မျိုးရိုးဗီဇကန့်သတ်ချက်
Vol. 4 Ch. 56
မှုန်မှိုင်းဝေဆိုင်းနေသော မြူထုထဲတွင် လင်းဖုန်းသည် အဆုံးအစမဲ့သော အမှောင်ထုထဲသို့ ကျဆင်းနေသကဲ့သို့ ခံစားနေရသည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ အလုံးစုံ နက်မှောင်နေပြီး အလင်းရောင် အစအနမျှပင် မရှိချေ။
“ငါ ဘယ်ရောက်နေတာလဲ...”
“ဒါ ဘယ်နေရာလဲ...”
“ဘယ်သူရှိလဲ...”
လင်းဖုန်းသည် ရှိသမျှ ခွန်အားကို အကုန်အစင် အသုံးပြုကာ ပြေးလွှားနေသော်လည်း အဆုံးအစကိုမူ မတွေ့ရပေ။ မည်မျှပင် ဝေးဝေးပြေးပါစေ အဆုံးသတ်သို့ မရောက်နိုင်ဘဲ ဖြစ်နေသည်။ သူသည် ပတ်ဝန်းကျင်ကို ပြင်းထန်စွာ ထိုးနှက်ကြည့်သော်လည်း မည်သည့်အတားအဆီးမျှ မရှိဘဲ လေဟာနယ်ကိုသာ ထိမှန်နေသည်။ သူ၏ ပြိုင်ဘက်ကင်းသော ခွန်အားများမှာ ဤအမှောင်ထုကို မည်သို့မျှ မဖောက်ထွက်နိုင်ပေ။
“ဒါ ငရဲလား...”
“တစ်ယောက်ယောက် ရှိလား...”
လင်းဖုန်း ထိတ်လန့်လာသည်။ သူ၏ စိတ်ဓာတ်မှာ အမြဲတစေ ကြံ့ခိုင်နေခဲ့သော်လည်း ယခုကဲ့သို့ အသံမရှိ၊ လူမရှိ၊ ဘာမှမရှိသော အမှောင်ထုကြီးထဲတွင် ပိတ်မိနေခြင်းမှာ အလွန်ပင် ခံရခက်လှသည်။ လင်းဖုန်းသည် အချိန်မည်မျှ ကုန်ဆုံးသွားသည်ကိုပင် မသိတော့ပေ။ တစ်နာရီလော၊ တစ်ရက်လော၊ သို့တည်းမဟုတ် တစ်နှစ်လော... သူ့၌ အချိန်ကာလ အယူအဆဟူ၍ မရှိတော့ပေ။ သူသည် အရူးတစ်ယောက်ကဲ့သို့ ပြေးလွှားနေခဲ့ပြီး မောလျှင်နားကာ အားပြည့်လာလျှင် ပြန်ပြေးသည်။ သို့သော်လည်း အဆုံးသတ်သို့မူ မရောက်နိုင်ခဲ့ပေ။
ဤအမှောင်ထုကြီးမှာ ဘယ်သောအခါမှ ပြီးဆုံးတော့မည် မဟုတ်သကဲ့သို့ပင်။
“အဖေ၊ အမေ၊ အစ်ကိုကြီး၊ အစ်ကိုလေး၊ ညီမလေး... ပြီးတော့ ချူချန်း... ငါ ဘာပဲဖြစ်ဖြစ် ဒီထဲကနေ ထွက်သွားရမယ်။ ငါ အားလုံးကို ပြန်တွေ့ရမယ်။ ငါ ဒီမှာ တစ်သက်လုံး မနေနိုင်ဘူး...”
ဤသည်မှာ လင်းဖုန်း၏ စိတ်ထဲတွင် ကျန်ရှိနေသော တစ်ခုတည်းသော အတွေးပင်။ အကယ်၍ ဤအတွေးသာ မရှိပါက သူသည် ဤအမှောင်ထုကြီး၏ ဝါးမြိုခြင်းကို ခံရပြီး ဤနေရာတွင် ထာဝရ ကျန်ရစ်နေခဲ့ပေလိမ့်မည်။
နောက်ဆုံးတွင် လင်းဖုန်းသည် အမှောင်ထုထဲမှ မျက်ဝန်းတစ်စုံကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ထိုမျက်ဝန်းများမှာ အလွန်ပင် ရင်းနှီးလှသည်။
နွားရိုင်းကြီး၏ ဟိန်းဟောက်သံများ၊ ယူနီကွန်း၏ ပုံရိပ်များမှာ သူ၏ နားထဲတွင် ကြားယောင်လာသည်။ ထို့ပြင် နှာမောင်းရှည်သားရဲ၏ မျက်ဝန်းထဲမှ မျှော်လင့်ချက်မဲ့မှုနှင့် ကျောက်ရုပ်ကြီးအလား အသက်မဲ့သွားသော တီကောင်သားရဲဘုရင်၏ ပုံရိပ်တို့လည်း ပေါ်လာသည်။
လင်းဖုန်း၏ ခန္ဓာကိုယ်မှာ ရုတ်ချည်း တုန်ခါသွားသည်။ ဤသားရဲလေးကောင်မှာ သူ၏ ခွန်အားအရင်းအမြစ်ဖြစ်သော မျိုးရိုးဗီဇပိုင်ရှင်များ မဟုတ်ပါလော။ ၎င်းတို့သည်လည်း အဘယ်ကြောင့် ဤအမှောင်ထုထဲတွင် အကူအညီမဲ့စွာ ပိတ်မိနေကြရသနည်း။
လင်းဖုန်း၏ အတွင်းစိတ်နက်ရှိုင်းသော နေရာမှ အသံတစ်ခု ထွက်ပေါ်လာသည်။ “မရုန်းကန်ပါနဲ့တော့... မင်း ဘယ်လောက်ပဲ ကြိုးစားပါစေ ဒီအမှောင်ထုထဲကနေ မထွက်နိုင်ပါဘူး။ မောနေရင် နားလိုက်ပါတော့။ ဒီမှာပဲ ထာဝရ နေထိုင်သွားပါ...”
“ဟင့်အင်း... ငါ ဒီမှာ မနေချင်ဘူး။ မနေနိုင်ဘူး။ ငါ ထွက်သွားမယ်။ ဖယ်ကြစမ်း။ အား...”
လင်းဖုန်း ရူးသွပ်နေသူတစ်ဦးအလား အသံကုန်အော်ဟစ်ကာ အမှောင်ဖုံးနေသော ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။ ထိုအခိုက်တွင် လင်းဖုန်းနှင့်အတူ နွားရိုင်း၊ ယူနီကွန်း၊ နှာမောင်းရှည်သားရဲနှင့် တီကောင်သားရဲတို့သည်လည်း ရုတ်တရက် နိုးထလာသကဲ့သို့ အတူတကွ ဒေါသတကြီး ဟိန်းဟောက်လိုက်ကြတော့သည်။
ရှူး...
လင်းဖုန်း၏ နဖူးထက်တွင် ချွေးစေးများ ထွက်လာပြီး သူ ချက်ချင်း မျက်လုံးပွင့်လာသည်။ သို့သော် သူ၏ တစ်ကိုယ်လုံးမှာ အားအင်ကုန်ခမ်းနေကာ လက်ချောင်းတစ်ချောင်းကိုပင် မနည်းလှုပ်ရှားနေရသည်။
“နိုးလာပြီလား... ကျွန်မ စစ်သေနာပတိချုပ်ကို အခုပဲ သွားအကြောင်းကြားလိုက်မယ်”
အံ့သြဝမ်းသာနေသော အသံတစ်ခု လင်းဖုန်း၏ နားထဲသို့ တိုးဝင်လာသည်။ သူ လှမ်းကြည့်လိုက်သောအခါ အဖြူရောင် သူနာပြုဝတ်စုံနှင့် အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်။ သူနာပြုမလေးမှာ အပြင်သို့ အပြေးအလွှား ထွက်သွားတော့သည်။ ထိုအချိန်ကျမှ လင်းဖုန်းသည် ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်လိုက်သည်။
“ငါ ဆေးရုံ ရောက်နေတာလား...”
လင်းဖုန်း၏ ခေါင်းမှာ အနည်းငယ် ကိုက်ခဲနေသည်။ သူရောက်ရှိနေသော နေရာမှာ ဆေးရုံတစ်ရုံဖြစ်ပေမည်။ ထို့ပြင် ဆေးဝါးအနံ့အသက်များလည်း ရနေသည်။ သူ လူနာဆောင်တစ်ခုတွင် တစ်ကိုယ်တည်း ရောက်နေပုံရသည်။ ခုနက သူနာပြုမလေးမှ လွဲ၍ အခြားမည်သူမှ မရှိချေ။
သူ သေသေချာချာ ပြန်စဉ်းစားကြည့်လိုက်ရာ မှတ်ဉာဏ်အချို့မှာ ဝေဝါးစွာ ထွက်ပေါ်လာသည်။
သူသည် ရှေ့တန်းစစ်မြေပြင်တွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။ သားရဲဘုရင် သုံးကောင်ကို အနိုင်ယူပြီးနောက် နောက်ဆုံး နှာမောင်းရှည်သားရဲကို သတ်ရန် ကြိုးစားစဉ်မှာပင် ဘာကြောင့်မှန်းမသိ သတိလစ်သွားခဲ့ခြင်း ဖြစ်သည်။
သူ ထရပ်ရန် ကြိုးစားသော်လည်း ခန္ဓာကိုယ်မှာ အလွန်တရာ အားနည်းနေကာ လက်ချောင်းတစ်ချောင်းပင် မလှုပ်နိုင်ပေ။
“ငါ ဘာဖြစ်သွားတာလဲ...”
လင်းဖုန်း စိုးရိမ်သွားမိသည်။ သူ၏ ခန္ဓာကိုယ်မှာ တစ်ခုခု ဖြစ်နေသကဲ့သို့ပင်။ ထို့အပြင် ခုနက မြင်မက်ခဲ့သော အိပ်မက်ဆိုးမှာ အမှန်တကယ်ပဲ အိပ်မက်သက်သက်ပဲလား။
ထိုအိပ်မက်မှာ အလွန်ပင် လက်တွေ့ဆန်လွန်းလှသည်။ လင်းဖုန်း ပြန်တွေးမိတိုင်း ကြောက်ရွံ့မှုကြောင့် ကျောချမ်းမိနေဆဲပင်။
မကြာမီမှာပင် အပြင်ဘက်မှ အပြေးအလွှား လာနေသော ခြေသံများကို ကြားလိုက်ရသည်။ ထို့နောက် တံခါးပွင့်လာကာ လူအများအပြား ဝင်လာကြသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ ယခင်က လင်းဖုန်းအဝေးမှ တစ်ကြိမ်တစ်ခါသာ မြင်တွေ့ခဲ့ဖူးသည့် နဂါးတောင်အခြေစိုက်စခန်း၏ စစ်သေနာပတိချုပ် လုံကျိုး ဖြစ်သည်။
“စစ်သေနာပတိချုပ်... ဘာလို့ ဒီကို ရောက်နေတာလဲ”
လင်းဖုန်းသည် လုံကျိုးအပေါ် အလွန်ပင် ရိုသေလေးစားမှု ရှိသည်။ စစ်မြေပြင်တွင် စစ်သေနာပတိချုပ် လုံကျိုးသည် သွေးလွှမ်းတိုက်ပွဲကို ကိုယ်တိုင်ဝင်ရောက်ဆင်နွှဲကာ သိုင်းသမားများစွာ၏ အသက်ကို ကယ်တင်ခဲ့သူ မဟုတ်ပါလား။
စစ်သေနာပတိချုပ်လုံကျိုးသည် လင်းဖုန်း နိုးလာသည်ကို မြင်သောအခါ ရင်ထဲမှ ဝန်ထုပ်ကြီး ကျသွားသကဲ့သို့ သက်ပြင်းချလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“ဒါပေါ့။ ငါ လာရမှာပေါ့... လင်းဖုန်းရ။ မင်းက နဂါးတောင်အခြေစိုက်စခန်းရဲ့ သူရဲကောင်းပဲလေ။ မင်းရဲ့ အခြေအနေကို စိုးရိမ်နေကြတဲ့သူတွေမှ အများကြီးပဲ ရှိတယ်”
“သူရဲကောင်း ဟုတ်လား...”
လင်းဖုန်း အံ့သြနေမိသည်။
“မှန်တာပေါ့... မင်းက တကယ့် သူရဲကောင်းပဲ။ လင်းဖုန်း... မင်း မသိသေးလို့ပါ။ အဲဒီနောက်ဆုံး အဆုံးအဖြတ်တိုက်ပွဲမှာ မင်းက သားရဲဘုရင်တွေကို သတ်ပစ်နိုင်ခဲ့တယ်။ အထူးသဖြင့် တီကောင်သားရဲဘုရင်ပေါ့။ အဲ့ဒီအကောင်က ကြမ်းကြုတ်သားရဲတွေကြားမှာ သာမန်ထက်ထူးကဲတဲ့ အဆင့်အတန်းတစ်ခုရှိပုံပဲ။ အဲ့အကောင် သေသွားပြီးတဲ့နောက်မှာ သားရဲတွေ အကုန်လုံး ဆုတ်ခွာသွားကြတယ်လေ။ ဒါကြောင့် မင်းက သူရဲကောင်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အပြည့်အဝ ထိုက်တန်တယ်။ တကယ်တော့ နဂါးတောင်အခြေစိုက်စခန်းက လူတိုင်းရဲ့ အသက်ကို မင်း ကယ်တင်ခဲ့တာပဲ”
လင်းဖုန်း နားလည်သွားသည်။ သူ တီကောင်သားရဲဘုရင်ကို သတ်ဖြတ်လိုက်ခြင်းက သားရဲအားလုံးကို ဆုတ်ခွာသွားစေခဲ့သည်။ သို့သော် ၎င်းမှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။ သားရဲဘုရင်တစ်ကောင်က ဤမျှအထိ ဩဇာညောင်းပါသလော။
ထိုတိုက်ပွဲတွင် နတ်ဆိုး ၁၅ ကောင်တောင် ရှိနေခဲ့သည် မဟုတ်ပါလား။ သားရဲဘုရင်တစ်ကောင် မည်မျှပင် သန်မာအားကောင်းနေပါစေ နတ်ဆိုးတစ်ကောင်ထက် ပိုမိုသန်မာရန်မှာ မဖြစ်နိုင်ချေ။
“စစ်သေနာပတိချုပ်... ကျွန်တော် သတိမေ့နေတာ ဘယ်လောက် ကြာပြီလဲ”
“မင်း သတိမေ့နေတာ ၇ ရက်နဲ့ ၇ ည ရှိသွားပြီ လင်းဖုန်း”
“ဘာ... ၇ ရက်တောင်လား”
လင်းဖုန်း လန့်သွားမိသည်။ သူ ခုနစ်ရက်ထိတိုင် သတိမေ့နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။
“ဒါနဲ့ လင်းဖုန်း... မင်း ဘယ်လိုဖြစ်ပြီး သတိမေ့သွားရတာလဲ”
လင်းဖုန်း ခေါင်းခါလိုက်ပြီး “ဘယ်လိုသတိမေ့သွားတယ်တော့ ကျွန်တော်လည်း မသိပါဘူး”
အမှန်တကယ်ပင် လင်းဖုန်း မသိပေ။ သူ တီကောင်သားရဲဘုရင်၏ မျိုးရိုးဗီဇနှင့် ပေါင်းစပ်ခဲ့ခြင်းသာ ရှိသည်။ သို့သော်လည်း ထိုအချက်က သူ့ကို ၇ ရက်ထိတောင် သတိမေ့သွားစေရန် မလုံလောက်နိုင်ပေ။
“ဒါနဲ့ ကျွန်တော် အိပ်မက်ဆိုးတစ်ခု မက်ခဲ့တယ်။ ကျွန်တော် အိမ်မက်ထဲမှာ အမှောင်ထုကြီးထဲ ပိတ်မိနေပြီး ဘယ်လိုမှ ရုန်းမထွက်နိုင်ခဲ့ဘူး...”
“နေဦး... အဲဒီမှာ မင်းရဲ့ ပတ်ဝန်းကျင်တစ်ခုလုံးက မှောင်မည်းနေတာလား”
“ဟုတ်ပါတယ်... လုံးဝကို မှောင်မည်းနေတာပါ။ ဘာဆိုဘာမှကို မမြင်ရဘူး”
လုံကျိုး မျက်မှောင်ကြုတ်လိုက်သည်။ သူ တစ်ခုခုကို သိလိုက်ပုံရသည်။
“စစ်သေနာပတိချုပ်... ကျွန်တော် ဘာဖြစ်နေတာလဲဆိုတာ သိလား”
“ငါ ထင်တာ မမှားဘူးဆိုရင်... မင်း အဲဒီ ကန့်သတ်ချက်ကို မြင်ခဲ့တာပဲ”
“ကန့်သတ်ချက် ဟုတ်လား...”
“မျိုးရိုးဗီဇကန့်သတ်ချက်ပေါ့”
လင်းဖုန်း အံ့သြသွားရသည်။ သူ မျိုးရိုးဗီဇကန့်သတ်ချက်ကို မြင်ခဲ့တာလား။ လင်းဖုန်းသည် မျိုးရိုးဗီဇကန့်သတ်ချက်နှင့် ပတ်သက်သော အချက်အလက်များကို စုဆောင်းခဲ့ဖူးသော်လည်း ကန့်သတ်ချက်ကို ချိုးဖျက်ထားသော ကျွမ်းကျင်သူများမှာ ၎င်းနှင့် ပတ်သက်၍ အသေးစိတ် ရှင်းပြခဲ့ခြင်း မရှိပေ။ ထို့ကြောင့် သူ အသေးစိတ်မသိခဲ့ပေ။
လင်းဖုန်း ဘာမှမသိသည်ကို မြင်သောအခါ လုံကျိုးက ဆက်လက် ရှင်းပြလိုက်သည်။
“မျိုးရိုးဗီဇကန့်သတ်ချက် ဆိုတာ လူသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ မမြင်နိုင်တဲ့ အတားအဆီး တစ်ခုပဲ။ ဒါကို ထူးခြားတဲ့ အခြေအနေမျိုးမှာပဲ ခံစားသိရှိနိုင်တယ်။ ပုံမှန်အားဖြင့်တော့ သေရေးရှင်ရေး အခြေအနေမျိုးမှာပဲ ဒါကို သတိပြုမိတတ်ကြတယ်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို မြင်ပြီဆိုတာနဲ့ သိုင်းသမားတွေက အဲဒီကန့်သတ်ချက်ကို ချက်ချင်း ချိုးဖျက်ဖို့ ကြိုးစားကြတာပဲ”
“မင်းသာ အဲဒီကန့်သတ်ချက်ကို မြင်ပြီဆိုရင် ချိုးဖျက်ဖို့ ကြိုးစားပြီး သာလွန်လူသားတစ်ယောက် ဖြစ်လာနိုင်တယ်။ အဲဒီအချိန်မှာ ခန္ဓာကိုယ်ကလည်း အလျင်အမြန် အသွင်ပြောင်းလဲလာလိမ့်မယ်။ ဒါပေမဲ့ မင်းရဲ့ အခြေအနေကတော့ တစ်ခါမှ မကြားဖူးတဲ့ ကိစ္စပဲ။ မင်းရဲ့ ခန္ဓာကိုယ်က အသွင်ပြောင်းလဲလာတဲ့ ပုံစံမျိုးလည်း မရှိဘူး။ တကယ်ကို ထူးဆန်းတာပဲ”
လုံကျိုးသည် အတွေ့အကြုံ ရင့်ကျက်ပြီး ဗဟုသုတကြွယ်ဝသူ ဖြစ်သော်လည်း မျိုးရိုးဗီဇကန့်သတ်ချက်ကို မြင်တွေ့ပြီးမှ အသွင်မပြောင်းဘဲ သတိမေ့နေသော လင်းဖုန်းကဲ့သို့ အခြေအနေမျိုးကို ပထမဦးဆုံး ကြုံဖူးခြင်း ဖြစ်ပေသည်။