← Chapters

ဓားအစေခံတပည့်များ

Vol. 27 Ch. 270

ဓားအစေခံတပည့်များ

Vol. 27 Ch. 270

လင်ဟွားဟန် လိုက်ပါခွင့်ရသည်ကိုမြင်သောအခါ ဂိုဏ်းချုပ်ယွမ်ကျိသည်လည်း အကြံရသွား၏။ ဂိုဏ်းတည်ဘိုးဘေးကြီးနှင့်အတူလိုက်ပါသွားစဉ် ထိုပုဂ္ဂိုလ်ကြီးထံမှ လမ်းညွှန်မှုအနည်းငယ်ရရှိခဲ့လျှင်ပင် အကျိုးကျေးဇူးမှာ အတိုင်းအဆမရှိနိုင်ပေ။ ယခင်က ဘိုးဘေးကြီး၏တပည့်တစ်စုကို ပြန်လည်စဉ်းစားကြည့်လျှင် ယခုအခါ အနည်းဆုံး အင်မော်တယ်ဘုရင်အဆင့်များ ဖြစ်နေကြလေပြီ။ ထိုပုဂ္ဂိုလ်ကြီးနှင့် ပိုမိုနီးစပ်ခွင့်ရခြင်းသည်ပင် အနာဂတ်တွင် ကြီးမားသော ဆုလာဘ်များရရှိနိုင်၏။

"ဘိုးဘေးကြီး... ကျွန်တော့်ရဲ့ တပည့်မလေးကလည်း ဘိုးဘေးကြီးကို အလွန်ကြည်ညိုပါတယ်။ သူမကိုလည်း အတူတူလိုက်ပါခွင့်ပြုနိုင်မလားခင်ဗျာ"

ကျန်းချန်က ခေတ္တမျှစဉ်းစားလိုက်သည်။ သူ၏ခန့်ညားထည်ဝါမှုကို ကြည့်ရှုမည့်ပရိသတ် လိုအပ်နေသည်မဟုတ်ပါလား။ သို့မဟုတ်ပါက မည်သူက သူ့ကိုကြည့်၍ အံ့အားသင့်တော့မည်နည်း။

"ဖြစ်ပါတယ်"

ယွမ်ကျိသည် ကုချင်းယွီကို သွားရောက်ခေါ်ယူရန် လူလွှတ်လိုက်သည်။ ဆရာတစ်ဦးအနေဖြင့် သူသည် ဤတပည့်ရင်းကို အလွန်အမင်းအလိုလိုက်ခဲ့သူဖြစ်ရာ ကောင်းမွန်သည့်အရာရှိတိုင်း သူမကိုအမြဲသတိရတတ်သည်။ ထိုအချိန်တွင် ဒုတိယနှင့် တတိယအကြီးအကဲများလည်း ရှေ့တိုးလာကြသည်။

"ဘိုးဘေးကြီးရဲ့ခရီးစဉ်က အလွန်အရေးကြီးပါတယ်။ ဂိုဏ်းရဲ့ အင်မော်တယ်အရှင်မြတ်တစ်ယောက်မှမပါဘဲသွားတာက အရမ်းအန္တရာယ်များလွန်းပါတယ်"

သူတို့မှာ ကျန်းချန်နောက်သို့လိုက်ပါရခြင်းကို ဂုဏ်ယူဖွယ်ဟုမယူဆကြပေ၊ ကျန်းချန်မှာ လိမ်လည်လှည့်ဖြားနေသူဖြစ်မည်ကိုသာ သံသယရှိနေကြခြင်းဖြစ်သည်။ အင်မော်တယ်ကျောက်တုံးအမြောက်အမြားကို ထိုလူ့လက်ထဲ အလွယ်တကူထည့်ပေးလိုက်ခြင်းအပေါ် သူတို့စိတ်မချနိုင်ကြ။ အကယ်၍ ထိုလူက ငွေများယူ၍ထွက်ပြေးသွားလျှင် မည်သို့လုပ်မည်နည်း။

"အကြီးအကဲ သုံးယောက်လောက်ကိုပါ အတူတူလွှတ်လိုက်ရင် ဘယ်လိုလဲ"

ယွမ်ကျိနှင့် ယွမ်ရှန့်တို့မှာ ထိုသူတို့ကို ဒေါသတကြီးကြည့်လိုက်ကြသည်။ ၎င်းသည် ဘိုးဘေးကြီးကိုမယုံကြည်ဘဲ စောင့်ကြည့်ရန်လူလွှတ်ခြင်းသာ။ ထိုပုဂ္ဂိုလ်ကြီးအပေါ် အလွန်ရိုင်းပျရာရောက်သည်။

"ဘိုးဘေးကြီး... ကျွန်တော်တို့ရဲ့ အကြီးအကဲတွေရဲ့ ပွင့်လင်းလွန်းတဲ့စကားတွေကို ခွင့်လွှတ်ပေးပါ..."

ကျန်းချန်က လက်ဝှေ့ယမ်းလိုက်ပြီး ဆိုလိုက်သည်။

"ရပါတယ်... လိုက်ချင်တဲ့သူ လိုက်ခဲ့လို့ရတယ်"

သူ၏အကြောင်းပြချက်မှာ အတူတူပင်... ပရိသတ် လိုအပ်ခြင်းသာ။

ထို့ကြောင့် ဒုတိယနှင့် တတိယအကြီးအကဲတို့၏ ညွှန်ကြားချက်အရ ခရီးစဉ်တွင် အကြီးအကဲသုံးဦး ပူးပေါင်းလိုက်ကြ၏။ ထိုသူတို့မှာ ယွမ်ကျဲ၊ ယွမ်ဝူနှင့် ယွမ်ဟီတို့ ဖြစ်ကြသည်။ သူတို့မှာ အတွင်းဂိုဏ်း၏ အဓိကအကြီးအကဲများဖြစ်ကြပြီး ကျင့်ကြံခြင်းမှာ အင်မော်တယ်အရှင်မြတ်အဆင့်သို့ ရောက်ရှိနေသူများဖြစ်ရာ ဤလူလိမ်က ငွေများယူ၍ထွက်ပြေးရန်ကြိုးစားလျှင် သူတို့သုံးဦးက အလွယ်တကူနှိမ်နင်းနိုင်မည်ဟု ယူဆထားကြသည်။

ထိုအချိန်တွင် ကုချင်းယွီကို သွားရောက်ခေါ်ယူရန် လွှတ်လိုက်သော ဓားအစေခံတပည့် အမျိုးသမီးနှစ်ဦး ပြန်လည်ရောက်ရှိလာသည်။ သူတို့နှစ်ဦးတည်းသာ ပြန်လာသည်ကို မြင်သောအခါ ယွမ်ကျိမျက်နှာပျက်သွားပြီး အလျင်အမြန်မေးမြန်းလိုက်သည်။

"သူမ ဘယ်မှာလဲ"

"ဒါက..."

"စီနီယာက... သူက..."

တပည့်မလေးနှစ်ဦးမှာ ဘိုးဘေးကြီးရှေ့တွင် ပွင့်ပွင့်လင်းလင်းပြောဆိုရန် မဝံ့မရဲဖြစ်နေ၏။ ကျန်းချန်က စိတ်ဝင်တစားဖြင့် မေးလိုက်သည်။

"သူမ ဘာဖြစ်လို့လဲ"

တပည့်မလေးနှစ်ဦးမှာ ချက်ချင်းဒူးထောက်လိုက်ကြပြီး တောင်းပန်ကြတော့သည်။

"ဂိုဏ်းတည်ဘိုးဘေးကြီး... ကျွန်မတို့ကို အသက်ချမ်းသာပေးပါ"

ကျန်းချန်ဆွံ့အသွား၏။ သူက အပြစ်မတင်ရသေးပါဘဲ ဤမျှအထိလုပ်ရန် လိုအပ်သလော။ သူသည် မိမိလူများအပေါ် အမြဲတစေသည်းခံတတ်သူဖြစ်သည်။ ယွမ်ကျိ၏စိတ်ထဲတွင်မူ ထိတ်လန့်သွား၏။

ကုချင်းယွီမှာ တစ်ယူသန်ဆိုးနွဲ့နေဆဲဖြစ်ကြောင်း သူတစ်ချက်ကြည့်ရုံနှင့်သိလိုက်သည်။ သူမသည် ငြင်းဆန်ရုံတင်မကဘဲ ပြောဆိုလိုက်သောစကားများမှာလည်း ကောင်းမွန်မည်မဟုတ်။ ဘိုးဘေးကြီးကို ဤမျှအထိအရှက်ခွဲရဲခြင်းမှာ ရူးသွပ်မှုပင်။ ယခု ဤပြဿနာကို သူမည်သို့ဖြေရှင်းရမည်နည်း။

သူက အလျင်အမြန်ပင် ထပ်မံတောင်းပန်လိုက်သည်။

"ဘိုးဘေးကြီး... ကျွန်တော့်ရဲ့ ဆိုးသွမ်းတဲ့တပည့်မလေးက လူကြီးသူမတွေကို မလေးမစားလုပ်မိတာကို ခွင့်လွှတ်ပေးပါ။ ကျွန်တော် သူမကို သေချာပေါက်..."

ကျန်းချန်က စကားဖြတ်လိုက်သည်။

"တော်ပြီ၊ တော်ပြီ။ ခရီးထွက်ဖို့ အချိန်တန်ပြီ။ မင်းရဲ့တပည့်က မလိုက်ချင်ဘူးဆိုတော့ ဒီနှစ်ယောက်ပဲ လိုက်ခဲ့တော့"

သူသည် ထိုဓားအစေခံတပည့်မလေးနှစ်ဦးကို လက်ညှိုးညွှန်ပြလိုက်သည်။

ဗျာ... ဘာဖြစ်လို့လဲ

ယွမ်ကျိနှင့် ယွမ်ရှန့်တို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။ ဤတပည့်မလေးနှစ်ဦးကို ခေါ်သွားမည်ဟုတ်လား။ သူတို့မှာ ရုပ်ရည်လှပကြသော်လည်း အပြင်ဂိုဏ်းတပည့်များသာဖြစ်ပြီး ကျင့်ကြံခြင်းမှာလည်း အစစ်အမှန်အင်မော်တယ်အဆင့်မျှသာ။ သို့မဟုတ်ပါက သူတို့အား အစေခံကဲ့သို့သော အလုပ်ကြမ်းများ ခိုင်းစေမည်မဟုတ်။ ဘိုးဘေးကြီး၏ဘေးတွင် နေ့ညမပြတ်ခစားခွင့်ရရန် သူတို့တွင် မည်သည့်အရည်အချင်းရှိသနည်း။

လူတိုင်းတိတ်ဆိတ်နေသည်ကို မြင်သောအခါ ကျန်းချန်စိတ်မရှည်တော့ပေ။

"ဘာဖြစ်လို့လဲ၊ သူတို့ကရော မလိုက်နိုင်ဘူးလား"

"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး"

ယွမ်ကျိ သတိပြန်ဝင်လာပြီး တပည့်မလေးနှစ်ဦးကို အလျင်အမြန် အမိန့်ပေးလိုက်သည်။

"မြန်မြန်... ဂိုဏ်းတည်ဘိုးဘေးကြီးကို ကျေးဇူးတင်လိုက်ကြ"

မင်းတို့နှစ်ယောက်တော့ ကံထူးပြီ။ ထိုအချိန်တွင် ကုချင်းယွီကိုဆွဲထုတ်ကာ ပြင်းထန်စွာဆူပူကြိမ်းမောင်းချင်စိတ် ပေါက်လာသည်။ နတ်ဘုရားကပေးသနားသော ဤအခွင့်အရေးမှာ မူလက သူမအတွက်ဖြစ်သော်လည်း ယခုမူ အမည်မသိ အပြင်ဂိုဏ်းတပည့်မလေးနှစ်ဦး၏လက်ထဲ ရောက်ရှိသွားလေပြီ။

ဓားအစေခံတပည့်မလေးနှစ်ဦးမှာလည်း အံ့သြဝမ်းသာဖြစ်သွား၏။ သူတို့မှာ အဝေးကြီးအထိ မတွေးတောနိုင်ကြပေ၊ ဤဘိုးဘေးကြီးမှာ လက်ရှိ ဂိုဏ်းတွင်အရေးပါဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်းသာ သိကြသည်။ သူ့ရှေ့မှောက်တွင် ဂိုဏ်းချုပ်နှင့် အကြီးအကဲတို့ပင် ပြုံးရွှင်စွာဖြင့် ခစားနေကြရသည် မဟုတ်ပါလား။ နိမ့်ကျသော အပြင်ဂိုဏ်းတပည့်များအနေဖြင့် ဤအခွင့်အရေးမှာ မည်မျှအထိအဓိပ္ပာယ်ရှိကြောင်း သူတို့ကောင်းစွာနားလည်ကြသည်။ သူတို့နှစ်ဦးမှာ ယဉ်ကျေးစွာ ဦးညွှတ်လိုက်ကြသည်

"စုယဲ့နဲ့ စုမန်တို့က ဘိုးဘေးကြီးကို ဂါရဝပြုပါတယ်"

ကျန်းချန် ခေါင်းညိတ်ပြလိုက်သည်။ နောက်လိုက်အားလုံး ယောက်ျားကြီးများချည်းဖြစ်နေခြင်းက မဟန်လှပေ။ အလှလေးနှစ်ဦးပါဝင်လာခြင်းက သူ့ကိုပို၍လန်းဆန်းစေသည်။ မကြာမီ ခုနစ်ယောက်ပါသောအဖွဲ့မှာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်အတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားကြ၏။

နောက်တစ်ခဏတွင် သူတို့သည် မိုင်ပေါင်းသန်းနှင့်ချီ၍ဝေးကွာသော အင်မော်တယ်မြို့တော်တစ်ခုသို့ ရောက်ရှိသွားကြပြီး ထိုမှတစ်ဆင့် အစီအရင်နှစ်ခုကိုထပ်မံဖြတ်ကျော်ပြီးနောက် ခြေလျင်ခရီးစတင်ကြသည်။ အကြီးအကဲယွမ်ကျဲက သူ၏သိုလှောင်လက်စွပ်ကို ပွတ်သပ်လိုက်ရာ ကြီးမားခမ်းနားသော လှေပျံတစ်စင်း ထွက်ပေါ်လာသည်။ ကျန်းချန်မှာ ဤကဲ့သို့သောအရာမျိုးကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သော်လည်း ဂိုဏ်းတည်ဘိုးဘေးကြီးဟူသောဂုဏ်ပုဒ်ကြောင့် တောသားမြို့တက်မဖြစ်စေရန် ထိန်းသိမ်းထားရ၏။

လှေ၏အတွင်းပိုင်းအပြင်အဆင်မှာ နန်းတော်တစ်ခုကဲ့သို့ အလွန်ခမ်းနားလှသည်။ ဤလှေမှာ မူလက ဂိုဏ်းချုပ်၏ကိုယ်ပိုင်ယာဉ်ဖြစ်ပြီး လှေတွင် အစီအရင်တိုက်ခိုက်မှုနည်းလမ်းများပါရှိသည့်အပြင် အတွင်းပိုင်းတွင် အင်မော်တယ်အနှစ်သာရချီနှင့် နိယာမစွမ်းအားများကြွယ်ဝသော ကျင့်ကြံခြင်းဧရိယာလည်း ပါဝင်သည်။ ပျံသန်းနှုန်းမှာ အလွန်လျင်မြန်လှရာ အပြင်ဘက်တွင် ပြင်းထန်သောလေပြင်းများ တိုက်ခတ်နေသော်လည်း အတွင်းပိုင်းတွင်မူ နွေဦးရာသီကဲ့သို့ နွေးထွေးနေ၏။

အကြီးအကဲသုံးဦးမှာ လှေအတွင်း၌ မိမိတို့ဘာသာ ကျင့်ကြံလိုက်ကြသည်။ ဂိုဏ်းချုပ် ယွမ်ကျိက ဘိုးဘေးကြီးကျန်းအပေါ် မရိုမသေမလုပ်ရန်မှာကြားထားသဖြင့် သူတို့သည် ရန်မစသော်လည်း ရင်းနှီးစွာလည်းမနေကြပေ။ လင်ဟွားဟန်ကမူ မေးခွန်းတစ်ခုမေးမြန်းလိုက်သည်။

"ဘိုးဘေးကြီး... ဒီခရီးစဉ်မှာ ကျွန်တော်တို့ သတိထားရမယ့်အချက်တွေ ရှိပါသလား"

"မရှိပါဘူး၊ မင်းတို့လုပ်စရာရှိတာပဲ လုပ်ကြပါ"

ယခုတစ်ကြိမ် သူတို့၏ဦးတည်ချက်မှာ ချမ်လန်ကောင်းကင်နယ်မြေ၏ ဗဟိုအင်မော်တယ်မြို့တော်ဖြစ်သည်။ လှေပျံ၏အရှိန်ဖြင့်ဆိုလျှင် တစ်နေ့နှင့် တစ်ည ကြာမြင့်မည်ဖြစ်ပြီး ရောက်ရှိသွားပါကလည်း ရှုပ်ထွေးသောလုပ်ငန်းစဉ်များမရှိဘဲ ထျန်းရှူးဂိုဏ်းဌာနခွဲကိုရှာဖွေကာ တိုကင်ဝယ်ယူပြီးပြန်လာရန်သာ။

လင်ဟွားဟန်မှာလည်း ထပ်မံစကားမပြောတော့ဘဲ နေလိုက်သည်။ သူသည် ကျန်းချန်နှင့်ရင်းနှီးအောင် တကူးတကကြိုးစားရန် အစီအစဉ်မရှိပေ။ ကျန်းချန်မှာလည်း သူ့ကိုစကားပြောရန် စိတ်မဝင်စားပေ၊ ဘေးရှိမိန်းမပျိုလေးနှစ်ဦးနှင့် စကားပြောရသည်မှာ ပို၍မကောင်းပါသလော။

"မင်းတို့နှစ်ယောက်က အလယ်အင်မော်တယ်လောကရဲ့ ဒေသခံတွေလား"

သူသည် အလယ်အင်မော်တယ်လောကနှင့်ပတ်သက်သည့် အခြေခံအချက်အလက်အချို့ကို သိရှိလိုသည်။ စုယဲ့နှင့် စုမန်တို့က အလျင်အမြန် ပြန်လည်ဖြေကြားကြသည်။

"ဘိုးဘေးကြီးကို တင်ပြပါတယ်၊ ကျွန်မတို့က ဖေးရှန်ဂိုဏ်းအနီးက လျန်လော့မြို့က ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းကကျင့်ကြံခဲ့ပြီး ဖေးရှန်ဂိုဏ်းကို အမြဲတစေကြည်ညိုခဲ့ပါတယ်..."

သူတို့နှစ်ဦးမှာ ဘိုးဘေးကြီးနှင့်အတူ ခရီးသွားရသည့်အခွင့်အရေးကို အလွန်တန်ဖိုးထားကြသဖြင့် စကားပြောဆိုရာတွင်လည်း အလွန်နှစ်လိုဖွယ်ကောင်း၏။ ကျန်းချန်ကလည်း မည်သည့်ဟန်ဆောင်မှုမျှမရှိဘဲ စကားပြောဆိုသဖြင့် သူတို့သုံးဦးကြားတွင် ရယ်မောသံများဖြင့် ပြည့်နှက်နေတော့သည်။

၎င်းကိုမြင်သော လင်ဟွားဟန်မှာ အကြိမ်ကြိမ်မျက်မှောင်ကြုတ်မိသည်။ ဤဘိုးဘေးကြီးကျန်းတွင် တစ်ခုခုမှားယွင်းနေသည်ဟု သူပိုမိုခံစားရသည်။ အကယ်၍ သူသာ နှစ်သန်းပေါင်းများစွာက ရှေးဟောင်းပုဂ္ဂိုလ်ကြီးဖြစ်ပါက ခမ်းနားသောမြင်ကွင်းပေါင်းများစွာကို မြင်ဖူးထားရမည်မဟုတ်ပါလား။

သူနှင့် ပတ်သက်ဆက်နွှယ်သူများမှာလည်း ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်ကြီးများသာ ဖြစ်သင့်သည်။ အပြင်ဂိုဏ်းတပည့်လေးများက သူနှင့် စကားပြောဆိုရန် မည်သို့ထိုက်တန်ပါမည်နည်း။ ပုဂ္ဂိုလ်ကြီးတစ်ဦးတွင်ရှိသင့်သည့် အရှိန်အဝါ သို့မဟုတ် ပုံရိပ်မျိုးကို လုံးဝမတွေ့ရှိရပေ။

ဒုတိယနေ့ရောက်ရှိလာသောအခါ အဖွဲ့မှာဦးတည်ရာနေရာသို့ ရောက်ရှိသွားပြီး လှေပျံဆင်းသက်လိုက်တော့သည်။ စည်ကားလှသော အင်မော်တယ်မြို့တော်ကြီးမှာ ကျန်းချန်အတွက် စိတ်ဝင်စားဖွယ်မရှိပေ။ သူ၏နောက်လိုက်များကိုဦးဆောင်ကာ ထျန်းရှူးဂိုဏ်းအတွင်းသို့ ဝင်ရောက်လိုက်သည်။

သူတို့ဝင်သွားသည်နှင့် ကြိုဆိုရေးအင်မော်တယ်တစ်ဦး ရောက်လာသည်။

"ဂုဏ်သရေရှိ ဧည့်သည်တော်များ... ဘာများလိုအပ်ပါသလဲခင်ဗျာ"

ကျန်းချန်မှာ မည်သည်ကိုမျှဂရုမစိုက်ဟန်ဖြင့် အေးအေးဆေးဆေးပြောလိုက်သည်။

"အင်မော်တယ်ကံကြမ္မာတိုကင် ဝယ်ချင်လို့"

သူစကားပြောလိုက်သည်နှင့် ကျယ်ဝန်းလှသော ထျန်းရှူးဂိုဏ်းခန်းမဆောင်ကြီးအတွင်းရှိ လူအားလုံးမှာ ရုတ်တရက်တိတ်ဆိတ်သွား၏။ လူတိုင်းက ဤအဖွဲ့ကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြရာ လင်ဟွားဟန်၊ ယွမ်ကျဲနှင့် ကျန်အကြီးအကဲများမှာ မျက်နှာပျက်ကာ လဲကျမတတ်ဖြစ်သွားကြတော့သည်။

All Chapters