← Chapters

ငါလည်းအံ့သြသွားတာပဲ

Vol. 27 Ch. 264

ငါလည်းအံ့သြသွားတာပဲ

Vol. 27 Ch. 264

"မင်းတို့ ခုနက ဖေးရှန်ဂိုဏ်းကလို့ ပြောလိုက်တာလား"

"ဒါက တကယ်ပဲ ဘာတွေဖြစ်နေတာလဲ"

သူက ဖေးရှန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေ၊ သူကိုယ်တိုင် သဘောမတူဘဲနဲ့ ဂိုဏ်းချုပ်အသစ်ကို ဘယ်လိုလုပ် ရွေးချယ်နိုင်မှာလဲ။ နောက်ပြီး သူ့ရဲ့အရင်တပည့်တွေရော ဘယ်ရောက်ကုန်ပြီလဲ။

ရှောင်ဟန် (ကျိလင်းဟန်) ရော။ လော့ယွမ်၊ လင်းနင်ရော။ တကယ်လို့ တစ်စုံတစ်ယောက်က ဂိုဏ်းချုပ်ဖြစ်လာမယ်ဆိုရင် အဲဒီလူတွေပဲဖြစ်ရမှာမဟုတ်လား...

အင်မော်တယ်အရှင်မြတ်ယွမ်ကျိက ကျန်းချန်၏သံသယများကိုရိပ်မိပုံရပြီး ဦးညွှတ်ကာ ပြောလိုက်သည်။

"ဒီမှာ လူတွေအရမ်းများနေလို့ပါ ဂိုဏ်းတည်ဘိုးဘေးကြီး... တခြားတစ်နေရာကိုကြွပြီး စကားပြောလို့ရမလားခင်ဗျာ"

ကျန်းချန် ခေါင်းညိတ်လိုက်သည်။

ထို့နောက် ဂိုဏ်းချုပ်နှင့် မဟာအကြီးအကဲတို့၏ခြံရံမှုဖြင့် သူတို့သုံးဦးမှာ ဖေးရှန်ဂိုဏ်း၏ အချက်အချာကျသောနေရာသို့ ပျံသန်းသွားကြတော့သည်။ ကျန်ရစ်ခဲ့သောလူအုပ်ကြီးမှာမူ တစ်ဦးကိုတစ်ဦးကြည့်ကာ ကြောင်အမ်းအမ်းဖြစ်ကျန်ရစ်ခဲ့ကြ၏။

"ဂိုဏ်းတည်ဘိုးဘေးကြီးတဲ့"

"ငါတို့ဂိုဏ်းမှာ ဒီလိုဘိုးဘေးကြီးရှိခဲ့လို့လား"

"ငါ အရင်ဂိုဏ်းချုပ်တွေနဲ့ အကြီးအကဲတွေရဲ့ အထိမ်းအမှတ်ခန်းမဆောင်ကို ရောက်ဖူးပါတယ်။ အဲဒီမှာ ဒီလိုလူမျိုး တစ်ခါမှမတွေ့ဖူးပါဘူး"

ကျင့်ကြံသူများမှာ အင်မော်တယ်ဝိညာဉ်များရှိကြသဖြင့် မှတ်ဉာဏ်မှာ အလွန်ကောင်းမွန်သည်။

"ငါလည်း ဘာမှသတိမရဘူး။ ဂိုဏ်းရဲ့သမိုင်းမှာ အထိမ်းအမှတ်ခန်းမဆောင်ထဲဝင်ခွင့်ရတဲ့ ကျန်းမျိုးရိုးနဲ့ စီနီယာ ၅ ယောက် ရှိခဲ့ပေမဲ့ ဘယ်သူမှ ဒီလူနဲ့မတူဘူး"

"ဖြစ်နိုင်တာက သူက သမိုင်းထဲမှာ သာမန်စီနီယာတပည့်တစ်ယောက်ပဲ ဖြစ်မှာပေါ့၊ အထိမ်းအမှတ်ခန်းမထဲဝင်ဖို့အထိ အဆင့်မမီလို့နေမှာ"

"ဒါပေမဲ့ ဂိုဏ်းချုပ်နဲ့ မဟာအကြီးအကဲတို့ရဲ့တုံ့ပြန်မှုက အရမ်းကြီးနေတယ်..."

သူတို့ လုံးဝစဉ်းစားမရဖြစ်နေကြသည်။ ထိုအချိန်တွင် ကျန်းချန်သည် ယွမ်ကျိနှင့် ယွမ်ရှန့်တို့၏ ဦးဆောင်မှုဖြင့် အထိမ်းအမှတ်ခန်းမဆောင်ထဲသို့ ရောက်ရှိသွားပြီး ခန်းမဆောင်ကြီးထဲသို့ဝင်လိုက်သည်နှင့် သူ့ပါးစပ်မှာ အိုပုံသဏ္ဍာန်ဖြစ်သွားရ၏။ ပုံမှန်အားဖြင့် သူကသာ သူများကို အံ့သြအောင်လုပ်လေ့ရှိသော်လည်း ယခုမူ သူကိုယ်တိုင်ပင် အံ့သြမှင်တက်သွားရသည်။

ခန်းမဆောင်၏အပေါ်ဘက်တွင် သက်ရှိထင်ရှား ရှိနေသည့်အလား ထုဆစ်ထားသော အင်မော်တယ်ကျောက်ရုပ်တုများ အစီအရီရှိနေသည်။ ပထမတန်းတွင် ၂၃ ခု။ ဒုတိယတန်းတွင် ၅၀ ကျော်။ တတိယတန်းတွင် ၉၀၀ ခန့်။ စတုတ္ထတန်းမှစ၍ ကျောက်ရုပ်တုများမှာ အရွယ်အစားတစ်ဝက်ခန့်သာရှိတော့ပြီး ကျန်းချန်မှာ မည်သူ့ကိုမျှမသိတော့ချေ။

သို့သော် ပထမသုံးတန်းတွင်ရှိသောလူတိုင်းကိုမူ သူကောင်းကောင်းမှတ်မိနေသည်။ ပထမတန်းရှိ ၂၃ ယောက်မှာ ဒုတိယမျိုးဆက်တပည့်များနှင့် အင်မော်တယ်မိုတို့ဖြစ်၏။

ပထမဆုံးတစ်ခုမှာ ကျိလင်းဟန်၏ ကျောက်စိမ်းရုပ်တုဖြစ်သည်။ သူမ၏ပုံပန်းသဏ္ဍာန်မှာ လုံးဝပြောင်းလဲခြင်းမရှိသော်လည်း သူမ၏အရှိန်အဝါမှာမူ ကျန်းချန်မှတ်မိထားသည်နှင့် ကွဲပြားနေပြီး မျက်ခုံးကြားတွင် မြင့်မြတ်သောတန်ခိုးအာဏာများ ရှိနေသည်။

ထိုရုပ်တု၏ မျက်ဝန်းများထဲတွင်လည်း ဘယ်တော့မှပျောက်ကွယ်မသွားမည့် အလွန်နက်ရှိုင်းသော ဝမ်းနည်းမှုအရိပ်အယောင်များ ရှိနေ၏။ သူမ၏ရုပ်တုအောက်တွင် ဖေးရှန်ဂိုဏ်း၏ ပထမဆုံးဂိုဏ်းချုပ်ဟု ရေးထိုးထားသည်။

ဒုတိယရုပ်တုမှာ မိုချန်ဖြစ်ပြီး ဖေးရှန်ဂိုဏ်း၏ ပထမဆုံးမဟာအကြီးအကဲဟု ရေးထားသည်။ တတိယရုပ်တုမှာ လော့ယွမ်ဖြစ်ပြီး ဖေးရှန်ဂိုဏ်း၏ ပထမဆုံး ပြင်ပရေးရာဌာန အကြီးအကဲချုပ်ဟု ရေးထားသည်။ စတုတ္ထမှာယင်းရွှယ်အာဖြစ်ပြီး ဖေးရှန်ဂိုဏ်း၏ ပထမဆုံး အတွင်းရေးရာဌာန အကြီးအကဲချုပ်ဖြစ်လေ၏။

ဒုတိယတန်းရှိရုပ်တုများမှာ တတိယမျိုးဆက်တပည့်များဖြစ်ကြသည်။ ပထမဆုံးတစ်ယောက်မှာ လင်နင်းဖြစ်၍ ဖေးရှန်ဂိုဏ်း၏ ဒုတိယမြောက် ဂိုဏ်းချုပ်ဖြစ်သည်။ သူမ၏နောက်တွင် ထန်ရု၊ လုဖန် နှင့် ဝေမြောင်တို့ကဲ့သို့ တတိယမျိုးဆက်တပည့်များရှိနေပြီး ကျန်းချန်က တတိယမျိုးဆက်သို့ ထူးထူးခြားခြားမြှင့်တင်ပေးခဲ့သော သွမ့်ဟယ်နှင့် အခြား ၄ ဦး (ဇာတ်လိုက်ကျော်များ) လည်း ပါဝင်သည်။ တတိယတန်းရှိရုပ်တုများမှာမူ စတုတ္ထမျိုးဆက်တပည့်များ ဖြစ်ကြသည်။

ကျန်းချန်ဆွံ့အသွား၏။

ဘာတွေဖြစ်ကုန်တာလဲလို့...

သူ့ကို ဘယ်သူရှင်းပြနိုင်မလဲ...

သူ၏အံ့သြမှုမှာ ရပ်တန့်မသွားသေးချေ။

"ရှောင်ဟန်က တကယ်ပဲ ဂိုဏ်းချုပ်ဖြစ်လာတာလား"

"ငါကတော့ သူမရဲ့စိတ်နေစိတ်ထားက ဂိုဏ်းချုပ်နဲ့မသင့်တော်ဘူးလို့ အမြဲထင်ခဲ့တာ..."

"လင်နင်းက ရှောင်ဟန်ရဲ့ရာထူးကို ဆက်ခံတာလား၊ သူတို့က အမြဲတမ်းမတည့်ကြတာ မဟုတ်ဘူးလား"

"ပြီးတော့ဝေမြောင်... ဒီမြှောက်ပေးတတ်တဲ့ကောင်က တကယ်ပဲ ပဉ္စမမြောက်ဂိုဏ်းချုပ် ဖြစ်လာတာလား"

"စတုတ္ထမျိုးဆက်တပည့်တွေထဲမှာ ဘာလို့ ဂိုဏ်းချုပ် ၅၈ ယောက်တောင် ဆက်တိုက်ဖြစ်နေရတာလဲ"

"တစ်ခုခုမှားနေတာလား"

"ဒီကောင်တွေက ပေါ့ဆလွန်းတာပဲ၊ ကလေးကစားသလို လုပ်နေကြတာလား"

ဂိုဏ်းတည်ဘိုးဘေးကြီးက ရှောင်ဟန်ဟု ခေါ်လိုက်ခြင်းနှင့် ပဉ္စမမြောက်ဂိုဏ်းချုပ်ကို မြှောက်ပေးတတ်သူဟု ပြောလိုက်ခြင်းမှာ အခြားဖေးရှန်ဂိုဏ်းတပည့်များသာဆိုလျှင် မလေးမစားလုပ်မှုဖြင့် ပြင်းပြင်းထန်ထန်အပြစ်ပေးခံရမည်။ သို့သော် ယွမ်ကျိနှင့် ယွမ်ရှန့်တို့မှာ တစ်ဦးကိုတစ်ဦးကြည့်ကာ အလွန်အမင်း ဝမ်းသာအားရဖြင့် ခေါင်းညိတ်လိုက်ကြသည်။ မမှားနိုင်တော့ဘူး။ ထိုပုဂ္ဂိုလ်မှလွဲ၍ ဖေးရှန်ဂိုဏ်းရဲ့ အတိတ်ကပညာရှိကြီးတွေကို ဒီလိုဝေဖန်နိုင်မယ့်သူမရှိ။

"ဘိုးဘေးကြီး... အဲဒီတုန်းက ဒုတိယနဲ့ တတိယမျိုးဆက် ဘိုးဘေးတွေအားလုံး အထက်အင်မော်တယ်လောကကို တက်လှမ်းသွားကြပါပြီ။ အဲဒီအချိန်မှာ အကြီးအကဲချုပ်ဝေမြောင်က တိတ်တဆိတ်ကျင့်ကြံနေရာကနေ ဂိုဏ်းချုပ်ရာထူးကို လာရောက်တာဝန်ယူပေးခဲ့တာပါ"

"စတုတ္ထမျိုးဆက် ဘိုးဘေးတွေထဲမှာ ဂိုဏ်းချုပ် ၅၈ ယောက်ဖြစ်ခဲ့ရတာက သူတို့ အင်မော်တယ်လောကကိုတက်လှမ်းတဲ့အချိန်က အရမ်းတိုလို့ပါ။ ဂိုဏ်းချုပ်တစ်ယောက်က နှစ်ရာဂဏန်းလောက်ကြာရင် တက်လှမ်းသွားကြလို့ပါ"

"ပဉ္စမမျိုးဆက်ဘိုးဘေးတွေကျတော့ သူတို့နဲ့ အစွမ်းချင်းအရမ်းကွာခြားသွားပြီး အဲဒီအချိန်မှာ ဒီတာဝန်ကိုထမ်းဆောင်နိုင်မယ့်သူမရှိလို့ပါ"

"ဟုတ်ပါတယ်... ပထမသုံးတန်းမှာရှိတဲ့ ပညာရှိကြီးတွေက ခေတ်အဆက်ဆက်ကို တုန်လှုပ်စေခဲ့တဲ့ လူသားနတ်ဘုရားတွေ ဖြစ်ကြပါတယ်။ သူတို့ကပဲ ဖေးရှန်ဂိုဏ်းရဲ့ နှစ်သန်းပေါင်းတစ်ထောင် သမိုင်းကြောင်းအတွက် အုတ်မြစ်ချပေးခဲ့တာပါ"

"ကျွန်တော်တို့ ဒီမျိုးဆက်တွေကပဲ သူတို့ကို မျက်နှာပျက်အောင်လုပ်နေမိပြီ..."

ကျန်းချန်မှာ နောက်တစ်ကြိမ်တုန်လှုပ်သွားပြီး ဆက်နားမထောင်နိုင်တော့ချေ။

"နေဦး... နေဦး... ခုနက ဘယ်လောက်ကြာသွားပြီလို့ ပြောလိုက်တာလဲ"

"နှစ်သန်းပေါင်းတစ်ထောင် (တစ်ဘီလီယံ) လား"

ယွမ်ကျိနှင့် ယွမ်ရှန့်တို့က တစ်ပြိုင်နက်ခေါင်းညိတ်ကြသည်။

"ကျွန်တော်တို့ ဖေးရှန်ဂိုဏ်းတည်ထောင်ခဲ့တာ နှစ်ပေါင်း ၁၀၀,၂၆၅,၀၀၀ ရှိပါပြီ"

"ပထမဆုံးဂိုဏ်းချုပ်က ဒီနေရာကိုရွေးချယ်ခဲ့တာက ဘိုးဘေးကြီး နောက်ဆုံးပျောက်ကွယ်သွားတဲ့ နေရာမို့လို့ပါ။ သူမက ဘိုးဘေးကြီးကို အမှတ်တရဖြစ်စေဖို့ တည်ထောင်ခဲ့တာပါ"

ကျန်းချန် မေ့လဲကျမတတ် ဖြစ်သွားရသည်။

"မဟုတ်သေးဘူး..."

သူက ခဏလေးပဲအိပ်ပျော်သွားတယ်ထင်နေတာ၊ တစ်နှစ်တောင်မပြည့်သေးဘူးလို့ထင်တာ။ ဒီခဏလေးအတွင်းမှာ နှစ်သန်းပေါင်းတစ်ထောင် ကုန်ဆုံးသွားတယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး။ ကျိလင်းဟန်တို့ကိုယ်တိုင် ဂိုဏ်းပြန်တည်ထောင်တာ မဆန်းတော့ဘူး၊ အချိန်အရမ်းကြာသွားတာပဲ။

ကံကောင်းတာက အချိန်ကာလ အယူအဆမရှိတဲ့ အဝါလေးနဲ့ ရှောင်ပိုင်တို့နှစ်ယောက်ပဲ ရွှမ်ကျီရုပ်ပုံထဲမှာရှိနေလို့ပေါ့။ တခြားတပည့်တွေသာဆိုရင် ရူးကုန်တာကြာလှပြီ။

"ဒါဆိုမင်းတို့က ငါ့ကိုဘယ်လိုလုပ်သိတာလဲ"

ဒီယွမ်ကျိဆိုရင် ၁၃၅ ဆက်မြောက် ဂိုဏ်းချုပ်ဖြစ်နေလေပြီ၊ ကျန်းချန်ကို တစ်ခါမှမြင်ဖူးမှာမဟုတ်။

"ဂိုဏ်းတည်ဘိုးဘေးကြီး... ကျေးဇူးပြုပြီးကြည့်ပေးပါ"

ယွမ်ကျိနှင့် ယွမ်ရှန့်တို့သည် ပန်းပွင့်ပုံသဏ္ဍာန် မှော်ရတနာတစ်ခုစီကို ကောင်းကင်သို့ မြှောက်တင်လိုက်ကြသည်။ ထို့နောက် ထိုပန်းပွင့်နှစ်ပွင့်မှာ ကျိလင်းဟန်၏ရုပ်တုအပေါ်ဘက်သို့ ပျံသန်းသွား၏။ ထိုအခါမှသာ ကျန်းချန်သည် အပေါ်ဘက်တွင် လွတ်နေသော အရောင်ကိုးမျိုးပါသည့် ကြာပန်းပလ္လင်တစ်ခုရှိနေသည်ကို သတိထားမိလိုက်သည်။ အလှဆင်ထားတာလို့ပဲ ထင်နေခဲ့တာ။

ပန်းပွင့်နှစ်ပွင့်မှာ ကြာပန်းပလ္လင်ထဲသို့ဝင်သွားပြီး လိုအပ်နေသော အစိတ်အပိုင်းပြည့်စုံသွားသည့်အခါ ကြာပန်းပလ္လင်အထက်တွင် ပိုမိုမြင့်မားသော အင်မော်တယ်ကျောက်ရုပ်တုတစ်ခု ပေါ်လာသည်။ ထိုသူမှာ အလွန်ငယ်ရွယ်သောပုံစံရှိပြီး သူ၏ခန့်ညားထည်ဝါမှုကို စကားလုံးဖြင့်ဖော်ပြရန်ပင် မလွယ်ကူချေ။ သူသည် ရှေ့တည့်တည့်စိုက်ကြည့်နေပြီး တည်ငြိမ်အေးဆေးသော အမူအရာရှိ၏။

ဤသူသည် ကျန်းချန်မှလွဲ၍ မည်သူ ဖြစ်နိုင်ဦးမည်နည်း။ ရုပ်တုအောက်တွင် ဂိုဏ်းတည်ဘိုးဘေးကြီးဟု ရေးထိုးထားသည်။

သူ့ကျောက်ရုပ်တုကိုကြည့်ပြီး ကျန်းချန်အနည်းငယ်ထူးဆန်းနေမိသည်။ သူသေသွားတာကြာလှပြီလို့ ခံစားနေရသလိုပဲ။ အကြာကြီးကြည့်ပြီးနောက် သူခေါင်းညိတ်လိုက်သည်။

"အင်း... မဆိုးပါဘူး။ ငါ့ရဲ့ဆွဲဆောင်မှုအနည်းငယ်တော့ ပါသားပဲ"

သို့သော် သူမကျေမနပ် ဖြစ်သွားပြန်သည်။

"ငါ့ရုပ်တုကို ဘာလို့ဖုံးထားတာလဲ။ လူမြင်လို့မရဘူးလား"

ဤအပြစ်တင်စကားကြောင့် ယွမ်ကျိနှင့် ယွမ်ရှန့်တို့မှာ ကြောက်လန့်တကြားဖြင့် ပြန်လည် ဒူးထောက်လိုက်ကြသည်။

"ဘိုးဘေးကြီး... ဒါက ပထမဆုံးဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေရဲ့ အလိုဆန္ဒကြောင့်ပါ။ အဲဒီတုန်းက အခြေအနေက အခုနဲ့မတူလို့ပါ"

"လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၀၀ ကျော်က ဘိုးဘေးကြီးဟာ အင်မော်တယ်ဧကရာဇ်ကျိုယန်ကိုသတ်ပြီး အင်မော်တယ်မြို့တော် ၉ ခုကိုဖျက်ဆီးခဲ့တာကြောင့် အင်မော်တယ်နယ်မြေ ၃ ခုလုံး တုန်လှုပ်သွားခဲ့ရပါတယ်"

ထိုသို့ပြောရင်း သူတို့နှစ်ဦးမှာ ကျန်းချန်ကိုအလွန်အထင်ကြီးလေးစားသောမျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ ဖေးရှန်ဂိုဏ်း၏သမိုင်းတွင် ဤမျှကြောက်စရာကောင်းသူတစ်ဦးရှိခဲ့တာ သူတို့အတွက် အလွန်ဂုဏ်ယူစရာကောင်း၏။

All Chapters