← Chapters

လင်ဟွားဟန်၏ တွေးတောယူဆချက်

Vol. 27 Ch. 269

လင်ဟွားဟန်၏ တွေးတောယူဆချက်

Vol. 27 Ch. 269

အဆင့်မြင့်အင်မော်တယ်ကျောက်တုံး ၃၃၀ သန်းဖြင့် အင်မော်တယ်ကံကြမ္မာတိုကင် ၃,၃၀၀ ကို ဝယ်ယူနိုင်သည်။ ဤပမာဏမှာ ကျန်းချန်လိုလားသည့်အတိုင်းအတာသို့ ရောက်ရှိလုနီးပါး ဖြစ်နေလေပြီ။ အခြားသူများက သဘောမတူလိုလျှင်လည်း ထားလိုက်ရုံသာ။ မည်သို့ပင်ဆိုစေကာမူ ၎င်းသည် ဖေးရှန်ဂိုဏ်းဖြစ်ပြီး သူတို့မှာ သူ၏နောက်မျိုးဆက်များဖြစ်ကြရာ လူအများကို အတင်းအကျပ်နာခံခိုင်းစေမည့် နည်းလမ်းကြမ်းကြမ်းများကို သူအသုံးမပြုလိုပေ။

"အရင်ဆုံး တိုကင် ၃,၃၀၀ ဝယ်မယ်"

"မင်းတို့ ကျောက်တုံးတွေပြင်ဆင်ထားလိုက်။ အားလုံးအဆင်သင့်ဖြစ်ရင် ငါ့ကိုလာခေါ်"

ဂိုဏ်းတည်ဘိုးဘေးကြီးက သူတို့၏စွမ်းဆောင်ရည်ညံ့ဖျင်းမှုကို အပြစ်မတင်သည့်အတွက် ယွမ်ကျိနှင့် ယွမ်ရှန့်တို့မှာ သက်ပြင်းချနိုင်တော့သည်။ ဤဂိုဏ်းတည်ဘိုးဘေးကြီးမှာ စကားပြောဆိုရအလွန်လွယ်ကူသူဖြစ်ကြောင်း တိတ်တဆိတ်မှတ်ချက်ပြုမိကြ၏။

နောက်ရက်များတွင် သူတို့က ကျောက်တုံးများပြင်ဆင်နေစဉ်အတွင်း ဖေးရှန်ဂိုဏ်းတစ်ခုလုံး၌ ဘယ်ကမှန်းမသိပေါ်ပေါက်လာသော ဤဘိုးဘေးကြီးအကြောင်း ပြောဆိုသံများဖြင့် ဆူညံနေတော့သည်။

"ဒါက အရမ်းမထူးဆန်းလွန်းဘူးလား။ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတို့ ဝိညာဉ်ထိန်းချုပ်ခံထားရပြီလို့ ငါသံသယရှိတယ်"

"ဟုတ်တယ်၊ အဲဒီဘိုးဘေးကြီးကျန်းက အရမ်းထူးဆန်းတယ်။ သူ့နာမည်အရင်းကိုတောင် သေချာမသိဘဲ အဲဒီလောက်အထိယုံကြည်နေကြတာက တကယ့်ကိုအဓိပ္ပာယ်မရှိတာ"

"ဝိညာဉ်ထိန်းချုပ်တာတော့ မဖြစ်နိုင်ပါဘူး။ သူက ရွှေအင်မော်တယ်အဆင့်ပဲ ရှိတာကို၊ အင်မော်တယ်အရှင်မြတ်တစ်ယောက်ကို ဘယ်လိုလုပ်ထိန်းချုပ်နိုင်မှာလဲ"

"ဘာပဲဖြစ်ဖြစ် သူက လူတွေကိုဖျောင်းဖျနားသွင်းဖို့ နည်းလမ်းတစ်ခုခုသုံးထားတာပဲ ဖြစ်ရမယ်။ ဒီကာလမှာသတိထားဖို့ ငါ့ဆရာကမှာထားတယ်"

"ဂိုဏ်းချုပ်တို့က တိုကင်တွေအမြောက်အမြားဝယ်ဖို့ ကျောက်တုံးတွေစုနေတယ်လို့ကြားတယ်။ သူတို့ တကယ်ရူးသွားကြပြီ"

"နှမြောစရာပဲ... ငါတို့ဖေးရှန်ဂိုဏ်းတော့ ဒုက္ခနဲ့ရင်ဆိုင်ရတော့မယ်ထင်တယ်..."

ဤသို့ ပြောဆိုငြင်းခုံသံများသည် တစ်နေ့ထက်တစ်နေ့ ပိုမိုကျယ်လောင်လာသည်။ အကြီးအကဲများသည်လည်း တိုကင်အမြောက်အမြားဝယ်ယူခြင်းက ဂိုဏ်းပျက်စီးမည့်ကပ်ဘေးအား ဖိတ်ခေါ်သလိုဖြစ်မည်ကို စိုးရိမ်နေကြ၏။ ထိုရက်များအတွင်း ယွမ်ကျိနှင့် ယွမ်ရှန့်ကို တားဆီးရန် ဖျောင်းဖျသူ၊ ငိုယိုတောင်းပန်သူများရှိသော်လည်း ထိုအဖိုးကြီးနှစ်ဦးမှာမူ မည်သူ့စကားကိုမျှ နားမဝင်တော့ပေ။ သူတို့သည် မိမိတို့သဘောအတိုင်းသာ ဆက်လက်လုပ်ဆောင်ကြပြီး ပြင်းထန်သောစကားများကိုပင် ဆိုလိုက်ကြသေးသည်။

"အကယ်၍ ဖေးရှန်ဂိုဏ်းက တောင့်မခံနိုင်တော့ဘူးဆိုရင် မင်းတို့ ငါတို့နဲ့လမ်းခွဲလိုက်လို့ ရတယ်"

ဤစကားများကြောင့် လူအတော်များများမှာ ပိုမိုစိတ်ပျက်သွားကြရသည်။ ယွမ်ရှုနှင့် ယွမ်မူတို့ကဲ့သို့သော အကြီးအကဲများလည်း ဖြေရှင်းချက်ရှာမရဘဲ

"ဂိုဏ်းချုပ်တော့ လမ်းမှားရောက်သွားပြီ၊ ဒါဟာ ဂိုဏ်းဆုတ်ယုတ်မယ့်နိမိတ်ပဲ"

ဟုသာ ကောက်ချက်ချလိုက်ကြသည်။

တပည့်များကြားတွင်လည်း မကျေနပ်မှုများရှိနေသည်။

"စီနီယာချင်းယွီက ဒီရက်ပိုင်းမှာ တံခါးပိတ်အနားယူနေတယ်လို့ ကြားတယ်။ သူမ တကယ့်ကို စိတ်ပျက်သွားပုံရတယ်"

"ငါသာ သူမနေရာမှာဆိုရင်လည်း စိတ်ပျက်မိမှာပဲ။ ဂိုဏ်းချုပ်က ဘယ်ကမှန်းမသိတဲ့ ဘိုးဘေးကြီးအတွက်နဲ့ ကိုယ့်လူတွေကို လျစ်လျူရှုတာက လွန်လွန်းနေပြီ"

အကြီးအကဲ ယွမ်ရှန့်၏တပည့်ဖြစ်သူ လင်ဟွားဟန်သည် ကုချင်းယွီနှင့် ပြိုင်ဘက်ဖြစ်သော်လည်း သူမအတွက် ရှေ့နေလိုက်၍ပြောပေးလိုက်သည်။

"ဆရာ... ဘာလို့ အဲဒီဘိုးဘေးကြီးကျန်းကို အဲဒီလောက်တောင် ယုံကြည်နေရတာလဲ။ ကုချင်းယွီခံစားခဲ့ရတဲ့မတရားမှုက နည်းနည်းတော့မများလွန်းဘူးလား"

"မတရားမှု ဟုတ်လား"

မိမိတပည့်၏ မကျေမနပ်ဖြစ်နေသောအကြည့်ကို မြင်လိုက်ရသောအခါ အင်မော်တယ်အရှင်မြတ်ယွမ်ရှန့်က လှောင်ပြုံးပြုံးလိုက်သည်။

"သူမက ကောင်းကင်ကို ကျေးဇူးတင်သင့်တာ၊ ဘိုးဘေးကြီးက အဲဒီလောက်အထိ သည်းခံပေးခဲ့တာကိုပဲ ဝမ်းသာသင့်တယ်။ သူမက ဘိုးဘေးကြီးကိုသတ်ဖို့ ကြိုးစားခဲ့တာတောင် ဘိုးဘေးကြီးက အပြစ်အနည်းငယ်ပေးရုံနဲ့တင် ကျေနပ်ခဲ့တာ။ ဒီလိုစိတ်သဘောထားကြီးမှုမျိုးက ငါတို့လိုက်လို့မမီနိုင်တဲ့အရာပဲ..."

လင်ဟွားဟန်မှာ ဆွံ့အသွား၏။ ၎င်းသည် လူပြောရမည့်စကားလော။ အပြစ်တင်ရမည့်အစား ချီးမွမ်းနေသည်မှာ မယုံနိုင်စရာပင်။

"ဒါပေမဲ့ ကုချင်းယွီရဲ့သားရဲကို သူကအရင်သတ်လိုက်တာပဲလေ၊ သူအရင်မှားခဲ့တာမဟုတ်လား"

ယွမ်ရှန့်က စိတ်မရှည်သလိုလက်ကာလိုက်ပြီး

"အဲဒီကိစ္စလေးတွေကို ငါ့ကိုလာမပြောနဲ့တော့။ ငါမင်းကိုတစ်ခုပဲမေးမယ်။ အကယ်၍ အဲဒီလူက ဘိုးဘေးကြီး တန်ထိုက်တို့၊ ဝေမြောင်တို့၊ သွမ့်ဟယ်တို့ ဖြစ်နေမယ်ဆိုရင် မင်းဒီလိုပဲတွေးနေဦးမှာလား"

လင်ဟွားဟန်သည် ထိုဘိုးဘေးကြီးများ၏နာမည်ကို ကြားလိုက်ရုံနှင့် ခပ်မြန်မြန်ပင် ဦးညွှတ်လိုက်မိသည်။ သူတို့မှာ ပညာရှိခန်းမ၏ ရှေ့ဆုံးတန်းတွင်ရှိနေသော အထွတ်အမြတ်ပုဂ္ဂိုလ်များ မဟုတ်ပါလား။

"ကုချင်းယွီက အဲဒီဘိုးဘေးကြီးတွေကို တိုက်ခိုက်ခဲ့တာဆိုရင် သူမက အကြိမ်ပေါင်းတစ်သောင်း သေသင့်ပါတယ်။ အခုလိုအသက်ရှင်နေတာကတင် ကံကောင်းလွန်းတာပါ"

ယွမ်ရှန့်က လက်နှစ်ဖက်ကို ဖြန့်ပြလိုက်ရင်း ဆိုလိုက်သည်။

"အဲဒါဆိုရင် ကိစ္စကပြီးသွားပြီမဟုတ်လား"

လင်ဟွားဟန်၏ မျက်နှာမှာ ဖြတ်ခနဲပြောင်းလဲသွားပြီး...

"ဒါဆို... ဒီဘိုးဘေးကြီးကျန်းရဲ့ ဝါစဉ်နဲ့ အဆင့်အတန်းက အဲဒီဘိုးဘေးကြီးတွေထက်မနိမ့်ဘူးလို့ ဆိုလိုတာလား"

"အဲဒီလိုပဲ သဘောထားလိုက်ပါ"

ယွမ်ရှန့်က စိတ်ထဲတွင်မူ မနိမ့်ရုံတင်မကဘဲ အဆပေါင်းများစွာ ပိုမြင့်မားကြောင်း သိနေသည်။ လင်ဟွားဟန်ကမူ မယုံကြည်နိုင်သေးဘဲ ထပ်မံမေးမြန်းပြန်သည်။

"ဒါပေမဲ့ ပထမမျိုးဆက်သုံးဆက်စလုံးရဲ့ ကျောက်စိမ်းရုပ်တုတွေက ပညာရှိခန်းမထဲမှာရှိတယ်လေ။ ပြီးတော့ ဒီလူ့အကြောင်းကို ဂိုဏ်းရဲ့မှတ်တမ်းတွေမှာ တစ်လုံးတစ်ပါဒမှ မဖော်ပြထားဘူး။ သူ့ရဲ့အဆင့်အတန်းက အဲဒီလောက်မြင့်မားမယ်ဆိုရင် ဘာလို့ဘာမှမရေးထားရတာလဲ"

ယွမ်ရှန့်မှာလည်း မည်သို့ရှင်းပြရမှန်းမသိသဖြင့်

"ဒီဘိုးဘေးကြီးက အရမ်းကိုထူးခြားတယ်၊ အရမ်းကိုပဲထူးခြားတဲ့သူပဲ" ဟုသာ ဆိုလိုက်နိုင်သည်။

လင်ဟွားဟန်ကမူ ဤဘိုးဘေးကြီးမှာလည်း လွန်ခဲ့သောနှစ်ပေါင်းများစွာက လန်ယီကဲ့သို့ပင် ထိခိုက်လွယ်သောအကြောင်းရင်းအချို့ကြောင့် မှတ်တမ်းတင်မခံရခြင်းဖြစ်မည်ဟု တွေးတောမိသည်။ သို့သော် လန်ယီ၏နာမည်ပင် ကျန်ရစ်ခဲ့သေးသော်လည်း ဤလူ့အကြောင်းကိုမူ လုံးဝမသိကြပေ။

ခုနစ်ရက်အကြာတွင် ယွမ်ကျိနှင့် ယွမ်ရှန့်တို့က အဆင့်မြင့်ကျောက်တုံး ၃၃၀ သန်းကို ကျန်းချန်ထံသို့ လာရောက်အပ်နှံကြသည်။ ယခုတစ်ကြိမ်တွင်မူ ကျန်းချန်ကိုယ်တိုင် တိုကင်များကို သွားရောက်ဝယ်ယူမည်။ နယ်မြေအတော်များများကို ဖြတ်ကျော်ရမည်ဖြစ်ပြီး တိုကင်အမြောက်အမြားကို သယ်ဆောင်ရမည်ဖြစ်ရာ လမ်းခရီးတွင် အန္တရာယ်များနိုင်သောကြောင့်ဖြစ်သည်။ ကျန်းချန်ကိုယ်တိုင်သွားရောက်ခြင်းကသာ လုံခြုံမှုကို အာမခံနိုင်ပေလိမ့်မည်။

ယွမ်ရှန့်က လင်ဟွားဟန်ကို ခေါ်ယူလိုက်ပြီး ကျန်းချန်နှင့်အတူ ခရီးစဉ်တွင်လိုက်ပါ၍ ပြုစုစောင့်ရှောက်ရန် တာဝန်ပေးလိုက်သည်။

"ဒါက မင်းရဲ့တစ်သက်တာမှာ အကြီးမားဆုံးအခွင့်အရေးပဲ။ ဘိုးဘေးကြီးကို သေချာပြုစုပါ၊ သူပြောတဲ့စကားတိုင်းကို ဂိုဏ်းရဲ့အရေးကြီးတဲ့အမိန့်တွေလို သဘောထားပါ"

ဟု မှာကြားလိုက်၏။ လင်ဟွားဟန်သည် ကျန်းချန်အပေါ်အထင်မကြီးသော်လည်း သူ၏ထူးခြားမှုကို သိလိုသည့်စိတ်ဆန္ဒဖြင့် ကျန်းချန်၏နောက်တွင် တိတ်တဆိတ်လိုက်ပါသွားတော့သည်။

All Chapters