← Chapters

သေမင်းနှင့် ရင်ဆိုင်ခြင်း

Vol. 4 Ch. 52

သေမင်းနှင့် ရင်ဆိုင်ခြင်း

Vol. 4 Ch. 52

ဧရာမ နှာမောင်းရှည်သားရဲကြီးမှာ မြေပြင်ပေါ်တွင် နာကျင်စွာ အော်ဟစ်နေဆဲပင်။ လင်းဖုန်းသည် သူ၏ ဓားမော့ကို ဆုပ်ကိုင်ထားသော်လည်း အသက်ကို ပြင်းထန်စွာ အမောတကော ရှူနေရသည်။ သူသည် ဤတိုက်ပွဲတွင် ဒဏ်ရာ အပြင်းအထန် မရရှိသေးသော်လည်း သူ၏ ခံနိုင်ရည်စွမ်းအရ ဤအခြေအနေကို ကြာရှည် တောင့်ခံနိုင်တော့မည် မဟုတ်ကြောင်း မသဲမကွဲ ခံစားနေရသည်။ ဤသည်မှာ တိုက်ပွဲ မည်မျှအထိ ပြင်းထန်ကြောင်း ပြသရန် လုံလောက်ပေသည်။

သားရဲဘုရင် တစ်ကောင်မှာ ကိုင်တွယ်ရန် မလွယ်ကူလှပေ။ ထို့အပြင် ယခုတွင် နှာမောင်းရှည်သားရဲအပြင် အခြားသော သားရဲဘုရင် နှစ်ကောင်လည်း ကျန်ရှိနေသေးသည် မဟုတ်ပါလား။

နှာမောင်းရှည်သားရဲ လင်းဖုန်း၏ ဓားချက်ကြောင့် ဒဏ်ရာရသွားသည်ကို မြင်သောအခါ ကျန်ရှိသော ဆူးချွန်သားရဲဘုရင်နှင့် တီကောင်ကြီးနှင့်တူသော သားရဲဘုရင်တို့မှာ ရူးသွပ်စွာဖြင့် ရှေ့သို့ တစ်ဟုန်ထိုး ပြေးဝင်လာကြတော့သည်။

“သတိထား လင်းဖုန်း...”

နောက်ဘက်မှ ယွီရှန်းနှင့် အခြားသူများက စိုးရိမ်တကြီး သတိပေးလိုက်သည်။ ဤကဲ့သို့သော တိုက်ပွဲမျိုးတွင် သူတို့အနေဖြင့် ဝင်ရောက် စွက်ဖက်ရန် မစွမ်းသာတော့ကြောင်း သူတို့ ကောင်းကောင်း နားလည်လိုက်ကြသည်။ ယွီရှန်းသည် မိမိကိုယ်ကိုယ် နဂါးတောင် အခြေစိုက်စခန်း၏ ထိပ်တန်း သိုင်းသမားတစ်ဦးဟု ထင်မှတ်ထားခဲ့သလို အကျိုးပြုမှတ်စာရင်းတွင်လည်း ထိပ်တန်း သုံးယောက်စာရင်းဝင် ဖြစ်သည်။

သို့သော် ယခုကဲ့သို့ တိုက်ပွဲမျိုးတွင်မူ သူ ဝင်ရောက်ကူညီရန်ပင် ခက်ခဲနေခဲ့ပြီ။ လင်းဖုန်း... သူ တစ်ယောက်တည်း တောင့်ခံနိုင်ပါ့မလား။

အမှန်တကယ်တန်းတွင် ယွီရှန်း တစ်ယောက်တည်းသာ စိုးရိမ်နေသည် မဟုတ်ဘဲ လင်းဖုန်းကိုယ်တိုင်လည်း သေချာရေရာမှု မရှိပေ။ ခုနက နှာမောင်းရှည်သားရဲနှင့် တိုက်ခိုက်စဉ်က သူသည် အချို့နေရာများတွင် အသာစီးရယူနိုင်ခဲ့သည်။ ခွန်အားချင်း သက်သက် ယှဉ်ပြိုင်မည်ဆိုပါက လင်းဖုန်းသည် သားရဲဘုရင်များကိုပင် ကြောက်စရာ မလိုပေ။

သို့သော် သားရဲဘုရင်တိုင်းမှာ ထိုနှာမောင်းရှည်သားရဲကဲ့သို့ ခွန်အားသက်သက်ကိုသာ အသုံးပြုကြသည် မဟုတ်ပေ။

ဆူးချွန်သားရဲဘုရင်၏ ကိုယ်ပေါ်မှ ဆူးများမှာ အခိုင်မာဆုံးသော တိုက်ပွဲဝင်ဓားများထက်ပင် ပို၍ ထက်မြက်လှသည်။ ဆူးချွန်သားရဲဘုရင်သည် လင်းဖုန်းထံသို့ တဟုန်ထိုး ပြေးဝင်လာပြီး အနီးသို့ ရောက်သောအခါ သူ့ခန္ဓာကီုယ်မှ ဆူးချွန်များကို လင်းဖုန်းထံသို့ ဦးတည်ပစ်လွှတ်လိုက်တော့သည်။

ဆူးချွန်များမှာ မိုးစက်မိုးပွားများကဲ့သို့ အရေအတွက် များပြားလွန်းလှသည်သာမက အလွန်တရာ လျင်မြန်လှသဖြင့် လင်းဖုန်းပင်လျှင် ၎င်းတို့၏ လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။ သူ၏ လျှပ်စီးဓားမော့သိုင်းမှာ မည်မျှပင် မြန်ဆန်သွက်လက်နေပါစေ ဆူးချွန်များစွာကို တစ်ပြိုင်နက်တည်း မည်သို့ ဖြတ်တောက်ပိတ်ဆို့နိုင်ပါမည်နည်း။

လင်းဖုန်းသည် သူ၏ တစ်ကိုယ်လုံးကို ကာကွယ်ရန်အတွက် အမှုန်ဖြတ်ဓားမော့ကို ပုံရိပ်ယောင်များ ထင်ကျန်သည်အထိ ဝေ့ယမ်းကာ ကာကွယ်သော်လည်း ထက်မြသော ဆူးချွန်အချို့မှာ လင်းဖုန်း၏ ကိုယ်ပေါ်သို့ စိုက်ဝင်သွားသည်။ လင်းဖုန်း၏ ခန္ဓာကိုယ်မှာ ကြံခိုင်သန်မာလှသည် ဆိုသော်ငြား သူ၏ ပြိုင်ဘက်မှာ သားရဲဘုရင်တစ်ကောင် ဖြစ်သည်။ သားရဲဘုရင်တစ်ကောင်၏ အထူးစွမ်းအားကိုမူ သာလွန်လူသား ကျွမ်းကျင်သူ မဟုတ်ပါက မည်သူမျှ တောင့်ခံနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

လင်းဖုန်း နောက်သို့ ခြေဆယ်လှမ်းခန့် ဆက်တိုက် ဆုတ်လိုက်ရသည်။ သူ၏ တစ်ကိုယ်လုံးမှာ ဆူးချွန်ရာများဖြင့် ပြည့်နှက်သွားကာ ထိုဒဏ်ရာများမှ သွေးများ တလဟော စိမ့်ထွက်လာပြီး တစ်ခဏအတွင်းမှာပင် တစ်ကိုယ်လုံး သွေးချင်းချင်းနီသွားတော့သည်။

ကံကောင်းထောက်မစွာပင် လင်းဖုန်း၏ ခန္ဓာကိုယ်မှာ အလွန် ကြံ့ခိုင်သန်မာလှသည်။ သူသည် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့သော်လည်း တိုက်ပွဲဝင်နိုင်စွမ်း မဆုံးရှုံးသေးပေ။ ထို့အပြင် သူ၏ ထူးခြားသော ခန္ဓာကိုယ် တည်ဆောက်ပုံကြောင့် အတိုင်းအတာတစ်ခုအထိ ပြန်လည် ကုသနိုင်စွမ်း ရှိသဖြင့် သူ၏ ဒဏ်ရာများမှာ ပို၍ ဆိုးရွားမလာခဲ့ပေ။

ဆူးချွန်သားရဲ၏ တိုက်ခိုက်မှုကြောင့် လင်းဖုန်း အထိနာသွားစဉ်မှာပင် နောက်ဘက်မှ ဧရာမတီကောင်ကြီးနှင့်တူသော သားရဲဘုရင်မှာ လင်းဖုန်း၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ လင်းဖုန်းသည် ဤသားရဲဘုရင်ထံမှ ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားနေရသည်။

သားရဲဘုရင် သုံးကောင်ထဲတွင် ဤအကောင်မှာ အသန်မာဆုံး ဖြစ်ပေလိမ့်မည်။

မျှော်လင့်ထားသည့်အတိုင်းပင် ထိုသားရဲကြီးသည် လင်းဖုန်း၏ ရှေ့သို့ ရောက်သည်နှင့် အဖြူရောင် အမြှုပ်များကို ထွေးထုတ်လိုက်သည်။ လင်းဖုန်း လန့်ဖြန့်သွားသည်။ ထိုအမြှုပ်များမှာ အလွန်ပြင်းထန်သော တိုက်စားနိုင်စွမ်း ရှိပြီး ရွံရှာဖွယ် အနံ့အသက်များ ထွက်ပေါ်နေသည်။

“ဝဲကယက်စွမ်းအား... တတိယအဆင့်”

လင်းဖုန်းသည် ဒဏ်ရာများကို ဂရုမစိုက်နိုင်တော့ဘဲ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝဲကယက်စွမ်းအား သုံးဆင့်စလုံးကို ပေါက်ကွဲထွက်စေလိုက်သည်။ ဤအချိန်တွင် သူ ဘာကိုမျှ ချန်မထားတော့ပေ။ ၃၂ တန်ကျော်သော ခွန်အားများကို လက်ထဲမှ ဓားမော့ပေါ်တွင် အလုံးစုံ စုစည်းလိုက်သည်။

“ခုတ်ပိုင်းစမ်း...”

အံ့မခန်းလျင်မြန်အားကောင်းလှသော ဓားအလင်းတန်းသည် ထိုသားရဲကြီးထံသို့ တိုက်ရိုက် ကျရောက်သွားသည်။ ဧရာမသားရဲကြီးသည် အသားတောင်ကြီးတစ်တောင်အလား ဖြစ်နေပြီး ထိုးသားရဲကြီးနှင့်ယှဉ်လျှင် ၎င်း၏ ရှေ့တွင်ရှိသော လင်းဖုန်းမှာ ပုရွတ်ဆိတ်တစ်ကောင်အလား သေးငယ်လှသည်။

သူသည် ၃၂ တန်ကျော်သော ခွန်အားကို အသုံးပြုကာ သားရဲကြီး၏ ဝမ်းဗိုက်ကို ပြတ်သားစွာ ခုတ်ချလိုက်သည်။ သို့သော်လည်း လင်းဖုန်းသည် ဂွမ်းပုံကြီးကို ခုတ်လိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ ခွန်အားများမှာ မည်သည့်နေရာသို့ ရောက်သွားမှန်း မသိဘဲ ဖြစ်နေသည်။

စင်စစ်တွင်လည်း သားရဲကြီး၌ သွေးထွက်ရုံသာ ရှိသော အပေါ်ယံဒဏ်ရာမျှသာ ရရှိခဲ့သည်။

“ဝုန်း...”

သို့သော်လည်း ထိုသားရဲကြီးမှာ အတော်လေး နာကျင်သွားပုံရသည်။ ထို့နောက် သားရဲကြီးသည် နာကျင်စွာ ဟိန်းဟောက်လိုက်ပြီး ၎င်း၏ ကိုယ်ပေါ်မှ အင်္ဂါအစိတ်အပိုင်းများမှာ လက်မောင်းလက်တံများအလား လင်းဖုန်းထံသို့ အရပ်မျက်နှာအနှံ့မှ ဝိုင်းရံ တိုက်ခိုက်လာတော့သည်။

“ဝဲကယက်စွမ်းအား... တတိယအဆင့်”

လင်းဖုန်းသည် ယခုအချိန်တွင် အသည်းအသန် ခုခံနေရပြီ ဖြစ်သည်။ သူသည် ဝဲကယက်စွမ်းအား တတိယအဆင့်ကို ထပ်ခါတလဲလဲ အသုံးပြုခဲ့သော်လည်း ထိုသားရဲကြီး၏ တိုက်ခိုက်မှုများကို မသေရုံတစ်မည် တောင့်ခံနေနိုင်ရုံမျှသာ ရှိသည်။

ရွှစ်...

တစ်ခါတစ်ရံတွင် လင်းဖုန်းသည် ထိုလက်တံများကို ဓားချက်တစ်ချက်တည်းဖြင့် ဖြတ်တောက်နိုင်ခဲ့သည်။ ထိုအင်္ဂါအစိတ်အပိုင်းများမှာ မြေပြင်ပေါ်တွင် တစ်ဆတ်ဆတ် တွန့်ခါလူးလိမ့်နေပြီး ခဏချင်းအတွင်းမှာပင် ရွံရှာဖွယ် အရည်များအဖြစ် ပြောင်းလဲသွားသည်။

သို့သော် ထူးဆန်းသည်မှာ လင်းဖုန်းက ထိုလက်တံနှင့်တူသော အင်္ဂါအစိတ်မပိုင်းတို့ကို ဖြတ်တောက်လိုက်တိုင်း ထိုသားရဲကြီးမှာ ခဏမျှသာ ရူးသွပ်သွားပြီး ၎င်း၏ လက်တံများမှာ အလွန် လျင်မြန်စွာ ပြန်လည် ပေါက်ဖွားလာခြင်း ဖြစ်သည်။ ယင်းမှာ သားရဲကြီးအပေါ် များစွာ ထိခိုက်မှု ရှိပုံမရပေ။

“ကိုယ်အင်္ဂါ ပြန်လည်ပေါက်ဖွားနိုင်စွမ်းလား...”

လင်းဖုန်း ထိုဖြစ်နိုင်ခြေကို တွေးမိလိုက်သည်။ အတိတ်တွင် အချို့သော သားရဲများ၌ ပြတ်တောက်သွားသော ကိုယ်အင်္ဂါများကို ပြန်လည် ပေါက်ဖွားစေနိုင်သည့် အထူးစွမ်းအား ရှိကြသည်။

ဤသားရဲကြီးတွင်လည်း အလားတူ စွမ်းအား ရှိနေသည်မှာ ထင်ရှားလှသည်။ အကယ်၍ သူသာ ဤသားရဲနှင့် ဆက်လက် တိုက်ခိုက်နေပါက လင်းဖုန်းသာလျှင် အားအင်ကုန်ခမ်း၍ သေဆုံးသွားပေလိမ့်မည်။

အကြောင်းမှာ လင်းဖုန်းသည် ဝဲကယက်စွမ်းအား တတိယအဆင့်ကို အသုံးပြုလိုက်တိုင်း သူ၏ ခန္ဓာကိုယ်အတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေသောကြောင့် ဖြစ်သည်။ ပုံမှန်အခြေအနေတွင် သူသည် ဝဲကယက်စွမ်းအား တတိယအဆင့်ကို ဆယ်ကြိမ်ခန့်သာ အသုံးပြုနိုင်သည်။ ယခုတွင် သူသည် ဒဏ်ရာရရှိထားသဖြင့် ဆယ်ကြိမ်ပင် ပြည့်အောင် အသုံးပြုရန် ခဲယဉ်းလှပေလိမ့်မည်။

အကယ်၍ ကန့်သတ်ချက်ကို ကျော်လွန်သွားပါက သူ၏ ခန္ဓာကိုယ်မှာ တောင့်မခံနိုင်ဘဲ ပြိုလဲသွားပေလိမ့်မည်။ သို့သော် သူသာ ဝဲကယက်စွမ်းအား ပထမအဆင့် သို့မဟုတ် ဒုတိယအဆင့်သာ အသုံးပြုမည်ဆိုပါက ဤသားရဲကြီး၏ တိုက်ခိုက်မှုများကို မည်သို့မျှ ခုခံနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် လင်းဖုန်းမှာ ယခုတွင် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။ အခြေအနေမှာ အလွန်ပင် စိုးရိမ်ရသည်။ ဆူးချွန်သားရဲမှာလည်း တိုက်ပွဲထဲသို့ ဝင်ရောက်လာပြန်သဖြင့် လင်းဖုန်းသည် သားရဲဘုရင် နှစ်ကောင်၏ သေစေနိုင်သော တိုက်ခိုက်မှုကို အချိန်မရွေး ခံရနိုင်သော အနေအထားတွင် ရှိနေသည်။

ထိုအချိန်တွင် ယွီရှန်းနှင့် အခြားသူများမှာလည်း လင်းဖုန်း၏ အန္တရာယ်ရှိသော အခြေအနေကို မြင်နေရသည်။

ရွှေယွမ်ရှန်းက ခါးသီးစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။

“ငါတို့သာ လှုပ်ရှားနိုင်သေးရင် အဲဒီဆူးချွန်သားရဲကို အနည်းဆုံးတော့ အချိန်ဆွဲထားလို့ ရနိုင်သေးတယ်။ ဒါဆိုရင် လင်းဖုန်းအတွက် ဖိအား လျော့သွားမှာပဲ။ အချိန်တစ်ခုအထိ ဆွဲထားနိုင်ရင် တိုက်ပွဲအခြေအနေ ပြောင်းလဲသွားတာကို ငါတို့ စောင့်နိုင်ဦးမယ်”

“ဒါက မဖြစ်နိုင်သလောက်ပါပဲ။ ဒီသားရဲတွေက ဒီနောက်ဆုံးတိုက်ပွဲအတွက် သေချာ ပြင်ဆင်လာကြတာ။ ကြည့်လိုက်လေ... သာလွန်လူသားတွေတောင် တိုက်ပွဲမှာ ပိတ်မိနေပြီး ငါတို့ကို လာမကူညီနိုင်ကြဘူး”

အာဏာရှင်ပုဆိန် ဂေါင်ထျန်းချီမှာ ကြမ်းတမ်းအရိုင်းဆန်သော လူသန်ကြီးဟု ထင်ရသော်လည်း သူသည် အလွန် စေ့စေ့စပ်စပ် တွေးခေါ်တတ်သူ ဖြစ်သည်။ သူသည်လည်း သာလွန်လူသားများနှင့် နတ်ဆိုးများကြား တိုက်ပွဲကို အကဲခတ်နေခဲ့သည်။ ကံဆိုးစွာဖြင့် စစ်သေနာပတိချုပ် ကိုယ်တိုင် တိုက်ပွဲဝင်နေသော်လည်း တိုက်ပွဲမှာ အချိန်တစ်ခုအထိ ဆက်လက် ရှိနေဦးမည်မှာ အသေအချာပင်။

သူတို့ကို ကူညီရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်တော့ပေ။ သူတို့သာမက ထိုသာလွန်လူသားများ ကိုယ်တိုင်ပင် အန္တရာယ်ရှိနေသည့် အနေအထား ဖြစ်သည်။

ယွီရှန်းသည် အံကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်။

“ငါ တက်သွားပြီး သားရဲဘုရင်တစ်ကောင်ကို အချိန်ဆွဲထားမယ်”

ထို့နောက် ယွီရှန်းသည် ရှေ့သို့ ခုန်ဝင်လိုက်ပြီး သူ၏ လျင်မြန်သော ကိုယ်ဖော့သိုင်းကို အသုံးပြုကာ ဆူးချွန်သားရဲထံသို့ ပြေးဝင်သွားသည်။ သူသည် ထိုသားရဲကို အနိုင်ယူရန် မျှော်လင့်မထားဘဲ အချိန်ဆွဲထားရန်သာ ရည်ရွယ်ခြင်း ဖြစ်သည်။

သို့သော် ဆူးချွန်သားရဲမှာ အလွန်ပင် ကြမ်းတမ်းရက်စက်လှသည်။ ၎င်း၏ ကျောပေါ်မှ ဆူးများမှာ မကုန်ဆုံးနိုင်သကဲ့သို့ပင်။ ထိုဆူးချွန်များ ရုတ်ချည်း ပေါက်ကွဲထွက်လာကာ ယွီရှန်းထံသို့ ပိုက်ကွန်တစ်ခုအလား ထူထပ်စွာ ပျံသန်းရောက်ရှိလာသည်။

ယွီရှန်းသည် အဆက်မပြတ် ရွေ့လျားတိမ်းရှောင်သော်လည်း အလုံးစုံ ရှောင်တိမ်းနိုင်ခြင်း မရှိဘဲ ခန္ဓာကိုယ်ပေါ်သို့ ဆူးချွန်များ စိုက်ဝင်ခြင်း ခံလိုက်ရသည်။ ကံကောင်းထောက်မစွာပင် အရေးကြီးသော ကိုယ်အင်္ဂါများကို မထိမှန်ခဲ့ပေ။ သို့သော် သူ၏ တိုက်ပွဲဝင်နိုင်စွမ်းမှာ ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။ ထိုဆူးချွန်သားရဲကို အနည်းငယ်မျှပင် နှောင့်နှေးစေရန် အနှောက်အယှက် မပေးနိုင်ခဲ့ပေ။

ထိုအချိန်ကျမှ ယွီရှန်း နောင်တရမိလိုက်သည်။ သူသည် နဂါးတောင် အခြေစိုက်စခန်းတွင် မိမိကိုယ်ကိုယ် အလွန် သန်မာသည်ဟု အမြဲ ယုံကြည်ထားခဲ့သော်လည်း ဤသားရဲဘုရင်များနှင့် ရင်ဆိုင်ရချိန်တွင်မှ သူ မည်မျှအထိ အားနည်းကြောင်း သိရှိသွားခဲ့ရသည်။

လင်းဖုန်းသည် ဝဲကယက်စွမ်းအားကို ထပ်ခါတလဲလဲ အသုံးပြုနေခဲ့သည်။ အချိန်တိုအတွင်းမှာပင် သူသည် ဆယ်ကြိမ်ထက်မက အသုံးပြုခဲ့ပြီး ဖြစ်သည်။ သူ၏ အရေပြားများမှာ လုံးဝ ကွဲအက်ကုန်ပြီး တစ်ကိုယ်လုံး သွေးချင်းချင်းနီနေပြီ ဖြစ်သည်။ ယခုလက်ရှိတွင် သူသည် ပြိုလဲကျမသွားစေရန် စိတ်ဓာတ်ခိုင်မာမှု သက်သက်ဖြင့်သာ တောင့်ခံနေခြင်း ဖြစ်သည်။

“ဝဲကယက်စွမ်းအား... တတိယအဆင့်”

လင်းဖုန်း အံကြိတ်ကာ ဝဲကယက်စွမ်းအား တတိယအဆင့်ကို ထပ်မံ အသုံးပြုလိုက်သည်။ ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်အတွင်းမှ အက်ကွဲသံများ ထွက်ပေါ်လာသည်။ ချိုအီသော အရသာတစ်ခုမှာ လည်ချောင်းဝသို့ တက်လာပြီး အောင့်အည်းနိုင်ခြင်း မရှိတော့ဘဲ သွေးတစ်လုပ် အန်ထုတ်လိုက်ရသည်။

သူ၏ အားအင်များမှာ လုံးဝ ကုန်ခမ်းသွားပြီ ဖြစ်သည်။ ဤသည်မှာ လင်းဖုန်း အကန့်အသတ်သို့ ရောက်ရှိသွားခြင်းပင်။ သူသည် ဝဲကယက်စွမ်းအား တတိယအဆင့်ကို ထပ်မံ အသုံးမပြုနိုင်တော့ပေ။ စင်စစ်တွင် လင်းဖုန်းသည် ရွှေယွမ်ရှန်း၊ ဂေါင်ထျန်းချီနှင့် ယွီရှန်းတို့ကဲ့သို့ပင် တိုက်ပွဲဝင်နိုင်စွမ်း ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

“ထားလိုက်ပါတော့... ငါတို့လည်း ဒီတစ်ခါတော့ သူရဲကောင်းဆန်ဆန် သေကြရတော့မှာပေါ့”

“ညီလေး လင်းဖုန်း... ဆက်ပြီး တောင့်ခံမနေပါနဲ့တော့။ ပြန်ဆုတ်ခဲ့ပါ။ မင်း တတ်နိုင်သမျှ လုပ်ဆောင်ခဲ့ပြီးပြီပဲ။ အဆိုးဆုံးရှိလှ ငါတို့ အတူတူ သေကြရုံပေါ့”

“ညီလေး လင်းဖုန်း... ငါ ရွှေယွမ်ရှန်းအနေနဲ့ မင်းကို ဒီထက် စောစော သိခဲ့ရင် ကောင်းမှာပဲ။ ဒါပေမဲ့ ဒီနေ့ အတူတူ သေရတာကလည်း ငါတို့အတွက်တော့ သေအတူရှင်မတူ သူငယ်ချင်းတွေ ဖြစ်သွားတာပေါ့။ ဒါလည်း မတရားဘူးလို့ မဆိုနိုင်ပါဘူး”

ထိုအချိန်တွင် ရွှေယွမ်ရှန်း၊ ဂေါင်ထျန်းချီနှင့် ယွီရှန်းတို့မှာ ခုခံရန် လက်လျှော့လိုက်ကြပြီ ဖြစ်သည်။ လင်းဖုန်း ဆက်လက် မတောင့်ခံနိုင်တော့မှန်း သူတို့ သိလိုက်ကြသည်။ သူတို့ လေးဦးစလုံးအတွက် သေမင်းမှာ အနီးဆုံးသို့ ရောက်ရှိနေပြီ ဖြစ်သည်။

All Chapters