ခြေမွခြင်း
Vol. 4 Ch. 55
လင်းဖုန်း၏ အသံမှာ တိုးညှင်းသော်လည်း စစ်မြေပြင်တစ်ခုလုံး မိုးခြိမ်းသံအလား ဟိန်းထွက်သွားသည်။
စစ်မြေပြင်ရှိ သိုင်းသမားအများစုမှာ လင်းဖုန်း၏ အသံကို ကြားလိုက်ရပုံရသည်။ အဝေးတွင် အကြိတ်အနယ် တိုက်ပွဲဝင်နေကြသော သာလွန်လူသား ကျွမ်းကျင်သူများပင်လျှင် လင်းဖုန်း၏ အခြေအနေကို သတိထားမိသွားကြသည်။
“ဘာ... ဒါ ဘယ်လိုဖြစ်တာလဲ”
စစ်သေနာပတိချုပ် လုံကျိုး၏ မျက်လုံးများမှာ မယုံနိုင်ဖြစ်ကာ ပြူးကျယ်သွားသည်။ လက်သီးတစ်ချက် တည်းဖြင့်ပင် ဟင်းလင်းပြင်တစ်ခုလုံး တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤကဲ့သို့သော ခွန်အားမျိုးမှာ ပရော်ဖက်ရှင်နယ် သိုင်းသမားတစ်ဦး ထုတ်ဖော်နိုင်စွမ်း ရှိသည့်အရာ မဟုတ်ပေ။
“သူ... မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်လိုက်တာလား”
လုံကျိုး၏ မျက်နှာထက်တွင် အမျိုးမျိုးသော အတွေးစများ ဖြတ်ပြေးသွားသည်။ သို့သော် ကြည့်ရသည်မှာ ထိုသို့လည်း ဟုတ်ပုံမရပေ။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသူများ၏ ပုံစံမျိုး မဟုတ်ပေ။ သို့သော် မျိုးရိုးဗီဇ ကန့်သတ်ချက်ကို ချိုးဖျက်ထားခြင်း မဟုတ်လျှင် လင်းဖုန်း၏ ခွန်အားမှာ ရုတ်တရက် မည်သို့ကြောင့် ဤမျှအထိ အစွမ်းထက်လာရသနည်း။
လင်းဖုန်းမှာမူ သူ၏ ကိုယ်ပိုင်ကမ္ဘာထဲတွင်သာ နစ်မြောနေခဲ့သည်။ သူ၏ မျက်ဝန်းအစုံမှာ ရှေ့မှ တီကောင်သားရဲဘုရင်ကိုသာ မြင်နေရသည်။ ကြီးမားလှသော စွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်အတွင်းသို့ အဆက်မပြတ် တိုးဝင်နေဆဲပင်။ ဤအခိုက်အတန့်တွင် သူသည် တောရိုင်းလွင်ပြင်ကျယ်ကြီးထဲ၌ ဒုန်းစိုင်းပြေးလွှားနေသော နွားရိုင်းကြီးတစ်ကောင် သို့မဟုတ် ယူနီကွန်း တစ်ကောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ခံစားနေရသည်။
နွားရိုင်း၊ ယူနီကွန်း၊ နှာမောင်းရှည်သားရဲနှင့် ယခု တီကောင်သားရဲဘုရင်တို့၏ ပုံရိပ်များမှာ သူ၏ စိတ်ထဲတွင် တဖျတ်ဖျတ် ပေါ်လာသည်။ သို့သော် လင်းဖုန်းသည် အဓိကကိစ္စရပ်တစ်ခုကိုမူ သေသေချာချာ ရှင်းရှင်းလင်းလင်း နားလည်ထားသည်။ ဤသည်မှာ သူသည် သူသာလျှင် ဖြစ်သည်ဟူသောအချက်ပင်။
သူ၏ ခွန်အားများ အစွမ်းကုန် ပေါက်ကွဲထွက်လာပြီ ဖြစ်သည်။
ဝုန်း...
လင်းဖုန်း၏ လက်သီးချက်မှာ မြေကမ္ဘာတစိခုလုံးကို တုန်ဟည်းသွားစေသည်။ ဝဲကယက်စွမ်းအား တတိယဆင့်မှာ ချက်ချင်း ပေါက်ကွဲထွက်သွားသည်။ လက်ရှိအချိန်တွင် သူ၏ ခွန်အားမှာ မည်မျှအထိ ရှိနေသည်ကို လင်းဖုန်းကိုယ်တိုင်ပင် မသိတော့ပေ။ တန် ၄၀ လား၊ တန် ၅၀ လား၊ ဒါမှမဟုတ် အဲ့ထက်တောင် ပိုပြီးတော့ အစွမ်းထက်နေသလား။
လင်းဖုန်း မသိပေ။ လက်ရှိ သူ၏ စိတ်ထဲတွင် ဒေါသများဖြင့် ပြည့်နှက်နေပြီး ကလဲ့စားချေရန်သာ ဆန္ဒရှိတော့သည်။ ထို့ကြောင့် သူသည် တီကောင်ကြီး၏ လက်တံများကို ရှိသမျှ ခွန်အားဖြင့် အစွမ်းကုန် ထိုးနှက်လိုက်တော့သည်။
ဘုန်း...
အစောပိုင်းက မည်သို့မျှ ဖျက်ဆီး၍ မရနိုင်သော ထိုလက်တံများမှာ လင်းဖုန်း၏ ပြင်းထန်သော လက်သီးချက်ကြောင့် နောက်သို့ လွင့်ထွက်သွားသည်။ အချို့မှာ တိုက်ရိုက်ပင် ကျိုးပြတ်ကြေမွသွားသည်။ တီကောင်သားရဲဘုရင်မှာ အလွန်အမင်း နာကျင်သွားပုံရပြီး နားကွဲလုမတတ် အော်ဟစ်နေတော့သည်။
ဘန်း...ဘန်း...ဘန်း...
လင်းဖုန်းသည် တီကောင်ကြီး၏ ကိုယ်ပေါ်သို့ လက်သီးဖြင့် ဆက်တိုက် ထိုးနှက်လိုက်သည်။ ဤတစ်ကြိမ်တွင်လည်း ဂွမ်းပုံကို ထိုးရသကဲ့သို့ ခံစားနေရဆဲ ဖြစ်သော်ငြားလည်း သူ၏ ခွန်အားမှာ ထိုသားရဲဘုရင် တောင့်ခံနိုင်သော ကန့်သတ်ချက်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
တီကောင်သားရဲဘုရင်သည် ဤမျှ ပြင်းထန်သော တိုက်ခိုက်မှုကို မခံနိုင်တော့ဘဲ ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ အလျင်အမြန် နောက်သို့ ဆုတ်ခွာသွားသည်။ သားရဲကြီးသည် ခန္ဓာကိုယ် ကြီးမားသော်လည်း အလွန်ပင် လျင်မြန်ဖြတ်လတ်လှသည်။
“ပြေးချင်တာလား... မင်း ပြေးလို့ လွတ်မယ်များ ထင်နေတာလား”
လင်းဖုန်း၏ မျက်ဝန်းထဲတွင် ထက်ရှသော အရိပ်အယောင်တစ်ခု လက်သွားသည်။ သူ၏ လက်သီးကို လက်ဖဝါးအဖြစ် ပြောင်းလဲကာ သားရဲကြီး၏ လက်တံအချို့ကို လှမ်းဖမ်းလိုက်သည်။
“မြောက်တက်လာစမ်း”
လင်းဖုန်းသည် လက်နှစ်ဖက်ကို ပြင်းထန်စွာ မြှောက်လိုက်ပြီး သူ၏ခွန်အားကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။ သူသည် ထိုဧရာမ တီကောင်သားရဲဘုရင်ကြီးကို လေထဲသို့ မြှောက်တင်လိုက်ပြီး ဘယ်ညာ လွှဲရမ်းကာ မြေပြင်ပေါ်သို့ အားရပါးရ ဆောင့်ချလိုက်တော့သည်။
ဝုန်း... ဝုန်း... ဝုန်း...
လင်းဖုန်းသည် သားရဲကြီး၏ လက်တံများကို ဆုပ်ကိုင်ကာ ၎င်း၏ ဧရာမ ကိုယ်ခန္ဓာကြီးကို မြေပြင်ပေါ်သို့ အကြိမ်ကြိမ် ကိုင်ပေါက်ချနေခဲ့သည်။ သားရဲကြီးမှာ ကြောင်အမှင်တက်နေရသည်။ တန်ပြန် တိုက်ခိုက်ရန် ကြိုးစားသည့် အခါတိုင်း လင်းဖုန်းက ရက်ရက်စက်စက် ပြန်လည် ကိုင်ရိုက်ချလိုက်သဖြင့် မည်သို့မျှ ပြန်လည် မခုခံနိုင်တော့ပေ။
လင်းဖုန်းက တီကောင်ကြီးကို ရက်စက်စွာ ခြေမွနေစဉ် ဆူးချွန်သားရဲမှာ လက်ရှိ အခြေအနေကို သတိပြုမိသွားသည်။ ချက်ချင်းပင် ၎င်း၏ ကျောပေါ်မှ ထူထပ်လှသော ဆူးချွန်များကို ပိုက်ကွန်ကြီးတစ်ခုအလား လင်းဖုန်းထံသို့ ပစ်လွှတ်လိုက်တော့သည်။
“ဟွန့်...”
လင်းဖုန်း နှာခေါင်းရှုံ့လိုက်သည်။ စွမ်းအားအသစ်များမှာ အချိန်နှင့်အမျှ တိုးဝင်နေဆဲပင်။ သူသည် တီကောင်ကြီးကို မြေပြင်ပေါ်ရှိ တွင်းနက်ကြီးထဲသို့ ရိုက်ချလိုက်ပြီးနောက် မြေပြင်ကို ပြင်းထန်စွာ နင်းကန်ကာ လေထဲသို့ ခုန်တက်ပြီး ဆူးချွန်သားရဲထံသို့ ပစ်ဝင်သွားသည်။
ဆူးချွန်သားရဲ ပစ်လွှတ်လိုက်သော ဆူးများကိုမူ လင်းဖုန်းသည် သူ၏ အသွေးအသားနှင့် လက်သီးများဖြင့်သာ တိုက်ရိုက်ရိုက်ခွဲပစ်လိုက်သည်။ ဆူးချွန်အချို့မှာ လင်းဖုန်း၏ ကိုယ်ပေါ်သို့ ထိမှန်ထိုးစိုက်သွားသော်ငြား ပွန်းပဲ့ရုံဒဏ်ရာမျှသာ ပေးနိုင်တော့သည်။
ထို့အပြင် ဒဏ်ရာများမှ သွေးထွက်လာခြင်း မရှိဘဲ မျက်မြင်ထင်ရှားသော အရှိန်ဖြင့် ပြန်လည် သက်သာလာနေသည်။ ထိုပြန်လည် ကုသနိုင်စွမ်းမှာ လင်းဖုန်းကိုယ်တိုင်ပင် အံ့သြသွားရလောက်အောင် မြန်ဆန်လှသည်။
ဤသည်မှာ လင်းဖုန်း၌ ယခင်က ရှိခဲ့သော စွမ်းရည် မဟုတ်ပေ။ ခုနက တီကောင်ကြီး၏ ဒဏ်ရာများ ပြန်လည် သက်သာလာသော အရှိန်ကို သူ သတိရသွားသည်။ ကိုယ်အင်္ဂါ ပြန်လည်ပေါက်ဖွားနိုင်စွမ်း လား။ ထိုကြောက်စရာကောင်းသော ကုသမှုအရှိန်မှာ သူ့ထံသို့ ကူးပြောင်းလာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
ထိုစွမ်းရည်သည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသူ အများစုတွင်ပင် မရှိသော စွမ်းရည် ဖြစ်သည်။ သို့သော် လင်းဖုန်းသည် တီကောင်သားရဲဘုရင်၏ မျိုးရိုးဗီဇကို ပေါင်းစပ်လိုက်သဖြင့် ၎င်း၏ စွမ်းရည်များကို ရရှိလာခြင်း ဖြစ်ပေလိမ့်မည်။
ဤမျှ မြန်ဆန်သော ကုသမှုအရှိန် ရှိနေမှတော့ လင်းဖုန်းအနေဖြင့် ဆူးချွန်သားရဲကို အဘယ်ကြောင့် ကြောက်နေရတော့မည်နည်း။ သူသည် ကောင်းကင်ယံမှ အရှိန်ပြင်းပြင်း ဆင်းသက်လာပြီး ဝဲကယက်စွမ်းအား တတိယဆင့်ကို ပေါက်ကွဲထွက်စေကာ ဆူးချွန်သားရဲကို ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
ဆူးချွန်သားရဲ၏ ကိုယ်ပေါ်ရှိ ဆူးများမှာ လင်းဖုန်း၏ လက်မောင်းကို ထိုးဖောက်သွားသဖြင့် အလွန် နာကျင်ရသော်လည်း သူသည် မည်သည်မျှ မခံစားရသကဲ့သို့ပင်။
ဆူးချွန်သားရဲမှာ မြေပြင်ရှိ တွင်းကြီးထဲသို့ ရိုက်ချခြင်း ခံလိုက်ရသည်။ သွေးများစွာ စီးကျလာပြီးနောက် ၎င်း၏ အသက်စွမ်းအားလည်း လုံးဝကွယ်ပျောက်သွားတော့သည်။ ထိုသားရဲ၏ အတွင်းအင်္ဂါများမှာ လင်းဖုန်း၏ လက်သီးချက်ကြောင့် ကြေမွသွားခဲ့ပြီ ဖြစ်သည်။
သူသည် သားရဲဘုရင် တစ်ကောင်ကို လက်သီးတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်ခြင်း ဖြစ်သည်။
သားရဲဘုရင် သုံးကောင်ထဲတွင် နှာမောင်းရှည်သားရဲမှာ ပြင်းထန်စွာ ဒဏ်ရာရထားပြီး တိုက်ပွဲဝင်နိုင်စွမ်း မရှိတော့ပေ။ ဆူးချွန်သားရဲမှာလည်း လင်းဖုန်း၏ လက်သီးချက်အောက်တွင် သေဆုံးသွားခဲ့ပြီ။ လင်းဖုန်း၏ လက်ရှိခွန်အားမှာ သားရဲဘုရင်များကို အလွယ်တကူ သတ်ဖြတ်နိုင်သည့် အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ခွန်အားမှာ မည်မျှအထိ တိုးတက်သွားသည်ကို မည်သူမျှ မခန့်မှန်းနိုင်တော့ပေ။
ထို့အပြင် လင်းဖုန်းသည် သူ၏ ကန့်သတ်ချက်သို့ မရောက်သေးကြောင်း ခံစားနေရဆဲပင်။ သို့သော် ယခုအချိန်တွင် ရန်သူတစ်ကောင် ကျန်ရှိနေသေးသည်။ တီကောင်သားရဲဘုရင်၏ ကုသနိုင်စွမ်းမှာ အံ့မခန်းလှသဖြင့် တစ်ခဏအတွင်းမှာပင် ထိုသားရဲသည် ပြန်လည် မတ်တတ်ရပ်လာသည်။
လင်းဖုန်းသည် မြေပြင်ပေါ်ရှိ ဆူးချွန်သားရဲ၏ အလောင်းကို ကြည့်ကာ လှမ်းကောက်လိုက်သည်။ ထို့နောက် ထိုအလောင်းကို လက်နှစ်ဖက်ဖြင့် မြှောက်ကာ တီကောင်သားရဲဘုရင်ထံသို့ ခုန်ဝင်ပြီး ဆူးများဖြင့် ပြည့်နှက်နေသော အလောင်းကြီးဖြင့် တီကောင်သားရဲကြီးကို ပြင်းထန်စွာ ရိုက်နှက်တော့သည်။
ဘုန်း... ဘုန်း... ဘုန်း...
တီကောင်သားရဲဘုရင်မှာ နာကျင်စွာ အော်ဟစ်နေရသည်။ သားရဲကြီးသည် အလွန် အစွမ်းထက်ပြီး အသက်ပြင်းသော်လည်း ယခုတွင်မူ လင်းဖုန်း၏ ခြေမွခြင်းကိုသာ ခံနေရတော့သည်။ မှန်ပေသည်... ဤသည်မှာ လုံးဝ ခြေမွခံနေရခြင်း ဖြစ်သည်။
အကယ်၍ သူ ဤသားရဲကို တစ်ချက်တည်းနှင့် မသတ်နိုင်လျှင် ဆယ်ချက်ချမည်။ ဆယ်ချက်နှင့်မရလျှင် အချက်တစ်ရာ ချမည်။
လင်းဖုန်းသည် ဆူးချွန်သားရဲ၏ အလောင်းကို အသုံးပြုနေရုံမျှသာမက သူ၏ လက်သီးနှစ်ဖက်ဖြင့်လည်း အစွမ်းကုန် ထိုးနှက်နေသည်။ သူ လက်သီးတစ်ချက် ထိုးလိုက်တိုင်း မြေပြင်မှာ ပြင်းပြင်းထန်ထန် တုန်ခါသွားသည်။ တီကောင်သားရဲကြီးမှာ အချက်ပေါင်းများစွာ ထိုးနှက်ခံရသဖြင့် အသားဖတ်များမှာ နေရာအနှံ့ လွင့်စင်နေတော့သည်။ ၎င်း၏ ကုသမှုအရှိန်မှာ မည်မျှပင် မြန်ပါစေ အသုံးမဝင်တော့ပေ။
မကြာမီမှာပင် တီကောင်ကြီး၏ ဧရာမ ကိုယ်ခန္ဓာကြီးမှာ အပိုင်းပိုင်း ပြတ်တောက်သွားသည်။ သို့သော်လည်း ၎င်းမှာ အသက်ရှင်နေဆဲဖြစ်ကာ ပြန်လည် ကုသနိုင်ရန် ကြိုးစားနေသည်။ သို့သော် လင်းဖုန်းက အခွင့်အရေး မပေးဘဲ သားရဲကြီး၏ ဦးခေါင်းကို ရှိသမျှ ခွန်အားဖြင့် ထပ်မံ ထိုးနှက်လိုက်ပြန်သည်။
လင်းဖုန်းသည် အကြိမ်ကြိမ် အထပ်ထပ်ပင် ရိုက်ပုတ်ထိုးနှက်နေတော့သည်။ လက်သီးချက်၏ စွမ်းအားမှာ အံ့မခန်းလှပေ။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် သားရဲကြီး၏ သွေးများဖြင့် နီရဲနေပြီး စစ်မြေပြင်မှာလည်း မွစာကြဲကာ ပျက်စီးယိုယွင်းနေခဲ့လေပြီ။
ဤမျှ ရက်စက်ကြမ်းကြုတ်သော လင်းဖုန်းကို ကြည့်ရင်း သိုင်းသမားများနှင့် အသိဉာဏ်ရှိသော သားရဲများပင် မှင်တက်နေကြရသည်။ မည်သူမျှ ရှေ့သို့ မတိုးရဲကြပေ။
နောက်ဆုံးတွင် သွေးချင်းချင်းနီနေသော မျက်နှာနှင့် လင်းဖုန်းသည် သားရဲကြီး၏ ဦးခေါင်းကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ အားကုန် ဆွဲဖြဲလိုက်သည်။ သားရဲ၏ ဦးခေါင်းမှာ စက္ကူတစ်စကဲ့သို့ နှစ်ခြမ်းကွဲထွက်သွားတော့သည်။ ထို့နောက် လင်းဖုန်းသည် သူ၏ လက်သီးများဖြင့် မြေပြင်ပေါ်သို့ အစွမ်းကုန် ထပ်မံ ထိုးနှက်လိုက်ရာ အနီရောင်သွေးစများနှင့် ဦးနှောက်ရည်ဖြူဖြူတို့မှာ မြေပြင်ပေါ်သို့ လွင့်စင်ပြန့်ကျဲသွားတော့သည်။
အဆုံးတွင် တီကောင်သားရဲဘုရင်၏ ကိုယ်ခန္ဓာမှာ အပိုင်းပိုင်း ပြတ်တောက်သွားသဖြင့် ၎င်း၏ အသက်စွမ်းအား မည်မျှပင် ပြင်းထန်နေပါစေ အသုံးမဝင်တော့ဘဲ သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။
သားရဲဘုရင် သုံးကောင်ထဲတွင် ဒဏ်ရာရထားသော နှာမောင်းရှည်သားရဲသာ ကျန်တော့သည်။ လင်းဖုန်း၏ မျက်လုံးများမှာ သွေးကဲ့သို့ ချင်းချင်းနီနေပြီး သူသည် အလွန်အမင်း သွေးဆူကာ စိတ်လှုပ်ရှားတက်ကြွနေသော အခြေအနေတွင် ရှိနေသည်။
သူသည် နှာမောင်းရှည်သားရဲထံသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ ထိုသားရဲကြီး၏ မျက်လုံးထဲတွင် ထိတ်လန့်တုန်လှုပ်မှုများကို အတိုင်းသား မြင်နေရသည်။ ၎င်းသည် ရုန်းကန်ထွက်ပြေးရန် ကြိုးစားသော်လည်း ပြင်းထန်သော ဒဏ်ရာကြောင့် မလှုပ်ရှားနိုင်တော့ပေ။
လင်းဖုန်းသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် မကုန်ခမ်းနိုင်သော ခွန်အားများ ရှိနေသကဲ့သို့ ခံစားနေရသည်။ နွားရိုင်း၊ ယူနီကွန်း၊ နှာမောင်းရှည်သားရဲနှင့် တီကောင်သားရဲဘုရင်တို့၏ မျိုးရိုးဗီဇများမှာ သူ၏ ခန္ဓာကိုယ်အတွင်း ဆူပွက်နေပြီး ကန့်သတ်ချက် တစ်စုံတစ်ရာကို ချိုးဖျက်တော့မည့်အလား ဖြစ်နေသည်။
ဘုန်း...
သို့သော် လင်းဖုန်း နှာမောင်းရှည်သားရဲထံသို့ မရောက်မီမှာပင် သူ၏ ခန္ဓာကိုယ်အတွင်းမှ ခွန်အားများမှာ ဒီရေအလား ပြန်လည် ဆုတ်ခွာသွားသည်။ နောက်ဆုံးတွင် သူ၏ အမြင်အာရုံမှာ လုံးဝမှောင်ကျသွားပြီး ဆက်လက် မတောင့်ခံနိုင်တော့ဘဲ မြေပြင်ပေါ်သို့ တိုက်ရိုက် ပြိုလဲကျသွားတော့သည်။