နတ်ဘုရားမ
Vol. 7 Ch. 69
ဆိုင်းလပ်စ်က ထိုစကားကို အကြိမ်ကြိမ်အခါခါ ပြောဆိုနှစ်သိမ့်ပေးပြီးမှသာ အိုင်ဗီသည် ငူငိုင်နေရာမှ နိုးထလာခဲ့သည်။ သို့သော်လည်း သူမသည် သူ့ကို ခွာမသွားဘဲ သူ၏ ရင်ခွင်ထဲတွင်သာ ဆက်၍မျက်နှာအပ်ထားဆဲဖြစ်သည်။
"ရှင် ကတိပေးပြီးပြီနော်။ ကတိဖျက်လို့ မရဘူး။"
ဆိုင်းလပ်စ်၏ ရင်ထဲတွင် ဝမ်းသာပီတိများ ပြည့်နှက်သွားသည်။ အိုင်ဗီသည် သူ့အပေါ် မှီခိုတွယ်တာလာသည်ကို သူ ခံစားမိသည်။ အဲ့ဒါက သူမအတွက် သူကလွဲလို့ ကျန်တာ ဘာမှအရေးမကြီးတော့သလို။
ဒရိုင်ဘာထိုင်ခုံမှနေ၍ အရာအားလုံးကို ကြည့်နေသော ဟင်နရီမှာမူ ဆွံ့အလျက်ရှိသည်။ သူ့ရင်ထဲ ရုတ်တရက် ဆို့နင့်သွားပြီး သူ့ရည်းစားကို တွေ့ကာ နမ်းချင်စိတ်ပေါက်လာသည်။
ဒီလို လူမြင်ကွင်းမှာ ချစ်ပြ နေတာကို ကြည့်ပြီး သူကိုယ်သူ အထီးကျန်နေတဲ့ လူအိုကြီးတစ်ယောက်လို ခံစားလိုက်ရသည်။ သူသည် စိတ်တိုတိုဖြင့် အပြင်ဘက်သို့ မျက်နှာလွှဲလိုက်ပြီး ပတ်ဝန်းကျင်ကိုသာ အာရုံစိုက်လိုက်တော့သည်။
အခုက ငရဲပြည်ရောက်နေတာ မဟုတ်ကြောင်း သူ နားလည်သွားပြီဖြစ်သည်။ သူ၏ စူးစမ်းလိုစိတ်က ထိန်းမရဖြစ်လာသဖြင့် ကားထဲမှထွက်ကာ ပတ်ဝန်းကျင်ကို လေ့လာကြည့်နေမိသည်။
တစ်ဖက်တွင်မူ အိုင်ဗီသည် ဆိုင်းလပ်စ်၏ ကတိစကားကို ကြားပြီးနောက် တင်းကျပ်နေသော အာရုံကြောများ လျော့ကျသွားကာ သတိလစ်သလိုမျိုး အိပ်ပျော်သွားခဲ့သည်။
ဆိုင်းလပ်စ်က မလှုပ်မယှက်ဘဲ အိုင်ဗီ့ကို အေးအေးဆေးဆေး အိပ်စက်ခွင့်ပေးထားသည်။ သူမသာ အလိုရှိမည်ဆိုလျှင် သူမကို ဤသို့ဖက်ထားရင်းနှင့်ပင် သေရသော်လည်း သူ ကျေနပ်နေမည်ဖြစ်သည်။
ဖြစ်နိုင်သည်မှာ... အိုင်ဗီသည်လည်း သူ့ကို ပြန်လည်ချစ်မြတ်နိုးလာပုံရသည်။ ထိုအတွေးလေးကတင် သူ့ကို ရင်ခုန်စိတ်လှုပ်ရှားစေသဖြင့် ပတ်ဝန်းကျင်တွင် ဘာတွေဖြစ်နေသည်ကို သူ ဂရုမစိုက်နိုင်တော့ပေ။
ရုတ်တရက်...
ဂျောက်... ဂျောက်...
ဆိုင်းလပ်စ်၏ နဖူးပေါ်သို့ တစ်စုံတစ်ခု ကျလာသဖြင့် သူ၏ ခန္ဓာကိုယ်က အလိုလို အိုင်ဗီ့ကို ကာကွယ်လိုက်မိသည်။
ဂျောက်... ဂျောက်...
ဆိုင်းလပ်စ် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အံ့ဩစရာကောင်းလောက်အောင်ပင် ကားထဲသို့ ဆားထုပ်များ တစ်ထုပ်ပြီးတစ်ထုပ် ကျလာတော့သည်။
ထို့ထက်ပို၍ ရူးသွပ်စရာကောင်းသော မြင် ကွင်းမှာ ကားအပြင်ဘက် ကောင်းကင်ယံမှလည်း ဆားထုပ်များ မိုးရွာသလိုမျိုး ကျဆင်းလာနေခြင်းဖြသ်သည်။
"ဒါ ဘာတွေလဲ"
ဆိုင်းလပ်စ် မျက်မှောင်ကြုတ်လိုက်သည်။
"ကပ္ပတိန် ကပ္ပတိန်"
အပြင်ဘက်တွင် လျှောက်သွားနေသော ဟင်နရီက အစားအသောက်မိုးရွာနေသည်ကို သတိထားမိသွားသည်။ "ဘာတွေဖြစ်နေတာလဲ။ ကျွန်တော်တို့ အစားအသောက်တွေပဲရှိတဲ့ ကမ္ဘာထဲ ရောက်နေတာလား"
ဆိုင်းလပ်စ်သည်လည်း ဤထူးဆန်းသော ဖြစ်ရပ်ကြောင့် ဝေခွဲမရဖြစ်နေသော်လည်း အမိန့်ပေးလိုက်သည်။ "ဆားထုပ်တွေအားလုံးကို စုပြီး တစ်ဖက်မှာ ပုံထားလိုက်"
"ဟုတ်" ဟင်နရီသည် ဝမ်းသာအားရဖြင့် ဆားထုပ်များကို တစ်ဖက်သို့ စတင်ရွှေ့ပြောင်းတော့သည်။ အမျိုးအစားစုံလင်လှသော ဆားထုပ်များကို ကြည့်ပြီး သူသည် ထိုမမြင်ရသော စွမ်းအားကို အံ့ဩနေမိသည်။
အစပိုင်းတွင် ဟင်နရီသည် ဆားမိုးရွာခြင်းမှာ မကြာခင် ရပ်တန့်သွားလိမ့်မည်ဟု ထင်ကာ အေးအေးဆေးဆေးပင် ရွှေ့နေခဲ့သည်။
သို့သော် တစ်နာရီကြာသည့်တိုင်အောင် ဆားထုပ်များမှာ ဆက်တိုက် ကျနေဆဲဖြစ်ရာ သူ၏ အတွေးမှာ မှားသွားခဲ့ပြီ။ ယခုအခါ သူ၏ ကျောပြင်မှာ ညောင်းညာကိုက်ခဲနေပြီဖြစ်သဖြင့် ဆားထုပ်များ ဝိုင်းကူရွှေ့ပေးနေသော ဆိုင်းလပ်စ်ကို သနားစဖွယ်မျက်ဝန်းများဖြင့် ကြည့်လိုက်မိသည်။
"မင်း နားလိုက်တော့" ဆိုင်းလပ်စ်က ထိုအကြည့်ကို မခံနိုင်သဖြင့် ဆက်လက်ရွှေ့ပေးနေသည်။ သူ နားမလည်နိုင်သည်မှာ... ဒီဆားထုပ်တွေက ဘယ်ကနေ လာနေတာလဲ ဆိုတာပင်။
နောက်ထပ် တစ်နာရီ ထပ်ကုန်သွားပြန်သည်။ အခုတော့ ဆိုင်းလပ်စ် စိုးရိမ်လာပြီဖြစ်သည်။ အကယ်၍ ဆားမိုးသာ ဆက်ရွာနေဦးမည်ဆိုလျှင် သိုလှောင်ရန် နေရာလွတ် ရှိတော့မည်မဟုတ်ပေ။
ယခု ဆားထုပ်များနှင့် တည်ဆောက်ထားသော တောင်ငယ်လေး လေးလုံးမျှ ရှိနေပြီဖြစ်သည်။ ထိုစဉ် သတိလစ်နေသော အိုင်ဗီသည် လှုပ်ရှားလာပြီး မျက်လုံးပွင့်လာခဲ့သည်။
ဆားထုပ်များမှာ ရုတ်တရက် ဝေဝါးသွားသလို ဖြစ်သွားပြီးနောက် မှိတ်တုတ်မှိတ်တုတ် အလင်းရောင်နှင့်အတူ လုံးဝ ပျောက်ကွယ်သွားတော့သည်။
ဤမြင်ကွင်းတစ်ခုလုံးကို ဟင်နရီ မြင်လိုက်ရပြီး အိုင်ဗီ့ကို ထူးဆန်းသော မျက်လုံးများဖြင့် စိုက်ကြည့်နေတော့သည်။
ဆိုင်းလပ်စ်သည်လည်း ထိုထူးဆန်းသော မြင်ကွင်းကို သတိပြုမိလိုက်ပြီး သက်ပြင်းချနိုင်တော့သည်။ သူ ကားဘက်သို့ ကြည့်လိုက်ရာ အိုင်ဗီ နိုးနေသည်ကို တွေ့သဖြင့် ငြင်သာစွာ မေးလိုက်သည်၊
"အခု နေလို့ကောင်းရဲ့လား"
အိုင်ဗီသည် သူမ၏ ခေါင်းကို ကိုင်ကာ ပတ်ဝန်းကျင်ကို ဇဝေဇဝါ ကြည့်လိုက်သည်။ ဆားထုပ်တောင်ငယ်လေးများကို မြင်လိုက်ရချိန်တွင် သူမ ချက်ချင်းပင် မျက်လုံးများ ဝင်းခနဲ ဖြစ်သွားသည်။
မဖြစ်ဘဲ နေပါ့မလား။
ဤဆားထုပ်များ၏ အပြင်ခွံမှာ သူမ တစ်ခါက ကောက်ယူခဲ့ဖူးသော ဆားထုပ်များနှင့် အလွန်တူနေသည်။ ထူးခြားသည်မှာ သူမရှေ့တွင်ရှိနေသော ဆားထုပ်ပမာဏမှာ သူမ ကောက်ယူခဲ့ဖူးသည်ထက် ၁၀ ဆမက များပြားနေခြင်းဖြစ်သည်။
သူမ၏ အကြည့်ကို သတိပြုမိသဖြင့် ဆိုင်းလပ်စ်က အဖြစ်အပျက်အားလုံးကို ရှင်းပြလိုက်ပြီး
"တစ်ခုခုကို ကောက်ချက်မချခင် ဒီနေရာအကြောင်းကို အရင်သိထားဖို့ လိုမယ်ထင်တယ်"
အိုင်ဗီ တံတွေးမျိုချလိုက်မိသည်။ သူမ တစ်ခုခုကို ရိပ်မိလိုက်ပြီ။ ဖြစ်နိုင်သည်မှာ... သူမ၏ စွမ်းအားကို သူမ မထိန်းချုပ်နိုင်ဘဲ ဖြစ်သွားရာမှ ဆားမိုးရွာခြင်း ဖြစ်နိုင်သည်။
"တကယ် ထူးဆန်းတာပဲ" အိုင်ဗီသည် သူမလည်း ဘာမှမသိသလို ဟန်ဆောင်ကာ "ဒါက ကျွန်မရဲ့ ဟင်းလင်းပြင်ပဲ။ ဖြစ်နိုင်တာက တစ်ခုခု ချို့ယွင်းသွားတာ ထင်တယ်"
သူမ၏ ရှင်းပြချက်မှာ သိပ်ပြီး ယုတ္တိမရှိလှပ။ ဟင်နရီကလည်း "နင် အကြောင်းရင်းကို သိကိုသိရမယ်။ နင် နိုးလာတော့မှ အဲဒီအထုပ်တွေ ကျတာ ရပ်သွားတာကို ငါ တွေ့လိုက်တယ်"
လေထုက ရုတ်တရက် တင်းမာသွားသည်။
အိုင်ဗီ၏ နှလုံးခုန်နှုန်း မြန်လာသည်။ သူမ၏ စိတ်ရိုင်းများ ဝင်လာကာ ဟင်နရီကို ထိုနေရာမှာတင် သတ်ပစ်ချင်စိတ် ပေါက်လာသည်။
သူမ၏ စွမ်းအားမှာ အလွန်ပင် တန်ဖိုးရှိလှသည်။ အရင်ဘဝတုန်းက သူမသည် ဇမ်ဘီများရန်မှ ကာကွယ်ပေးနိုင်မှန်း အခြားသူများ သိသွားသောအခါ သူမကို ၄ နှစ်နီးပါးခန့် ဖမ်းဆီးချုပ်နှောင်ထားခဲ့ကြသည်။
နှိပ်စက်ခဲ့ကြသလို အသုံးချခဲ့ကြသည်။ သူမ ထွက်ပြေးပြီးတာတောင် လိုက်လံ ဖမ်းခဲ့ကြသေးသည်။
သူမ၏ ဘေးကင်ဇုန် စွမ်းအားနှင့် ယှဉ်လျှင် ရိက္ခာကောက်ယူခြင်း စွမ်းအားမှာ ပို၍ပင် တန်ဖိုးကြီးမားလှသည်။
အကယ်၍ ပြင်ပလူတစ်ယောက်သာ သိသွားမည်ဆိုလျှင်... ဒီဘဝမှာလည်း သူမသည် ဆိုးဆိုးရွားရွား သေရပေဦးမည်။
ဒါ့ကြောင့်... သူမ၏ စွမ်းအားအကြောင်းကို သိသူ နည်းလေလေ၊ ပိုကောင်းလေလေ ဖြစ်သည်။
အိုင်ဗီ ဘာမှပြန်မပြောနိုင်ခင်မှာပင် ဆိုင်းလပ်စ်က တည်ငြိမ်စွာ ပြောလိုက်သည် "ဘာပဲဖြစ်ဖြစ်၊ အချိန်နှောင်းနေပြီ၊ ငါတို့ အခု ပြန်ကြရအောင်။"
ဆိုင်းလပ်စ်က ထိုကိစ္စကို လျစ်လျူရှုလိုက်သည်ကို မြင်သောအခါ ဟင်နရီသည်လည်း နှုတ်ခမ်းစူလိုက်ပြီး ဆက်လက် မေးမြန်းခြင်းမပြုတော့ရန် ဆုံးဖြတ်လိုက်သည်။
သူ၏ ထိုဆုံးဖြတ်ချက်မှာ သူ့အသက်ကို ကယ်တင်လိုက်ခြင်းဖြစ်မှန်း သူ မသိလိုက်ပေ။
အိုင်ဗီ၏ ရင်ထဲက လေးလံမှုများ လျော့ကျသွားပြီး ဆိုင်းလပ်စ်အပေါ် ကျေးဇူးတင်စိတ်များ တိုးလာရပြန်သည်။
အခြားသူများနှင့်မတူဘဲ သူမသည် သူမ စွမ်းအားရဲ့လျှို့ဝှက်ချက်ကို သူ့အား ပြောပြရန် အဆင်သင့်ဖြစ် နေသော်လည်း သူကတော့ သူမ၏ ဆန္ဒမပါဘဲ တစ်ခါမှ မမေးမြန်းခဲ့ပေ။
အိုင်ဗီက လက်လှမ်းပြလိုက်ရာ နောက်တစ်စက္ကန့်တွင် သူတို့အားလုံး ပျောက်ကွယ်သွားခဲ့သော နေရာသို့ ပြန်လည်ရောက်ရှိသွားကြသည်။
ယာဉ်ကြောပိတ်ဆို့မှုများမှာ ပျောက်ကွယ်သွားပြီဖြစ်ရာ ဟင်နရီ ဆွံ့အသွားရသည်။ သူသည် အိုင်ဗီ့ကို စိုက်ကြည့်လိုက်သည်။ အိုင်ဗီက သူ မေးခွန်းတွေ မေးတော့မည်ဟု ထင်နေစဉ်မှာပင် သူက ဦးညွှတ်လိုက်ကာ
"အိုင်ဗီ၊ ငါ့စကားတွေကြောင့် နင် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရင် တောင်းပန်ပါတယ်။ ပြီးတော့ ငါ့အသက်ကို ကယ်တင်ပေးတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်ကွာ"
ဟင်နရီ၏ ရင်ထဲတွင် သူသည် အိုင်ဗီ့အပေါ် တစ်ခါမှ မကောင်းခဲ့ဖူးမှန်း သူ သိသည်။ သူသည် လူဆိုးကြီးတစ်ယောက်လို ပြုမူခဲ့ပြီး သူမကို အမြဲတမ်း ရွဲ့စောင်းပြောဆိုခဲ့သည်။
သို့သော် ဘေးအန္တရာယ် ကြုံရချိန်မှာတော့ သူမသည် သူ့ကို ထားမသွားဘဲ ကယ်တင်ပေးခဲ့သည်။ သူ့အမြင်အရ အိုင်ဗီနှင့် သူ၏ ဆက်ဆံရေးမှာ မကောင်းလှပေ။
သူမသာ သူ့ကို ပစ်ထားခဲ့ရင်တောင် သူ အပြစ်ပြောလိမ့်မည် မဟုတ်ပေ။
ဒါပေမဲ့ ကြင်နာတတ်တဲ့ အိုင်ဗီက သူ့ကို ကယ်တင်ခဲ့သည်။ မပြောနဲ့လေ။ သူမကို ဆားနတ်ဘုရားမ ဖြစ်နေခဲ့တာကိုး။