အလဲသိပ်ခြင်း
Vol. 7 Ch. 62
ဆာဖီနာ၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသည်။ အိုင်ဗီက သူမလုပ်တာကို ဝန်ခံလိမ့်မည်ဟု တစ်ခါမျှ မျှော်လင့်မထားပါ။
"နင်... နင်က..."
"ဟုတ်တယ်၊ ကျွန်ပဲ" အိုင်ဗီက သရော်ပြုံး ပြုံးရင်း တံခါးဆီသို့ ဘာမှလုပ်ထားသလို လျှောက်သွား တော့သည်။ သူမသည် တံခါးကို ခပ်ပြင်းပြင်း ဆောင့်ပိတ်လိုက်ပြီးနောက် ခြိမ်းခြောက်လိုသော အပြုံးဖြင့် ဆာဖီနာဘက်သို့ လှည့်လာခဲ့သည်။
"ဆာဖီနာ၊ ကျွန်မတော့ စကားတောင် မပြောချင်တော့ပါဘူး။ ရှင်က အန္တရာယ်ရှိမှန်း သိသိရက်နဲ့ လူမိုက်လို တိုးဝင်လာပြီးတော့ အားလုံး ပျက်စီးသွားတော့မှ ငိုယိုပြနေတာပဲ"
"အိုင်ဗီ... အိုင်ဗီ... ငါက နင့်အမေလေ။ ပြီးတော့... ဒေမီယန်လည်း ငါ နင့်အခန်းထဲမှာ ရှိနေတာ သိတယ်" ဆာဖီနာက အသံတုန်တုန်ရီရီဖြင့် သတိပေးလိုက်သော်လည်း အိုင်ဗီကတော့ ရယ်မောလိုက်ရုံသာ ရှိသည်။
"ပေါက်ပန်းလေးဆယ် လာမပြောနဲ့ ဆာဖီနာ။ ရှင်က ကျွန်မရဲ့ အမေအရင်း မဟုတ်ဘူးဆိုတာ ကျွန်မ သိထားတာ ကြာလှပြီ"
အိုင်ဗီ၏ အေးစက်လှသော အသံက ဆာဖီနာ၏ ရင်ကို အေးစက်သွားစေသည်။ အိုင်ဗီ့အခန်းထဲသို့ ဇွတ်တိုးဝင်လာခဲ့မိသည့် မိမိ၏ ဆုံးဖြတ်ချက်က ဘယ်လောက်ထိ မှားသွားသည်ကိုလည်း ပထမဆုံးအကြိမ် သိသွားတော့သည်။
အိုင်ဗီက သိနေတာလား။ ဘယ်လိုလုပ်ပြီး သိ နေတာလဲ။ နောက်ပြီး ဘာလို့ အခုချိန်ထိ နှုတ်ဆိတ်နေခဲ့တာလဲ။
မဟုတ်သေးဘူး... ငါ သူမကို စကားလမ်းကြောင်းလွှဲထားပြီး ဒေမီယန် လာကယ်တာကို စောင့်ရမယ်။ ဆာဖီနာက အခြေအနေမဟန်ကြောင်း ရိပ်မိသွားသဖြင့် ချက်ချင်းပင် အပြစ်ကင်းစင်သော မျက်နှာပေးမျိုး ပြောင်းလိုက်သည်။
"အိုင်ဗီ သမီးလေး... တစ်ယောက်ယောက်က သမီးကို ပေါက်ကရတွေပြောလိုက်ပြန်တာလား။ မေမေတို့က သမီးမွေးကတည်းက အဖေနဲ့ အမေလေ။ အမေက သမီးကို ဗိုက်ထဲမှာ လွယ်ခဲ့ရတာ..."
ဖြတ်ခနဲ။ ပါးပေါ်သို့ ကျရောက်လာသော စပ်ဖျဉ်းဖျဉ်း နာကျင်မှုကြောင့် ဆာဖီနာ၏ အတွေးများ ရပ်တန့်သွားရသည်။ ရှေ့မှ မြင်နေရသော လက်တွေ့ဘဝကို သူမ မယုံကြည်နိုင် ဖြစ်နေရသည်။
အိုင်ဗီက သူမကို ပါးရိုက်လိုက်တာလား။ သူမ ဘယ်လိုများ သတ္တိရှိရဲရတာလဲ။
ဆာဖီနာ၏ ရင်ထဲတွင် ဒေါသများ တလိပ်လိပ် ထွက်လာပြီး ပြန် တုံ့ပြန်ရန် လက်ကို မြှောက်လိုက်စဉ်မှာပင် အိုင်ဗီ၏ တည်ငြိမ်လှသော အသံကို ကြားလိုက်ရသည်။
"ရိုက်ကြည့်လိုက် လေ။ ကျွန်မကို တစ်ချက်ရိုက်ရင် ရှင့်သမီးကို ကျွန်မက ဆယ်ချက် ပြန်ရိုက်မှာ"
ဆာဖီနာ၏ ဒေါသများ ချက်ချင်းပင် လျော့ကျသွားပြီး အသက်ရှူသံများ မြန်လာသည်။ သူမ အတော်လေးကို ဒေါသထွက်နေသော်လည်း အိုင်စလာက အိုင်ဗီ့လက်ထဲတွင် ရှိနေသည်ဖြစ်ရာ ထိုဒေါသကို ဘယ်လိုမှ ထုတ်မပြရဲပါ။ နေနှင့်ပေါ့ အိုင်ဗီ... ငါ့သား မကြာခင် ငါ့ကို လာရှာလိမ့်မယ်။ အဲဒီကျမှ နင့်အတွက် ငရဲကျသလို ဒုက္ခတွေကို ကောင်းကောင်းကြီး ခံစားစေရမယ်။
ဆာဖီနာ၏ အငြိုးထားနေသော မျက်နှာပေးကို ကြည့်ရုံဖြင့် သူမ ဘာတွေးနေသည်ကို အိုင်ဗီ သိလိုက်ပြီး သက်ပြင်းချမိသည်။ ဒေမီယန်သာ မရှိလျှင် ရာဗင်ခရော့ဖ် မိသားစုဝင်တွေ သေတာ ကြာလှပြီ။
ဒီမိသားစုထဲမှာ ဘယ်သူမှ ဉာဏ်မရှိကြဘူး။ ငါကိုယ်တိုင်တောင် ဒူခဲ့ပဲ။ သူမ၏ အတွင်းစိတ်က လှောင်ပြောင်နေသော်လည်း အိုင်ဗီကတော့ တုန်လှုပ်ခြင်း မရှိပေ။ သူမသည် အမှန်တကယ်ကို ငနုံငအ ဖြစ်ခဲ့သော်လည်း ကံကောင်းခဲ့သည်။
ခွပ်။ အိုင်ဗီက ဆာဖီနာကို တစ်ချက်တည်းဖြင့် အလဲသိပ်လိုက်ပြီး စွမ်းအင်သုံလှောင်ရုံ ထဲသို့ ထည့်လိုက်သည်။
အဆင့်မြှင့်တင်ပြီးနောက်တွင် သူမသည် သက်ရှိများကို စမ်းအင်သိုလှောင်ရုံထဲ၌ နှစ်ရက်တိုင်တိုင် ထည့်ထားနိုင်ပြီ ဖြစ်သည်။
"အခုတော့ ဒေမီယန်နဲ့ မက်ဂ်နပ်စ်ပဲ ကျန်တော့တယ်"
အိုင်ဗီက ခပ်တိုးတိုး ရေရွတ်ရင်း လေ့ကျင့်ခန်းများ စတင်လုပ်ဆောင်နေသည်။
သိပ်မကြာလိုက်မီမှာပင် မက်ဂ်နပ်စ်က သူမကို လာရှာတော့သည်။ ဆာဖီနာကဲ့သို့ပင် သူသည်လည်း ဒေါသများ အပြည့်ဖြင့် ရောက်လာခြင်းဖြစ်သည်။
"မျိုးမစစ်မ နင့်အမေနဲ့ နင့်ညီမ ဘယ်မှာလဲ"
ဇနီးနှင့် သမီး ပျောက်ဆုံးသွားပြီးနောက် မက်ဂ်နပ်စ်တစ်ယောက် စိတ်လွတ်ကိုယ်လွတ် ဖြစ်နေပုံရသည်။ ယခုအချိန်တွင် သူသည် အိုင်ဗီကိုပင် မကြောက်တော့ပေ။
အိုင်ဗီက သူ့ကို အလဲသိပ်ရန် လက်မြှောက်လိုက်သော်လည်း မက်ဂ်နပ်စ်က ပြန်လည် ခုခံသည်။ သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အိုင်ဗီ့ကို ထိုးရန် အားယူလိုက်သည်။
အိုင်ဗီကလည်း အလျှော့မပေးဘဲ လက်သီးချက်ကို သီသီလေး ရှောင်လိုက်ကာ မက်ဂ်နပ်စ်၏ ဝမ်းဗိုက်ကို ပြန်လည် ထိုးနှက်လိုက်သည်။
အပြန်အလှန် တိုက်ခိုက်ပြီးနောက်တွင် အိုင်ဗီက မက်ဂ်နပ်စ်ကို အောင်မြင်စွာ အလဲသိပ်လိုက်နိုင်သည်။ ပြင်းထန်သော ရန်ပွဲကြောင့် အိုင်ဗီလည်း ပင်ပန်းသွားပြီး ကုတင်ပေါ်တွင် လဲလျောင်းကာ အမောဖြေနေမိသည်။
"သုံးယောက် ပြီးပြီ... နောက်ထပ် တစ်ယောက်ပဲ ကျန်တော့တယ်" အိုင်ဗီက ရေရွတ်လိုက်သည်။
.............
ဒေမီယန်သည် ငှားရမ်းထားသော အထူးအမြင်အာရုံ စွမ်းအားဖြင့် ဖြစ်ပျက်သမျှကို ကြည့်နေရင်း ရင်ထဲတွင် ကြောက်စိတ်များ စိုးမိုးလာသည်။ အိုင်ဗီနှင့် ထိပ်တိုက်တွေ့လျှင် သူ သေချာပေါက် သေရမည်ကို အလိုလို သိနေသည်။
ထွက်ပြေးတော့။ အက်ရှရှ အသံတစ်ခုက ခိုင်းစေလိုက်သဖြင့် သူ ကြောင်အ နေရာမှ သတိဝင်လာသော်လည်း တွေဝေနေဆဲ ဖြစ်သည်။
"ဒါပေမဲ့ ငါ့မိဘနဲ့ ညီမလေး..." ဒေမီယန်သည် အိုင်ဗီကို မုန်းတီးပြီး မိသားစုဝင်ဟု တစ်ခါမျှ မသတ်မှတ်ခဲ့သော်လည်း သူသည်သူ၏ မိသားစုအရင်းကိုမူ အမှန်တကယ် ဂရုစိုက်သူဖြစ်သည်။ ထို့ကြောင့် သူတို့ကို ထိုဟာမလက်ထဲတွင် ထားခဲ့ရန် စိတ်မပြတ်နိုင် ဖြစ်နေရသည်။
သူတို့က သေဖို့ ကံပါလာပြီးသားပဲ။ နင် အခု မထွက်သွားရင် သူတို့နဲ့အတူ အသက်ပျောက်လိမ့်မယ်။ ထိုအသံက ယခုတစ်ကြိမ်တွင် ပို၍ ပြတ်သားကာ ဖိအားပေးလာသည်။
ဒေမီယန်သည် တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ပြီး မျက်လုံးများကို မှိတ်လိုက်သည်။ အိုင်ဗီ့အပေါ်ထားသော သူ၏ နာကျည်းမှုနှင့် ဒေါသများက အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"အိုင်ဗီ... တစ်နေ့ကျရင် ငါ့လက်နဲ့ နင့်အရေခွံကို ခွာပြမယ်"
သူက တိုးတိုးလေး ရေရွတ်လိုက်သည်။ သေချာကြည့်လျှင် သူ၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်နေသည့် အရိပ်အယောင်များလည်း ရှိနေသည်။
တစ်စုံတစ်ခုက သူ့အတွက် အဓိပ္ပာယ် မရှိသလိုမျိုး...။
ဒေမီယန်၏ စိတ်ထဲတွင် ဘာတွေ ဖြစ်ပျက်နေသည်ကို ဘယ်သူမှ မသိသော်လည်း သူသည် နောက်သို့ လှည့်မကြည့်ဘဲ ထွက် ပြေးသွားတော့သည်။
အိုင်ဗီကတော့ ဒေမီယန်က သူ့မိဘတွေကို ထားခဲ့လိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပေ။ သူမသည် စောင့်ရင်းစောင့်ရင်းနှင့် အချိန်အတော်ကြာသည့်တိုင် ဒေမီယန်က တံခါးလာမခေါက်သဖြင့်
"သူ တစ်ခုခု သွားလုပ်နေတာ ဒါမှမဟုတ် အဆောက်အအုံ အပြင်ဘက်မှာ အိုင်စလာကို သွားရှာနေတာ ဖြစ်လိမ့်မယ်" ဟု တွေးကာ လေ့ကျင့်ခန်းကိုသာ အဆုံးသတ်လိုက်သည်။
ရာဗင်ခရော့ဖ် မိသားစုကို ဘယ်လို နှိပ်စက်ရမလဲဆိုသည့် အသေးစိတ် အစီအစဉ်ကတော့ သူမ၏ စိတ်ထဲတွင် ရှိပြီးသား ဖြစ်သည်။
သူတို့က သခင်တွေလို နေချင်ကြတာ မဟုတ်လား။ အခုတော့ သူတို့ ကျွန်လုပ်ရမယ့် အလှည့်ပဲ။ သူတို့ကို အသက်ရှင်လျက်နှင့် ငရဲကျအောင် လုပ်ပေးပစ်မယ်။
အိုင်ဗီသည် စိတ္တဇဆန်သော အပြုံးဖြင့် ဧည့်ခန်းထဲသို့ ထွက်လာကာ စာရွက်နဲ့ ဘောလ်ပင် ကို ယူပြီး အနာဂတ်အတွက် အစီအစဉ်များ စတင် ရေးဆွဲတော့သည်။
သူမတွင် အခြားသော စွမ်းအားတစ်ခုနှင့် လူသားများကို ဇမ်ဘီရန်များသာမက ဆိုးရွားသော ရာသီဥတုဒဏ်မှပါ ကာကွယ်ပေးနိုင်သည့် အထောက်အကူပြု စွမ်းအားရှိနေသဖြင့် အထောက်အပံ့ပစ္စည်းများ အကန့်အသတ်မရှိ ရရှိနေမည် ဖြစ်သည်။
သူမ အရင်လက်စားချေချင်သည့် လူများစွာ ရှိနေသေးပြီး ထိုလူများ ရောက်မလာခင်အထိ အခြေမချနိုင်ခင်မှာ လုံးဝ အမြစ်ပြတ်အောင် ချေမှုန်းပစ်မည်။
သူမတွင် ကိုယ်ပိုင်အင်အားနှင့် ကိုယ်ပိုင်လူများ လိုအပ်သည်။ သူမသည် ပရဟိတကို မယုံကြည်သော်လည်း သူမ၏ ကြီးကျယ်သော အစီအစဉ်ကို အကောင်အထည်ဖော်ရန်အတွက် အနာဂတ်မှ ထိပ်သီးလူကြီးများကို သူမ၏ စခန်းသို့ ဆွဲဆောင်ခြင်းဖြင့် စတင်ရပေမည်။
ထိုသို့ဖြင့် အိုင်ဗီသည် ရေတိုအစီအစဉ်များကို စတင် ရေးချလိုက်သည်။ လာမည့်ရက်များတွင် လူမိုက်ဂိုဏ်းများက ဒေသအသီးသီးကို စတင် တိုက်ခိုက်ကြတော့မည်။
ဘလက် ဗာချာ ဂိုဏ်းက အထင်ရှားဆုံး ဖြစ်လာလိမ့်မည် ဖြစ်သော်လည်း အိုင်ဗီကတော့ သူတို့နှင့် မဟာမိတ်ဖွဲ့ရန် အစီအစဉ် မရှိပေ။
သူတို့သည် အကျင့်ပျက်ခြစားပြီး စည်းကမ်းမဲ့သူများ ဖြစ်ကြသည်။ သူတို့က သူငယ်ချင်းအချင်းချင်း အလေးထားတတ်ကြသော်လည်း အမျိုးသမီးများကို စော်ကားနေကြသည်ကိုတော့ အိုင်ဗီ ဘယ်လိုမှ လက်မခံနိုင်ပေ။
တစ်ချိန်က သူမကိုယ်တိုင်လည်း သားကောင် ဖြစ်ခဲ့ဖူးသဖြင့် အမျိုးသမီးတစ်ယောက် သူမရှေ့တွင် ဒုက္ခရောက်နေသည်ကို နောက်ထပ် ဘယ်သောအခါမှ မမြင်လိုတော့ပေ။ ဒါကြောင့်...
"ဘလက် ဗာချာဂိုဏ်းရဲ့ နှိပ်စက်မှုကို ခံခဲ့ရတဲ့ အစွမ်းထက်တဲ့ ထိပ်သီးလူတွေကို ငါ အရင်ဆုံး လိုက်ကယ်မယ်"