွီကမူ ဆိုလိုရင်းကို နားလည်လိုက်လေ၏။

အခန်း (၃၀၅) - တိုးမြှင့်ခြင်းနှင့် ရွှေအမြုတေ အဆင့် - အပိုင်း (၅)

~တာ့ချန်ကျင့်ကြံခြင်းကမ္ဘာ သို့ သွားရမည့် ခရီးလမ်းသည် ဝေးလံရုံသာ မဟုတ်ဘဲ မမြင်နိုင်သော အန္တရာယ်များဖြင့်လည်း ပြည့်နှက်နေပေသည်။

အကယ်၍ စုယွီ သွားစရာမလိုလျှင် ထိုအန္တရာယ်များနှင့် ရင်ဆိုင်ရန် မလိုအပ်ပေ။

သို့သော် သူသည် ဤမြေပုံကို အသုံးချနိုင်ခဲ့ပြီ ဆိုပါက စုယွီ၏ စွမ်းအားသည် အတိုင်းအတာ တစ်ခုအထိ မြင့်မားနေပြီဟု ဆိုနိုင်ပြီး၊ ထိုခြေလှမ်းကို လှမ်းရန် အရည်အချင်း ပြည့်မီနေပြီ ဖြစ်သည်။

ထို့ကြောင့် ဤအရာသည် ကောင်းမွန်သော ကိစ္စရပ်တစ်ခု ဖြစ်၏။

သို့သော်လည်း ခရီးထွက်ရန် ဆုံးဖြတ်ခြင်းသည် ရိုးရှင်းသည့် ကိစ္စတော့ မဟုတ်ချေ။

“ကဲ... အလှည့်ရောက်ပြီ”

တာအိုဆရာ ချင်းချွမ်က စကားဖြတ်ပြောလိုက်သည်။ သူမသည် အေးဆေးသက်သာဟန်ဖြင့် ဝိုင်ဘူးသီးခြောက် တစ်လုံးကို ထုတ်ယူကာ စုယွီထံ ပစ်ပေးလိုက်၏။ သူမ၏ ဖြူစင်လှပသော မျက်နှာလေးပေါ်တွင် အပြုံးရိပ်တစ်ခု သီးဝေနေပြီး ပြောလိုက်သည်။

“ရော့... ဒါက ရှင်တို့အတွက်... ကျွန်မဆီမှာ အများကြီး မရှိပေမယ့်၊ ဒါက ကျွန်မဆရာဆီက ခိုးယူလာတဲ့ ဝိုင်ဘူးပဲ... ဆရာကိုယ်တိုင် ဖော်စပ်ထားတဲ့ ထိပ်တန်းအဆင့် ‘မိစ္ဆာနတ်ဘုရား ဝိုင်’ တွေ အပြည့်ပါတာနော်... အရသာသစ်လေး မြည်းစမ်းကြည့်လိုက်ပါဦး”

အာ။ တကယ့်ကို သတ္တိကောင်းချက်ပဲ။

ဘေးနားတွင် ရှိနေသော ရှုယွီမှာ မျက်လုံးများ ပြူးကျယ်သွားပြီး စုယွီက မီးနီရောင် ဝိုင်ဘူးသီးခြောက်ကို လှမ်းဖမ်းလိုက်သည်ကို ကြည့်နေမိ၏။ သူ စကားဝင်ပြောချင်သော်လည်း အောင့်ထားလိုက်ရသည်။

“မိစ္ဆာနတ်ဘုရား ဝိုင်” ဆိုသည်မှာ အရက်ကြမ်း တာအို ဆရာမလေး ၏ အထူးသီးသန့် လက်ရာဖြစ်ပြီး၊ ဝိညာဉ်စွမ်းအင် နှင့် ရုပ်ခန္ဓာကို သန့်စင်ပေးရာတွင် နာမည်ကျော်ကြားသည်။ အခြေခံတည်ဆောက်ခြင်း အဆင့်တွင်သာမက ရွှေအမြုတေ အဆင့် ကျင့်ကြံသူများအတွက်ပါ ထိရောက်မှု ရှိလေသည်။ ဤမျှ တန်ဖိုးရှိသော ရတနာကို ပြင်ပလူများအနေဖြင့် ခွက်ငယ်တစ်ခွက်စာ ရဖို့ပင် ခဲယဉ်းလှပေသည်။

ဒါ့အပြင်... အရက်ကြမ်း တာအို ဆရာမလေးရဲ့ ကိုယ်ပိုင် ဝိုင်ဘူးသီးခြောက်ကြီး ပါလား...

ဒီဝိုင်ဘူးက လူတိုင်း လိုချင်တပ်မက်နေကြတဲ့ အရာ ဖြစ်သော်လည်း ဘယ်သူမှ မရနိုင်ခဲ့ကြပေ။

စုယွီသည် မီးနီရောင် ဝိုင်ဘူးသီးခြောက်ကို လက်ခံရရှိလိုက်သောအခါ ဝိုင်နံ့ကို မရဘဲ၊ လူနှစ်ယောက်၏ ဆွဲဆောင်မှုရှိသော ရနံ့များက သူ့နှာခေါင်းထဲသို့ အရင်ဆုံး တိုးဝင်လာသဖြင့် ရင်ခုန်သွားမိသည်။

ဝိုင်ဘူးပေါ်က ရနံ့တွေက အရက်ကြမ်း တာအို ဆရာမလေးနဲ့ တာအိုဆရာ ချင်းချွမ်တို့ဆီက ရနံ့တွေများလား။

သူသည် မိစ္ဆာနတ်ဘုရား ဝိုင် အကြောင်း တစ်ခါမှ မကြားဖူးခဲ့ချေ။ သို့သော် ချင်းချွမ်က ဤဝိုင်ကို သူမ၏ ဆရာထံမှ ခိုးယူလာသည်ဟု ကြားလိုက်ရသဖြင့် စုယွီက သူမကို ကူကယ်ရာမဲ့ဟန်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

“တာအိုဆရာ ချင်းချွမ်... ခင်ဗျားက ဆရာကို မကြောက်ပေမယ့်၊ ကျွန်တော်ကတော့ ကြောက်တယ်ဗျာ”

ချင်းချွမ်က တခစ်ခစ် ရယ်လိုက်သည်။

“စိတ်မပူပါနဲ့... ဆရာက ရှင့်အတွက် ဝိုင်အိုးသေးတစ်လုံး ယူသွားပေးဖို့ မှာလိုက်တာပါ”

“ဒါပေမဲ့ ဆရာက လိုက်မပို့နိုင်တော့၊ ကျွန်မလည်း လက်လှမ်းမီရာ ဝိုင်ဘူးတစ်လုံး ဆွဲယူလာခဲ့တာ... အထဲမှာ ဝိုင်က သိပ်အများကြီး မကျန်တော့ပါဘူး”

တကယ့်ကို ပေါ့ပေါ့ပါးပါးပါပဲလား။

စုယွီ ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။

“ကောင်းပါပြီ... တကယ်လို့ စီနီယာ အရက်ကြမ်း တာအို ဆရာမလေးက ဒီဝိုင်ဘူးကို ပြန်လိုချင်တယ်ဆိုရင်၊ တာအိုဆရာ ချင်းချွမ်က ကျွန်တော့်ဆီ စာရေးပြီး လှမ်းပြောလိုက်ပါ”

သူ့ဘေးတွင်ရှိသော တာအိုဆရာ ရှုဟိုင်၊ လော့ချန်ယွီ၊ စုဇီ၊ ထျဲမုန်ကျူး၊ ရှီလုအာနှင့် ချန်ကျားယင်း တို့ကလည်း အသီးသီး လက်ဆောင်များ ပေးအပ်ကြလေသည်။

ထို့နောက် လူတိုင်း စကားစမြည်ပြောဆိုကြပြီး တာအိုတရားအကြောင်း ဆွေးနွေးကြ၏။ ဤကဲ့သို့ လူစုံတက်စုံ ဆုံတွေ့ရခြင်းမှာ ရှားပါးလှသဖြင့်၊ တာအိုဆရာ ရှုယွီသည် လော့ချန်ယွီနှင့် စုယွီတို့၏ သီအိုရီဆွေးနွေးချက်များကို နားထောင်ရန် စိတ်အားထက်သန်နေလေသည်။

နေဝင်ရီတရောအချိန် ရောက်မှသာ စားသောက်ပွဲ စတင်တော့မည် ဖြစ်၍ သူတို့၏ ဆွေးနွေးမှုကို မတတ်သာဘဲ ရပ်တန့်လိုက်ရပြီး ပွဲတော်သို့ သွားရောက်ကြလေသည်။

စားသောက်ပွဲသည် (၃) ရက်တိုင်တိုင် ကြာမြင့်ခဲ့ပြီးနောက် အင်အားစုအသီးသီးမှ ကိုယ်စားလှယ်များ ပြန်လည် ထွက်ခွာသွားကြ၏။

တာအိုဆရာ ရှုယွီ၊ တာအိုဆရာ ရှုဟိုင်၊ တာအိုဆရာ ချင်းချွမ်နှင့် လော့ချန်ကုန်း တို့သည် (၃) ရက်တာ ဆွေးနွေးမှုများမှ ဗဟုသုတများစွာ ရရှိခဲ့ကြသဖြင့် ကျေနပ်စွာ နှုတ်ဆက်ထွက်ခွာသွားကြလေသည်။

သူတို့သည် နန်းတော်အပြင်ဘက် ဥယျာဉ်အတွင်းရှိ ဇရပ်ဆောင်တစ်ခုထဲတွင် ကျန်ရစ်ခဲ့ကြ၏။

စုယွီ၊ ယွီခယ်အာ၊ ယွီချန်ချင်း၊ လော့ချန်ယွီ၊ စုဇီ၊ ထျဲမုန်ကျူး၊ ရှီလုအာ၊ ချန်ကျားယင်းနှင့် အခြားသူများသည် မီးဖိုဘေးတွင် ဝိုင်းဖွဲ့ထိုင်ကာ လက်ဖက်ရည်ကြမ်း သောက်နေကြ၏။ ဘေးတွင် အခြေခံတည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော လန်ကုန်းနှင့် လန်ရှီ တို့က သူတို့ကို ပြုစုစောင့်ရှောက်ပေးနေကြ၏။

လော့ချန်ယွီက စုယွီကို ကြည့်ပြီး မေးလိုက်သည်။

“နင် ဘယ်အချိန်လောက် ရွှေအမြုတေ ဖွဲ့စည်းဖို့ စိတ်ကူးထားလဲ”

စုယွီက ခေတ္တမျှ စဉ်းစားလိုက်ပြီး ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

“ကျွန်တော်လည်း မသေချာသေးဘူးဗျ... စောင့်ကြည့်ရဦးမှာပဲ”

လော့ချန်ယွီက ဖျော့တော့စွာ ပြုံးလိုက်သည်။

“ယွင်ကျန်းဂိုဏ်း မှာ လာပြီး ကျင့်ကြံချင်လား... ယွင်ကျန်းဂိုဏ်းက နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ ရှေးဟောင်းသိုင်းကျမ်းတွေက နင့်အတွက် အသုံးဝင်လောက်တယ်... ပြီးတော့ အဆင့် (၄) ဝိညာဉ်သွေးကြော ကောင်းကင်ဂူ လည်း ရှိတယ်လေ... လိုအပ်ရင် အဲဒီမှာ ကျင့်ကြံလို့ ရပါတယ်”

ပြောရင်းနှင့် လော့ချန်ယွီက ယွီခယ်အာ ဘက်သို့ လှည့်ကာ ပြုံးပြီး ဆက်ပြောလိုက်သည်။

“ခယ်အာ... ညီမလေးလည်း သူနဲ့အတူ လိုက်ခဲ့လို့ ရတယ်နော်”

စုယွီ ကြားလိုက်ရသည့်အခါ စိတ်လှုပ်ရှားသွားမိ၏။ ယွင်ကျန်းဂိုဏ်း၏ နှစ်ထောင်ချီ သက်တမ်းရှိသော အမွေအနှစ်များနှင့် စုဆောင်းထားရှိမှုများသည် တကယ့်ကို မက်လောက်စရာပင်။

ဒါ့အပြင်...

မကြာသေးမီက သူ ကိုယ်ခန္ဓာကြံ့ခိုင်မှု အဆင့် (၁၉) သို့ တက်လှမ်းခဲ့စဉ်က ဖြစ်ပျက်ခဲ့သည်များကို ပြန်စဉ်းစားမိသည်။ တတိယအဆင့်နိမ့် မိစ္ဆာသွေး ရာဂဏန်းကို မျိုချပြီးနောက်၊ နေလမင်းကျွန်းရှိ သုံးဆင့် ဂူစံအိမ်မှ သဘာဝ ဝိညာဉ်စွမ်းအင် အားလုံးနီးပါးကို စုပ်ယူပစ်ခဲ့သည် မဟုတ်ပါလား။

ထိုသုံးစွဲမှုကို တွက်ချက်ကြည့်လျှင်၊ အကယ်၍ သူ၏ ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ်သည် ရွှေအမြုတေ အဆင့်သို့ တပြိုင်နက်တည်း တက်လှမ်းမည် ဆိုပါက၊ နေလမင်းကျွန်းရှိ ဂူစံအိမ်သည် လုံလောက်သော ဝိညာဉ်စွမ်းအင်ကို ထောက်ပံ့ပေးနိုင်ပါမည်လော။

သို့သော် သေချာစဉ်းစားပြီးနောက် စုယွီသည် ငြင်းပယ်ရန် ဆုံးဖြတ်လိုက်သည်။

လော့ချန်ယွီက သူ့ကို ကူညီချင်စိတ်သက်သက်ဖြင့် ကမ်းလှမ်းမှန်း သိသော်လည်း၊ စုယွီသည် သူ့ကိုယ်သူ ပိုမို ယုံကြည်ရန် ဆုံးဖြတ်လိုက်၏။

သူ့ထံတွင် ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးများ ရှိနေသေးသည်။ အကယ်၍ ရွှေအမြုတေ အဆင့်သို့ တက်လှမ်းမည် ဆိုပါက၊ ထိုကျောက်တုံးများကို အသုံးပြု၍ လိုအပ်သော စွမ်းအင်ကို ဖြည့်ဆည်းနိုင်ပေသည်။

လော့ချန်ယွီက ဆက်ပြီး အတင်းအကျပ် မတိုက်တွန်းတော့ဘဲ ပြောလိုက်၏။

“ခုနတုန်းက ပြင်ပလူတွေ ရှိနေလို့... အခု ငါတို့ချည်းပဲ ရှိတော့တာဆိုတော့... တကယ့် သီအိုရီဆွေးနွေးပွဲလေး တစ်ခုလောက် ထပ်လုပ်ကြမလား”

ထိုဆွေးနွေးပွဲသည် လဝက်ကျော် ကြာမြင့်ခဲ့သည်။

ထိုကာလအတွင်း စုပင်းနှင့် နတ်မိမယ် ဇီယန် တို့လည်း လာရောက် နားထောင်ကြ၏။ သို့သော် စုယွီနှင့် လော့ချန်ယွီတို့၏ ဆွေးနွေးချက်များမှာ နက်နဲလှပြီး၊ ရွှေအမြုတေ မဟာတာအိုနှင့် သက်ဆိုင်နေသဖြင့်၊ အခြေခံတည်ဆောက်ခြင်း အဆင့် (၉) သို့ ရောက်ရှိနေသော ယွီခယ်အာ၊ စုဇီနှင့် ထျဲမုန်ကျူး တို့ပင် နားလည်ရန် ခက်ခဲနေကြပြီး၊ အတင်းအကျပ် မှတ်သားထားရုံသာ တတ်နိုင်ကြ၏။

နောက်ဆုံးတွင် လော့ချန်ယွီက တိတ်တဆိတ် သတင်းစကား ပါးလိုက်သည်။

“ရွှေအမြုတေ မဟာတာအို လမ်းစဉ်ကို လျှောက်လှမ်းရတာ မလွယ်ကူဘူး... မသေချာဘဲနဲ့ ရွှေအမြုတေ ဖွဲ့စည်းဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့”

“အမြုတေ စတင်ဖွဲ့စည်းပြီ ဆိုတာနဲ့၊ စိတ်အချရဆုံး နေရာကို ရွေးချယ်တာ အကောင်းဆုံးပါပဲ”

“အနည်းဆုံးတော့ တတိယအဆင့် ဝိညာဉ်သွေးကြော ပတ်ဝန်းကျင် လိုအပ်တယ်... မဟုတ်ရင် အမြုတေ ဖွဲ့စည်းခြင်းက ကျရှုံးမှာ သေချာတယ်”

“အမြုတေ ဖွဲ့စည်းရာမှာ ကပ်ဘေး (၃) ပါး ရှိတယ်... ပထမကတော့ ရုပ်ခန္ဓာ ကပ်ဘေး ပါ... ခန္ဓာကိုယ်က ကောင်းကင်ဘုံရဲ့ ဖိအားနဲ့ သဘာဝ ဝိညာဉ်စွမ်းအင်တွေရဲ့ ရိုက်ခတ်မှုကို ခံနိုင်ရည် ရှိရမယ်... ဒုတိယကတော့ စိတ်နှလုံး ကပ်ဘေး.. မိစ္ဆာစိတ် ကပ်ဘေး ပါ... ပြည့်စုံတဲ့ တာအိုစိတ်နှလုံးနဲ့ သန်မာတဲ့ ဝိညာဉ်စွမ်းအား လိုအပ်တယ်... တတိယကတော့ ဝိညာဉ်စွမ်းအင် ကပ်ဘေးပါ... ကိုယ့်ရဲ့ ဝိညာဉ်စွမ်းအင် မသန့်စင်ရင် ရွှေအမြုတေ ဖွဲ့စည်းလို့ မရနိုင်ဘူး”

“ဘယ်တော့မှ ပေါ့ပေါ့ဆဆ မလုပ်ပါနဲ့”

ထို့နောက် လော့ချန်ယွီ၊ စုဇီ၊ ထျဲမုန်ကျူးနှင့် အခြားသူများသည် ယွင်ကျန်းဂိုဏ်းသို့ ပြန်လည် ထွက်ခွာသွားကြလေ၏။

အခန်း (၃၀၆) - တိုးမြှင့်ခြင်းနှင့် ရွှေအမြုတေ အဆင့် - အပိုင်း (၆)

~ပြန်လမ်းတစ်လျှောက်တွင်...

ထျဲမုန်ကျူးသည် လော့ချန်ယွီကို ကြည့်ပြီး တည်ငြိမ်စွာ မေးလိုက်သည်။

“အစ်မကြီး... တာအိုဆရာ စုက ရွှေအမြုတေ အဆင့်ကို တိုက်ရိုက် ထိုးဖောက်နိုင်မယ်လို့ ထင်လား”

လော့ချန်ယွီက နူးညံ့စွာ ပြုံးလိုက်ပြီး ခေါင်းခါလိုက်၏။

“ရွှေအမြုတေ အဆင့်ဆိုတာ သူ့အတွက် ခက်ခဲတဲ့အရာ မဟုတ်ပါဘူး... ဒါပေမဲ့ သေချာတာတစ်ခုက သူဟာ သာမန် ရွှေအမြုတေ အဆင့်လောက်နဲ့ ကျေနပ်မယ့်သူ မဟုတ်ဘူးဆိုတာပဲ”

စုဇီကမူ စိုးရိမ်တကြီး ဝင်ပြောသည်။

“တကယ်လို့များ သူ ကျရှုံးသွားခဲ့ရင် ဘယ်လိုလုပ်မလဲ”

သူမစကားအား လော့ချန်ယွီက ခေတ္တမျှ စဉ်းစားလိုက်သည်။

“မတော်တဆမှုတွေသာ မဖြစ်ခဲ့ဘူးဆိုရင် သူ့အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး... ကွာခြားချက်က သူဟာ 'အမြုတေစစ်' ကို ဖွဲ့စည်းနိုင်မလား၊ ဒါမှမဟုတ် 'ရွှေအမြုတေ' ကို ဖွဲ့စည်းနိုင်မလား ဆိုတာပါပဲ”

သူမ လေ့လာမိသလောက်ဆိုလျှင် စုယွီသည် နောက်ထပ် (၁၀) နှစ်အတွင်း ရွှေအမြုတေ ဖွဲ့စည်းရန် ကြိုးစားလိမ့်မည်ဟု ခန့်မှန်းရ၏။

စဉ်းစားရင်းနှင့်ပင် သူမ သက်ပြင်းချလိုက်မိသည်။

သူ ဘာကြောင့်များ ယွင်ကျန်းဂိုဏ်းရဲ့ လျှို့ဝှက်နယ်မြေမှာ လာပြီး မကျင့်ကြံချင်ရတာလဲ။

အဆင့် (၄) ဝိညာဉ်သွေးကြော ရှိတဲ့ နေရာမှာ အဆင့်တက်တာက ပိုမကောင်းပေဘူးလား။

ထျဲမုန်ကျူးက စကားလမ်းကြောင်း လွှဲလိုက်၏။

“ကုန်းစွန်းရီ နဲ့ တုယွီချီ တို့က ဂိုဏ်းကနေ ထွက်သွားကြပြီ... ကြာနီကန် က ကောင်းကင်ဆေးလုံးကျွန်း ကို လုယူဖို့ သွားကြတာ... ဂိုဏ်းက ထွက်သွားတဲ့သူ အများစုက သူတို့နောက် လိုက်သွားကြတယ်”

လော့ချန်ယွီ အတွေးစ ပြတ်သွားပြီး ပြန်ပြောလိုက်သည်။

“ထားလိုက်ပါ... ယွင်ကျန်းဂိုဏ်းသားအချင်းချင်း ထိခိုက်နစ်နာအောင် မလုပ်ရဘူး ဆိုတဲ့ စည်းကမ်း ရှိတယ်လေ... ငါ အရင်တုန်းက သူတို့ကို မသတ်ခဲ့တာ အဲဒါကြောင့်ပဲ”

“အခု သူတို့က ယွင်ကျန်းဂိုဏ်းသားတွေ မဟုတ်ကြတော့ဘူး... တကယ်လို့များ ယွင်ကျန်းဂိုဏ်းနဲ့ ထိပ်တိုက်တွေ့လာရင်၊ ဒါမှမဟုတ် ရန်လာစရင်တော့... ငါတို့ အိမ်တွင်းရေး ရှင်းရုံပေါ့”

ထိုစဉ်၊ အနောက်ဘက်မှ ရှီလုအာက ဝင်ပြောလိုက်၏။

“ဒီရက်ပိုင်း... မိစ္ဆာ တောင်ထွတ် ရှစ်ခု မှာ လူတွေ အရမ်းများလာတယ်... ဖြတ်သွားဖြတ်လာ ယွင်ကျန်းတွေကို လုယက်သတ်ဖြတ်တာတွေ လုပ်နေကြတယ်... တစ်ခုခု လုပ်သင့်သလား..စီနီယာ..”

လော့ချန်ယွီက စုဇီကို အကြည့်ပို့လွှတ်လိုက်သည်။

“ဒီကိစ္စကို နင်ပဲ ဆုံးဖြတ်လိုက်ပါ... ဒါပေမဲ့ သတိထားနော်”

ယွင်ကျန်းဂိုဏ်းသို့ ပြန်ရောက်သောအခါ လော့ချန်ယွီသည် တံခါးပိတ်ကျင့်ကြံရန် လျှို့ဝှက်နယ်မြေထဲသို့ တစ်ကိုယ်တည်း ဝင်ရောက်သွားလေသည်။

သူမရှေ့ရှိ လျှို့ဝှက်နယ်မြေကို ကြည့်ရင်း သူမ ခေါင်းခါကာ သက်ပြင်းချလိုက်မိပြန်၏။

အခြားတစ်ဖက်တွင်မူ ထျဲမုန်ကျူးသည် ကိုယ်တိုင်ဦးစီး၍ လူအင်အား စုစည်းကာ မိစ္ဆာ တောင်ထွတ် ရှစ်ခုတွင် မည်သူက ယွင်ကျန်းဂိုဏ်းကို စိန်ခေါ်နေသနည်းဟု စုံစမ်းရန် ထွက်ခွာသွားသည်။ သို့သော် အံ့အားသင့်စရာ ကောင်းသည်မှာ သူတို့ ရောက်ရှိသွားသောအခါ တောင်တန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေခြင်းပင်။

ယခင်က ပြဿနာရှာနေသော လူအုပ်စုမှာ ခြေရာလက်ရာပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားခဲ့ကြပြီတည်း။

*

ဆေးလုံးမျှော်စင်တောင်... နေလမင်းကျွန်း ဂူစံအိမ်...

လော့ချန်ယွီနှင့် ဆွေးနွေးမှု ပြီးဆုံးပြီးနောက် စုယွီသည် "ဓာတ်ကြီးငါးပါး နည်းစနစ်" ကို ဉာဏ်အလင်းပွင့်ရန် ဂူစံအိမ်သို့ ချက်ချင်း ပြန်လာခဲ့၏။

လဝက်ခန့် ကြာသောအခါ...

စုယွီ၏ မျက်နှာပေါ်တွင် ဝမ်းသာသည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။

လော့ချန်ယွီနှင့် ဆွေးနွေးမှုမှ ရရှိလာသော အသိဉာဏ်အလင်းနှင့် လော့ယွဲ့ မဟာမိတ်အဖွဲ့ ၏ ရှေးဟောင်းသုတေသန နယ်မြေမှ ရရှိခဲ့သော ရှေးဟောင်းသိုင်းကျမ်းများ၊ တာအိုဆရာ ပင်းယွီ၏ သင်ကြားမှုများကို ပေါင်းစပ်လိုက်သည့်အခါ "ဓာတ်ကြီးငါးပါး နည်းစနစ်" အပေါ် သူ၏ နားလည်သဘောပေါက်မှုသည် ပိုမို နက်ရှိုင်းလာခဲ့လေ၏။

နောက်ဆုံးတွင်...

နှစ်ဝက်ခန့် ကြိုးစားအားထုတ်ပြီးနောက် စုယွီသည် "ဓာတ်ကြီးငါးပါး နည်းစနစ်" ၏ ရွှေအမြုတေ အဆင့် ကျင့်စဉ်ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပြီတည်း။

“ကျင့်စဉ် ဖန်တီးလို့ ပြီးပြီဆိုတော့... ပုံမှန်အတိုင်း အေးအေးဆေးဆေး ကျင့်ကြံရင်း ကျွမ်းကျင်မှု စုဆောင်းရုံပဲ... အချိန်တန်ရင် အဆင့်တက်သွားမှာပါ”

စုယွီ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်သည်။ ရွှေအမြုတေ အဆင့် ကျင့်စဉ်ကို ကိုယ်တိုင် ဖန်တီးနိုင်ခဲ့ခြင်းကြောင့် အောင်မြင်မှု ရရှိလိုက်သလို ခံစားနေရ၏။

ဖိအားများ ချက်ချင်း ပျောက်ကွယ်သွားပြီး စိတ်လက်ပေါ့ပါးသွားရသည်။

ဖိအား မရှိတော့သည့်အတွက် နေ့စဉ် ကျင့်ကြံခြင်း လုပ်ငန်းစဉ်များကို စိတ်ပါလက်ပါ လုပ်ဆောင်နိုင်တော့မည်ပင်။

ရွှေအမြုတေ အဆင့်သို့ တက်လှမ်းရာတွင် ရှိနေသော အတားအဆီးများကို အကုန်အစင် ဖယ်ရှားလိုက်နိုင်ပြီ ဖြစ်၏။

သူသည် ကျွမ်းကျင်မှု မျက်နှာပြင်ကို တစ်ချက် ကြည့်လိုက်သည်။

[ကျင့်စဉ် - ဓာတ်ကြီးငါးပါး နည်းစနစ် (အခြေခံတည်ဆောက်ခြင်း အဆင့် ၉၊ ကျွမ်းကျင်မှု ၇၁.၄၆%)]

“.....ပဲ လိုတော့မယ်...”

စုယွီ တီးတိုး ရေရွတ်လိုက်ပြီး မျက်နှာလွှဲလိုက်၏။

ထိုနေ့အတွက် နေ့စဉ် ကျင့်ကြံမှု ပြီးဆုံးသောအခါ...

ဓာတ်ကြီးငါးပါး နည်းစနစ်၏ ကျွမ်းကျင်မှုသည် ၀.၀၂ ရာခိုင်နှုန်းခန့် တိုးတက်လာသည်ကို တွေ့ရသည်။

အဆင့်တက်ရန် လုံလောက်သော ပမာဏ စုဆောင်းမိရန် နောက်ထပ် နှစ်နှစ်ကျော်ခန့် လိုအပ်ဦးမည် ဖြစ်သည်။

စုယွီသည် သူ့ဝိညာဉ်အာရုံကို "ထင်းရှူးသိုလှောင်လက်စွပ်"အတွင်းသို့ စေလွှတ်လိုက်သည်။ ယခင်က တာ့ယွဲ့စီရင်စုရှိ အင်အားစုအားလုံးကို ဖိတ်ကြားခဲ့သည့် မင်္ဂလာပွဲမှတစ်ဆင့် ကုန်သွယ်မှုများ ပြုလုပ်ခဲ့ရာ ကုန်ကြမ်းပစ္စည်း အများအပြား ရရှိခဲ့သည်။

အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၂၀,၀၀၀) ကျော် ကုန်ကျခဲ့သော်လည်း ရရှိလာသော ပစ္စည်းများက တန်ဖိုးရှိလှပါ၏။

တတိယအဆင့်နိမ့် ဆေးလုံး ဖော်စပ်ရန် ကုန်ကြမ်းပစ္စည်း အသုတ် (၁၀၀၀) ကျော် ရရှိခဲ့ပြီး၊ ၎င်းတို့၏ တန်ဖိုးမှာ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၀,၀၀၀) နီးပါး ရှိသည်။

ထို့ပြင် တတိယအဆင့်နိမ့် အဆောင်လက်ဖွဲ့များအတွက် ဝိညာဉ်ကျောက်စိမ်း ကုန်ကြမ်းပစ္စည်း အသုတ် (၂၀၀) မှ (၃၀၀) ကြား ရရှိခဲ့ပြီး တန်ဖိုး (၅,၀၀၀) ခန့် ရှိသည်။

နောက်ထပ် တတိယအဆင့် ဝိညာဉ်သတ္တုပစ္စည်းများလည်း ပါဝင်ကာ တန်ဖိုး (၈,၀၀၀) ခန့် ကုန်ကျခဲ့၏။

တတိယအဆင့်နိမ့် ရုပ်သေးသားရဲ "အမွှေးဖြူ ဖီးနစ် လင်းယုန်" ပြုလုပ်ရန် ကုန်ကြမ်းပစ္စည်းများလည်း စုံလင်စွာ ရရှိခဲ့သည်။

ရုပ်သေးကိုယ်ထည် အတွက် လိုအပ်သော ပစ္စည်းများကိုမူ ရုပ်သေးကိုယ်ထည်က ဝါးမြိုပြီး ကိုယ်တိုင် အဆင့်မြှင့်တင်ရန် အသုံးပြုလိုက်ပြီ ဖြစ်၏။

ရလဒ်ကတော့ မဆိုးလှပေ။

“ဆေးလုံး ဆက်ဖော်စပ်ကြတာပေါ့...”

စုယွီသည် ထိပ်တန်းအဆင့် မှော်လက်နက် ဖြစ်သော "ချန်မူဒယ်အိုး" ကို ထုတ်ယူလိုက်သည်။

နောက်ထပ် တစ်နှစ် ကြာသောအခါ...

တတိယအဆင့်နိမ့် ဆေးလုံးကုန်ကြမ်းပစ္စည်း အားလုံးကို စုယွီက အကုန်အစင် ဖော်စပ်ပြီးစီးသွားခဲ့ လေပြီ။ အသုံးများသော တတိယအဆင့်နိမ့် ဆေးလုံးအချို့တွင် သူ၏ ကျွမ်းကျင်မှုသည် (၅၀) ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။ စုယွီ၏ ဆေးပညာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။

ထိုအချိန်တွင် စုယွီသည် စုမိသားစု ဆေးလုံးမျှော်စင်အား သတင်းဖြန့်ခိုင်းလိုက်သည်။ စုမိသားစု ဆေးလုံးမျှော်စင်သည် တတိယအဆင့်နိမ့် ဆေးလုံးဖော်စပ်ပေးသည့် လုပ်ငန်းကို လက်ခံဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ကြေညာလိုက်ခြင်း ဖြစ်၏။

သူ စုဆောင်းထားသော တတိယအဆင့်နိမ့် ဆေးလုံး (၂၀၀၀) နီးပါးကိုလည်း ရောင်းချရန် လိုအပ်နေ၏။ အနည်းဆုံးတော့ အရင်းပြန်ရအောင် ယူရမည်။

ထို့ပြင် တတိယအဆင့် ဆေးလုံးကုန်ကြမ်းပစ္စည်းများ ရှာဖွေရန် ခက်ခဲသဖြင့် ပြင်ပမှ ဆေးဖော်စပ်ပေးသည့် အလုပ်များကို လက်ခံခြင်းအားဖြင့် သူ၏ ကျွမ်းကျင်မှုကို ပိုမို လေ့ကျင့်နိုင်မည် ဖြစ်သည်။ ဒါက ကောင်းမွန်သော အစီအစဉ်ပင်။

တစ်နေ့သ၌...

နေလမင်းကျွန်း ဂူစံအိမ်...

“ဝီ...”

ရုပ်သေးကိုယ်ထည်တွင် မသိမသာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်း၏ အရှိန်အဝါသည် ရွှေအမြုတေ အဆင့် (၂) ကျင့်ကြံသူတစ်ဦးထက် မနိမ့်ကျချေ။ ရုပ်သေးဝိညာဉ်။နှင့် ပေါင်းစပ်လိုက်သည့်အခါ ရွှေအမြုတေ အဆင့် (၃) ကို ကျော်လွန်သော အရှိန်အဝါများ ထွက်ပေါ်လာတော့၏။

သေချာသည်မှာ... ဤကာလအတောအတွင်း ပြုစုပျိုးထောင်မှုကြောင့် ရုပ်သေးဝိညာဉ်၏ စွမ်းအားသည် သိသိသာသာ တိုးတက်လာခဲ့ပြီ ဖြစ်သည်။

“ရွှေအမြုတေ အဆင့် (၄) ရုပ်သေးဝိညာဉ်ပါလား...”

စုယွီသည် ရုပ်သေးဝိညာဉ်၏ အရှိန်အဝါကို ခံစားရင်း ကျေနပ်အားရသွားမိသည်။

တကယ့်ကို မဆိုးပေ။... ရုပ်သေးကိုယ်ထည်နှင့် ရုပ်သေးဝိညာဉ်၏ စွမ်းအား တိုးတက်လာခြင်းသည် မိမိလမ်းကြောင်းကို ကာကွယ်ရန် အထောက်အကူ ပြုပေလိမ့်မည်။ အကယ်၍ တစ်စုံတစ်ယောက်က မသမာသော စိတ်ဖြင့် သူ့အဆင့်တက်ခြင်းကို နှောင့်ယှက်ရန် ကြိုးစားလာပါက မိမိ သိပ်ပြီး စိုးရိမ်စရာ မလိုတော့ပေ။

နေလမင်းကျွန်းရှိ တတိယအဆင့် အရည်အသွေးမြင့် ကာကွယ်ရေး ဝိညာဉ်အခင်းအကျင်း နှင့် ရုပ်သေးတို့၏ အကာအကွယ် ရှိနေသမျှ သူသည် လုံခြုံစိတ်ချစွာ ရှိနေမည် ဖြစ်၏။

မူလက ရုပ်သေးကိုယ်ထည်နှင့် ရုပ်သေးဝိညာဉ် စွမ်းအား ပြည့်ဝလာပါက လော့ယွဲ့ မဟာမိတ်အဖွဲ့၏ လျှို့ဝှက်နယ်မြေသို့ ပြန်ပို့ရန် စီစဉ်ထားခဲ့သော်လည်း၊ ယခုအချိန်တွင်မူ သူ့အနား၌ ထားရှိပြီး ရွှေအမြုတေ အဆင့်တက်ခြင်းကို စောင့်ရှောက်စေခြင်းက ပိုမို အရေးကြီးနေ၏။

စုယွီသည် "ဓာတ်ကြီးငါးပါး နည်းစနစ်" ကို စနစ်တကျ ကျင့်ကြံရင်း၊ အဆောင်လက်ဖွဲ့ ကျွမ်းကျင်မှုကိုပါ မြှင့်တင်နေခဲ့သည်။ တတိယအဆင့်နိမ့် အဆောင်လက်ဖွဲ့များကို ရေးဆွဲပြုပြင်ရင်း၊ ကုန်ကြမ်းပစ္စည်း ကုန်သွားသည့်အခါ ရုပ်သေးသားရဲ "အမွှေးဖြူ ဖီးနစ် လင်းယုန်" ကို စတင် တည်ဆောက်ခဲ့၏။ ပြင်ပမှ တတိယအဆင့်နိမ့် ဆေးလုံး ဖော်စပ်ပေးရန် လာရောက် အပ်နှံသူ ရှိပါကလည်း လက်ခံ ဆောင်ရွက်ပေးသည်။ သူသည် အလွန် တည်ငြိမ်အေးဆေးစွာ လှုပ်ရှားနေ၏။

အချို့သော လူပုဂ္ဂိုလ်များနှင့် အင်အားစုများသည် စုယွီကို တိတ်တဆိတ် စောင့်ကြည့်နေကြ၏။ သူ ဘယ်အချိန် ရွှေအမြုတေ အဆင့်သို့ တက်လှမ်းမလဲ ဆိုသည်ကို သိချင်နေကြသည်။

သို့သော် စုယွီ၏ အခြေအနေက သူတို့ကို တွေဝေသွားစေ၏။

သူက ရွှေအမြုတေ အဆင့်တက်ဖို့ အဆင်သင့် မဖြစ်သေးတာလား... ဒါမှမဟုတ် ယုံကြည်မှု မရှိတာလား။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး နောက်ထပ် တစ်နှစ် ကြာမြင့်သွားပြန်သည်။

ကျွမ်းကျင်မှု မျက်နှာပြင်ပေါ်တွင် "ဓာတ်ကြီးငါးပါး နည်းစနစ်" ၏ ကျွမ်းကျင်မှုသည် (၉၉.၉၇) ရာခိုင်နှုန်းအထိ ရောက်ရှိလာခဲ့ပြီတည်း။

ထိုနေ့ မနက်ခင်း အစောပိုင်း...

စုယွီသည် "ချန်မူ သိုလှောင်လက်စွပ်" အတွင်းမှ ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံး (၃၀) လုံးနှင့် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများ၊ တတိယအဆင့် ဆေးလုံးများကို အကုန်အစင် ထုတ်ယူလိုက်၏။

ပြင်ဆင်မှုများ အားလုံး ပြီးစီးသောအခါ...

သူသည် စိတ်ကို ငြိမ်သက်အောင် ထားလိုက်၏။ "ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်" နှင့် "ဓာတ်ကြီးငါးပါး နည်းစနစ်" ကို စတင်လည်ပတ်လိုက်ပြီး၊ ဓာတ်ကြီးငါးပါး စွမ်းအင်များကို လှည့်ပတ်စီးဆင်းစေလိုက်သည်။

“ဟူး... ဟူး... ဟူး...”

နေလမင်းကျွန်း ဂူစံအိမ်အတွင်းရှိ ထူထဲလှသော တတိယအဆင့် ဝိညာဉ်စွမ်းအင်များသည် "ဓာတ်ကြီးငါးပါး နည်းစနစ်" ၏ အားကောင်းသော စုပ်ယူမှုကြောင့် လေပွေလှိုင်းသဖွယ် တဝေါဝေါ တိုးဝင်လာကြတော့၏။

ထိုစွမ်းအင်များသည် ကျင့်စဉ်ကို ဖြတ်သန်းပြီးနောက် ဓာတ်ကြီးငါးပါး ဝိညာဉ်စွမ်းအင် အဖြစ် ပြောင်းလဲသွားကာ စုယွီ၏ "ဒန်တျန်" ကို ပိုမို သန်မာလာစေသည်။

တစ်နာရီကျော်ခန့် ကြာသောအခါ...

ကျွမ်းကျင်မှု မျက်နှာပြင်ပေါ်ရှိ "ဓာတ်ကြီးငါးပါး နည်းစနစ်" ၏ စာတန်းများ တိတ်တဆိတ် ပြောင်းလဲသွားလေ၏။

[ကျင့်စဉ် - ဓာတ်ကြီးငါးပါး နည်းစနစ် (ရွှေအမြုတေ အဆင့် ၁၊ ကျွမ်းကျင်မှု ၀.၀၁%)]

ထိုပြောင်းလဲမှု ပေါ်ပေါက်လာသည်နှင့် တပြိုင်နက်...

နားကွဲမတတ် ကျယ်လောင်သော မိုးခြိမ်းသံကြီး တစ်ခု စုယွီ၏ ဒန်တျန် အတွင်းမှ ပဲ့တင်ထပ် ထွက်ပေါ်လာတော့၏။ မှန်းဆ၍ မရနိုင်လောက်အောင် ကြီးမားသော ကောင်းကင်ဘုံ အရှိန်အဝါ တစ်ခု ရုတ်တရက် ဖြစ်ပေါ်လာပြီး စုယွီ၏ ခန္ဓာကိုယ်နှင့် ဒန်တျန်ကို ဖိနှိပ်တိုက်ခိုက်လာတော့သည်။

နေလမင်းကျွန်း ဂူစံအိမ်အတွင်းရှိ ဝိညာဉ်စွမ်းအင် အားလုံးသည် မျက်စိတစ်မှိတ်အတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ကာ သူ့ထံသို့ ကြမ်းတမ်းစွာ တိုးဝင်လာကြလေတော့၏။

All Chapters