အမဲလိုက်သားရဲများ
Vol. 4 Ch. 60
“အစ်ကိုဖုန်း... အစ်ကိုက တကယ်ပဲ နတ်ဆိုးဘုရင်ကို စိန်ခေါ်တော့မလို့လား”
ဖုန်းရှို့သည် စိတ်လှုပ်ရှားလွန်း၍ စကားပင် ကောင်းကောင်း မပြောနိုင်တော့ပေ။ နတ်ဆိုးဘုရင် တုန်ဖန်းရှန်ကို စိန်ခေါ်ခြင်းမှာ ထူးဆန်းသည့်ကိစ္စတော့ မဟုတ်ပေ။ အမှန်တကယ်တန်းတွင် နတ်ဆိုးဘုရင်ကို စိန်ခေါ်ရန် ကြိုးစားသူများစွာ ရှိခဲ့သည်။ သိုင်းသမား အများအပြားသည် မျိုးရိုးဗီဇကန့်သတ်ချက်ကို မချိုးဖျက်မီ နတ်ဆိုးဘုရင်ကို ရာဇပလ္လင်ပေါ်မှ ဆွဲချချင်ကြသည်။
ကံမကောင်းစွာဖြင့်ပင် နှစ်ပေါင်းများစွာ ကြာခဲ့သော်လည်း နတ်ဆိုးဘုရင်ကို ပလ္လင်ပေါ်မှ ဆွဲချနိုင်သူ တစ်ဦးမျှ မရှိခဲ့ပေ။ ထို့ကြောင့်လည်း နတ်ဆိုးဘုရင်၏ မရှုံးနိမ့်နိုင်သော ဒဏ္ဍာရီမှာ ပိုမို ခိုင်မာလာခဲ့သည်။
အခြား ထိပ်တန်း သိုင်းပညာအကယ်ဒမီ နှစ်ခုတွင်ပင် နတ်ဆိုးဘုရင် တုန်ဖန်းရှန်၏ နာမည်မှာ အလွန် ကျော်ကြားလှသည်။ သူသည် သာလွန်လူသားအဆင့်အောက်၌ အသန်မာဆုံးလူအဖြစ် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားခြင်း ခံရသူ ဖြစ်သည်။
ယခု လင်းဖုန်းက နတ်ဆိုးဘုရင်ကို စိန်ခေါ်ခြင်းမှာမူ ယခင်ကနှင့် လုံးဝ မတူညီသော အဓိပ္ပာယ်တစ်ခုရှိသည်။ သူသည် လုံးဝဥဿုံ အကြွင်းမဲ့ခွန်အားဖြင့်သာ စိန်ခေါ်ရန် သွားခြင်း ဖြစ်သည်။ အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ ဤတိုက်ပွဲသတင်းသည် သေချာပေါက် ဟိုးလေးတကျော်ဖြစ်သွားမည်ဖြစ်ကြောင်း ဖုန်းရှို့ ကောင်းကောင်း သိထားသည်။
“ဒါက ငါ တုန်ဖန်းရှန်ကို နောက်ဆုံးအကြိမ် စိန်ခေါ်တာလည်း ဖြစ်နိုင်တယ်။ အောင်မြင်တာ ကျရှုံးတာကို ထားလိုက်၊ နောင်မှာ ငါ သူ့ကို ထပ်ပြီး စိန်ခေါ်တော့မှာ မဟုတ်ဘူး။ မင်း ဒီတိုက်ပွဲကို ကြည့်လို့ရတယ်၊ ဒါပေမဲ့ တခြားလူတွေကိုတော့ သွားမပြောနဲ့ဦး”
“နားလည်ပါပြီ... နားလည်ပါပြီ”
ဖုန်းရှိုက ဘယ်သူ့ကိုမှ မပြောပါဟု ကတိအထပ်ထပ် ပေးလိုက်သည်။ လင်းဖုန်း၏ ခွင့်ပြုချက်ဖြင့် ဤတိုက်ပွဲကို ကြည့်ခွင့်ရခြင်းမှာ မည်မျှ ကံကောင်းလိုက်သနည်း။ ဤကဲ့သို့သော တိုက်ပွဲမျိုးမှာ မည်မျှပင် ကြည့်ချင်နေပါစေ ကံကောင်းမှသာ ကြည့်ခွင့်ရမည့် အရာဖြစ်သည်။ ၎င်းမှာ တစ်စုံတစ်ယောက် မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်လိုက်သည့်သတင်းကို ကြားရခြင်းထက်ပင် ပို၍ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းလှသည်။
“ငါ့ကို ပုံရိပ်ယောင် တိုက်ပွဲခန်းကို ခေါ်သွားပေးပါ”
ဖုန်းရှို့သည် လင်းဖုန်းကို ချက်ချင်းပင် ပုံရိပ်ယောင် တိုက်ပွဲအခန်းသို့ ခေါ်ဆောင်သွားသည်။ လက်ရှိအချိန်တွင် ပုံရိပ်ယောင်တိုက်ပွဲအခန်းထဲ၌ မည်သူမှ မရှိပေ။ နဂါးတောင်အခြေစိုက်စခန်းတွင် သိုင်းသမားတိုင်းသည် သားရဲများကို သတ်ဖြတ်ရန်နှင့် အမှတ်များ စုဆောင်းရန်သာ အားကုန်ထုတ် ကြိုးစားနေကြသဖြင့် ပုံရိပ်ယောင် တိုက်ပွဲခန်းမသို့ လာသူ အလွန်နည်းပါးသည်။
သို့သော် ဤသည်မှာလည်း ကောင်းသည်ပင်။ လင်းဖုန်းကိုယ်တိုင်လည်း ထင်ပေါ်ကျော်ကြားလိုစိတ် မရှိသဖြင့် တိုက်ပွဲခန်းမထဲတွင် လူမရှိခြင်းမှာ သူ့အကြိုက်ပင် ဖြစ်သည်။
ထို့ကြောင့် လင်းဖုန်းသည် တွေဝေမနေဘဲ တိုက်ပွဲခန်းမထဲသို့ ဝင်ကာ ပုံရိပ်ယောင်စက်အတွင်း လှဲလျောင်းလိုက်သည်။ နောက်တစ်ခဏတွင် သူ၏ အသိစိတ်များ လွင့်မျောသွားသကဲ့သို့ ခံစားလိုက်ရပြီး မှောင်မည်းနေသော အခန်းတစ်ခုသို့ ရောက်ရှိသွားသည်။
“ပထမနေရာက တုန်ဖန်းရှန် ကို စိန်ခေါ်ချင်တယ်”
လင်းဖုန်း၏ စကားအဆုံးတွင် ပုံရိပ်ယောင် တိုက်ပွဲအခန်းတစ်ခုလုံး အလင်းရောင်များဖြင့် ဖုံးလွှမ်းသွားပြီး ကြီးမားသော တိုက်ပွဲကွင်းပြင်ကြီး တစ်ခု ပေါ်လာသည်။
ဤကွင်းပြင်ကြီးမှာ အလွန်ပင် ကျယ်ပြောလှသည်။ မျက်စိတစ်ဆုံး ကြည့်လျှင်ပင် အဆုံးအစကို မမြင်နိုင်ပေ။ သူတို့အနေဖြင့် စိတ်ကြိုက် တိုက်ခိုက်နိုင်ကြပေမည်။
ဤသည်မှာ လင်းဖုန်း စိန်ခေါ်မှု လုပ်ခဲ့သမျှထဲတွင် အကြီးဆုံး တိုက်ပွဲကွင်းပြင် ဖြစ်သည်။ ပုံရိပ်ယောင် မြင်ကွင်းတစ်ခုသာ ဖြစ်သော်လည်း တိုက်ပွဲခန်းမ၏ ဉာဏ်ရည်တုစနစ်သည် လင်းဖုန်း၏ လက်ရှိခွန်အားမှာ ထူးခြားနေကြောင်း သိမြင်သွားပုံရကာ တိုက်ပွဲကွင်းပြင် အဆင့်အတန်းကိုပါ မြှင့်တင်ပေးလိုက်ခြင်း ဖြစ်နိုင်သည်။
ဝုန်း...
မကြာမီမှာပင် လင်းဖုန်းသည် ရင်းနှီးနေသော ပုံရိပ်တစ်ခုကို ထပ်မံ မြင်တွေ့လိုက်ရသည်။ နတ်ဆိုးဘုရင် တုန်ဖန်းရှန်၏ မျက်နှာမှာ အေးစက်စက် အမူအရာ ရှိနေဆဲပင်။ သူ၏ မျက်လုံးများမှာ ထာဝရရေခဲပြင်ကဲ့သို့ အေးစက်နေပြီး အရာအားလုံးကို အထက်စီးမှ ငုံ့ကြည့်နေသကဲ့သို့ ပိုင်စိုးပိုင်နင်းရှိသည်။
“တုန်ဖန်းရှန်... ငါတို့ ပြန်တွေ့ကြပြန်ပြီပေါ့”
လင်းဖုန်းသည် သူ၏ တိုက်ပွဲဝင်ဓားမော့ကိုပင် မထုတ်တော့ပေ။ ဤစိန်ခေါ်မှုတွင် သူသည် မည်သည့် လက်နက်ကိုမျှ အသုံးပြုမည် မဟုတ်ပေ။ သူ အယုံကြည်ဆုံးအရာမှာ သူ၏ လက်သီးများသာ ဖြစ်သည်။
...
နဂါးတောင်အခြေစိုက်စခန်း၏ အစည်းအဝေးခန်းမအတွင်း၌ သာလွန်လူသား ကျွမ်းကျင်သူ ၁၆ ဦးတို့သည် တည်ငြိမ်စွာ ထိုင်နေကြသည်။ သူတို့၏ မျက်နှာအမူအရာများမှာ အလွန်ပင် တည်ကြည်လေးနက်နေကြသည်။
နဂါးတောင်အခြေစိုက်စခန်းသည် ယခုတစ်ကြိမ်တွင် အကြီးအကျယ် ဆုံးရှုံးခဲ့ရသည်ဟု ဆိုနိုင်သည်။ အထူးသဖြင့် ထောက်လှမ်းရေးဌာနမှာ ပြစ်တင်ဝေဖန်ခြင်း ခံခဲ့ရသည်။ ထောက်လှမ်းရေးဌာန အကြီးအကဲမှာပင် စစ်သေနာပတိချုပ်၏ ရာထူးမှ တိုက်ရိုက် ထုတ်ပယ်ခြင်းကို ခံလိုက်ရသည်။
သူတို့၏ ကင်းထောက်မှုများမှာ အလွန် ညံ့ဖျင်းလွန်းသဖြင့် နဂါးတောင်ဒေသတွင် သားရဲ အမျိုးအစားအသစ် တစ်မျိုး ပေါ်ပေါက်လာသည်ကိုပင် မသိရှိခဲ့ကြပေ။
စစ်သေနာပတိချုပ် လုံကျိုး၏ အကြည့်များမှာ လေးနက်နေပြီး တိုးညှင်းသော လေသံဖြင့် ပြောလိုက်သည်။
“အားလုံးပဲ... ငါတို့ ဒီတစ်ခါ အကြီးအကျယ် ဆုံးရှုံးခဲ့ရတယ်။ အကယ်လို့ လူငယ်လေးတစ်ယောက်ကသာ အရေးကြီးတဲ့ သားရဲတစ်ကောင်ကို မသတ်နိုင်ခဲ့ရင် ငါတို့တွေ အခုလို ဒီနေရာမှာ ထိုင်နေနိုင်ကြမှာတောင် မဟုတ်ဘူး။ ဒီကိစ္စက ထောက်လှမ်းရေးဌာနမှာ တာဝန်ရှိသလို ငါ့မှာလည်း တာဝန်ရှိတယ်၊ မင်းတို့အားလုံးမှာလည်း တာဝန်ရှိတယ်”
“ဒါပေမဲ့ အခုက ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာကို လိုက်ရှာပြောနေရမယ့် အချိန်မဟုတ်ဘူး။ ဒီသားရဲအသစ်က ဘာလဲဆိုတာကို ငါတို့ သိအောင်လုပ်ရမယ်။ အဲဒါကြောင့် အခြေစိုက်စခန်း သုတေသနဌာနက ပရော်ဖက်ဆာ ဝေယွမ်ကို ဒီသားရဲအသစ်အကြောင်း အသေးစိတ် ရှင်းပြပေးဖို့ ငါ အထူးဖိတ်ကြားထားတယ်”
အားလုံးက မျက်မှန်တပ်ထားသော အဘိုးအိုကို ချက်ချင်း ကြည့်လိုက်ကြသည်။ ပရော်ဖက်ဆာ ဝေသည် အလွန် ကျော်ကြားသော ဇီဝဗေဒ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်ပြီး အထူးသဖြင့် သားရဲများနှင့် ပတ်သက်သော သုတေသနများတွင် ဩဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
ပရော်ဖက်ဆာ ဝေသည် သိုင်းသမားတစ်ဦး မဟုတ်သော်လည်း သူ၏ ပညာရပ်ဆိုင်ရာ အဆင့်အတန်းမှာ မျိုးရိုးဗီဇကန့်သတ်ချက်ကို ချိုးဖျက်ထားသော သာလွန်လူသား ကျွမ်းကျင်သူများနှင့် ယှဉ်လျှင်ပင် အနည်းငယ်မျှ မနိမ့်ပါးပေ။
လူများစွာက သူ့ကို စိုက်ကြည့်နေကြသော်လည်း ပရော်ဖက်ဆာ ဝေသည် စိုးရိမ်ပူပန်ခြင်း မရှိပေ။ သူက မျက်မှန်ကို အသာအယာ ပြုပြင်လိုက်ပြီး ပြောလိုက်သည်။
“ငါတို့ တီကောင်သားရဲရဲ့ ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးပြီး သူ့ရဲ့ ဆဲလ်တွေကို သေချာ လေ့လာကြည့်ရှုစစ်ဆေးခဲ့ကြတယ်။ သူတို့ရဲ့ ဆဲလ်လှုပ်ရှားမှုတွေက အရမ်းကို မြင့်မားနေပြီး ဇီဝကမ္မဖြစ်ပျက်မှုနှုန်းကလည်း ထိတ်လန့်စရာကောင်းအောင် မြန်ဆန်နေတာကို တွေ့ရတယ်။ သူတို့က အချိန်တိုင်းမှာ စွမ်းအင်တွေ ဖြည့်တင်းနေဖို့ လိုအပ်တယ်”
“တစ်နည်းအားဖြင့် ပြောရရင် ဒီအကောင်တွေက အမဲလိုက်သားရဲတွေဖြစ်ဖို့ အခွင့်အလမ်း အများကြီး ရှိတယ်”
ပရော်ဖက်ဆာ ဝေ၏ စကားကို ကြားသောအခါ သာလွန်လူသား ကျွမ်းကျင်သူ အားလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။
သူတို့သည် အမဲလိုက်သားရဲများအကြောင်းကို ကောင်းကောင်း သိထားကြသည်။ ၎င်းတို့သည် သားရဲ မျိုးစိတ်တစ်ခု မဟုတ်ဘဲ ရက်စက်ကြမ်းကြုတ်သော သားရဲများ၏ အုပ်စုတစ်ခုကို စုပေါင်းခေါ်ဝေါ်ခြင်း ဖြစ်သည်။ ယေဘုယျအားဖြင့် ကျိုင်းကောင်များကဲ့သို့ သက်ရှိမှန်သမျှကို အစာအဖြစ် မှတ်ယူသော သားရဲများကို အမဲလိုက်သားရဲများဟု ခေါ်ကြသည်။
သူတို့သည် သားရဲနှင့် လူသားဟူ၍ ခွဲခြားခြင်း မရှိဘဲ တွေ့သမျှ အရာအားလုံးကို ကျိုင်းကောင်များကဲ့သို့ ဝါးမြိုပစ်ကြသည်။ ဤအမဲလိုက်သားရဲများသည် ကိုင်တွယ်ရ အလွန် ခက်ခဲလှသည်။ သူတို့ ပေါ်လာသည်နှင့် ကပ်ဘေးတစ်ခု ကျရောက်လာလေ့ ရှိသည်။
“ပရော်ဖက်ဆာ ဝေ... ဒီသားရဲတွေက အမဲလိုက်သားရဲတွေဆိုတာ သေချာလား။ ဒါပေမဲ့ ငါတို့ တွေ့ရှိချက်အရ သူတို့က သက်ရှိမှန်သမျှကို ဝါးမြိုပစ်တာမျိုး မလုပ်ကြဘူး။ သူတို့က တခြား သားရဲတွေနဲ့တောင် အတူတူ တိုက်ခိုက်နေကြသေးတယ်”
အချို့လူများက ကန့်ကွက်ကြသည်။ သူတို့၏ ယခင် သိရှိထားမှုအရ အမဲလိုက်သားရဲများ ရောက်ရှိရာ နေရာတိုင်းမှာ ဘာမှမကျန်အောင် ဝါးမြိုဖျက်ဆီးခံရလေ့ ရှိသည်။ သက်ရှိမှန်သမျှ ဝါးမြိုခံရမည် ဖြစ်သဖြင့် အခြား သားရဲများလည်း ရှိနေနိုင်မည် မဟုတ်ပေ။
ပရော်ဖက်ဆာ ဝေက သူ၏ မျက်မှန်ကို နောက်တစ်ကြိမ် ပြန်ပင့်တင်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။
“အဲဒါက ငါ အံ့ဩနေရတဲ့ အချက်ပဲ။ အမဲလိုက်သားရဲတွေဟာ သူတို့ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက်တွေကို ထိန်းသိမ်းဖို့ စွမ်းအင် အမြောက်အမြား လိုအပ်တယ်။ ဒါကြောင့် သူတို့သွားတဲ့ နေရာတိုင်းက ဘာမှမကျန်ဘဲ ကုန်ခမ်းပျက်စီးသွားရတာ။ ဒါက သူတို့ရဲ့ သဘာဝပဲ။ ဒါပေမဲ့ အခုတစ်ခါမှာတော့ ဒီသားရဲတွေက အဲဒီလို မလုပ်ကြဘူး။ ဒါက တကယ်ကို ထူးဆန်းတယ်။”
“နောက်ပြီးတော့ တီကောင်သားရဲတွေမှာ တခြား ထူးဆန်းတဲ့ ဝိသေသလက္ခဏာ တစ်ခုလည်း ရှိနေသေးတယ်။ အဲဒါကို ငါတို့ သုတေသန လုပ်နေတုန်းပါပဲ။ မကြာခင်မှာ သတင်းကောင်း ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီသားရဲတွေက အမျိုးအစားသစ်တွေ ဖြစ်တယ်ဆိုတာတော့ အသေအချာပဲ။ ပြီးတော့ အဲ့ကောင်တွေက အရမ်းကို ရန်လိုကြတယ်။ သူတို့က အမဲလိုက်သားရဲအမျိုးအစားသစ် ဖြစ်ဖို့ အခွင့်အလမ်း အရမ်းများတယ်။ ဒါကြောင့် ငါ့အနေနဲ့ အကြံပြုချင်တာကတော့ နဂါးတောင်အခြေစိုက်စခန်းကို အမြန်ဆုံး စွန့်ခွာပြီး ရှေ့တန်းကနေ နောက်တန်းကို ဆုတ်ခွာဖို့ပါပဲ။ ပြီးမှ စစ်ကူ တောင်းတာ ပိုကောင်းပါလိမ့်မယ်”
ထိုသို့ပြောပြီးနောက် ပရော်ဖက်ဆာ ဝေ စကားရပ်လိုက်သည်။ သူသည် ပညာရပ်ပိုင်းအရ ဩဇာရှိသော်လည်း နဂါးတောင်အခြေစိုက်စခန်း၏ ဆုံးဖြတ်ချက်ကို ချနိုင်သူများမှာ ဤ သာလွန်လူသား ကျွမ်းကျင်သူ ၁၆ ဦးသာ ဖြစ်သည်။
“ပရော်ဖက်ဆာ ဝေ ပြောတာ အားလုံး ကြားတယ်မလား။ အဲ့ကောင်တွေက အမဲလိုက်သားရဲအမျိုးအစားသစ် ဖြစ်ဖို့ အခွင့်အလမ်း များနေတယ်။ ငါတို့ နဂါးတောင်အခြေစိုက်စခန်းရဲ့ အင်အားနဲ့ သူတို့ကို ပြန်တိုက်ဖို့ဆိုတာ ခက်ခဲလိမ့်မယ်။ အားလုံး ဆုတ်ခွာဖို့ သဘောတူသလား ဆိုတာကို မဲခွဲပြီး ဆုံးဖြတ်ကြရအောင်”
စစ်သေနာပတိချုပ်သည် မလိုလားအပ်သော စကားများကို မပြောတော့ဘဲ တိုက်ရိုက်ပင် မဲခွဲလိုက်သည်။ သူကိုယ်တိုင်လည်း ပရော်ဖက်ဆာ ဝေ၏ အကြံပြုချက်ကို သဘောတူသည့်အနေဖြင့် ပထမဆုံး လက်ထောင်လိုက်သည်။
တီကောင်သားရဲများသည် နဂါးတောင်အခြေစိုက်စခန်းကို ဦးဆောင်တိုက်ခိုက်ခြင်း မရှိသေးသော်လည်း သူတို့ ဘာတွေ ကြံစည်နေသလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။ သားရဲများသည် နတ်ဆိုးသားရဲအဆင့်သို့ ရောက်ရှိသွားပါက သူတို့၏ ဉာဏ်ရည်မှာ လူသားများနှင့် မခြားတော့ပေ။
အကယ်၍ တီကောင်သားရဲများသည်သာ အမှန်တကယ် အမဲလိုက်သားရဲများ ဖြစ်နေပါက နဂါးတောင်အခြေစိုက်စခန်းတွင် ဆက်လက် နေထိုင်နေခြင်းမှာ အလွန်တရာ အန္တရာယ်များလှသည်။
“သဘောတူပါတယ်”
“ကျွန်တော်လည်း သဘောတူပါတယ်”
“နဂါးတောင်အခြေစိုက်စခန်းကို ငါတို့ ဆက်ထိန်းထားလို့ မရတော့ဘူးပဲ”
မဲခွဲမှုအရ သာလွန်လူသား ကျွမ်းကျင်သူ ၁၆ ဦးစလုံးမှာ နဂါးတောင်အခြေစိုက်စခန်းမှ ဆုတ်ခွာရန် သဘောတူလိုက်ကြသည်။
“ကောင်းပါပြီ။ ဒါဆိုရင် အားလုံးပဲ အခြေစိုက်စခန်းကနေ ထွက်ခွာဖို့ ပြင်ဆင်ကြပါ။ တစ်ပတ်အတွင်းမှာ ငါတို့ အားလုံး ဒီကနေ ဆုတ်ခွာရမယ်”
တီ...တီ...
စစ်သေနာပတိချုပ် လုံကျိုး စကားပြောပြီးသည်နှင့် သူ၏ ဆက်သွယ်ရေးကိရိယာမှာ ချက်ချင်း တုန်ခါလာသည်။