ဘိုးဘေးကိုဂါရဝပြုခြင်း
Vol. 27 Ch. 263
ယခုအချိန်တွင် တပည့်များသာမက အကြီးအကဲများအားလုံးပါ မှင်တက်သွားကြသည်။ အင်မော်တယ်အရှင်မြတ်ယွမ်ကျိပင် မယုံကြည်နိုင်သောမျက်နှာထားဖြစ်နေ၏။ အံ့ဖွယ်တစ်ခုကို မြင်တွေ့နေရသကဲ့သို့ပင်။
သူတုန်လှုပ်သွားရခြင်းမှာ အကြောင်းရှိသည်။ ဤမျှော်စင်တည်ဆောက်ပြီးကတည်းက အဆင့်အားလုံးကိုကျော်ဖြတ်နိုင်သူ တစ်ဦးမှမရှိခဲ့ပေ။ မျှော်စင်တွင် ကန့်သတ်ချက်စည်းမျဉ်းများရှိရာ အများဆုံး အဆင့် ၉ ရွှေအင်မော်တယ်သာဝင်ရောက်နိုင်ပြီး အင်မော်တယ်အရှင်မြတ်များ လုံးဝဝင်၍မရချေ။
၁၃ ထပ်ရှိ သားရဲများမှာ အဆင့် ၉ ရွှေအင်မော်တယ်အဆင့်များဖြစ်ရုံသာမက အုပ်စုလိုက်ပေါ်လာတတ်ကြသည်။ ထို့အပြင် အဆင့် ၅ ရွှေအင်မော်တယ်ဖြစ်သည်နှင့် ဂိုဏ်းအကြီးအကဲများဖြစ်လာကြပြီး ဤမျှော်စင်မှာ တပည့်များကိုစစ်ဆေးရန်သာဖြစ်သဖြင့် ဂိုဏ်းထောင်ကတည်းက မည်သူမျှအဆင့်အကုန်မကျော်ဖြတ်နိုင်ခဲ့။
ကောင်းကင်ယံထက်တွင် အရောင်ကိုးမျိုးအလင်းတန်းများကြားမှလူရိပ်တစ်ခု မျှော်စင်ထဲမှဖြည်းညှင်းစွာ ထွက်လာသည်။ လူတိုင်း အစ်ကိုကြီးချန်၏ပုံရိပ်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ သူ့ပတ်ဝန်းကျင်တွင် မျှော်စင်မှ အင်မော်တယ်ချီများဖြင့် ပြုလုပ်ထားသော ပန်းပွင့်များ အဆက်မပြတ်ထွက်ပေါ်နေသည်မှာ အတော်လေးအနေရခက်စရာပင်။ နတ်ဆိုးသုတ်သင်ရေးမျှော်စင်မှာ သူ့ဘာသာသူ အောင်ပွဲခံနေခြင်းဖြစ်သည်။
သို့သော် ပြဿနာသည် ဤလူမှာသူတို့ဂိုဏ်းမှမဟုတ်ခြင်းပင်။ ခဏမျှကြောင်အမ်းသွားပြီးနောက် လူတိုင်းမှာ ဒေါသတကြီးဖြင့် သူတို့၏အင်မော်တယ်လက်နက်များကိုထုတ်ယူကာ အစ်ကိုကြီးချန်ကို ဝိုင်းရံထားလိုက်ကြသည်။
သူတို့ဂိုဏ်း၏ အမွေအနှစ်မျှော်စင်ကို ပြင်ပလူတစ်ဦးက ပထမဆုံး အောင်မြင်စွာကျော်ဖြတ်သွားခြင်းမှာ တရားမျှတမှုမရှိပေ။ ဤသတင်းပြန့်သွားပါက သူတို့မှာ ရယ်စရာဖြစ်လာပေလိမ့်မည်။ ၎င်းသည် ကြီးမားသောအရှက်ရမှုပင်။
လူတိုင်းမှာ ဒေါသဖြေရန်အတွက် အစ်ကိုကြီးချန်ကို အပိုင်းပိုင်းခုတ်ပစ်ချင်နေကြသည်။ ကံမကောင်းစွာဖြင့် ကာယကံရှင်မှာမူ အန္တရာယ်ကျရောက်တော့မည်ကိုမသိသည့်အလား လူတိုင်းကိုပြုံးပြကာ လက်ဝှေ့ယမ်းပြနေ၏။ ခုနက သူအောင်မြင်သွားချိန်တွင် တုန်လှုပ်မှုတန်ဖိုး ၁ သန်းကျော်ရရှိခဲ့ပြီး ကံတရားအမှတ် ၁၀၅ မှတ်အထိ တိုးသွားသောကြောင့် သူစိတ်ချမ်းသာနေသည်။
သို့သော် သူ၏အပြုံးမှာ အခြားသူများအတွက်မူ မောက်မာသောရန်စမှုတစ်ခုဖြစ်နေ၏။ လူတိုင်း၏မျက်လုံးများမှာ ဒေါသကြောင့်နီမြန်းနေလေသည်။
"သတ်"
"သူ့ကိုသတ်ကြ"
"ဒီသူခိုးကို ဖမ်းကြစမ်း"
ခဏအတွင်းမှာပင် ရေတွက်မရသော အင်မော်တယ်လက်နက်များမှ ကြောက်မက်ဖွယ်စွမ်းအားများ ထွက်ပေါ်လာပြီး တိုက်ခိုက်လိုက်ကြသည်။ အစ်ကိုကြီးချန် သက်ပြင်းချလိုက်၏။ အကယ်၍ ဤလူများက သူ့ကို တုန်လှုပ်မှုတန်ဖိုးများစွာပေးမထားလျှင် သူလှုပ်ရှားဖို့ပျင်းနေပေလိမ့်မည်။
သူက ဖြတ်သွားဖြတ်လာအဖြစ်သာ သဘောထားလိုက်မည်။ သို့သော် သူတို့က သူ့ကိုသတ်ချင်နေမှတော့ အားလုံးကိုအပြတ်ရှင်းပစ်ရန်သာကျန်တော့သည်။ အင်မော်တယ်အရှင်မြတ် ၂၀ ကျော် ရှိနေသော်လည်း သူ့မှာ ဆယ်ဆအားသာချက်နှင့် အသက်ပြန်ရှင်ခြင်းနည်းလမ်းများရှိသည်။
သူသည် အဆင့် ၉ အင်မော်တယ်ဓားကိုထုတ်ယူကာ သတ်ဖြတ်ပွဲစတင်တော့မည့်ဆဲဆဲတွင် လူရိပ်နှစ်ခုမှာ သူ့ရှေ့သို့အလျင်အမြန်ပိတ်ရပ်လိုက်ကြသည်။
"မလုပ်နဲ့..."
"ရပ်ကြစမ်း"
ဝုန်း... ဝုန်း... ဝုန်း...
ပေါက်ကွဲသံများ အဆက်မပြတ်ထွက်ပေါ်လာပြီး ကောင်းကင်နှင့် မြေကြီး အရောင်ပြောင်းသွားမတတ် ဖြစ်သွားသည်။ အရာအားလုံးငြိမ်သက်သွားချိန်တွင် လူတိုင်းကြောင်အမ်းသွားကြ၏။ ကျန်းချန်မှာ ဒဏ်ရာတစ်စုံတစ်ရာမရဘဲ ရပ်နေဆဲဖြစ်ကာ ဓားကိုပင်မထုတ်ရသေးချေ။ အခြားလူနှစ်ဦးက တိုက်ခိုက်မှုအားလုံးကို ကြားဖြတ်တားဆီးပေးလိုက်သည်။
ယခုအခါ ထိုလူနှစ်ဦးမှာ ဖုန်တောထဲတွင်နွမ်းနယ်နေပြီး ဆံပင်များဖရိုဖရဲဖြစ်ကာ ဒဏ်ရာများရနေကြသည်။ သူတို့၏အင်မော်တယ်ဝတ်ရုံများမှာလည်း အပေါက်များစွာဖြစ်နေကာ အလွန်သနားစရာကောင်း၏။
သေချာကြည့်လိုက်လျှင် ထိုသူများမှာ ဂိုဏ်းချုပ်ယွမ်ကျိနှင့် မဟာအကြီးအကဲယွမ်ရှန့်တို့ ဖြစ်နေကြသည်။
"ဂိုဏ်းချုပ်"
"ဆရာ"
"ဘာဖြစ်တာလဲ"
တိုက်ခိုက်ခဲ့သူများမှာ မှင်တက်သွားကြသည်။ ကံမကောင်းစွာဖြင့် ဤတုန်လှုပ်မှုမှာ အစ်ကိုကြီးချန်ကြောင့်မဟုတ်သဖြင့် သူတုန်လှုပ်မှုတန်ဖိုးမရရှိပေ။
"အားလုံး ရပ်ကြစမ်း"
"ဘယ်သူက တိုက်ခိုက်ဖို့အမိန့်ပေးတာလဲ"
ယွမ်ကျိမှာ အသက်ကိုအလုအယက်ရှူနေရသည်။ ကံကောင်းထောက်မစွာဖြင့် အခြားအင်မော်တယ်အရှင်မြတ် အကြီးအကဲများ တိုက်ခိုက်မှုထဲမပါဝင်ခဲ့ပေ။ မဟုတ်လျှင် သူ့အသက်မှာ ဤနေရာတွင်ပင် လမ်းဆုံးသွားပေလိမ့်မည်။ ယွမ်ရှန့်မှာ ဒေါသထွက်နေပြီး သူ၏အင်မော်တယ်ဓားကျိုးသွားကာ ဝတ်စုံမှာလည်းစုတ်ပြတ်နေပြီဖြစ်သည်။
"မင်းတို့ ဘာလုပ်နေတာလဲ"
"ဟမ်... အမိန့်မရှိဘဲတိုက်ခိုက်ရအောင် ဘယ်သူကခွင့်ပြုတာလဲ"
"မင်းတို့အားလုံး ရူးနေကြတာလား"
လူတိုင်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
အဲ့စကားက ဂိုဏ်းချုပ်ကိုမေးရမှာပါ... ဂိုဏ်းချုပ်ရူးနေတာလား...
ပြင်ပရန်သူ ရှေ့မှာရှိနေတာကို မျက်စိလည်နေတာလား...
သူ အပြင်ထွက်လာတာနဲ့ ဝိုင်းသတ်မယ်လို့ သဘောတူထားကြတာမဟုတ်လား...
"ဂိုဏ်းချုပ်... ဘာဖြစ်လို့လဲ"
တပည့်များသာမက အကြီးအကဲများပါ ဝေခွဲမရဖြစ်နေ၏။
ဤလူက မျှော်စင်ထဲခိုးဝင်ရုံတင်မက ဂိုဏ်းချုပ်ရဲ့တပည့်ရင်းကိုပါ စော်ကားထားတာလေ...
သူ့ကိုမသတ်တဲ့အပြင် ဘာလို့ကယ်တင်လိုက်ရတာလဲ...
ကုချင်းယွဲ့မှာလည်း ပျံသန်းလာပြီး မယုံကြည်နိုင်စွာ မေးလိုက်သည်။
"ဆရာ... ဘာလို့ ဒီသူခိုးကို ကယ်လိုက်တာလဲ"
ယွမ်ကျိမှာ ဒေါသတကြီးဖြင့် ဟောက်လိုက်၏။
"ဘယ်သူက သူခိုးလဲ။ မင်းလို မိုက်မဲတဲ့ သတ္တဝါ... မြန်မြန် ဒီစီနီယာကို တောင်းပန်စမ်း"
ကုချင်းယွဲ့မှာ အဆူခံလိုက်ရ၍ မျက်နှာငယ်သွား၏။ သူမဂိုဏ်းထဲရောက်ကတည်းက ဆရာဖြစ်သူ၏ အဆူခံရခြင်းမှာ ပထမဆုံးအကြိမ်ပင်။ သို့သော် သူမ၏ဆရာမှာ သူမကိုဂရုမစိုက်နိုင်တော့ဘဲ ကျန်းချန်ဘက်သို့ ချက်ချင်းလှည့်လိုက်သည်။ မဟာအကြီးအကဲယွမ်ရှန့်၏မျက်နှာမှာလည်း လေးစားမှုများဖြင့်ပြည့်နှက်နေသော အပြုံးတစ်ခုပေါ်လာပြီး ချက်ချင်းပင်ဒူးထောက်တော့မည့်အလား ဦးညွှတ်လိုက်သည်။
"ဘိုးဘေးကြီးကျန်းလား"
သူသည် အစ်ကိုကြီးချန်၏အမည်ကို တိုက်ရိုက်မခေါ်ဝံ့ချေ။
အစ်ကိုကြီးချန်က ခေါင်းညိတ်လိုက်ပြီးဆိုလိုက်သည်။
"ဟုတ်တယ်... ငါ့မျိုးရိုးကကျန်းပဲ"
သူကိုယ်တိုင်လည်း ဝေခွဲမရဖြစ်နေသည်။
ငါ့ကိုသတ်ချင်ရာကနေ အခုကျတော့ ကယ်တင်ပေးနေပြန်ပြီ...
ငါ ဒီကမ္ဘာကိုရောက်တာ နှစ်အနည်းငယ်ပဲရှိသေးတာကို ဘိုးဘေးကြီးတဲ့လား...
မင်းတို့ တစ်ခုခု မှားနေတာ မဟုတ်ဘူးလား...
သူ၏မျိုးရိုးမှာ ကျန်းဖြစ်ကြောင်း ကြားလိုက်ရချိန်တွင် ဂိုဏ်းခေါင်းဆောင်နှစ်ဦးစလုံးမှာ သူ၏အထောက်အထားကို အတည်ပြုနိုင်သွားပုံရသည်။ ထို့ကြောင့် သူတို့နှစ်ဦးစလုံးမှာ တစ်ပြိုင်နက်တည်း ဒူးထောက်လိုက်ကြ၏။ ဂိုဏ်းချုပ်ယွမ်ကျိမှာ မြေကြီးပေါ်နဖူးဖြင့်တိုက်ကာဦးချလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
"ကျင့်ကြံသူငယ်ယွမ်ကျိ၊ ဖေးရှန်ဂိုဏ်း၏ဂိုဏ်းချုပ်... ဂိုဏ်းတည်ဘိုးဘေးကြီးကို ဂါရဝပြုပါတယ်..."
အစ်ကိုကြီးချန်မှာ ထိုနေရာမှာတင် မှင်တက်သွားရသည်။
ဘာ... အဖွဲ့ဝင် တစ်သိန်းကျော်ရှိတဲ့သည်ဂိုဏ်းက ဖေးရှန်ဂိုဏ်းတဲ့လား...
ဖေးရှန်ဂိုဏ်းက အင်မော်တယ်လောကမှာ အကိုင်းအခက်တွေဖြန့်ကျက်ထားတာလား...
ငါဘာလို့ လုံးဝမသိရတာလဲ။ ပြီးတော့ ဒီလူတွေထဲက တစ်ယောက်ကိုမှလည်း ငါမသိပါလား။ ဘာတွေ ဖြစ်ကုန်တာလဲ...
"ဒင်... ဂုဏ်ယူပါတယ်၊ လက်ခံသူသည် တုန်လှုပ်မှုတန်ဖိုး ၂၅,၇၅၀,၁၅၄ ရရှိသဖြင့် ၎င်းကို ကံတရားအမှတ် ၂,၅၇၅ မှတ်အဖြစ် အလိုအလျောက် ပြောင်းလဲပေးလိုက်ပါပြီ"
ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲတို့က တစ်ပြိုင်နက်ဒူးထောက်ကာ လေးစားစွာဆက်ဆံနေခြင်းမှာ ရှိနေသူအားလုံးကို အကြီးအကျယ်တုန်လှုပ်သွားစေသည်။ ဤတုန်လှုပ်မှုမှာ မျှော်စင်ကို အောင်မြင်စဉ်ကထက် အဆများစွာ ပိုမိုပြင်းထန်၏။
တပည့်အများစုအတွက် ဂိုဏ်းချုပ် သို့မဟုတ် မဟာအကြီးအကဲ၏မျက်နှာကို မြင်ရဖို့ပင်ခဲယဉ်းလှရာ ယခုကဲ့သို့ အဓိပ္ပာယ်မရှိသောမြင်ကွင်းမျိုး မြင်လိုက်ရခြင်းမှာ မယုံနိုင်စရာပင်။ သူတို့၏ ခေါင်းဆောင်ကြီးများက တစ်စုံတစ်ဦးကို ဒူးထောက်နေကြသည်... ထိုတုန်လှုပ်မှု၏ပစ်မှတ်မှာ အစ်ကိုကြီးချန်ဖြစ်၏။
သည်လူကဘယ်သူလဲ...
ဂိုဏ်းချုပ်နဲ့ မဟာအကြီးအကဲက ဘာလို့ သူ့ကို ဒီလောက်လေးစားနေရတာလဲ...
သူက တကယ်ပဲ ဖေးရှန်ဂိုဏ်းရဲ့ဘိုးဘေးကြီးလား...
ဒါပေမဲ့ သေချာကြည့်ရင် သူက အဆင့် ၁ ရွှေအင်မော်တယ် အဆင့်လေးပဲ ရှိတာလေ...
ဒီအစွမ်းနဲ့ဆို ဖေးရှန်ဂိုဏ်းမှာ တပည့်ရင်းအဆင့်လောက်ပဲရှိသင့်တာ၊ အတွင်းစည်းအကြီးအကဲဖြစ်ဖို့တောင် မသင့်တော်ဘူး...
သို့သော် သူ၏အစွမ်းကို အပေါ်ယံအဆင့်နှင့် တိုင်းတာ၍မရ၊ သူသည် နတ်ဆိုးသုတ်သင်ရေးမျှော်စင်ကို အောင်မြင်ခဲ့သူမဟုတ်ပါလား။ သူသည် အဆင့် ၉ ရွှေအင်မော်တယ် အစွမ်းရှိနိုင်သလား။ သို့သော် ထိုအစွမ်းက အင်မော်တယ်အရှင်မြတ်နှစ်ဦးဖြစ်သော ဂိုဏ်းချုပ်တို့ကို ဒူးထောက်စေရန် မလုံလောက်ချေ။
အမှန်စင်စစ် ဤကဲ့သို့သော နားမလည်နိုင်သည့်အချက်များကြောင့်ပင် ပိုမိုပြင်းထန်သောတုန်လှုပ်မှုကို ဖန်တီးပေးလိုက်ခြင်းပင်။ သူက အစ်ကိုကြီးချန်ကို ကံတရားအမှတ်များစွာ ရရှိစေသည်။ သူပြုံးမရ ရယ်မရ ဖြစ်နေ၏။
အလွန်ဆန်းကြယ်လှသည်။ သူ ဘာမှမလုပ်ရသေးခင်မှာတင် တုန်လှုပ်မှုတန်ဖိုးများမှာ ပုံအောဝင်လာနေလေပြီ။ စိတ်အေးသွားပြီးနောက် သူသည် ပို၍အရေးကြီးသော မေးခွန်းတစ်ခုကို မေးမြန်းလိုက်တော့သည်။