← Chapters

ပြတ်ပြတ်သားသားငြင်းဆန်ခြင်း

Vol. 27 Ch. 268

ပြတ်ပြတ်သားသားငြင်းဆန်ခြင်း

Vol. 27 Ch. 268

"ဘာကြောင့်လဲ၊ ဘာကိုအခြေခံပြီးပြောတာလဲ"

ကုချင်းယွီသည် အလွန်အမင်း မကျေမနပ်ဖြစ်နေ၏။ သူမသည် ယွမ်ကျိနောက်တွင် နှစ်ပေါင်း ၃၀၀,၀၀၀ ကြာ ဆည်းကပ်ခဲ့သည့် တပည့်ရင်းတစ်ဦးမဟုတ်ပါလား။ တစ်စုံတစ်ခုဖြစ်ပွားသည့်အခါ သူမ၏ဆရာက ကူညီဖေးမခြင်းမပြုသည့်အပြင် အလျှော့ပေးရန်ပါ ဖိအားပေးနေခြင်းမှာ လွန်လွန်းသည်ဟုခံစားရသည်။ မည်သူမဆို ၎င်းသည် လက်ခံနိုင်ဖွယ်မရှိသော မတရားမှုဟု ထင်မြင်ကြပေလိမ့်မည်။

သို့သော် အင်မော်တယ်အရှင်မြတ်ယွမ်ကျိကမူ ထိုသို့မတွေးပေ။

"ဂိုဏ်းရဲ့ စည်းမျဉ်းအသစ်ကို အခြေခံတာပဲ"

ဂိုဏ်းတည်ဘိုးဘေးကြီး၏ရှေ့မှောက်တွင် မျိုးဆက်ပေါင်းရာနှင့်ချီ၍ကွာခြားလှသော တပည့်တစ်ဦးမှာ အဘယ်မျှအရေးပါမည်နည်း။ ဆရာဖြစ်သူ၏ တင်းမာခက်ထန်လွန်းသောအကြည့်ကို မြင်လိုက်ရသောအခါ ကုချင်းယွီ၏နှလုံးသားမှာ ရေခဲကဲ့သို့အေးစက်သွား၏။ သူမ၏မျက်ဝန်းများ နီမြန်းလာကာ မျက်ရည်များကိုသုတ်လျက် ပျံသန်းထွက်ခွာသွားလေတော့သည်။

ကျန်နေသူများလည်း ဆွေးနွေးမှုများကို ရပ်တန့်လိုက်ကြ၏။ ဂိုဏ်းချုပ်နှင့် အကြီးအကဲတို့မှာ ယခုတစ်ကြိမ်တွင် အမှန်တကယ်ပင် အလေးအနက်ထားနေခြင်းဖြစ်ကြောင်း သူတို့သိလိုက်ရသည်။ ဂိုဏ်း၏ အဖိုးတန်ရတနာကဲ့သို့သော ကုချင်းယွီပင်လျှင် ဤကိစ္စတွင် အလျှော့ပေးလိုက်ရသည် မဟုတ်ပါလား။ လူအုပ်ကြီး လူစုကွဲသွားပြီးနောက် ဒုတိယအကြီးအကဲ ယွမ်ရှုက မျက်မှောင်ကြုတ်လျက် မေးမြန်းလိုက်သည်။

"ဂိုဏ်းချုပ်... အဲဒီဘိုးဘေးကြီးက ဘယ်သူလဲ"

အခြားအကြီးအကဲများကလည်း ဇဝေဇဝါဖြစ်နေ၏။

"အနည်းဆုံးတော့ အရိပ်အမြွက်လေးပေးသင့်တာပေါ့"

"ပညာရှိခန်းမထဲမှာ အဲဒီလိုလူမျိုး တစ်ခါမှမရှိခဲ့ဖူးဘူး"

"သူက တကယ်ပဲ ဂိုဏ်းရဲ့စီနီယာတစ်ယောက် ဖြစ်နေဦးတော့၊ ရိုသေမှုလေးပြလိုက်ရင်ရပါပြီ။ ဒီလောက်အထိ ခမ်းခမ်းနားနားလုပ်ဖို့ မလိုဘူးလို့ထင်ပါတယ်"

"ဟုတ်ပါတယ်၊ ချင်းယွီကို စိတ်နာအောင်လုပ်လိုက်တာက နည်းနည်းတော့ လွန်မသွားဘူးလား"

ကျင့်ကြံခြင်းလောကမှာ အလွန်ထူးဆန်းလှပေရာ အသက် ၃၀၀,၀၀၀ ရှိသော သူတစ်ဦးကိုပင် ကလေးတစ်ယောက်ဟု ခေါ်ဆိုနိုင်သေးသည်။

ခေါင်းဆောင်နှစ်ဦးဖြစ်သော ယွမ်ကျိနှင့် ယွမ်ရှန့်တို့မှာလည်း အကြပ်ရိုက်နေကြရသည်။ ကျန်းချန်၏ အထောက်အထားကို ထုတ်ဖော်၍မဖြစ်။ လောကတွင် လုံခြုံလှသောနံရံဟူသည်မရှိဘဲ သိသူများလေလေ သတင်းပျံ့ရန်လွယ်ကူလေလေပင်။ သို့သော် သေချာမရှင်းပြဘဲနေလျှင်လည်း တပည့်များ၏ထင်ကြေးပေးမှုများကို တားဆီးနိုင်မည်မဟုတ်။

"ငါနဲ့ အကြီးအကဲတို့က ရူးနေတယ်လို့ မင်းတို့ထင်နေတာလား"

"မထင်ပါဘူး..."

"အဲဒါဆိုရင်တော့ ဒီလိုလုပ်တာက ဂိုဏ်းအတွက် ကောင်းလို့ဆိုတာပဲ မင်းတို့သိထားဖို့လိုတယ်"

လူတိုင်းဆွံ့အသွားကြရသည်။ ထို့နောက်တွင် အင်မော်တယ်အရှင်မြတ်ယွမ်ကျိက သူတို့ကို ပို၍ဇဝေဇဝါဖြစ်စေမည့် အမိန့်တစ်ခုကို ထုတ်ပြန်လိုက်၏။

"ဂိုဏ်းရဲ့ ရတနာတိုက်ထဲမှာရှိတဲ့ အင်မော်တယ်ကျောက်တုံးအားလုံးကို စုဆောင်းပါ။ ပြီးတော့ အခုလောလောဆယ် မလိုအပ်သေးတဲ့ရတနာအချို့ကို ချက်ချင်းရောင်းချပြီး အဆင့်မြင့်အင်မော်တယ်ကျောက်တုံးအဖြစ် ပြောင်းလဲလိုက်ပါ။ နောက်ပြီး အကြီးအကဲ တစ်ယောက်ချင်းစီကလည်း အဆင့်မြင့်ကျောက်တုံး ၃၀၀,၀၀၀ စီ ထည့်ဝင်ကြရမယ်"

ဘာ...

သူ ဘာလုပ်ရန်ကြံစည်နေသနည်း။ သူတို့မေးမြန်းရန်ပင်အချိန်မရလိုက်ဘဲ အကြီးအကဲယွမ်ရှန့်ကဦးဆောင်လျက် သိုလှောင်လက်စွပ်တစ်ကွင်းကို ထုတ်ပေးလိုက်သည်။

"ဒါက ကျွန်တော်စုဆောင်းထားတဲ့ အင်မော်တယ်ကျောက်တုံးတွေ အကုန်လုံးပဲ၊ အဆင့်မြင့်ကျောက်တုံး ၂.၇၃ သန်းလောက် ရှိပါတယ်"

ယွမ်ကျိက လက်စွပ်ကိုစစ်ဆေးကြည့်ပြီး ခေါင်းညိတ်လိုက်သည်။ ၎င်းကိုမြင်ရသော အကြီးအကဲများမှာ မျက်လုံးပြူးသွားကြ၏။

"ဂိုဏ်းချုပ်၊ အကြီးအကဲ... ဒီလောက်များတဲ့ကျောက်တုံးတွေနဲ့ ဘာလုပ်မှာလဲဆိုတာမေးပါရစေ"

ကျောက်တုံးတွေရဖို့ ဂိုဏ်းရဲ့ရတနာတွေကိုပါ ရောင်းရမယ်ဆိုတာ လိုအပ်လို့လား။ ဂိုဏ်းက အဲဒီလောက်အထိ ချို့တဲ့သွားလို့လား။ အင်မော်တယ်အရှင်မြတ် ယွမ်ကျိက ပုံမှန်အတိုင်းပင် ဆိုလိုက်သည်။

"အင်မော်တယ်ကံကြမ္မာတိုကင်တွေဝယ်ဖို့"

"ဘာ..."

"အင်မော်တယ်ကံကြမ္မာတိုကင်တွေ ဝယ်မလို့လား"

ယခုမူ အကြီးအကဲများမှာ ဂိုဏ်းချုပ် အမှန်တကယ်ရူးသွပ်သွားပြီဟု သံသယဝင်လာ၏။ အကြီးအကဲယွမ်ရှန့်၏ မျက်နှာတွင်လည်း ရူးသွပ်မှုများပြည့်နှက်နေသည်ကိုတွေ့ရသည်။ တတိယအကြီးအကဲယွမ်မူသည် ဂိုဏ်းချုပ်၏ဆုံးဖြတ်ချက်များကို အမြဲတမ်းထောက်ခံခဲ့သူဖြစ်သော်လည်း ယခုတစ်ကြိမ်တွင်မူ မတ်တတ်ထရပ်၍ ကန့်ကွက်လိုက်သည်။

"ပွင့်ပွင့်လင်းလင်း ပြောရရင် အင်မော်တယ်ကံကြမ္မာတိုကင်တွေကို ဝယ်လို့မရပါဘူး"

အခြားအကြီးအကဲများကလည်း ဝိုင်းဝန်းအကြံပေးကြသည်။

"ဟုတ်ပါတယ် ဂိုဏ်းချုပ်၊ သတ်မှတ်ရက်ရောက်ဖို့ ၁၃၁ နှစ်တောင် လိုသေးတာပါ။ အခုအချိန်မှာ တိုကင်ဝယ်တာက သေမိန့်ဝယ်နေသလိုပါပဲ"

"အခုဂိုဏ်းချုပ်က ကျောက်တုံးတွေအများကြီးစုနေတယ်ဆိုတော့ တိုကင်တွေကို အမြောက်အမြားဝယ်ဖို့ စီစဉ်နေတာလား။ ဒါက ဂိုဏ်းအတွက် ကပ်ဘေးတစ်ခု ဆောင်ကြဉ်းလာပါလိမ့်မယ်"

အကြီးအကဲ ယွမ်ရှန့်ကမူ

"ငါသာ ဘိုးဘေးကြီးရဲ့ အထောက်အထားအစစ်ကို ပြောပြလိုက်ရင် မင်းတို့က ငါ့ထက်တောင် တက်ကြွနေဦးမှာ"

ဟု တွေးတောနေမိသည်။ ကံဆိုးသည်မှာ ထိုအကြီးအကဲများက ကျန်းချန်ကိုမသိကြခြင်းပင်။ သိလျှင်ပင် ကျန်းချန်မှာ သူတို့၏ဂိုဏ်းတည်ဘိုးဘေးကြီးဖြစ်ကြောင်း ယုံကြမည်မဟုတ်။

"မင်းတို့က အင်မော်တယ်လောကကို မတက်လှမ်းချင်ကြဘူးလား၊ ဒါက အခွင့်အရေးကောင်းကြီးလေ"

လူတိုင်းဆွံ့အသွား၏။ ၎င်းသည် အဘယ်ကဲ့သို့သော အခွင့်အရေးကောင်းနည်း။ သူတို့သည် အထက်လောကသို့ တက်လှမ်းလိုကြသည်မှန်သော်လည်း တိုကင်များကို အမြောက်အမြားဝယ်ယူခြင်းဖြင့် ထိုသို့ဖြစ်လာနိုင်မည်ဆိုပါက သူတို့အတွက် ဝယ်ရန်အခွင့်အရေး ကျန်တော့မည်မဟုတ်။

"ဒီလုပ်ရပ်က လုံးဝမသင့်တော်ပါဘူး၊ ကျွန်တော်တို့ သဘောမတူပါဘူး"

"သတ်မှတ်ရက်နားနီးမှ နှစ်ခု၊ သုံးခုလောက်ဝယ်တာက လက်ခံနိုင်ပေမဲ့ အခုကစောလွန်းပါသေးတယ်"

"ဟုတ်ပါတယ်၊ ကျွန်တော်တို့ လုံးဝသဘောမတူပါဘူး"

ဂိုဏ်းချုပ်နှင့် အကြီးအကဲတို့မှာ အာဏာအရှိဆုံးသူများဖြစ်သော်လည်း အကြီးအကဲအဖွဲ့၏ သဘောထားမှာလည်း အရေးပါလှသည်။ သူတို့အားလုံးက စုပေါင်းကန့်ကွက်နေလျှင် ဤကိစ္စကို လုပ်ဆောင်ရန် ခက်ခဲပေလိမ့်မည်။

"အောင်မယ်လေး... မင်းတို့ကတော့..."

ယွမ်ကျိနှင့် ယွမ်ရှန့်တို့မှာ ဒေါသထွက်လွန်းသဖြင့် ရိုက်နှက်ချင်စိတ်ပင် ပေါက်လာသည်။ ဤသူများမှာ ဘိုးဘေးကြီး၏အစွမ်းကို မသိကြပေ။ စိတ်ဓာတ်ကျနေသည့်ကြားမှ အကြီးအကဲယွမ်ရှန့်က လွှတ်ခနဲပြောလိုက်မိသည်။

"ဘိုးဘေးကြီး ဒီမှာရှိနေသရွေ့ အင်မော်တယ်ကံကြမ္မာတိုကင်တွေကို ပြင်ပလူတွေလုယူသွားမှာ စိုးရိမ်စရာမလိုဘူး"

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွား၏။ ယွမ်ကျိက ယွမ်ရှန့်ကို လျှို့ဝှက်ချက်များမပေါက်ကြားစေရန် မျက်စောင်းထိုးလိုက်သည်။ သို့သော် အကြီးအကဲများက ခေါင်းယမ်းလိုက်ကြပြန်သည်။

"အဲဒီဘိုးဘေးကြီးလား။ သူက ဝါစဉ်မြင့်ရင်တောင် အစွမ်းကတော့ ရွှေအင်မော်တယ်ပဲ မဟုတ်လား"

"ငါတို့က တိုကင်တွေအမြောက်အမြားဝယ်လိုက်တာနဲ့ တခြားဂိုဏ်းတွေက ငါတို့ကို ပစ်မှတ်ထားကြလိမ့်မယ်။ အင်မော်တယ်ဘုရင်တွေတောင် တိုက်ခိုက်လာနိုင်တယ်။ ရှေးဟောင်းအင်မော်တယ်ဂိုဏ်းတွေတောင် ဒါကိုရင်မဆိုင်ရဲဘူး၊ သူက ဘာနဲ့ကာကွယ်မှာလဲ"

"သူက အင်မော်တယ်ဘုရင်တွေကို သူ့ရဲ့နောက်ခံအဖြစ် ရှာနိုင်လို့လား"

သူကိုယ်တိုင်က အကြီးမားဆုံးနောက်ခံဖြစ်၏။ သို့သော် လူတိုင်း၏ပြောဆိုမှုများက ယွမ်ကျိကို အကြံတစ်ခုရရှိသွားစေသည်။ ဂိုဏ်းတည်ဘိုးဘေးကြီး၏ အထောက်အထားကို ထုတ်ဖော်၍မရသော်လည်း အခြားနည်းလမ်းဖြင့် အရိပ်အမြွက်ပေး၍ရသည် မဟုတ်ပါလား။ မည်သို့ပင်ဖြစ်စေ သူသည် ယုံကြည်အားကိုးရသူဖြစ်ကြောင်း သက်သေပြနိုင်လျှင်ရလေပြီ။

"ဟုတ်တယ်၊ ဘိုးဘေးကြီးက ဝါစဉ်အလွန်မြင့်မားသလို အလယ်အင်မော်တယ်လောကမှာလည်း အဆက်အသွယ်တွေ အများကြီးရှိတယ်။ အင်မော်တယ်ဘုရင် အများအပြားကလည်း သူ့ရဲ့မိတ်ဆွေဟောင်းတွေပဲ။ သူက ငါတို့ကို တိုကင်တွေထိန်းသိမ်းဖို့ ကူညီနိုင်တယ်၊ အားလုံး စိတ်ချလက်ချ ဝယ်ကြပါ"

ယွမ်ရှန့်ကလည်း ဝင်ပြောသည်။

"သူက ဒီတစ်ခါပြန်လာတာက ငါတို့ကိုမြှင့်တင်ပေးဖို့ အထူးပြန်လာတာ၊ ဒီအခွင့်အရေးကို လက်လွှတ်မခံကြနဲ့"

လူတိုင်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

"ဒါဆိုရင် ဘိုးဘေးကြီးရဲ့နာမည်က ဘယ်သူလဲဆိုတာ မေးလို့ရမလား"

အကယ်၍ ထိုကဲ့သို့ဩဇာကြီးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါက အလယ်အင်မော်တယ်လောကတွင် ဟိုးဟိုးကျော်နေသင့်သည် မဟုတ်ပါလား။ သူတို့ ကြားဖူးသင့်ပေသည်။

"ဒီကိစ္စကတော့..."

ယွမ်ကျိနှင့် ယွမ်ရှန့်တို့မှာ တစ်ဖန် အကြပ်ရိုက်သွားရပြန်သည်။ ကျန်းချန်၏နာမည်ကို ပြော၍မဖြစ်ပေ။

"သူ့ရဲ့ နာမည်က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက လူမသိသူမသိ ပျောက်ကွယ်နေခဲ့တာပါ။ ငါတို့က ဖေးရှန်ဂိုဏ်းကို အန္တရာယ်ဖြစ်အောင်လုပ်မှာမဟုတ်ဘူးဆိုတာပဲ မင်းတို့သိထားဖို့လိုတယ်"

"ဟုတ်တယ်၊ ငါနဲ့ ဂိုဏ်းချုပ်တို့က ဖေးရှန်ဂိုဏ်းကို ဒုက္ခပေးပါ့မလား"

အတော်ကြာအောင် ဖျောင်းဖျပြောဆိုပြီးသည့်နောက်ဆုံး၌ အကြီးအကဲတစ်ဒါဇင်ခန့်သာ တစ်ဝက်တစ်ပျက်ယုံကြည်သွားကြပြီး အင်မော်တယ်ကျောက်တုံးအချို့ ထည့်ဝင်ခဲ့ကြသည်။ ဒုတိယနှင့် တတိယအကြီးအကဲတို့အပါအဝင် အခြားအကြီးအကဲများနှင့် ရာနှင့်ချီသောသူများကမူ သဘောမတူခဲ့ကြပေ။ ယွမ်ကျိနှင့် ယွမ်ရှန့်တို့မှာ ဒေါသထွက်သော်လည်း ဘာမှမတတ်နိုင်ကြ။ နောက်ဆုံးတွင် သူတို့သည် ကျန်းချန်ထံသို့သွားရောက်ကာ အကြံဉာဏ်တောင်းခံရန်သာ ရှိတော့သည်။

အစည်းအဝေးတွင် ဖြစ်ပျက်ခဲ့သမျှကို ကြားလိုက်ရသောအခါ အစ်ကိုကြီးချန်မှာ သူတို့၏ဩဇာမရှိမှုကို အားမလိုအားမရဖြစ်သွား၏။

"ဒီလိုမျိုးဖြစ်နေတာလား"

သူ ဂိုဏ်းချုပ်လုပ်ခဲ့စဉ်တုန်းက ဩဇာအာဏာမှာ မည်သို့ရှိခဲ့သည်ကို ပြန်လည်တွေးတောမိသည်။ အခြားသူများမှာ စကားပြောခွင့်ပင်မရှိခဲ့။ အရှေ့တွင် မီးပုံကြီးရှိနေလျှင်ပင် သူကခုန်ချခိုင်းပါက လူတိုင်းမျက်စိမှိတ်၍ခုန်ချကြမည်သာ။

"အခု ကျောက်တုံးဘယ်လောက်စုမိပြီလဲ"

"ဂိုဏ်းရဲ့ ဘဏ္ဍာတိုက်ကနေ တိုက်ရိုက်သုံးလို့ရတာသိပ်မရှိပါဘူး။ ရတနာအချို့ရောင်းပြီးတာနဲ့ တပည့်တွေရဲ့စုဆောင်းမှုတွေပေါင်းလိုက်ရင် အဆင့်မြင့်ကျောက်တုံး ၃၃၀ သန်းလောက်ပဲ ရှိပါသေးတယ်"

ယွမ်ရှန့်က နောင်တရစွာဖြင့်ဆိုလေသည်။

"တခြားအကြီးအကဲတွေပါသဘောတူရင် ဒီထက်မကရမှာပါ..."

ကျန်းချန်က လက်ဝှေ့ယမ်းလျက်ပြောလိုက်၏။

"မလိုတော့ဘူး"

All Chapters