မျှော်စင်ထဲမှာ လူတစ်ယောက်ကျန်သေးတယ်
Vol. 27 Ch. 261
အင်မော်တယ်အရှင်မြတ်ယွမ်ရှန့် ချက်ချင်းပျံသန်းလာပြီး...
"ဂိုဏ်းချုပ်ကြီး... ကျေးဇူးပြုပြီး သေချာစဉ်းစားပေးပါ။ ဟန်ဟန်ကို ကျွန်တော်ကိုယ်တိုင် ပျိုးထောင်ခဲ့တာပါ။ အဲဒီကလေးအကြောင်း ကျွန်တော်အသိဆုံးပါ၊ သူဒီလိုမျိုး ဘယ်တော့မှလုပ်မှာမဟုတ်ဘူး"
"တကယ်လို့ သူသာတကယ်လုပ်ခဲ့တာဆိုရင်တော့ ကျွန်တော်သူ့ကို လွယ်လွယ်နဲ့လွှတ်ထားမှာ မဟုတ်ပါဘူး"
အပေါ်ဝတ်ရုံကို ပြန်လည်ဝတ်ဆင်ထားသောကုချင်းယွဲ့မှာ နောက်ဆုံးတွင်သတိပြန်ဝင်လာပြီး...
"သူမဟုတ်ပါဘူး..."
"ဒါဆိုဘယ်သူလဲ။ တခြားတပည့်တွေက ဝိုင်းတိုက်တာလား"
ယွမ်ကျိအင်မော်တယ်အရှင်မြတ်မှာ အံကြိတ်ကာမေးလိုက်သည်။ အခြားဂိုဏ်းခေါင်းဆောင်များ၏မျက်နှာမှာလည်း အလွန်အမင်းတည်ကြည်လေးနက်နေကြ၏။
အကယ်၍ ထိုသို့သာတကယ်ဖြစ်ခဲ့လျှင် ကိစ္စမှာ ပို၍ကြီးလေးသွားပေလိမ့်မည်။ သူမှာ ဂိုဏ်း၏ထိပ်သီးတပည့်များထဲတွင် ဂိုဏ်း၏အုတ်မြစ်ကိုအန္တရာယ်ပြုနိုင်သည့် သိုးနက်များစွာရှိနေသည်ဟုဆိုလိုသည်။
"မဟုတ်ဘူး... သူတို့လည်း မဟုတ်ဘူး"
မိမိဂိုဏ်းမှ အကြီးအကဲများ၏ အကာအကွယ်အောက်သို့ ပြန်ရောက်သွားချိန်တွင် ကုချင်းယွဲ့၏ရန်ငြိုးမှာ ပြန်လည်တောက်လောင်လာသည်။
သူမက ခက်ထန်စွာပြောလိုက်၏။
"အဲဒီလူက ဒီဂိုဏ်းကတပည့်မဟုတ်ဘူး။ သူက တခြားဂိုဏ်းကလွှတ်လိုက်တဲ့ သူခိုးဖြစ်ရမယ်"
"ဘာ..."
"တခြားဂိုဏ်းကလား"
"ဒီဂိုဏ်းက တပည့်တစ်ယောက်ရဲ့ အရှိန်အဝါမပါဘဲ နတ်ဆိုးသုတ်သင်ရေးမျှော်စင်ထဲဝင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ"
"သူ ဘယ်လိုခိုးဝင်သွားတာလဲ"
လူတိုင်းမှာ ဝေခွဲမရဖြစ်နေကြသည်။
ဤစစ်ဆေးမှုမတိုင်မီက နတ်ဆိုးသုတ်သင်ရေးမျှော်စင်ကို လုံးဝဖွင့်လှစ်ထားခြင်းမရှိသဖြင့် ပြင်ပလူများ ကြိုတင်ခိုးဝင်ရန်မဖြစ်နိုင်ပေ။ အကယ်၍ဝင်နိုင်ခဲ့လျှင်ပင် မျှော်စင်ကို ကြိုတင်လှုပ်နှိုးလိုက်ခြင်းက အာရုံစိုက်ခံရမည်ဖြစ်သည်။ မျှော်စင်ဖွင့်လှစ်နေစဉ်အတောအတွင်းမှာလည်း ဂိုဏ်းချုပ်နှင့် အကြီးအကဲများမှာ မျှော်စင်အပြင်ဘက်၌ အမြဲရှိနေခဲ့သဖြင့် ခိုးဝင်ရန်အခွင့်အရေးမရှိချေ။
သို့သော် ထိုအချက်မှာ အရေးမကြီးတော့ပေ။ အရေးကြီးသည်မှာ မကောင်းသောရည်ရွယ်ချက်ရှိသည့် ရန်သူတစ်ဦး မျှော်စင်အတွင်းရှိနေ၏။
"နတ်ဆိုးသုတ်သင်ရေးမျှော်စင်ကို ဖွင့်လိုက်ပြီဆိုရင် စစ်ဆေးမှုစတင်တဲ့နေ့ကလွဲလို့ ကျန်တဲ့အချိန်တွေမှာ ကြားဖြတ်ဝင်လို့မရဘူး"
ဒုတိယအကြီးအကဲ အင်မော်တယ်အရှင်မြတ်ယွမ်တု၏မျက်နှာမှာ တင်းမာသွားပြီး အလျင်အမြန်မေးလိုက်သည်။
"အဲဒီလူရဲ့အစွမ်းက ဘယ်လောက်ရှိလဲ"
ကုချင်းယွဲ့ ခဏမျှစဉ်းစားလိုက်ပြီး ဆိုသည်။
"အနည်းဆုံးတော့ အဆင့် ၇ ရွှေအင်မော်တယ်လောက် ရှိမယ်ထင်တယ်"
ထိုစဉ်က အခြေအနေအရ ကျန်းချန်မှာ သူမကို အလွယ်တကူဖိနှိပ်နိုင်ခဲ့သဖြင့် အဆင့် ၅ ထက်တော့ မြင့်ရမည်။ သူမက သူ့ကို အဆင့် ၇ ရွှေအင်မော်တယ်ဟု ခန့်မှန်းလိုက်ခြင်းမှာ အတော်လေးမြင့်မားသော ခန့်မှန်းချက်ဖြစ်သည်။
"ဘာ... အဆင့် ၇ ရွှေအင်မော်တယ်လား"
"အထဲမှာရှိတဲ့ အသန်မာဆုံးတပည့် လင်ဟန်ဟန်ရဲ့ အဆင့် ၃ ရွှေအင်မော်တယ်အဆင့်ပဲရှိတာ"
"ငါတို့ ဘာလုပ်ကြမလဲ"
"အဲဒီလူကသာ ငါတို့ဂိုဏ်းကတပည့်ရင်းတွေကို အထဲမှာသတ်ဖြတ်နေရင် ဒါကကပ်ဘေးတစ်ခုပဲမဟုတ်လား"
ဤနတ်ဆိုးသုတ်သင်ရေးမျှော်စင်မှာ ဂိုဏ်းအတွင်း မျိုးဆက်များစွာ လက်ဆင့်ကမ်းလာခဲ့သော အမွေအနှစ် အင်မော်တယ်ရတနာတစ်ခုဖြစ်သည်။ သူတို့မှာ အင်မော်တယ်အရှင်မြတ်များဖြစ်ကြသော်လည်း အတွင်းဘက်ရှိစစ်ဆေးမှုကို ဝင်ရောက်စွက်ဖက်၍မရ။ ဂိုဏ်းထဲတွင် အဆင့် ၈ နှင့် အဆင့် ၉ ရွှေအင်မော်တယ်များစွာရှိသော်လည်း သူတို့မှာ အကြီးအကဲများဖြစ်ကြသဖြင့် ယခုတစ်ကြိမ်စစ်ဆေးမှုတွင် မဝင်ရောက်ကြပေ။ စစ်ဆေးမှုစတင်နေပြီဖြစ်ရာ သူတို့ဝင်ချင်လျှင်ပင် ဝင်၍မရတော့ချေ။
"စစ်ဆေးမှုကိုရပ်လိုက်ပြီး နတ်ဆိုးသုတ်သင်ရေးမျှော်စင်ကို ပိတ်လိုက်စမ်း"
ယွမ်ကျိအင်မော်တယ်အရှင်မြတ်က ပြတ်သားစွာဆုံးဖြတ်လိုက်သည်။
အခြားအကြီးအကဲများကလည်း သဘောတူခေါင်းညိတ်ကြ၏။ ယခုအခါ စစ်ဆေးမှုမှာ အရေးမကြီးတော့ဘဲ ပြင်ပရန်သူကိုရှာဖွေရန်သာ အရေးကြီးတော့သည်။
အမိန့်ပေးလိုက်သည်နှင့် မြင့်မားသောကျောက်မျှော်စင်ကြီးမှာ မှေးမှိန်သွားပြီး မျှော်စင်အတွင်း တိုက်ပွဲဝင်နေဆဲဖြစ်သော တပည့်အများအပြားမှာ အပြင်သို့ အလိုအလျောက်ပို့ဆောင်ခံလိုက်ရသည်။ လူအများအပြားမှာ ဝေခွဲမရဖြစ်နေကြ၏။
"ငါ အသတ်မခံရသေးဘူးလေ၊ ဘာလို့ အပြင်ရောက်လာတာလဲ"
"ဟုတ်ပါရဲ့၊ ငါတိုက်ခိုက်နေတုန်းပဲရှိသေးတာ၊ ဘာဖြစ်တာလဲ"
"သွားပါပြီ... ငါ အဆင့် ၈ ရောက်တော့မှာကို"
ကုချင်းယွဲ့ကဲ့သို့ပင် နာမည်ကျော်သော လင်ဟန်ဟန်လည်း ပျံသန်းလာသည်။
"ဆရာ... ဘာဖြစ်လို့လဲ"
မဟာအကြီးအကဲယွမ်ရှန့်မှာ သူတပည့်ကို တည်ကြည်သောမျက်နှာဖြင့်ကြည့်ကာ အသံနက်ကြီးဖြင့် ပြောလိုက်သည်။
"ပြင်ပရန်သူတစ်ယောက် မျှော်စင်ထဲကိုခိုးဝင်သွားတယ်"
"ပြင်ပရန်သူလား"
လင်ဟန်ဟန်၏ အေးစက်သောမျက်ဝန်းများ ကျုံသွားပြီး ဓားကဲ့သို့သောမျက်ခုံးများမှာလည်း အနည်းငယ်တွန့်ချိုးသွားသည်။
" ပြင်ပရန်သူက နတ်ဆိုးသုတ်သင်ရေးမျှော်စင်ထဲကို ဘယ်လိုလုပ်ဝင်နိုင်မှာလဲ"
"ငါတို့လည်းမသိဘူး၊ ဒါပေမဲ့ ကုချင်းယွဲ့က အဲဒီလူနဲ့တွေ့ပြီး ဖိနှိပ်ခံခဲ့ရတယ်"
ထိုစကားကိုကြားသောအခါ လင်ဟန်ဟန်၏ တင်းမာသောပါးပြင်များမှာ တုန်ယင်သွားပြီး နောက်ဆုံးတွင် စိတ်လှုပ်ရှားမှုကိုပြသလာသည်။ အကယ်၍ တစ်ဖက်လူက ကုချင်းယွဲ့ကို ဖိနှိပ်နိုင်သည်ဆိုလျှင် သူသာဆိုပါကလည်း ထောင်ချောက်ထဲသို့ ကျရောက်သွားနိုင်သည် မဟုတ်ပါလား။
တပည့်များအားလုံးမှာ နောက်ဘက်သို့ဆုတ်ခွာသွားကြပြီး ဂိုဏ်း၏ကြီးမားသော အစီအရင်နှင့် ဝင်္ကပါများကို အသက်သွင်းလိုက်၏။ အကြီးအကဲများအားလုံးမှာလည်း သူတို့၏ အင်မော်တယ်မှော်လက်နက်များကိုထုတ်ယူကာ တိုက်ပွဲဝင်ရန်အသင့်ပြင်ထားကြသည်။ ဂိုဏ်းချုပ်ယွမ်ကျိမှာလည်း လီယွမ်ကြေးမုံဟုခေါ်သောမှော်ရတနာကိုပင် ထုတ်ယူလိုက်၏။ ဤရတနာ၏အလင်းအောက်တွင် မည်သည့်အသွင်ပြောင်းလဲမှု သို့မဟုတ် ဟန်ဆောင်မှုမဆို ဖော်ထုတ်ခံရပေလိမ့်မည်။
သို့သော် ကောင်းကင်ယံမှ ငွေရောင်အလင်းတန်းများမှာ အကြီးအကဲများနှင့် တပည့်များကိုဖြတ်သန်းကာ မြေပြင်ပေါ်ရှိ ဖုန်မှုန့်တစ်စကိုပင်မကျန် စစ်ဆေးခဲ့သော်လည်း မည်သည့်အရာမျှမတွေ့ရှိခဲ့ပေ။ လီယွမ်ကြေးမုံအောက်တွင် လူတိုင်းမှာ သူတို့၏အစစ်အမှန်ပုံစံများသာဖြစ်ကြပြီး ဤဂိုဏ်းမှတပည့်များသာဖြစ်၍ ပြင်ပရန်သူလုံးဝမရှိချေ။
တောင်ထိပ်အသီးသီးနှင့် ခန်းမများမှ အကြီးအကဲများနှင့် တပည့်ရင်းများမှာလည်း ဂိုဏ်းသားများကို ရေတွက်စစ်ဆေးရာ အားလုံးကိုက်ညီနေကြသည်။ အပိုအလိုမရှိ ကွက်တိ။ တပည့်များမှာလည်း တတွတ်တွတ်ဆွေးနွေးနေကြပြီး မျှော်စင်ထဲခိုးဝင်သွားသော ပြင်ပရန်သူ၏သတင်းကိုလည်း သိရှိသွားကြသည်။
"အခု နတ်ဆိုးသုတ်သင်ရေးမျှော်စင်ကို ပိတ်လိုက်ပြီပဲ၊ အဲဒီလူက ဘာလို့ပေါ်မလာသေးတာလဲ"
"ဟုတ်ပါရဲ့၊ မျှော်စင်ကိုပိတ်လိုက်တာနဲ့ အထဲကလူတွေက အပြင်ကိုကန်ထုတ်ခံရမှာလေ"
"အဲဒီလူက ကိုယ်ပျောက်နိုင်တာလား"
"ကိုယ်ပျောက်တာလား... ကိုယ်ပျောက်နေရင်တောင် လီယွမ်ကြေးမုံအောက်မှာ ဖုံးကွယ်လို့မရဘူးလေ"
"ဒါဆို သူဘယ်မှာလဲ"
"အစ်မတော်ကုချင်းယွဲ့များ မှားမြင်တာလား၊ တကယ်ပဲ ပြင်ပရန်သူမရှိတာလား"
"မဖြစ်နိုင်ပါဘူး..."
လင်ဟန်ဟန်သည် ကုချင်းယွဲ့ထံသို့ လာခဲ့သည်။
"အစ်မတော်ကု... အဲဒီတုန်းက အမြင်မမှားခဲ့တာသေချာရဲ့လား"
ဤမေးခွန်းမှာ ထိုနေရာရှိ လူအများစု၏အမြင်ကို ကိုယ်စားပြုနေသည်။ ကုချင်းယွဲ့၏မျက်နှာမှာ ပြောင်းလဲသွားပြီး အေးစက်သောအသံဖြင့် မေးလိုက်သည်။
"လင်ဟန်ဟန်... နင်ဘာကိုဆိုလိုတာလဲ။ ငါလိမ်နေတယ်လို့ သံသယရှိနေတာလား"
"ငါအဲဒီလိုမဆိုလိုပါဘူး၊ ငါက နင့်ရဲ့အစွမ်းအပေါ်မှာပဲ သံသယရှိတာပါ"
လင်ဟန်ဟန်က တည်ငြိမ်စွာ ပြောလိုက်သည်။
"မျှော်စင်ထဲမှာ နင်စိတ်ရိုင်းဝင်သွားတာ ဒါမှမဟုတ် အင်မော်တယ်ဝိညာဉ် မတည်ငြိမ်ဖြစ်ပြီး အမြင်မှားတာ ဖြစ်နိုင်တာပဲ"
ကုချင်းယွဲ့မှာ သူ၏စကားကြောင့် ရူးမတတ်ဖြစ်သွား၏။ သူမ၏ အဖိုးတန်အင်မော်တယ်သားရဲမှာ သူမရှေ့တွင်ပင် သေဆုံးသွားခဲ့ရသလို ထိုသူခိုး၏ ပုံပန်းသဏ္ဍာန်ကိုလည်း သူမ ကောင်းကောင်းမှတ်မိနေသေးသည်။ ဤအရာမှာ အမြင်မှားခြင်းမဖြစ်နိုင်။
"လင်ဟန်ဟန်... နင် ငါနဲ့ပြိုင်ချင်နေတာလား"
ဒေါသကြောင့် သူမသည် သူ့ကိုစီနီယာဟုပင် မခေါ်တော့ချေ။
လွန်ခဲ့သောနှစ်များအတွင်း လင်ဟန်ဟန်နှင့်သူမကြားတွင် ပြင်းထန်သောပြိုင်ဆိုင်မှုများ ရှိခဲ့သည်။ တစ်ဦးက ထိပ်သီးတပည့်ရင်းဖြစ်ပြီး အခြားတစ်ဦးက ဂိုဏ်းချုပ်၏တိုက်ရိုက်တပည့်ဖြစ်ရာ မည်သူကမျှ နောက်တစ်ဦးကို မနှိမ်နင်းနိုင်ခဲ့ကြပေ။ သူမှာ တစ်ဦးကိုတစ်ဦး လျှို့ဝှက်တိုက်ခိုက်ခြင်း သို့မဟုတ် ယုတ်မာသော လှည့်ကွက်များသုံးခြင်းအဆင့်အထိ မရောက်ရှိခဲ့သော်လည်း စိတ်ထဲတွင်မူ မည်သူကမျှအလျှော့မပေးလိုဘဲ နောက်တစ်ဦးကိုကျော်တက်လိုကြသည်။
"ငါကလည်း အဲဒါကိုပဲလိုချင်နေတာ"
လင်ဟန်ဟန်က ဂုဏ်ယူစွာဖြင့် ဓားထုတ်လိုက်သည်။
"နတ်ဆိုးသုတ်သင်ရေးမျှော်စင်က အနိုင်အရှုံးကို မဆုံးဖြတ်ပေးနိုင်ခဲ့မှတော့ အခုပဲတိုက်ခိုက်ကြတာပေါ့"
"နှစ်ယောက်စလုံး ပါးစပ်ပိတ်ထားကြစမ်း"
ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲတို့က တစ်ပြိုင်နက်တည်းအော်ဟစ်လိုက်ကြ၏။
"မင်းတို့နှစ်ယောက်ပြိုင်ချင်ရင် နောင်မှာ အခွင့်အရေးတွေအများကြီးရှိသေးတယ်"
တပည့်များကြားပြိုင်ဆိုင်မှုကို မြင်လိုကြသော်လည်း ယခုအချိန်က ထိုသို့လုပ်ရမည့်အချိန်မဟုတ်။ သူတို့နှစ်ဦး၏မျက်လုံးများမှာ ကောင်းကင်ယံရှိ အဆင့်သတ်မှတ်ချက်စာရင်းကို မမှိတ်မသုန်စိုက်ကြည့်နေကြသည်။ အခြားသူများလည်း နောက်ဆုံးတွင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုမိလိုက်ကြ၏။
နတ်ဆိုးသုတ်သင်ရေးမျှော်စင်ကိုပိတ်လိုက်ပြီဖြစ်ရာ အဆင့်သတ်မှတ်ချက်စာရင်း ပျောက်ကွယ်သွားရမည်ဖြစ်သော်လည်း ၎င်းမှာရှိနေဆဲပင်။
"အထဲမှာ လူတစ်ယောက်ကျန်နေသေးတယ်"
"အဲဒီလူက အပြင်ကိုထွက်မလာသေးဘူး"
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
"မျှော်စင်ကို ပိတ်လိုက်ပြီလေ၊ သူက အထဲမှာဘယ်လိုဆက်နေနိုင်တာလဲ"
ဂိုဏ်းထောင်ခဲ့သော နှစ်သန်းပေါင်း ၁၀၀ အတွင်း ဤကဲ့သို့သောအရာမျိုး တစ်ခါမျှမဖြစ်ဖူးခဲ့ပေ။ ၎င်းမှာ သူတို့၏နားလည်နိုင်စွမ်းထက်ကျော်လွန်နေပြီး မည်သူမျှအဖြေရှာမရဖြစ်နေကြသည်။
ထိုစဉ်မှာပင် အခြားတပည့်တစ်ဦးက အံ့ဩတကြီးအော်ဟစ်လိုက်၏။
"ကြည့်ကြဦး... အဆင့်သတ်မှတ်ချက်စာရင်းက ပြောင်းလဲသွားပြီ"
"တစ်စုံတစ်ယောက်က ဆယ်ထပ်မြောက်ကို ချိုးဖောက်ဝင်ရောက်သွားပြီ"
"မျှော်စင်ကိုပိတ်လိုက်တာတောင် အဆင့်သတ်မှတ်ချက်စာရင်းက ဘယ်လိုလုပ်ပြောင်းလဲနိုင်တာလဲ"
"တကယ်ပဲ... အဲဒီမှာပြထားတဲ့နာမည်က... အစ်မတော်ကုချင်းယွဲ့တဲ့လား"
တပည့်များအားလုံးမှာ ကုချင်းယွဲ့ကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြပြီး ကြောင်အမ်းအမ်းဖြစ်သွားကြတော့သည်။ သူမက အပြင်ကိုရောက်နေပြီမဟုတ်ပါလား။