တစ်မိနစ်
Vol. 4 Ch. 54
"ဝုန်း..”
ရွှေယွမ်ရှန်းကို ဝါးမြိုလိုက်ပြီးနောက် တီကောင်သားရဲဘုရင်မှာ အလွန်ပင် စိတ်လှုပ်ရှားနေပုံရပြီး အရှိန်ပြင်းစွာဖြင့် ရှေ့သို့ တဟုတ်ထိုး တိုးဝင်လာသည်။
ယွီရှန်းနှင့် ဂေါင်ထျန်းချီတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့နှစ်ဦးစလုံး၏ မျက်ဝန်းထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်များကို မြင်နေရသည်။ ရွှေယွမ်ရှန်း သေဆုံးသွားခဲ့ပြီ။ သူတို့အနေဖြင့် ဤသားရဲများကို ရှေ့သို့ ထပ်တိုးခွင့် ပေး၍ မဖြစ်ပေ။ ရွှေယွမ်ရှန်း၏ စတေးမှုမှာ အလဟဿ မဖြစ်စေရပေ။
“လောင်ကျွမ်းစမ်း...”
“လောင်ကျွမ်းစမ်း”
ယွီရှန်းနှင့် ဂေါင်ထျန်းချီတို့သည်လည်း သူတို့၏ အသက်အနှစ်သာရကို လောင်ကျွမ်းစေသည့် တားမြစ်နည်းစနစ်များကို ချက်ချင်း အသုံးပြုလိုက်ကြသည်။ သူတို့၏ ကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ မျက်မြင်ထင်ရှားသော အရှိန်ဖြင့် ပြန်လည် သက်သာလာသည်။
ဂေါင်ထျန်းချီ၏ ကိုယ်ခန္ဓာမှာ အပြင်းအထန် ကြီးထွားလာသည်။ လက်ရှိဂေါင်ထျန်ချီမှာ ယခင်ကထက်ပင် ပိုမိုကြီးမားထွားကြိုင်းကာ လေးမီတာနီးပါး မြင့်မားသော လူ့ဘီလူးကြီးအဖြစ်သို့ ရုတ်ချည်း ပြောင်းလဲသွားသည်။
ယွီရှန်းမှာလည်း အားကျမခံပေ။ သူသည် သိုင်းပညာပေါင်းစုံကို ကျွမ်းကျင်သူပီပီ သူ၏ အရှိန်မှာ ပို၍ပင် လျင်မြန်လာသည်။ သူ၏ ကိုယ်ခန္ဓာမှာ လေထဲတွင် ပျံသန်းနေသကဲ့သို့ ခုန်ပျံသွားပြီး တစ်ခဏအတွင်း တီကောင်သားရဲဘုရင်၏ ရှေ့သို့ ရောက်ရှိသွားသည်။
ထိုတီကောင်သားရဲဘုရင်မှာ သားရဲများထဲတွင် အဆင့်အတန်း မြင့်မားပုံရသည်။ ၎င်းက ရှေ့ဆုံးမှ တိုက်ခိုက်နေချိန်တွင် ဆူးချွန်သားရဲမှာ ဘာမှမလုပ်ဘဲ နောက်ဘက်မှသာ လိုက်ပါလာသည်။ ဤသည်က ဂေါင်ထျန်းချီနှင့် ယွီရှန်းတို့အတွက် ဖိအားကို လျော့နည်းစေပြီး ထိုတီကောင်ကြီးကိုသာ အာရုံစိုက် အချိန်ဆွဲထားရန် အခွင့်အရေး ရစေသည်။
ဆယ့်ငါးစက္ကန့်... စက္ကန့်နှစ်ဆယ်... စက္ကန့်သုံးဆယ်...
ယွီရှန်းမှာ ရွှေယွမ်ရှန်းထက် ပို၍ လျင်မြန်ဖြတ်လတ်လှသည်။ ထို့အပြင် သူသည် ဂေါင်ထျန်းချီနှင့် ပူးပေါင်းကာ သားရဲကြီးကို ပိတ်ဆို့ထားသည်။ ဂေါင်ထျန်းချီက ရှေ့မှနေ၍ ထိပ်တိုက်ရင်ဆိုင်နေချိန်တွင် ယွီရှန်းက ဘေးဘက်မှနေ၍ နှောင့်ယှက်ကာ ကူညီပေးနေသည်။
သူတို့နှစ်ဦး၏ အပေးအယူမျှတသော ပူးပေါင်းတိုက်ခိုက်မှုကြောင့် တီကောင်သားရဲဘုရင်မှာ ရှေ့သို့ မတိုးနိုင်ဘဲ အရှိန်သေသွားသည်။ အချိန်များမှာ တရွေ့ရွေ့ ကုန်ဆုံးနေခဲ့ပြီ။
ထိုအခိုက်အတန့်တွင် လင်းဖုန်းသည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ စွမ်းအားအသစ်များ တစ်စတစ်စ တိုးဝင်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားနေရသည်။ သူ၏ ခန္ဓာကိုယ်နက်ရှိုင်းသော နေရာရှိ ဆဲလ်များအားလုံးမှာ ပြန်လည် နိုးထလာသကဲ့သို့ပင်။
ဤသည်မှာ အသစ်ပေါင်းစပ်လိုက်သော မျိုးရိုးဗီဇ၏ စွမ်းဆောင်မှုမှန်း သူသိလိုက်သည်။
"မြန်မြန်... ပိုမြန်အုံး..."
လင်းဖုန်း အလွန်ပင် စိုးရိမ်နေမိသည်။ ရွှေယွမ်ရှန်း သေဆုံးသွားသည်ကို သူသိသော်လည်း သူ ဘာမှမတတ်နိုင်ခဲ့ပေ။ ယခုလည်း သူ့အတွက် အစွမ်းကုန် အချိန်ဆွဲပေးနေသော ယွီရှန်းနှင့် ဂေါင်ထျန်းချီတို့သည်လည်း အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရပြန်ပြီ။
ထို့ကြောင့် သူသည် မျိုးရိုးဗီဇပေါင်းစပ်မှုကို အမြန်ဆုံး အဆုံးသတ်နိုင်မှ ဖြစ်မည်။
၃၅ စက္ကန့်... ၄၀ စက္ကန့်... ၄၅ စက္ကန့်...
ဘုန်း... ဘုန်း... ဘုန်း...
နောက်ဆုံးတွင် ဂေါင်ထျန်းချီမှာ ဆက်လက် မတောင့်ခံနိုင်တော့ပေ။ ၄၅ စက္ကန့် အရောက်တွင် သူသည် တီကောင်ကြီး၏ မရေမတွက်နိုင်သော အင်္ဂါများဖြင့် ထိုးနှက်ခြင်းကို ခံလိုက်ရသည်။ သူ၏ အရိုးများအားလုံး ကျိုးကြေသွားကာ ရွှံ့နွံပုံတစ်ခုအလား မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့သည်။
ဂေါင်ထျန်းချီသည် မျက်လုံးများကို ဖွင့်ထားဆဲပင်။ သူ၏ မျက်ဝန်းထဲတွင် ပြင်းထန်သော တိုက်ပွဲဝင်စိတ်ဓာတ်များ ပြည့်နှက်နေသော်လည်း အသက်စွမ်းအားများ ကုန်ခမ်းသွားသည်နှင့်အမျှ သူ၏ မျက်ဝန်းထဲမှ နောက်ဆုံး အလင်းတန်းမှာ လုံးဝ မှိန်ဖျော့ပျောက်ကွယ်သွားသွားသည်။
“ဂေါင်ထျန်းချီ”
ယွီရှန်း ဟိန်းဟောက်လိုက်သည်။ သူ၏ ရင်ဘတ်ပေါ်တွင် ဧရာမ ကျောက်တုံးကြီးတစ်ခုဖြင့် ဖိထားသကဲ့သို့ လေးလံနေကာ အသက်ရှူရန်ပင် ခက်ခဲလာသည်။ ကိုယ်နှင့် ရင်းနှီးကျွမ်းဝင်သော သူငယ်ချင်းအပေါင်းအသင်းတစ်ယောက် ကိုယ့်ရှေ့တွင် သေဆုံးသွားသည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေရခြင်းမှာ အလွန်ပင် ခံရခက်လှသည်။
ရွှေယွမ်ရှန်း သေပြီ။ ဂေါင်ထျန်းချီလည်း သေပြီ။ အကျိုးပြုမှတ်စာရင်း၏ ထိပ်တန်းသုံးယောက်ထဲတွင် သူတစ်ယောက်တည်းသာ ကျန်တော့သည်။ ယွီရှန်းသည် တစ်ကိုယ်လုံး ပေါက်ကွဲထွက်တော့မည့်အလား ခံစားနေရသည်။
“ရွှေယွမ်ရှန်းနဲ့ ဂေါင်ထျန်းချီ... မင်းတို့ အလကား သေသွားစေရမှာ မဟုတ်ဘူး”
ယွီရှန်း၏ မျက်လုံးများမှာ သွေးကဲ့သို့ ချင်းချင်းနီနေပြီး တီကောင်သားရဲဘုရင်ကို နက်နက်နဲနဲ စူးစိုက်ကြည့်လိုက်သည်။ ရွှေယွမ်ရှန်းနှင့် ဂေါင်ထျန်းချီတို့၏ စတေးမှုမှာ အချည်းနှီး ဖြစ်စေရန် သူလုံးဝ ခွင့်မပြုနိုင်ပေ။ သူ လုပ်နိုင်သည့် တစ်ခုတည်းသော အရာမှာ မည်သည့်နည်းလမ်းကို သုံးရပါစေ ဤသားရဲဘုရင်ကို အစွမ်းကုန် တားဆီးရန်ပင် ဖြစ်သည်။
ဝှစ်...
ယွီရှန်းသည် ဦးဆောင်ကာ တိုက်ခိုက်လိုက်သည်။ သူသည် သားရဲကြီး၏ လက်တံအင်္ဂါတစ်ခုကို ခုတ်ချလိုက်သော်လည်း ခွန်အား မလုံလောက်သဖြင့် ၎င်း၏ ရိုက်ထုတ်ခြင်းကို ခံလိုက်ရသည်။ ထို့နောက် လက်တံတစ်ခုက ယွီရှန်း၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်ပြန်သည်။
ဘုန်း...
ယွီရှန်း မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသော်လည်း ရုန်းကန်ကာ ပြန်ထလိုက်ပြန်သည်။
စက္ကန့် ၅၀။
ယွီရှန်းသည် အချိန်ကို စက္ကန့်နှင့်အမျှ ရေတွက်ရင်း တီကောင်သားရဲဘုရင်ထံသို့ ထပ်မံ ပြေးဝင်သွားသည်။
ဘုန်း...
နောက်ထပ် ရိုက်ချက်တစ်ခုကြောင့် ယွီရှန်း၏ လက်ဖဝါးများမှာ အသားဖတ်များအဖြစ် တိုက်ရိုက်ကြေမွသွားသည်။ သူ၏ လက်ဖဝါးနှစ်ဖက်စလုံး ဆုံးရှုံးသွားသော်လည်း သူသည် အဖိုးတန်သော အချိန်ကို အသက်နှင့်ရင်းကာ လဲလှယ်ရယူပေးနိုင်ခဲ့သည်။
၅၅ စက္ကန့်...
ဤသည်မှာ နောက်ဆုံးအကြိမ် ဖြစ်ပေလိမ့်မည်။ ယွီရှန်းသည် အသက်ကို ပြင်းပြင်းရှူကာ လုံးဝ နောက်မဆုတ်ခဲ့ပေ။ ယခုအကြိမ်တွင်မူ သူ၌ ကိုယ်ဖော့သိုင်း အသုံးပြုရန်ပင် အားအင် မကျန်တော့ပေ။
ဘုန်း...
ယွီရှန်းသည် လေထဲသို့ ထပ်မံ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသည်။ သူ၏ အမြင်အာရုံများမှာ ဝေဝါးနေပြီး ခန္ဓာကိုယ်အတွင်း၌ မည်သည့်အားအင်မျှ မကျန်တော့ကြောင်း သူ သိလိုက်သည်။
၅၈ စက္ကန့်... ၅၉ စက္ကန့်...
ယွီရှန်း သတိလစ်သွားခဲ့ပြီ။ သူ မသေသေးသော်လည်း ရှင်သန်ရန် မျှော်လင့်ချက်မှာ အလွန် နည်းပါးလှသည်။
တစ်မိနစ် ပြည့်သွားခဲ့ပြီ။ လင်းဖုန်း၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲထွက်တော့မည့်အလား ဆူပွက်နေသည်။ အပြင်ဘက်တွင် ဖြစ်ပျက်နေသမျှကို သူ သိရှိနေခဲ့သည်။ ရွှေယွမ်ရှန်းနှင့် ဂေါင်ထျန်းချီတို့ သေဆုံးသွားခဲ့ပြီဖြစ်ကာ ယွီရှန်းမှာလည်း မည်သို့ဖြစ်မည်ကို မသိနိုင်လောက်အောင် ပြိုလဲသွားခဲ့ပြီ။
သူတို့သည် လင်းဖုန်းအတွက် တစ်မိနစ်ရရှိရန် သူတို့၌ ရှိသမျှ အရာအားလုံးကို ရင်းနှီးပေးခဲ့ကြခြင်း ဖြစ်သည်။
ဤအခိုက်အတန့်တွင် လင်းဖုန်း၏ ဒေါသများမှာ ပေါက်ကွဲတော့မည့် မီးတောင်အလား ဆူပွက်လာပြီး သတ်ဖြတ်လိုစိတ်များမှာ ကောင်းကင်သို့ တိုင်အောင် မြင့်တက်လာခဲ့သည်။
ဝှစ်...
လင်းဖုန်း မျက်လုံးအစုံကို ဖွင့်လိုက်သည်။ သူ၏ အကြည့်မှာ အလွန်ပင် တည်ငြိမ်အေးစက်နေသော်လည်း တစ်ချိန်တည်းမှာပင် နှစ်ပေါင်းများစွာ အေးခဲနေသော ရေခဲပြင်ကြီးအလား ကြောက်မက်ဖွယ် ကောင်းလှသည်။ ထိုပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ရှေ့ရှိ သားရဲဘုရင် နှစ်ကောင်ပင် ခံစားမိလိုက်ကြသည်။
ခွန်အား... အနှိုင်းမဲ့သော ခွန်အား။ လင်းဖုန်းသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ အချိန်နှင့်အမျှ တိုးထွက်လာသော ခွန်အားများကို ခံစားနေရသည်။ သူ၏ လက်ရှိခွန်အားမှာ မည်မျှအထိ ရှိနေသည်ကို သူကိုယ်တိုင်ပင် မသိတော့ပေ။ သူ၏ အတွင်းဒဏ်ရာများမှာပင် ထူးဆန်းသော စွမ်းအားတစ်ခုကြောင့် လျင်မြန်စွာ ပြန်လည် သက်သာလာနေသည်။
သို့သော် ဤမျှနှင့် မလုံလောက်သေးပေ။
လင်းဖုန်း ထရပ်လိုက်ပြီး သူနှင့်အတူ အမြဲဆောင်ထားသော အဆင့်မြင့် အာဟာရဖျော်ရည်များကို ထုတ်ယူလိုက်သည်။ မတော်တဆမှုများ ဖြစ်လာနိုင်သည်ကို ကြိုတင်ကာကွယ်ရန် သူသည် အမြဲတစေ ဆောင်ထားခြင်း ဖြစ်သည်။
မူလက လင်းဖုန်းသည် ဤအာဟာရဖျော်ရည်များကို အသုံးပြုရန် မစဉ်းစားခဲ့ပေ။ သို့သော် ယခုမူ မျှောလင့်မထားသော မတော်တဆမှုတစ်ခု ဖြစ်ပေါ်လာကာ သားရဲဘုရင်၏ မျိုးရိုးဗီဇကို ပေါင်းစပ်လိုက်ရပြီ ဖြစ်သည်။
ပေါင်းစပ်ပြီးမှတော့ သူ နောင်တရနေရန် မလိုတော့ပေ။ သူ ယခု လိုအပ်နေသည်မှာ ခွန်အား... ပြိုင်ဘက်ကင်းသော အနှိုင်းမဲ့ခွန်အားသာ ဖြစ်သည်။
“ဂလု... ဂလု...ဂလု”
လင်းဖုန်းသည် အဆင့်မြင့် အာဟာရဖျော်ရည်ပုလင်း အနည်းငယ်ကို ထုတ်ယူကာ သောက်လိုက်သည်။ သားရဲဘုရင်၏ မျိုးရိုးဗီဇနှင့် ပေါင်းစပ်လိုက်ပြီးနောက် လင်းဖုန်းမှာ အလွန်ပင် ဆာလောင်နေသကဲ့သို့ ခံစားနေရသည်။ သူ၏ စွမ်းအင်များကို ပြန်လည် ဖြည့်တင်းရန် လိုအပ်သည်။
ထို့ကြောင့် တစ်ပုလင်း... နှစ်ပုလင်း... သုံးပုလင်း... ငါးပုလင်းစလုံးကို သူ သောက်ချလိုက်သည်။ ထိပ်တန်းသိုင်းသမားတစ်ဦးပင်လျှင် ဤမျှ များပြားသော အာဟာရဖျော်ရည်များကို တစ်ပြိုင်နက်တည်း သောက်မိပါက ဒုက္ခရောက်နိုင်သော်လည်း လင်းဖုန်းကမူ မလုံလောက်သေးဟု ခံစားနေရသည်။ သူသည် များစွာသော စွမ်းအင်များကို လိုအပ်နေဆဲပင်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ အလွန့်အလွန်ကြီးမားသော ခွန်အားကြီးတစ်ခုမှာ အချိန်မရွေး ပေါက်ကွဲထွက်ရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။
ခွန်အား... အနှိုင်းမဲ့ ခွန်အား...
“ရွှေယွမ်ရှန်း၊ ဂေါင်ထျန်းချီ၊ ယွီရှန်း... မင်းတို့ရဲ့ စတေးမှုတွေက အလဟဿ မဖြစ်စေရဘူး”
လင်းဖုန်း စကားလုံးတိုင်းကို ပြတ်ပြတ်သားသား ပြောလိုက်သည်။ သူ ခေါင်းကို အနည်းငယ် မော့ကြည့်လိုက်သည်။ ဧရာမ တီကောင်သားရဲဘုရင်၏ ရှေ့တွင် သူသည် ပုရွက်ဆိတ်တစ်ကောင်အလား သေးငယ်လှပေသည်။
သားရဲကြီး၏ ဧရာမ မျက်လုံးကြီးများကလည်း လင်းဖုန်းကို စူးစိုက်ကြည့်နေသည်။ အသိဉာဏ် မြင့်မားလှသော သားရဲဘုရင်၏ မျက်ဝန်းထဲတွင် လင်းဖုန်းကို အထင်အမြင်သေးသော အရိပ်အယောင်များပင် ပါဝင်နေသည်။
မှန်ပေသည်။ အထင်အမြင်သေးခြင်း ဖြစ်သည်။ သားရဲဘုရင် တစ်ကောင်အနေဖြင့် မည်သည့် သိုင်းသမားကိုမဆို အထင်အမြင်သေးပိုင်ခွင့် ရှိသည်။ အစောပိုင်းက လင်းဖုန်းမှာ ၎င်း၏ ရှေ့တွင် အလွယ်တကူ ချေမှုန်းနိုင်သော ပုရွက်ဆိတ်တစ်ကောင်သာ ဖြစ်ခဲ့သည် မဟုတ်ပါလား။
ချက်ချင်းပင် ဧရာမ တီကောင်သားရဲဘုရင်သည် ဒါဇင်ချီသောလက်တံကို အသုံးပြုကာ လင်းဖုန်းအား တိုက်ခိုက်လိုက်သည်။ ထိုလက်တံများမှာ လေထုကို ဖြတ်သန်းသွားစဉ် အသံထက်မြန်သော ပေါက်ကွဲသံများကို ဖြစ်ပေါ်စေကာ လျှပ်စီးလက်သကဲ့သို့ လင်းဖုန်းထံသို့ ရိုက်ချလိုက်သည်။
ခွန်အား... လင်းဖုန်း ခွန်အား လိုအပ်သည်။ ဤအခိုက်အတန့်တွင် လင်းဖုန်းသည် သူ၏ ဓားကိုပင် ဆုပ်ကိုင်မထားတော့ပေ။ သူသည် လက်သီးများကိုသာ အယုံကြည်ဆုံး ဖြစ်နေခဲ့ပြီ။
လင်းဖုန်းသည် သူ၏ ဗလာသက်သက် လက်သီးဖြင့်ပင် ထိုးနှက်လိုက်သည်။
“ဝဲကယက်စွမ်းအား... တတိယအဆင့်”
သူ၏ နက်ရှိုင်းသော အသံမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ ဟိန်းထွက်သွားသည်။