နောက်ဘဝကျရင်
Vol. 7 Ch. 67
အခုတော့ သူဟာ သူမအတွက်နဲ့ အသက်ကို စတေးနေပြီ။ သူမ အသက်ရှင်ရင် ရှင်လိမ့်မယ်၊ ဒါပေမဲ့ သူကတော့ သေရတော့မယ်။
အသည်းအသန် တောင်းပန်ပါတယ် ဆိုင်းလပ်စ်ရယ်၊ မလုပ်ပါနဲ့ရှင် တောင်းပန်ပါတယ်။ ဒါမျိုး မလုပ်ပါနဲ့ ကျွန်မတစ်သက်လုံး နောင်တတွေနဲ့ပဲ ရှင်သန်ရတော့မှာ အိုင်ဗီက ရင်ထဲကနေ တိတ်တဆိတ် အော်ဟစ်တောင်းပန်နေမိသည်။ သူမ၏ ခန္ဓာကိုယ်က လှုပ်မရအောင် ထုံကျင်နေသော်လည်း မျက်ရည်များကတော့ ပါးပြင်ပေါ်သို့ တားမရဆီးမရ စီးကျနေဆဲပင်။
ဆိုင်းလပ်စ်က အိုင်ဗီ၏ ခန္ဓာကိုယ်ထဲသို့ ကုသခြင်းစွမ်းအင်များကို ဆက်လက် ထည့်သွင်းပေးနေပြီး မကြာမီမှာပင် အိုင်ဗီ၏ ဒဏ်ရာမှ သွေးများ တိတ်သွားတော့သည်။
ထိုအချိန်တွင် ဆိုင်းလပ်စ်၏ မျက်နှာမှာ လူသေကဲ့သို့ ဖြူလျော့သွားပြီး သူ၏ မျက်လုံးများထဲတွင် မပြတ်နိုင်သေးသော သံယောဇဉ်ရိပ်တို့ လွှမ်းမိုးနေသည်။
"အိုင်ဗီ... နောက်ဘဝကျရင်တော့ ကိုယ့်ကို စိတ်ပါလက်ပါ ချစ်ပေးပါလို့ ဆုတောင်းပါတယ်။ မင်း ကိုယ့်ကို မချစ်ရင်တောင် ကိုယ့်အနားမှာပဲ နေပေးပါ၊ ဟုတ်ပြီလား ကိုယ် မင်းကို ချစ်တယ် အချစ်လေး၊ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။ မဟုတ်ရင် ငရဲ ရောက်ရင်တောင် ကိုယ့်ရင်တွေ နာနေရလိမ့်မယ်။ နောက်ဘဝကျရင် ပြန်ဆုံပြီး လှပတဲ့ အမှတ်တရတွေ အတူတူ ဖန်တီးကြရအောင်။ ဒီလိုမျိုး ခါးသီးတဲ့ ဇာတ်သိမ်းမျိုး မဖြစ်စေရဘူးလို့ ကိုယ် ကတိပေးပါတယ်။"
ထို့နောက်... အရာအားလုံး တိတ်ဆိတ်သွားတော့သည်။
အချိန်အတော်ကြာသည့်တိုင် အိုင်ဗီ မလှုပ်ရှားနိုင်ခဲ့ပေ။ နောက်ဆုံးတွင် သူမ လှုပ်ရှားနိုင်ချိန်၌ သူမ၏ လက်များက ဆိုင်းလပ်စ်၏ အေးစက်နေသော ခန္ဓာကိုယ်ကို ထိတွေ့လိုက်မိသည်။
သူမ ဘာကိုမှ မမြင်ရတော့ပေ။ ဦးနှောက်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ခံရမှုကြောင့် ဖြစ်ပေါ်လာသည့် ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်သော်လည်း သူမ ဂရုမစိုက်နိုင်တော့။
"ဆိုင်းလပ်စ် ဆိုင်းလပ်စ်" သူမ၏လက်များက ရင်းနှီးနေသော မျက်နှာအသွင်အပြင်များကို လိုက်လံစမ်းသပ်ကြည့်ရာ နှလုံးသားတစ်ခုလုံး နစ်မြုပ်သွားသလို ခံစားလိုက်ရသည်။ ဒါဟာ အမှန်တကယ်ပင် ဆိုင်းလပ်စ်ပါ။
ဒါပေမဲ့ ဘာလို့ သူ့ခန္ဓာကိုယ်က ဒီလောက်တောင် အေးစက်နေရတာလဲ။
"ဆိုင်းလပ်စ် ထပါဦး ကျွန်မ ပြောချင်တာက... ကျွန်မ ရှင့်ကို ချစ်တယ်လို့။ တကယ် ချစ်တာပါ... ကျေးဇူးပြုပြီး တစ်ခါလောက်ပဲ... ကျွန်မပြောတာကို ကြားပေးပါဦး၊ ဟုတ်ပြီလား ကျွန်မ တောင်းပန်ပါတယ်..." အိုင်ဗီ၏ မျက်ရည်များမှာ တားမရဆီးမရ စီးကျနေဆဲ။
"ကျွန်မတို့ လက်ထပ်ကြရအောင်လေ နော် ဟုတ်ပြီလား ကျွန်မ ရှင့်ဆီကနေ ဘယ်တော့မှ ထွက်မပြေးတော့ပါဘူး။"
သူမအား ပြန်လည်ထူးသံမှာတော့ အေးစက်လှသော တိတ်ဆိတ်မှုသာ ဖြစ်သည်။
"ဆိုင်းလပ်စ် ထစမ်း ဒါ အမိန့်ပဲ ငါ ခိုင်းနေတယ်လေ နင် ငါပြောတာကို တစ်ခါမှ မလွန်ဆန်ခဲ့ဘူးမလား ပြန်ထူးလေ ငါ နင့်ကို 'ချစ်တယ်' လို့ ပြန်မပြောလို့ နင် စိတ်ဆိုးနေတာမလား အခု ပြောပြီလေ။ ချစ်တယ်လို့ ရှင့်ကို ချစ်တယ်လို့"
အိုင်ဗီသည် ငိုကြွေးနေမိပြီး အသည်းကွဲလုမတတ် ရှိုက်သံများမှာ ဟောင်းနွမ်းနေသော ကုန်လှောင်ရုံအတွင်း ပဲ့တင်ထပ်နေတော့သည်။
သူမသည် ဆိုင်းလပ်စ်၏ အေးစက်သော ခန္ဓာကိုယ်ကို ဖက်ထားရင်း တိုးတိုးလေး ရေရွတ်နေမိသည်။
"ရှင် ဂျစ်တိုက်နေတာ ကျွန်မသိပါတယ်။ ကျွန်မကို ဒီကမ္ဘာကြီးမှာ တစ်ယောက်တည်း ထားခဲ့ဖို့ ရှင် ဘယ်လိုများ စိတ်ကူးရက်ရတာလဲ ဆိုင်းလပ်စ်... ကျွန်မဆက်ပြီး မရှင်သန်ချင်တော့ဘူး။ ကျွန်မကိုပါ ခေါ်သွားပါ နော် နော်လို့"
"အိုင်ဗီ အတ္တမကြီးစမ်းနဲ့" ဟင်နရီ၏ မိုးကြိုးပစ်သံကဲ့သို့ အော်သံကြောင့် အိုင်ဗီ ဆွံ့အသွားရသည်။ ထိုအချိန်ကျမှသာ သူမ တစ်ယောက်တည်း ရှိနေသည်မဟုတ်ကြောင်း သတိပြုမိတော့သည်။
သူမ၏ မျက်လုံးများမှာ ဝေဝါးနေသော်လည်း အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။
"ဟင်နရီ နင် ရောက်နေတာလား ဆိုင်းလပ်စ်ကို တစ်ချက် ကြည့်ပေးပါဦး။ သူ ငါ့ကို လုံးဝ ပြန်မထူးတော့ဘူး။ ငါ ဘာလုပ်ရမလဲ သူ ငါ့ကို စိတ်ဆိုးနေတယ် ထင်တယ်။ အော်... ဟုတ်ပြီ သူ ဒဏ်ရာရထားတာ ဖြစ်မယ်။ ဆရာဝန်ကို ခေါ်ပြီး သူ့ကို ကုခိုင်းပေးပါဦး။"
"ပါးစပ်ပိတ်ထား" ဟင်နရီက ဟိန်းဟောက်လိုက်သော်လည်း အိုင်ဗီမှာတော့ ပုံမှန်စိတ်အခြေအနေ မဟုတ်တော့။
"မနေ့က ငါလုပ်ခဲ့တဲ့ ကိစ္စတွေကြောင့် နင် စိတ်ဆိုးနေတာလား ငါ တောင်းပန်ပါ့မယ် ဟုတ်ပြီလား ကျေးဇူးပြုပြီး သူ့ကိုပဲ ကုပေးပါဦး။
" အိုင်ဗီက ဆိုင်းလပ်စ်ကို ဘေးတစ်ဖက်တွင် အသာအယာ ချထားပြီး ဒူးထောက်လိုက်သည်။
သူမသည် ဟင်နရီရှိရာဘက်သို့ ဦးချလိုက်ပြီး တတွတ်တွတ် ရေရွတ်နေတော့သည်။
"နင် စိတ်ဆိုးနေရင် ငါ့ကိုပဲ အပြစ်ပေးပါ။ ဒါပေမဲ့ နင့်ကပ္ပတိန်ကိုတော့ ကုပေးပါဦး၊ ကျေးဇူးပြုပြီး။ သူ့ကို ပြောစရာတွေ အများကြီး ကျန်သေးတယ်၊ ငါ သူနဲ့ လက်တောင် ထပ်ချင်သေးတာ။"
ရှိုက်သံခပ်တိုးတိုးတစ်ခု အိုင်ဗီ့နားထဲ ရောက်လာပြီးနောက် တစ်စုံတစ်ခု လဲကျသွားသံ၊ သို့မဟုတ် လူတစ်ယောက် ပြိုလဲသွားသံကို ကြားလိုက်ရသည်။
ဆက်လက်၍ ဟင်နရီ၏ တိမ်ဝင်နေသော အသံကို ကြားလိုက်ရသည်မှာ
"အိုင်ဗီ... ဆိုင်းလပ်စ်က... ဆိုင်းလပ်စ် သေသွားပြီ။ သူ့ကို လွှတ်လိုက်ပါတော့။"
"မဟုတ်ဘူး" အိုင်ဗီက ဒေါသတကြီး အော်လိုက်သည် "နင် လိမ်နေတာ ဟင်နရီ ငါ အရင်က အလွန်ယုတ်မာခဲ့တာ သိပါတယ်၊ ဒါပေမဲ့ နင့်ကပ္ပတိန်အကြောင်းကို အဲဒီလိုမျိုး မလိမ်ပါနဲ့"
တစ်စုံတစ်ယောက်က သူမကို ဖက်လိုက်ပြီးနောက် နောက်ထပ်တစ်ယောက်ကလည်း ထပ်မံဖက်လိုက်ပြန်သည်။
"အိုင်ဗီ၊ သူ တကယ် သေသွားပြီ။"
ဒါဟာ အမီလီယာရဲ့ အသံပါ။ အေးစက်စိုစွတ်သော မျက်ရည်များက အိုင်ဗီ၏ ပခုံးပေါ်သို့ ကျလာသည်။
"ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့။" ကိုးလ်၏ အသံမှာလည်း လေးလံကာ ရှိုက်သံများ ပါဝင်နေသည်။
"ဒါတွေအားလုံးက သူမရဲ့ အမှားပဲ" စကားလက်၏ စူးရှသောအသံက အိုင်ဗီ၏ ရင်ကို ထိုးနှက်လိုက်သည်
"သူမသာ မရှိရင် ငါ့ရဲ့ ဆိုင်းလပ်စ် အခုထိ အသက်ရှင်နေဦးမှာ"
အိုင်ဗီ ဘာစကားကိုမှ မကြားနိုင်တော့ပေ။ သူမ၏ ခေါင်းထဲတွင် 'ဆိုင်းလပ်စ် သေပြီ' ဆိုသော စကားလုံးများသာ ပြည့်နှက်နေသည်။
သူ သေသွားပြီလား သူမကြောင့်လား အိုင်ဗီ၏ နှလုံးသားမှာ အေးခဲသွားသလို ခံစားလိုက်ရသည်။ သူမသည် အခြားသူများ၏ စကားကို ဥပေက္ခာပြုကာ ဆိုင်းလပ်စ်၏ အေးစက်သော ခန္ဓာကိုယ်ကို ဆွဲဖက်ထားလိုက်သည်။
မည်သူ့စကားကိုမျှ နားမထောင်ဘဲ သူမ၏ နားကို ဆိုင်းလပ်စ်၏ ရင်ဘတ်ပေါ်သို့ ကပ်လိုက်သည်။ သူမ စောင့်နေမိသည်။ နှလုံးခုန်သံ တစ်ချက်လေးဖြစ်ဖြစ် ကြားရနိုးနှင့် စောင့်နေမိသော်လည်း... ဘာမှ မရှိတော့ပေ။
"မဟုတ်ဘူး မဟုတ်ဘူး... သူ မသေနိုင်ဘူး... မသေရဘူး။"
အိုင်ဗီက တိုးတိုးလေး ရေရွတ်နေမိသည်။
"ဒါပေမဲ့ သူ သေသွားပြီ နင်က သူ့ကို သတ်တဲ့လူပဲ"
စကားလက်က အမုန်းတရားများ ပြည့်နှက်နေသောအသံဖြင့် ပြန်အော်လိုက်သည်။
"နင် သိလား အိုင်ဗီ၊ နင်သာ ရှက်တတ်ရင် သူ့နောက်ကိုသာ လိုက်သေလိုက်စမ်းပါ"
ဖြန်း။ပါးရိုက်သံတစ်ခု။
"ဘာလုပ်တာလဲ အေဒင် နင် ဘာလို့ ငါ့ကို ပါးရိုက်ရတာလဲ" စကားလက်က အော်ဟစ်သော်လည်း အိုင်ဗီကတော့ စကားလက်၏ စကားများက အဓိပ္ပာယ်ရှိသည်ဟုသာ ခံစားနေရသည်။
ဆိုင်းလပ်စ်သာ သေသွားပြီဆိုလျှင် သူမလည်း သေသင့်သည် မဟုတ်ပါလား။ အနည်းဆုံးတော့ တမလွန်မှာ သူတို့ အတူရှိနိုင်ကြမည် မဟုတ်လား။
ထိုအတွေးနှင့်အတူ သူမသည် ဒေမီယန် သူမကို တိုက်ခိုက်ခဲ့သော တူကို လိုက်လံစမ်းသပ်ရှာဖွေရာ ကံကောင်းစွာဖြင့် တွေ့သွားတော့သည်။
တွေဝေခြင်းမရှိဘဲ သူမ၏ ခေါင်းကို ရိုက်ရန် အားယူလိုက်သော်လည်း ကိုးလ်၏ သန်မာသောလက်က သူမလက်ကို ဖမ်းဆွဲလိုက်သည်။
"အိုင်ဗီ၊ နင် ဘာတွေ လျှောက်လုပ်နေတာလဲ"
ကိုးလ်က တူကို အတင်းလုယူလိုက်ရာ ယခင်က ရိုက်ချက်ကြောင့် အားနည်းနေသော အိုင်ဗီမှာ မတွန်းလှန်နိုင်တော့ပေ။ သူမသည် အော်ဟစ်ငိုယိုရင်း တူကိုသာ လှမ်းယူနေတော့သည်။
"မလုပ်ပါနဲ့... ငါ့ကို သေခွင့်ပေးပါ ကျေးဇူးပြုပြီးတော့ သူ မရှိတော့ရင် ငါလည်း လိုက်သေမယ်။ ငါ ဆက်မရှင်သန်ချင်တော့ဘူး။"
တိတ်ဆိတ်သွားသည်။ အကယ်၍ အိုင်ဗီသာ မြင်နိုင်လျှင် အားလုံးက သူမကို အံ့အားသင့်သော မျက်နှာပေးများဖြင့် ကြည့်နေကြသည်ကို တွေ့ရပေလိမ့်မည်။
ဒါပေမဲ့ သူမ မမြင်နိုင်သလို ဂရုလည်း မစိုက်နိုင်တော့။
"ကိုးလ်၊ ငါ့ကို တူပြန်ပေးပါ၊ ဒါမှမဟုတ် ငါ့ကို သတ်လိုက်ပါ။ ငါ ဆိုင်းလပ်စ်ဆီ သွားမလို့။ သူ ငါ့ကို စောင့်နေမှာ။"
ကိုးလ်က စိတ်ဓာတ်ကျစွာဖြင့် အော်လိုက်သည်။
"အိုင်ဗီ သတိထားစမ်းပါဦး။ ဆိုင်းလပ်စ်က နင့်ကို ကုသပေးရင်း သေသွားတာ သူက နင့်ကို အသက်ရှင်စေချင်တာ! သူ့အတွက်နဲ့ အသက်ရှင်ပေးစမ်းပါ၊ ဟုတ်ပြီလား ကျေးဇူးပြုပြီး... ငါတို့ ကပ္ပတိန်ကို ဆုံးရှုံးခဲ့ရပြီးပြီ... နင့်ကိုပါ ထပ်ပြီး မဆုံးရှုံးချင်တော့ဘူး။"
"ဒါပေမဲ့..."
အိုင်ဗီက စကားစလိုက်သော်လည်း ဟင်နရီက ကြားဖြတ်ပြောလိုက်သည်။
"နင် သူ့ကို တကယ်ချစ်ရင် သူ့အတွက်နဲ့ အသက်ရှင်ပေးပါ။ သူက သေခြင်းနဲ့ သူ့အချစ်ကို သက်သေပြခဲ့ပြီးပြီ၊ နင်ကတော့ ရှင်သန်ခြင်းနဲ့ နင့်အချစ်ကို သက်သေပြလိုက်စမ်းပါ။"
"ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့၊ နောက်ဘဝကျမှ သူ့ကို ကာကွယ်ပေးလိုက်ပါ တော့။"
အမီလီယာက သူမကို နှစ်သိမ့်သလိုမျိုး တိုးတိုးလေး ပြောလိုက်သည်။
......
ယခု ဘဝတွင်
သူတို့ဆီသို့ ဦးတည်မောင်းနှင်လာသော ကားကို ကြည့်ရင်း အိုင်ဗီက လက်လှမ်းပြလိုက်သည်။