သုတ်သင်ခြင်း
Vol. 4 Ch. 51
လင်းဖုန်း ရှေ့သို့ ထွက်လာသည်ကို မြင်သောအခါ ယွီရှန်းသည် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။
“ကောင်းပြီ... တကယ်လို့ မင်း တောင့်မခံနိုင်တော့ရင် ငါရော ဝင်တိုက်မယ်”
ယွီရှန်းသည် စကားနည်းသူတစ်ဦး ဖြစ်သည်။ သူသည် ပုံမှန်အားဖြင့် အလွန်အေးအေးဆေးဆေး နေတတ်သူ ဖြစ်သည်။ သို့သော်လည်း ယခုကဲ့သို့ သေရေးရှင်ရေး အခြေအနေမျိုးတွင် သူ၏ တည်ငြိမ်မှုမှာ အခြားသူများအတွက် အားကိုးရာတစ်ခု ဖြစ်နေဆဲပင်။
လင်းဖုန်းသည် သားရဲဘုရင် သုံးကောင်ကို ဤမျှ နီးကပ်သော အကွာအဝေးမှ ပထမဆုံးအကြိမ် လေ့လာဖူးခြင်း ဖြစ်သည်။ လက်တွေ့တွင် သားရဲဘုရင်များမှာ အလွန်ပင် ရှားပါးလှသည်။ ပရော်ဖက်ရှင်နယ် သိုင်းသမားတစ်ဦးသည် သူ၏ တစ်သက်တာတွင် သားရဲဘုရင် တစ်ကောင်နှင့် တွေ့ဆုံရန်ပင် ခဲယဉ်းလှသည်။ တစ်နည်းအားဖြင့် ဆိုရလျှင် သားရဲဘုရင် အရေအတွက်မှာ နတ်ဆိုးများထက်ပင် ပို၍ နည်းပါးသည်။
ပြင်းထန်စွာ ဒဏ်ရာရထားသော နှာမောင်းရှည်သားရဲအပြင် ရွှေယွမ်ရှန်းကို ချောင်းမြောင်း တိုက်ခိုက်ခဲ့သော သားရဲဘုရင်လည်း ရှိသေးသည်။ ထိုသားရဲမှာ တစ်ကိုယ်လုံး ဆူးချွန်များဖြင့် ဖုံးလွှမ်းနေသည့် ဖြူကောင်တစ်ကောင်နှင့် တူပြီး မြင်ရသည်မှာ အလွန်ပင် ရုပ်ဆိုးအကျည်းတန်လှသည်။ အကြည့်တစ်ချက်တွင်ပင် လူကို ထိတ်လန့်တုန်လှုပ်သွားစေရန် လုံလောက်သည်။
သို့သော် ဤအကောင်များက လင်းဖုန်းကို များစွာ ဖိအားမပေးနိုင်ပေ။ သူ အမှန်တကယ် အာရုံစိုက်နေသည်မှာ နောက်ဆုံးကျန်ရှိနေသော သားရဲဘုရင် ဖြစ်သည်။ ထိုသားရဲဘုရင်မှာ တစ်ကိုယ်လုံး အဖုအကျိတ်များဖြင့် ပြည့်နှက်နေပြီး ဧရာမ တီကောင်ကြီးတစ်ကောင်နှင့် တူသည်။
မှန်ပေသည်။ ထိုသားရဲဘုရင်မှာ ခုနက ပေါ်လာခဲ့သော နတ်ဆိုး ၆ ကောင်နှင့် ပုံစံတူပင် ဖြစ်သည်။ ထိုသားရဲတို့မှာ မျိုးနွယ်တူများ ဖြစ်ကြသော်လည်း ဤတစ်ကောင်မှာ နတ်ဆိုးအဆင့်သို့ မရောက်သေးဘဲ သားရဲဘုရင်အဆင့်သာ ရှိနေသေးခြင်း ဖြစ်သည်။
သားရဲတိုင်းသည် သားရဲဘုရင် ဖြစ်မလာနိုင်ကြပေ။ သားရဲဘုရင် ဖြစ်လာသော သားရဲများတွင် ထူးခြားမှု တစ်စုံတစ်ရာ ရှိနေမည်မှာ သေချာလှသည်။ ထို့အပြင် နတ်ဆိုးအဖြစ်သို့ မပြောင်းလဲမီ သားရဲဘုရင် အရင်ဖြစ်ခဲ့သော သားရဲများမှာ နတ်ဆိုးဖြစ်သွားလျှင်လည်း သာမန်နတ်ဆိုးများထက် များစွာ သာလွန်သော မဟာနတ်ဆိုးများ ဖြစ်လာကြမည် ဖြစ်သည်။
ထို့ကြောင့် ထိုဧရာမ တီကောင်ကြီးနှင့် တူသော သားရဲဘုရင်မှာ စင်စစ်တွငိ ကြောက်စရာအကောင်းဆုံး ဖြစ်ပေလိမ့်မည်။
သာမန်သိုင်းသမားများအတွက် သားရဲဘုရင် တစ်ကောင်တည်းကိုပင် ရင်ဆိုင်တိုက်ခိုက်ရန် မဖြစ်နိုင်သလောက် ခက်ခဲလှရာ ယခုကဲ့သို့ သုံးကောင်နှင့် တစ်ပြိုင်နက် ရင်ဆိုင်ရန်မှာ ဆိုဖွယ်ရာ မရှိတော့ပေ။ လက်ရှိအချိန်တွင် သနားစဖွယ် ဖြစ်နေသော ရွှေယွမ်ရှန်းနှင့် ဂေါင်ထျန်းချီတို့၏ အခြေအနေကို ကြည့်ခြင်းဖြင့် သိနိုင်သည်။
သို့သော် လင်းဖုန်းမှာမူ ကြောက်ရွံ့ခြင်း မရှိပေ။ သူသည် လက်ထဲမှ ဓားမော့ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ ဤခေတ်ကာလတွင် ရှင်သန်နေထိုင်သူများမှာ သားရဲများကို ကိုယ်တိုင် မမြင်ဖူးလျှင်ပင် လူသားနှင့် သားရဲများအကြား ပဋိပက္ခမှာ အသေအကြေ တိုက်ပွဲတစ်ခု ဖြစ်ကြောင်း သိကြသည်။
လူသားလောကသည် သားရဲများ၏ ရက်စက်ကြမ်းကြုတ်မှုကို နေ့စဉ်နှင့်အမျှ ဝါဒဖြန့်နေသကဲ့သို့ လူသားမျိုးနွယ်၏ သူရဲကောင်းများကိုလည်း အလေးအနက်ထားကာ စံတင်ဖော်ပြကြသည်။ ထိုသူရဲကောင်းများထဲတွင် သာမန်သိုင်းသမားများသာမက မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော သာလွန်လူသား ကျွမ်းကျင်သူများလည်း ပါဝင်သည်။
သူတို့အားလုံးမှာ ခြွင်းချက်မရှိ ရှေ့တန်းစစ်မြေပြင်တွင် သားရဲများနှင့် အပြင်းထန်ဆုံး တိုက်ပွဲဝင်နေကြသူများ ဖြစ်သည်။
သားရဲများနှင့် ရင်ဆိုင်ရချိန်တွင် လူသားအားလုံးမှာ စည်းလုံးညီညွတ်ကြရမည် ဖြစ်ပေသည်။ ထို့ကြောင့်လည်း တစ်ဦးနှင့်တစ်ဦး ပြိုင်ဘက်များ ဖြစ်ကြသော ရွှေယွမ်ရှန်းနှင့် ဂေါင်ထျန်းချီတို့သည် ပဋိပက္ခတို့ကို ဘေးဖယ်ထားကာ အတူတကွ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ ပြင်းထန်သော ဒဏ်ရာများ ရရှိထားသော်လည်း တစ်ဦးအတွက် တစ်ဦး အချိန်ဆွဲပေးကာ အသက်ကိုရင်း၍ တိုက်ပွဲဝင်ခဲ့ကြသည်။
ယွီရှန်းသည်လည်း သူ မယှဉ်နိုင်မှန်း သိသိကြီးနှင့် သားရဲဘုရင် သုံးကောင်ကို ရင်ဆိုင်တားဆီးရန် စိတ်ပိုင်းဖြတ်ကာ ရပ်တည်ခဲ့သည်။
ယင်းမှာ လင်းဖုန်းအတွက်လည်း အကြောင်းရင်းတစ်ခုပင်။ သူ ရှင်သန်ရန် အချိန်သိပ်မကျန်တော့လျှင်ပင် သူသည် သိုင်းသမားတစ်ဦး ဖြစ်သကဲ့သို့ လူသားမျိုးနွယ်၏ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်သည်။ ယခုအချိန်တွင် သူသည်လည်း အခြားသော သိုင်းသမားများ၊ လူသားများကဲ့သို့ပင် တူညီသော ဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည်။ ယင်းမှာ ထိုသားရဲဘုရင် သုံးကောင်ကို နောက်မဆုတ်တမ်း ရင်ဆိုင်ခုခံရန်ပင်။
“လာစမ်း...”
လင်းဖုန်းသည် ဓားမော့ကို ဆုပ်ကိုင်ကာ ထိုနေရာတွင်ပင် ငြိမ်သက်စွာ ရပ်နေသော်လည်း သူ၏ ကိုယ်ပေါ်မှ အရှိန်အဝါမှာမူ တဟုန်ထိုး မြင့်တက်လာနေသည်။ ဘုရင်အဆင့် ကြမ်းကြုတ်သားရဲများဖြစ်ကြသော သားရဲဘုရင်များမှာ ကြမ်းကြုတ်သားရဲများကြားတွင်ပင် ပြိုင်ဘက်ကင်းတည်ရှိမှုများ ဖြစ်ကြသည်။
အချို့ကလည်း သားရဲဘုရင်များသည် ပရော်ဖက်ရှင်နယ် သိုင်းသမားများကြားတွင်လည်း ပြိုင်ဘက်ကင်းများ ဖြစ်သည်ဟု ဆိုကြသည်။
ပရော်ဖက်ရှင်နယ် သိုင်းသမားများကို အဆင့်တစ် မှ အဆင့်ကိုးအထိသာ သတ်မှတ်ထားသည်။ အဆင့်ကိုးထက် မြင့်သော ဘုရင်အဆင့် ဟူ၍ မရှိဘဲ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခြင်းသာ ရှိသည်။ သို့သော် ပရော်ဖက်ရှင်နယ် သိုင်းသမားများမှာ ဘုရင်အဆင့် သားရဲများကို မယှဉ်နိုင်သည်မှာလည်း အမှန်ပင်။
ဒဏ္ဍာရီများအရ တစ်ခါတုန်းက နတ်ဆိုးဘုရင် တုန်ဖန်းရှန်သည် သားရဲဘုရင် တစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့ဖူးသည်။ ထိုသူမှအပ ကျန်ရှိသော သိုင်းသမားများထဲတွင် သားရဲဘုရင်ကို ရင်ဆိုင်သတ်ဖြတ်နိုင်သူ မရှိသလောက်ပင်။
မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော သာလွန်လူသား ကျွမ်းကျင်သူများသာလျှင် သားရဲဘုရင်များကို ရင်ဆိုင်သတ်ဖြတ်နိုင်ကြသည်။ ဤသည်မှာ လူတိုင်း လက်ခံထားသော သံမဏိစည်းမျဥ်းတစ်ခုပင်။ သို့သော် ယခုမူ လင်းဖုန်းသည် ထိုစည်းမျဥ်းကို စိန်ခေါ်ရန် ပြင်လိုက်ပြီ ဖြစ်သည်။
ဝှစ်...
လင်းဖုန်းသည် ဓားမော့ကို ဆွဲထုတ်ကာ သူ့ထံသို့ အရင်ဦးတည် ပြေးဝင်လာသော နှာမောင်းရှည်သားရဲကြီးကို ခုတ်ပိုင်းတိုက်ခိုက်လိုက်သည်။ လင်းဖုန်း၏ ဓားချက်မှာ မျက်စိဖြင့် မမြင်နိုင်လောက်အောင်ပင် လျင်မြန်လှပြီး သူ့ခန္ဓာကိုယ်အတွင်းရှိ ခွန်အားအလုံးစုံကို အစွမ်းကုန် ထုတ်ဖော်တိုက်ခိုက်လိုက်သည်။
“ဝဲကယက်စွမ်းအား... ပထမအဆင့်”
ဝုန်း...
လင်းဖုန်းသည် ဝဲကယက်စွမ်းအားကို ချက်ချင်း အသုံးပြုလိုက်သည်။ တစ်ခဏအတွင်းမှာပင် သူ၏ ခန္ဓာကိုယ် ခွန်အားမှာ နှစ်ဆ တိုးမြင့်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားနှင့် လျှပ်စီးဓားမော့သိုင်းတို့ ပေါင်းစပ်လိုက်သောအခါ ဖျက်ဆီးနိုင်စွမ်းမှာ အံ့မခန်းလှပေ။
ဘုန်း...
လင်းဖုန်း၏ ဓားခုတ်ချက်အောက်တွင် ၁၆ တန်ကျော်သော ခွန်အားများ ပေါက်ကွဲထွက်သွားသည်။ ခွန်အားကြီးမားလှပါသည်ဆိုသော သားရဲဘုရင် နှာမောင်းရှည်သားရဲကြီးပင်လျှင် ခဏမျှ တုန်ခါသွားရသည်။ သားရဲကြီး၏ ရှည်လျားသော နှာမောင်းပေါ်တွင်လည်း ကြောက်မက်ဖွယ်ကောင်းသော ဓားရာတစ်ခု ပေါ်လာသည်။
လင်းဖုန်းသည် နှာမောင်းရှည်သားရဲဘုရင်ကို ဓားတစ်ချက်တည်းနှင့်ပင် တားဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
“ဒီဓားချက်က...”
ရွှေယွမ်ရှန်းမှာ မယုံနိုင်ဖြစ်နေသကဲ့သို့ မျက်လုံးများ ပြူးကျယ်သွားရသည်။
“ဒီလိုခွန်အားမျိုး... ငါ့ရဲ့ ဒေါသပေါက်ကွဲခြင်း အခြေအနေထက်တောင် ပိုပြီးတော့ သန်မာနေသေးတယ်။ သူလည်း အထူးစွမ်းအား ရှိနေတာလား”
အာဏာရှင်ပုဆိန် ဂေါင်ထျန်းချီလည်း အံ့သြသွားသည်။ ခွန်အားအပိုင်းတွင် သူသည် မည်သူ့ကိုမျှ မရှုံးဟု ယုံကြည်ထားသော်လည်း လင်းဖုန်း၏ ဓားချက်မှ ထွက်ပေါ်လာသော ခွန်အားမှာ အမှန်တကယ်ပင် အထွတ်အထိပ်သို့ ရောက်ရှိနေသည်။ ထိုခွန်အားမျိုးကို သူ မယှဉ်နိုင်ပေ။
“မဟုတ်ဘူး... ဒါက အထူးစွမ်းအား မဟုတ်ဘူး။ ဒါက ပြိုင်ဘက်ကင်းလက်သီးပဏ္ဍိတ ဖန်တီးခဲ့တဲ့ ကိုးဆင့်ခန္ဓာကိုယ်ကျင့်စဉ်ပဲ။ သူ ဒါကို ကျွမ်းကျင်နေလိမ့်မယ်လို့ ငါ မျှော်လင့်မထားမိဘူး...”
ယွီရှန်း၏ မျက်ဝန်းထဲတွင် စူးရှသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူသည် ထူးကဲသော ပါရမီ သို့မဟုတ် အထူးစွမ်းအားများ မရှိသော်လည်း သိုင်းပညာအပေါ် နားလည်နိုင်စွမ်းမှာ အလွန်မြင့်မားလှသည်။
ထို့ကြောင့် ယွီရှန်းသည် ဆန်းကြယ်နက်နဲသော သိုင်းပညာများစွာကို တတ်မြောက်ထားခြင်း ဖြစ်သည်။ ကိုးဆင့်ခန္ဓာကိုယ်ကျင့်စဉ်မှာ ပြိုင်ဘက်ကင်းလက်သီးသူတော်စင် ဖန်တီးခဲ့သော အလွန်နက်နဲပြီး အစွမ်းထက်သည့် သိုင်းပညာဖြစ်ကာ ယွီရှန်းကိုယ်တိုင်လည်း လေ့ကျင့်ခဲ့ဖူးသည်။
သို့သော် သူ မအောင်မြင်ခဲ့ပေ။ ယင်းမှာ ယွီရှန်း မတတ်မြောက်နိုင်ခဲ့သော သိုင်းပညာ အနည်းငယ်ထဲမှ တစ်ခု ဖြစ်သည်။ လင်းဖုန်းက ယင်းကို တတ်မြောက်နေသည်ကို မြင်သောအခါ ယွီရှန်း မည်သို့ အားကျဝမ်းသာခြင်း မရှိဘဲ နေနိုင်ပါမည်နည်း။
သို့သော် ကိုးဆင့်ခန္ဓာကိုယ်ကျင့်စဉ်ကို အသုံးပြုထားလျှင်ပင် လင်းဖုန်း၏ ပထမအချီတိုက်ခိုက်မှုမှာ အနည်းငယ် နိမ့်ပါးနေပုံရသည်။ သူသည် နှာမောင်းရှည်သားရဲကြီး၏ တန်ပြန်အားကြောင့် နောက်သို့ လွင့်ထွက်သွားပြီး သားရဲကြီးမှာမူ အပေါ်ယံဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သည်။
ထိုသားရဲကြီးမှာ အလွန် ဒေါသထွက်သွားသည်။ လင်းဖုန်းကဲ့သို့ ပုရွက်ဆိတ်တစ်ကောင်က သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်သည်လား။ ထို့ကြောင့် နှာမောင်းရှည်သားရဲဘုရင်သည် နှာမောင်းကို ထပ်မံ ဝေ့ယမ်းလိုက်သည်။ နှာမောင်းကြီးသည် လေထဲတွင် တရွှီရွှီမြည်သံနှင့်အတူ ဧရာမ ကျာပွတ်ကြီးတစ်ခုအလား လင်းဖုန်းထံသို့ ရိုက်ချလိုက်တော့သည်။
လင်းဖုန်း နောက်သို့ ခြေလှမ်း ၁၀ လှမ်းခန့် ဆုတ်လိုက်ရသော်လည်း သူ၏ စိတ်အစဥ်မှာမူ ပိုမို တည်ကြည်လေးနက်လာသည်။
“ဝဲကယက်စွမ်းအား... ဒုတိယအဆင့်”
ဝဲကယက်စွမ်းအား ဒုတိယအဆင့်မှာ ထပ်မံ ပေါက်ကွဲထွက်လာပြန်သည်။ ဤတစ်ကြိမ်တွင် လင်းဖုန်း၏ ခွန်အားမှာ ၁၆ တန်အထိ တိုးမြင့်သွားသည်။ သူ၏ မူလခွန်အား ၈ တန်နှင့် ပေါင်းလိုက်လျှင် စုစုပေါင်း ၂၄ တန် ဖြစ်သည်။
၂၄ တန်သော ခွန်အားမှာ မည်မျှအထိ ပြင်းထန်မည်နည်း။ လင်းဖုန်းကိုယ်တိုင်ပင် မသိပေ။ အကြောင်းမှာ သူသည် ကိုးဆင့်ခန္ဓာကိုယ်ကျင့်စဉ်၏ ဒုတိယအဆင့်နှင့် တတိယအဆင့်တို့ကို တတ်မြောက်ပြီးကတည်းက တိုက်ပွဲတွင် အသုံးမပြုခဲ့ဖူးသောကြောင့် ပင်။
ဓားအလင်းတန်း တစ်ချက် လက်သွားပြီးနောက် လင်းဖုန်း၏ ဓားသည် နှာမောင်းရှည်သားရဲကြီး၏ နှာမောင်းကို တိုက်ရိုက် ထိမှန်သွားသည်။
ရွှစ်...
လင်းဖုန်း၏ ဓားမှာ ထိုဧရာမ နှာမောင်းကြီးကို အလွယ်တကူပင် ဖြတ်တောက်သွားတော့သည်။ နီဆွေးနေသော သွေးပုပ်များမှာ လင်းဖုန်း၏ တစ်ကိုယ်လုံးပေါ်သို့ မိုးရေများအလား ကျဆင်းလာသည်။
နှာမောင်းရှည်သားရဲကြီးမှာ ဦးခေါင်းကို ကမန်းကတမ်း ခါယမ်းကာ နာကျင်စွာ အော်ဟစ်လိုက်ရသည်။ ၎င်း၏ ဧရာမ ကိုယ်ခန္ဓာကြီးမှာလည်း မြေပြင်ပေါ်သို့ တိုက်ရိုက် ပြိုလဲကျသွားတော့သည်။ သားရဲကြီးမှာ မသေသေးသော်လည်း နှာမောင်း ဖြတ်တောက်ခံလိုက်ရသဖြင့် နာကျင်မှုကြောင့် ရူးသွပ်သွားတော့သည်။ ၎င်း၏ တောင်တစ်တောင်အလား ကြီးမားသော ကိုယ်ခန္ဓာကြီး ပြိုလဲကျမှုကြောင့် မြေပြင်တစ်ခုလုံးပင် ငလျင်ငယ်တစ်ခု လှုပ်ခတ်သွားသကဲ့သို့ တုန်ခါသွားရသည်။
ရွှေယွမ်ရှန်းနှင့် ဂေါင်ထျန်းချီတို့မှာ ပါးစပ်အဟောင်းသားနှင့် မှင်သက်နေကြတော့သည်။ ယွီရှန်းပင်လျှင် တစ်စုံတစ်ခုကို ပြောရန် ကြိုးစားသော်လည်း စကားလုံးများမှာ လည်ချောင်းဝတွင် တစ်ဆို့နေပြီး သူ၏ မျက်ဝန်းထဲတွင်မူ အံ့သြတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
သာမန်သိုင်းသမားတစ်ဦးက သားရဲဘုရင်တစ်ကောင်ကို မည်သို့ အနိုင်ယူနိုင်ပါသနည်း။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ခြင်း မရှိသေးဘဲ သားရဲဘုရင်ကို အနိုင်ယူရန် မဖြစ်နိုင်ဟု သတ်မှတ်ထားသည် မဟုတ်ပါလား။
မြေပြင်ပေါ်တွင် နာကျင်စွာ လူးလိမ့်နေသော နှာမောင်းရှည်သားရဲကြီးကို ကြည့်ရင်း လင်းဖုန်း၏ အကြည့်များမှာ ပိုမို ရဲရင့်ပြတ်သားလာသည်။
သားရဲဘုရင် ဖြစ်နေတော့ရော ဘာဖြစ်လဲ။ သားရဲတွေကြားမှာ ပြိုင်ဘက်ကင်းတဲ့ အရှင်ဘုရင်တွေ ဖြစ်နေတော့ရော ဘာဖြစ်လဲ။
သူ ထိုသားရဲဘုရင်ကို သတ်ဖြတ်နိုင်ဆဲပင်။