← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း ၈၅ - ကွာဟချက်

"ငါ ထင်ထားတာထက်တောင် ပိုရိုးရှင်းနေပါလား။"ချန်လော့သည် ကျန်ရှိနေသော ဝိညာဉ်ကျောက်တုံး ၂၃ တုံးကို တစ်ချက်ကြည့်လိုက်ပြီး၊ နောက်ထပ်တစ်တုံးကို ကောက်ယူကာ ဆက်လက်ကျင့်ကြံလေ၏။

ဝိညာဉ်ကျောက်တုံးများ တစ်တုံးပြီးတစ်တုံး ကုန်ဆုံးသွားသည်နှင့်အမျှ..

ချန်လော့၏ အစွမ်းမှာလည်း တဖြည်းဖြည်းနှင့် တည်ငြိမ်စွာ တိုးတက်လာခဲ့သည်။ သူ၏အတွက်မူ အဆင့်တက်ပြီးနောက် ကြုံတွေ့ရလေ့ရှိသော အသားကျရန် စောင့်ဆိုင်းရသည့် ကာလဆိုသည်မှာ လုံးဝမရှိပေ။

ချန်လော့၏ ပတ်ပတ်လည်တွင် ဖျော့တော့သော အပြာရောင် စိတ်ဝိညာဉ်ချီများ ပေါ်ထွက်လာပြီး သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထား၏။

ဝူရှန်း ကျင့်စဉ်သည် သူ၏ ခန္ဓာကိုယ်အတွင်း၌ ဖြည်းညှင်းစွာ လည်ပတ်နေပြီး၊ လက်ဖဝါးများမှတစ်ဆင့် ရင်းနှီးနေသော စိတ်ဝိညာဉ်ချီများ စီးဝင်လာကာတစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားပြီးနောက် ဝိညာဉ်အမြစ်များက သန့်စင်ပေးကာ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားစေသည်။

နာရီဝက်ခန့် ကြာပြီးနောက်

နောက်ဆုံး ဝိညာဉ်ကျောက်တုံးသည် အမှုန့်များအဖြစ် ကြေမွသွားတော့သည်။

ချန်လော့၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်မှာလည်းလှုပ်ခတ်သွားပြီး သူ၏ ဒန်ထျန်းအတွင်းရှိ စိတ်ဝိညာဉ်ချီ မြွေလေးများမှာ တစ်ကောင်မှ သုံးကောင်အထိ တိုးပွားလာခဲ့၏။

သူ၏ အဆင့်မှာလည်း ချီသန့်စင်ခြင်း စတုတ္ထအဆင့်မှ ပဉ္စမအဆင့်သို့ တက်လှမ်းသွားခဲ့ပြီ ဖြစ်သည်။

တစ်ညတည်းနှင့် အဆင့်နှစ်ဆင့်ပင် ထိုးဖောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဝိညာဉ်အမြစ် သုံးခုရှိသော ချီသန့်စင်သူတစ်ဦးသည် အရင်းအမြစ်များ၏ အကူအညီမပါဘဲ ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်သို့ ရောက်ရန် သုံးနှစ်ခန့် ကြာမြင့်တတ်သည်။ ဝိညာဉ်အမြစ် လေးခုရှိသူဆိုလျှင် ငါးနှစ်ခန့် ကြာတတ်၏။

အရင်းအမြစ်များ အကူအညီရလျှင်ပင် ဤအချိန်ကို အလွန်ဆုံး ခြောက်လအထိသာ ချုံ့ပစ်နိုင်သည်။ ချန်လော့မှာမူ တစ်ညတည်းနှင့် အခြားသူများ၏ ခြောက်လစာ ကြိုးပမ်းအားထုတ်မှုကို ကျော်ဖြတ်နိုင်ခဲ့ရုံသာမက ချီသန့်စင်ခြင်း ပဉ္စမအဆင့်သို့ပင် တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။

ဤကျင့်ကြံခြင်း အရှိန်အဟုန်မှာ ထိပ်တန်းအဆင့် ဝိညာဉ်အမြစ်ရှိသော ပါရမီရှင်တစ်ဦးနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

သို့သော်လည်း ချန်လော့သည် ဤကဲ့သို့သော အဆင့်ငယ်လေးများ ဖောက်ထွက်ခြင်းကို သိပ်ပြီး ဂရုမထားပေ။ သူ့အတွက်မူ ဤသို့ ဖောက်ထွက်ခြင်းမှာ ရင်းနှီးပြီးသား လမ်းဟောင်းတစ်ခုကို ပြန်လည် လျှောက်လှမ်းနေရသကဲ့သို့ပင်။

တကယ်တမ်း အာရုံစိုက်ရန် လိုအပ်သည်မှာ အုတ်မြစ်တည်ဆောက်ခြင်းပင်။

"အခုနည်းလမ်းအတိုင်းပဲ ဆက်ပြီး စုဆောင်းသွားမယ်ဆိုရင်၊ စိတ်ဝိညာဉ်ချီ မြွေလေး အကောင်တစ်ရာပြည့်တဲ့အခါ အုတ်မြစ်တည်ဆောက်ဖို့ ကြိုးစားလို့ရပြီ။ အောင်မြင်မှုနှုန်းက ၃၀ ရာခိုင်နှုန်းလောက် ရှိလိမ့်မယ်။"

"'ဝူရှန်း ကျင့်စဉ်က စိတ်ပိုင်းဆိုင်ရာ ကျင့်စဉ်တစ်ခုပဲ။ အိပ်မက်ပညာရပ်ကို အဆင့်ကြီးတစ်ခု အောင်မြင်ပြီးရင်တော့ နတ်ဘုရားစိတ်ဝိညာဉ် နည်းစနစ်ဘက်ကို ပြောင်းရမယ်။ ဒီနှစ်ခုပေါင်းလိုက်ရင် အုတ်မြစ်တည်ဆောက်နိုင်စွမ်း အခွင့်အရေးကို ၀.၅ ရာခိုင်နှုန်းလောက် တိုးလာစေနိုင်တယ်။"

"ချီသန့်စင်ခြင်း အဆင့်ဆယ့်သုံး ရောက်ပြီးမှ ဝိညာဉ်စွမ်းအင်ကို ဖိသိပ်လိုက်ရင် ပိုပြီးတော့တောင် ထိရောက်တဲ့ အကျိုးသက်ရောက်မှု ရှိနိုင်တယ်။"

အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ဦးနှောက်နှစ်ခုနှင့် အလောင်းခြောက် ဦးနှောက်တို့ဆီမှ တုံ့ပြန်ချက်များ သူ၏ စိတ်ထဲတွင် ပေါ်လာသည်။

ချီသန့်စင်ခြင်းအဆင့်တွင် ရှိနေစဉ်မှာပင် အုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို မျှော်ကြည့်နေသူမှာ သူတစ်ယောက်သာ ရှိပေလိမ့်မည်။ အခြားသူသာဆိုလျှင် အရူးတစ်ယောက်ဟု အထင်ခံရသည်မှာ ကြာလှပြီ ဖြစ်သည်။

အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူကြီး နှစ်ဦး၏ အသိပညာများ ပေါင်းစပ်လိုက်သောအခါ အုတ်မြစ်တည်ဆောက်နိုင်မှု အောင်မြင်နှုန်းမှာ ၃၅ ရာခိုင်နှုန်းအထိ ရှိလာ၏။ ဤမျှ မြင့်မားသော အောင်မြင်နှုန်းအကြောင်းကိုသာ အပြင်သို့ ပေါက်ကြားသွားပါက လူများမှာ အသက်နှင့်လဲ၍ ရယူရန် ကြိုးစားကြလိမ့်မည်။

နောက်ပိုင်းတွင် အလောင်းခြောက် ဦးနှောက်က ပေးလာမည့် အစီအစဉ်များကိုမူ ထည့်ပင် မပြောသေးချေ။

"၃၅ ရာခိုင်နှုန်း အခွင့်အရေးရယ်၊ ပြီးတော့ အုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံးပါ ပေါင်းလိုက်ရင် ၆၀ ရာခိုင်နှုန်းလောက် မရောက်နိုင်ဘူးလား။"

ချန်လော့၏ မျက်လုံးများ လက်ခနဲ ဖြစ်သွား၏။

အုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံး၏ အာနိသင်မှာ လျှို့ဝှက်ချက် မဟုတ်ပေ။ နတ်ဘုရားရေကန် မသေမျိုးဂိုဏ်းမှ မည်သည့်တပည့်မဆို ၎င်း၏ အစွမ်းကို သိကြသည်။

သို့သော် သိရှိခြင်းနှင့် ဆေးလုံးကို ရရှိနိုင်ခြင်းမှာ လုံးဝ မတူညီသော ကိစ္စဖြစ်သည်။

သာမန်ကျင့်ကြံသူများသည် အုတ်မြစ်တည်ဆောက်ခြင်း ဆေးလုံး ရှိလျှင်ပင် အောင်မြင်မှုနှုန်း ၃၀ ရာခိုင်နှုန်းကျော်သာ ရှိတတ်ပြီး ဝိညာဉ်အမြစ် စွမ်းရည်နှင့် ပေါင်းစပ်လျှင်ပင် ၄၀ ရာခိုင်နှုန်းထက် မကျော်လွန်နိုင်ပေ။

သို့သော် ချန်လော့မှာမူ သူ၏ ကိုယ်ပိုင် ပါရမီသက်သက်ကိုသာ အားကိုးခြင်းဖြင့်ပင် ၃၅ ရာခိုင်နှုန်းအထိ ရောက်ရှိနေပြီ ဖြစ်သည်။ ဤအချက်တစ်ခုတည်းနှင့်ပင် သူသည် နတ်ဘုရားရေကန် မသေမျိုးဂိုဏ်းရှိ စီနီယာ၊ ဂျူနီယာညီလေး၊ ညီမလေးများ၏ ၉၉ ရာခိုင်နှုန်းကို ကျော်ဖြတ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။

သူ၏ ကျင့်ကြံခြင်း တိုးတက်လာသည်နှင့်အမျှ သူ၏ ပြင်ပဦးနှောက်များ၏ အခန်းကဏ္ဍမှာလည်း ပို၍ ပို၍ အားကောင်းလာခဲ့၏။

အတွေ့အကြုံ နှင့် ပင်ကိုယ်သိစိတ်တို့သည် သူ့ကို အကောင်းဆုံး ကျင့်ကြံခြင်း လမ်းစဉ်ကို ရှာဖွေနိုင်ရန် ကူညီပေးနိုင်ပြီး ကျင့်ကြံချိန်ကို သက်သာစေရုံသာမက ပို၍ ပြည့်စုံသော အုတ်မြစ်တည်ဆောက်ခြင်း အစီအစဉ်ကိုလည်း ဖော်ထုတ်ပေးနိုင်သည်။

လောလောဆယ်တွင် သူသည် ချီသန့်စင်ခြင်း ပဉ္စမအဆင့်မှာသာ ရှိသေး၏။ သူသည် ချီသန့်စင်ခြင်း ဒသမအဆင့်၊ သို့မဟုတ် အဆင့် ၁၃ သို့ ရောက်ရှိသွားသောအခါ အုတ်မြစ်တည်ဆောက်နိုင်မှု အောင်မြင်နှုန်းမှာ သေချာပေါက် ပို၍ တိုးလာပေလိမ့်မည်။

အထူးသဖြင့် ယွဲ့နိုင်ငံ ဂူသင်္ချိုင်းးကြီးမှ ရရှိခဲ့သော အလောင်းခြောက် ဦးနှောက်သည် သာမန်လူများထက် များစွာ သာလွန်သော အတွေ့အကြုံရှိထားပြီး၊ အသစ်ရရှိထားသော အုတ်မြစ်တည်ဆောက်ခြင်းအဆင့် ဦးနှောက်နှစ်ခုထက်ပင် သာလွန်နေသေးသည်။

ဤအချက်ကပင် ချန်လော့ကို ယွဲ့နိုင်ငံ ဂူသင်္ချိုင်းကြီးအပေါ် ပို၍ ရှင်းလင်းစွာ နားလည်စေခဲ့၏။ ၎င်းသည် အဆင့်မြင့် ကျင့်ကြံသူတစ်ဦး၏ ဂူသင်္ချိုင်း ဖြစ်နိုင်ခြေ အလွန်များပေသည်။

"စိတ်ဝိညာဉ်ချီ မြွေလေး တစ်ရာနဲ့ စိတ်ဝိညာဉ် နည်းစနစ်... စိတ်ဝိညာဉ်ချီ မြွေလေးတွေကတော့ ပြဿနာမရှိပေမယ့် စိတ်ဝိညာဉ် နည်းစနစ်ကတော့ နည်းနည်း အလုပ်ရှုပ်မယ်။ ရတနာခန်းမမှာ အဲဒါကို မရောင်းဘူး။"

ရတနာခန်းမတွင် အချိန်အတော်ကြာ အသုံးပြုခဲ့ဖူးသဖြင့် ချန်လော့သည် ထိုနေရာတွင် မည်သည့် မှော်ပညာရပ်များကို သင်ကြားပေးသည်ကို သဘာဝကျစွာပင် သိရှိထားသည်။

ထိုနေရာတွင် မှော်ပညာရပ်များစွာ ရှိသည်။ သမိုင်းမှတ်တမ်းများ၊ ကျင့်ကြံခြင်းလောက၏ သမိုင်းကြောင်းနှင့် အဆောင်၊ စစ်တုရင်၊ ဆေးလုံး ဖော်စပ်ခြင်း စသည့် အထောက်အကူပြု စာအုပ်များစွာ ရှိသည်။

များပြားလှသည်ဟု ထင်ရသော်လည်း တကယ်တမ်း အသုံးဝင်သော ကျင့်ကြံခြင်း နည်းစနစ်များနှင့် အဓိကကျသော ကျွမ်းကျင်မှုများကိုမူ ရတနာပြခန်းတွင် မရရှိနိုင်ပေ။

ယခင် ယွဲ့နိုင်ငံကဲ့သို့ပင် အထက်တန်းလွှာများ၏ အမွေအနှစ်များကို လက်ဝါးကြီးအုပ် ထိန်းချုပ်ထားခြင်း ဖြစ်သည်။

နတ်ဘုရားရေကန် မသေမျိုးဂိုဏ်းသည်လည်း ဤစနစ်မှ အကျိုးအမြတ် ရရှိနေသော အစုအဖွဲ့တစ်ခု ဖြစ်သည်။ သူတို့သည် အဆင့်နိမ့် ကျင့်ကြံခြင်း နည်းစနစ်များနှင့် အမွေအနှစ်များကို လွတ်လပ်စွာ ဖွင့်ပေးထားပြီး အပြင်သို့ ပေါက်ကြားသွားမည်ကိုလည်း မစိုးရိမ်ကြပေ။

အကြောင်းမှာ ဤအမွေအနှစ်များသည် သူတို့ကို ထိခိုက်မှု မရှိနိုင်သောကြောင့် ဖြစ်သည်။ အစစ်အမှန် အနှစ်သာရ အမွေအနှစ်များကိုမူ ဆရာမှ တပည့်သို့ နှုတ်ဖြင့်သာ တိုက်ရိုက် လက်ဆင့်ကမ်းကြ၏။

အသိအမှတ်ပြုခြင်း မခံရသော တပည့်များသည် နတ်ဘုရားရေကန် မသေမျိုးဂိုဏ်း၏ အစစ်အမှန် အမွေအနှစ်ကို ဘယ်သောအခါမှ ရရှိနိုင်မည် မဟုတ်ပေ။

ဤသည်မှာပင် လေလွင့်ကျင့်ကြံသူများထိပ်တန်းသို့ တက်လှမ်းရန် ခက်ခဲရခြင်း၏ အဓိက အကြောင်းရင်းပင် ဖြစ်သည်။

"ငါ့ဦးနှောက်ကို နည်းနည်း အသုံးချဖို့ လိုနေပြီ ထင်တယ်။"

ချန်လော့သည် သူ၏ ကျင့်ကြံခြင်း လမ်းကြောင်းကို ပြောင်းလဲရန်နှင့် အနည်းငယ် ပို၍ တက်ကြွသော လမ်းစဉ်ကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်၏။

နောက်တစ်နေ့တွင်

ချန်လော့သည် နံနက်စောစောတွင် ကျင့်ကြံခြင်းရင်ပြင်သို့ ရောက်ရှိလာ၏။ ဤနေရာသည် ဝူတောက် တောင်ထိပ်တွင် တပည့်များ အများဆုံး စုဝေးရာ နေရာဖြစ်သည်။

အခမဲ့ တာအိုဟောပြောမှု နားထောင်ကြသော တပည့်များအပြင် ကျန်ရှိသူများမှာလည်း ဤနေရာတွင်ပင် အချင်းချင်း ဆက်သွယ် ပြောဆိုကြလေ့ရှိသည်။

"စီနီယာအစ်ကို။"

သူ ထိုင်ပြီး မကြာမီမှာပင် ရင်းနှီးနေသော လူနှစ်ဦး ပေါ်လာ၏။

၎င်းတို့မှာ ဟွမ်ယင်းနှင့် ဖူအန်းတို့ ဖြစ်သည်။

သူတို့နှစ်ဦးစလုံးမှာ အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံရပြီး သူတို့၏ မျက်နှာအမူအရာမှာလည်း အရင်ကကဲ့သို့ လန်းဆန်းမနေတော့ချေ။ တောင်အောက်တွင် မိစ္ဆာနှိမ်နင်းရေး တာဝန်များ လုပ်ဆောင်စဉ် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရပုံ ရသည်။

"ဘာလို့ မင်းတို့ နှစ်ယောက်တည်းလဲ။ ဂျူနီယာညီလေး ယောင်ကော ဘယ်မှာလဲ။"

ချန်လော့က အမှတ်မထင် မေးလိုက်၏။ ပြီးခဲ့သည့်အကြိမ်က သူတို့ သုံးယောက် ရှိသော်လည်း ယခုတစ်ကြိမ်တွင် ဘာကြောင့် တစ်ယောက် လျော့နေရသနည်း။

"ဂျူနီယာညီလေး ယောင်... ကျဆုံးသွားပြီ။"

ဟွမ်ယင်းနှင့် ဖူအန်းတို့ နှစ်ဦးစလုံးမှာ ဝမ်းနည်းနေပုံရသည်။

ယခုတစ်ကြိမ် တောင်အောက် တာဝန်သွားစဉ် အရေခွံခွာ တစ္ဆေ နှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ ထိုမိစ္ဆာသည် သူ၏ ရုပ်သွင်ကို ပြောင်းလဲနိုင်စွမ်းရှိပြီး လူအုပ်ထဲတွင် ရောနှောနေသောအခါ ရှာဖွေရန် အလွန်ခက်ခဲ၏။

ထိုမိစ္ဆာကို သတ်ရန် အားထုတ်မှုများစွာ ပြုလုပ်ခဲ့ရသော်လည်း စီနီယာနှင့် ဂျူနီယာများစွာ သေဆုံးခဲ့ရသည်။ တာဝန်သွားခဲ့သူများ၏ ထက်ဝက်နီးပါး ကျဆုံးခဲ့ခြင်း ဖြစ်သည်။

ယောင်ကျန့်ဟိုင်မှာ ထိုမိစ္ဆာကို နှိမ်နင်းနေစဉ် အလစ်အငိုက် တိုက်ခိုက်ခြင်းကို ခံရကာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော လအနည်းငယ်က သေဆုံးသွားခဲ့သည့် ရွှမ်ရှန်း အပါအဝင် ဝူတောက် တောင်ထိပ်သို့ အတူတူဝင်ရောက်ခဲ့သော တပည့်အသစ် ငါးဦးအနက် ယခုအခါ သုံးဦးသာ ကျန်ရှိတော့၏။

ဝူတောက် တောင်ထိပ် တစ်ခုတည်း မဟုတ်ဘဲ အခြား တောင်ထိပ်ကြီးများမှ တပည့်များမှာလည်း အလားတူပင် ဖြစ်သည်။ ခြောက်လသက်တမ်း ရောက်သည်မှစ၍ ကျဆုံးသော တပည့်အရေအတွက်မှာ သိသိသာသာ တိုးလာခဲ့၏။

ဂိုဏ်းသို့ အတူတူ ဝင်ရောက်ခဲ့သော ရာနှင့်ချီသည့် လူများအနက် ယခု မည်မျှကျန်ရှိတော့မည်ကို မည်သူမျှ မသိနိုင်ချေ။

ကံကောင်းသည်မှာ ဤမျှ ကြီးမားသော အန္တရာယ်ကို ရင်ဆိုင်ခဲ့ရသော်လည်း ရရှိလာသော အကျိုးအမြတ်များမှာလည်း အလွန်ကောင်းမွန်လှ၏။ ဟွမ်ယင်းသည် ယခုရရှိလာသော အရင်းအမြစ်များဖြင့် ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်သို့ တရားဝင် ရောက်ရှိသွားခဲ့ပြီး စတုတ္ထအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

ဖူအန်းမှာလည်း တတိယအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ၎င်းကို အန္တရာယ် ကြီးမားသလောက် အကျိုးအမြတ် များပြားသည်ဟု ဆိုရပေမည်။

"ရှင်က ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်ကို ရောက်နေပြီလား။"

ဟွမ်ယင်းသည် တစ်ခုခု ထပ်ပြောရန် ပြင်လိုက်သော်လည်း ချန်လော့၏ အဆင့်ကို ကြည့်လိုက်သောအခါ သူမ မခန့်မှန်းနိုင်တော့သည်ကို တွေ့လိုက်ရသည်။ သူမ ချက်ချင်းပင် သိရှိသွားပြီး မျက်လုံးထဲတွင် အံ့သြရိပ်များ ဖြတ်ပြေးသွားကာ၊ ထိုမှတစ်ဆင့် မနာလိုမှု အနည်းငယ်လည်း ပေါ်လာခဲ့၏။

သူမနှင့် ဖူအန်းတို့မှာ တောင်အောက်တွင် အသက်နှင့်ရင်းပြီး အရင်းအမြစ်များ ရှာဖွေကာ ချီသန့်စင်ခြင်း စတုတ္ထအဆင့်သို့ မနည်း တက်လှမ်းနေရသော်လည်း၊ ချန်လော့မှာမူ တောင်ပေါ်မှာပင် နေထိုင်ရင်း အဆောင်များ ရောင်းချရုံဖြင့် သူမ၏ ကျင့်ကြံမှုကို လိုက်မီသွားခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာပင် ဟွမ်ယင်းက သူ၏ အဆင့်အစစ်အမှန်ကို မသိရှိသေးဘဲ ခန့်မှန်းနေခြင်းသာ ရှိသေးသည်။ အကယ်၍ သူ ပဉ္စမအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သူမ သိသွားပါက ဤခံစားချက်မှာ နှစ်ဆမက ပြင်းထန်သွားပေလိမ့်မည်။

"ကွာဟချက်က ဒီလောက်တောင် ကြီးမားတာလား။ ပါရမီဆိုတာ... တကယ်ပဲ အဲဒီလောက် အရေးကြီးတာလား။"

ဖူအန်း၏ မျက်လုံးထဲတွင် စိတ်ပျက်အားလျော့မှု အရိပ်အယောင်များ ဖြတ်ပြေးသွား၏။

နတ်ဘုရားရေကန် မသေမျိုးဂိုဏ်းသို့ ဝင်ရောက်ပြီးကတည်းက သူသည် တစ်ရက်မျှ ပျင်းရိခြင်း မရှိခဲ့ပေ။ အစပိုင်းတွင် သူသည် ဝိညာဉ်အမြစ် အဆင့်နိမ့်သော်လည်း ကောင်းကင်ဘုံကို ဆန့်ကျင်၍ သူ၏ ကံကြမ္မာကို ပြောင်းလဲနိုင်မည်ဟု ယုံကြည်ခဲ့သည်။

ပုံပြင်စာအုပ်များထဲမှ အမှိုက်လေး၏ မသေမျိုးလမ်းစဉ် တက်လှမ်းခြင်းဇာတ်လမ်းထဲမှ ဝိညာဉ်အမြစ် ငါးခုရှိသော ဇာတ်လိုက်ကဲ့သို့ပင် နောက်ဆုံးတွင် မသေမျိုးအဆင့်သို့ ရောက်ရှိသည်အထိ ကြိုးစားမည်ဟု ဆုံးဖြတ်ခဲ့၏။

သို့သော်လည်း ဤမျှ ကြိုးစားခဲ့ပြီးနောက်တွင် သူသည် ချီသန့်စင်ခြင်း တတိယအဆင့်မှာသာ ရှိသေးသည်။ အရင်းအမြစ် အတူတူ၊ နေ့ညမပြတ် ကျင့်ကြံအားထုတ်မှု အတူတူပင် ဖြစ်သော်လည်း ဟွမ်ယင်းက သူ့ကို ကျော်တက်သွားသည်ကို မြင်ခဲ့ရပြီး၊ ယခုအခါ တောင်ပေါ်တွင် အနားယူနေပုံရသော ချန်လော့ကပင် သူ့ကို ကျော်တက်သွားခဲ့ပြီ ဖြစ်သည်။

သူကိုယ်တိုင်လည်း မည့်သည့်အချိန်တွင် ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်ကို ရောက်နိုင်မည်ကို မသိရှိသေးပေ။ အထူးသဖြင့် မကြာသေးမီက သူ၏ ချီသန့်စင်ခြင်း အရှိန်အဟုန်မှာ သိသိသာသာ နှေးကွေးသွားကြောင်း သူ ရှင်းလင်းစွာ ခံစားနေရသည်။

အခန်း ၈၆ - စိတ်ဝိညာဉ် နည်းစနစ်

ပါရမီမည်မျှ အရေးကြီးကြောင်းကို ချန်လော့ မသိခဲ့သော်လည်း၊ နတ်ဘုရားရေကန် မသေမျိုးဂိုဏ်းကို တည်ထောင်ခဲ့သော ဘိုးဘေးသခင်ကြီးကမူ သေချာပေါက် သိရှိခဲ့ပြီး၊ မသေမျိုးဂိုဏ်း အထက်တန်းလွှာမှ တောင်ထိပ်သခင် အသီးသီးတို့ကလည်း သိရှိကြပေသည်။

ကောင်းကင်ဘုံကို ဆန့်ကျင်၍ မိမိ၏ ကံကြမ္မာကို ပြောင်းလဲရန် တကယ်တမ်း ထိုမျှလွယ်ကူနေမည်ဆိုလျှင်၊ မသေမျိုးဂိုဏ်းသည် အဘယ်ကြောင့် ဤကဲ့သို့သော စည်းမျဉ်းများကို ချမှတ်ထားမည်နည်း။ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ လျှောက်လှမ်းသူတိုင်းသည် အစပိုင်းတွင် ကြိုးစားအားထုတ်ကြစမြဲ ဖြစ်သည်။

သို့သော်လည်း များသောအားဖြင့် ကံကြမ္မာဆိုသည်မှာ ကြိုးစားမှုသက်သက်ဖြင့် ပြောင်းလဲနိုင်သော အရာမဟုတ်ပေ။ အောင်မြင်မှုနှင့် ကျရှုံးမှုကြားရှိ ကွာဟချက်မှာ ထို အခွင့်အရေး တစ်ခုတည်းပေါ်တွင်သာ မူတည်နေပေသည်။

"ငါ မကြာသေးခင်ကမှ အဆင့်တက်ထားတာလေ။ အော်... ဒါနဲ့ ဂျူနီယာညီမလေးကို ငါ မေးစရာလေးတစ်ခု ရှိတယ်။"

ချန်လော့သည် ဤအကြောင်းအရာအပေါ် ဆက်လက်၍ အာရုံမစိုက်တော့ပေ။

ဟွမ်ယင်း ဤနေရာတွင် ရှိနေသဖြင့် စိတ်ဝိညာဉ် နည်းစနစ်ကို ရရှိနိုင်မည့် လမ်းကြောင်းအကြောင်း သူမကို မေးမြန်းနိုင်ပေသည်။

ဤဂျူနီယာညီမလေးသည် ဂိုဏ်းသို့ ဝင်ရောက်ကတည်းက အဆက်အသွယ် ကွန်ရက်ကျယ်ပြန့်သူ ဖြစ်သောကြောင့် သူမကို မေးမြန်းခြင်းက သေချာပေါက် မှန်ကန်သော ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။

မှော်ပညာရပ် အသေးအမွှားများကို အချိန်အတော်ကြာ ကျင့်ကြံပြီးနောက်၊ နတ်ဘုရားစွမ်းရည်ကို သင်ယူရမည့်အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

"စိတ်ဝိညာဉ် နည်းစနစ်ကို ဘယ်နေရာမှာ သင်ယူလို့ရမလဲဆိုတာ သိချင်လို့ပါ။"

"စိတ်ဝိညာဉ် နည်းစနစ်လား။ အဲဒါက တရားဝင် မှော်ပညာရပ်လေ။ စီနီယာအစ်ကို အဲဒါကို သင်ချင်တယ်ဆိုရင် ဆရာ့ဆီသွားမှပဲ ရလိမ့်မယ်။"

ဟွမ်ယင်းသည် ချန်လော့၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် နားလည်သွားခဲ့၏။

ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်သို့ ဝင်ရောက်ပြီးနောက် လူများစွာသည် ၎င်းတို့၏ ပထမဆုံးသော တရားဝင် နတ်ဘုရားစွမ်ရည် မှော်ပညာရပ်ကို သင်ယူလေ့ရှိကြသည်။

ဤကဲ့သို့သော တရားဝင် မှော်ပညာရပ်သည် ယခင်က သင်ယူခဲ့သော မှော်ပညာရပ် အသေးအမွှားများနှင့် မတူပေ။ စွမ်းအားပိုင်းတွင် ကြီးမားသော ကွာဟချက်ရှိပြီး သင်ယူရန် ခက်ခဲမှုမှာလည်း လုံးဝ ကွဲပြားခြားနားသော အဆင့်တွင် ရှိသည်။

အကယ်၍ သာမန် လေလွင့်ကျင့်ကြံသူတစ်ဦးသာ တရားဝင် နတ်ဘုရားစွမ်းရည်တစ်ခုကို သင်ယူတတ်မြောက်သွားပါက၊ ၎င်းကို သူ၏ အသက်ကယ် ဖဲချပ်အဖြစ် အသုံးပြုနိုင်ပေလိမ့်မည်။

"ဆရာ့ဆီ သွားရမယ်"

မသေမျိုးသခင် ဝူဝေ၏ သဘောထားကို တွေးမိလိုက်သောအခါ ချန်လော့သည် ချက်ချင်းပင် စိတ်ဝင်စားမှု ပျောက်ဆုံးသွားခဲ့၏။

ဤဆရာဖြစ်သူမှာ မည်သည့်ကိစ္စကိုမျှ ဝင်ရောက်စွက်ဖက်ခြင်းမရှိသည့် စီမံခန့်ခွဲသူပုံစံမျိုး ဖြစ်သည်။

ဂိုဏ်းသို့ ဝင်ရောက်ချိန်မှစ၍ ယခုတိုင်အောင် သူ့ကို တစ်ကြိမ်သာ တွေ့ဖူးသေးသည်။ ထိုသူ့ထံမှ နတ်ဘုရားစွမ်းရည် သင်ယူလိုခြင်းမှာ လူမိုက်တစ်ယောက်၏ အိပ်မက်နှင့်သာ တူပေလိမ့်မည်။

"တခြားနည်းလမ်းရော ရှိသေးလား။"

"နတ်ဘုရားစွမ်းရည် မှော်ပညာရပ်တွေက မှော်ပညာရပ် အသေးလေးတွေနဲ့ မတူဘူးလေ။ ဆရာ့ဆီ သွားတာ အကောင်းဆုံးပါပဲ။"

ဟွမ်ယင်းသည် သတိဝင်လာပြီးနောက် ချန်လော့ကို အံ့အားသင့်နေသော အမူအရာဖြင့် ကြည့်လိုက်၏။

"စီနီယာအစ်ကို၊ အစ်ကို ဆရာ့ဆီ တစ်ခေါက်မှ မသွားရသေးဘူးမလား။"

ဤစီနီယာအစ်ကို ချန်သည် သင်္ချိုင်းတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သဖြင့် ဝူတောက် တောင်ထိပ်၏ စည်းမျဉ်းများကို လုံးဝ မသိရှိဘဲ ဖြစ်နေခဲ့သည်။

"ကျွန်မတို့ ဝူတောက် တောင်ထိပ်မှာ စည်းမျဉ်းတစ်ခု ရှိတယ်။ ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်ကို ဖောက်ထွက်နိုင်တဲ့ တပည့်တိုင်းဟာ လတိုင်းရဲ့ သုံးရက်နေ့မှာ ဆရာ့ကို မေးခွန်းတစ်ခု မေးခွင့်ရှိတယ်။"

"ဒီလို အကျိုးခံစားခွင့်မျိုး ရှိတယ်ပေါ့။"

ချန်လော့ မှင်တက်သွား၏။ သူ အရင်က ဤအကြောင်းကို တကယ် မသိခဲ့ပေ။

သူနှင့်အတူ နေထိုင်ခဲ့သော သင်္ချိုင်းစောင့် စီနီယာအစ်ကိုကလည်း ဤအကြောင်းကို ပြောပြခဲ့ခြင်း မရှိချေ။ ထိုသင်္ချိုင်းစောင့် စီနီယာအစ်ကိုသည် သူ့ကို လူသစ်တစ်ယောက်အဖြစ် သတ်မှတ်မထားခဲ့၍ ဖြစ်ပေလိမ့်မည်။

မည်သည့် သာမန်လူသစ်က သင်္ချိုင်းစောင့်ရန် သွားမည်နည်း။

ဟွမ်ယင်းသည် သူ့ကို ကူကယ်ရာမဲ့သော အမူအရာဖြင့် ကြည့်လိုက်၏။

ဤမျှ အခြေခံကျသော စနစ်ကိုပင် မသိရှိရလောက်အောင် ဤစီနီယာအစ်ကို ချန်သည် မည်မျှပင် အဆက်အသွယ် ပြတ်တောက်နေခဲ့သနည်း။ ဤကဲ့သို့သော ကိစ္စမျိုးသည် တာဝန်တစ်ခုခု လုပ်ဆောင်နေစဉ် မည်သည့် စီနီယာအစ်ကို၊ သို့မဟုတ် စီနီယာအစ်မနှင့်မဆို အမှတ်မထင် စကားပြောလိုက်ရုံဖြင့် သိရှိနိုင်သောအရာ ဖြစ်သည်။

သူ တောင်အောက်ဆင်း၍ တာဝန်များ တစ်ကြိမ်မျှ မလုပ်ဆောင်ခဲ့ရဖူးသည်ကို တွေးမိလိုက်သောအခါ ဟွမ်ယင်း၏ နားမလည်နိုင်မှုများမှာ မကျေနပ်မှုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။

သူတို့အားလုံး မသေမျိုးဂိုဏ်းသို့ အတူတူ ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။

ကွာဟချက်က အဘယ်ကြောင့် ဤမျှ ကြီးမားနေရသနည်း။

"ကျွန်မတို့ ဝူတောက် တောင်ထိပ်က မသေမျိုးဂိုဏ်းရဲ့ အဓိက တောင်ထိပ်လေ။ လိုအပ်တဲ့ အမွေအနှစ်တွေ အားလုံး ရှိတယ်။ ချီသန့်စင်ခြင်း အလယ်အလတ်အဆင့် ကန့်သတ်ချက်က ဆရာ့အတွက်အချိန်ဖြုန်းနေတဲ့ အသုံးမကျတဲ့သူတွေကို ဖယ်ရှားရာမှာ ကူညီပေးတယ်။ ဒါကို သတ်မှတ်ချက်တစ်ခုလို့ မှတ်ယူလို့ရတယ်။ ကျွန်မ ကြားဖူးတာတော့ ချှသန့်စင်ခြင်း နောက်ဆုံးအဆင့်ကို ဖောက်ထွက်ပြီးရင် အကျိုးခံစားခွင့်တွေ တိုးလာနိုင်ပြီး တစ်လကို မေးခွန်းမေးခွင့် သုံးကြိမ် ရနိုင်တယ်တဲ့။ သုံးနှစ်အတွင်းမှာ ချီသန့်စင်ခြင်း ဒသမအဆင့်ကို ရောက်နိုင်ရင် ဝူတောက် တောင်ထိပ်ရဲ့ အတွင်းစည်း တပည့်အဖြစ် သတ်မှတ်ခံရတယ်။ တောင်ပေါ်ကနေ နှင်ချမခံရတဲ့အပြင် အဓိက နယ်မြေမှာ နေထိုင်နိုင်ပြီး အချိန်မရွေး ဆရာ့ဆီသွားပြီး မေးခွန်းတွေ မေးခွင့်ရှိတယ်။"

ဤနေရာသို့ အရောက်တွင် ဟွမ်ယင်း၏ မျက်လုံးထဲ၌ လိုလားတောင့်တမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွား၏။

ခြောက်လကြာ ကြမ်းတမ်းသော အတွေ့အကြုံများကို ဖြတ်သန်းပြီးနောက်၊ ဤတက်သစ်စ တပည့်အသစ်များ၏ ရည်မှန်းချက်သည် နောက်ဆုံးတွင် မသေမျိုးအဖြစ်သို့ တက်လှမ်းရန်မှ အတွင်းစည်း တပည့်တစ်ဦး ဖြစ်လာရေးသို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ဟွမ်ယင်း၏ ဘေးတွင် ရပ်နေသော ဖူအန်းမှာမူ ပို၍ပင် တိတ်ဆိတ်သွားခဲ့၏။

သူသည် ထိုသတ်မှတ်ချက်ကြောင့် ဖယ်ရှားခံခဲ့ရသူများထဲတွင် ပါဝင်နေသည်။

ယခင်က ဤအကြောင်းကို ကြားရစဉ်က သိပ်ပြီး ဂရုမစိုက်ခဲ့သော်လည်း ယခု တစ်ဖန် ပြန်ကြားရသောအခါ အလွန်တရာ ခါးသီးလှသည်ဟု ခံစားလိုက်ရသည်။

"စီနီယာအစ်ကို၊ ဒီနေ့ မကုန်သေးခင် ကျင့်ကြံရေးခန်းမကို မြန်မြန်သွားလိုက်ပါ။ နောက်ကျသွားရင် နောက်လအထိ စောင့်နေရလိမ့်မယ်။"

ဟွမ်ယင်းက ကြင်နာစွာ သတိပေးလိုက်၏။

ယနေ့သည် အမှန်တကယ်ပင် လဆန်း သုံးရက်နေ့ ဖြစ်ပေသည်။

ထိုအချက်ကို သတိပြုမိသွားသော ချန်လော့သည် အလျင်အမြန် မတ်တတ်ရပ်ကာ သူမကို ကျေးဇူးတင်စကားဆိုပြီးနောက် ကမန်းကတန်း ထွက်ခွာသွားလေ၏။

ဤကဲ့သို့သော အကျိုးခံစားခွင့်ကို သူ သဘာဝကျစွာပင် အကောင်းဆုံး အသုံးချရပေမည်။

မူလက သူသည် အနည်းငယ် စွန့်စားရသော လမ်းကြောင်းကို ရွေးချယ်ရန် စီစဉ်ထားသော်လည်း၊ ယခုမူ သူ အနည်းငယ် ပို၍ အလိုက်သင့် ပြုမူနိုင်ပုံပေါ်သည်။

ယခင်က သူသွားခဲ့ဖူးသော လမ်းကြောင်းအတိုင်း လျှောက်လာခဲ့ရာ ကျင့်ကြံရေးခန်းမသို့ ရောက်ရှိလာခဲ့သည်။

ဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်မှာ ခြောက်လကြာခဲ့ပြီဖြစ်သော်လည်း ချန်လော့သည် ဤနေရာသို့ လာခဲလှသည်။ သူ လာဖြစ်ခဲ့လျှင်လည်း သန့်ရှင်းရေးလုပ်ခြင်း၊ ဖုန်ရှင်းခြင်းကဲ့သို့သော အသေးအမွှား တာဝန်များအတွက်သာ ဖြစ်လေ့ရှိသည်။

အဝင်ပေါက် အပြင်ဘက်တွင် စီနီယာအစ်ကို သုံးဦး စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ ၎င်းကို မြင်သောအခါ ချန်လော့သည် ရိုးသားစွာပင် သူတို့၏ အနောက်တွင် တန်းစီလိုက်၏။

ထိုတပည့်သုံးဦးသည် လျင်မြန်စွာ ဝင်သွားကြပြီး ပို၍ပင် လျင်မြန်စွာ ပြန်ထွက်လာကြသည်။ မကြာမီမှာပင် ချန်လော့၏ အလှည့်သို့ ရောက်လာခဲ့သည်။

သူ ရှေ့သို့ တက်သွားလိုက်၏။

အရှေ့ရှိ တစ်ဝက်တစ်ပျက် ပွင့်နေသော ကြေးဝါတံခါးကို ကြည့်လိုက်သည်။

ချန်လော့သည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ၏ ရှေ့မှ စီနီယာအစ်ကို သုံးဦးကဲ့သို့ပင် အဝင်ပေါက်၌ ရပ်ကာ ရိုသေစွာဖြင့် အရိုအသေပေး နှုတ်ဆက်လိုက်သည်။

"ဆရာ့ကို ဂါရဝပြုပါတယ်။"

"ဝင်လာခဲ့။"

အသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ချန်လော့သည် ခြေလှမ်းကို မြန်မြန်လှမ်းကာ ဝင်သွားလိုက်၏။

ကျင့်ကြံနေဆဲဖြစ်သော မသေမျိုးသခင် ဝူဝေ၏ ပတ်လည်ရှိ နှလုံးသားမိစ္ဆာ၏ စွမ်းအားများ ဖြည်းညှင်းစွာ မှေးမှိန်သွားသည်ကို မြင်လိုက်ရသည်။ ပန်းချီကားထဲမှ ညို့ဓာတ်ပြင်းသော နတ်သမီးသည် နောက်သို့လှည့်ကာ သူ့ကို ဆွဲဆောင်မှုရှိသော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်ရာ ချန်လော့၏ ရင်ဘတ်ကို တဒိန်းဒိန်း ခုန်သွားစေခဲ့၏။

နံရံပေါ်ရှိ ပန်းချီကားများနှင့် ပတ်သက်၍ သူ ပိုမို နက်ရှိုင်းစွာ နားလည်သဘောပေါက်သွားခဲ့သည်။

ဤပန်းချီကားများသည် သေချာပေါက် ရတနာများပင် ဖြစ်သည်။

ပန်းချီကားများအတွင်း အကြွင်းအကျန် စွမ်းအင်မှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။

"အို... ချီသန့်စင်ခြင်း ပဉ္စမအဆင့်။"

မသေမျိုးသခင် ဝူဝေသည် မျက်လုံးများကို ဖွင့်လိုက်ပြီး ထူးထူးခြားခြား စကားတစ်ခွန်း ဆိုလိုက်ကာ ချန်လော့ကို အထက်အောက် အကဲခတ်ကြည့်လိုက်၏။ သူ၏ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်လာခဲ့သည်။

သူ၏ စွမ်းအားဖြင့် ချန်လော့၏ အစစ်အမှန် ကျင့်ကြံမှုကို တစ်ချက်ကြည့်ရုံဖြင့် သဘာဝကျစွာပင် မြင်နိုင်ပေသည်။

"မဆိုးပါဘူး။ မင်း နာမည် ဘယ်လိုခေါ်လဲ။"

ခြောက်လအတွင်း ချီသန့်စင်ခြင်း ပဉ္စမအဆင့်သို့ ဖောက်ထွက်နိုင်သော ပါရမီရှင်တစ်ဦးသည် ဂိုဏ်းအတွင်း ဆက်လက်တည်ရှိနေရန် အခွင့်အလမ်းများစွာရှိသဖြင့် ဤသည်မှာ သူ၏ အာရုံစိုက်မှုကို ရရှိရန် ထိုက်တန်နေပြီ ဖြစ်သည်။

"ဆရာ့ကို ပြန်လည် ဖြေကြားပါရစေ။ တပည့်ရဲ့ နာမည်က ရှဲ့နိုင်ငံက လာတဲ့ ချန်လော့ပါ။"

ချန်လော့က ရိုသေစွာ ပြန်လည်ဖြေကြားလိုက်၏။

မသေမျိုးသခင် ဝူဝေကို လာရှာစဉ်ကတည်းက သူ ဤသို့စီစဉ်ထားပြီး ဖြစ်သည်။ ပိုမိုကောင်းမွန်သော အရင်းအမြစ်များနှင့် ဆက်ဆံရေးကို ရရှိနိုင်ရန်အတွက် ပါရမီရှင်တစ်ဦး၏ အရည်အသွေးကို ထုတ်ဖော်ပြသသင့်ပေသည်။

"မင်း ဘာသင်ချင်လဲ။"

"စိတ်ဝိညာဉ် နည်းစနစ်ပါ။"

ချန်လော့က ချက်ချင်းပင် ဖြေလိုက်၏။

သူ့တွင် မေးခွန်းတစ်ခုအတွက် အခွင့်အရေး တစ်ကြိမ်သာ ရှိသဖြင့် ၎င်းကို အလဟဿ မဖြစ်စေနိုင်ပေ။

"ချီသန့်စင်ခြင်း ပဉ္စမအဆင့်မှာ နတ်ဘုရားစွမ်းရည် မှော်ပညာရပ်တွေကို သင်ယူဖို့ အချိန်တန်နေပါပြီ။ ငါ့ရဲ့ ဝူတောက် တောင်ထိပ်က တပည့်တစ်ယောက်အနေနဲ့ စိတ်ဝိညာဉ်နည်းစနစ်ကို ကျင့်ကြံတာဟာ အလွန်ကောင်းမွန်တဲ့ ရွေးချယ်မှုပါပဲ။"

မသေမျိုးသခင် ဝူဝေသည် ချန်လော့၏ ရွေးချယ်မှုကို အတည်ပြုကြောင်း ခေါင်းညိတ်ပြလိုက်၏။

စကားပြောနေရင်း သူ၏ လက်ဖဝါးကို ဆန့်ထုတ်လိုက်သည်။

စက္ကူတစ်ရွက်အရွယ်ရှိ စတုရန်းပုံဝိညာဉ်ပြားတစ်ခုသည် သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။

စိတ်ဝိညာဉ် နည်းစနစ် နှင့် ပတ်သက်သော အမွေအနှစ်များကို ၎င်းထဲသို့ လောင်းထည့်လိုက်ရာ မကြာမီမှာပင် စိတ်ဝိညာဉ်ကျောက်စိမ်းပြား တစ်ခု ပြီးစီးသွားခဲ့သည်။

"စိတ်ဝိညာဉ်နည်းစနစ်ကို သင်ပေးဖို့အတွက် ဝိညာဉ်ကျောက်တုံး သုံးဆယ် လိုအပ်တယ်။ ဒါက ဘိုးဘေးသခင်ကြီး ချမှတ်ထားတဲ့ စည်းမျဉ်းပဲ။"

သုံးဆယ်။

ချန်လော့ ဆွံ့အသွား၏။ သူ၏ ဝိညာဉ်ကျောက်တုံးများ အားလုံးကို မနေ့ညကတည်းက သုံးပစ်ခဲ့ပြီး ဖြစ်သည်။ သူ ချန်ထားခဲ့သင့်ပေ၏။

"မင်း ဂိုဏ်းကို ဝင်လာကတည်းက အခုချိန်ထိ ငါ မင်းကိုကြိုဆိုတဲ့ လက်ဆောင် ဘာမှ မပေးရသေးဘူး။ ဒီစိတ်ဝိညာဉ်နည်းစနစ်ကို မင်းရဲ့ ဝင်ကြေးလက်ဆောင်အဖြစ် သတ်မှတ်လိုက်ပါ။"

မသေမျိုးသခင် ဝူဝေက လက်ကာပြလိုက်ရာ သူ၏ လက်ထဲရှိ စိတ်ဝိညာဉ်နည်းစနစ် ကျောက်စိမ်းပြားသည် ထွက်ခွာသွားပြီး ချန်လော့၏ လက်ထဲသို့ တိကျစွာ ကျဆင်းလာခဲ့သည်။

"ဆရာ့ကို ကျေးဇူးတင်ပါတယ်။"

ချန်လော့၏ ရင်ထဲတွင် ဝမ်းသာပီတိ ဖြစ်သွားခဲ့၏။

သူ၏ ပါရမီကို ထုတ်ဖော်ပြသခြင်းက တကယ်ကို အကျိုးရှိပေသည်။ သူ ဝိညာဉ်ကျောက်တုံး သုံးဆယ်ပင် သက်သာသွားခဲ့သည် မဟုတ်ပါလော။

"ဒီကျောက်စိမ်းပြားက သင်ယူဖို့ အခွင့်အရေး တစ်ကြိမ်ပဲ ပေးတယ်။ အဓိက အချက်တွေကို မင်း ဆုပ်ကိုင်နိုင်မလားဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်။"

ဤသို့ပြောပြီးနောက် မသေမျိုးသခင် ဝူဝေသည် မျက်လုံးများကို ပြန်လည် မှိတ်လိုက်ပြီး၊ သူ၏ ပတ်လည်တွင် ပန်းချီကားများ၏ စွမ်းအားများ ပြန်လည် ပေါ်ထွက်လာခဲ့သည်။

၎င်းကိုမြင်သောအခါ ချန်လော့သည် အရိုအသေပေးကာ လျင်မြန်စွာ ဆုတ်ခွာလာခဲ့၏။

ညချမ်းအချိန်သို့ ရောက်ရှိလာသည်။

သင်္ချိုင်းကုန်း

အခန်းထဲတွင် တင်ပျဉ်ခွေ ထိုင်နေသော ချန်လော့သည် မျက်လုံးများကို ဖွင့်လိုက်၏။ သူသည် မသေမျိုးသခင် ဝူဝေ သင်ကြားပေးခဲ့သော စိတ်ဝိညာဉ်နည်းစနစ် ကို ယခုလေးတင် သင်ယူပြီးစီးခဲ့ခြင်း ဖြစ်သည်။ ယခင် နတ်ဘုရားစွမ်းရည် မှော်ပညာရပ်များ အားလုံးကဲ့သို့ပင် ၎င်းကို နားလည်သဘောပေါက်သည်နှင့် တစ်ပြိုင်နက် ပြီးပြည့်စုံစွာ ကျွမ်းကျင်သွားခဲ့သည်။

သူ၏ ပြင်ပဦးနှောက်ထဲတွင် သက်ရှိထင်ရှား ရှိစဉ်က ဤတန်ခိုးစွမ်းရည်ကို သင်ယူခဲ့ဖူးသူ သုံးဆယ်ကျော် ရှိနေခဲ့ရာ၊ ချန်လော့ ဤအသိပညာကို ဆုပ်ကိုင်မိသည်နှင့် တစ်ပြိုင်နက် သက်ဆိုင်ရာ ထိုးထွင်းသိမြင်မှုများသည် ချက်ချင်းပင် ပေါ်ထွက်လာခဲ့သည်။

"စိတ်ဝိညာဉ် စုစည်းခြင်းနဲ့ ဝိညာဉ်စွမ်းအင် သန့်စင်ခြင်း။"

ချန်လော့သည် စိတ်ဝိညာဉ်နည်းစနစ်၏ အသေးစိတ် အချက်အလက်များကို ပြန်လည် မှတ်ဆင်ခြင်မိသည်။

စိတ်ဝိညာဉ်နည်းစနစ်သည် ဝူတောက် တောင်ထိပ်၏ ကျင့်စဉ်နှင့် ပေါင်းစပ်ထားသော နတ်ဘုရားစွမ်းရည်တစ်ခု ဖြစ်သည်။ အခြေခံ နည်းစနစ်များနှင့် မန္တန်များအပြင် စုဆောင်းမှုလည်း လိုအပ်ပေသည်။

အရေးအကြီးဆုံး အစိတ်အပိုင်းများမှာ စိတ်ဝိညာဉ် စုစည်းခြင်းနှင့် ဝိညာဉ်စွမ်းအင် သန့်စင်ခြင်းတို့ ဖြစ်သည်။

ဝိညာဉ်စွမ်းအင် သန့်စင်ခြင်းကို နားလည်ရန် လွယ်ကူသည်။ လုံလောက်သော ဝိညာဉ်စွမ်းအင် ရှိနေရန်သာ လိုအပ်သည်။ သို့သော် စိတ်ဝိညာဉ် စုစည်းခြင်းမှာ ထိုမျှ မရိုးရှင်းပေ။

၎င်းသည် စဉ်ဆက်မပြတ် စိတ်ဝိညာဉ် စုဆောင်းခြင်းကို လိုအပ်သည်။ ထပ်ခါတလဲလဲ စမ်းသပ်မှုများမှတစ်ဆင့် မိမိနှင့် အသင့်တော်ဆုံးဖြစ်သော စိတ်ဝိညာဉ်နည်းစနစ်ကို ရှာဖွေရမည် ဖြစ်သည်။

အချို့က အငွေ့အသက် လွှမ်းမိုးမှု နည်းလမ်းကို အသုံးပြုကြပြီး အချို့ကမူ အသံဖြင့် ခြောက်လှန့်ခြင်းကို အသုံးပြုကြသည်။

နတ်ဘုရားရေကန် မသေမျိုးဂိုဏ်း၏ သမိုင်းကြောင်းတွင် စိတ်ဝိညာဉ်နည်းစနစ်ကို အအောင်မြင်ဆုံး ကျင့်ကြံနိုင်ခဲ့သူမှာ တစ်ချိန်က နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော မသေမျိုးသခင် ဝိညာဉ်ပင် ဖြစ်သည်။

သူ၏ စိတ်ဝိညာဉ်နည်းစနစ်ကို အသုံးပြုသည့် နည်းစနစ်မှာ ဟွန့် နှင့် ဟတ် ဟူသော အသံနှစ်ခုမှ တစ်ဆင့် ဖြစ်သည်။

သူ ဟိန်းဟောက်လိုက်သော အသံများမှတစ်ဆင့် ရန်သူ၏ ဝိညာဉ်ကို ဒဏ်ရာရစေနိုင်စွမ်း ရှိသည်။

သူသည် အသံနှင့် စိတ်ဝိညာဉ် တိုက်ခိုက်မှုများကို အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

All Chapters