နောက်ဆုံး စိန်ခေါ်မှု
Vol. 4 Ch. 59
လေ့ကျင့်ရေးခန်းမမှာ အလွန်ကျယ်ဝန်းသော်လည်း လူများစွာ ဝင်ဆံ့နိုင်ခြင်း မရှိပေ။ လင်းဖုန်း ဤနေရာသို့ ရောက်နေသည်ဟု ကြားသောအခါ လူတိုင်း လေ့ကျင့်ရေးခန်းမသို့ အပြေးအလွှား ရောက်လာကြသည်။ ထို့ကြောင့် အချိန်တိုအတွင်းမှာပင် လေ့ကျင့်ရေးခန်းမထဲတွင် လူနှစ်ရာမှ သုံးရာခန့် စုရုံးရောက်ရှိလာကြသည်။
ဤလူများမှာ သဘာဝကျစွာပင် လင်းဖုန်းအတွက် ရောက်လာကြခြင်းပင်။ လင်းဖုန်း သတိလစ်နေစဉ်အတွင်း နဂါးတောင်အခြေစိုက်စခန်းသည် ဖိအားများကို လျှော့ချနိုင်ရန်အတွက် လင်းဖုန်း၏ စွမ်းဆောင်ရည်များကို ရှင်းလင်းထင်ရှားစွာ ထုတ်ဖော်ကြေညာခဲ့သည်။
ထို့ကြောင့် လင်းဖုန်းသည် နဂါးတောင်အခြေစိုက်စခန်းရှိ လူတိုင်း လေးစားရသော သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် လက်တွေ့တွင်မူ လင်းဖုန်းကို သိသူ အလွန်နည်းပါးလှသည်။ မည်သို့ပင်ဆိုစေကာမူ လင်းဖုန်း ရှေ့တန်းစစ်မြေပြင်သို့ ရောက်ရှိနေသည်မှာ အချိန်တိုလေးသာ ရှိသေးသည် မဟုတ်ပါလား။
လင်းဖုန်းထံမှ လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များ ထွက်ပေါ်နေသဖြင့် သဘာဝကျစွာပင် လူများစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားသည်။
အထူးသဖြင့် လင်းဖုန်းသည် သားရဲဘုရင် နှစ်ကောင်ကို အမှန်တကယ် သတ်ဖြတ်နိုင်ခဲ့ပြီး နောက်တစ်ကောင်ကိုလည်း ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။ ဤကဲ့သို့သော တိုက်ပွဲမှတ်တမ်းမှာ ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင်။ ယခုအချိန်အထိ အနန္တလမ်းစဉ်အကယ်ဒမီမှ နတ်ဆိုးဘုရင် တုန်ဖန်းရှန် တစ်ဦးတည်းသာ သားရဲဘုရင်ကို အနိုင်ယူ သတ်ဖြတ်နိုင်ခဲ့ဖူးသည်။
သားရဲဘုရင်များကို သတ်ဖြတ်နိုင်ရန် လင်းဖုန်းတွင် မည်သို့သော စွမ်းရည်မျိုးများ ရှိနေသနည်း။
သိမြင်စူးစမ်းလိုစိတ်များက သိုင်းသမားများကို ပိုမို ဆွဲဆောင်လာသည်။ သူတို့အားလုံး လင်းဖုန်း၏ အစစ်အမှန် ရုပ်သွင်ကို မြင်တွေ့ချင်ကြပြီး ထို့ထက်ပို၍ လင်းဖုန်း၏ ခွန်အားကို မျက်မြင်ကိုယ်တွေ့ မြင်ဖူးချင်ကြသည်။
လင်းဖုန်းသည် သူ့ပတ်ဝန်းကျင်ရှိ လူများကို တစ်ချက်ကြည့်လိုက်သည်။ သူ့အနေဖြင့် ဤမျှထိ ထင်ပေါ်ကျော်ကြားစေရန် အစီအစဉ် မရှိခဲ့သော်လည်း လက်ရှိတွင်မူ သူ လူသိမခံဘဲ နေချင်လျှင်ပင် မရနိုင်တော့ပေ။ မည်သို့ပင်ဖြစ်စေ လင်းဖုန်းမှာ သားရဲဘုရင်များကို သတ်ဖြတ်ခဲ့သည်လေ။ ဤတိုက်ပွဲမှတ်တမ်း တစ်ခုတည်းကပင် လူများစွာအတွက် စိတ်ကူးဖြင့်ပင် မှန်းဆ၍မရနိုင်သော အရာတစ်ခု ဖြစ်နေချေသည်။
ထို့ကြောင့် လင်းဖုန်းသည် ပတ်ဝန်းကျင်ရှိ လူများကို လျစ်လျူရှုထားရန်သာ ဆုံးဖြတ်လိုက်သည်။ သူ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ခါးကိုမတ်ကာ ကိုယ်ကိုအနည်းငယ် ကိုင်းညွတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲရှိ ခွန်အား အားလုံးမှာ တစ်ခဏအတွင်း ပေါက်ကွဲထွက်လာတော့သည်။
ဖျောက်
လင်းဖုန်း လက်သီးတစ်ချက် ထိုးချလိုက်သည်။ လေထုမှာ ကြာပွတ်ရိုက်သံကဲ့သို့ ပေါက်ကွဲထွက်သွားသည်။ သူ၏ လက်သီး ခွန်အားစမ်းသပ်သည့် စက်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားကာ ကျယ်လောင်သော အသံကြီးတစ်ခု ဟိန်းထွက်လာသည်။
ဘန်း
စက်ပေါ်ရှိ ဂဏန်းများမှာ လျင်မြန်စွာ တက်လာသည်။ လူတိုင်းမှာ စက်ပေါ်ရှိ ဂဏန်းများကို မျက်လုံးအပြူးသားဖြင့် စူးစိုက်ကြည့်နေကြသည်။
နောက်ဆုံးတွင် ဂဏန်းများ ရပ်တန့်သွားသည်။ သို့သော်လည်း ပေါ်လာသော ဂဏန်းများမှာ ယုံနိုင်စရာပင် မရှိချေ။
“တန်… တန် ၂၀ လား။ သာမန် အကြမ်းထညိခန္ဓာကိုယ် ခွန်အားသက်သက်နဲ့ တန် ၂၀ အထိ ရောက်ဖို့ဆိုတာကြီးက ဖြစ်နိုင်လို့လား”
“မယုံနိုင်စရာပဲ... တကယ်ကို မယုံနိုင်စရာပဲ။ စီနီယာ လင်းဖုန်းက ဘာသိုင်းပညာမှ မသုံးခဲ့ဘူးမဟုတ်လား။ သူ့ရဲ့ မူလခွန်အားသက်သက်တင်ကို တန် ၂၀ အထိ ရောက်နေတာဟ။ ပရော်ဖက်ရှင်နယ် သိုင်းသမားတစ်ယောက်က ဒီအဆင့်အထိ ရောက်နိုင်လို့လား”
“ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ။ သိုင်းသမားတွေ မပြောနဲ့ အဲဒီ အရှင်သခင်အဆင့် ကြမ်းကြုတ်သားရဲတွေတောင် ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ ခွန်အားမျိုး ရှိချင်မှ ရှိမှာကွ။ စီနီယာ လင်းဖုန်းက ဘာလို့ သားရဲဘုရင်တွေကို ရင်ဆိုင်ဖိနှိပ်နိုင်ပြီး နှစ်ကောင်ကိုတောင် ကိုယ်တိုင်ကိုယ်ကျ သတ်နိုင်ခဲ့တာလဲ ဆိုတာကို ငါ အခုတော့ နားလည်သွားပြီ။ ဒီလို ကြောက်စရာကောင်းတဲ့ ခွန်အားနဲ့ နက်နဲတဲ့ သိုင်းပညာရပ်တွေ ရှိနေမှတော့ သူ မလုပ်နိုင်တာ ဘာမှမရှိတော့ဘူးပဲကွ”
“အရင်တုန်းက နတ်ဆိုးဘုရင် တုန်ဖန်းရှန် ပြီးရင် ငါတို့ အနန္တလမ်းစဉ်အကယ်ဒမီမှာ အခုလက်ရှိ စီနီယာ လင်းဖုန်းလို လူမျိုးကို မြင်ရလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ သူတို့နှစ်ယောက်ရဲ့ အသက်ကွာဟချက်က ကြီးမားလွန်းနေပြီးတော့ ခေတ်တစ်ခေတ်တည်းက လူတွေ မဟုတ်ခဲ့တာ နှမြောစရာပဲကွာ။ မဟုတ်ရင် ပြိုင်ဘက်ကင်း ပါရမီရှင် နှစ်ယောက် အကြိတ်အနယ် ယှဉ်ပြိုင်တာကို ငါတို့ မြင်ရနိုင်တယ်”
“နှမြောစရာ မလိုပါဘူး။ ပုံရိပ်ယောင် တိုက်ပွဲအခန်း ရှိတယ်လေ။ နတ်ဆိုးဘုရင် တုန်ဖန်းရှန်က ပုံရိပ်ယောင် တိုက်ပွဲခန်းရဲ့ ပထမနေရာကို လွှမ်းမိုးထားတာ အတော်လေး ကြာနေပြီ။ စီနီယာလင်းဖုန်းက ပုံရိပ်ယောင် တိုက်ပွဲခန်းထဲမှာ နတ်ဆိုးဘုရင်ကို အနိုင်ယူပြီး သူ့နေရာကို အစားထိုးနိုင်လောက်တယ်မလား”
“ငါ တကယ်ကို မျှော်လင့်မိတယ်...”
ဘေးနားရှိ သိုင်းသမားများစွာသည် လင်းဖုန်း လက်သီးတစ်ချက်တည်းဖြင့် တန် ၂၀ ကျော် ခွန်အား ထုတ်သုံးလိုက်သည်ကို မြင်တွေ့ခဲ့ကြရသည်။ သူတို့အားလုံး၏ မျက်နှာတွင် မတူညီသော အမူအရာများ ရှိနေကြသည်။ တချို့က လေးစားအားကျနေကြပြီး တချို့သူများက အံ့ဩတုန်လှုပ်နေကြကာ တချို့ကမူ မနာလိုအူတို ဖြစ်နေကြသည်။ သို့သော် သူတို့အားလုံးတွင် တူညီသော အတွေးတစ်ခု ရှိနေသည်။ ထိုအရာမှာ လင်းဖုန်း အမှန်တကယ်ကို အစွမ်းထက်သည် ဆိုခြင်းပင်။ ယခုအချိန်တွင် သူသည် သာလွန်လူသားအဆင့်အောက်၌ အသန်မာဆုံးလူဟု ဆိုလျှင်ပင် ချဲ့ကားပြောဆိုရာ ရောက်မည် မဟုတ်ပေ။
လင်းဖုန်းသည် အနန္တလမ်းစဉ်အကယ်ဒမီရှိ သာလွန်လူသားအဆင့်အောက်တွင် အသန်မာဆုံးလူ ဖြစ်ရုံသာမက တစ်ကမ္ဘာလုံးရှိ ပရော်ဖက်ရှင်နယ် သိုင်းသမားများထဲတွင်လည်း သာလွန်လူသားအဆင့်အောက်၌ ထိပ်တန်းအဆင့် သို့မဟုတ် နံပါတ်တစ် အဆင့်ဟုပင် သတ်မှတ်၍ ရနိုင်ပေသည်။
မည်သို့ပင်ဆိုစေကာမူ လင်းဖုန်းသည် လက်ရှိအချိန်၌ သားရဲဘုရင်ကို ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်နိုင်ခဲ့သည့် တစ်ဦးတည်းသော သာလွန်လူသားအဆင့်အောက် သိုင်းသမား ဖြစ်သည်။ လင်းဖုန်းနှင့် အင်အား မတိမ်းမယိမ်း ရှိသူများ ရှိကောင်းရှိနိုင်သော်လည်း သူတို့၏ တိုက်ပွဲမှတ်တမ်းများမှာ လင်းဖုန်းနှင့် ယှဉ်နိုင်ရန် အလှမ်းဝေးလှပေသည်။
လင်းဖုန်းသည် သူ၏ လက်သီးကို ပြန်ရုပ်လိုက်သည်။ စက်ပေါ်ရှိ ထင်ရှားသော ဂဏန်းများကို ကြည့်ကာ စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ တန် ၂၀။ တန် ၂၀ ပင်။ သူသည် သူ၏ လက်ရှိခွန်အားကို အတတ်နိုင်ဆုံး အထင်ကြီးစွာ ခန့်မှန်းထားခဲ့သော်လည်း လက်တွေ့ စမ်းသပ်ပြီးနောက် သူ၏ ခန့်မှန်းချက်မှာ လျော့နည်းနေသေးကြောင်း ခံစားလိုက်ရသည်။
တန် ၂၀ မှာ သူ၏ ယခင် ခန္ဓာကိုယ်ခွန်အားထက် သုံးဆခန့် ပိုများနေသည်။ အကယ်၍ ထိုလက်သီးချက်ပေါ်တွင် ဝဲကယက်စွမ်းအား သုံးခုကို ထုတ်ဖော်ကာ မူလခွန်အားနှင့် ပေါင်းစပ်လိုက်ပါက လင်းဖုန်းသည် လက်သီးတစ်ချက်တည်းဖြင့် တန် ၈၀ ကျော် ခွန်အားကိုပင် ထုတ်ဖော်အသုံးပြုနိုင်ပေလိမ့်မည်။
တန် ၈၀ ခွန်အားက ဘယ်လောက်တောင် အစွမ်းထက်လိုက်သလဲ။ လင်းဖုန်း တစ်ခါမှ မစမ်းသပ်ဖူးသော်လည်း မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော သာလွန်လူသား ကျွမ်းကျင်သူများသည် တိုက်ခိုက်မှုတစ်ခုတွင် အနည်းဆုံး ခွန်အား တန် ၁၀၀ ရှိကြောင်း သူ သိထားသည်။
ခွန်အား သက်သက်ဖြင့် ဆိုလျှင် လင်းဖုန်း၏ တန် ၈၀ ကျော် ခွန်အား ထုတ်ဖော်နိုင်စွမ်းမှာ သာလွန်လူသားအဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် အလွန် နီးစပ်နေပြီ ဖြစ်သည်။
သာလွန်လူသား ကျွမ်းကျင်သူများကို ကျော်လွန်ရန် ဆိုသည်မှာမူ လုံးဝ မဖြစ်နိုင်သလောက်ပင်။ ယခင်က နတ်ဆိုးဘုရင် တုန်ဖန်းရှန်ပင်လျှင် သာလွန်လူသား ကျွမ်းကျင်သူများကို အနိုင်ယူနိုင်စွမ်း မရှိခဲ့ပေ။ ဤသည်မှာ ခွန်အား သို့မဟုတ် သိုင်းပညာ နက်နဲမှု ပြဿနာ မဟုတ်ချေ။
၎င်းမှာ သက်ရှိသဘာဝ ကွာခြားမှုပင်။ သာလွန်လူသားနှင့် သာမန်သိုင်းသမားများမှာ သက်ရှိသဘာဝအဆင့်အတန်းအရ များစွာကွဲပြားခြားနားကြသည်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီးသည်နှင့် အသက်အနှစ်သာရသည် အသွင်ပြောင်းလဲမှု ကြီးမားစွာ ဖြစ်ပေါ်လာပြီး အပြည့်အဝ အသွင်ပြောင်းလဲခြင်းကို စတင်မည်ဖြစ်သည်။ ဤအသွင်ပြောင်းလဲမှုမှာ သာမန်လူများ လုံးဝ စိတ်ကူးယဉ်နိုင်စွမ်း မရှိသော သို့မဟုတ် နားလည်နိုင်စွမ်းထက် ကျော်လွန်သော အံ့မခန်း အခြေအနေတစ်ခု ဖြစ်သည်။
ထို့ကြောင့် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်သော ပထမဆုံး သာလွန်လူသား ကျွမ်းကျင်သူ ပေါ်ပေါက်လာကတည်းက ပရော်ဖက်ရှင်နယ် သိုင်းသမားတစ်ဦးက သာလွန်လူသား ကျွမ်းကျင်သူကို အနိုင်ယူနိုင်သည့် ဖြစ်ရပ်မျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။ တစ်ကြိမ်တစ်ခါမျှပင် မရှိခဲ့ပေ။
လင်းဖုန်းသည် ပရော်ဖက်ရှင်နယ် သိုင်းသမား အဆင့်ဖြင့် သာလွန်လူသား ကျွမ်းကျင်သူကို အနိုင်ယူရန် တစ်ခါမှ မတွေးခဲ့ဖူးပေ။ လင်းဖုန်းမှာ သူ၏ ကန့်သတ်ချက်ကိုသာ သိချင်ခဲ့ခြင်း ဖြစ်သည်။ ယခု သူသည် ခွန်အားအကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် သားရဲများ၏ မျိုးရိုးဗီဇကို ပေါင်းစပ်ရန် မျိုးရိုးဗီဇပေါင်းစပ်ကိရိယာကို အားကိုးလျှင်တောင် သာလွန်လူသား ကျွမ်းကျင်သူများကို မကျော်လွန်နိုင်တော့ပေ။ သို့သော် အလွန် နီးစပ်သည့်အထိတော့ ရောက်ရှိနိုင်ပေသည်။
နောက်ထပ် သူ၏ တစ်ခုတည်းသော ရည်မှန်းချက်မှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး သာလွန်လူသား ဖြစ်လာရန်သာ ဖြစ်သည်။
သို့သော် ထိုမတိုင်မီ လင်းဖုန်း လုပ်စရာ တစ်ခု ရှိသေးသည်။ သူ နတ်ဆိုးဘုရင် တုန်ဖန်းရှန်ကို နောက်တစ်ကြိမ် စိန်ခေါ်ချင်သေးသည်။
လင်းဖုန်းတွင်လည်း ဂုဏ်မာန ရှိသည်။ သိုင်းပညာ စတင်လေ့ကျင့်ကတည်းက သူ ကြုံတွေ့ခဲ့ရသော အကြီးမားဆုံး ရှုံးနိမ့်မှုမှာ ပုံရိပ်ယောင် တိုက်ပွဲခန်းမတွင် တုန်ဖန်းရှန်အား ရှုံးနိမ့်ခဲ့ခြင်းပင် ဖြစ်သည်။ ထို့အပြင် ၎င်းမှာ ပြန်လည် တုံ့ပြန်နိုင်စွမ်း လုံးဝမရှိဘဲ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။
လင်းဖုန်း ဘာမှမပြောနိုင်ခဲ့သော်လည်း သူ အမြဲတစေ စိတ်ထဲတွင် မှတ်သားထားခဲ့သည်။ ယခု သူသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို ရှိသမျှ အားကုန်ထုတ်၍ ချိုးဖျက်တော့မည် ဖြစ်ရာ သူ ထပ်မံ စိန်ခေါ်ရပေမည်။ အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ ဤသည်မှာ သူ၏ နောက်ဆုံး စိန်ခေါ်မှု ဖြစ်ပေလိမ့်မည်။
ပုံရိပ်ယောင် တိုက်ပွဲအခန်းကို နဂါးတောင်အခြေစိုက်စခန်းရှိ အနန္တလမ်းစဉ်အကယ်ဒမီ အခြေစိုက်စခန်းတွင်သာ တွေ့နိုင်သည်။ ခွန်အားအခြေအနေကို စမ်းသပ်သိရှိပြီးနောက် လင်းဖုန်းသည် ဆေးရုံမှ ချက်ချင်း ထွက်ခွာလာခဲ့သည်။
လင်းဖုန်း အခြေစိုက်စခန်းသို့ ပြန်ရောက်သောအခါ သူ မရင်းနီးသော သိုင်းသမား အများအပြားကလည်း သူ့ကို လာရောက်နှုတ်ဆက်ကြသည်။ သူက အားလုံးကို ခေါင်းညိတ်ကာ ပြန်လည် နှုတ်ဆက်လိုက်သည်။ နောက်ဆုံးတိုက်ပွဲအပြီးတွင် သူသည် နဂါးတောင်အခြေစိုက်စခန်း၌ နာမည်တစ်ခု ရရှိသွားခဲ့ပြီ ဖြစ်သည်။ သိုင်းသမားတိုင်းလိုလို သူ့ကို သိနေကြသည်ပင်။
“ဟင်... အစ်ကိုဖုန်း... ဆေးရုံကဆင်းလာပြီလား”
ရုတ်တရက် ဖုန်းရှို့သည် လင်းဖုန်းရှေ့တွင် ပေါ်လာသည်။ ဖုန်းရှို့မှာ လင်းဖုန်း၏ အသိအကျွမ်းတစ်ဦးဟု ဆိုနိုင်သည်။ သူ အဆင်ပြေကျန်းမာနေပုံရသည်။ နောက်ဆုံးတိုက်ပွဲတွင် သူ အလွန် ကံကောင်းခဲ့ပြီး ဘာမှမဖြစ်ခဲ့ပုံပင်။
“အေး... ငါ ဆေးရုံဆင်းပြီ”
ဖုန်းရှို့က နွေးထွေးစွာ ပြောလိုက်သည်။ “အစ်ကိုဖုန်း... ကျွန်တော်လည်း အစ်ကို့ကို လာကြည့်ချင်တာ၊ ဒါပေမဲ့ ဆေးရုံက ပေးမတွေ့လို့။ အစ်ကိုက ဒီတလော နဂါးတောင်အခြေစိုက်စခန်းမှာ တော်တော် ဩဇာညောင်းတဲ့သူ ဖြစ်နေပြီဗျ။ ဟားဟားဟား... အစ်ကိုက တကယ်ကို မိုက်တာပဲ။ သားရဲဘုရင် နှစ်ကောင်ကိုတောင် သတ်နိုင်တာကြီးက တကယ်ကို မယုံနိုင်စရာပဲ...”
ဖုန်းရှို့ သူ့နားဘေးတွင် ပွစိပွစိ ပြောနေဆဲဖြစ်သည်။ လင်းဖုန်းက လက်ကာပြကာ ဖုန်းရှို့ကို ဖြတ်ပြောလိုက်သည်။ သူက အေးဆေးစွာဖြင့်
“ပုံရိပ်ယောင် တိုက်ပွဲအခန်းက ဘယ်မှာလဲ။ ငါ့ကို ခေါ်သွားပေးပါ”
“ပုံရိပ်ယောင် တိုက်ပွဲခန်း ဟုတ်လား။ အစ်ကိုဖုန်း ဘယ်သူ့ကို စိန်ခေါ်မလို့လဲ”
ထိုစကားကို ကြားသောအခါ ဖုန်းရှိုလည်း ရပ်တန့်သွားပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
“တုန်ဖန်းရှန် ကိုပဲ”
ဖုန်းရှို့ ပါးစပ်ဟသွားပြီး တစ်ခုခု ပြောချင်သော်လည်း နောက်ဆုံးတွင် ဘာမှ မပြောနိုင်တော့ပေ။
နတ်ဆိုးဘုရင် တုန်ဖန်းရှန်... သူ လင်းဖုန်းကို ကြည့်လိုက်ပြီး တစ်ခုခုကို နားလည်သွားသကဲ့သို့ ရှိသည်။