တေးလီယာ
Vol. 7 Ch. 63
အိုင်ဗီသည် သူမ၏ အစီအစဉ်များကို စတင်ရေးဆွဲတော့သည်။ ကိုယ်ပိုင်စခန်းတစ်ခု တည်ထောင်ရန်အတွက် လျှပ်စစ်မီး၊ ရေရရှိမှု၊ မြေနေရာ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ အစွမ်းထက်သော လုံခြုံရေးအဖွဲ့၊ သစ္စာရှိသော အဖွဲ့ဝင်များနှင့် ကြိုးဆွဲရာကမည့် ရုပ်သေးရုပ်တစ်ခုတို့ လိုအပ်သည်။
အခြားအခက်အခဲများစွာ ရှိနေသေးသော်လည်း လောလောဆယ်တွင် ထိုအချက်များကိုသာ အဓိကထားရန် အိုင်ဗီ ဆုံးဖြတ်လိုက်သည်။
သူမ၏ အရင်ဘဝတုန်းက လူဦးရေ လေးသိန်းခန့်ရှိသော စခန်းတစ်ခုကို ဇမ်ဘီများ၊ ခိုက်ခိုက်တုန်အောင် အေးစက်သော ရာသီဥတုနှင့် သန္ဓေပြောင်းသားရဲလှိုင်းများရန်မှ ကာကွယ်ပေးနိုင်ခဲ့သည်။
သို့သော်လည်း ထိုလူများထဲမှ တစ်ယောက်မှ သူမအကြောင်းကို မသိခဲ့ကြပေ။ သူတို့သည် အိုင်ဗီကို နှိပ်စက်စော်ကားပြီး အခြားသူများအား အမြတ်ထုတ်ခွင့်ပေးခဲ့သည့် တလွန်စခန်းခေါင်းဆောင်ကိုသာ ချီးမွမ်းခဲ့ကြသည်။
ဒီဘဝမှာတော့ သူမ၏ စွမ်းအားကို အသုံးပြုပြီး သူမကို နာကျင်အောင်လုပ်ခဲ့သူတိုင်းကို တစ်ယောက်မကျန် ပြန်လည် ပေးဆပ်စေမည်။
အိုင်ဗီသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး စာရင်း၏ ထိပ်ဆုံးတွင်ရှိသော အမည်ကို ကြည့်လိုက်သည်။ ဆိုင်းလပ်စ်၏ မိသားစု။
ဘလက် ဗာချာဂိုဏ်းကြောင့် အထိနာဆုံးဖြစ်မည့်သူမှာ ဆိုင်းလပ်စ်၏ မိသားစုဝင်တစ်ယောက် ဖြစ်သည်။
တေးလီယာ ဘလက်သော်န်။ ဆိုင်းလပ်စ်၏ ညီမဖြစ်သလို အိုင်ဗီကို အမုန်းဆုံးသူလည်း ဖြစ်သည်။
အိုင်ဗီ့ကိုတွေ့တိုင်း မျက်နှာဆူပုပ်နေတတ်သည်ကလွဲလျှင် သူမတွင် အပြစ်ပြောစရာ မရှိသလောက်ပင်။ သူမမှာ လှပ ထက်မြက်ပြီး စွမ်းအားလည်း ကြီးမားသည်။
လွန်ခဲ့သော ၅ နှစ်ခန့်ကမှ ဒုတိယအစွမ်းကို ရရှိခဲ့ကြသူများနှင့်မတူဘဲ တေးလီယာသည် ပထမဆုံး စွမ်းအင်မိုးရွာသွန်းမှု အပြီးမှာတင် အစွမ်းနှစ်မျိုးကို ရရှိခဲ့သူဖြစ်သည်။
မှတ်ဉာဏ်ကို ထိန်းချုပ်ခြင်း နှင့် လှည့်စားခြင်း။ ၎င်းတို့မှာ အိုင်ဗီ ကြားဖူးသမျှထဲတွင် အားအကောင်းဆုံးသော စွမ်းအားအတွဲအစပ်များ ဖြစ်သည်။
သူမသာ သူမ၏ စွမ်းအားကို အသုံးပြုမည်ဆိုလျှင် ဤကမ္ဘာပျက်ကပ်ကြီးတွင် ဘုရင်မတစ်ပါးကဲ့သို့ အုပ်ချုပ်နိုင်စွမ်း ရှိသည်။ သူမ၏ ရှေ့တွင်ရှိသော မည်သူ့ကိုမဆို နောင်တမရဘဲ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားအောင်ပင် လုပ်ဆောင်နိုင်သည်။
ထိုမျှ ထက်မြက်သော အမျိုးသမီးသည် စိတ်ပိုင်းဆိုင်ရာ ရောဂါ ခံစားနေရခြင်းကြောင့် နောက်ဆုံးတွင် ပျက်စီးသွားခဲ့ရသည်။
တေးလီယာသာ အိုင်ဗီ့ဘေးတွင် ရှိနေမည်ဆိုလျှင် ကျရောက်လာမည့် အန္တရာယ်မှန်သမျှကို သူမ ကာကွယ်နိုင်မည်ဖြစ်သည်။
ဝန်ခံရမည်မှာ ရှက်စရာကောင်းသော်လည်း အိုင်ဗီသည် သူမ၏ ကန့်သက်ချက်ကို သူမသာ သိသည်။ သူမ၏ စွမ်းအားများသည် သူတောင်းစားလက်ထဲက ရတနာများကဲ့သို့ ဖြစ်နေသည်။ သူမကိုယ်သူမ ကာကွယ်နိုင်မည့် တိုက်ခိုက်ရေးစွမ်းအား မရှိပေ။
ယခုမှာ ကမ္ဘာပျက်ကပ်၏ အစောပိုင်းကာလသာ ရှိသေးသဖြင့် ထိုမိစ္ဆာများကို သူမ တိုက်ခိုက်နိုင်သော်လည်း... နောင်တွင် သူတို့၏ စွမ်းအားများ အဆင့်မြင့်လာသောအခါ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက ဘာမှ အသုံးမဝင်တော့ပေ။
"တေးလီယာက အခု စစ်တပ်နယ်မြေထဲမှာ ရှိနေမှာပဲ... တွေ့ဖို့ ချိန်းကြည့်ရမယ်" အိုင်ဗီက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
တေးလီယာသည် ဖုန်းကို သိပ်သုံးမရှိသဖြင့် ဖုန်းဖြင့် ဆက်သွယ်ရန် ကြိုးစားခြင်းမှာ အပိုအလုပ်သာ ဖြစ်လိမ့်မည်။ အိုင်ဗီက တွေ့ချင်သည်ဟုသာ သိလိုက်လျှင် သူမ သေချာပေါက် ငြင်းပယ်လိမ့်မည်ကို အိုင်ဗီ ၁၀၀ ရာခိုင်နှုန်း ယုံကြည်နေသည်။
အိုင်ဗီသည် အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီးနောက် ဆိုင်းလပ်စ်၏ ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။ မကြာမီမှာပင် ဖုန်းဝင်သွားပြီး ဆိုင်းလပ်စ်၏ အေးစက်သော အသံကို ကြားလိုက်ရသည်။
"ဟယ်လို"
"ဟို... ကျွန်မကို တေးလီယာ တွေ့လို့ရအောင် စီစဉ်ပေးလို့ ရမလား" အိုင်ဗီက တုံ့ဆိုင်းနေသော အသံဖြင့် မေးလိုက်သည်။ ဆိုင်းလပ်စ်၏ အေးစက်သောအသံကြောင့် သူမ အနည်းငယ် စိတ်ရှုပ်သွားရသည်။
သူမ ဖုန်းဆက်လိုက်လို့ သူ စိတ်ဆိုးသွားတာလား။ ဒါမှမဟုတ် သူမ၏ အရင်က အပြုအမူတွေကြောင့် သူ စိတ်ပျက်သွားတာလား။ ရုတ်တရက် အိုင်ဗီ စိတ်မကောင်း ဖြစ်သွားသည်။ အကြောင်းရင်းကို သေချာမသိသော်လည်း တစ်မျိုးကြီး ခံစားလိုက်ရခြင်းဖြစ်သည်။ "အိုင်ဗီလား။ ရတာပေါ့၊ ကိုယ် စီစဉ်ပေးမယ်။ ကိုယ် ကိုယ်တိုင် လာခေါ်မယ်"
ဆိုင်းလပ်စ်၏ အသံက ချက်ချင်းပင် နူးညံ့သွားသဖြင့် အိုင်ဗီ ကြောင်သွားရသည်။
ဟင် လာခေါ်မယ်ဟုတ်လား။ သူမက တွေ့ဖို့ ချိန်းပေးရုံပဲ ပြောတာလေ။
"ဒီနေ့ပဲ တွေ့လို့ရမလား"
အိုင်ဗီသည် သူမ၏ ပန်းရောင် ဆံနွယ်လေးကို လက်ဖြင့် အမှတ်မထင် လိမ်ရင်း မေးလိုက်သည်။ စောစောက ခံစားခဲ့ရသော စိတ်မသက်မသာ ဖြစ်မှုများမှာ လေထဲသို့ ပျောက်ကွယ်သွားသလို။
"ဒီနေ့တော့ မဖြစ်နိုင်လောက်ဘူး" ဆိုင်းလပ်စ်က ပြန်ဖြေသည်။ တစ်ဖက်မှ ကြားနေရသော အသံများအရ သူသည် ပုံမှန်ခြေလှမ်းများဖြင့် လမ်းလျှောက်နေပုံရသည်။
"ဒါဆိုရင်... တေးလီယာနဲ့ တွေ့လို့ရမယ့်နေ့ကျမှပဲ လာခေါ်တော့လေ" ထိုစကားကို ပြောနေစဉ်မှာပင် အိုင်ဗီသည် သူမ၏ ရင်ထဲက မကျေနပ်မှုကို ထိန်းချုပ်ရန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
သူမ ဆိုင်းလပ်စ်ကို လွမ်းသည်။ သို့သော်လည်း သူမ၏ စိတ်ထဲက အသံကတော့ သတိပေးနေဆဲဖြစ်သည်။
နင် ဒါကို သူ့အတွက် လုပ်နေတာ။ သူက နင်နဲ့ ဝေးဝေးမှာ နေမှပဲ ကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာ။ သူ့ကို အဝေးကပဲ ချစ်ပေးလို့ ရတာပဲ။
သူမ၏ ရင်ထဲတွင် နာကျင်လာရသည်။ တစ်ခဏမျှတော့ သူမ ပြန်လည်မွေးဖွားလာရခြင်းကိုပင် မုန်းတီးမိသွားသည်။ ကိုယ်ချစ်ရသူနှင့် အတူမရှိနိုင်မှတော့ ပြန်လည်မွေးဖွားလာရတာက ဘာထူး တော့မှာလဲ။
"အဲဒီလိုတော့ မလုပ်နိုင်ဘူး" ဆိုင်းလပ်စ်၏ အေးမြသောအသံက အိုင်ဗီ၏ အတွေးများကို ဖြတ်တောက်လိုက်သည်။ "တေးလီယာက ဒီနေ့ အားသွားရင် ဘယ်လိုလုပ်မလဲ။ ငါနဲ့အတူ ရက်နည်းနည်းလောက် နေလိုက်ပါ။ သူ အားတဲ့အချိန်ကျရင် ငါ ပေးတွေ့မယ်"
"ဒါပေမဲ့..." အိုင်ဗီက 'ဒါပေမဲ့' ဟု ပြောရန် ပြင်လိုက်စဉ်မှာပင် ဆိုင်းလပ်စ်က ကြားဖြတ်ပြောလိုက်သည်။
"အိုင်ဗီ... ငါ့ရင်တွေ နာနေတယ်။ အသက်ရှူတာတောင် ခက်ခဲလာသလိုပဲ။ မင်းနဲ့တွေ့ဖို့ တောင်းဆိုတာက ငါ့အတွက် အရမ်းများသွားလို့လား"
ဆိုင်းလပ်စ်၏ စကားလုံးများထဲတွင် ဝမ်းနည်းမှုများ စိမ့်ဝင်နေသဖြင့် အိုင်ဗီ၏ နှလုံးသားတံတိုင်းကြီးမှာ အက်ကွဲသွားသလို ခံစားလိုက်ရသည်။
ကဲပါ အိုင်ဗီရယ်၊ သူ ဒီလောက်တောင် စိတ်ဓာတ်ကျနေတာကို။ တွေ့လိုက်ရုံနဲ့ ဘာမှ မဖြစ်သွားပါဘူး။ နောက်ပြီး သူက နင့်အတွက် အများကြီး စတေးခဲ့တာပဲ၊ သူ ဝမ်းနည်းနေတာကို နင် ကြည့်ရက်လို့လား။
"ကောင်းပြီလေ" အိုင်ဗီက သဘောတူလိုက်သဖြင့် ဆိုင်းလပ်စ်၏ မျက်နှာတွင် အပြုံးများ ပွင့်လန်းသွားမည်ဟု သူမ ခန့်မှန်းမိသည်။ သို့သော်လည်း တစ်စုံတစ်ယောက်ကတော့ တစ်ဖက်မှာ ပါးစပ်နားရွက်ချိတ်မတတ် ပြုံးနေသည်ကိုတော့ သူမ မသိလိုက်ပေ။
ဒီနည်းလမ်းက သူမအပေါ် တကယ် အလုပ်ဖြစ်သားပဲဟ ဆိုင်းလပ်စ် တွေးလိုက်သည်။ ရုတ်တရက် စားပွဲပေါ်ရှိ အရာတစ်ခုကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများ တောက်ပသွားကာ
သူက ဆက်ပြောလိုက်သည်။
"ဒါဆို ပြင်ထားလိုက်တော့။ နောက် ၁၀ မိနစ်အတွင်း ကိုယ် စကိုင်းလိုင်း အိမ်ရာကို ရောက်လာမယ်"
ဆိုင်းလပ်စ်၏ စကားကြောင့် အိုင်ဗီ အံ့အားသင့်သွားပြီး
"ရှင် တပ်ထဲမှာ မဟုတ်ဘူးလား"
"ဟုတ်တယ်လေ" ဆိုင်းလပ်စ်က ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေသည်။
"စစ်တပ်နယ်မြေကနေ စကိုင်းလိုင်း အိမ်ရာကို မိနစ် ၃၀ လောက် မောင်းရတာလေ... အလောတကြီး မလာပါနဲ့" အိုင်ဗီက ခပ်တိုးတိုး ပြောလိုက်သည်။
"မဟုတ်ပါဘူး... ငါ တပ်ထဲက ထွက်လာပြီ" ဆိုင်းလပ်စ်က လိမ်ပြောလိုက်ခြင်း ဖြစ်သည်။ အမှန်တကယ်တော့ သူသည် သူ့ရုံးခန်းထဲမှာတင် ရှိနေသေးသည်။
"ကောင်းပြီလေ" အိုင်ဗီက ဆက်ပြီး ငြင်းမနေတော့ပေ။ ထိုမျှလောက်သော ကိစ္စလေးကို ဆိုင်းလပ်စ်က လိမ်လိမ့်မည်ဟု သူမ မထင်မိပါ။ ထို့နောက် သူမသည် အလျင်အမြန် ရေချိုး၊ မိတ်ကပ်ပါးပါးလေး လိမ်းလိုက်ပြီး အိုင်စလာ မဝတ်ရသေးသော အဝတ်အစားသစ်များထဲမှ တစ်စုံကို ရွေးဝတ်လိုက်သည်။
"ကြည့်ကောင်းနေအောင်ပဲ ပြင်လိုက်တာပါ" အိုင်ဗီက ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေမိသည်။ ပြင်ဆင်ပြီးသည်နှင့် ဖုန်းမြည်လာသဖြင့် သူမ ချက်ချင်း ကိုင်လိုက်သည်။
"ကိုယ် အောက်ရောက်နေပြီ။ အေးအေးဆေးဆေးပဲ ပြင်ပြီးမှ ဆင်းလာခဲ့ပါ"
ဆိုင်းလပ်စ်၏ နူးညံ့သောအသံက စောစောက အေးစက်သောအသံနှင့် လုံးဝ ကွာခြားနေသည်။ ထိုအသံကြောင့် အိုင်ဗီ၏ နားရွက်လေးများပင် နွေးသွားရသည်။
"အင်း... လာခဲ့မယ်"
အိုင်ဗီက ပြန်ပြောလိုက်ပြီး မှန်ထဲတွင် ကိုယ့်ကိုယ်ကိုယ် နောက်ဆုံးတစ်ခေါက် ပြန်စစ်ဆေးကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။
အောက်ရောက်သောအခါ ဆိုင်းလပ်စ် မောင်းလာသည့် ရန်းဂလာကားကြီးကို မြင်လိုက်ရသဖြင့် လျှောက်သွားလိုက်သည်။
ရှေ့ခန်းတံခါးမှာ ပိတ်ထားသဖြင့် နောက်ခန်းသို့ သွားလိုက်ရာ ခေါင်းတွင် ပတ်တီးစည်းထားသော ဆိုင်းလပ်စ်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး စိုးရိမ်တကြီး မေးလိုက်မိသည်။
"ရှင် ဘာဖြစ်တာလဲ"