တုန်လှုပ်မှု
Vol. 27 Ch. 262
သို့သော်လည်း မကြာမီမှာပင် လူတိုင်းနားလည်သွား၏။ သူတို့တစ်ဦးစီတွင် သူတို့၏အဆင့်အတန်းကိုကိုယ်စားပြုသော သတ်မှတ်ချက်ကျောက်စိမ်းပြားတစ်ခုစီရှိကြသည်။ ကုချင်းယွဲ့၏ကျောက်စိမ်းပြားမှာ ခိုးယူခံလိုက်ရခြင်းဖြစ်သဖြင့် လက်ရှိတွင် အဆင့်များကိုကျော်ဖြတ်နေသူမှာ ထိုကျောက်စိမ်းပြားကိုခိုးယူသွားသူသာဖြစ်ရမည်။
"အဲဒီသူခိုးက ဘာလုပ်ချင်နေတာလဲ"
"သူက ဘာလို့ အဆင့်တွေကိုကျော်ဖြတ်နေရတာလဲ"
ရောက်ရှိနေသူအားလုံးမှာ လုံးဝဝေခွဲမရဖြစ်နေကြသည်။
မကောင်းသောရည်ရွယ်ချက်ရှိသည့် ကျွမ်းကျင်သူတစ်ဦးက နတ်ဆိုးသုတ်သင်ရေးမျှော်စင်ထဲခိုးဝင်သွားပါက အထဲရှိထိပ်သီးတပည့်များကိုသတ်ဖြတ်သည်မှာ အဖြစ်နိုင်ဆုံးအလုပ်မဟုတ်ပါလား။ ၎င်းမှာ ဂိုဏ်းတစ်ခု၏ အနာဂတ်အုတ်မြစ်ကိုဖျက်ဆီးရန် အရိုးရှင်းဆုံးနည်းလမ်းပင်။ သို့သော် ယခုအချိန်အထိ ထိုသူသည် ကုချင်းယွဲ့တစ်ဦးတည်းကိုသာ ပစ်မှတ်ထားခဲ့ပြီး သူမကို သတ်ဖြတ်ခြင်းမပြုဘဲ အဝတ်အစားများကိုသာ ချွတ်ယူခဲ့၏။ ယခုမူ သူက အဆင့်များကိုပါကျော်ဖြတ်နေပြန်ရာ အလွန်ထူးဆန်းလှသည်။
"သူက အဆင့်ကောင်းကောင်းရပြီး ငါတို့ဂိုဏ်းရဲ့တပည့်ရင်းဖြစ်ချင်နေတာလား"
"မဖြစ်နိုင်တာ။ အစ်မတော်ကုအပေါ် သူလုပ်ခဲ့တဲ့လုပ်ရပ်အရ ဒါကခွင့်လွှတ်လို့မရတဲ့ကိစ္စပဲ"
ကုချင်းယွဲ့မှာ အကြီးအကဲများ၏အသည်းကျော်ဖြစ်သလို တပည့်သားများ၏ စိတ်ကူးထဲမှနတ်ဘုရားမလည်းဖြစ်သည်။ သူမတွင် အစွမ်းရော အလှအပရောရှိသည်။ သူမကို ဤသို့နှိပ်စက်ခြင်းမှာ လူတိုင်း၏အထိမခံသောနေရာကို လာရောက်ထိပါးလိုက်ခြင်းပင်။
ဂိုဏ်းချုပ် အင်မော်တယ်အရှင်မြတ်ယွမ်ကျိမှာ အဆင့်သတ်မှတ်ချက်စာရင်းကို စိုက်ကြည့်နေသည်။ အထဲကလူ ဘာလုပ်ဖို့ ကြိုးစားနေသလဲဆိုသည်ကို သူသိချင်နေ၏။ ကျင့်ကြံသူများကြားတွင် စည်းကမ်းများစွာမရှိသော်လည်း အမျိုးသမီးတစ်ဦး၏အဝတ်အစားကိုချွတ်ယူခြင်းမှာ အလွန်ကြီးလေးသောကိစ္စဖြစ်သည်။ ဤကိစ္စမှာ အလွန်ပင်ယုတ်ညံ့လွန်းလှသည်။ ထိုသူအပြင်ထွက်လာသည့်အခါ မည်သို့ဆင်ခြေပေးပါစေ သူလုံးဝလွှတ်ပေးမည်မဟုတ်။
မျှော်စင်အတွင်း အဆင့်များကိုကျော်ဖြတ်နေသော အစ်ကိုကြီးချန်မှာမူ အပြင်ဘက်တွင် လူပေါင်းများစွာက သူ့ကိုစောင့်ကြိုနေမည်ဟု မထင်ထားမိချေ။ သူသာသိခဲ့လျှင်... အတော်လေး ဂုဏ်ယူနေပေလိမ့်မည်။ လူသောင်းပေါင်းများစွာ၏ စောင့်မျှော်မှုကိုခံရခြင်းမှာ ဇာတ်လိုက်တစ်ယောက် ရှိသင့်သောဂုဏ်သိက္ခာမျိုးပင်။ ပန်းစည်းများဖြင့် ကြိုဆိုမည်လား၊ ဓားများဖြင့် ကြိုဆိုမည်လားဆိုသည်မှာ အရေးမကြီးပေ။
သူအဆင့်များကို ဆက်လက်ကျော်ဖြတ်နေရခြင်းမှာ အပြင်ထွက်မည့်လမ်းကိုရှာမတွေ့သောကြောင့်ဖြစ်သည်။ သူက အနည်းငယ်ထူးခြားနေပုံရပြီး ကျောက်စိမ်းပြားအားလုံးကို ဘေးဖယ်ထားလျှင်ပင် ဤနတ်ဆိုးသုတ်သင်ရေးမျှော်စင်က သူ့ကိုအပြင်သို့မောင်းမထုတ်ချေ။ ဤအချက်က သူ့ကိုအတော်လေးဝမ်းနည်းစေသည်။
"မျှော်စင်တစ်ခုလုံးကို အကုန်ကျော်ဖြတ်မှပဲ ရတော့မယ်ထင်တယ်"
"ဘဝက တကယ်ကိုပင်ပန်းရပါလား"
တစ်ချက်တည်းဖြင့် အင်မော်တယ်သုံးသိန်းကျော်ကို သတ်ဖြတ်ခဲ့ဖူးသူအတွက် အထဲရှိစမ်းသပ်သားရဲများမှာ မူကြိုအဆင့်သာ။ တစ်ကောင်ထွက်လာသည်ဖြစ်စေ သုံးလေးကောင် တစ်ပြိုင်နက်ထွက်လာသည်ဖြစ်စေ အားလုံးမှာ တစ်ချက်တည်းနှင့်အပြတ်ရှင်းခံရ၏။ မကြာမီမှာပင် သူသည် ကျောက်စိမ်းပြား ၁၀ ပြား ထပ်စုမိသွားပြီး ၁၁ ထပ်မြောက်သို့ ပို့ဆောင်ခံလိုက်ရသည်။ ထို့အတူ စနစ်၏အသံပေါ်လာ၏။
"ဂုဏ်ယူပါတယ်... လက်ခံသူသည် တုန်လှုပ်မှုတန်ဖိုး ၃၀,၃၅၆ ရရှိသဖြင့် ကံတရားအမှတ်အဖြစ် အလိုအလျောက် ပြောင်းလဲပေးလိုက်ပါပြီ"
ဟင်...
ကျန်းချန်မျက်မှောင်ကြုတ်လိုက်မိသည်။ အခြေအနေကမရိုးရှင်းကြောင်း ခံစားလိုက်ရ၏။ ကံတရားအမှတ် ၃ မှတ်ဆိုသည်မှာ နည်းပါးလှသည်ဟု ထင်ရသော်လည်း ယခင်ကအမှတ်ပေါင်း ၃၀ ဘီလီယံနှင့် ညီမျှသည်။
"ဒီနားမှာ ရွာလည်းမရှိ၊ ဆိုင်လည်းမရှိ၊ လူတစ်ယောက်တောင်မရှိတာကို ဘယ်သူက ငါ့ရဲ့ဆွဲဆောင်မှုကြောင့် တုန်လှုပ်သွားတာလဲ"
"ပြီးတော့ တုန်လှုပ်မှုတန်ဖိုး ၃၀,၀၀၀ တောင် ပေးတယ်ဆိုတော့"
သူ၏ တုန်လှုပ်မှုတန်ဖိုးလုပ်ဆောင်ချက်မှာ အလွန်ရှုပ်ထွေး၏။ တစ်ဖက်လူ၏ တုန်လှုပ်မှုအဆင့်အတန်းအလိုက် အနည်းငယ်အံ့အားသင့်ခြင်း၊ ကိုယ်လက်တုန်ရင်ခြင်း၊ ထိတ်လန့်၍ မျက်နှာဖြူဖျော့သွားခြင်း၊ နတ်ဘုရားကိုမြင်လိုက်ရသကဲ့သို့ အံ့ဩမှင်တက်ခြင်း၊ ဝပ်တွားရှိခိုးခြင်းစသည်ဖြင့် အဆင့်များခွဲခြားထားသည်။ အနည်းငယ်အံ့အားသင့်ခြင်းသည် ဝပ်တွားရှိခိုးခြင်းကဲ့သို့ တန်ဖိုးမရနိုင်ချေ။
ထို့အပြင် တုန်လှုပ်သွားသူအရေအတွက်နှင့်လည်း သက်ဆိုင်သေးသည်။ ထို့နောက် တုန်လှုပ်သွားသည့်ပစ်မှတ်များ၏အစွမ်းနှင့်လည်း သက်ဆိုင်၏။ အစစ်အမှန်အင်မော်တယ်တစ်ထောင်ကို ဝပ်တွားရှိခိုးစေခြင်းက အင်မော်တယ်ဧကရာဇ်တစ်ဦးကို အနည်းငယ်အံ့အားသင့်စေခြင်းလောက် တန်ဖိုးမရှိချေ။
တုန်လှုပ်မှု တန်ဖိုး ၃၀,၀၀၀ ဆိုသည်မှာ ရရှိရန်အလွန်ခက်ခဲ၏။ သူသိပ်မတွေးတော့ဘဲ သားရဲများကို ဆက်လက်သတ်ဖြတ်ရာ မကြာမီ ၁၂ ထပ်မြောက်သို့ ရောက်ရှိသွားသည်။
"ဂုဏ်ယူပါသည်... လက်ခံသူသည် တုန်လှုပ်မှုတန်ဖိုး ၂၀,၁၅၄ ရရှိသဖြင့် ကံတရားအမှတ်အဖြစ် အလိုအလျောက် ပြောင်းလဲပေးလိုက်ပါပြီ"
သူ ကံတရားအမှတ် ထပ်မံရရှိပြန်သည်။ တန်ဖိုးမှာ အနည်းငယ်နည်းသွားသော်လည်း ရလဒ်ကောင်းပင်။ ကျန်းချန်သည် ဆံပင်ကိုသပ်တင်လိုက်ပြီး အထီးကျန်ဆန်သောခံစားချက်ဖြင့် ပြောလေသည်။
"ဟူး... ဟန်ထုတ်ဘုရင်အတွက်တော့ တခြားသူတွေကို တုန်လှုပ်အောင်လုပ်ရတာက လွယ်လွန်းပါတယ်"
"ငါ့မျက်နှာတောင်မပြရသေးဘူး ဒီလောက် သက်ရောက်မှုရှိနေပြီ။ ငါသာ ခမ်းခမ်းနားနားထွက်ပြလိုက်ရင် မယုံနိုင်စရာဖြစ်သွားမှာပဲ"
သူသည် ဤအဆင့်ရှိသားရဲများကို အလွယ်တကူရှင်းလင်းနေစဉ် အပြင်ဘက်ရှိတပည့်များစွာမှာ သူ့အစွမ်းကြောင့် အမှန်တကယ်ပင် အံ့အားသင့်နေကြသည်။
"ဒီလူက တကယ်သန်မာတာပဲ"
"ဒါက သိသာနေတာပဲ မဟုတ်လား။ သူက အစ်မတော်ကုကိုတောင်အနိုင်ယူနိုင်တာ ၁၂ ထပ်အထိရောက်တာက အဆန်းမှမဟုတ်တာ"
"မင်း မသိဘူးလား၊ သူတက်သွားတဲ့ အရှိန်ကိုလည်းကြည့်ဦး"
ဤသတိပေးချက်ကြောင့် တပည့်များစွာမှာ အံ့ဩသွားကြသည်။ နတ်ဆိုးသုတ်သင်ရေးမျှော်စင် စစ်ဆေးမှုမှာ ရက်ပေါင်း ၁၀၀ ကြာမြင့်၏။ အောက်ဘက်အဆင့်များမှာ လွယ်ကူသော်လည်း အဆင့် ၇ သို့မဟုတ် အဆင့် ၈ ရောက်လျှင် အရှိန်နှေးသွားလေ့ရှိသည်။ သားရဲတစ်ကောင်ကိုသတ်ပြီးတိုင်း ဆေးသောက်၍အနားယူကာ အင်အားပြန်လည်ဖြည့်တင်းရသည်။
သူတို့အားလုံးမှာ အချိန်ယူရ၏။ ကုချင်းယွဲ့နှင့် လင်ဟန်ဟန်တို့ကဲ့သို့တပည့်များပင် အဆင့် ၁၀ ကျော်လျှင် အဆင့်တစ်ခုတက်ရန် ဆယ်ရက်ကျော်ကြာတတ်သည်။ သို့သော် ဤလူမှာ ၁၁ ထပ်တွင် ၁၅ မိနစ်ပင် မပြည့်သေးချေ။
"နောက်ထပ် ပြောင်းလဲသွားပြန်ပြီ"
"တကယ်ပဲ ပြောင်းသွားပြန်ပြီ"
"သူ ၁၃ ထပ်ကို ရောက်သွားပြီ"
"ငါတို့ဂိုဏ်းရဲ့သမိုင်းမှာ တပည့်ရင်းအနည်းငယ်ပဲ ဒီအဆင့်ကိုရောက်ဖူးတာ"
ယခုတစ်ကြိမ်တွင် တုန်လှုပ်သွားသူအရေအတွက်မှာ အရင်ကထက် ပိုမိုများပြားသွားပြီး တုန်လှုပ်မှုအဆင့်မှာလည်း မြင့်တက်သွားသည်။ ဤကဲ့သို့သောအရှိန်မျိုးမှာ အမှန်တကယ်ပင် တုန်လှုပ်ဖွယ်ရာကောင်းလှ၏။ ထို့ကြောင့် ၁၃ ထပ်သို့ ရောက်သွားသော ကျန်းချန်မှာ တုန်လှုပ်မှုတန်ဖိုး ၆၀,၀၀၀ ကျော် ထပ်မံရရှိကာ ကံတရားအမှတ် ၆ မှတ် ထပ်တိုးသွားသည်။
"ဟန်ထုတ်ခြင်းရဲ့လေပြေလေးက ငါ့ဘေးမှာအမြဲရှိနေတာပဲ"
"လူအုပ်ကြီးကိုတုန်လှုပ်သွားစေတာက သဘာဝပါပဲ"
အပြင်ဘက်တွင် သူ့ကိုသတ်ရန်စောင့်နေသည့်လူအုပ်ကြီးကို သူမတွေးအားပေ။ ဟန်ထုတ်ဘုရင်မှာ ဟန်ထုတ်နိုင်ဖို့ကိုသာ အမြဲဂရုစိုက်သူဖြစ်သည်။ ဤနေရာတွင် လူတစ်ယောက်မှမရှိသဖြင့် သူဟန်ထုတ်ပြနိုင်သည့် တစ်ခုတည်းသောအရာမှာ အကောင်းစားစနစ်ကြီးသာ။
"ငါ အမှတ်တွေအလွယ်တကူရနေတာကိုမြင်တော့ မင်းရော အံဩသွားပြီလား စနစ်"
စနစ်က ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေ၏။ မင်းက စနစ်ကိုပါ တုန်လှုပ်အောင် လုပ်ချင်နေတာလား။
"၁၃ ထပ်မှာရှိတဲ့ သားရဲတွေက အဆင့် ၉ ရွှေအင်မော်တယ် အဆင့်တွေပဲ"
အပြင်ဘက်တွင် အင်မော်တယ်အရှင်မြတ်ယွမ်ကျိမှာ တိုက်ပွဲအတွက် အသင့်ပြင်ထား၏။ သားရဲများ၏လက်ချက်ဖြင့် သေဆုံးသွားသည်နှင့် အပြင်သို့ အလိုအလျောက်ရောက်ရှိလာမည်ဖြစ်သည်။
"အဲဒီလူ အပြင်ထွက်လာတော့မယ်"
"အပြင်စည်းတပည့်တွေ တိုက်ပွဲရဲ့ရိုက်ခတ်မှုကြောင့် ဒဏ်ရာမရအောင် အားလုံးနောက်ဆုတ်ကြစမ်း"
"ဘာမှမစိုးရိမ်ပါနဲ့၊ သူက ရွှေအင်မော်တယ်အဆင့်လေးတင်ပါ။ ငါတို့အလွယ်တကူဖိနှိပ်နိုင်ပါတယ်"
ကုချင်းယွဲ့မှာ အခြားအင်မော်တယ်ဓားတစ်လက်ကိုငှားရမ်းကာ ယွမ်ကျိ၏နောက်ကွယ်တွင်ရပ်နေပြီး မုန်းတီးမှုများပြည့်နှက်နေသော မျက်လုံးများဖြင့် မျှော်စင်ကို စိုက်ကြည့်နေသည်။
"ဆရာ... သူ့ကိုအရှင်ဖမ်းပြီး နှိပ်စက်စစ်ဆေးဖို့ တပည့်အကြံပြုပါတယ်"
သူမသည် ကျန်းချန်ကို အပိုင်းပိုင်းခုတ်ပစ်ချင်နေသူဖြစ်သော်လည်း သတ်လိုက်ရုံဖြင့် သူမ၏ဒေါသမပြေနိုင်ဘဲ ညှဉ်းပန်းနှိပ်စက်လိုနေခြင်းဖြစ်သည်။
ယွမ်ကျိမှာလည်း သူ၏တပည့်ရင်းကို အလွန်အမင်းအလိုလိုက်သူဖြစ်သည့်အပြင် ပြင်ပလူခိုးဝင်လာသည့်ကိစ္စတွင် သံသယဖြစ်ဖွယ်အချက်များစွာရှိနေသည်။
"မင်းပြောတာမှန်တယ်။ ခဏနေရင် သူ့ကိုအရင်ဆုံးဖိနှိပ်၊ ကျင့်ကြံမှုကိုဖျက်ဆီးပြီး ဝိညာဉ်ကိုရှာဖွေကြည့်ကြတာပေါ့"
သူ့စကားအဆုံးတွင် လူအုပ်ကြီးတစ်ခုလုံး ဆူညံသွားပြီးပေါက်ကွဲထွက်မတတ်ဖြစ်သွား၏။ နတ်ဆိုးသုတ်သင်ရေးမျှော်စင်၏ အဆင့်သတ်မှတ်ချက်စာရင်းတွင် ကုချင်းယွဲ့ဟူသောအမည်ပါသည့် ကျောက်စိမ်းပြား၏တည်နေရာမှာ ၁၃ ထပ်ကိုပင် ချိုးဖောက်သွားပြီဖြစ်သည်။ တစ်နည်းအားဖြင့် ထိုလူသည် မျှော်စင်တစ်ခုလုံးကို အောင်မြင်စွာကျော်ဖြတ်သွားလေပြီ။
ဝုန်း...
နတ်ဆိုးသုတ်သင်ရေးမျှော်စင်မှ တောက်ပသောအလင်းတန်းများ ပေါက်ကွဲထွက်လာ၏။ ကောင်းကင်ယံတွင် အရောင်ကိုးမျိုးပါသည့်အလင်းတန်းများ လင်းလက်လာပြီး အင်မော်တယ်သားရဲများ၏ပုံရိပ်များ တစ်ခုပြီးတစ်ခုပေါ်ထွက်လာသည်။ ဤအရာများမှာ တစ်စုံတစ်ဦးက အဆင့်အားလုံးကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ခြင်းအတွက် မှော်ရတနာကဂုဏ်ပြုလိုက်ခြင်းပင်။