အခန်း (၂၃၈)
Vol. 24 Ch. 238
အခန်း။ ၂၃၈
ရွှီရန်ပင် ကြောင်တောင်တောင် ဖြစ်သွားရသည်။
ဒါ ငါလား။
ဒါ ငါမဟုတ်ဘူးလေ။
အသက်ဝင်မှု လုံးဝမရှိဘူး တောင့်တောင့်ကြီးနဲ့ အုံ့မှိုင်းနေတာပဲ...
သူ့ဆီက ထွက်နေတဲ့ အရှိန်အဝါက ငါနဲ့ တစ်ပုံစံတည်း ဖြစ်နေပြီး အနိုင်မခံ အရှုံးမပေးတဲ့ အငွေ့အသက်တွေ ထွက်နေတာတော့ မှန်ပါတယ်။
ဒါပေမဲ့လည်း...
ရွှီရန်မှာ ပြောစရာ စကားပင် ရှာမတွေ့တော့ချေ။
ပြောရမယ်ဆိုရင်... မင်းက မျက်နှာပေါက်တိုင်းကနေ သွေးတွေထွက် သွေးစွမ်းအင်တွေ အကုန်ကုန်ခမ်းခံပြီးတော့မှ ငါ့ရဲ့ ကျောက်ရုပ်ဗားရှင်းကြီးကို ပုံတူကူးဖို့ ဒီလောက်တောင် ကြိုးစားခဲ့တာလား။
ဒါက မှန်ရိပ်ပုံတူ အရှင်သခင်ရဲ့ နောက်ဆုံးစွမ်းရည်လား။ ပြိုင်ဘက်ကို ပုံတူကူးလိုက်တာပေါ့။
ငါ့ကို ငါကိုယ်တိုင်နဲ့ ပြန်တိုက်ခိုင်းတာလား။
ရွှီရန်က အကြည့်ကို စုစည်းလိုက်သည်။
ဒါပေမဲ့ ဒီအတွက် ပေးဆပ်လိုက်ရတဲ့ တန်ဖိုးကတော့ မနည်းလောက်ဘူး။
သူ၏ မျက်လုံးထောင့်မှ မြင်လိုက်ရသည်မှာ ထိတ်လန့်တုန်လှုပ်နေသော ကျောင်းအုပ်ကြီးနှင့် နည်းပြများမှာ ပျာပျာသလဲ မျက်နှာပေးများဖြင့် ပွဲကြည့်စင်ပေါ်မှ အပြေးအလွှား ဆင်းလာကြခြင်းပင်။
သူ့နားထဲတွင်လည်း ရုတ်ရုတ်သဲသဲ အသံများကို ကြားနေရသည်။
"သမီးလေးရယ်... ဘာလို့ ဒီလောက်တောင် အရှုံးမပေးချင်ရတာလဲ ဒီလို နည်းလမ်းမျိုးအထိ သုံးဖို့ လိုလို့လား"
"မင်း ရူးနေတာပဲ"
"မြန်မြန်... မြန်မြန်... သူ့ကို ကုသပေးကြပါဦး"
ရွှီရန်က သူ၏လက်ကို သာသာယာယာ ခါယမ်းလိုက်ရာ အသေးစား ပတ်လမ်းကြောင်း ရတနာအဆောင်နှင့် ကုသခြင်း ရတနာအဆောင်ငယ်တို့မှာ မိန်းကလေးများ၏ လက်မောင်းပေါ်သို့ ကပ်သွားကြတော့သည်။
"ငါ့ရဲ့ အဆောင်တွေက ကုသမှုအာနိသင်ကို ပိုကောင်းစေတယ်။ ကုသမှုကို ချက်ချင်းစလိုက်ကြပါ။ အချိန်ကောင်းကို လက်လွတ်မခံပါနဲ့"
သူ၏ အဆောင်များမှာ အလွန်စွမ်းအားထက်မြက်ပြီး သီးခြားကုသရေးစနစ်တစ်ခုကဲ့သို့ လုပ်ဆောင်နိုင်သည့်အပြင် ၎င်းတို့ရှိ ဝိညာဉ်စွမ်းအင်များကလည်း ခန္ဓာကိုယ်တွင်းမှ ပင်ပန်းနွမ်းနယ်မှုများကို ဖယ်ရှားပေးနိုင်သည်။
သူသည် မရည်ရွယ်ဘဲ ကုသပေးသူအဖြစ်ပါ တာဝန်ယူလိုက်ခြင်းပင်။
ထို့နောက် ရွှီရန်သည် အေးစက်သောအကြည့်ဖြင့် အသွင်သုံးမျိုးပြောင်းဒိုင်း ပိုင်ရှင် ထန်ချီချီနှင့် ပဲစေ့များမှ မသေမျိုးစစ်သည်များ ဖန်တီးခြင်း ပိုင်ရှင် ကွမ်းရှင်းတို့ကို ကြည့်လိုက်သည်။
"ကွင်းထဲကနေ ထွက်သွားကြတော့"
ရွှီရန်၏ လေသံမှာ အလွန်တည်ကြည်လေးနက်နေသည်။
ထိုအချိန်က နောက်ပြောင်နေရမည့် အခြေအနေမဟုတ်ပေ။ သူနှင့် ထိုမီးခိုးဖြူရောင် ကောင်လေးတို့၏ တိုက်ပွဲမှ ထွက်ပေါ်လာမည့် ရိုက်ခတ်မှုများမှာ ဤကလေးမလေး နှစ်ယောက်ကို အလွယ်တကူပင် အသက်အန္တရာယ် ပေးနိုင်သောကြောင့်ပင်။
ထန်ချီချီနှင့် ကွမ်းရှင်းတို့မှာ ကြောက်လန့်တကြား မျက်နှာပျက်သွားကြပြီး ပွဲကြည့်စင်ပေါ်သို့ အလုအယက် ပြေးတက်သွားကြတော့သည်။
စစ်တလင်းတစ်ခုလုံး ရှင်းလင်းသွားပြီ ဖြစ်သည်။
ထိုအခါမှသာ ရွှီရန်သည် မီးခိုးဖြူရောင် ကောင်လေးကို ကြည့်လိုက်သည်။
ထိုပုံတူကောင်လေးမှာလည်း စစ်ပြင်နေခြင်းဖြစ်ပြီး သူ၏ရှေ့တွင် စက္ကူရုပ်စစ်တပ် အယောက် ၅၀ ပေါ်ထွက်လာသည်။ ၎င်းမှာ ရွှီရန်၏ နောက်ကွယ်မှ စက္ကူရုပ်စစ်တပ်နှင့် မှန်ထဲက ပုံရိပ်ကဲ့သို့ တစ်ပုံစံတည်းပင်။
ဖွဲ့စည်းပုံ၊ အင်အား၊ သံချပ်ကာ၊ အသေးစိတ်အချက်အလက်များနှင့် လက်နက်များမှာ ဘာမှမခြားနားပေ အဆောင်များပင်လျှင် အတူတူပင် ဖြစ်သည်။
တစ်ခုတည်းသော ကွာခြားချက်မှာ သူတို့သည် မီးခိုးဖြူရောင် ဖြစ်နေခြင်းနှင့် သူတို့၏ကိုယ်ပေါ်မှ ယုတ်မာသော အရှိန်အဝါများမှာ အထိန်းအကွပ်မရှိ ထွက်ပေါ်နေပြီး အစွမ်းပြနေခြင်းပင်။
မီးခိုးရောင် အငွေ့အသက်များမှာ ကောင်းကင်သို့ လွင့်ပျံသွားပြီး သားရဲတိုက်ခိုက်ရေးကွင်းတစ်ခုလုံးကို မီးခိုးဖြူရောင် ကုလားကာကြီးတစ်ခုဖြင့် လွှမ်းခြုံထားလိုက်သကဲ့သို့ပင်။
ဧရာမ တိုက်ပွဲကြီးတစ်ခု စတင်တော့မည့်အလားပင်။
ပွဲကြည့်စင်ပေါ်တွင်မူ ပါရမီရှင်ကလေးများမှာ ထိတ်လန့်တုန်လှုပ်နေကြပြီး စစ်တလင်းတစ်ခုလုံးကို လွှမ်းမိုးထားသည့် ယုတ်မာသောအငွေ့အသက်များကြောင့် သူတို့၏မျက်နှာများမှာ သေလူကဲ့သို့ ဖြူလျော်နေကြသည်။ သူတို့၏ နှလုံးခုန်သံများမှာလည်း စစ်ဗုံတီးသကဲ့သို့ ကျယ်လောင်နေပြီး မည်သည့်အချိန်တွင်မဆို လဲကျသွားနိုင်မည့် အခြေအနေတွင် ရှိနေသည်။
"ဟူး"
အချို့သော ပါရမီရှင်ကလေးများမှာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိပြီး အေးစက်သော လေထုကြောင့် အဆုတ်ထဲတွင် စူးစူးရှရှ ခံစားလိုက်ရသည်။
"ခုနက တိုက်ပွဲတွေက ကလေးကစားစရာပဲ ရှိသေးတာလား... အခုမှ တကယ့် စွမ်းအားအစစ်အမှန်တွေ ပေါက်ကွဲထွက်လာတော့မှာလား"
အခြားဒေသအသီးသီးမှ ကြွရောက်လာကြသော ကျောင်းအုပ်ကြီးများနှင့် နည်းပြများသည် တစ်ဦးကိုတစ်ဦး အဓိပ္ပာယ်ပါပါ ကြည့်နေမိကြသည်။ သူတို့၏ မျက်ဝန်းအစုံ၌ စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်နေသကဲ့သို့ မျက်နှာအမူအရာများမှာလည်း ဖော်ပြရခက်ခဲလောက်အောင်ပင် ရှုပ်ထွေးလျက်ရှိသည်။
အဘိုးကြီးချန်အနေဖြင့် ပြိုင်ပွဲပထမဆုံးနေ့၌ပင် အောင်ပွဲခံရန် ပြင်ဆင်လာခြင်းမှာ အကြောင်းမဲ့မဟုတ်သည်ကို အားလုံးက နားလည်လိုက်ကြပြီဖြစ်သည်။ ရွှီရန် အမည်ရှိ ထိုလူငယ်သည် အမှန်တကယ်ပင် သန်မာလွန်းလှသည်။ သူ့ထံမှ ထွက်ပေါ်နေသော ပြင်းရှတောက်လောင်သည့် အရှိန်အဝါသည် တောင်ကုန်းအဆင့်အလယ်အလတ်ရှိ ကျင့်ကြံသူတစ်ဦးကိုပင် တိုက်ခိုက်လိုစိတ် ပျောက်ဆုံးသွားစေလောက်အောင် ခြောက်လှန့်နိုင်စွမ်းရှိသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် လွန်ခဲ့သော တိုက်ပွဲနှစ်ပွဲအတွင်း ရွှီရန်သည် သူ၏ စွမ်းရည်
အစစ်အမှန်ကို အတတ်နိုင်ဆုံး ထိန်းချန်ထားခဲ့ကြောင်း ထင်ရှားလှသည်။ သူ့ကိုယ်သူ အနိုင်မခံ အရှုံးမပေးဟူသော ဘွဲ့အမည်ဖြင့် ခေါ်ဝေါ်ခြင်းမှာလည်း ဆန်းကြယ်သောကိစ္စ မဟုတ်တော့ချေ။ အမှန်စင်စစ် သူသည် အနိုင်မခံရုံမျှမက နတ်ဘုရားတစ်ပါးကဲ့သို့သော လူငယ်ဟုပင် တင်စားထိုက်သည်။
ဤအချိန်တွင် ကျောင်းအုပ်ကြီးများနှင့် နည်းပြများသည် ရွှီရန်ကို သာမန်ပါရမီရှင်များ စာရင်းမှ ပယ်ထုတ်လိုက်ကြပြီဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရသော် ၎င်းသည် လောက၏ သာမန်စည်းမျဉ်းများ ဖြစ်သော ဘုံသုံးပါးနှင့် ဓာတ်ကြီးငါးပါးအတွင်း၌ပင် ရှိမနေတော့ဘဲ ထိုထက်ကျော်လွန်သော တည်ရှိမှုမျိုး ဖြစ်နေသောကြောင့်ပင်။
ထိုသို့သော ရှုပ်ထွေးလှသည့် အကြည့်များစွာအောက်တွင် ရွှီရန်မှာမူ မည်သို့မျှ ပြန်လည်တုံ့ပြန်နိုင်ခြင်း မရှိတော့ပေ။
သူတို့တွေ ဘာလို့ ဒီလောက်အထိ အတင်းအကျပ် လုပ်ခဲ့ကြတာလဲ။ အခုတော့... ငါ့ရဲ့ စက္ကူရုပ်စစ်တပ်က ဘယ်လောက်အထိ စွမ်းဆောင်နိုင်လဲဆိုတာ လူတိုင်း သိကုန်ကြပြီ။
သူ့စိတ်ထဲမှ ရေရွတ်ရင်း အစွမ်းအစစ်ကို ထုတ်ဖော်ရန်သာ ဆုံးဖြတ်လိုက်တော့သည်။
ရွှီရန်၏ မျက်ဝန်းအစုံသည် တောက်ပလာပြီး မီးခိုးဖြူရောင် ကောင်လေးကို အဝေးမှ လှမ်းကြည့်ကာ ရင်ဆိုင်လိုက်သည်။ သူ၏ ကိုယ်ပေါ်မှ နီရဲကာ တောက်လောင်သော အရှိန်အဝါတို့က မသိမသာ မြင့်တက်လာခဲ့သည်။ ပုံတူကူးခံထားရသော ကောင်လေးထံမှ မီးခိုးရောင် ယုတ်မာသည့် အငွေ့အသက်များ ထွက်ပေါ်နေချိန်တွင် ရွှီရန်ထံမှမူ နီရဲသော မီးတောက်အလား အရှိန်အဝါများက ဝန်းရံလျက် ထွက်ပေါ်လာသည်။
“အဲဒါ ဘာကြီးလဲ”
“ငါလည်း မသိဘူး... တစ်မျိုးပဲ ထူးဆန်းတဲ့ မန္တန်တစ်ခုခုများလား”
"သူ့မှာ ဝှက်ဖဲတွေ ဘယ်လောက်တောင် များနေတာလဲ သူ့ရဲ့ အင်အားအစစ်အမှန်က တကယ်တော့ ဘယ်လောက်အထိ ရှိနေတာလဲ"
"ရုပ်သေးစစ်တပ်၊ ကိုယ်ဖျောက်အတတ်၊ ခန့်မှန်းရခက်တဲ့ နည်းစနစ်တွေ၊ သန်မာလွန်းတဲ့ ခန္ဓာကိုယ်နဲ့ ထိပ်တန်းတိုက်ခိုက်ရေး ကျွမ်းကျင်မှုတွေ..."
ယခုအချိန်၌ အားလုံးအတွက် စိတ်ဝင်စားဖွယ်ရာအကောင်းဆုံး မေးခွန်းမှာ ရွှီရန်တစ်ယောက် သူ၏ အစွမ်းအစစ်ကို ထုတ်ဖော်လိုက်ပါက ဘယ်လိုအခြေအနေမျိုး ဖြစ်ပေါ်လာမလဲဟူသောအချက်ပင်။ လူတိုင်းက မစောင့်နိုင်လောက်အောင် စိတ်လှုပ်ရှားနေကြသကဲ့သို့ ကျောင်းအုပ်ကြီး ချန်ချီကိုယ်တိုင်လည်း မျှော်လင့်ချက်ကြီးစွာဖြင့် စောင့်ကြည့်နေမိသည်။
သူ့ကိုယ်သူ ပြန်တိုက်ရမယ့်ပွဲမှာ သူ ဘယ်လိုတွေ စွမ်းဆောင်ပြမလဲ။ အစွမ်းကုန် ထုတ်မသုံးလို့ကတော့ မရတော့ဘူး။ သူက တကယ်ပဲ ဘယ်သူမှ မယှဉ်နိုင်တဲ့ အနှိုင်းမဲ့တစ်ယောက် ဖြစ်နိုင်မလားဆိုတာ ငါ အဖြေရှာကြည့်ရမယ်။
ကျောင်းအုပ်ကြီးက စိတ်တွင်းမှ ရေရွတ်နေမိသည်။
အားလုံး၏ မျှော်လင့်ချက်များအကြားတွင် ရွှီရန်၏ မျက်ဝန်းအစုံမှာ တောက်ပလျက်ရှိသည်။
စိတ်ဝင်စားစရာပဲ။ ငါ့ကိုယ်ငါ ပြန်တိုက်ရမယ်လို့ တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး။ စက္ကူရုပ်တွေရော... ငါ့ရဲ့ အစွမ်းတွေအားလုံးကို သူက ပိုင်ဆိုင်ထားတာပဲ။ ကောင်းပြီ... ငါ့ရဲ့ အားနည်းချက်တွေက ဘာတွေလဲဆိုတာ မင်းဆီကနေပဲ ရှာကြည့်ရတာပေါ့။
သူက ခပ်ပြုံးပြုံး ရေရွတ်လိုက်သည်။
အမှန်စင်စစ် သူနှင့် အဆင့်ချင်းတူညီသော ပြိုင်ဘက်မျိုးကို ရှာဖွေရန်မှာ အလွန်ခဲယဉ်းလှသည်။ ယခုကဲ့သို့ သူကိုယ်တိုင်နှင့် ပြန်လည်တိုက်ခိုက်ရသည့် အခွင့်အရေးမျိုးသည် သူ၏ အားနည်းချက်များကို ပိုမိုထင်ရှားစွာ မြင်တွေ့နိုင်စေသဖြင့် အလွန်တန်ဖိုးရှိလှသည်။
ရွှီရန်က လက်ကို သာသာယာယာ ဝှေ့ယမ်းလိုက်ရာ တစ်ဖက်ရှိ မီးခိုးရောင်ပုံတူရိပ်ကလည်း ထပ်တူညီသော လှုပ်ရှားမှုဖြင့် တုံ့ပြန်သည်။ ထို့နောက် စစ်တပ်နှစ်ခုစလုံးသည် အရှိန်အဟုန်ပြင်းစွာ ပြေးထွက်သွားကြရာ သူတို့၏ ခြေလှမ်းများအောက်၌ မြေပြင်တစ်ခုလုံး တုန်ခါသွားရတော့သည်။ ညီညာထက်မြက်လှသော ခြေသံတို့သည် တဖြည်းဖြည်း အရှိန်မြင့်တက်လာပြီး တစ်ဟုန်ထိုး ထိပ်တိုက်တိုးဝင်သွားကြသည်။
"ဝုန်း..."
သံမဏိစစ်တပ်နှစ်ခု ပြင်းထန်စွာ ထိတွေ့မိသွားကြကာ လေးလံလှသော လက်နက်ချင်း ထိခိုက်သံများက မြန်ဆန်လွန်းလှသဖြင့် ကြားရသူတို့အဖို့ ရင်ထဲ၌ မွန်းကြပ်သွားရသည်။ ထိခိုက်မိသည့် နေရာတိုင်းမှ မီးပွင့်များ ပန်းထွက်လာခြင်းမှာ ပန်းပဲဖိုအတွင်း တူဖြင့်ထုရိုက်လိုက်စဉ် ထွက်ပေါ်လာသော မီးပွားများအလား ပျံ့နှံ့သွားတော့သည်။
တုန်လှုပ်ဖွယ်ရာကောင်းလှသော ထိုအသံများသည် ပွဲကြည့်စင်အထိ ပဲ့တင်ထပ်သွားရာ ကြည့်ရှုနေကြသော ပါရမီရှင် လူငယ်များမှာ ထိတ်လန့်တုန်လှုပ်သွားကြရသည်။ ထိခိုက်မှု တစ်ချက်ချင်းစီတိုင်းမှ ထွက်ပေါ်လာသော အပူလှိုင်းများသည် သူတို့၏ နှလုံးသားဆီသို့ တိုက်ရိုက်ရိုက်ခတ်သွားသကဲ့သို့ ခံစားရပြီး နားထင်များပင် တဒိတ်ဒိတ် တုန်ယင်လာကြသည်။
ပါရမီရှင် လူငယ်များ၏ မျက်နှာမှာ ပိုမိုဖြူလျော်လာကြပြီး အချို့မှာ မုန်တိုင်းထဲမှ ကျူပင်များကဲ့သို့ ယိုင်နဲ့ကုန်ကြသည်။ ထိုအခါ နည်းပြများက “နောက်ဆုတ်ကြ... အမြန်နောက်ဆုတ်ကြ” ဟု သတိပေးကာ ပရိသတ်များကို အန္တရာယ်ကင်းရာသို့ အမြန်ဆုံး ဖယ်ရှားပေးလိုက်ရသည်။ သူတို့သည် မီတာများစွာ ဝေးကွာသော ပွဲကြည့်စင် အထက်ပိုင်း၌ ရပ်နေကြစေကာမူ မျက်နှာများတွင် ထိတ်လန့်တုန်လှုပ်မှုများက ဖုံးကွယ်မရအောင် ထင်ဟပ်နေဆဲပင် ာ