အခန်း (၂၃၃)
Vol. 24 Ch. 233
အခန်း။ ၂၃၃
"ရွှီရန်က အသက် ၈ နှစ်ပဲ ရှိသေးတာ... တကယ်ကို ကြောက်စရာကောင်းတဲ့ ကလေးပဲ။ ဒီအရွယ်နဲ့တင် အဆင့်မြင့်တိုက်ခိုက်ရေးနည်းတွေကို ဒီလောက် ကျွမ်းကျင်နေပြီဆိုတော့ သွေးစွမ်းအင် ကွာဟချက်ဆိုတာ သူ့အတွက် ဘာမှမဟုတ်တော့ဘူး။ အနည်းဆုံး သွေးစွမ်းအင် ၂ သောင်းလောက် ကွာနေတာကိုတောင် သူက အေးဆေးပဲလေ။
ခုနက ကျန်းလျိုလီကိုပဲ ကြည့်ဦး... သွေးစွမ်းအင် ၂ သောင်းကျော်လေးနဲ့ ၇ သောင်းရှိတဲ့ ချန်ကျွင်းကိုတောင် လဲကျသွားအောင် လုပ်နိုင်ခဲ့တာ မဟုတ်လား။ ကိုယ်ဖျောက်အတတ်နဲ့ ရွှေရောင်စေတီငယ်လေးကိုသာ တွဲသုံးလိုက်ရင် ချန်ကျွင်းတောင် ရှုံးရတာပဲ။ တိုက်ပွဲက ကြာသွားရင်တော့ တစ်မျိုးပေါ့... ဒါပေမဲ့ ဒါက တကယ့်ကို ထိတ်လန့်စရာကောင်းတဲ့ ပါရမီပဲ"
"ဒီလို နည်းစနစ်တွေကို သုံးဖို့ သွေးစွမ်းအင် ဘယ်လောက်ကုန်မလဲဆိုတာပဲ မသိတာ..."
"အသုံးများမယ်ဆိုရင်တော့ ရလဒ်က မသေချာသေးဘူးလို့ ပြောလို့ရတယ်"
နည်းပြများမှာ ရှေ့သို့ ကိုင်းညွတ်ကာ စိတ်ဝင်တစား ကြည့်နေကြသည်။ ဆက်လက်ဖြစ်ပေါ်လာမည့် တိုက်ပွဲကို စောင့်ဆိုင်းနေကြခြင်းပင်။
ထိုအချိန်တွင် ကျောင်းအုပ်ကြီး၏ မျက်နှာမှာ ပီတိတို့ဖြင့် ဝင်းပနေပြီး ယုံကြည်ချက်အပြည့်
ဖြင့် မတ်တတ်ရပ်လိုက်သည်။
"ဒီကောင်လေးက တိုက်ခိုက်ရေးနည်းစနစ်သက်သက်ကို သုံးပြီးတော့ နတ်ဘုရားသတ် သံပ်ချပ်ကာကို အနိုင်ယူလိုက်တာပဲ။ တကယ့်ကို အံ့ဖွယ်ပါရမီအရိုးအဆစ်နဲ့ ထိုက်တန်တယ်။ ပုံမှန်ဆိုရင်တော့ သိပ်သတိမထားမိပေမဲ့ တကယ်တမ်း တိုက်ပွဲဝင်တဲ့အခါမှာတော့ အမြဲတမ်း အံ့ဩစရာတွေ ပေးတတ်တာပဲ"
ကျောင်းအုပ်ကြီးမှာ အံ့ဩဝမ်းသာ ဖြစ်နေရသည်။
အစကတော့ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မယ်လို့ ထင်ထားခဲ့တာ။ ဒါပေမဲ့ နောက်ဆုံးတော့ လုံးဝကို အဆင့်အတန်းကွာခြားတဲ့ အသာစီးရယူမှုကြီးဖြစ်သွားခဲ့တာပဲ။
တည်ငြိမ်လိုက်တာ... တကယ်ကို တည်ငြိမ်လွန်းတယ်။
ဒီတိုက်ခိုက်ရေးနည်းစနစ်တွေဆိုတာ ရွှီရန်ရဲ့ တကယ့်တိုက်ခိုက်နိုင်စွမ်းရဲ့ အစိတ်အပိုင်းအသေးလေးတစ်ခုပဲ ရှိသေးတာ…
ကျောင်းအုပ်ကြီးမှာ ပါးစပ်မစိနိုင်အောင် ပြုံးပျော်နေတော့သည်။
သူ့ဘေးတွင်မူ ကျားမလေး၏ ရွှေရောင်မျက်ဝန်းများမှာ တောက်ပလာပြီး ရုတ်တရက် မတ်တတ်ရပ်လိုက်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် အလွန်အမင်း စိတ်လှုပ်ရှားနေလေတော့သည်။
သူမသည် တစ်စုံတစ်ခုကို သင်ယူတတ်မြောက်သွားပုံပင်။
သားရဲတိုက်ခိုက်ရေးကွင်းအတွင်း၌မူ...
ချန်ကျွင်းသည် မြေပြင်ပေါ်တွင် တစ်ပတ်လိမ့်ကာ ပြန်လည်ထရပ်လိုက်သည်။
သူ၏ မျက်နှာအမူအရာမှာ အလွန်ပင် ကြည့်ရဆိုးနေသည်။
သေချာပေါက် အနိုင်ရမယ့် တိုက်ကွက်လို့ ထင်ခဲ့ပေမဲ့ ဘာလို့ အကောင်အထည်ဖော်တဲ့အခါမှာ ဒီလောက်တောင် အခက်အခဲတွေနဲ့ ကြုံနေရတာလဲ။
ချန်ကျွင်းက သူ၏ နှုတ်ခမ်းထောင့်မှ သွေးစများကို သုတ်လိုက်သည်။
ရွှီရန်က ခေါင်းခါယမ်းလိုက်ရင်း နည်းပြတစ်ဦးကဲ့သို့ အေးအေးလူလူ လမ်းလျှောက်နေကာ "မင်းရဲ့ ပါရမီအရိုးအဆစ်ကို ဖြုန်းတီးနေတာပဲ။ နောက်တစ်ခေါက် ထပ်လုပ်ကြည့်ဦးမလား" ဟု ပြောလိုက်သည်။
ချန်ကျွင်း၏ မျက်လုံးများက ရွှီရန်၏ ပုံရိပ်နောက်သို့ လိုက်ပါနေသည်။ ရွှီရန်၏ လမ်းလျှောက်ပုံမှာ သာမန်ကာလျှံကာဟု ထင်ရသော်လည်း သူ့အပေါ်တွင်မူ အလွန်ကြီးမားသော ဖိအားများကို ပေးနေသည်။
ဒါက ဆရာကြီးတစ်ယောက်ပဲ ဒါက အဆင့်မြင့်ကျွမ်းကျင်သူတစ်ယောက်ပဲ။
သူ့ရဲ့ နည်းစနစ်တွေက ကြောက်စရာကောင်းအောင် သန်မာလွန်းတယ်။ မွေးရာပါ တိုက်ခိုက်ရေးပါရမီရှင်တစ်ယောက်လိုပဲ။
ချန်ကျွင်း၏ ရင်ထဲတွင် ထိုသို့သော အတွေးများ မတွေးဘဲ မနေနိုင်အောင် ဖြစ်နေရသည်။
သူသည် ယခင်ကထက် ပိုမိုတည်ကြည်လေးနက်လာပြီး အင်အားကြီးသော ရန်သူတစ်ဦးကို ရင်ဆိုင်နေရသကဲ့သို့ပင်။
နောက်တစ်စက္ကန့်တွင် ရွှေရောင်သံချပ်ကာများက သူ၏ တစ်ကိုယ်လုံးကို ထပ်မံဖုံးလွှမ်းသွားသည်။
သူသည် လေကို အားပါးတရ ရှူသွင်းလိုက်ပြီး တောင်ပေါ်မှ ဆင်းလာသော ကျားတစ်ကောင်ကဲ့သို့ ရှေ့သို့ အဟုန်ပြင်းစွာ ခုန်ဝင်လိုက်ကာ ရွှီရန်ဆီသို့ ပြေးဝင်သွားတော့သည်။ လေပြင်းများမှာလည်း ဝူးဝူး မြည်လာပြန်သည်။
သူ၏ လက်နှစ်ဖက်တွင်မူ ရွှေရောင်ဓားတစ်စုံ ပေါ်ထွက်လာခဲ့ကာ သူသည် သူ၏ အစွမ်းထက်ဆုံး တိုက်ခိုက်ရေးပုံစံကို အသုံးပြုတော့မည်ပင်။
အင်အားကြီးမားသော ရန်သူကို အပြင်းထန်ဆုံး အနေအထားဖြင့် အသာစီးယူ ချေမှုန်းရန် ပြင်လိုက်ခြင်းပင်။
"ဟား"
"ဟား"
ဓားနှစ်လက်မှာ လေထုကို ခွင်းသည့် စူးရှသော အသံများကို မြည်ဟီးစေလျက် ရွှီရန်၏ မျက်နှာဆီသို့ ထောင့်ဖြတ် ခုတ်ပိုင်းချလိုက်သည်။
ဤတိုက်ကွက်သည်လည်း အစစ်နှင့် အတု ရောယှဉ်ထားသည့် လှည့်ကွက်တစ်ခုပင်။ ဓားကွက်မှာ အတုဖြစ်ပြီး ခြေလှမ်းမှာ အစစ်ဖြစ်သည်။ ရည်ရွယ်ချက်ရှိရှိ ဓားကွက်ကို ကျယ်ကျယ်ဝန်းဝန်း ခုတ်ပိုင်းပြကာ ခံစစ်တွင် နှေးကွေးဟန်ပြပြီး ရွှီရန်ကို အနားသို့ တိုးကပ်လာအောင် မြှူဆွယ်လိုက်ခြင်းပင်။
တကယ်တော့ သူသည် ဓားကွက်ကို ချက်ချင်းပြန်ရုပ်သိမ်းနိုင်ရန် အင်အား ခုနစ်ဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုထားခြင်း ဖြစ်သည်။
အန္တရာယ်အရှိဆုံး အစစ်အမှန် တိုက်ကွက်မှာမူ ညာဘက်ဒူးတွင် ရှိနေပြီး ရန်သူ အနားရောက်လာချိန်တွင် တိုက်ကွက်ပြောင်းလဲကာ အပိုင်တိုက်ရန် ပြင်ဆင်ထားခြင်းပင်။
ရွှီရန်ကမူ ၎င်းကို တစ်ချက်ကြည့်ရုံဖြင့် အကဲခတ်မိသွားကာ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။
သို့သော်လည်း သူသည် ထိုလှည့်ကွက်ကို မြင်နေရသော်လည်း ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ကြောက်စရာကောင်းလောက်အောင် သန်မာနေသောကြောင့်ပင်။ မည်သည့် အစီအမံနှင့် ပရိယာယ်မှ သူ့ရှေ့တွင် အသုံးမဝင်ချေ။
ရွှီရန်သည် ညာလက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ထောင့်ဖြတ်ခုတ်ပိုင်းလာသော ဓားချက်ကို သာသာယာယာပင် ကြားဖြတ်ခုခံလိုက်သည်။
"ဂလောင်"
သတ္တုချင်း ထိခိုက်မိသည့် စူးရှသော အသံမှာ ပဲ့တင်ထပ်သွားသည်။
ချန်ကျွင်း မျက်နှာပျက်သွားတော့သည်။
တိုက်ရိုက်ကြီး အပိတ်ခံလိုက်ရတာလား။
"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ငါ့ရဲ့ နတ်ဘုရားသတ် သံချပ်ကာကို လက်ဗလာနဲ့ တားဆီးနိုင်တယ် ဟုတ်လား"
ချန်ကျွင်းမှာ နောက်တစ်ကြိမ် ထပ်မံ၍ အကြီးအကျယ် တုန်လှုပ်သွားရသည်။ ရင်ဘတ်ထဲတွင်လည်း ဗုံတီးနေသကဲ့သို့ တဒိတ်ဒိတ် ခုန်နေကာ နဖူးတွင်လည်း ချွေးစများ ထွက်ပေါ်လာသည်။ သူသည် အလျင်အမြန်ပင် သူ၏ဒူးကို မြှောက်ကာ ရွှီရန်အား တိုက်ခိုက်လိုက်သည်။
"ရာ့…"
ဒူးတိုက်ကွက်က ပစ်မှတ်ကို တိတိကျကျ ထိမှန်သွားသည်။ ရွှေရောင်ဆူးချွန်များက ရုတ်တရက် ရှည်ထွက်လာပြီး ရွှီရန်၏ ဝမ်းဗိုက်ဆီသို့ တန်းတန်းမတ်မတ် ထိုးစိုက်လိုက်သည်။
ပွဲကြည့်စင်ပေါ်ရှိ လူအုပ်ကြီးမှာ အံ့အားသင့်သွားကြသည်။
"ဒါကို ဒီလိုနည်းနဲ့လည်း သုံးလို့ရတာလား"
"ဒီတစ်ချက်ကတော့ အနိုင်အရှုံးကို အဆုံးအဖြတ်ပေးသွားနိုင်တယ်ဟေ့"
"မသေချာသေးဘူး ဒီကောင်လေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက တော်တော်ထူးဆန်းတယ်"
လူအများ ဝေဖန်နေကြသော်လည်း ကျောင်းအုပ်ကြီး၊ နည်းပြများနှင့် ပါရမီရှင်များမှာမူ မျက်တောင်မခတ်တမ်း စောင့်ကြည့်နေကြသည်။
ရွှီရန် တုန်လှုပ်သွားလိမ့်မည်ဟု သူတို့ ထင်ထားခဲ့ကြသည်။
သို့သော် ရွှီရန်မှာမူ တည်ငြိမ်နေဆဲဖြစ်ပြီး သူ၏ အကြည့်များမှာ စူးရှလျက် နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေး ရှိနေသည်။ သူသည် ရှေ့သို့ အနည်းငယ် ကိုင်းညွတ်ကာ သူ၏ သန်မာလှသော ခန္ဓာကိုယ်ဖြင့် ထိုရွှေရောင်ဆူးချွန်များကို တိုက်ရိုက် ဝင်တိုက်လိုက်သည်။ အားလုံး၏ အံ့ဩနေသော အကြည့်များအောက်တွင် ချန်ကျွင်း အလွန်ဂုဏ်ယူရသော ဆူးချွန်များမှာ တစစီ ကြွေမွပျက်စီးသွားတော့သည်။
"မဖြစ်နိုင်တာ"
ချန်ကျွင်းမှာ စိတ်ပျက်အားငယ်သွားတော့သည်။
သူသည် အမြန်ဆုံး နောက်သို့ ဆုတ်ခွာရန် ကြိုးစားလိုက်သည်။
"ဘယ်ကို ပြေးမလို့လဲ"
ရွှီရန်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး သူ၏ လက်မောင်းများကို မြှောက်ကာ ထိုက်ချီကစားသကဲ့သို့ ဝှေ့ယမ်းလိုက်သည်။ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များကို စုစည်းလိုက်သကဲ့သို့ ခံစားရစေပြီးနောက် ချန်ကျွင်း၏ ရင်ဘတ်ကို ပြင်းထန်စွာ တွန်းကန်လိုက်သည်။
"တောက်..."
ချန်ကျွင်းက စိတ်ထဲမှ ကျိန်ဆဲလိုက်မိသည်။ သူ၏ သူငယ်အိမ်များ ကျုံ့သွားကာ ခန္ဓာကိုယ်မှာ လေထဲတွင် တစ်ပိုင်းတစ်စ မြောက်တက်သွားသည်။ မြေပြင်ပေါ်သို့ ပြန်မကျလာမီမှာပင် ရွှီရန်သည် ကြွေလွင့်လာသော ကြယ်တံခွန်တစ်ခုကဲ့သို့ ရှေ့သို့ အဟုန်ဖြင့် တိုးဝင်လာသည်။ သူ၏ လက်သီးချက်များမှာ နွေရာသီ မိုးသက်မုန်တိုင်းက ကြာပန်းဖက်များကို ရိုက်ခတ်သကဲ့သို့ တရစပ် ဆင်းသက်လာတော့သည်။ ပိုက်ကွန်တစ်ခုကဲ့သို့ စိပ်လှသော လက်သီးချက်များမှာ ချန်ကျွင်း၏ ရွှေရောင်သံချပ်ကာပေါ်သို့ ပွင့်ထွက်မတတ် ကျရောက်လာသည်။ ပင့်လက်သီး၊ ဘယ်ညာခွဲချက်၊ ညာလက်ဝါးရိုက်ချက်၊ ဝိဇ္ဇာတောင်ဖြိုချက်၊ လင်းယုန်ဟန် တိုက်ကွက်များဖြင့် တစ်ခုပြီးတစ်ခု အဆက်မပြတ် တိုက်ခိုက်နေတော့သည်။
ချန်ကျွင်း၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ပြန်မကျနိုင်ဘဲ လေထဲတွင် ချိတ်ဆွဲထားသော ပန်းချီကားတစ်ချပ်ကဲ့သို့ ဖြစ်နေပြီး ရွှီရန်၏ ဟာကွက်မရှိသော လက်သီးချက်များဖြင့် လေထဲတွင်ပင် အထုခံနေရသည်။
နောက်ဆုံးတွင် ရွှီရန်သည် ဝိဇ္ဇာဗုဒ္ဓ ဂါရဝပြုခြင်းတိုက်ကွက်ကို အသုံးပြုကာ ချန်ကျွင်းကို အဝေးသို့ လွင့်စင်သွားအောင် ရိုက်ထုတ်လိုက်သည်။
ချန်ကျွင်းမှာ ကြိုးပြတ်သွားသော စွန်တစ်ခုကဲ့သို့ နောက်သို့ လွင့်ထွက်သွားပြီး စစ်တလင်း၏ အကာအကွယ်အတားအဆီးကို ပြင်းထန်စွာ တိုက်မိသွားတော့သည်။
"ဝုန်း"
တိုက်မိသံမှာ အလွန်ပင် ပြင်းထန်လှသည်။
ချန်ကျွင်းသည် အလျင်အမြန်ပင် တစ်ပတ်လိမ့်ကာ ယိမ်းယိုင်လျက် ပြန်လည်မတ်တတ်ရပ်လိုက်သည်။
သို့သော် ဤတတိယအကြိမ်မြောက် လိမ့်လိုက်ရခြင်းမှာ ယခင်လဲကျစဉ်ကကဲ့သို့ လျင်မြန်ဖြတ်လတ်မှု မရှိတော့ချေ။
"မင်း... မင်းက..."
သူသည် ရင်ဘတ်ကို ဖိထားပြီး ရင်ခုန်သံများမှာလည်း ရူးသွပ်မတတ် မြန်ဆန်နေသည်။
မွေးဖွားလာကတည်းက ယခုအချိန်အထိ သူသည် ဤမျှအထိ အရှက်တကွဲ မဖြစ်ခဲ့ဖူးချေ။ အဓိက အရေးကြီးဆုံးအချက်မှာ တစ်ဖက်က ကောင်လေးသည် သူ၏လက်သီးချက်များကို ထိန်းထားပေးခြင်းပင်။ တိုက်ကွက်တစ်ခုနှင့်တစ်ခု ကြားတွင် သူ၏သံချပ်ကာကို ပြန်လည်ဖော်ဆောင်ရန် အချိန်လုံလောက်စွာ ပေးထားခဲ့ခြင်း ဖြစ်သည်။ မဟုတ်ပါက ထိုကဲ့သို့ ပြင်းထန်သော လက်သီးချက်များကြောင့် သူ၏ရင်ဘတ်မှာ အစိတ်စိတ်အမွှာမွှာ ကြေမွသွားလောက်ပြီ ဖြစ်သည်။