← Chapters

စမ်းသပ်ခြင်း

Vol. 4 Ch. 58

စမ်းသပ်ခြင်း

Vol. 4 Ch. 58

ဘာသာပြန် - အားသစ်

လင်းဖုန်း ဤကိစ္စကို ဆက်လက် တွေးတောမနေတော့ပေ။ တီကောင်သားရဲဘုရင်ကိစ္စကို စစ်သေနာပတိချုပ်နှင့် အခြားသာလွန်လူသား ကျွမ်းကျင်သူများက ကိုင်တွယ်ဖြေရှင်းကြလိမ့်မည်။ သူသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို မချိုးဖျက်ရသေးသဖြင့် ဤကိစ္စများကို စိုးရိမ်နေ၍လည်း အကျိုးမရှိပေ။

လင်းဖုန်းအတွက် ယခုလက်ရှိ အရေးအကြီးဆုံးမှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ လင်းဖုန်းတွင် အသက်ရှင်ရန် တစ်နှစ်သာ ကျန်တော့သည် မဟုတ်ပါလား။

လင်းဖုန်း ဆေးရုံတွင် နောက်ထပ် သုံးရက်ကြာ ဆက်နေခဲ့သည်။ ထို့နောက် ဆရာဝန်က သဘောမတူသော်လည်း သူ ဆေးရုံမှဆင်းရန် အတင်းအကျပ် တောင်းဆိုခဲ့သည်။ ဆေးရုံကလည်း လင်းဖုန်းကို သေချာစွာ စစ်ဆေးပေးခဲ့ပြီး သူ၏ ထူးဆန်းသော ရောဂါအခံမှလွဲ၍ အခြားဒဏ်ရာများ မရှိတော့သဖြင့် ဆေးရုံဆင်းခွင့် ပြုလိုက်ရသည်။

သို့သော် ဆေးရုံမှ မဆင်းမီ လင်းဖုန်းသည် ယွီရှန်းထံသို့ သွားရောက် သတင်းမေးချင်သေးသည်။ မည်သို့ပင်ဖြစ်စေ သူနှင့် ယွီရှန်းမှာ သေရေးရှင်ရေး အကျပ်အတည်းများကို အတူတကွ ဖြတ်ကျော်ခဲ့ကြပြီး သေအတူရှင်မကွာ သံယောဇဉ်များ ရရှိခဲ့ကြပြီး ဖြစ်သည်။

ယွီရှန်း၏ လူနာခန်းမှာ လင်းဖုန်း၏ အခန်းနှင့် မဝေးလှပေ။ ဆရာဝန်ထံမှ ယွီရှန်း၏ အခန်းနံပါတ်ကို မေးမြန်းပြီးနောက် သူ ပစ္စည်းများကို သိမ်းဆည်းကာ ချက်ချင်း ထွက်လာခဲ့သည်။

ကျယ်ဝန်းသော လူနာခန်းတစ်ခုအတွင်းရှိ အဖြူရောင်ကုတင်ပေါ်တွင် လူတစ်ယောက် လှဲလျောင်းနေသည်။ သူ၏ တစ်ကိုယ်လုံးတွင် ပတ်တီးများ စည်းနှောင်ထားသည်။

လင်းဖုန်း သတိထားကာ လျှောက်သွားလိုက်ပြီးနောက် ယွီရှန်း မျက်လုံးပွင့်နေသည်ကို မြင်လိုက်ရသည်။ သို့သော် သူ၏ အကြည့်များမှာ အလွန်ပင် စိတ်ဓာတ်ကျဆင်းနေပုံရပြီး အားအင်ကုန်ခမ်းနေဟန် ရှိသည်။

“ယွီရှန်း” လင်းဖုန်း ခေါ်လိုက်သည်။

“လင်းဖုန်းလား... ဆေးရုံဆင်းရတော့မှာမို့ ဂုဏ်ပြုပါတယ်ကွာ”

“အေး... ငါ့ဒဏ်ရာတွေ သက်သာသွားပါပြီ။ မင်းရော ဘယ်လိုနေသေးလဲ”

“ဘယ်လိုနေရမှာလဲ... အချိန်တစ်ခုလောက်ကြာရင် ငါ ရှေ့တန်းကနေ ပြောင်းရွှေ့ခံရတော့မှာပေါ့”

ယွီရှန်းတစ်ယောက် အလွန်အမင်း စိတ်ဓာတ်ကျကာ အားငယ်နေပုံရသည်ဟု လင်းဖုန်း ခံစားလိုက်ရသည်။ သူ ဒဏ်ရာနည်းနည်းပါးပါး ရသွားရုံလေးပဲ မဟုတ်ဘူးလား။ ခေတ်သစ် ဆေးပညာတွေက အရမ်း တိုးတက်နေပြီပဲ။ ဒဏ်ရာရရင်တောင် သေချာ နားလိုက်ရင် တဖြည်းဖြည်း ပြန်ကောင်းလာနိုင်တာပဲလေ။

ယွီရှန်း ဘာဖြစ်သွားသလဲဟု လင်းဖုန်း တွေးတောနေစဉ်မှာပင် လူနာခန်းအပြင်ဘက်မှ သူနာပြုမလေးတစ်ဦး ဝင်လာသည်။

နာ့စ်မလေးက တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။

“ယွီရှန်း... ဆေးထည့်ရမယ့် အချိန်ရောက်ပြီ”

ထိုသို့ပြောရင်း သူနာပြုမလေးက ယွီရှန်း၏ စောင်ကို ခွာလိုက်သည်။ ယွီရှန်း၏ ခြေထောက်များကို စူးစိုက်ကြည့်နေသော လင်းဖုန်းမှာ မှင်တက်သွားရသည်။ ယွီရှန်း၏ ဘောင်းဘီအောက်ပိုင်းမှာ ဟာလာဟင်းလင်း ဖြစ်နေသည်။ သူ၏ ခြေထောက်နှစ်ဖက်စလုံး မရှိတော့ပေ။

သူနာပြုမလေးသည် ဆေးကို ဂရုတစိုက် ထည့်ပေးပြီးနောက် လူနာခန်းထဲမှ ထွက်သွားခဲ့သည်။ လင်းဖုန်း၏ အံ့အားသင့်နေသော မျက်နှာကို မြင်သောအခါ ယွီရှန်းက ဝမ်းနည်းကြေကွဲဖွယ် လေသံဖြင့် ပြောလိုက်သည်။

“ငါ့ခြေထောက်တွေကို ဖြတ်ပစ်လိုက်ရပြီ။ ဆေးပညာတွေ ဘယ်လောက်ပဲ တိုးတက်နေပါစေ၊ ငါ့ကို ဘယ်လောက်ပဲ ကောင်းမွန်တဲ့ အထောက်အပံ့တွေ ပေးနိုင်ပါစေ... ငါ့ခြေထောက်တွေ ပြန်ပေါက်လာအောင်တော့ မလုပ်ပေးနိုင်တော့ဘူးလေ”

“ငါ့ဘဝတော့ ဆုံးပါပြီကွာ။ ငါ့ရဲ့ သိုင်းပညာလမ်းစဉ်လည်း ပြီးဆုံးသွားခဲ့ပြီ။ တကယ်တော့ ဒါကလည်း ကောင်းပါတယ်။ ငါက မိသားစုရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို အများကြီး ထမ်းပိုးခဲ့ရတာ။ ဒီတစ်ခါ ငါ ပြန်သွားရင် သေသေချာချာ အနားယူလို့ရပြီ။ ရှေ့တန်းမှာ အသက်စွန့်ပြီး တိုက်ပွဲဝင်စရာ မလိုတော့ဘူးပေါ့”

ယွီရှန်း၏ နှုတ်ခမ်းထက်တွင် အပြုံးတစ်ခု ရှိနေဆဲဖြစ်သော်လည်း ထိုအပြုံးမှာ အလွန်ပင် ဟန်ဆောင်ထားရကြောင်း လင်းဖုန်း သိနေသည်။

ပါရမီရှင် သိုင်းသမားတစ်ဦးအတွက် ခြေလက်အင်္ဂါများ ဆုံးရှုံးသွားပြီး သိုင်းပညာလမ်းစဉ်ကို ဆက်လက် လျှောက်လှမ်းနိုင်စွမ်း မရှိတော့ခြင်းမှာ မည်မျှ နာကျင်ရမည်နည်း။

“ယွီရှန်း... ငါသာ မင်းကို တစ်မိနစ်လောက် အချိန်ဆွဲပေးဖို့ မတောင်းဆိုခဲ့ရင် မင်း အခုလို ဖြစ်လာမှာ မဟုတ်ဘူး”

လင်းဖုန်း၏ ရင်ထဲတွင် အပြစ်ရှိစိတ်များဖြင့် ပြည့်နှက်နေသည်။ ယွီရှန်း လက်ရှိအခြေအနေသို့ ရောက်ရခြင်းမှာ သူ့ကြောင့်ဟု ဆိုနိုင်သည်။ လင်းဖုန်းအတွက် တစ်မိနစ် အချိန်ရရန် ယွီရှန်း အပြင်းအထန် ဒဏ်ရာရခဲ့ပြီး ခြေထောက်ဖြတ်ရသည့် အခြေအနေသို့ ရောက်သွားခဲ့ရခြင်း ဖြစ်သည်။

ယွီရှန်းက အားပျော့စွာ ပြုံးကာ ခေါင်းခါလိုက်သည်။ “လင်းဖုန်း... ဒါက ဘယ်လိုလုပ် မင်းအမှား ဖြစ်ရမှာလဲ။ မင်းသာ မရှိရင် ငါတို့တွေ စောစောကတည်းက သေနေလောက်ပြီ။ ပြီးတော့ နဂါးတောင်အခြေစိုက်စခန်းလည်း အကြီးအကျယ် ဆုံးရှုံးသွားရလိမ့်မယ်။ မင်း ဘာအမှားမှ မလုပ်ခဲ့ပါဘူးကွာ။ မင်းက ရွှေယွမ်ရှန်းနဲ့ ဂေါင်ထျန်းချီတို့အတွက်တောင် လက်စားချေပေးနိုင်ခဲ့သေးတာပဲ။ ငါ့အတွက်ကတော့ ဒါက ကံတရားပါပဲ။ ငါ ရှေ့တန်းကို လာကတည်းက ဒီလိုဖြစ်လာမယ်ဆိုတာကို ကြိုတင်ပြင်ဆင်ပြီးသားပါ။ မင်းနဲ့ ဘာမှမဆိုင်ပါဘူးကွာ”

“ယွီရှန်း... ငါ ကူညီပေးနိုင်တာ တစ်ခုခုရှိရင်သာ ပြောပါ”

“စိတ်မပူပါနဲ့၊ ငါ အဆင်ပြေပါတယ်။ တကယ်လို့ တစ်ခုခုဖြစ်လာရင် ငါ မင်းကို သေချာပေါက် လာရှာမှာပါ။ ဘာပဲဖြစ်ဖြစ် မင်းနဲ့ငါက သေရေးရှင်ရေးကို အတူတူ ဖြတ်ကျော်ခဲ့တဲ့ သူငယ်ချင်းတွေပဲ။ ငါ အားနာနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်း မျိုးရိုးဗီဇကန့်သတ်ချက်ကို အမြန်ဆုံး ချိုးဖျက်နိုင်ဖို့တော့ လိုမယ်။ မဟုတ်ရင် ငါ အကူအညီ လာတောင်းတဲ့အခါ မင်း ကူညီနိုင်မှာ မဟုတ်ဘူးနော်”

ယွီရှန်းမှာ အနည်းငယ် စိတ်ဓာတ်ကျနေသော်လည်း လုံးဝကြီး မျှော်လင့်ချက် ကင်းမဲ့မသွားသေးသည်ကို မြင်သောအခါ လင်းဖုန်း ပြုံးကာ ပြောလိုက်သည်။

“ငါ မင်းကို စိတ်ပျက်စေမှာ မဟုတ်ဘူးလို့ ကတိပေးပါတယ်။ သေချာ နားပါဦး။ တကယ်လို့ မင်း ရှေ့တန်းကနေ ပြန်ရတော့မယ်ဆိုရင် ငါ လိုက်ပို့ပေးလို့ရအောင် ကြိုပြောဦး”

လင်းဖုန်းနှင့် ယွီရှန်းတို့ ဆက်သွယ်နိုင်ရန် အချက်အလက်များ ဖလှယ်လိုက်ကြသည်။ ထို့နောက် သူ ယွီရှန်းကို နှုတ်ဆက်ကာ ထွက်လာခဲ့သည်။

လင်းဖုန်း ထွက်သွားပြီးနောက် ယွီရှန်း၏ မျက်နှာပေါ်မှ အပြုံးများမှာ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ သူ တိုးတိုးလေး ရေရွတ်လိုက်သည်။

“ငါ မင်းကို တကယ် အားကျပါတယ်ကွာ။ မင်းက သိုင်းပညာလမ်းစဉ်ကို ဆက်လျှောက်ပြီး မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ဦးမယ်။ ငါကတော့ ငါ့ရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံး ဘယ်လိုဖြစ်မယ်ဆိုတာကို မြင်နေရပြီ...”

လူနာခန်းမှ ထွက်လာပြီးနောက် လင်းဖုန်း ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်လိုက်သည်။ ပြာလဲ့သော ကောင်းကင်နှင့် တိမ်ဖြူများကြားတွင် ယနေ့ ရာသီဥတုမှာ အတော်လေး သာယာနေပြီး နေရောင်ခြည်က သူ့အပေါ် နွေးထွေးစွာ ကျရောက်နေသည်။ သို့သော် လင်းဖုန်း၏ ရင်ထဲတွင် မည်သည့် ပျော်ရွှင်မှု အရိပ်အယောင်ကိုမျှ မခံစားရပေ။ ထို့ထက် သူ၏ စိတ်နှလုံးမှာ အတော်ပင် လေးလံနေသည်။

ရွှေယွမ်ရှန်းနှင့် ဂေါင်ထျန်းချီတို့မှာ တိုက်ပွဲတွင် ကျဆုံးသွားခဲ့ပြီး ယွီရှန်းမှာလည်း ပြင်းထန်စွာ ဒဏ်ရာရကာ ခြေလက်အင်္ဂါ ဆုံးရှုံးခဲ့ရသည်။ သူ၏ သိုင်းပညာလမ်းစဉ်မှာလည်း အဆုံးသတ်သွားခဲ့ပြီ။ ရှေ့တန်းစစ်မြေပြင်၏ ရက်စက်ကြမ်းကြုတ်မှုကို လင်းဖုန်း ပထမဆုံးအကြိမ် နက်နက်ရှိုင်းရှိုင်း သိမြင်လိုက်ရသည်။

လက်ရှိ နည်းပညာအဆင့်အတန်းဖြင့် ယွီရှန်း၏ ခြေထောက်များကို လုံးဝ ပြန်လည်ကောင်းမွန်အောင် ကုသပေးရန် မဖြစ်နိုင်ပေ။ သေချာတာပေါ့... လုံးဝ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ အကယ်၍ ယွီရှန်းသာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး သာလွန်လူသားတစ်ယောက် ဖြစ်လာခဲ့မည်ဆိုလျှင် ထိုချိုးဖျက်ပြီးချိန်တွင် ရရှိမည့် အသွင်ပြောင်းလဲခြင်းအခွင့်အရေးကို အသုံးပြုကာ သူ၏ မျိုးရိုးဗီဇများကို ပြန်လည်တည်ဆောက်နိုင်ပြီး ခြေထောက်များလည်း ပြန်လည် ထွက်ပေါ်လာနိုင်ပေသည်။

သို့သော် ထိုအခွင့်အရေးမှာ တစ်ကြိမ်သာ ရနိုင်သည်။ ထို့အပြင် ယွီရှန်းအနေဖြင့် ကိုယ်လက်အင်္ဂါ အစုံအလင် ရှိနေချိန်တွင်ပင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန် အလွန်ခက်ခဲခဲ့သည် မဟုတ်ပါလား။ ယခုကဲ့သို့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားချိန်တွင် သိုင်းပညာလမ်းစဉ်ကို ဆက်လက် မလျှောက်လှမ်းနိုင်တော့ဘဲ မျိုးရိုးဗီဇကန့်သတ်ချက်ကို မည်သို့ ချိုးဖျက်နိုင်ပါမည်နည်း။

အမှန်တကယ်တွင် လင်းဖုန်းကိုယ်တိုင်လည်း အလားတူ အကျပ်အတည်းမျိုးကို ရင်ဆိုင်နေရခြင်း ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်မှာ အပြည့်အစုံ ရှိနေပြီး အလွန်လည်း သန်မာလှသည်။ သူသည် နဂါးတောင်အခြေစိုက်စခန်း၏ သူရဲကောင်းဖြစ်လာခဲ့ပြီး မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ရန် အခွင့်အရေး အများဆုံး သိုင်းသမားတစ်ဦးအဖြစ် နာမည်ကြီးနေသည်။ သို့သော် လင်းဖုန်း ကိုယ်တိုင်သာလျှင် သူ့၌ အသက်ရှင်ရန် တစ်နှစ်သာ ကျန်တော့ကြောင်း သိသည်။ အကယ်၍ သူသာ ကန့်သတ်ချက်ကို မချိုးဖျက်နိုင်ဘဲ မျိုးရိုးဗီဇများကို ပြန်လည် ဖွဲ့စည်းတည်ဆောက်ခြင်း မပြုလုပ်နိုင်ပါက သူသည် ထူးဆန်းသော ရောဂါကြောင့် သေမင်းနှင့် ရင်ဆိုင်ရပေလိမ့်မည်။

ထို့ကြောင့် လင်းဖုန်းမှာလည်း ကြီးမားသော ဖိအားများကို ခံစားနေရသည်။ သူသည် သေမင်း၏ ခြိမ်းခြောက်မှုကို အချိန်ပြည့်နီးပါး ရင်ဆိုင်နေရသည်။ စိတ်ဓာတ် အနည်းငယ် အားနည်းသူဆိုလျှင် ဤမျှ ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

သို့သော် လင်းဖုန်း တောင့်ခံထားနိုင်ခဲ့သည်။ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်နိုင်ရန် သူ အပြည့်အဝ အားကုန်ထုတ်ကြိုးစားရမည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ယခုလက်ရှိတွင် မကြုံစဖူး အစွမ်းထက်နေပြီ ဖြစ်သည်။ ထို့အပြင် စစ်သေနာပတိချုပ် လုံကျိုး၏ စကားအရ သူသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို အမှန်တကယ် မြင်တွေ့ ခဲ့ရပြီးပြီ ဖြစ်သည်။

သို့သော် မည်သည့်အကြောင်းကြောင့်မှန်း မသိဘဲ သူ၏ ခန္ဓာကိုယ်မှာ အသွင်မပြောင်းသေးခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ထိုအကြောင်းရင်းကို ရှာတွေ့သွားသည်နှင့် သူသည် သာလွန်လူသားအဖြစ် အသွင်ပြောင်းလဲသွားရန် အလွန်ပင် သေချာနေပြီ ဖြစ်သည်။

“အရင်ဆုံး လေ့ကျင့်ရေးခန်းမကို သွားလိုက်ဦးမယ်”

လင်းဖုန်းသည် သူ၏ လက်ရှိခွန်အားကို အရင် စမ်းသပ်ကြည့်ရပေမည်။ တီကောင်သားရဲဘုရင်၏ မျိုးရိုးဗီဇကို ပေါင်းစပ်လိုက်ခြင်းကြောင့် လင်းဖုန်း၏ စွမ်းရည်အချက်အလက်များ အများကြီး တိုးတက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို ထိန်းချုပ်နိုင်သေးသော်လည်း ယခင်ကလောက်တော့ မတိကျတော့ပေ။

လေ့ကျင့်ရေးခန်းမသို့ ရောက်သောအခါ ပရော်ဖက်ရှင်နယ် ခွန်အားစမ်းသပ်သည့် စက်များကို တွေ့လိုက်ရသည်။ ဆေးရုံတွင် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများ ပြုလုပ်နေကြသော လူနာအချို့လည်း ရှိနေသည်။ လင်းဖုန်းကို မြင်သောအခါ သူတို့အားလုံး အံ့သြသွားကြပြီး တစ်ယောက်ပြီးတစ်ယောက် လာရောက် နှုတ်ဆက်ကြသည်။

“စီနီယာ လင်းဖုန်း...”

“စီနီယာ လင်းဖုန်း ပြန်ကောင်းလာပြီ။ တကယ် ဝမ်းသာစရာပဲ”

“စီနီယာ လင်းဖုန်းက သားရဲဘုရင်ကိုတောင် သတ်နိုင်ခဲ့တာ။ တကယ်ကို အံ့ဩစရာပဲ။ သူ မကြာခင် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ပြီး နဂါးတောင်အခြေစိုက်စခန်းရဲ့ ၁၇ ယောက်မြောက် သာလွန်လူသား ဖြစ်လာတော့မှာ သေချာတယ်”

ဤဆေးရုံမှာ နဂါးတောင်အခြေစိုက်စခန်းရှိ အနန္တလမ်းစဉ်အကယ်ဒမီ၏ သီးသန့်‌ဆေးရုံဖြစ်သဖြင့် ဤနေရာတွင် ဆေးကုသမှု ခံယူနေသော သိုင်းသမားများ အားလုံးမှာ အကယ်ဒမီကျောင်းတော်မှ ကျောင်းသားများပင် ဖြစ်ကြသည်။

လင်းဖုန်းတစ်ယောက် တိုက်ပွဲအခြေအနေကို ပြောင်းလဲပေးခဲ့ပြီး သားရဲဘုရင်ကို သတ်ဖြတ်နိုင်ခဲ့သည့် သတင်းမှာ နဂါးတောင်အခြေစိုက်စခန်း တစ်ခုလုံးသို့ ဟိုးလေးတကျော် ပျံ့နှံ့နေပြီ ဖြစ်သည်။ လက်ရှိအချိန်တွင် လင်းဖုန်းကို မသိသူဟူ၍ ခပ်ရှားရှားပင်။

ယခုလက်ရှိတွင် လင်းဖုန်းသည် နဂါးတောင်အခြေစိုက်စခန်း၏ သူရဲကောင်း ကယ်တင်ရှင် ဖြစ်နေပြီဖြစ်ရာ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ လူအများ၏ အာရုံစိုက်မှုကို ရရှိနေမည်မှာ သဘာဝပင်။

“ကျွန်တော် လေ့ကျင့်ရေးစက်လေး သုံးချင်လို့ပါ”

လင်းဖုန်းသည် သူတို့အားလုံးကို အပြုံးဖြင့် ပြန်လည် နှုတ်ဆက်လိုက်သည်။

“စီနီယာ လင်းဖုန်း အရင်သုံးပါ။ ကျွန်တော်တို့က စောင့်လို့ရပါတယ်”

လင်းဖုန်းက စက်ကိုအသုံးပြုပြီး သူ၏ ခွန်အားကို စမ်းသပ်ချင်သည်ဟု ကြားသောအခါ လေ့ကျင့်ရေးခန်းမထဲရှိ သိုင်းသမားများ အားလုံး ဝိုင်းအုံလာကြသည်။ သားရဲဘုရင်ကို သတ်ဖြတ်နိုင်ခဲ့သော လင်းဖုန်း၏ ခွန်အားမှာ မည်မျှအထိ ရှိနေမည်ကို သူတို့အားလုံး မျက်မြင်ကိုယ်တွေ့ ကြည့်ချင်နေကြသည်။

All Chapters