အလွန်ကောက်ကျစ်စဉ်းလဲ၏
Vol. 27 Ch. 266
ဒုတိယနည်းလမ်းမှာ အထက်အင်မော်တယ်လောကမှ အင်မော်တယ်ကံကြမ္မာတိုကင်တစ်ခု ရယူရန်ဖြစ်သည်။ အထက်အင်မော်တယ်လောကသည် နှစ်ပေါင်းတစ်သိန်းပြည့်တိုင်း တိုကင်အရေအတွက်အကန့်အသတ်တစ်ခုကို ကြဲချပေးလေ့ရှိသည်။ နောက်ထပ် နှစ်တစ်သိန်းစက်ဝန်း ကုန်ဆုံးချိန်တွင် တိုကင်လက်ဝယ်ပိုင်ဆိုင်ထားသည့်မည်သူမဆို အထက်အင်မော်တယ်လောကသို့ တက်လှမ်းခွင့်ရရှိမည်။
အထက်သို့ရောက်ရှိသွားကြသည့် ဂိုဏ်းတည်ဘိုးဘေးများ၏ အဆိုအရ အထက်အင်မော်တယ်လောကတွင် အမြဲတစေစစ်မက်ဖြစ်ပွားနေသဖြင့် လူအင်အား အဆက်မပြတ်ဖြည့်တင်းရန် လိုအပ်နေသောကြောင့်ဖြစ်သည်ဟုဆိုသည်။ ကျန်းချန်ကမူ ထိုအင်မော်တယ်ဧကရာဇ်များသည် မိမိတို့ကိုယ်မိမိ လူတိုင်းထက်သာလွန်သည်ဟု အမှန်တကယ်ယူဆနေကြကြောင်း ညည်းညူလိုက်၏။
သို့ဆိုလျှင် ဤတိုကင်များကို မည်သည့်နေရာတွင်ရရှိနိုင်မည်နည်း။ သူသည် အဓိပ္ပာယ်မဲ့စွာ လိုက်လံရှာဖွေနေရမည် မဟုတ်ပါလား။ ထိုသို့သာဆိုလျှင် အိပ်မက်ဆိုးတစ်ခုပင်။ အင်မော်တယ်ကံကြမ္မာတိုကင်များကိုရယူရန်မှာ မခက်ခဲလှပေ၊ ချမ်လန်ကောင်းကင်နယ်မြေရှိ ထျန်းရှူးဂိုဏ်းတွင် ဝယ်လိုက်ရုံသာ။
ဘာ...
သူတို့က ဤအရာများကို ရောင်းချနေကြသလော။ အထက်အင်မော်တယ်လောကသို့ တက်လှမ်းရန်မှာ ကျန်းချန်အတွက်မူ ကြီးမားသော အတားအဆီးမဟုတ်ပေ။ သူ၏ ပါရမီနှင့် စနစ်ကဲ့သို့သော အစွမ်းများရှိနေသရွေ့ ထိုလူကြီးလူကောင်းများ သတ်မှတ်ထားသည့် မည်သည့်စည်းကမ်းကမျှ သူ့ကိုတားဆီးနိုင်မည်မဟုတ်။
အလယ်အင်မော်တယ်လောကရှိ အခြားသူများအတွက်မူ တက်လှမ်းခွင့်မှာ အလွန်ခက်ခဲလှသကဲ့သို့ အလွန်မက်မောဖွယ်ရာလည်း ဖြစ်ပေသည်။ နောက်ဆုံးတွင် အထက်သို့ရောက်ရှိသွားပါက ပိုမိုကောင်းမွန်သော ကျင့်ကြံခြင်းအခြေအနေများကို ရရှိမည်မဟုတ်ပါလား။
သို့ပါလျက်နှင့် တစ်စုံတစ်ယောက်က ထိုအခွင့်အရေးကို အမှန်တကယ်ပင် ရောင်းချနေသလော။ ဈေးနှုန်းမှာ မည်မျှနည်း။ အကျိုးမဲ့လိုက်လံရှာဖွေနေရခြင်းကို ငွေကြေးဖြင့်ဖြေရှင်းနိုင်မည်ဆိုပါက အဆင်ပြေသက်သာလေသည်။
"အဆင့်မြင့် အင်မော်တယ်ကျောက်တုံးတစ်သိန်းပါ"
ဤမျှသက်သာလှသလော။ ကျန်းချန်မှာ နောက်တစ်ကြိမ်အံ့အားသင့်သွား၏။ အဆင့်မြင့်ကျောက်တုံးတစ်သိန်းဆိုသည်မှာ သူ့အတွက် အလွန်များပြားသောပမာဏဖြစ်သည်။ ယခင်တက်လှမ်းခြင်းစစ်ပွဲတွင် ကျဆုံးသွားသော အင်မော်တယ်မြို့တော်များထံမှ ကျောက်တုံး ဘီလီယံနှင့်ချီ၍လုယူခဲ့သော်လည်း အားလုံးနီးပါးမှာ အဆင့်နိမ့်များသာ။
သူတို့ကို အဆင့်မြင့်အဖြစ်ပြောင်းလဲလိုက်ပါက တစ်သန်းကျော်ရုံမျှသာရှိပေလိမ့်မည်။ ထို့အပြင် သူသည် အမှတ်များရရှိရန် အများစုကိုလဲလှယ်ခဲ့ပြီးဖြစ်ရာ လက်ကျန်မှာ အဆင့်မြင့်ကျောက်တုံး နှစ်သိန်းခန့်သာ ရှိတော့သည်။ ဤဈေးနှုန်းဖြင့်ဆိုပါက သူသည် တိုကင်နှစ်ခုဝယ်ယူနိုင်ပေသည်။
သို့သော်လည်း အထက်အင်မော်တယ်လောကသို့ တက်လှမ်းခွင့်ပေးသည့် ပစ္စည်းတစ်ခုကို ဆိုင်တင်၍ရောင်းချခြင်းမှာ အဓိပ္ပာယ်မဲ့၏။ ဤဈေးနှုန်းနှင့်ဆိုပါက တိုကင်များမှာ လွန်ခဲ့သော အချိန်ကတည်းက ရောင်းကုန်နေသင့်သည် မဟုတ်ပါလား။
ထို့အပြင် ထျန်းရှူးဂိုဏ်းသည် မည်သည့်နောက်ခံရှိသဖြင့် ဤကဲ့သို့သောပစ္စည်းမျိုးကို ဈေးသက်သက်သာသာဖြင့် ရောင်းချနိုင်သနည်း။ သူ့အမြင်တွင်မူ တက်လှမ်းခွင့်တစ်ကြိမ်မှာ အဆင့်မြင့်ကျောက်တုံး ဆယ်သန်း သို့မဟုတ် ဘီလီယံနှင့်ပင် တန်ဖိုးရှိ၏။ သို့ပါလျက်နှင့် ထျန်းရှူးဂိုဏ်းသည် တိုကင်များကိုရယူပြီး ကိုယ်တိုင်မသုံးစွဲဘဲ အဘယ်ကြောင့် ဈေးပေါပေါဖြင့် ရောင်းချနေရသနည်း။
အင်မော်တယ်အရှင်မြတ်ယွမ်ရှန့်က ချက်ချင်းပြန်ဖြေသည်။
"ထျန်းရှူးဂိုဏ်းက ကမ္ဘာဦးခေတ်ကတည်းက တည်ရှိခဲ့တယ်။ လက်ရှိသူတို့ဌာနချုပ်မှာ အထက်အင်မော်တယ်လောကမှာရှိပြီး အင်မော်တယ်ဧကရာဇ်အများအပြားက ကျောထောက်နောက်ခံပေးထားတာ။ အလယ်အင်မော်တယ်လောကမှာရှိတဲ့ ဌာနခွဲတွေမှာလည်း အင်မော်တယ်ဘုရင်တစ်ဒါဇင်ကျော် ရှိနေပါတယ်။ သူတို့က စီးပွားရေးကိုပဲလုပ်ဆောင်ကြပြီး ရန်ငြိုးရန်စတွေမှာ ဝင်ရောက်စွက်ဖက်ခြင်းမရှိသလို ဘယ်သူကမှလည်း သူတို့ကိုရန်မရဲကြဘူး။ တိုကင်တွေကတော့ တစ်စုံတစ်ယောက်က လာရောင်းထားတာတဲ့။"
"သူတို့ကို ရောင်းထားတာလား"
ကျန်းချန်မှာ ဇဝေဇဝါဖြစ်သွား၏။ ခက်ခက်ခဲခဲ တိုကင်တစ်ခုရရှိပြီးမှ အဘယ်ကြောင့် ထျန်းရှူးဂိုဏ်းထံ လာရောက်ရောင်းချရသနည်း။
"ဘာကြောင့်လဲ"
ယွမ်ကျိက အလျင်အမြန် ရှင်းပြသည်။
"ဂိုဏ်းတည်ဘိုးဘေးကြီး တံခါးပိတ်ကျင့်ကြံနေတာကြာပြီဆိုတော့ နောက်ကွယ်ကအကြောင်းတွေကို သိဦးမှာမဟုတ်ဘူး။ အင်မော်တယ်ကံကြမ္မာတိုကင်ဆိုတာ အမြဲတမ်းလက်မှတ်မဟုတ်ပါ၊ နှစ်တစ်သိန်းကာလရဲ့နောက်ဆုံးနေ့မှာ တိုကင်ကိုလက်ဝယ်ပိုင်ဆိုင်ထားမှသာလျှင် တက်လှမ်းနိုင်မှာပါ"
ကျန်းချန်မှာ ဆွံ့အသွားရသည်။ ထိုအင်မော်တယ်ဧကရာဇ်များသည် ထောင်ချောက်တစ်ခုကို နောက်ထပ်တစ်ခုနှင့် အစားထိုးလိုက်ခြင်းသာ။ အင်မော်တယ်မြို့တော် တက်လှမ်းခြင်းစစ်ပွဲ မရှိတော့သော်လည်း တိုက်ပွဲများမှာပျောက်ကွယ်မသွားပေ။
ယွမ်ကျိကဆက်ပြောသည်။
" တိုကင်က ဆယ်နှစ်တစ်ကြိမ် သူ့အရှိန်အဝါကို အလိုအလျောက်ထုတ်လွှင့်တယ်။ မိုင်ပေါင်း သန်း ၁၀၀ အတွင်းရှိ ကျင့်ကြံသူတိုင်းက သူ့ကိုအာရုံခံနိုင်ကြပြီး အလယ်အင်မော်တယ်လောကရဲ့ အလယ်ဗဟိုက အင်မော်တယ်ကံကြမ္မာကျောက်စာတိုင်မှာလည်း တိုကင်တိုင်းရဲ့တည်နေရာကို ဆယ်နှစ်တစ်ကြိမ်ပြသပေးတယ်။ တစ်ကြိမ်ပြသရင် တစ်လတိတိကြာပြီး တစ်လအတွင်း ဘယ်နေရာမှာပဲရှိနေပါစေ၊ ဘယ်လိုပဲဖုံးကွယ်ထားပါစေ... ပုန်းအောင်းနေလို့မရနိုင်ဘူး"
ဤလူများမှာ အမှန်တကယ်ကို ရက်စက်လှသည်။ နောက်ဆုံးတွင် သူနားလည်သွားလေပြီ။ တစ်စုံတစ်ယောက်က ကံကောင်း၍ တိုကင်တစ်ခုရရှိခဲ့မည်ဆိုလျှင် ထိုသူမှာ နောက်ထပ်နှစ်သန်းပေါင်းများစွာအထိ အေးချမ်းစွာနေထိုင်ရတော့မည်မဟုတ်။
ဆယ်နှစ်တစ်ကြိမ်တွင် သူ၏တည်နေရာကို အလယ်အင်မော်တယ်လောကတစ်ခုလုံးသို့ ထုတ်လွှင့်ပြသနေမည်ဖြစ်သည်။ ထိုကဲ့သို့အခြေအနေမျိုးတွင် တိုကင်ကိုကိုင်ဆောင်ထားခြင်းမှာ သေမိန့်ကိုဆုပ်ကိုင်ထားသကဲ့သို့ပင်။ မည်မျှသန်မာပါစေ၊ အဆုံးမဲ့သောဝံပုလွေအုပ်ကြီးကိုမူ မည်သူမျှမယှဉ်နိုင်ပေ။
"ဒါဆိုရင် တကယ့်တိုက်ပွဲက နောက်ဆုံးဆယ်နှစ်အတွင်းမှာဖြစ်မှာပေါ့"
"အတိအကျပါပဲ"
"နောက်ဆုံးဆယ်နှစ်၊ နောက်ဆုံးအကြိမ် တည်နေရာကိုပြသပြီးတဲ့နောက်မှာ တိုက်ပွဲက အထွတ်အထိပ်ကို ရောက်သွားပါတော့တယ်။ အဲဒီအချိန်မှာ တိုကင်ကိုလုယူပြီး လျှို့ဝှက်တဲ့တစ်နေရာမှာပုန်းအောင်းလို့ အထက်အင်မော်တယ်လောကကို တက်လှမ်းနိုင်တဲ့အချိန်အထိ အသက်ရှင်အောင်နေရတာပါ။ ပထမမျိုးဆက်လေးဆက်က ဂိုဏ်းတည်ဘိုးဘေးတွေကလွဲရင် နောက်ပိုင်းနှစ်သန်းပေါင်းများစွာအတွင်းမှာ ကျွန်တော်တို့ရဲ့ ရှေ့ဆောင် ၃၅၇ ယောက်ဟာ ဒီနည်းလမ်းနဲ့ပဲ အထက်လောကကို ရောက်သွားခဲ့ကြတာပါ"
အင်မော်တယ်အရှင်မြတ်ယွမ်ကျိ၏မျက်နှာမှာ ညှိုးငယ်သွား၏။
"ဒါပေမဲ့ တိုကင်အတွက် တိုက်ခိုက်ရင်းသေဆုံးသွားရတဲ့ ရှေ့ဆောင်တွေက ပိုတောင်များပါသေးတယ်...။ သတ်မှတ်ရက်မတိုင်ခင် နှစ်ပေါင်းသောင်းချီအလိုမှာ တိုကင်ရရှိထားသူအများစုဟာ အဆင့်မြင့်ကျောက်တုံးတစ်သောင်းနဲ့ ထျန်းရှူးဂိုဏ်းထံ လာရောက်ရောင်းချဖို့ပဲ ရွေးချယ်ကြပါတယ်။ ထျန်းရှူးဂိုဏ်းရဲ့ အင်အား၊ နောက်ခံနဲ့ ကြားနေရပ်တည်ချက်ကြောင့် ဒါကိုဝယ်ယူရဲတဲ့ တစ်ခုတည်းသောနေရာ ဖြစ်နေတာပါ"
၎င်းကို ဆက်လက်ထိန်းသိမ်းထားခြင်းမှာ အာလူးပူကြီးကို ကိုင်ထားသကဲ့သို့ ဖြစ်ပေလိမ့်မည်။ မကာကွယ်နိုင်ရုံသာမက မိမိ၏အသက်ကိုပါ ဆုံးရှုံးစေနိုင်သည်။ ထို့ကြောင့် အလကားပေးလိုက်ရမည့်အစား ကျောက်တုံးတစ်သောင်းနှင့် လဲလှယ်လိုက်ခြင်းမှာ သင့်လျော်သည် မဟုတ်ပါလား။ အင်အားကြီးမားလှသော ရှေးဟောင်းအင်မော်တယ်ဂိုဏ်းအချို့သာလျှင် လက်ဝယ်ထိန်းသိမ်းထားနိုင်ကြသည်။
"ထျန်းရှူးဂိုဏ်းကတော့ စီးပွားရေးလုပ်တတ်ပါပေတယ်"
သက်သာလှသည်ဟုထင်ခဲ့ရသော ဂိုဏ်းမှာ ယခုအခါ ကျန်းချန်အတွက် တကယ့်ကို ကောက်ကျစ်စဉ်းလဲသောနေရာ ဖြစ်သွားတော့သည်။ တစ်သောင်းနှင့်ဝယ်၍ တစ်သိန်းနှင့် ပြန်လည်ရောင်းချကာ နှစ်တစ်သိန်းတိုင်းတွင် ဤစက်ဝန်းက ထပ်ခါထပ်ခါ လည်ပတ်နေခြင်းဖြစ်သည်။ အသားတင်အမြတ်ပင်။
"ဂိုဏ်းတည်ဘိုးဘေးကြီး၊ တိုကင်ဝယ်ယူဖို့ အစီအစဉ်ရှိပါသလား"
အပြင်ပန်းတွင် ကျန်းချန်မှာ အဆင့် ၁ ရွှေအင်မော်တယ်အဆင့်သာရှိသေးကြောင်း ယွမ်ကျိနှင့် ယွမ်ရှန့်တို့က တစ်ချက်ကြည့်ရုံနှင့်သိရှိနိုင်သည်။ သို့သော်လည်း သူတို့သည် သူ၏အထောက်အထားကို သံသယမရှိကြပေ။
ဒုတိယ၊ တတိယနှင့် စတုတ္ထမျိုးဆက်များချန်ထားခဲ့သော ဒဏ္ဍာရီများအရ ဂိုဏ်းတည်ဘိုးဘေးကြီး၏ အပေါ်ယံကျင့်ကြံခြင်းအဆင့်မှာ မည်သည့်အခါမျှ မြင့်မားမနေခဲ့ကြောင်း ဖော်ပြထားသည်။ သို့သော် သူသည် အင်မော်တယ်ဧကရာဇ်များကို သတ်ဖြတ်နိုင်သူဖြစ်ရာ မည်သူကဘာပြောရဲပါမည်နည်း။
"နောက်ထပ်သတ်မှတ်ရက်အထိ ဘယ်လောက်လိုသေးလဲ"
"၁၃၁ နှစ်ပါ"
"အဲဒီလောက်တောင်ကြာတာလား..."
တက်လှမ်းရန်အတွက် ၁၃၁ နှစ် စောင့်ရမည်ဟူသောအတွေးမှာ ကျန်းချန်အတွက် စိတ်ညစ်ညူးဖွယ်ရာ ဖြစ်နေသည်။ သို့သော် သူက ကံကောင်းသည်ဟုဆိုရမည်။ အကယ်၍ သူသာ နောက်ထပ် ၁၃၁ နှစ် နောက်ကျ၍ နိုးလာခဲ့မည်ဆိုလျှင် နောက်ထပ်နှစ်တစ်သိန်းလုံးလုံး စောင့်ဆိုင်းရမည်ဖြစ်သည်။ ထိုသို့ဆိုလျှင် အင်မော်တယ်ဘုရင်အဆင့်အထိ ကျင့်ကြံလိုက်ခြင်းက ပို၍ကောင်းပေလိမ့်မည်။
ယွမ်ကျိနှင့် ယွမ်ရှန့်တို့မှာ ကြောင်သွားကြပြီး
"ကျင့်ကြံသူအတွက် အချိန်ဆိုတာအရေးမပါဘူး၊ ဘိုးဘေးကြီးက နှစ်သန်းပေါင်းတစ်ရာကျော်တောင် တံခါးပိတ်ကျင့်ကြံတာမဟုတ်ပါလား... ဘာကြောင့် ၁၃၁ နှစ်ကလေးကို ဂရုစိုက်နေရတာလဲ"
ဟု တွေးနေကြသည်။
"ဒါဆိုရင်တော့ ဝယ်ရမှာပေါ့... တခြား ဘာလုပ်လို့ရဦးမှာလဲ"
ကျန်းချန်သည် ထိုမှောင်ခိုဈေးကွက် ထျန်းရှူးဂိုဏ်းကိုပင်လုယက်၍ ဘာမှမပေးဘဲနေလျှင် ကောင်းမလားဟု စဉ်းစားခဲ့သေးသည်။ သို့သော် ၎င်းသည်ယဉ်ကျေးရာမကျပေ။ သူသည် ကျိုးကြောင်းဆီလျော်သူတစ်ဦး မဟုတ်ပါလား။
အဓိကအားဖြင့် သူသည် လုပ်ဆောင်ပြီးလျှင် ပျောက်ကွယ်သွားနိုင်သော်လည်း ဖေးရှန်ဂိုဏ်းသားများမှာမူ နောင်ဖြစ်ပေါ်လာမည့် လက်တုံ့ပြန်ခြင်းကိုခံရမည်ဖြစ်သည်။ သူ၏ သစ္စာရှိမှု အကြွင်းအကျန်လေးကြောင့်ပင် မိမိကိုယ်ကို ထိန်းချုပ်လိုက်၏။
သူဝယ်ယူမည်ဟု အတည်ပြုလိုက်သည့်အခါ ယွမ်ကျိနှင့် ယွမ်ရှန့်တို့၏ မျက်နှာများမှာ ဝင်းပသွားကြသည်။
"ဒါဆိုရင် ဂိုဏ်းတည်ဘိုးဘေးကြီး... တိုကင် အနည်းငယ်လောက် ပိုပြီးဝယ်ယူပေးလို့ရမလား..."
ဤမြေခွေးအိုကြီးနှစ်ယောက်မှာ ကျန်းချန်နှင့်အတူ အခမဲ့လိုက်ပါသွားနိုင်ရန်အတွက် စတင်ကြံစည်နေကြလေပြီ။