အခန်း (၃၁၀-၃၁၂)
Vol. 21 Ch. 310-312
အခန်း (၃၁၀) - ရွှေအမြုတေ - အပိုင်း (၄)
~သူ စိတ်ကူးယဉ်နေချိန်မှာပင် နောက်ထပ် စိတ်အာရုံချောက်ချားခြင်း တစ်ခု ထပ်မံ ပေါ်ပေါက်လာပြန်သည်။
ဤတစ်ကြိမ်တွင်မူ အတိတ်က ကြောက်မက်ဖွယ်ရာ အမှတ်တရတစ်ခု ဖြစ်နေ၏။
“မြေဆရာ ကော” ( သည် ဆေးဖက်ဝင် စိုက်ခင်း အတွင်း၌ ရုတ်တရက် ကြောက်မက်ဖွယ် မိစ္ဆာသတ္တဝါကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။
သွေးပင်လယ်ကြီးနှင့် တူသော မိစ္ဆာအရှိန်အဝါ များက စိုက်ခင်းတစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
ထိုသွေးပင်လယ်ကြီးထဲတွင် သူနှင့် သူ့ဆွေမျိုးသားချင်းများသည် သတိလစ်ဟင်းကာ ရူးသွပ်သွားကြပြီး သွေးစွန်းသော သတ်ဖြတ်ပွဲကြီး တစ်ခုကို ဆင်နွှဲကြတော့၏။
သူ့လူအားလုံးကို ကိုယ်တိုင် သတ်ဖြတ်ပြီးမှသာ သူ အသိစိတ် ပြန်ဝင်လာသည်။
ထိုအဖြစ်ဆိုးကို မြင်တွေ့လိုက်ရသောအခါ သူသည် စိတ်ဓာတ်ကျသွားပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေရန် ကြံစည်လေသည်။
“ပျင်းစရာကြီး...”
စုယွီက စိတ်အာရုံကို လှုပ်ရှားလိုက်သည်။ ရွှေပုစဉ်း၏ မျက်လုံးများထဲမှ အလင်းတန်းတစ်ခု ဖြာထွက်သွားပြီး ထိုမှားယွင်းသော မြင်ကွင်းကို ရိုက်ခွဲဖျက်ဆီးပစ်လိုက်၏။
တတိယမြောက် စိတ်အာရုံချောက်ချားခြင်း သက်ဆင်းလာပြန်သည်။
ဤတစ်ကြိမ်တွင်မူ... ချန်စီစီ ပေါ်လာလေသည်။ သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်ခန္ဓာအချိုးအစားနှင့် အသွင်အပြင်ကို မြင်လိုက်ရသောအခါ စုယွီ အနည်းငယ် အံ့သြသွားမိသည်။
ဘာတွေလဲဟ။
ခဏကြာသော်...
စုယွီသည် ထူးဆန်းသော မျက်နှာထားဖြင့် ထိုစိတ်အာရုံချောက်ချားခြင်းကို ဖျက်ဆီးလိုက်သည်။
ကောင်းကင်ဘုံက ငါ့ကို နောက်နေတာလား... သိပ်တော့ မကောင်းပါဘူးကွာ။
စိတ်အာရုံချောက်ချားခြင်းများသည် တစ်ခုပြီးတစ်ခု ဆက်တိုက် ကျရောက်လာသည်။
တစ်ခုစီတိုင်းသည် စုယွီ၏ အတွင်းစိတ်မှ မိစ္ဆာစိတ်များကို နှိုးဆွပြီး အဆင့်တက်ခြင်းကို ကျရှုံးစေရန် ရည်ရွယ်နေ၏။
သို့သော် စိတ်အာရုံချောက်ချားခြင်း တစ်ခု ပျက်စီးသွားတိုင်း သဘာဝ နတ်ဘုရား စွမ်းအင် အမျှင်တန်းများသည် သူ့ဝိညာဉ်နှင့် ပေါင်းစပ်သွားကြ၏။ ထိုစွမ်းအင်များကြောင့် စုယွီ၏ ဝိညာဉ်သည် နောက်ထပ် အသွင်ပြောင်းလဲမှုတစ်ခုကို ခံယူရပြန်သည်။
သုံးရက် ကြာပြီးနောက်...
စုယွီ၏ ဝိညာဉ်အတွင်းမှ ကြီးမားသော ရွှေရောင်အလင်းတန်းများ ရုန်းကြွလာသည်။ သူ့ဝိညာဉ်သည် အနည်းငယ် ပိုကြီးသော ရွှေပုစဉ်း တစ်ကောင်အဖြစ် ပြောင်းလဲသွား၏။ အတောင်ပံငယ်လေး နှစ်ခု ထွက်ပေါ်လာပြီး "နှစ်တောင်ပံ ရွှေပုစဉ်း" ဖြစ်လာလေသည်။ ရွှေရောင်အလင်းတန်းများက ပုစဉ်းကောင်လေးကို လွှမ်းခြုံထားပြီး ကြောက်မက်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်နေ၏။
ဒုတိယ ကပ်ဘေးဖြစ်သော စိတ်နှလုံး ကပ်ဘေး ကို ကျော်ဖြတ်ပြီးခဲ့ပြီတည်း။
တတိယ ကပ်ဘေး ဖြစ်သော ဝိညာဉ်စွမ်းအင် ကပ်ဘေး...
သာမန်လူများအတွက်ဆိုလျှင် ကြီးမားသော စမ်းသပ်မှုကြီး တစ်ခုပင် ဖြစ်သည်။
သို့သော် စုယွီသည် သူ့ခန္ဓာကိုယ်အတွင်း၌ ဆေးလုံးအဖြစ် ခဲလုနီးပါး ဖြစ်နေသော ဓာတ်ကြီးငါးပါး ဝိညာဉ်စွမ်းအင်များကို ကြည့်လိုက်သည်။ အလွန် သန့်စင်ပြီး အပြစ်အနာအဆာ ကင်းမဲ့သော ဝိညာဉ်စွမ်းအင်များသည် အနည်းငယ်မျှပင် မတည်မငြိမ် ဖြစ်ခြင်း မရှိပေ။
ဤတတိယ ကပ်ဘေးသည် အလွယ်ကူဆုံး ဖြစ်နေလေသည်။
နောက်ထပ် နှစ်ရက် ကြာမြင့်သွားသည်။
“ဘုန်း...”
လုံးဝ အသစ်စက်စက် အရှိန်အဝါတစ်ခုသည် စုယွီ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး ပျံ့နှံ့သွားသည်။ ထိုအခိုက်အတန့်၌ ဂူစံအိမ်၏ စွမ်းအားများ တုန်ခါသွားပြီး စုစည်းသွားကာ ရွှေအမြုတေ အဆင့် သူတော်စင် တစ်ပါး၏ ဝိညာဉ်ဖိအား ကို ဖန်တီးလိုက်သည်။
ဤဝိညာဉ်ဖိအားသည် ယခင်က သူ ဝိညာဉ်စွမ်းအားဖြင့် အတင်းအကျပ် ဖန်တီးခဲ့သော ဖိအားနှင့် အနည်းငယ် ကွဲပြားသည်။ ပိုမို ခိုင်မာပြီး ပိုမို ကြောက်မက်ဖွယ် ကောင်းလှပေသည်။
စုယွီ၏ ဒန်တျန် အတွင်း၌ တောက်ပသော ရွှေရောင်အလင်းများ ထုတ်လွှတ်နေသည့် ရွှေအမြုတေ တစ်ခု အပြည့်အဝ ဖွဲ့စည်းသွားပြီ ဖြစ်၏။
ထိုရွှေအမြုတေပေါ်တွင် ကောင်းကင်ဘုံ တာအို မှ ဖြစ်ပေါ်လာသော အဖြူရောင် အမှတ်အသား သုံးခု ထွင်းထုထားသည်ကို တွေ့ရသည်။
ထိုအခိုက်အတန့်၌...
စုယွီ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်သည် ပြီးပြည့်စုံသော အသွင်ပြောင်းလဲမှုကို ခံယူလိုက်ရသည်။
အားကောင်းသော သက်စောင့်စွမ်းအား တစ်ခုသည် သူ့ခန္ဓာကိုယ် နက်ရှိုင်းသော နေရာမှ ထွက်ပေါ်လာ၏။
ရွှေအမြုတေ အပြည့်အဝ ဖွဲ့စည်းသွားသည့် ခဏမှာပင်၊ ကောင်းကင်နှင့် မြေကြီးကြားမှ စွမ်းအားတစ်ခု သက်ဆင်းလာပြီး စုယွီ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
ထိုစွမ်းအားသည် စုယွီ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို အသွင်ပြောင်းလဲပေးရုံသာမက၊ သူ့ရွှေအမြုတေကိုလည်း ဝိညာဉ်စွမ်းအင် များဖြင့် ဖြည့်တင်းပေးလိုက်လေသည်။
အချိန် အတော်ကြာပြီးနောက်...
စုယွီ အဆင့်တက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ရုန်းရင်းဆန်ခတ်မှုများ လုံးဝ ငြိမ်သက်သွားပြီး၊ နေလမင်းကျွန်း ဂူစံအိမ်သည် တိတ်ဆိတ်ငြိမ်သက်သော အခြေအနေသို့ ပြန်လည် ရောက်ရှိသွား၏။
သူသည် ရွှေအမြုတေ အဆင့်သို့ တက်ရောက်ပြီးနောက် ဖြစ်ပေါ်လာသော ပြောင်းလဲမှုများကို ဆန်းစစ်ကြည့်ရှုလိုက်သည်။
သူ့ဝိညာဉ်သည် ယခင်ကထက် ပိုမို သန်မာလာပြီး၊ ရွှေအမြုတေ အလယ်အလတ်အဆင့် သူတော်စင် တစ်ပါးနှင့် ယှဉ်ပြိုင်နိုင်လောက်သည်ဟု ခံစားရသည်။
ခန္ဓာကိုယ်...
သက်စောင့်စွမ်းအား ကြွယ်ဝမှုသည် သူ မျှော်လင့်ထားသည်ထက် ကျော်လွန်နေ၏။ သူ့ခန္ဓာကိုယ်မှ ထူးခြားသော မွှေးပျံ့သည့် ရနံ့တစ်ခု ထွက်ပေါ်နေပြီး၊ အလွန် တန်ဖိုးကြီးမားသော ဆေးဖက်ဝင် ပစ္စည်းတစ်ခု ဖြစ်လာသကဲ့သို့ပင်။
သူ့ခန္ဓာကိုယ် နက်ရှိုင်းသော နေရာတွင် နောက်ထပ် နှစ်ကွင်း တစ်ခု နက်ရှိုင်းစွာ ဖြစ်ပေါ်လာသည်ကို စုယွီ သတိပြုမိလိုက်၏။
ထိုနှစ်ကွင်းမှတစ်ဆင့် ရှည်လျားသော အချိန်ကာလ၏ တည်ရှိမှုကို ဝိုးတဝါး ခံစားနေရသည်။
“အစိမ်းရောင် သစ်သား နှစ်ပတ်လည်ကွင်း ကျင့်စဉ် ... ငါ အခု တတိယအကွင်း ရောက်နေပြီပဲ”
စုယွီ စိတ်ထဲတွင် တွေးလိုက်မိ၏။
'ဒီအတိုင်းသာ ဆက်သွားရင်... အချိန်ရဲ့ စွမ်းအား ကို ငါ တကယ်ပဲ ခံစားနိုင်လာမလား'
ထိုအတွေးကို ဖျောက်ဖျက်လိုက်ပြီး စုယွီသည် သူ့ဒန်တျန် အတွင်းရှိ ရွှေအမြုတေကို အာရုံစိုက်လိုက်သည်။ ရွှေအမြုတေပေါ်ရှိ အဖြူရောင် အမှတ်အသား သုံးခုကို ကြည့်ပြီး စဉ်းစားလိုက်သည်။
“ဒါဆို... ငါက သုံးဆင့်လည်ပတ် ရွှေအမြုတေကို ဖွဲ့စည်းနိုင်ခဲ့တာပေါ့”
သူသည် ဤရွှေအမြုတေ၏ ထူးခြားမှုနှင့် ကြောက်မက်ဖွယ် ဝိညာဉ်ဖိအားကို ခံစားနေရသည်။
"အမြုတေစစ်" သည် ဝိညာဉ်စွမ်းအင် နှင့် မယှဉ်သာသော်လည်း၊ ကောင်းကင်နှင့် မြေကြီး စွမ်းအားကို အာရုံခံနိုင်စွမ်း ရှိသည်။
ထိုအချက်ကပင် အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများ အိပ်မက်သာ မက်နိုင်သော အစွမ်းထက် ကျင့်ကြံသူတစ်ဦး ဖြစ်လာစေသည်။
သို့သော် အမြုတေစစ်သည် ရွှေအမြုတေနှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။
အဓိက ကွာခြားချက်မှာ ရွှေအမြုတေ၏ ကောင်းကင်နှင့် မြေကြီး စွမ်းအားအပေါ် ဆွဲဆောင်နိုင်စွမ်း ပင် ဖြစ်သည်။
ရွှေအမြုတေ ပေါ်ပေါက်လာပြီးနောက်၊ သူ့ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး စွမ်းအား အမျိုးမျိုးကို ခံစားသိရှိလာရ၏။
လေ... ရေငွေ့... နေရောင်ခြည်၏ အပူရှိန်... စသည်ဖြင့်။
ဓာတ်ကြီးငါးပါး တစ်ခုလုံးနှင့် ကောင်းကင်ဘုံ စွမ်းအား အားလုံးနီးပါးကို သူ အာရုံခံနိုင်နေပြီ ဖြစ်သည်။
ထို့ပြင် ဤကောင်းကင်ဘုံ စွမ်းအားများသည် သူ့ကို တွန်းလှန်ခြင်း မရှိဘဲ၊ သူ့ပတ်ဝန်းကျင်တွင် တက်ကြွစွာ လှုပ်ရှားနေကြသည်မှာ ထူးခြားလှသည်။
ဤအချက်သည် သာမန် အမြုတေစစ် ပိုင်ဆိုင်ထားသူများ လုံးဝ မယှဉ်နိုင်သော အားသာချက် တစ်ခုပင်။
စုယွီ စဉ်းစားခန်း ဖွင့်လိုက်သည်။
“ရွှေအမြုတေ လမ်းစဉ် ဆိုတာ အင်မော်တယ် ဖြစ်ခြင်း လမ်းစဉ်ပဲ... အဓိက သော့ချက်က ဒါဖြစ်ရမယ်... သဘာဝတရား မိခင်ကြီး ရဲ့ စွမ်းအားတွေကို အာရုံခံနိုင်စွမ်း ရှိခြင်းက အဆင့်တစ်ခုပဲ”
“ပြီးတော့ ရွှေအမြုတေ ဆိုတာက ကိုယ့်ရှေ့မှာ တာအိုကို ဖွင့်ပြပြီး အစာကျွေးနေသလိုမျိုးပဲ”
ထိုအတွေးများ ခေါင်းထဲ ဝင်ရောက်လာသောအခါ စုယွီ အံ့အားသင့်သွားမိသည်။
သုံးဆင့်လည်ပတ် ရွှေအမြုတေ လောက်နဲ့တင် ဒီလောက် အစွမ်းထက်နေပြီလား။
ဒါဆိုရင်... တာအိုဆရာ ပင်းယွီ ပြောပြခဲ့တဲ့ မွေးရာပါ ဓာတ်ကြီးငါးပါး တာအိုခန္ဓာ ပိုင်ဆိုင်ထားတဲ့ ပါရမီရှင် တာအိုသားတော် တွေကရော ဘယ်လို ရွှေအမြုတေမျိုး ပိုင်ဆိုင်ထားကြမလဲ။
မွေးရာပါ မိုးကြိုးတာအို ခန္ဓာကိုယ် ပိုင်ရှင်နဲ့၊ မွေးရာပါ ညှို့ယူဖမ်းစား ခန္ဓာကိုယ် ပိုင်ရှင် အံ့မခန်း ပါရမီရှင် နှစ်ယောက်ကရော။
သူတို့လို ပါရမီရှင်တွေက ကိုးဆင့်လည်ပတ် ရွှေအမြုတေ ကို ရရှိနိုင်ကြသလား။
“ရှေးဟောင်း ခေတ်ကာလတုန်းက... တာအိုဆရာ ပင်းယွီဟာ ရွှေအမြုတေ လမ်းစဉ်ကို လျှောက်လှမ်းဖို့ နည်းလမ်းပေါင်းစုံ သုံးခဲ့ရတယ်... နောက်ဆုံးမှ အောင်မြင်ပြီး တစ်ဆင့်လည်ပတ် ရွှေအမြုတေကို ဖွဲ့စည်းနိုင်ခဲ့တယ်”
“နောက်ပိုင်းနှစ်တွေမှာ... တာအိုဆရာ ပင်းယွီဟာ တာအိုဆရာ ကျဲ နဲ့ နှစ်ကိုယ်တူ ကျင့်ကြံခြင်း ပြုလုပ်ပြီး၊ သူ့ရဲ့ ရေခဲနဲ့ မီး စွမ်းအားနှစ်ခုကို အသုံးပြု သန့်စင်ခြင်းအားဖြင့် နှစ်ဆင့်လည်ပတ် ရွှေအမြုတေ အဖြစ် တိုးမြှင့်နိုင်ခဲ့တယ်”
စုယွီသည် တာအိုဆရာ ပင်းယွီ ချန်ထားခဲ့သော အမွေအနှစ်များကို ပြန်လည် သတိရလိုက်ပြီး အတွေးနက်သွားသည်။
ဒါဆိုရင်...ငါ့အနေနဲ့ ကိုးဆင့်လည်ပတ် ရွှေအမြုတေ ဆိုတဲ့ အံ့ဖွယ်အရာကို စူးစမ်းရှာဖွေဖို့ အခွင့်အရေး ရှိနေသေးတာပဲ။
ဒါပေမဲ့ တော်တော်လေးတော့ ခက်ခဲလိမ့်မယ်။
စုယွီ မျက်မှောင်ကြုတ်လိုက်ပြီး တွက်ဆလိုက်သည်။
“ရွှေအမြုတေကို သန့်စင်မယ် ဆိုရင်... ဓာတ်ကြီးငါးပါး နည်းစနစ်ရဲ့ စွမ်းအားကို မြှင့်တင်ရမလား... ပိုမို အစွမ်းထက်ပြီး များပြားတဲ့ နိယာမ တွေကို ပေါင်းစပ်ထည့်သွင်းပြီး၊ ဓာတ်ကြီးငါးပါး နည်းစနစ်ကို ပြောင်းလဲတိုးတက်စေမယ်... ပြီးမှ ငါ့ရွှေအမြုတေကို အဆင့်မြှင့်တင်ရမယ် ထင်တယ်”
အခန်း (၃၁၁) -ရွှေအမြုတေ - အပိုင်း (၅)
~’ဖြစ်နိုင်မလား မသေချာပေမယ့်... အနာဂတ်မှာ စမ်းသပ်ကြည့်ဖို့တော့ တန်တာပဲ။
ဓာတ်ကြီးငါးပါး နည်းစနစ် ရဲ့ စွမ်းအားကို တကယ်ပဲ မြှင့်တင်လို့ ရနိုင်တယ်။’
အရင်တုန်းက... ခရမ်းရောင်နေမင်း ကောင်းကင်မီးတောက် ကျင့်စဉ် ထဲမှာ ရေဓာတ်သဘောတရားကို ပေါင်းစပ်ထည့်သွင်းလိုက်တုန်းက သူ ကျင့်ကြံသည့် ဓာတ်ကြီးငါးပါး နည်းစနစ်ရဲ့ စွမ်းအား အနည်းငယ် တိုးတက်လာခဲ့ဖူးသည်။
လက်ရှိ သူကျင့်ကြံနေသော ဓာတ်ကြီးငါးပါး နည်းစနစ်က အားကောင်းတာတော့ မှန်ပေမယ့်၊ ဒါက အကန့်အသတ်တော့ မဟုတ်သေး။
"ဒါဆိုရင်... နောက်ပိုင်းကျရင် နေ့စဉ် ကျင့်ကြံတာအပြင်၊ ဓာတ်ကြီးငါးပါး နည်းစနစ်ရဲ့ စွမ်းအားကို မြှင့်တင်ဖို့က အရေးကြီးဆုံး ကိစ္စပဲ"
စုယွီ သဘောပေါက်သွားလေသည်။ သူ ဖြည်းညှင်းစွာ သက်ပြင်းချလိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်၏။
သူ မျက်လုံးဖွင့်လိုက်သည့် ခဏ၌ပင်၊ ဂူပေါက်ဝတွင် သူ့ကို စောင့်ကြည့်နေကြသော သူ ယဉ်ပါးအောင် မွေးမြူထားသည့် မြေကမ္ဘာ မီးလျှံမျောက်ဝံ နှင့် အမွှေးနက် လင်းယုန် တို့သည် ထိတ်လန့်တကြား ခုန်ဆွသွားကြသည်။
မှန်းဆ၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသော အရှိန်အဝါကြီးကြောင့် သားရဲနှစ်ကောင်လုံး ကြောက်လွန်း၍ မြေကြီးပေါ် ပြားပြားဝပ် လဲကျလုနီးပါး ဖြစ်သွားကြ၏။
"ဝူး... ဝူး..."
မြေကမ္ဘာ မီးလျှံမျောက်ဝံသည် သနားစဖွယ် အော်ဟစ်မြည်တမ်းလိုက်ပြီး သူ့သခင်ကို မော့ကြည့်ကာ တောင်းပန်တိုးလျှိုးနေလေသည်။ သူ့အရှင်သခင်၏ နတ်ဘုရား စွမ်းအားများကို ပြန်လည် ထိန်းချုပ်ပေးပါရန်၊ သို့မဟုတ်ပါက ၎င်းအနေဖြင့် မတ်တပ်ရပ်နိုင်ရန်ပင် ခွန်အား ရှိတော့မည် မဟုတ်ကြောင်း မျက်လုံးများဖြင့် ပြောပြနေသကဲ့သို့ပင်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ စုယွီက မခို့တရို့ ပြုံးလိုက်ပြီး သူ့အရှိန်အဝါကို ပြန်လည် ရုပ်သိမ်းလိုက်သည်။
ထို့နောက် သူ့အာရုံကို ကျွမ်းကျင်မှု မျက်နှာပြင် ဆီသို့ ပို့လွှတ်လိုက်၏။
[အမည် - စုယွီ]
[ကျင့်ကြံခြင်းအဆင့် - ရွှေအမြုတေ အဆင့်၊ အဆင့် (၁)]
[သက်တမ်း - ၁၂၀ / ၉၃၄ နှစ်]
[ကျင့်စဉ်များ - ဓာတ်ကြီးငါးပါး နည်းစနစ် (ရွှေအမြုတေ အဆင့် ၁၊ ကျွမ်းကျင်မှု ၀.၀၁%)၊ အစိမ်းရောင် သစ်သား နှစ်ပတ်လည်ကွင်း ကျင့်စဉ် ( - သုံးပတ်လည်၊ ကျွမ်းကျင်မှု ၀.၀၁%)၊ ရွှမ်မင်ဆန်းကြယ် မြေကမ္ဘာ သိုင်းကွက် ( - အဆင့် ၁၉၊ ကျွမ်းကျင်မှု ၀.၀၁%)... ကောင်းကင် ဖီးနစ် နိမ္ဗာန် သိုင်းကျမ်း ( - အလွှာ ၃၊ ကျွမ်းကျင်မှု ၀.၀၁%)]
[မန္တန်များ - သစ်သား နွယ်ပင် နည်းစနစ် (ပြီးပြည့်စုံ)၊ ဝိညာဉ်အာဟာရဖြည့် နည်းစနစ် (ပြီးပြည့်စုံ)... ရေခဲမီး ဝိညာဉ်ဆင့်ခေါ် နည်းစနစ် (ပြီးပြည့်စုံ)၊ နဂါးပျံ ဖီးနစ် ကကြိုး နည်းစနစ် (ပြီးပြည့်စုံ)၊ ရေခဲမီး လျှို့ဝှက် နည်းစနစ် (ပြီးပြည့်စုံ)၊ ယင်ယန် ထွက်ပြေးခြင်း နည်းစနစ် (ပြီးပြည့်စုံ)]
သူ့သက်တမ်း ပြောင်းလဲသွားမှုကို ကြည့်ပြီး စုယွီ၏ မျက်လုံးအိမ်များ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
ကိုးရာ့သုံးဆယ့်လေးနှစ်...
"ရွှေအမြုတေ အဆင့်ကို ရောက်သွားတာနဲ့ သက်တမ်းက (၃၆၅) နှစ် တိုးသွားတာလား"
သူ ခေတ္တမျှ မှင်သက်သွားရ၏။
သက်တမ်းနဲ့ ယှဉ်မယ်ဆိုရင် ဘယ် ရွှေအမြုတေ အဆင့် ကျင့်ကြံသူက ငါ့ကို ယှဉ်နိုင်မှာလဲ။
ရှေးခေတ်ကာလက ကွယ်လွန်သွားပြီးမှ ပြန်လည်ဝင်စားလာမယ့် ပါရမီရှင် တာအိုသားတော် တွေတောင် ရွှေအမြုတေ အဆင့်မှာ ငါ့လောက် သက်တမ်းရှည်ပါ့မလား။
ပါရမီရှင် တာအိုသားတော်တွေ သေဆုံးသွားပြီး သူတို့ရဲ့ ပါရမီတွေ အလဟဿ ဖြစ်သွားချိန်မှာတောင်ငါက အသက်ရှင်နေဦးမှာ ဆိုတော့...ငါက ပိုအစွမ်းထက်တယ်လို့ ပြောရင်လည်း... မမှားပါဘူးလေ။
စုယွီ စိတ်ထဲတွင် တွက်ချက်ကြည့်လိုက်သည်။
ငါ.. နောက်ထပ် (၈၁၄) နှစ် အသက်ရှင်လို့ ရသေးတာပဲ။
"နှစ်ပေါင်း ရှစ်ရာကျော်အတွင်းမှာ ကိုးဆင့်လည်ပတ် ရွှေအမြုတေ ကို ရအောင်ယူဖို့ ဆိုတာ မလွယ်ကူဘူးလား"
စုယွီ စဉ်းစားလိုက်၏။ ထို့ပြင် သူ့ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသည်နှင့်အမျှ သက်တမ်းလည်း ထပ်မံ တိုးပွားလာဦးမည် ဖြစ်သည်။
ထိုအချိန်ကျလျှင် သူ့ရွှေအမြုတေကို သန့်စင်ဖို့ နှစ်ပေါင်း တစ်ထောင်လောက် အချိန်ရနိုင်သည်ပင်။
သူ၏ မွေးရာပါ ပါရမီက သိပ်မကောင်းလှပေမယ့်၊ သူ့မှာ ရှည်လျားသော သက်တမ်း ရှိနေသည်။
အချိန်ယူပြီး ဖြည်းဖြည်းချင်း ကျင့်ကြံအားထုတ်သွားမည် ဆိုလျှင်တော့ ရှေးခေတ်က ပါရမီရှင်တွေထက် နိမ့်ကျချင်မှ နိမ့်ကျတော့မည်။
"မွေးရာပါ ဓာတ်ကြီးငါးပါး တာအိုခန္ဓာကိုယ် ဆိုတာ ဘယ်လောက်တောင် အစွမ်းထက်မလဲ သိချင်လိုက်တာ"
စုယွီ စိတ်ဝင်စားသွားမိ၏။ ကိုယ်တိုင် မြင်တွေ့ရမှသာ မိမိ ဘယ်လောက် လျှောက်လှမ်းရဦးမလဲ၊ အထွတ်အထိပ်ဆိုတာ ဘယ်လောက် မြင့်မားသလဲ ဆိုတာကို နားလည်နိုင်မည်ပင်။
အထွတ်အထိပ်ကို ကျော်လွန်သွားလျှင်ရော ဘာဖြစ်မလဲ ဆိုတာကိုလည်း ဘယ်သူမှ မသိနိုင်ပါ။
ခဏကြာသော်...
စုယွီသည် သူ့အသိစိတ်ကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး တံခါးပိတ်ကျင့်ကြံရာမှ ချက်ချင်း ထွက်ခွာရန် အစီအစဉ် မရှိသေးပေ။
သူ့အသိစိတ်ကို ဒန်တျန် အတွင်းသို့ စေလွှတ်လိုက်သည်။ အထဲတွင် ထူးခြားသော အရည်အသွေးရှိသည့် မှော်လက်နက် တစ်ခု၊ အမြုတေ အဆင့်ရှိ မှော်ရတနာ နှစ်ခုနှင့် အဆင့်နိမ့် မှော်ရတနာ နှစ်ခု ရှိနေ၏။
မှော်ရတနာတွေကိုတော့ သူ မထိန်းချုပ်နိုင်သေးပါ။
သို့ရာတွင်၊ အမြုတေ အဆင့်ရှိ မှော်ရတနာတွေကိုတော့ လက်ရှိ ရွှေအမြုတေ အဆင့် (၁) ရောက်နေသူ အနေနှင့်.. အနည်းငယ် ထိန်းချုပ်လို့ ရနေလေပြီ။ ၎င်းတို့၏ စွမ်းအား တချို့တဝက်ကို ထုတ်သုံး၍ ရနိုင်ပါ၏။
"ဒီ အမြုတေ အဆင့် မှော်ရတနာ နှစ်ခုကိုတော့ ပြုစုပျိုးထောင်ထားမှ ဖြစ်မယ်"
စုယွီ စဉ်းစားလိုက်သည်။
"ပြီးတော့... ငါ့လက်ရှိ လက်နက်တွေနဲ့ လဲလှယ်ဖို့ သင့်တော်မယ့် ထူးခြားသော အရည်အသွေးရှိ မှော်လက်နက် နည်းနည်းလောက် ရွေးရမယ်"
သူ့ဝိညာဉ်အာရုံဖြင့် "ထင်းရှူးသိုလှောင်လက်စွပ်" အတွင်းကို စစ်ဆေးလိုက်သည်။ အထဲတွင် ထူးခြားသော အရည်အသွေးရှိ မှော်လက်နက် (၂၀) ကျော် ရှိနေ၏။
ဓားပျံများ၊ တိုက်ပွဲဝင် လှံရှည်များ၊ ပုဆိန်များ၊ လေးနှင့် မြှားများ... စသည်ဖြင့် စုံလင်လှပေသည်။
အားလုံးက ရှေးဟောင်းခေတ်ကတည်းက လက်ဆင့်ကမ်းလာခဲ့သည့် ထူးခြားသော မှော်လက်နက်တွေချည်းပင်။ တချို့ကတော့ အနည်းငယ် ပျက်စီးနေတာ တွေ့ရသည်။
သူ သေချာ ကြည့်ရှုစစ်ဆေးပြီးနောက်... နောက်ဆုံးတွင် ဓားပျံတစ်လက်၊ အတွင်းခံ ချပ်ဝတ် အင်္ကျီ တစ်ထည်နှင့် ပျံသန်းရေး ယာဉ်ပျံငယ် တစ်ခု... စုစုပေါင်း သုံးခုကို ရွေးချယ်လိုက်၏။
ထူးခြားသော ဓားပျံကို ပုံမှန် လက်နက်အဖြစ် အသုံးပြုမည်။ အတွင်းခံ ချပ်ဝတ် အင်္ကျီက သူ့အသက်ကို ကာကွယ်ပေးနိုင်မည်။ ပျံသန်းရေး ယာဉ်ပျံငယ်ကတော့ တစ်ယောက်တည်း ခရီးသွားဖို့အတွက် နတ်ဘုရား လက်နက်တစ်ခုပင်။ ကာကွယ်ရေး အပိုင်းမှာ သိပ်မကောင်းလှသော်လည်း၊ သူ၏ အမြန်နှုန်းကတော့ အဆင့်တူ ပျံသန်းရေး လှေပျံတွေထက် အများကြီး သာလွန်၏။
မမျှော်လင့်သော အခြေအနေမျိုးနှင့် ကြုံလာလျှင်တောင် အမြန်ဆုံး ထွက်ပြေးလွတ်မြောက်နိုင်သည်ပင်။ ဒါက စုယွီအတွက် ကွက်တိပင်။
ရက်အနည်းငယ် အချိန်ယူပြီးနောက်... စုယွီသည် ထူးခြားသော အရည်အသွေးရှိ မှော်လက်နက် အနည်းငယ်ကို ပြုစုပျိုးထောင်လိုက်သည်။ သူ့ခြေလက်အင်္ဂါများကဲ့သို့ လွယ်ကူစွာ အသုံးပြုနိုင်သည့် အခြေအနေ ရောက်မှသာ ရပ်တန့်လိုက်၏။
ရွှေအမြုတေ အဆင့်သို့ ရောက်ရှိပြီးနောက် ရရှိလာသော ဝိညာဉ်စွမ်းအင် များကိုလည်း သူ ရင်းနှီးကျွမ်းဝင်အောင် လုပ်ဆောင်ပြီး ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။
မန္တန်တွေ အနေနှင့်ကတော့... အရင်တုန်းက သူ ပြီးပြည့်စုံအောင် လေ့ကျင့်ခဲ့သော မန္တန်တွေက အများကြီး ရှိပြီးသား ဆိုတော့ လုံလောက်ပါသည်။
အခုအချိန်မှာ မန္တန်တွေ၏ စွမ်းအားကို ပိုပြီး ရင်းနှီး ကျွမ်းဝင်အောင် လုပ်လိုက်လျှင် ဘာပြဿနာမှ ရှိတော့မှာ မဟုတ်ချေ။
"ကဲ... တံခါးပိတ်ကျင့်ကြံတာ ရပ်လိုက်တော့မယ်"
တံခါးပိတ်ကျင့်ကြံရင်း ထပ်မံ ညှိနှိုင်းစရာ ဘာမှ မရှိတော့ဘူးလို့ စုယွီ ခံစားလိုက်ရ၏။ ချက်ချင်းပင် မြေကမ္ဘာ မီးလျှံမျောက်ဝံနှင့် အမွှေးနက် လင်းယုန်တို့ကို ဆင့်ခေါ်လိုက်ပြီး၊ နေလမင်းကျွန်း ဂူစံအိမ်မှ ရွှင်လန်းတက်ကြွစွာ ထွက်ခွာလာခဲ့သည်။
"ယင်ယန် ထွက်ပြေးခြင်း နည်းစနစ်"ကို အသုံးပြုလိုက်ပြီး ခြေလှမ်း တစ်လှမ်းတည်းဖြင့် အလင်းတန်းများအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားလေ၏။
အပေါ်ဘက်တွင်...
စုမိသားစုသည် အမြင့်ဆုံး သတိပေးချက် အဆင့်တွင် ရှိနေဆဲ ဖြစ်သည်။ မိသားစု တစ်ခုလုံး၏ လေထုသည် တင်းမာနေပြီး အသက်ရှူရ ခက်ခဲလောက်အောင်ပင်။
သို့သော်... အချိန်ကြာလာသည်နှင့်အမျှ စုမိသားစုဝင်များ၏ စိတ်ထဲတွင် တဖြည်းဖြည်း စိတ်လှုပ်ရှားလာကြ၏။
ဒါက တတိယဘိုးဘေးကြီး ရွှေအမြုတေ အဆင့်ကို စတင် ထိုးဖောက်နေတာ ဖြစ်ကြောင်း သူတို့အားလုံး သိနေကြသည်။
အကယ်၍ တတိယဘိုးဘေးကြီးသာ ရွှေအမြုတေ အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့လျှင်... သူတို့ စုမိသားစုဟာ ရွှေအမြုတေ အဆင့် သူတော်စင် တစ်ပါးက စောင့်ရှောက်ပေးထားသော ထင်ရှားကျော်ကြားသည့် ကျင့်ကြံသူ မိသားစုကြီး ဖြစ်လာတော့မည်။
စုယွီ၏ နန်းတော် အပြင်ဘက်တွင်...
ယွီခယ်အာ၊ စုပင်း၊ စုကျင်းပန်းနှင့် အခြားသူများသည် ဆက်လက် စောင့်ဆိုင်းနေကြဆဲ ဖြစ်၏။
စုယွီ ရွှေအမြုတေ အဆင့်တက်စဉ်က ဖြစ်ပေါ်ခဲ့သော သဘာဝ ဝိညာဉ်စွမ်းအင် မုန်တိုင်းကြီး ပြီးဆုံးသွားသည်မှာ (၁၀) ရက်ပင် မပြည့်သေးချေ။ လော့ချန်ယွီ၏ အတွေ့အကြုံအရ ဆိုလျှင် ရွှေအမြုတေ အဆင့်တက်ခြင်းသည် လဝက်ခန့် ကြာမြင့်တတ်၏။
ပြီးသွားရင်လည်း သူ့အခြေအနေပေါ် မူတည်ပြီး ကျင့်ကြံခြင်းအဆင့် တည်ငြိမ်သွားအောင် အချိန်အတိုင်းအတာ တစ်ခုအထိ တံခါးပိတ် နားနေရဦးမည် ဖြစ်သည်။
သို့သော်... စုယွီ ရွှေအမြုတေ အဆင့်တက်စဉ်က ပထမ ကပ်ဘေး၏ ကြာချိန်သည် အနည်းငယ် တိုတောင်းလွန်းနေသည်ဟု ထင်ရပါ၏။
အခန်း (၃၁၂) - ရွှေအမြုတေ - အပိုင်း (၆)
~သို့သော် ယွီခယ်အာနှင့် စုပင်းတို့မှာ အခြေခံတည်ဆောက်ခြင်း အဆင့်တွင်သာ ရှိသေးသဖြင့် ဤအကြောင်းအရာများကို နားမလည်ကြသလို၊ ထူးခြားမှု တစ်စုံတစ်ရာကိုလည်း မခံစားမိကြပေ။
ယခုအချိန်တွင် သူတို့သည် စုယွီ၏ သတင်းကိုသာ စောင့်မျှော်နေကြ၏။ အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ သိချင်နေကြသည်။
ရုတ်တရက်...
စုပင်း၊ နတ်မိမယ် ဇီယန်၊ လန်ရှီနှင့် အခြားသူများကို စောင့်ကြည့်နေသော တိမ်တိုက်ကျား၏ ကြမ်းတမ်းသော မျက်လုံးများသည် ရုတ်ချည်း ပြောင်းလဲသွားပြီး၊ နန်းတော်ဘက်သို့ လှည့်ကြည့်လိုက်ကာ ယွီခယ်အာအား လှမ်း၍ ဟိန်းဟောက်လိုက်လေ၏။
ထိုအသံကို ကြားလိုက်ရသောအခါ ယွီခယ်အာ၏ မျက်နှာတွင် ဝမ်းသာသော အပြုံးတစ်ခု ပေါ်ပေါက်လာပြီး တီးတိုး အသိပေးလိုက်သည်။
“တိမ်တိုက်ကျားက ပြောတယ်... ရွှေအမြုတေ အဆင့်ရဲ့ စွမ်းအင်ကို အာရုံခံမိတယ်တဲ့... သူ အောင်မြင်သွားပြီ”
ထိုသတင်းကို ကြားလိုက်ရသောအခါ စုပင်း၊ စုယွင်၊ စုကျင်းပန်း၊ စုရွီအန်းနှင့် အခြားသူများ၏ မျက်လုံးများ ပြူးကျယ်သွားကြပြီး ခဏမျှ ဆွံ့အသွားကြ၏။
စုယွင်က ပထမဆုံး အားပါးတရ ရယ်လိုက်လေသည်။
“အောင်မြင်သွားပြီ... ဟား... ကောင်းလိုက်တာကွာ... ငါ့သက်တမ်းမှာ ပထမဆုံး ရွှေအမြုတေ အဆင့် သူတော်စင် တစ်ပါး မွေးဖွားလာတာကို မြင်တွေ့ရလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့မိဘူး”
ထိုအချိန်၌ ယွီခယ်အာ၊ စုပင်းနှင့် အခြားသူများသည် စုယွီ၏ တည်ရှိနေမှုကို စတင်အာရုံခံမိလာကြ၏။
စုပင်းကလည်း ဟားတိုက် ရယ်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။
“ရွေ့အန်း... စုမိသားစု တစ်ခုလုံး (၃) ရက်တိတိ ပွဲကျင်းပမယ်... မဟုတ်ဘူး... တစ်လတိတိ ကျင်းပမယ်ကွာ... ပြီးတော့ မိသားစုဝင် အားလုံးကို (၃) လစာ ထောက်ပံ့ကြေး ပေးလိုက်... မိသားစုလိုက် အောင်ပွဲခံကြမယ်”
စုရွီအန်းသည် နန်းတော်ဘက်သို့ မျက်လုံးပြူးကာ အကြည့်ပို့လွှတ်နေရင်းမှ သူ့အပျော်များကို ထိန်းချုပ်လိုက်ပြီး တက်ကြွစွာ ပြန်ဖြေလိုက်၏။
“ကောင်းပါပြီ... ကောင်းပါပြီ... ဘိုးဘေး... ကျွန်တော် အခုချက်ချင်း အမိန့်ထုတ်လိုက်ပါ့မယ်”
အောင်မြင်သွားပြီ။
တတိယဘိုးဘေးကြီးက ရွှေအမြုတေ အဆင့် သူတော်စင် တစ်ပါး ဖြစ်သွားပြီ။
အနီးနားတွင် ရှိနေသော စုချီ၏ လှပသော မျက်ဝန်းများ ပြူးကျယ်နေပြီး၊ ထိတ်လန့်မှုနှင့် ဝမ်းသာမှုများ ရောပြွမ်းနေလေသည်။
“ဦးလေးယွီက တကယ်ပဲ ရွှေအမြုတေ အဆင့် သူတော်စင် ဖြစ်သွားပြီလား”
နတ်မိမယ် ဇီယန်၊ လန်ရှီနှင့် လန်ကုန်းတို့၏ မျက်နှာထားများမှာမူ ရှုပ်ထွေးနေကြ၏။
နတ်မိမယ် ဇီယန်က စိတ်ထဲတွင် တိုးညှင်းစွာ သက်ပြင်းချလိုက်မိသည်။
ရွှေအမြုတေ အဆင့် သူတော်စင်...
သူမသည် ယွီခယ်အာကို တိတ်တဆိတ် အကြည့်ပို့လွှတ်လိုက်ပြီး ရင်ထဲတွင် မနာလိုဝန်တိုမှုများ ဖြစ်ပေါ်လာမိသည်။
'ငါ့ကျတော့ ဘာလို့ ဒီလို အိမ်ထောင်ဖက်မျိုး မရနိုင်ရတာလဲ'
ညီအစ်မ နှစ်ယောက်ဖြစ်သော လန်ရှီနှင့် လန်ကုန်းတို့မှာ အနည်းငယ် မှင်သက်နေကြ၏။
သူမတို့သည် တာ့ယွဲ့ နတ်ဘုရားမြို့တော်သို့ ရောက်ရှိကတည်းက စုယွီကို သိကျွမ်းခဲ့ကြ၏။
သို့သော်၊...
ဒီလို ဖြစ်လာလိမ့်မည်ဟု စိုးစဉ်းမျှ ထင်မထားခဲ့မိပေ။
တစ်ချိန်တုန်းက သူမတို့ထက် ကျင့်ကြံမှု နိမ့်ပါးခဲ့သော အိမ်နီးချင်းလေးသည် ယခုအခါ သူတို့ မော့ကြည့်ရမည့် ဒဏ္ဍာရီလာ ရွှေအမြုတေ အဆင့် သူတော်စင် တစ်ပါး ဖြစ်လာခဲ့ပြီတည်း။
ထိုအချိန်တွင် သူမတို့ခေါင်းထဲ၌ အတွေး တစ်ခု ဝင်ရောက်လာသည်။
'တကယ်လို့များ... အဲဒီတုန်းကသာ ငါတို့.. ကျင့်ကြံဖော် ရှာဖို့ ဆန္ဒရှိခဲ့မယ်ဆိုရင်... အခု အခြေအနေတွေ ပြောင်းလဲသွားနိုင်မလား'
'ကံဆိုးတာက... သူက ငါတို့ကို စိတ်ဝင်စားတဲ့ပုံ တစ်ခါမှ မပြခဲ့ဘူး'
လန်ရှီနှင့် လန်ကုန်းတို့၏ စိတ်ထဲတွင် ထိုအတွေး တစ်ပြိုင်နက် ပေါ်လာကြသည်။
ရုတ်တရက် ဝင်လာသော ထိုအတွေးကြောင့် သူတို့ ထူးဆန်းသလို ခံစားလိုက်ရပြီး၊ ရှက်သွေးဖြာကာ နေရခက်သွားကြ၏။
'ဘာဖြစ်တာလဲ... ယောက်ျားတစ်ယောက်ကို စိတ်ဝင်စားမိနေတာလား... မဖြစ်နိုင်တာ'
လူတိုင်း ကြည့်နေစဉ်မှာပင်... နန်းတော် တံခါးမကြီး ဖြည်းညှင်းစွာ ပွင့်လာသည်။
သွယ်လျသော ကိုယ်ခန္ဓာနှင့် အပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသား တစ်ဦး တံခါးဝတွင် ပေါ်လာ၏။ သူ့အရှိန်အဝါသည် ကျောက်စိမ်းကဲ့သို့ နူးညံ့သော်လည်း၊ နတ်ဘုရား တစ်ပါးကဲ့သို့ နက်ရှိုင်းလှပေသည်။ မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးတစ်ခု ရှိနေပြီး၊ မျက်လုံးများကမူ ချောက်နက်ကြီးတစ်ခုအလား နက်ရှိုင်းလွန်းလှချေသည်။
နတ်မိမယ် ဇီယန်၊ လန်ရှီ၊ လန်ကုန်းနှင့် စုချီတို့ပင် ထိုနက်ရှိုင်းသော မျက်လုံးများကို မြင်လိုက်ရသောအခါ ရင်ခုန်သွားကြ၏။
သူမတို့၏ စိတ်အာရုံများ ထိုမျက်လုံးထဲတွင် နစ်မြုပ်သွားချင်သလို ခံစားလိုက်ရသည်။
အသစ်စက်စက် ထွက်ပေါ်လာသော စုယွီသည် သူတို့၏ တုံ့ပြန်မှုကို ကြည့်ပြီး အနည်းငယ် အံ့အားသင့်သွား၏။ ချက်ချင်းပင် သူ့မျက်လုံးထဲမှ အလင်းရောင်ကို သိမ်းဆည်းလိုက်ပြီး အရှိန်အဝါကို အပြည့်အဝ ဖုံးကွယ်လိုက်သည်။
သူသည် ရွှေအမြုတေ အဆင့်သို့ ယခုလေးတင် ရောက်ရှိထားခြင်း ဖြစ်ပြီး၊ သူ့ဝိညာဉ်ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်သည်လည်း တိုးတက်လာခဲ့ပြီ ဖြစ်၏။
သည်အရာလေးနှင့်တင် အဆင့်နိမ့် ကျင့်ကြံသူတွေရဲ့ စိတ်ကို လွှမ်းမိုးနိုင်နေပြီပင်။
ဒါကိုတော့ စုယွီ မမျှော်လင့်ထားခဲ့ပေ။
သို့သော် စုယွီ အရှိန်အဝါကို ဖုံးကွယ်လိုက်ပြီးနောက် လန်ရှီ၊ လန်ကုန်း၊ စုချီနှင့် အခြားသူများသည် ပုံမှန်အခြေအနေသို့ ချက်ချင်း ပြန်ရောက်သွားကြသည်။
စောစောက သူမတို့ခေါင်းထဲ ပေါ်လာသော ပုံရိပ်များကို ပြန်တွေးမိပြီး မျက်နှာများ အနည်းငယ် နီရဲသွားကြ၏။
စုယွီသည် စုပင်းနှင့် အခြားသူများထံသို့ လျှောက်သွားပြီး ပြောလိုက်သည်။
“အဘိုး (၅)... အောင်ပွဲခံတာ ကောင်းပါတယ်... ဒါပေမဲ့ (၃) ရက်ဆို လုံလောက်ပါပြီ... တခြားဘယ်သူ့ကိုမှ ဖိတ်စရာ မလိုပါဘူး... မိသားစုဝင်တွေပဲ ပျော်ပျော်ပါးပါး လုပ်ကြတာပေါ့”
“ပြီးတော့... ကျွန်တော် ရွှေအမြုတေ အဆင့် ရောက်သွားပြီ ဆိုတဲ့ သတင်းကို တရားဝင် ကြေညာစရာ မလိုပါဘူး”
“ဘာပဲပြောပြော... ကျွန်တော်က အခုမှ အဆင့်တက်ခါစ ရှိသေးတာ... လူအများအာရုံစိုက်တာကို မခံယူသင့်ဘူး... သူများ မနာလိုတာ ခံရလိမ့်မယ်နော်”
“မိသားစုဝင်တွေကိုလည်း သတိထားခိုင်းပါ... စုမိသားစုက ဆေးပညာ မျိုးနွယ်စု တစ်ခုအဖြစ် ရပ်တည်ချင်ရင် ဗိုလ်ကျစိုးမိုးတဲ့ အင်အားစု မဖြစ်သင့်ဘူး... လူတိုင်းနဲ့ ဆက်ဆံရေး ကောင်းအောင် ကြိုးစားသင့်တယ်”
ထိုအခါ၊ စုရွီအန်းက စုပင်းကို အကြည့်ပို့လွှတ်လိုက်၏။
စုပင်းက ခဏမျှ စဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။
“မင်းပြောတာ မှန်တယ်... မင်းအစီအစဉ်အတိုင်းပဲ လုပ်ကြတာပေါ့”
(၃) ရက် ကြာပြီးနောက်...
*
စုမိသားစု ခန်းမဆောင်မကြီးတွင်...
စုရွီအန်းနှင့် စုကျင်းပန်းတို့၏ တင်ပြချက်များကို နားထောင်ရင်း စုယွီ မျက်မှောင်ကြုတ်လိုက်သည်။
“ဒါဆို... ပြင်ပလောကမှာ ပြန်ပြီး ဝရုန်းသုန်းကား ဖြစ်နေပြီပေါ့... ကျင့်ကြံသူ မိသားစုတချို့က အရင်းအမြစ်တွေ လုယူတိုက်ခိုက်နေကြပြီ ဆိုပါတော့”
စုကျင်းပန်း ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်၏။
“ချန်မိသားစု ကိစ္စက နည်းနည်း ထူးဆန်းတယ်... ဝမ်မိသားစုနဲ့ ထျန်းမိသားစုက အရှင်ဖမ်းမိတဲ့ အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူတွေက ဆန်းကြယ်တဲ့ နည်းနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတယ်”
“ဒီကိစ္စ နောက်ကွယ်မှာ ဘာတွေ ဖုံးကွယ်ထားလဲ ဆိုတာ ဘယ်သူမှ မသိကြဘူး... သူတို့ မိသားစုတွေလည်း ဘာမှ မသိကြဘူး”
“သူတို့ သိထားတာက... မဆိုးလှတဲ့ လူနှစ်ယောက် သူတို့ဆီ ရောက်လာပြီး ဧည့်သည် လာလုပ်ကြတယ်... မကြာခင်မှာပဲ သူတို့မိသားစုထဲက လူတချို့ အခြေခံတည်ဆောက်ခြင်း အဆင့်ကို ရောက်သွားကြတယ် ဆိုတာလောက်ပဲ”
“အင်အားတောင့်တင်းလာတော့ မိသားစု အခြေအနေ ပိုကောင်းလာအောင် ချန်မိသားစုရဲ့ အရင်းအမြစ်တွေကို ပူးပေါင်းတိုက်ခိုက်ကြတာပေါ့”
“အင်အားကြီးလာလို့ အရင်းအမြစ်တွေ လိုချင်လာတာကတော့ ယုတ္တိရှိပါတယ်”
“ဒါပေမဲ့ အဲဒီ လူနှစ်ယောက်က ဘယ်က ရောက်လာတာလဲ... ဒါကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူး”
စုယွီ အတော်ကြာအောင် စဉ်းစားလိုက်ပြီး မေးလိုက်သည်။
“ဒီကိစ္စက စုမိသားစုအပေါ် သက်ရောက်မှု ရှိလား”
စုကျင်းပန်း အံ့သြသွားပြီး ပြန်ဖြေလိုက်၏။
“မရှိပါဘူး... ပြောင်းပြန်တောင် ဖြစ်နေသေးတယ်... ပြင်ပမှာ ကျင့်ကြံသူ မိသားစုတွေ ဗြောင်းဆန်နေတော့ စုမိသားစု ဆေးလုံးမျှော်စင်ရဲ့ စီးပွားရေးက ပိုကောင်းလာတယ်... အမြတ်တွေ တက်လာတာပေါ့... မကြာသေးမီက မိသားစုခေါင်းဆောင်က ဆေးပညာရှင်တွေ၊ အဆောင်လက်ဖွဲ့ ပညာရှင်တွေကိုတောင် ထပ်ပြီး ခေါ်ယူနေရတယ်”
စုယွီ သက်ပြင်းချလိုက်သည်။
“အန္တရာယ် မရှိရင် ပြီးတာပါပဲ... အခြေအနေကိုတော့ ဆက်ပြီး စောင့်ကြည့်နေပါ”
“ဒါပေမဲ့... မမျှော်လင့်တဲ့ အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လူတိုင်းကို သတိပေးထားရမယ်”
“လမင်းအဆောင်လက်ဖွဲ့တွေကို ဆေးလုံးမျှော်စင်တိုင်းမှာ အသင့်ပြင်ထားပါ... အခင်းအကျင်းတွေကိုလည်း မကြာခဏ စစ်ဆေးပါ”
စုယွီသည် စုကျင်းပန်း၊ စုရွီအန်းနှင့် အခြားသော မိသားစု အကြီးအကဲများကို ကြည့်ပြီး ပြောလိုက်သည်။
“အကြောင်းရင်းက ဘာပဲဖြစ်ဖြစ်... တကယ်လို့ တစ်ခုခု မှားယွင်းနေရင် အချိန်တန်ရင် ရှင်းသွားမှာပါ... အရာအားလုံးက ပေါ်လာမှာပါပဲ”
“ပုံမှန်အတိုင်းပဲ ဆက်လုပ်ကြတာပေါ့... သိပ်ပြီး စိုးရိမ်မနေပါနဲ့”
“တိုက်ဆိုင်မှု သက်သက်လည်း ဖြစ်နိုင်တာပဲ”
စုကျင်းပန်း၊ စုရွီအန်းနှင့် အခြားသူများကို ပြန်လွှတ်လိုက်ပြီးနောက် စုယွီသည် မျက်မှောင်ကြုတ်ကာ စဉ်းစားခန်း ဝင်နေလေသည်။
ချန်မိသားစု ကိစ္စ၊ ဝမ်မိသားစုနှင့် ထျန်းမိသားစု ကိစ္စများသည် ကိစ္စကြီးကြီးမားမား မဟုတ်ပေ။ အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ အနည်းငယ်မျှသာ ဖြစ်၏။
သို့သော် အချိန်တိုအတွင်း တာ့ယွဲ့စီရင်စုရှိ ကျင့်ကြံသူ မိသားစု အများအပြား ပြဿနာ ရှာလာကြခြင်းသည် အနည်းငယ် ပုံမှန် မဟုတ်ပေ။
သူသည် "ကိုးသွယ်အလင်း တံဆိပ်ပြား" ကို ကြည့်လိုက်သော်လည်း၊ စဉ်းစားပြီးနောက် သတင်းမပို့ရန် ဆုံးဖြတ်လိုက်၏။
စုယွီ စိတ်ထဲတွင် တိတ်တဆိတ် အကြံထုတ်လိုက်သည်။
'လောလောဆယ်တော့ အခြေအနေကိုပဲ စောင့်ကြည့်လိုက်ကြတာပေါ့'
စုယွီ ရွှေအမြုတေ အဆင့်သို့ အောင်မြင်စွာ ရောက်ရှိသွားသည့် သတင်းကို ကျယ်ကျယ်ပြန့်ပြန့် မကြေညာခဲ့သော်လည်း၊ စုမိသားစုက (၃) ရက်တိုင်တိုင် အောင်ပွဲခံခဲ့ခြင်းနှင့် မိသားစုဝင် တစ်ဦးစီကို (၃) လစာ ထောက်ပံ့ကြေး ပေးအပ်ခဲ့ခြင်းကိုမူ လူအများ သိရှိကြ၏။
မကြာမီမှာပင် စုယွီ ရွှေအမြုတေ အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း သတင်းသည် အင်အားစုအသီးသီးအကြား တိုးတိုးတိတ်တိတ် ပျံ့နှံ့သွားလေသည်။
စုယွီသည် လော့ချန်ယွီ၊ လော့ချန်ကုန်း၊ တာအိုဆရာ ချင်းချွမ်၊ တာအိုဆရာ ရှုဟိုင်နှင့် အခြားသူများထံသို့ စာရေးသားပေးပို့ပြီး ဤသတင်းကို အသိပေးလိုက်၏။ လျှို့ဝှက်ထားခြင်း မရှိပေ။
ဒီကိစ္စက ဘယ်လိုမှ ဖုံးကွယ်ထား၍ ရမည့် ကိစ္စ မဟုတ်ပါ။ လှုပ်ရှားမှုကြီး ဖြစ်ခဲ့ပြီးပြီပဲ... စာရေးပြီး အသိပေးလိုက်တာက ပိုကောင်းပါသည်။
သို့သော် စုယွီ၏ အမြင်အရ သူကိုယ်တိုင် မကြေညာသရွေ့ ပြင်ပ အင်အားစုများ ဘယ်လိုပဲ ထင်ကြေးပေးပေး သူတို့ ကိစ္စသာ ဖြစ်သည်။
စုယွီ ရွှေအမြုတေ အဆင့်သို့ ရောက်ရှိပြီး (၃) လ အကြာတွင်...
သူ၏ တာအိုကိုယ်ပွားသည် ဆေးလုံးမျှော်စင်တောင်မှ တိတ်တဆိတ် ထွက်ခွာသွားပြီး တာ့ယွဲ့ တောင်တန်းဆီသို့ ဦးတည်သွားလေ၏။