← Chapters

အခန်း (၃၁၃-၃၁၅)

Vol. 21 Ch. 313-315

အခန်း (၃၁၃-၃၁၅)

Vol. 21 Ch. 313-315

အခန်း (၃၁၃) -ကံကြမ္မာ အခွင့်အရေး၊ နတ်ဘုရား မဟာမိတ် - အပိုင်း (၁)

~ဟိုးယခင်... လွန်ခဲ့သော (၁) နှစ်ခန့်က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာပင်။

ကြာနီကန်နှင့် ကောင်းကင်ဆေးလုံးကျွန်းတို့သည် ကုန်းစွန်းရီနှင့် သူ၏ တပည့်များ လက်အောက်သို့ ကျရောက်ခဲ့လေသည်။ ကျွန်းပေါ်ရှိ မူလ လီမိသားစုမှ ဆေးပညာရှင်များသည် စိတ်ဝမ်းကွဲပြားကာ ပြိုကွဲသွားခဲ့ကြ၏။ အချို့မှာ ကောင်းကင်ဆေးလုံးကျွန်းမှ ထွက်ပြေးတိမ်းရှောင်သွားကြပြီး၊ အချို့မှာမူ အခြားအင်အားစုများထံ ခိုလှုံသွားကြ၏။ ကျန်ရစ်ခဲ့သူများ အားလုံးမှာမူ ကုန်းစွန်းရီထံ အညံ့ခံကာ သစ္စာဆိုခဲ့ကြရသည်။

ကုန်းစွန်းရီသည် ကောင်းကင်ဆေးလုံးကျွန်းကို "သွေးမဟာမိတ်ကျွန်း" ဟု အမည်ပြောင်းလဲလိုက်ပြီး၊ ကျွန်းပေါ်တွင် "သွေးမဟာမိတ်အဖွဲ့" ဟူသော အင်အားစုအသစ်တစ်ခုကို တည်ထောင်ခဲ့သည်။ ထို့နောက် နေရာအနှံ့မှ ကျင့်ကြံသူများကို တက်ကြွစွာ စုဆောင်းလျက် အင်အားဖြည့်တင်းနေခဲ့လေသည်။

သွေးမဟာမိတ် ဂူစံအိမ်...

ဤနေရာသည် တစ်ချိန်က လီမိသားစု ဆေးပညာရှင်များ နေထိုင်ခဲ့သော မင်္ဂလာရှိသော မြေနေရာတစ်ခု ဖြစ်ခဲ့ဖူးသည်။

လျှို့ဝှက်ခန်းမဆောင် တစ်ခုအတွင်း၌...

ကုန်းစွန်းရီနှင့် ယွင်ကျန်းဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်း တုယွီလင် တို့သည် သူတို့ရှေ့ရှိ ပုဂ္ဂိုလ်ကို မျက်မှောင်အနည်းငယ် ကြုတ်ကာ ကြည့်နေကြ၏။ ထိုပုဂ္ဂိုလ်သည် တစ်ကိုယ်လုံး လွှမ်းခြုံထားသော အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး မျက်နှာတွင် တစ္ဆေမျက်နှာဖုံးတစ်ခု တပ်ဆင်ထားလေသည်။

အနက်ရောင် ဝတ်စုံနှင့် လူက အေးစက်ခြောက်ခြားဖွယ် လေသံဖြင့် မေးမြန်းလိုက်သည်။

“ယွင်ကျန်းဂိုဏ်းက ဟိုအရင်တုန်းက ရွှေကျောက်စိမ်း နတ်ဘုရား ဂိတ်တံခါး ရဲ့ ပျောက်ဆုံးနေတဲ့ ရတနာကို မရခဲ့ဘူးဆိုတာ ခင်ဗျား သေချာရဲ့လား”

ကုန်းစွန်းရီက မျက်မှောင်ကြုတ်လျက် ပြန်ဖြေလိုက်သည်။

“လုံးဝ သေချာပါတယ်... တကယ်လို့သာ ရခဲ့မယ်ဆိုရင် ကျွန်တော်ကိုယ်တိုင် ကျင့်ကြံနေတာ ကြာလှပြီပေါ့... ဘယ်လိုလုပ်ပြီး ဖုံးကွယ်ထားမှာလဲ”

အနက်ရောင် ဝတ်စုံနှင့် လူက တချက် ရယ်လိုက်သည်။

“တကယ်လို့... ယွင်ကျန်းဂိုဏ်းသား တစ်ယောက်ယောက်... ဒါမှမဟုတ် လော့ချန်ယွီက ရရှိခဲ့ပြီး ဂိုဏ်းကို အသိမပေးဘဲ ထားခဲ့တာဆိုရင်ကော”

ကုန်းစွန်းရီ၏ မျက်နှာ အရောင်အဆင်း ပျက်ယွင်းသွား၏။ အခြေအနေက သိပ်မဟန်လှချေ။ ဤအချက်သည် ဖြစ်နိုင်ချေ အရှိဆုံးသော အရာတစ်ခု ဖြစ်နေသောကြောင့်ပင်။

တုယွီလင်၏ မျက်နှာထားမှာလည်း ရေခဲတမျှ အေးစက်နေ၏။ သူသည် ယွင်ကျန်းဂိုဏ်း၏ ဂိုဏ်းချုပ် မဟုတ်တော့သော်လည်း သူ့မျက်နှာပေါ်တွင် ခမ်းနားထည်ဝါသော အရှိန်အဝါများ ကိန်းအောင်းနေဆဲပင်။ အရေးပါသော ရာထူးတစ်ခုကို အချိန်ကြာမြင့်စွာ ရယူထားခဲ့ဖူးသူ ဖြစ်ပြီး၊ ရွှေအမြုတေ အဆင့်တု ကျင့်ကြံသူ တစ်ဦး ဖြစ်သည့်အတွက် သူ့စရိုက်သည် သာမန်လူများနှင့် မတူ ကွဲပြားနေ၏။

တုယွီလင်၏ မျက်လုံးများတွင် အလင်းရောင်များ ဖြတ်ပြေးသွားပြီး အနက်ရောင် ဝတ်စုံနှင့် လူကို ကြည့်ကာ သုံးသပ်ပြောဆိုလိုက်သည်။

“အဲဒါ တော်တော်လေး ဖြစ်နိုင်တယ်... လော့ချန်ယွီရဲ့ ပါရမီက အရင်တုန်းက သိပ်မကောင်းလှဘူး... ဒါပေမဲ့ ရွှေကျောက်စိမ်း နတ်ဘုရား ဂိတ်တံခါး အပျက်အစီးတွေ ပေါ်လာပြီးတဲ့နောက်ပိုင်း သူ့မှာ ထူးခြားတဲ့ အပြောင်းအလဲတွေ ဖြစ်လာခဲ့တယ်”

“သူမ အခုလို အောင်မြင်လာတာဟာ ကောင်းကင်ဖီးနစ် နန်းတော် အပျက်အစီးတွေဆီကနေ မမျှော်လင့်နိုင်လောက်တဲ့ ကံကောင်းမှုတွေ ရခဲ့လို့ဆိုတာ သိသာနေတာပဲ”

“ဒါ့အပြင်... လော့ချန်ယွီ ပြုစုပျိုးထောင်ပေးထားတဲ့ စုမိသားစုက ကောင်လေး တစ်ယောက်လည်း ရွှေအမြုတေ အဆင့်ကို ရောက်သွားပြီလို့ သတင်းကြားတယ်”

“ကျွန်တော် သိသလောက်ဆိုရင်... ဒီကောင်လေးက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာလောက်က ယွင်ကျန်းဂိုဏ်းရဲ့ ပြင်ပဂိုဏ်းစာမေးပွဲကို ဝင်ဖြေခဲ့ဖူးတယ်... အဲဒီတုန်းက သူ့ဝိညာဉ်အမြစ် ပါရမီက အနိမ့်ဆုံးအဆင့်ပဲ ရှိတာ”

“အနိမ့်ဆုံးအဆင့် ဝိညာဉ်အမြစ် ပိုင်ရှင်တစ်ယောက်က ကောင်းကင်ဘုံနဲ့ ဆန့်ကျင်ဘက် အခွင့်အရေးမျိုး မရဘဲနဲ့ အခုလို အောင်မြင်မှုမျိုး ရနိုင်ပါ့မလား”

အနက်ရောင် ဝတ်စုံနှင့် လူသည် ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်သွား၏။

ထို့နောက် သူက မေးလိုက်သည်။

“ချန်မိသားစု ကိစ္စကရော... ဘာရလဒ် ထွက်လဲ”

ကုန်းစွန်းရီက ခေါင်းခါလိုက်၏။

“ဘာမှ မရှိပါဘူး... ဝိညာဉ်နည်းစနစ် နဲ့ ပတ်သက်တဲ့ သဲလွန်စ ဘာတစ်ခုမှ မတွေ့ရဘူး”

အနက်ရောင် ဝတ်စုံနှင့် လူက အေးစက်စွာ ပြောလိုက်သည်။

“အရင်တုန်းက ယွင်ကျန်းဂိုဏ်း နယ်မြေထဲက ရွှေကျောက်စိမ်း နတ်ဘုရား ဂိတ်တံခါး အပျက်အစီးတွေရဲ့ ကံကောင်းမှုမှာ ပါဝင်ခဲ့တဲ့ အင်အားစုတွေ သိပ်မများဘူး... ယုမိသားစု၊ ဟွမ် မိသားစု၊ ကျန်းမိသားစု... ဟွမ် မိသားစုကတော့ မျိုးပြုန်းသွားပြီ ဆိုတော့ သူတို့ဆီမှာ ကံကောင်းမှု ရှိမှာ မဟုတ်ဘူး”

“ဒါကြောင့်... ကျန်းမိသားစုနဲ့ ယုမိသားစုကို စစ်ဆေးဖို့ လိုလိမ့်မယ်”

“ကျန်းမိသားစုက လောလောဆယ် တာ့ယွဲ့ နတ်ဘုရားမြို့တော် မှာ ရှိနေတာဆိုတော့ ချဉ်းကပ်ဖို့ မလွယ်ဘူး... ဒါကြောင့် ယုမိသားစုကိုပဲ အရင် ကိုင်တွယ်ရမယ်”

“ဒါ့အပြင်... စုမိသားစုကို စောင့်ကြည့်ဖို့ လူတစ်ယောက်လောက် ရှာရမယ်... ဒီကိစ္စကို သေချာ ကိုင်တွယ်မှ ဖြစ်မယ်”

“မဟုတ်ရင်... မဟာမိတ် ခေါင်းဆောင်ကြီးက အသုံးမကျတဲ့ကောင်တွေကို ကြိုက်မှာ မဟုတ်ဘူး”

ထိုသို့ ပြောပြီးနောက် အနက်ရောင် ဝတ်စုံနှင့် လူသည် တုယွီလင်ကို ကြည့်ကာ ဆက်ပြော၏။

“နောက်ပိုင်းကျရင်... ခင်ဗျားတို့ ကျင့်ကြံသူတွေကို နေရာအနှံ့ကနေ ဆက်ပြီး စုဆောင်းနေပါ... အချိန်တန်ရင် သွေးမဟာမိတ်အဖွဲ့ အနေနဲ့ မိစ္ဆာ တောင်ထွတ် ရှစ်ခု က ရွှေကျောက်စိမ်း နတ်ဘုရား ဂိတ်တံခါး အပျက်အစီးတွေကို ယွင်ကျန်းဂိုဏ်း လက်ထဲကနေ ပြန်လုယူရလိမ့်မယ်”

ကုန်းစွန်းရီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူက တိုးညှင်းစွာ မေးလိုက်၏။

“အဲဒီ 'ရွှေပုစဉ်းရင်ကွဲ နည်းစနစ်' ဆိုတာက တကယ်ပဲ အဲဒီလောက် အရေးကြီးလို့လား... 'ထိုက်ရွှီ မဟာမိတ်အဖွဲ့' လို အဖွဲ့ကြီးကတောင် လိုချင်နေရတာလား”

အနက်ရောင် ဝတ်စုံနှင့် လူသည် ကုန်းစွန်းရီကို ခေတ္တမျှ စိုက်ကြည့်နေလိုက်သည်။ ကုန်းစွန်းရီ ခေါင်းနပန်း ကြီးသွားသည်အထိ စိုက်ကြည့်ပြီးမှ အကြည့်လွှဲလိုက်သည်။

ထို့နောက် အနက်ရောင် ဝတ်စုံနှင့် လူက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။

“ကိုးဝိညာဉ် မိစ္ဆာနန်းတော် က အရင်တုန်းက အဲဒီ ရွှေကျောက်စိမ်း နတ်ဘုရား ဂိတ်တံခါး အပျက်အစီးတွေကို လုယူချင်ခဲ့တာ ဒီနည်းစနစ်ကို လိုချင်လို့ပဲ”

ကုန်းစွန်းရီနှင့် တုယွီလင်တို့ နှစ်ဦးစလုံး၏ မျက်နှာများ အနည်းငယ် ပြောင်းလဲသွားပြီး မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားကြသည်။

*

ကိုးဝိညာဉ် မိစ္ဆာနန်းတော်...

တာ့ယွဲ့စီရင်စု ပြင်ပရှိ တာ့ယွဲ့နန်းတော် နှင့် ယှဉ်ပြိုင်နိုင်သော အန္တရာယ်ရှိသည့် မိစ္ဆာအင်အားစုကြီး တစ်ခု။

ကိုးဝိညာဉ် မိစ္ဆာနန်းတော်က မိစ္ဆာ တောင်ထွတ် ရှစ်ခုကို ပစ်မှတ်ထားခဲ့တာ ဒီနည်းစနစ်ကြောင့် ဖြစ်ရပေမည်။

အနက်ရောင် ဝတ်စုံနှင့် လူက ဆက်ပြောလာသည်။

“ရွှေပုစဉ်းရင်ကွဲ နည်းစနစ် ဆိုတာ ရှေးဟောင်း ထူးခြားဆန်းကြယ်တဲ့ နည်းစနစ်တစ်ခုပဲ... ရှေးဟောင်း မှတ်တမ်းတွေအရ ဒီနည်းစနစ်ထဲမှာ နတ်ဘုရား ဖြစ်လာမယ့် အနှစ်သာရတွေ ပါဝင်တယ်လို့ ဆိုတယ်... ဒါပေမဲ့ ဒီအယူအဆက နည်းနည်းတော့ ဆန်းကြယ်ပြီး ယုံရခက်ပါတယ်... ဒါပေမဲ့ တစ်ခုသေချာတာကတော့... ဒီနည်းစနစ်က ဝိညာဉ် ကို အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှု ဖြစ်စေနိုင်တယ် ဆိုတာပဲ”

“ပြောင်းလဲသွားတဲ့ ဝိညာဉ်စွမ်းအားနဲ့ ကိုယ့်ရဲ့ ရုပ်ခန္ဓာနဲ့ ဝိညာဉ်စွမ်းအင် ကို သန့်စင်ပေးနိုင်တယ်... ဒါက ကျင့်ကြံခြင်းအတွက် မမျှော်လင့်နိုင်လောက်တဲ့ အကျိုးကျေးဇူးတွေ ရစေတယ်”

“မိစ္ဆာလမ်းစဉ် သမားတွေအတွက်ဆို ပြောမနေနဲ့တော့... တကယ်လို့သာ ကိုးဝိညာဉ် မိစ္ဆာနန်းတော်က ဒီနည်းစနစ်ကို ရသွားခဲ့ရင်... ဒီပတ်ဝန်းကျင် တစ်ခုလုံး မိစ္ဆာနယ်မြေ ဖြစ်သွားလောက်တယ်”

နတ်ဘုရား ဖြစ်လာမယ့် အနှစ်သာရ ဟုတ်လား။

ကုန်းစွန်းရီနှင့် တုယွီလင်တို့၏ ရင်ထဲတွင် လှုပ်ရှားသွားကြ၏။ ဒီအကြောင်းကို သူတို့ တကယ် မသိခဲ့ကြပေ။

သို့သော် နောက်ဆက်တွဲ စကားများကို ကြားလိုက်ရသောအခါ နှစ်ယောက်စလုံး မျက်မှောင်ကြုတ်သွားကြ၏။

ကိုးဝိညာဉ် မိစ္ဆာနန်းတော်...

ဒီအင်အားစုက တကယ့်ကို ကြောက်စရာ ကောင်းလွန်းတယ်။

အနက်ရောင် ဝတ်စုံနှင့် လူသည် သူတို့၏ မျက်နှာထားများကို ကြည့်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“မိစ္ဆာ တောင်ထွတ် ရှစ်ခုက ရွှေကျောက်စိမ်း နတ်ဘုရား ဂိတ်တံခါး အပျက်အစီးတွေက ဌာနချုပ် အသေးစားလေး တစ်ခုလောက်ပဲ ဖြစ်လောက်ပါတယ်... အဲဒီထဲက ရွှေပုစဉ်းရင်ကွဲ နည်းစနစ်ကလည်း ပြည့်စုံမှာ မဟုတ်ဘူး... ဖြစ်နိုင်တာကတော့ အလွှာ (၃) ၊ (၄) ခု လောက် ပါရင်ကို တော်တော် ကောင်းနေပြီ”

“ဒါပေမဲ့ အဲဒါက လုံလောက်ပါတယ်... ပိုအားကောင်းတဲ့ ရွှေပုစဉ်းရင်ကွဲ နည်းစနစ်ဆိုရင် တာ့ချန် ကျင့်ကြံခြင်းကမ္ဘာ အလယ်ပိုင်းဒေသက အင်အားကြီးတွေကို ဆွဲဆောင်မိလိမ့်မယ်”

“မဟာမိတ် ခေါင်းဆောင်ကြီးက ပြောတယ်... ရွှေပုစဉ်းရင်ကွဲ နည်းစနစ်ကို ရှာတွေ့တာနဲ့... ခင်ဗျားတို့ကို အနာဂတ်မှာ မူလ ဝိညာဉ် ဖွဲ့စည်းနိုင်မယ့် အခွင့်အရေးကို သေချာပေါက် ပေးမယ်တဲ့”

“ဒီအခွင့်အရေးကို အရယူနိုင်မလား မယူနိုင်ဘူးလား ဆိုတာကတော့ ခင်ဗျားတို့ နှစ်ယောက်အပေါ်မှာပဲ မူတည်တယ်”

မဟာမိတ် ခေါင်းဆောင်ကြီး ဆိုသော ဘွဲ့ထူးကို ကြားလိုက်ရသည်နှင့် ကုန်းစွန်းရီ ချက်ချင်း သတိပြန်ဝင်လာပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။

ရွှေပုစဉ်းရင်ကွဲ နည်းစနစ်က တကယ့် ရတနာတစ်ခု ဖြစ်ပုံ ရသည်။

သို့သော်၊ သူ ဒီပစ္စည်းကို မလိုချင်ပေ။

ထိုက်ရွှီ မဟာမိတ်အဖွဲ့ ဆိုတာ တာ့ယွဲ့နန်းတော်တို့၊ ကိုးဝိညာဉ် မိစ္ဆာနန်းတော်တို့ထက် မနိမ့်ကျသော အင်အားစုကြီး တစ်ခုပင်။ သူ့ရဲ့ ခေါင်းဆောင်ကြီး ဆိုတာကလည်း ဒဏ္ဍာရီလာ မွေးကင်းစ ဝိညာဉ် အရှင်သခင် နှင့် ယှဉ်နိုင်သည့် ပုဂ္ဂိုလ်မျိုး။

ထိုလူမျိုးကသာ သူ့ကို သေစေချင်လျှင် ပုရွက်ဆိတ် တစ်ကောင်ကို ချေမှုန်းလိုက်သလိုပဲ ဖြစ်နေပေလိမ့်မည်။

ကုန်းစွန်းရီ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။

“စိတ်ချပါ... ရွှေပုစဉ်းရင်ကွဲ နည်းစနစ်သာ တကယ် ရှိနေရင်... မဟာမိတ် ခေါင်းဆောင်ကြီးအတွက် ကျွန်တော် သေချာပေါက် ရှာပေးပါ့မယ်”

အခန်း (၃၁၄) - ကံကြမ္မာ အခွင့်အရေး၊ နတ်ဘုရား မဟာမိတ် - အပိုင်း (၂)

~ထိုအခိုက်အတန့်တွင်...

ကုန်းစွန်းရီနှင့် အနက်ရောင်ဝတ်စုံနှင့်လူတို့၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကြပြီး၊ တစ်ပြိုင်နက်တည်းမှာပင် ဦးခေါင်းများကို တစ်ဖက်သို့ လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးများသည် အာကာသဟင်းလင်းပြင်ကို ထိုးဖောက်၍ အဝေးရှိ ပုံသဏ္ဍာန်တစ်ခုကို မြင်နိုင်စွမ်း ရှိသကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလာလေ၏။

“ဝီ...”

ပျံသန်းရေး ယာဉ်ပျံငယ် တစ်ခုသည် ကောင်းကင်ယံမှ အာကာသကို ခွဲဖြတ်၍ လျှပ်စီးလက်သကဲ့သို့ ဖြတ်သန်းပျံသန်းသွားလေသည်။

ယာဉ်ပျံငယ် အတွင်းတွင်...

တာအိုရုပ်သေး သည် တစ်ချိန်က လီမိသားစု ဆေးပညာရှင်များ ပိုင်ဆိုင်ခဲ့သော နယ်မြေ ဖြစ်သည့် ကြာနီကန် ဘက်သို့ လှမ်းကြည့်လိုက်၏။ သူ၏ အေးစက်စူးရှသော မျက်လုံးများသည် ကောင်းကင်နှင့် မြေကြီးကို ဖောက်ထွင်းမြင်နိုင်သကဲ့သို့၊ အနီရောင် ကြာပန်းများဖြင့် ပြည့်နှက်နေသော ကန်ရေပြင်နှင့် အလယ်ရှိ ကျွန်းကိုပါ မြင်ယောင်နေပုံ ရသည်။

“ကုန်းစွန်းရီနဲ့ သူ့ဆရာ၊ ယွင်ကျန်းဂိုဏ်း ဂိုဏ်းချုပ်ဟောင်းတို့ ဂိုဏ်းကထွက်ပြီး ဒီနေရာမှာ လာခိုလှုံနေကြတယ် ဆိုပါလား”

တာအိုရုပ်သေးသည် စဉ်းစားဟန် ပြုလိုက်၏။

ထိုနေရာသို့ သွားပြီး တာယွဲ့စီရင်စု၏ ကျင့်ကြံခြင်းလောကမှ ဤလူများကို အမြစ်ပြတ် သုတ်သင်ပစ်ရန် စိတ်ကူးမိလိုက်သည်။

သို့သော် ခဏအကြာတွင် တာအိုရုပ်သေးက ထိုအတွေးကို ဖျောက်ဖျက်လိုက်၏။

‘ကုန်းစွန်းရီက ရွှေအမြုတေ အဆင့် (၁) ကို အခုမှ တက်လှမ်းထားတာ။ ပြီးတော့ သူရော သူ့ဆရာ တုယွီလင်ရော လော့ချန်ယွီရဲ့ ဖိနှိပ်မှုကို အချိန်အကြာကြီး ခံခဲ့ရတာ။ သူတို့က ရွှီချန်ချင်းနဲ့ ဟွမ်ရှမ်းယီတို့လောက် ချမ်းသာမှာ မဟုတ်ဘူး။

အခုသွားရင် သူတို့နှစ်ယောက်ကို သတ်ပစ်ရုံကလွဲပြီး ဘာအကျိုးအမြတ်မှ ရမှာ မဟုတ်ဘူး။

ရှုံးမယ့် ကုန်သွယ်မှုပဲ။’

‘စောင့်လိုက်ပါဦးမယ်... ဆယ်စုနှစ် နည်းနည်းလောက်. ဒါမှမဟုတ် နှစ်တစ်ရာ၊ နှစ်ရာလောက်အထိ အရင်းအမြစ်တွေ စုဆောင်းပါစေဦး... အဲဒီကျမှ သွားငှားလိုက်မယ်... ငါတို့ကြားက ဆက်ဆံရေးနဲ့ဆိုရင် သူတို့ ငြင်းရဲမယ် မထင်ပါဘူး’

တာအိုရုပ်သေးသည် တွေးတောရင်း သက်ပြင်းတစ်ချက် ချလိုက်ပြီး ကြာနီကန်ဘက်သို့ လှမ်းကြည့်ကာ ရေရွတ်လိုက်သည်။

“ခင်ဗျားတို့ သေချာ ကြိုးစားထားကြနော် တာအိုမိတ်ဆွေ ကုန်းစွန်း... ပျင်းဖို့ မစဉ်းစားနဲ့”

ကိုယ့်ကိုယ်ကိုယ် နည်းနည်းလောက် ပြုစုပျိုးထောင်ထားကြဦး... ရွှီချန်ချင်းနဲ့ ဟွမ် မိသားစု ခေါင်းဆောင်တို့လောက်တော့ သိက္ခာမမဲ့ကြနဲ့။

“ဝီ...”

ပျံသန်းရေး ယာဉ်ပျံငယ်သည် ကြာနီကန်နှင့် မလှမ်းမကမ်းမှ ဖြတ်သန်းပျံသန်းသွား၏။ လီမိသားစု နယ်မြေကို ကျော်လွန်ပြီးနောက် မရပ်မနားဘဲ တာယွဲ့တောင်တန်းဆီသို့ ဦးတည်သွားလေသည်။

သို့သော် တာအိုရုပ်သေးသည် သူဖြတ်သန်းသွားမှုကြောင့် ကြာနီကန်ရှိ လူနှစ်ဦးကို လှုပ်နှိုးလိုက်မိမှန်း သတိမပြုမိခဲ့ချေ။

ကုန်းစွန်းရီသည် ကျူးကျော်ဝင်ရောက်လာသော အငွေ့အသက်တစ်ခုကို ဝိုးတဝါး အာရုံခံမိပြီး ထိတ်လန့်သွား၏။

“တစ်ယောက်ယောက် ရောက်နေတာလား”

အနက်ရောင် ဝတ်စုံနှင့် လူက မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။

“ဖြတ်သွားရုံပါပဲ... ထွက်သွားပါပြီ... ဒါပေမဲ့ ဘယ်သူလဲ... သူ့အရှိန်အဝါက စိမ်းနေတယ်... ဒါပေမဲ့ ကျုပ်ကို ခြိမ်းခြောက်နိုင်တဲ့ အငွေ့အသက်မျိုး ခံစားရတယ်... ထူးဆန်းလိုက်တာ”

ထိုစကားကို ကြားလိုက်ရသောအခါ ကုန်းစွန်းရီ တုန်လှုပ်သွားသည်။ အနက်ရောင် ဝတ်စုံနှင့် လူသည် သူ့ထက် များစွာ အစွမ်းထက်သူ ဖြစ်၏။

ခုနက ကြာနီကန်ကို လှမ်းကြည့်သွားတဲ့သူက အနက်ရောင် ဝတ်စုံနှင့် လူကိုတောင် ခြိမ်းခြောက်နိုင်တယ် ဆိုတော့... ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်သလဲ။

အနက်ရောင် ဝတ်စုံနှင့် လူက ခေတ္တမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။

“ကျုပ် ခဏလောက် တံခါးပိတ်ကျင့်ကြံလိုက်ဦးမယ်...ခင်ဗျားတို့ အစီအစဉ်အတိုင်း ဆက်လုပ်ကြ... (၁၀) နှစ်အတွင်း မိစ္ဆာ တောင်ထွတ် ရှစ်ခုက ရွှေကျောက်စိမ်း နတ်ဘုရား ဂိတ်တံခါး အပျက်အစီးတွေကို .. လိုချင်တယ်”

နောက်ပိုင်းရက်များတွင် ကုန်းစွန်းရီ တည်ထောင်ထားသော သွေးမဟာမိတ်အဖွဲ့သည် အလွန်အမင်း ရဲတင်းလာပြီး ဗိုလ်ကျစိုးမိုးလာသည်။ သူတို့သည် အခြားအင်အားစုများနှင့် ဈေးကွက်များမှ ကျင့်ကြံသူများကိုပင် မက်လောက်စရာ အကျိုးအမြတ်များ ပေးကာ အရူးအမူး စုဆောင်းလာကြ၏။ ဤအခြေအနေကြောင့် တာယွဲ့စီရင်စုရှိ အခြားအင်အားစုများ လန့်ဖျတ်ကုန်ကြသည်။

ဒီ သွေးမဟာမိတ်အဖွဲ့ ဆိုတဲ့ လူတွေက ဒီလောက် များပြားတဲ့ အရင်းအမြစ်တွေကို ဘယ်ကနေ ရနေကြတာလဲ။

*

တာယွဲ့တောင်တန်း အပြင်ဘက်တွင်...၊

မူလက တာအိုရုပ်သေးသည် ယာဉ်ပျံငယ်ဖြင့် တာယွဲ့တောင်တန်း၏ ဗဟိုချက်မဆီသို့ တန်းတန်းမတ်မတ် ဝင်ရောက်ရန် ရည်ရွယ်ထားသော်လည်း၊ အပြင်ဘက် အစွန်းသို့ ရောက်သောအခါ သူ့ရင်ထဲတွင် ဒိန်းခနဲ ခုန်သွား၏။

တစ်ချိန်တည်းမှာပင် အဝေးမှ ပုံရိပ်တစ်ခု ဝိုးတဝါး ပေါ်လာသည်ကို အံ့သြဖွယ်.. မြင်တွေ့လိုက်ရတော့သည်။

ထိုသူသည် အပြာနုရောင် ဖဲသားဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် အလံတစ်လက် ကိုင်ဆောင်ထားသည်။ အသက် (၄၀)၊ (၅၀) ခန့်သာ ရှိသေးပုံရသော်လည်း မုတ်ဆိတ်ရှည်ကြီး ထားရှိလေ၏။

မူလက ထိုပုံရိပ်သည် မိုင်ပေါင်းများစွာ အကွာတွင် ရှိနေသော်လည်း၊ နောက်တစ်ခဏ၌ တာအိုရုပ်သေး၏ ရှေ့တည့်တည့်သို့ ရုတ်တရက် ရောက်ရှိလာတော့သည်။

ထိုသူသည် တာအိုရုပ်သေးကို ခေတ္တမျှ အကဲခတ်ကြည့်ပြီးနောက် အံ့အားသင့်ဝမ်းသာသွားပုံ ရ၏။ ထို့နောက် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။

“တွေ့ဆုံရတာ ကံပါပဲ... ကျွန်တော်က ကောင်းကင်ဘုံ လှည့်လည်သွားလာသူ ပါ... ကုန်သည်လေး တစ်ယောက်ပါပဲ... မိတ်ဆွေ ကုန်သွယ်မှု တစ်ခုလောက် လုပ်ချင်စိတ် ရှိမလား”

ထိုသို့ ပြောရင်း သူသည် ပစ္စည်း (၅) မျိုးကို ထုတ်ပြလိုက်၏။

ခေါင်းတစ်လုံးစာ အရွယ်အစားရှိသော အနက်ရောင် ကျောက်တုံး တစ်တုံး။

အားကောင်းသော စွမ်းအင်များ ထုတ်လွှတ်နေသည့် အလံ တစ်လက်။

ဓားလက်နက် အမြုတေ တစ်ခု။

လက်ဖဝါး အရွယ်အစားရှိသော သံတိုသံစ တစ်ခု။

သစ်ကိုင်းခြောက် တစ်ခု။

“ခင်ဗျားက... ကောင်းကင်ဘုံ လှည့်လည်သွားလာသူလား”

အဘိုးအိုပုံစံ ဖန်ဆင်းထားသော တာအိုရုပ်သေးသည် ချက်ချင်း သဘောပေါက်သွားသည်။ သူသည် ရှေးဟောင်းကျမ်းစာများနှင့် မှတ်တမ်းများစွာကို ဖတ်ရှုခဲ့ဖူးသူပီပီ၊ ထိုအထဲတွင် ကောင်းကင်ဘုံ လှည့်လည်သွားလာသူများအကြောင်း ပါရှိသည်ကို သတိရလိုက်၏။

ကောလာဟလများအရ ကျင့်ကြံခြင်းလောကတွင် ရတနာပစ္စည်းများကို လိုက်လံရောင်းဝယ်နေသော ကျင့်ကြံသူတစ်စု ရှိသည်ဟု ဆိုကြသည်။

ထိုသူများသည် မိမိတို့ကိုယ်ကို ကောင်းကင်ဘုံ လှည့်လည်သွားလာသူများဟု ခေါ်ဆိုကြပြီး၊ သူတို့၏ ဇာစ်မြစ်မှာ လျှို့ဝှက်ဆန်းကြယ်လှပေသည်။

ကျင့်ကြံသူများအကြားတွင် သူတို့နှင့် ပတ်သက်သော ဒဏ္ဍာရီများ ရှိလေသည်။ သူတို့ ရွေးချယ်ပြီး ကုန်သွယ်မှု ပြုလုပ်သူများသည် အမြဲတမ်း ပါရမီရှင်များ၊ ထူးခြားသော မွေးရာပါ စွမ်းရည်ရှိသူများ ဖြစ်ကြသည်ဟု ဆိုစမှတ်ပြုကြသည်။

ထိုပါရမီရှင်များအတွက် ကောင်းကင်ဘုံ လှည့်လည်သွားလာသူများနှင့် တွေ့ဆုံရခြင်းသည် ကြီးမားသော အခွင့်အလမ်းတစ်ခုဟု ဆိုနိုင်သည်။

ကောင်းကင်ဘုံ လှည့်လည်သွားလာသူက တစ်ချက် ရယ်လိုက်သည်။

“ဟုတ်ပါတယ်... ဟုတ်ပါတယ်... စီးပွားရေးလေး နည်းနည်းပါးပါး လုပ်နေတာပါ”

ပြောရင်းနှင့် သူသည် ပစ္စည်း (၅) မျိုးကို ညွှန်ပြလိုက်၏။

“ဒီပစ္စည်း (၅) မျိုးထဲက... ပထမတစ်ခုကတော့ ရွှေမူလကျောက်တုံးပါ... ခင်ဗျားရဲ့ တာအိုရုပ်သေး လိုအပ်ရင် အသုံးဝင်မှာပါ... တတိယအဆင့် အရည်အသွေးမြင့် အခြေခံအုတ်မြစ် တည်ဆောက်ရာမှာ အထောက်အကူ ဖြစ်စေမှာ သေချာပါတယ်”

“ဒုတိယတစ်ခုကတော့ 'ကိုးသွယ် စိတ်အာရုံလွဲမှား ဝိညာဉ်အံ့သြ အခင်းအကျင်း' လို့ ခေါ်တဲ့ တတိယအဆင့် အရည်အသွေးမြင့် အခင်းအကျင်းအလံပါ... ဝိညာဉ်သန့်စင်ဖို့အတွက် အဓိက အသုံးပြုပါတယ်”

“တတိယတစ်ခုကတော့ ဓားတာအို လက်နက်အမြုတေပါ... မှော်လက်နက် အဖြစ် ပြုစုပျိုးထောင်လို့ ရနိုင်ပါတယ်”

“စတုတ္ထတစ်ခုကတော့ သမိုင်းဝင် အပျက်အစီးတစ်ခုက ရလာတဲ့ ရှေးဟောင်းရတနာ အပိုင်းအစ တစ်ခုပါ”

“ပဉ္စမတစ်ခုကတော့ စတုတ္ထအဆင့် ဝိညာဉ်အပင်ရဲ့ သစ်ကိုင်းတစ်ခုပါ”

“မိတ်ဆွေ အနေနဲ့ ဒီ (၅) မျိုးထဲက ကြိုက်နှစ်သက်ရာ တစ်မျိုးကို ရွေးချယ်ပြီး ကုန်သွယ်နိုင်ပါတယ်”

ပစ္စည်းတစ်ခုချင်းစီ၏ မိတ်ဆက်ကို ကြားလိုက်ရသောအခါ တာအိုရုပ်သေးသည် တံတွေးမြိုချလိုက်မိပြီး မျက်လုံးများ အရောင်တောက်ကာ စိုက်ကြည့်နေမိသည်။

တာအိုရုပ်သေးက မေးလိုက်၏။

“အကုန်လုံး ယူလို့ ရမလား”

ကောင်းကင်ဘုံ လှည့်လည်သွားလာသူက ခပ်ဟဟ ရယ်လိုက်သည်။

“မရပါဘူး”

တာအိုရုပ်သေး မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး သူ့ရှေ့ရှိ ရတနာ (၅) မျိုးကို သေချာစွာ စစ်ဆေးကြည့်ရှုလိုက်သည်။ နောက်ဆုံးတွင် သူ့အကြည့်များသည် ပထမ၊ စတုတ္ထနှင့် ပဉ္စမ ပစ္စည်းများအပေါ်တွင် ရပ်တန့်သွားတော့၏။

ပထမတစ်ခု ဖြစ်သော ရွှေမူလကျောက်တုံးသည် တတိယအဆင့် ဝိညာဉ်သတ္တုရိုင်းများထဲတွင် 'အထွတ်အထိပ် ရတနာ' ဖြစ်သည်။

တာအိုရုပ်သေးအတွက် အလွန် အကျိုးရှိစေမည့် အရာပင်။

ဒီလောက် အရွယ်အစားရှိသော ကျောက်တုံး တစ်တုံးက တတိယအဆင့် အရည်အသွေးမြင့် အခြေခံအုတ်မြစ် တည်ဆောက်ဖို့ လုံလောက်သော ကုန်ကြမ်းပစ္စည်း ဖြစ်နိုင်၏။

အခန်း (၃၁၅) - ကံကြမ္မာ အခွင့်အရေး၊ နတ်ဘုရား မဟာမိတ် - အပိုင်း (၃)

~လက်ရှိ သူ့အမြုတေဟာ တတိယအဆင့်နိမ့် 'လက်ရှစ်ချောင်း ကင်းမြီးကောက် မိစ္ဆာအမြုတေ'မှ

ဖန်တီးထားတာ ဖြစ်၍ အကန့်အသတ် ရှိနေကြောင်း နားလည်ထားရမည်။

သို့သော်၊ 'ရွှေမူလကျောက်တုံး' နှင့်ဆိုလျှင်... သူက ဒီအကန့်အသတ်ကို ချိုးဖျက်နိုင်လိမ့်မည်။

ဒါက သူ တကယ်ကို လိုချင် တပ်မက်မိသော အရာ တစ်ခုပင်။

စတုတ္ထမြောက် ပစ္စည်း... ကြည့်လိုက်လျှင်တော့ သာမန်ကာလျှံကာ ပစ္စည်းလေး တစ်ခုလိုပါပင်။

သို့သော်... ဒီပစ္စည်း ပေါ်ထွက်လာသော အချိန်မှာပင် သူ၏ 'ရွှေရောင်မျက်လုံး လက်စွပ်' ထဲမှာ သိမ်းဆည်းထားသည့် 'ဝိညာဉ်သန့်စင်အိုး' က ရပ်မနေနိုင်အောင် တုန်ခါလာတော့၏။ တာအိုရုပ်သေး ဆီမှ ဝိညာဉ်အငွေ့အသက်ကို အာရုံခံမိလိုက်သလိုမျိုး... အိုးထဲမှ ထိုအပိုင်းအစကို လိုချင်နေလေသည်။

ပဉ္စမမြောက် ပစ္စည်း... စတုတ္ထအဆင့် ဝိညာဉ်အပင်၏ သစ်ကိုင်း တစ်ခု။ ဒီအရာထဲမှာ အလွန် သန်စွမ်းသော သက်စောင့်စွမ်းအားတွေ ပါဝင်နေ၏။

ဒီသစ်ကိုင်းကို ပြန်လည် စိုက်ပျိုးလိုက်လျှင်... အနာဂတ်မှာ စတုတ္ထအဆင့် ဝိညာဉ်အပင် တစ်ခုအဖြစ် ကြီးထွားလာနိုင်မည့် အခွင့်အလမ်း ရှိကောင်းရှိလိမ့်မည်။

အတော်ကြာအောင် စဉ်းစားပြီးနောက် တာအိုရုပ်သေးက သစ်ကိုင်းကို အရင်ဆုံး လက်လွှတ်လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

သူ့အကြည့်တွေက ရွှေမူလကျောက်တုံးဆီ ရောက်ရှိသွား၏။

“ရွှေမူလကျောက်တုံးက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၀,၀၀၀) ကျသင့်ပါမယ်”

ကောင်းကင်ဘုံ လှည့်လည်သွားလာသူ က ပြုံးလျက် ပြောလိုက်သည်။

တာအိုရုပ်သေး၏ မျက်ခုံးတန်းများ အနည်းငယ် တွန့်ချိုးသွား၏။ သို့သော် ချက်ချင်းပင် ပြန်လည် ပြေလျော့သွား၏။ ဟုတ်သည်လေ... ရွှေမူလကျောက်တုံးက ဒီလောက်တော့ တန်ကြေးရှိတာပေါ့။

သို့သော် သူ ခေတ္တမျှ တွန့်ဆုတ်နေပြီးနောက် အပိုင်းအစလေးကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။

“ဒီအပိုင်းအစလေးက သိပ်တော့ တန်ဖိုးရှိမယ် မထင်ဘူးနော်... ကျွန်တော် ရွှေမူလကျောက်တုံးကို ဝယ်ရင် ဒါလေးကို လက်ဆောင်အဖြစ် ထည့်ပေးလို့ မရဘူးလား”

“မရပါဘူး”

ကောင်းကင်ဘုံ လှည့်လည်သွားလာသူက ခေါင်းခါလိုက်၏။

“ဒီပစ္စည်းက အရင်းအမြစ် ခိုင်မာတယ်... တကယ်လို့ ခင်ဗျား လိုချင်တယ်ဆိုရင် ဒါကလည်း အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး အခု (၁၀,၀၀၀) ကျသင့်ပါမယ်”

တာအိုရုပ်သေး ဆွံ့အသွားသည်။

လက်ဖဝါးလောက် ရှိတဲ့ အပိုင်းအစလေးက အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၁၀,၀၀၀) တောင် တန်တာလား။

“ဒါက ဘာအပိုင်းအစမို့လို့လဲ”

တာအိုရုပ်သေးက သံသယဖြင့် မေးလိုက်၏။

ကောင်းကင်ဘုံ လှည့်လည်သွားလာသူက ခေါင်းခါလိုက်ကာ

“ကျွန်တော်လည်း မသိဘူး... ခင်ဗျား ဝယ်ပြီးရင် လေ့လာကြည့်လိုက်ပေါ့”

အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက်... တာအိုရုပ်သေးက နောက်ဆုံးတွင် ထိုအပိုင်းအစကိုသာ ရွေးချယ်ပြီး ကုန်သွယ်လိုက်လေသည်။

ကံကောင်းထောက်မစွာပင် သူ့ထံတွင် ရွှေရောင်မျက်လုံး လက်စွပ် ရှိနေပြီး၊ ထိုအထဲတွင် စုယွီက သူ့အမြုတေ စွမ်းအား ပြန်လည်ဖြည့်တင်းရန်နှင့် အဆောင်လက်ဖွဲ့များအတွက် အသုံးပြုမည့် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံးများ ပါဝင်နေ၏။

ဒီအရောင်းအဝယ်ကို သူ ခက်ခက်ခဲခဲ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ရသည်။

“အရောင်းအဝယ် ပြီးဆုံးပါပြီ... ခင်ဗျားရဲ့ အင်မော်တယ် တာအိုခရီးလမ်း အမြဲတမ်း စိမ်းလန်းစိုပြေပါစေ”

တာအိုရုပ်သေးသည် ဝိညာဉ်ကျောက်တုံးများကို ကောင်းကင်ဘုံ လှည့်လည်သွားလာသူထံ ပေးအပ်လိုက်သည်။ ကောင်းကင်ဘုံ လှည့်လည်သွားလာသူက ပြုံးပြပြီး ထွက်ခွာရန် ပြင်လိုက်၏။

တာအိုရုပ်သေးက ရုတ်တရက် လှမ်းတားလိုက်သည်။

“ခဏလေး နေပါဦး... စီနီယာ”

“ဘာကိစ္စ ရှိလို့လဲ”

ကောင်းကင်ဘုံ လှည့်လည်သွားလာသူ ရပ်တန့်လိုက်ပြီး လှည့်ကြည့်ကာ နားမလည်ဟန်ဖြင့် မေးလိုက်၏။

“စီနီယာ အနေနဲ့ ရွှေအမြုတေ ကို အဆင့်မြှင့်တင်နိုင်မယ့် နည်းလမ်းများ သိပါသလား”

ကောင်းကင်ဘုံ လှည့်လည်သွားလာသူ အံ့အားသင့်သွားပြီး ခေတ္တမျှ စဉ်းစားလိုက်သည်။ ထို့နောက် ခေါင်းခါကာ ပြောလိုက်၏။

“ရွှေအမြုတေ လမ်းစဉ် ဆိုတာ အင်အားကြီး ဂိုဏ်းတွေက လျှို့ဝှက်ထားကြတဲ့ အရာပဲ... ပြင်ပလူတွေ ချောင်းကြည့်ဖို့ ကြိုးစားရင်တောင် အသတ်ခံရနိုင်တယ်... အလွယ်တကူ ရနိုင်မှာ မဟုတ်ဘူး”

“တကယ်လို့ ရွှေအမြုတေ ကျင့်စဉ်ကို လိုချင်တယ် ဆိုရင်တော့... တာ့ချန် နတ်ဘုရားကမ္ဘာ ကို သွားလိုက်ပါ... အဲဒီက အင်အားကြီး ဂိုဏ်းတစ်ခုခုထဲကို ဝင်နိုင်မယ်ဆိုရင်တော့ နည်းလမ်း ရနိုင်ကောင်းပါရဲ့”

“တခြားနည်းလမ်းတော့ မရှိဘူး”

ကောင်းကင်ဘုံ လှည့်လည်သွားလာသူ၏ စကားကြောင့် တာအိုရုပ်သေး စိတ်ဝင်စားသွားသည်။

“စီနီယာ... ခင်ဗျား ဆိုလိုတာက... တာ့ချန် နတ်ဘုရားကမ္ဘာက အင်အားကြီး ဂိုဏ်းတွေမှာ ရွှေအမြုတေ အဆင့်မြှင့်တင်တဲ့ နည်းလမ်း ရှိတယ် ဆိုတဲ့သဘောလား”

“အဲဒီလို နားလည်လို့လည်း ရပါတယ်... ဒါမှမဟုတ် ရိုးရာဓလေ့ တစ်ခုလိုလည်း မှတ်ယူလို့ ရတာပေါ့”

ကောင်းကင်ဘုံ လှည့်လည်သွားလာသူ ခေါင်းညိတ်လိုက်သည်။

ခဏကြာသော်...

ကောင်းကင်ဘုံ လှည့်လည်သွားလာသူ ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက်၊ တာအိုရုပ်သေး၏ အကြည့်များသည် လက်ထဲရှိ အပိုင်းအစလေးအပေါ်သို့ ကျရောက်သွားသည်။ သူ မျက်မှောင်ကြုတ်လိုက်ပြီး၊ သူ့ဝိညာဉ်အာရုံ ဖြင့် ရွှေရောင်မျက်လုံး လက်စွပ်ထဲမှ ဝိညာဉ်သန့်စင်အိုးကို ဆွဲထုတ်လိုက်၏။

ဤပစ္စည်းသည် သဘာဝ ဝိညာဉ်စွမ်းအင်များကို ဝိညာဉ်အရည် အဖြစ် သန့်စင်ပေးနိုင်သော မှော်လက်နက်တစ်ခု ဖြစ်သည်။ လောလောဆယ်တွင် ဒုတိယအဆင့် ဝိညာဉ်အရည်ကိုသာ အများဆုံး သန့်စင်ပေးနိုင်သေး၏။

၎င်းကို ဝိညာဉ်အပင်များ လျင်မြန်စွာ ကြီးထွားလာစေရန်၊ ကျင့်ကြံခြင်းနှင့် အဆောင်လက်ဖွဲ့ ရေးဆွဲခြင်းများတွင် အသုံးပြုနိုင်သည်။

သို့သော် ရေခဲမီး နှစ်ဆင့် တတိယအဆင့် ဂူစံအိမ်တွင် ထားရှိပြီး ဝိညာဉ်စွမ်းအင်များကို စုပ်ယူသန့်စင်ခိုင်းပါက၊ နေ့စဉ် ကျင့်ကြံခြင်းကို အနှောင့်အယှက် ဖြစ်စေနိုင်၏။

အပြင်ဘက်တွင် ထားရှိပြီး ပါးလွှာသော ဝိညာဉ်စွမ်းအင်များကို စုပ်ယူခိုင်းပြန်လျှင်လည်း လုံလောက်သော ဝိညာဉ်အရည် ပမာဏ ရရှိရန် ခဲယဉ်းပေလိမ့်မည်။

မူလက လော့ယွဲ့ မဟာမိတ်အဖွဲ့ ၏ စတုတ္ထအဆင့် ဝိညာဉ်သွေးကြော ကောင်းကင်ဂူ အပျက်အစီးထံ ယူဆောင်သွားပြီး၊ ထိုနေရာရှိ ထူထဲသော ဝိညာဉ်စွမ်းအင်များကို အသုံးပြုကာ ဝိညာဉ်အရည် သန့်စင်ရန် စီစဉ်ထားခဲ့ခြင်း ဖြစ်ပါသည်။

မမျှော်လင့်ဘဲ ခရီးသွားနေစဉ်မှာပင် ဤကဲ့သို့ အခွင့်အရေးမျိုး ကြုံတွေ့ရလေ၏။

“ဝီ...”

တာအိုရုပ်သေးက ဝိညာဉ်သန့်စင်အိုးကို ထုတ်ယူလိုက်သည်။ ထိုအခိုက်အတန့်မှာပင်၊ သူ မည်သို့ ကိုင်တွယ်ရမည်ကို မစဉ်းစားရသေးခင်မှာပင်၊ ဝိညာဉ်သန့်စင်အိုးထံမှ အားကောင်းသော စုပ်ယူအားတစ်ခု ထွက်ပေါ်လာပြီး လက်ဖဝါးအရွယ် အပိုင်းအစလေးကို ဆွဲယူကာ အိုးနှင့် ပေါင်းစပ်ပစ်လိုက်လေသည်။

ရုတ်တရက်...

အစွမ်းထက်သော အရှိန်အဝါတစ်ခု ဝိညာဉ်သန့်စင်အိုးထံမှ ဖြာထွက်လာတော့၏။

တာအိုရုပ်သေး၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားရသည်။ ဤအရှိန်အဝါသည် ထိပ်တန်းအဆင့် မှော်လက်နက် တစ်ခု၏ စွမ်းအားနှင့် ဆင်တူနေသည် မဟုတ်ပါလော။

“အဲဒီ အပိုင်းအစက ဒီဝိညာဉ်သန့်စင်အိုးရဲ့ အစိတ်အပိုင်း ဖြစ်နေတာလား... ပြီးတော့ သူက ကိုယ့်ကိုယ်ကိုယ် ပြန်လည် ပြုပြင်နိုင်စွမ်း ရှိနေတာလား”

တာအိုရုပ်သေး အံ့သြထိတ်လန့်သွားမိ၏။

ယခင်က ဝိညာဉ်သန့်စင်အိုးသည် သာမန်ကာလျှံကာသာ ရှိခဲ့သဖြင့် တာအိုရုပ်သေးအနေဖြင့် သိပ်ဂရုမစိုက်ခဲ့သော်လည်း၊ ယခု အပိုင်းအစနှင့် ပေါင်းစပ်သွားပြီးနောက် ထိပ်တန်းအဆင့် မှော်လက်နက်နှင့် ယှဉ်နိုင်သော အရှိန်အဝါများ ထွက်ပေါ်လာသည့်အခါတွင်မူ သူ့ခံစားချက်များ ပြောင်းလဲသွားပြီတည်း။

ဒီဝိညာဉ်သန့်စင်အိုးက အခုဆို ဘယ်အဆင့် ဝိညာဉ်အရည်ကို သန့်စင်နိုင်မလဲ သိချင်စရာပဲ။

သူသည် ဝိညာဉ်သန့်စင်အိုးကို ပြန်လည် သိမ်းဆည်းလိုက်ပြီးနောက် ပျံသန်းရေး ယာဉ်ပျံငယ်ထဲသို့ ဝင်ရောက်လိုက်၏။ ယာဉ်ပျံငယ်ကို ထိန်းချုပ်ပြီး အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ ရှေ့တွင် ရှိနေသော လော့ယွဲ့ တောင်တန်း ဆီသို့ ပျံသန်းသွားလေသည်။

လော့ယွဲ့ တောင်တန်း အတွင်း၌...

တာအိုရုပ်သေးသည် လက်ကို ဝှေ့ယမ်းလိုက်ပြီး ဝိညာဉ်သန့်စင်အိုးကို ဆင့်ခေါ်လိုက်၏။ ဖြတ်ပြေးသွားသော အစိမ်းရောင် အလင်းတန်းတစ်ခုသည် သူ့ထံသို့ ပြေးဝင်လာသော ဝံပုလွေနှင့် ကျား စပ်ထားသကဲ့သို့ ပုံစံရှိသည့် ဒုတိယအဆင့် သားရဲတစ်ကောင်ကို လွှမ်းခြုံသွားလေသည်။

“ဝီ...”

နောက်တစ်ခဏတွင်... ထိုသားရဲသည် ဝိညာဉ်သန့်စင်အိုး၏ အစိမ်းရောင် အလင်းတန်းအောက်တွင် သွေးမြူခိုးများအဖြစ် အရည်ပျော်ကျသွားသည်မှာ အံ့သြဖွယ်ရာပင်။ သားရဲ၏ အရေခွံသည် အကောင်းပကတိ ကျန်ရစ်ခဲ့ပြီး သွေးမြူခိုးများနှင့်အတူ မြေကြီးပေါ်သို့ ကျဆင်းသွား၏။

ပြောင်းလဲသွားသော ဝိညာဉ်သန့်စင်အိုး၏ စွမ်းအားကို မြင်တွေ့လိုက်ရသောအခါ တာအိုရုပ်သေး တုန်လှုပ်သွားမိသည်။

“ဝိညာဉ်အရည် သန့်စင်တာအပြင်... ဒီအိုးရဲ့ တိုက်ခိုက်နိုင်စွမ်းကလည်း လျှော့တွက်လို့ မရဘူးပဲ”

သူ့အေးစက်သော မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ဖြတ်ပြေးသွား၏။

အကြိမ်အနည်းငယ် စမ်းသပ်ပြီးနောက်... ဒုတိယအဆင့် သားရဲ မည်သည်မျှ ဝိညာဉ်သန့်စင်အိုး၏ အစိမ်းရောင် အလင်းတန်းဖြင့် သန့်စင်ခြင်းကို ခုခံနိုင်စွမ်း မရှိကြောင်း သေချာသွားလေသည်။

သူတို့ကို ဝိညာဉ်အရည်အဖြစ် မသန့်စင်နိုင်သော်လည်း၊ သေဆုံးသည်အထိ သန့်စင်ပစ်နိုင်စွမ်း ရှိနေ၏။

All Chapters