← Chapters

ဂျိတ်နှင့် လေလာ

Vol. 7 Ch. 61

ဂျိတ်နှင့် လေလာ

Vol. 7 Ch. 61

သူသည် အတွေးထဲနစ်နေရင်းမှ စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ... အဖေ သူနဲ့ သူငယ်ချင်း ဖြစ်အောင် ကြိုးစားကြည့်မယ်"

ဂျိတ်က သူ့စကားကို ဖခင်ဖြစ်သူက အလေးအနက်ထားကြောင်း မြင်လိုက်ရသည့်အခါမှ သူ သက်ပြင်းချနိုင်တော့သည်။ ဂျိတ်က မတ်တတ်ရပ်လိုက်ပြီး ရိုနန်ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်ကာ ဖခင်ဖြစ်သူဘက်သို့ လှည့်၍ ပြောလိုက်သည်။

"ဝမ်းကွဲအစ်ကိုကိုတော့ လွှတ်ပေးလိုက်ပါ အဖေ။ သူက အပြစ်လုပ်ခဲ့တာ မဟုတ်ပါဘူး"

ဂျိတ်၏ စကားကြောင့် ရိုနန်သည် ဝမ်းသာအားရ ဖြစ်သွားပြီး ဖရန့်ခ်ကို မျှော်လင့်တကြီး ကြည့်နေသည်။ ဖရန့်ခ်က လက်ရမ်းပြလိုက်သည်နှင့် ရိုနန်သည် ချက်ချင်းပင် ထရပ်လိုက်သည်။

"ဂျိတ်... မင်းကတော့ အကောင်းဆုံးပဲကွာ"

ရိုနန်သည် ထိုတစ်ခွန်းကိုသာ ပြောပြီး အမြန်ပြေးထွက်သွားတော့သည်။ ဖရန့်ခ်သည် ရိုနန်၏ ကျောပြင်ကို ကြည့်ရင်း မေးခွန်းထုတ်လိုက်သည်။

"ဘာလို့ သူ့ကို လွှတ်ပေးခိုင်းတာလဲ"

ဂျိတ်သည် ရိုနန် ထွက်ခွာသွားရာဘက်သို့ လေးလံသော အကြည့်တို့ဖြင့် ငေးကြည့်နေမိသည်။ ရင်ထဲတွင် အပြစ်မကင်းသလို ခံစားနေရသော်လည်း သူက အေးစက်စွာပင် မျက်နှာလွှဲလိုက်သည်။

"သူက အမှားလုပ်ခဲ့သူမို့ ဒီအတွက် ပြန်ပေးဆပ်ရပါလိမ့်မယ်"

ဖရန့်ခ်သည် ဇဝေဇဝါ ဖြစ်သွားသော်လည်း အခန်းထဲမှ မထွက်ခွာမီ စကားတစ်ခွန်းကိုသာ ဆိုခဲ့သည်။

"မင်းက သိပ်ကို ပဟေဠိဆန်လွန်းတယ် ဂျိတ်"

ဖရန့်ခ် ထွက်သွားသည်ကို ကြည့်ရင်း ဂျိတ် မျက်လုံးများကို မှိတ်ထားလိုက်သည်။ စိတ်ထဲတွင် လေးလံမှုကို ခံစားနေရသဖြင့် သူသည် လျှို့ဝှက်အခန်းထဲသို့ ဝင်ကာ ပန်းချီကားချပ် ရှေ့တွင် ထိုင်ချလိုက်သည်။

သူသည် တစ်စုံတစ်ခု ပူးကပ်နေသည့်အလား ပန်းချီကို စတင်ရေးဆွဲတော့သည်။ တစ်နာရီခန့် ကြာပြီးနောက် ပန်းချီကားချပ်ပေါ်တွင် ပုံရိပ်တစ်ခု ထင်ရှားလာခဲ့သည်။ ဖြူစင်သော အသားအရေနှင့် ပန်းရောင်ဆံနွယ်တို့ ဖားလျားချထားသည့် လှပသော မိန်းကလေးတစ်ဦး၏ ပုံတူ ဖြစ်သည်။ ဂျိတ်သည် ထိုမိန်းကလေးကို တမ်းတသောအကြည့်ဖြင့် စိုက်ကြည့်နေမိသည်။

ငယ်စဉ်ကတည်းက ကျန်းမာရေး ချို့တဲ့သူ ဖြစ်သဖြင့် အိမ်ပြင်ထွက်ခွင့် မရခဲ့သော သူ့အတွက် ပန်းချီကားချပ်ပေါ်မှ အမျိုးသမီးလေးကသာ တစ်ဦးတည်းသော သူငယ်ချင်း ဖြစ်ခဲ့သည်။ ထိုမိန်းကလေးက သူ့ အသက် (၁၀) နှစ် ပြည့်‌ လောက်ကတည်းက သူ့အိပ်မက်ထဲသို့ အမြဲတမ်း ရောက်ရှိလာတတ်သူ ဖြစ်သည်။ သူမ အပြင်လောကတွင် အမှန်တကယ် ရှိနေလိမ့်မည်ဟု သူ တထစ်ချ ယုံကြည်ခဲ့သဖြင့် ရှာဖွေရန် ကြိုးစားခဲ့သော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

မိဘများကို ရှာပေးဖို့ အကူအညီတောင်းချင်သော်လည်း သူ့အပေါ် အစိုးရိမ်ကြီးလွန်းသော မိဘများအကြောင်း သိ‌ နေသဖြင့် သူ လက်လျှော့ခဲ့ရသည်။ မွေးကတည်းက သူသိခဲ့တာ တစ်ခုတည်းက။ အဲ့ဒါက သူ ချစ်မြတ်နိုးရသူကို သူ၏ ထိန်းချုပ်မှုအောက်တွင်သာ ထားရှိလိုသော အာသီသပင် ဖြစ်သည်။ ဖခင်ဖြစ်သူ ဘေးကင်းဖို့အတွက် သူ့ရဲ့ဝမ်းကွဲအစ်ကိုကိုတောင် စတေးရန် အသင့်ဖြစ်နေခဲ့သလိုပေါ့။

ဒါ့ကြောင့် မိဘများက သူ့ကို ဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်စေရန် အမြဲတစေ တားဆီးခဲ့ကြသည်။ အကယ်၍ သူတို့သာ သူ့အိပ်မက်ထဲကို ခဏခဏ ဝင်ရောက်လာသော ပန်းရောင်ဆံနွယ်နှင့် ကောင်မလေးအကြောင်း သိသွားပါက သူမကိုတောင် သတ်ပစ်ကြလိမ့်မည်။ ဒါ့ကြောင့်မလို့ ဂျိတ်က သူမ၏ တည်ရှိမှုကို ဖုံးကွယ်ထားပြီး တိတ်တဆိတ်သာ စုံစမ်းနေခဲ့သည်။ သို့သော် သူ၏ အာဏာမှာ အကန့်အသက်နဲ့ ရှိနေပြီး မိဘများ၏ စောင့်ကြည့်ခြင်းကို ခံနေရသဖြင့် ယခုတိုင် သတင်းအစအန မရခဲ့သေးပါ။

သူသည် ပန်းချီကားကို အသာအယာ ပွတ်သပ်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

"ငါ မှားနေတာလား လေလာ"

သူမ၏ အမည်ရင်းကို မသိသဖြင့် သူက လေလာ ဟု အမည်ပေးထားခဲ့ခြင်းသာ။

"ကိုယ့်ကိုယ်ကိုယ် စက်ဆုပ်ဖို့ကောင်းတယ်လို့ ခံစားရပေမယ့် အဖေ့ကိုတော့ အဆုံးရှုံးမခံနိုင်ဘူး။ အဖေ မသေဖို့အတွက် ဝမ်းကွဲအကို သေရမယ်ဆိုတာကို သိသိလျက်နဲ့ ဘာမှမပြောပဲနေမိတာ ကိုယ့်အမှားလား"

သူမ၏ မျက်နှာပေါ်မှ လှပသော အပြုံးကို စိုက်ကြည့်ရင်း သူက ဆက်ပြောလိုက်သည်။

"မင်းက ပြုံးနေတယ်ဆိုတော့... မင်းလည်း ကိုယ့်ကို ထောက်ခံတယ်ပေါ့ ဟုတ်လား။ လေလာ... မင်းကတော့ အကောင်းဆုံးပဲ။ ကိုယ့် အမှားတွေအတွက် မင်းတစ်ယောက်တည်းကပဲ ကိုယ့်ကို အပြစ်မမြင်တာ"

ပန်းချီကားနှင့် စကားပြောနေရသည့်အခါမှ သူ၏ လေးလံနေသော စိတ်က ပြေလျော့သွားရသည်။ သူ၏ မျက်နှာပေါ်မှ ပုံမှန်မဟုတ်သော စွဲလန်းမှုတွေ မရှိရင် ထိုမြင်ကွင်းက အလွန်ပင် ကြည်နူးစရာ ကောင်းနေပေလိမ့်မည်။

"တစ်နေ့ ကိုယ် အာဏာရှိလာတဲ့အခါ မင်းကို ရ‌ အောင်ရှာပြီး လက်ထပ်ပစ်မယ်။ အဲ့ဒီအချိန်အထိတော့ စောင့်နေပေးပါ လေလာ။ ကိုယ့်ကို စိတ်ပျက်အောင် မလုပ်ပါနဲ့။ မင်းနဲ့ ဆုံရမယ့်နေ့ကို ကိုယ် မျှော်လင့်နေမိတယ်"

ထို့နောက် ဂျိတ်သည် ထိုပန်းချီကားကို နံရံတွင် ချိတ်ဆွဲလိုက်သည်။ သူ နောက်သို့ ခြေတစ်လှမ်းလောက် ဆုတ်လိုက်သည့်အခါ နံရံပေါ်တွင် ချိတ်ဆွဲထားသော အခြားသော ပန်းချီကားများကို ရှိနေသည်။ ထိုနံရံများအားလုံး‌ ပေါ်တွင် ပန်းရောင်ဆံနွယ်ရှိသည့် ထိုအမျိုးသမီး၏ ပုံတူများဖြင့်သာ ပြည့်နှက်နေသည်။ တချို့ပန်းချီးကားတွေက သူမ မုန့်စားရင်း ရယ်မောနေသောပုံများဖြစ်ပြီး အချို့မှာမူ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စရာ။ အချို့သော ပန်းချီကားများတွင် သူမသည် ကြာပွတ်ဖြင့် အနှိပ်စက်ခံထားရသကဲ့သို့ ခန္ဓာကိုယ်တွင် ဒဏ်ရာများဖြင့် ငိုကြွေးနေ သော ပုံများဖြစ်သည်။ သူမ ခွေခေါက်ကာ ရှိုက်ငိုနေသော ပုံများလဲရှိသည်။ စိတ်အနှောက်အယှက်ဖြစ်စရာ ကောင်းလောက်အောင်ပင် လှပနေတော့သည်။

……….

အိုင်ဗီသည် တံခါးခေါက်သံကြောင့် နိုးလာကာ မျက်လုံးကို ပွတ်သပ်လိုက်သည်။ အိပ်ပျော်နေသော အိုင်စလာကို တွေ့လိုက်ရသဖြင့် သူမကို သိုလှောင်ခန်းထဲသို့ ထည့်ထားလိုက်သည်။

တံခါးဖွင့်လိုက်သည့်အခါ စိုးရိမ်တကြီး ဖြစ်နေသော ဆာဖီနာကို တွေ့လိုက်ရသည်။

"အိုင်ဗီ... အိုင်စလာကို တစ်ခုခု လုပ်လိုက်တာလား။ ငါ့သမီး ဘယ်မှာလဲ။ ငါ့သမီးကို တစ်ခုခု ထိခိုက်အောင် လုပ်ပစ်လိုက်တာား။ နင့်ကို ငါ သတိပေးထားမယ်။ ငါ့ရဲ့ သည်းခံနိုင်စွမ်းမှာလည်း အတိုင်းအတာ ရှိတယ်နော်"

ဆာဖီနာက အော်ဟစ်ကာ သောင်းကျန်းနေသော်လည်း အိုင်ဗီက ခေါင်းခါပြလိုက်ပြီး ပြန်လည် တုံ့ပြန်လိုက်သည်။

"အရှက်လေး ဘာလေးရှိစမ်းပါဦး။ ခြင်္သေ့သရေခြုံထားတဲ့ ကြွက်တစ်ကောင်က ကိုယ့်ကိုယ်ကိုယ် နဂါးလို့ ထင်နေတာပဲ"

ထိုသို့လှောင်ပြောင်လိုက်သော စကားကြောင့် ဆာဖီနာသည် ဒေါသကြောင့် တုန်ရီလာရသည်။

"နင်... နင် ဘယ်လိုတောင် ပြောရဲတာလဲ"

"ထပ်ပြီး အော်မနေနဲ့။ ကျွန်မကို အော်ပြောတာကို ကျွန်မ လုံးဝ မကြိုက်ဘူး။ ကျွန်မ စိတ်မတိုခင် ဒီကနေ လစ်လိုက်တော့"

အိုင်ဗီ၏ အေးစက်သော အကြည့်များကြောင့် ဆာဖီနာသည် ကြောက်လန့်သွားရသော်လည်း မိခင်မေတ္တာကြောင့် အံကြိတ်ကာ ပြောလိုက်သည်။

"အိုင်စလာ ဘယ်မှာလဲဆိုတာ မပြောမချင်း ငါ မသွားဘူး"

အိုင်ဗီသည် မျက်ခုံးပင့်လိုက်ပြီး ဘေးသို့ ဖယ်ပေးလိုက်သည်။

"ဒါဆိုရင်လည်း ကိုယ့်ဘာသာကိုယ် ရှာကြည့်လေ"

ဆာဖီနာသည် တုန်တုန်ရီရီဖြင့် အခန်းထဲသို့ ဝင်လာသည်။ သူမက အိုင်ဗီ ရုတ်တရက် သူမကို တိုက်ခိုက်မည်ကို စိုးရိမ်သဖြင့် စောင့်ကြည့်နေသော်လည်း အိုင်ဗီကမူ ခနဲ့တဲ့တဲ့ အကြည့်ဖြင့်သာ ကြည့်နေသည်။ အခန်းက ကျဉ်းသဖြင့် ၄ မိနစ်ခန့်အတွင်း အရာအားလုံးကို ရှာဖွေပြီးသွားသည်။ အိုင်စလာကို မတွေ့ရသည့်အခါ ဆာဖီနာ၏ ရင်ထဲတွင် မျှော်လင့်ချက်များ ကုန်ဆုံးသွားရသည်။

သူမသည် ချက်ချင်းပင် ဒူးထောက်လိုက်ပြီး တောင်းပန်တော့သည်။

"အိုင်ဗီ... ကျေးဇူးပြုပြီး ငါ့သမီးကို ပြန်ပေးပါ။ နင် တစ်နေရာရာမှာ ဝှက်ထားတယ်ဆိုတာ ငါ သိတယ်"

မိခင်တစ်ယောက်၏ အလိုလိုသိစိတ်က အမြဲတမ်း မှန်ကန်နေတတ်သည်။ သက်သေမရှိသော်လည်း အိုင်စလာသည် အိုင်ဗီ၏ လက်ထဲတွင် ရှိနေသည်ဟု သူမ အခိုင်အမာ ယုံကြည်နေသည်။

အိုင်ဗီက ပြုံးလိုက်ရင်း ဆာဖီနာ နားနားကပ်ကာ တိုးတိုး လေးပြောလိုက်သည်။

"အကယ်၍ အိုင်စလာက ကျွန်မလက်ထဲမှာ ရှိနေတယ်ဆိုရင်... ရှင်ကရော ဘာနဲ့ အလဲအလှယ် လုပ်မှာလဲ"

All Chapters