အခန်း (၂၃၁)
Vol. 24 Ch. 231
အခန်း။ ၂၃၁
ရွှီရန်က ခပ်ဖျော့ဖျော့လေး ပြုံးလိုက်ရင်း "လောလောဆယ်တော့ လျှို့ဝှက်ချက်ပဲ ထားပါရစေဦး" ဟု ပြောလိုက်သည်။
ကျောင်းအုပ်ကြီးမှာ ပြောမည့်စကားများ လည်ချောင်းဝတွင် တစ်ဆို့သွားပြီး ဘာမှပြန်မပြောနိုင်ဘဲ ဖြစ်သွားရသည်။
ထိုစဉ် သူတို့ဘေးနား၌ ကျားမလေးမှာ ဝမ်းသာအားရ ခုန်ပေါက်ကာ ရွှီရန်၏လက်ကို ဆွဲလိုက်သည်။
"အစ်ကိုရွှီရန်... အချိန်ကိုက် ပြန်ရောက်လာတာပဲ။ လာပါ... လာပါ... ဟိုလူတွေကို အကုန်လုံး ရိုက်ချပစ်လိုက်စမ်းပါ။ ဒါမှ သမီးတို့ ဗီလာမှာ နေရမှာ။ အစ်ကိုလည်း အိပ်ဆောင်ကြီးထဲမှာ တခြားလူတွေနဲ့ စုပြုံပြီး မအိပ်ချင်ဘူးမလား"
ကျားမလေး၏ ရွှေရောင်မျက်ဝန်းအစုံမှာ လည်ပတ်နေပြီး တစ်စုံတစ်ခုကို ကြံစည်နေဟန်ရှိသည်။
ရွှီရန်က ထိုလူလည်မလေးကို စောင်းငဲ့ကြည့်လိုက်ပြီး "မင်းက ရေခဲမုန့်စားချင်လို့ မဟုတ်လား" ဟု မေးလိုက်သည်။
ကျားမလေးမှာ ကြောင်အသွားပြီး "အစ်ကိုက ဘယ်လိုလုပ် သိတာလဲ"
ရွှီရန်: "ခုနက ပွဲကြည့်စင်ပေါ်က တခြားသူငယ်ချင်းတွေကို မေးကြည့်လိုက်တာပေါ့..."
"ကျားမလေး... ကျောင်းသားတစ်ယောက်အနေနဲ့ သာယာမှုတွေနောက်ကို မလိုက်ရဘူးလေ။ စည်းစိမ်ခံတာက လုံးဝမကောင်းတဲ့ အရာပဲ။ မင်းက ဆင်းရဲဒုက္ခကို ပိုပြီး ခံနိုင်ရည်ရှိအောင် လေ့ကျင့်ရမယ်။ ဒုတိယတန်းစား အဆောင်ကလည်း အတော်လေး အဆင်ပြေပါတယ်။ ငါတို့ ဒုတိယတန်းစား အဆောင်မှာပဲ နေကြတာပေါ့"
ရွှီရန်က ကျားမလေးကို တမင်စနောက်လိုက်ခြင်းပင်။
ကျားမလေးမှာ နှုတ်ခမ်းလေးစူသွားပြီး တစ်စုံတစ်ယောက်က ခေါင်းကို ခေါင်းလောင်းကြီးနဲ့ ထုလိုက်သလိုမျိုး ခံစားလိုက်ရကာ သူမ၏ ရွှေရောင်မျက်ဝန်းလေးများမှာလည်း အရောင်မှိန်သွားရှာသည်။
ရေခဲမုန့်လေး... ရေခဲမုန့်လေး...
ရေခဲမုန့်လေး...
"အစ်ကိုရွှီရန်... ကျွန်မတို့ကို ဗီလာမှာ နေခွင့်ရအောင် လုပ်ပေးပါနော်... နော်လို့... တောင်းပန်ပါတယ်"
သူမသည် ငယ်စဉ်ကတည်းက သုံးလေ့ရှိသည့် နောက်ဆုံးလက်နက်ဖြစ်သော ချွဲနွဲ့ခြင်း အတတ်ကို ထုတ်သုံးလိုက်သည်။
သူမ၏ စရိုက်မှာ ကြမ်းတမ်းခက်ထန်သည်ဆိုသော်ငြား သူမ၏ မျက်နှာဝိုင်းဝိုင်းလေးမှာမူ နုပျိုတက်ကြွကာ ချစ်စဖွယ်ကောင်းလှပြီး နူးညံ့သိမ်မွေ့သော အလှတရားတို့ဖြင့် ပြည့်နှက်နေသည်။
ထို့ပြင် ရွှီရန်အပေါ် ချွဲနွဲ့နေချိန်တွင်မူ သူမ၌ မည်သည့်ခက်ထန်မှုမျှ မရှိတော့ဘဲ လိမ္မာရေးခြားရှိသော ညီမငယ်လေးတစ်ဦးကဲ့သို့ နူးညံ့ပျော့ပြောင်းနေတော့သည်။
ရွှီရန်: "..."
"ငါတို့က အလုပ်ကြိုးစားတဲ့ စိတ်ဓာတ်ကို ဆက်လက်ထိန်းသိမ်းရမှာပေါ့ စိတ်ဓာတ်ကို ပိုပြီး မြင့်မြင့်ထားစမ်းပါ"
ကျူးယွီဟန်ကလည်း "ရွှီရန်... ကျွန်မလည်း ဗီလာမှာပဲ နေချင်တယ်" ဟု အသံတိုးတိုးလေးဖြင့် ဝင်ပြောလိုက်ရာ ကျားမလေးအတွက် အားသာချက်တစ်ခု ဖြစ်သွားစေသည်။
ပိုင်ယွဲ့၊ ပိုင်ကျင့်ချိုးနှင့် ဖုန်းယန်တို့ကလည်း "ကျွန်တော်တို့လည်း နေချင်တယ်... ဗီလာ... ဗီလာကြီးမှာ နေချင်တာ" ဟု ဝိုင်းဝန်းပူဆာကြလေတော့သည်။
ရွှီရန်က မျက်ခုံးပင့်လိုက်ရင်း
"ကောင်းပြီလေ... ဗီလာမှာ နေချင်တယ်ဆိုရင်လည်း ရစေရမယ်"
"သူတို့ တိုက်လို့ခိုက်လို့ ပြီးသွားရင်တော့ ငါအောက်ဆင်းပြီး စစ်တလင်းတစ်ခုလုံးကို သိမ်းပိုက်ပစ်လိုက်မယ်"
ကျားမလေးက မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်ရင်း "ဟင့်အင်း... ဟင့်အင်း... အခုချက်ချင်း မသွားနဲ့ဦး။ သူတို့ အင်အားနည်းနည်း ကုန်သွားအောင် အရင်စောင့်လိုက်ဦးလေ။ အစ်ကို့ရဲ့ သွေးစွမ်းအင်ကို အလဟဿ မဖြုန်းပါနဲ့။ သွေးစွမ်းအင်ဆိုတာ အရမ်းအရေးကြီးတယ်လေ"
ရွှီရန်က ကျားမလေး၏ ခေါင်းကို ခပ်ဖွဖွပုတ်လိုက်ရင်း "စိတ်မပူပါနဲ့ ငါအကုန်စီစဉ်ထားပြီးသားပါ" ဟု ပြောလိုက်သည်။
ကျားမလေးမှာ အားရပါးရ ရယ်မောလိုက်ပြီး "အစ်ကိုရွှီရန်က အကောင်းဆုံးပဲဆိုတာ သမီးသိသားပဲ" ဟု ပြောလိုက်သည်။
ဤဘက်တွင် ကျားမလေး၏ ချွဲနွဲ့မှုက ရွှီရန်အား တိုက်ပွဲဝင်ရန် အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့ပြီ ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ တိုက်ပွဲမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
ချန်ကျွင်း၏ နတ်ဘုရားသတ် သံချပ်ကာမှာ အမှန်တကယ်ပင် ထူးကဲလှသည်။ ဘက်စုံတော်သော စစ်သည်တော်တစ်ဦးပီပီ ရန်သူများကို ရင်ဆိုင်ရာတွင် မည်သူမျှ တားဆီး၍မရနိုင်လောက်အောင်ပင်။
နတ်ဘုရားသတ် သံချပ်ကာဟု အမည်ပေးထားခြင်းမှာ မဆန်းလှပေ။
လွန်ခဲ့သော ရက်ပေါင်းနှစ်ရာကျော်က ကျောင်းအုပ်ကြီးသည် သူ့အကြောင်းကို ပြောပြခဲ့ဖူးပြီး မှန်တင်ပုံရိပ် အရှင်သခင်၊ စင်ကြယ်ခြင်း မိုးကြိုးတစ်ထောင်၊ လက်ရှစ်ဖက် နတ်သားနှင့် စကြာဝဠာငယ်တို့နှင့်အတူ အဆင့်တူ သတ်မှတ်ထားခဲ့သည်။
သူတို့မှာ ဤမျိုးဆက်၏ အစွမ်းအထက်ဆုံး ပါရမီရှင်များဟု ပြောကြသည်။
သူသည် အောင်ပွဲကို လှလှပပ ရယူနိုင်ခဲ့သည်။
ထို့အပြင် ကျားမလေး၏ ရိုက်ချက်ကြောင့် လွင့်ထွက်သွားခဲ့ရသည့် အရှက်ကိုလည်း အတိုင်းအတာတစ်ခုအထိ ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီ ဖြစ်သည်။
ချန်ကျွင်းက "နောက်ထပ် ဘယ်သူရှိသေးလဲ ငါနဲ့ လာပြီး ယှဉ်ပြိုင်ချင်သူ ရှိသေးလား ဗီလာနယ်မြေကိုတော့ ငါတို့ ရှန်ဟိုင်းကပဲ သိမ်းပိုက်ရမှာ သေချာတယ်" ဟု ကြုံးဝါးလိုက်သည်။
ရွှီရန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း…
"တကယ်ပဲ အဲဒီလောက်အထိ ထက်မြက်နေလို့လား... သူငယ်ချင်းရာ..."
သူက ခပ်ဖွဖွ ရယ်မောလိုက်သည်။
အမှန်အတိုင်းပြောရလျှင် သူကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်ရန် အစီအစဉ်မရှိခဲ့သော်လည်း ကျားမလေး၏ ချွဲနွဲ့မှုနှင့် ချစ်စဖွယ် အမူအရာလေးများကြောင့် သူ မနေနိုင်တော့ပေ။ ကျားမလေး ရေခဲမုန့် စားရဖို့အတွက် သူ ကူညီပေးရတော့မည်ပင်။
ထို့ကြောင့် ရွှီရန်က တည်ငြိမ်ပြီး ကျယ်လောင်သော အသံဖြင့် "ငါ လာခဲ့မယ်" ဟု ပြောလိုက်သည်။
ပြောပြောဆိုဆိုဖြင့် သူသည် ပွဲကြည့်စင်ပေါ်မှ ဆင်းလာခဲ့သည်။ လေဟာနယ်ကို မြေပြင်ကဲ့သို့ နင်းလျှောက်ကာ သားရဲတိုက်ခိုက်ရေးကွင်းဆီသို့ ရောက်ရှိလာခဲ့သည်။
ပွဲကြည့်စင်ပေါ်ရှိ ကျောင်းအုပ်ကြီးများ၊ နည်းပြများနှင့် ကျောင်းသား ခုနစ်ရာခန့်မှာ ဆွံ့အလျက် အံ့ဩသွားကြသည်။
ဒါကြီးက ကြွားလွန်းရာ မရောက်ဘူးလား။
အေးအေးလူလူ လမ်းလျှောက်လာရင်း လေထဲမှာ လမ်းလျှောက်နေတာလား...
ဒါက ယွဲ့နယ်ပယ်အဆင့်ကျွမ်းကျင်သူတွေမှ တတ်မြောက်နိုင်တဲ့ အတတ်ပညာ မဟုတ်ဘူးလား။
အခြားပြည်နယ်များမှ ကျောင်းအုပ်ကြီးများနှင့် နည်းပြများမှာ တစ်ဦးကိုတစ်ဦး ကြောင်ကြည့်နေမိကြသည်။
"ဒါ... ချန်ချီပြောနေတဲ့ ချန်ပီယံဆိုတာလား"
"ဒီအဖိုးကြီး ချန်ချီကတော့ ဒီနှစ် တော်တော်ကြွားနေတာပဲ။ မနေ့ညကတောင် ငါ့ဆီ လာသွားသေးတယ်..."
"ဟွန်း ချန်ကျွင်းကို အရင်နိုင်အောင် တိုက်နိုင်မလား ကြည့်ရသေးတာပေါ့။ အစကတည်းက လူစွမ်းပြနေတာ။ ရှုံးနိမ့်ပြီး အရှက်တကွဲ ပြန်ထွက်သွားရရင်တော့ ရယ်စရာကြီး ဖြစ်နေဦးမယ်"
"ဟုတ်တယ်... ဒီလို အလှပြကွက်တွေက တကယ့်လက်တွေ့တိုက်ပွဲမှာ အသုံးမဝင်ပါဘူး"
လူအများ၏ ဝေဖန်ဆွေးနွေးသံများ ဆူညံနေစဉ်အတွင်း ချန်ကျွင်းကမူ တည်ငြိမ်စွာပင် "ရှန်ဟိုင်းက ချန်ကျွင်းပါ" ဟု မိတ်ဆက်လိုက်သည်။
ရွှီရန်မှာမူ တောက်ပသော အသွင်အပြင်၊ ဝင်းလက်သော မျက်ဝန်းတို့ဖြင့် "အနိုင်မခံ အရှုံးမပေးတဲ့... ရွှီရန်ပါ" ဟု ပြန်ဖြေလိုက်သည်။