အခန်း (၁၁၄၁-၁၁၄၂)
Vol. 115 Ch. 1141-1142
အခန်း (၁၁၄၁) ငါ သူ့ကို တွေ့ချင်တယ်
"မိတ်ဆွေချန်... တစ်ခုတည်း သေချာတာကတော့ မြေဝက်ဝံကြယ်ဟာ ရှေးဟောင်းနယ်မြေထဲမှာ ရှိနေတာပဲ ဒါပေမဲ့ ရှေးဟောင်းနယ်မြေထဲက ငါတို့ဂိုဏ်းရဲ့ ဖြန့်ကျက်မှုတွေကို စစ်ဆေးကြည့်ချင်ရင်တော့... အဆင့် ၇ အထက်ရှိတဲ့ လွတ်လပ်သောမသေမျိုး တွေမှာပဲ အဲဒီလို လုပ်ပိုင်ခွင့်ရှိတာ..."
"အဆင့် ၇ အထက်..."
ချန်လင်တိန်က ခါးသီးစွာ ပြုံးလိုက်ပြီး
"ဒီလို တည်ရှိမှုမျိုးတွေကို ငါတို့က စကားတောင် သွားပြောလို့မရဘူး ကြည့်ရတာ ဖြည်းဖြည်းချင်းပဲ စုံစမ်းရတော့မယ် ထင်တယ် တကယ်လို့ ယင်လောကငယ်သာ အရင်တုန်းကလို အခြေအနေမျိုးဆိုရင်တော့ သိပ်မကြာခင်မှာ အသုံးဝင်တဲ့ သတင်းတွေကို စုံစမ်းနိုင်မှာပဲ"
"နောက်ထပ် နည်းလမ်းတစ်ခု ရှိသေးတယ်... ကြားရသလောက်တော့ အဲဒီလူ က ငါတို့ဂိုဏ်းက ကျင့်ကြံသူ တော်တော်များများကို ဖမ်းဆီးထားပြီး အခု ယင်လောကငယ်ထဲမှာ ချုပ်နှောင်ထားတယ်တဲ့ ငါတို့ လူလွှတ်ပြီး သူတို့နဲ့ ဆက်သွယ်ကြည့်ရင်..."
"သူတို့နဲ့ ဆက်သွယ်ဖို့ဆိုရင် လွှတ်လိုက်တဲ့လူက သင့်တော်တဲ့ အရာရှိအဆင့်အတန်း ရှိရမယ် ရာထူးက သိပ်နိမ့်နေရင် လုံးဝ ဆက်သွယ်လို့ မရဘူး ဒါပေမဲ့ အခု ငါတို့လူတွေက အများကြီး မကျန်တော့ဘူး တကယ်လို့ တစ်ဖက်လူကလည်း ဒါကို ကြိုတွေးထားပြီး အမှောင်ထဲကနေ စောင့်ကြည့်နေမယ်ဆိုရင် ငါတို့ဘက်က အင်အားပြုန်းတီးရုံပဲ ရှိမှာပေါ့"
ချန်လင်တိန်က ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းကာ
"လောလောဆယ်တော့ အဲဒီလိုလုပ်ဖို့ မလိုသေးဘူး ဒီဖန့်ဆိုတဲ့ကောင်က ငါတို့ရဲ့ အခြေခံအုတ်မြစ်ကို တကယ်ကြီး မလှုပ်ခါနိုင်သေးပါဘူး ငါတို့ရဲ့ လှုပ်ရှားမှုတွေကို နှေးကွေးလိုက်ပြီး နှစ်အနည်းငယ်လောက် ပုန်းအောင်းနေလိုက်ရင် ယင်လောကငယ်ထဲက ငါတို့ကျင့်ကြံသူတွေဟာ သတင်းတွေကို ဆက်ပြီး ပို့နိုင်ဦးမှာပဲ၊ လုံးဝ အမြစ်ပြတ် သုတ်သင်ခံရမှာ မဟုတ်ဘူး"
ဖန့်ချန်က ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်လိုက်သည်။
ဤချန်လင်တိန်သည် အလုပ်လုပ်ရာတွင် တော်တော်လေး သတိကြီးသည်ဟု ဆိုရမည်။
သို့သော်လည်း သူသည် ရိပ်ခြေဗုဒ္ဓအတတ် ကဲ့သို့သော ကောင်းကင်ဘုံကပင် ငြိုငြင်သည့် လျှို့ဝှက်အတတ်ကို သုံးနိုင်လိမ့်မည်ဟု တစ်ဖက်လူက ထင်မှတ်မထားခဲ့ချေ။
ယခုမူ ယင်လောကငယ်ရှိ အဆင့်မြင့်အရာရှိ တော်တော်များများသည် ဝိညာဉ်နတ်ဘုရားဂိုဏ်း၏ ကျင့်ကြံသူများ ဖြစ်နေသေးသည်ကို သူ အနည်းဆုံး သိရှိသွားပြီဖြစ်သည်။
ထိုမျှမက၊ ယခုတစ်ခေါက်တွင် သူသည် သတင်းတစ်ခုကိုပါ ရရှိခဲ့သည်။
ဝိညာဉ်သုတ်သင်ရေးဌာနသည် ဖူထူနယ်မြေတွင်လည်း အင်အားစု ရှိနေသည်ဟူ၍ ဖြစ်သည်။
ကြည့်ရသည်မှာ ဝိညာဉ်သုတ်သင်ရေးဌာနသည် လူ့လောကတွင်သာ ဝိညာဉ်နတ်ဘုရားဂိုဏ်းနှင့် တိုက်ခိုက်နေခြင်း မဟုတ်ဘဲ ဖူထူနယ်မြေသည်လည်း ဝိညာဉ်သုတ်သင်ရေးဌာန၏ စစ်မြေပြင်တစ်ခု ဖြစ်နေပုံရသည်။
လူ့လောကတွင်မူ သူသည် ထိုအင်အားကြီး နှစ်ခုကြားထဲတွင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သေးငယ်နေနိုင်သော်လည်း ယင်လောကတွင်မူ ထိုသို့မဟုတ်ပေ။
ယင်လောကကြီး ဖြစ်စေ၊ ယင်လောကငယ် ဖြစ်စေ၊ သူ့တွင် လုံလောက်သော အားသာချက်များ ရှိသည်။
ဤနေရာသည် သူ၏ စစ်မြေပြင်သာ ဖြစ်သည်။
"ဒီချန်လင်တိန်က ယင်မိစ္ဆာစစ်စစ်ပဲ၊ ဝိညာဉ်ခွဲထွက်ပြီး လာတဲ့သူ မဟုတ်ဘူး"
ဖန့်ချန်က စဉ်းစားနေမိသည်။
တစ်ဖက်လူက ယင်မိစ္ဆာစစ်စစ် ဖြစ်နေခြင်းမှာ သူသည် ထိုနေရာတွင် တစ်ဆင့်ချင်း ကျင့်ကြံလာပြီးမှသာ ယခုကဲ့သို့ အဆင့် ၁ အဆင့်မြင့် ယင်မိစ္ဆာ ကျင့်ကြံမှု အဆင့်ကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း သက်သေပြနေသည်။
သို့သော်လည်း သူ၏ ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ ဝိညာဉ်နတ်ဘုရားဂိုဏ်းဝင် ဝိညာဉ်ခွဲထွက်သူများ ဖြစ်ကြပြီး ချန်လင်တိန်ကို ခေါင်းဆောင်အဖြစ် သတ်မှတ်ထားကြပုံရသည်။
ချန်လင်တိန်၏ ဝိညာဉ်နတ်ဘုရားဂိုဏ်းအတွင်း အဆင့်အတန်းမှာ မရိုးရှင်းနိုင်ပေ။
"ဒါနဲ့... မင်းတို့ အခု လူ့လောကကို ပြန်သွားရင် ငါ့အဖေကို သွားပြောလိုက်ဦး တည်နေရာ ကူးပြောင်းခြင်း အစီရင် ကို ကျွမ်းကျင်တဲ့ အစီရင်ဆရာကြီး အချို့ကို ကူညီပြီး ဆက်သွယ်ပေးဖို့ ပြောလိုက်"
ချန်လင်တိန်က မှာကြားလိုက်သည်
"သူတို့ဆိုရင် မြေဝက်ဝံကြယ် တည်ရှိမှုကို ကြားဖူးကောင်း ကြားဖူးလိမ့်မယ် အဲဒီနေရာကို ရှာတွေ့နိုင်သရွေ့ ငါတို့က လူ့လောက အဆင့်မှာ အဲဒီ ဖန့်အရှင်သခင်နဲ့ ရင်ဆိုင်နိုင်လိမ့်မယ်"
"ဒီလူက ဘယ်လိုလုပ်ပြီး အချိန်တိုလေးအတွင်းမှာ ယင်လောကငယ်ကို ဒီလိုပုံစံ ဖြစ်အောင် လုပ်နိုင်ရတာလဲဆိုတာ သူ့ရဲ့ နည်းလမ်းတွေက မရိုးရှင်းဘူး ငါ သူ့ကို တကယ်ပဲ တွေ့ချင်တယ်"
"ဟုတ်ကဲ့ပါ"
လူအချို့က ခေါင်းညိတ်လိုက်ပြီးနောက် တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြသည်။
"မဟန်ဘူး... ခုနက လျိုရွှမ်ရဲ့ အငွေ့အသက်က... အရင်တုန်းကနဲ့ နည်းနည်း ကွဲပြားနေသလိုပဲ"
ချန်လင်တိန်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေကာ ခုနက အသေးစိတ်အချက်အလက်တွေကို ပြန်လည် စဉ်းစားနေပုံရသည်။
"ဘယ်နေရာက မှားနေတာလဲ..."
သူ အကြာကြီး စဉ်းစားသော်လည်း အဖြေမထွက်ချေ။
သို့သော် သူသည် မိမိ၏ အလိုလိုသိစိတ် ကို ယုံကြည်သူဖြစ်သဖြင့် လက်ဖက်ရည်ဆိုင်မှ ချက်ချင်းထွက်ကာ လျိုရွှမ် ထွက်ခွာသွားသော လမ်းအတိုင်း လိုက်သွားတော့သည်။
လျိုရွှမ်သည် ယင်လောကငယ်သို့ ပြန်မည့် အပေါက်ဝသို့ ရောက်ရှိနေပြီး အထဲသို့ ဝင်ရန် ပြင်ဆင်နေစဉ် နောက်ကျောဘက်မှ ကြောက်မက်ဖွယ်ကောင်းသော ယင်ချီများ လှုပ်ခတ်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
"မိတ်ဆွေလျို၊ ခဏလောက် စောင့်ဦး"
ချန်လင်တိန်သည် မျက်စိတစ်မှိတ်အတွင်း လျိုရွှမ်၏ ရှေ့သို့ ရောက်လာသည်။
လျိုရွှမ်က ထိတ်လန့်သွားကာ
"ဒါ ဘာလုပ်တာလဲ မင်း ဒီလို လူလုံးပြထွက်လာတာ တခြားသူတွေ မြင်သွားမှာ မကြောက်ဘူးလား "
ချန်လင်တိန်က ဘာမှ ပြန်မပြောဘဲ လျိုရွှမ်ကို စူးစိုက်ကြည့်နေပြီးမှ ရုတ်တရက် ပြောလိုက်သည်
"လွန်ခဲ့တဲ့ ရက်ပိုင်းက ငရဲမင်း အမွေအနှစ် ပေါ်လာပြီး တစ်စုံတစ်ယောက်က လက်ဦးမှုယူ သွားတယ်လို့ ငါ ကြားထားတယ်"
"ငရဲမင်း အမွေအနှစ် "
လျိုရွှမ်က အံ့အားသင့်သွားကာ
"ဒါက အဓိပ္ပာယ်မရှိတဲ့ ကောလာဟလ မဟုတ်လား ငါ ဘာလို့ ဒီသတင်းကို မကြားရတာလဲ"
"အင်း... ဒီသတင်းက လူနည်းစုကြားထဲမှာပဲ ပျံ့နေတာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ခဏခဏ ပြောကြပေမဲ့ အခုနောက်ပိုင်းကျတော့ အားလုံးက မင်းလိုပဲ ဒါက အဓိပ္ပာယ်မရှိဘူးလို့ ထင်သွားကြတာ"
"ဒါပေမဲ့... ယင်လောကငယ်ရဲ့ အခုတလော ပြောင်းလဲမှုတွေက ဒီကိစ္စနဲ့ ပတ်သက်နေနိုင်တယ်အဲဒီ ဖန့်အရှင်သခင်က ဖူထူနယ်မြေက ကျန်းကွမ်မြို့ အကြောင်းကိုရော တစ်ခါမှ မြွက်ဟဖူးလား "
ချန်လင်တိန်က ပေါ့ပေါ့ပါးပါး မေးနေသော်လည်း သူ၏ မျက်လုံးများကမူ လျိုရွှမ်၏ မျက်နှာပေါ်တွင် အဆက်မပြတ် စူးစမ်းနေသည်။
"ကျန်းကွမ်မြို့ "
လျိုရွှမ်က ဝေခွဲမရသည့် ပုံစံဖြင့် ဖြစ်နေသည်။
"မင်း မသိဘူးလား... ငါ လွန်ခဲ့တဲ့ ရက်ပိုင်းက ကျန်းကွမ်မြို့ကို စမ်းသပ်ဖို့ လူအချို့ လွှတ်ခဲ့ပေမဲ့ အခုထိ ရလဒ်မထွက်သေးဘူး ရန်သူ ရိပ်မိမှာ စိုးလို့လည်း အင်အားအများကြီး မသုံးရဲသေးဘူး ဒီလိုလုပ်မလား... မင်း ငါ့အတွက် ကျန်းကွမ်မြို့ကို တစ်ခေါက်လောက် သွားပေးပါ အဲဒီက မြို့စားကို သွားတွေ့ကြည့်ပေးပါ... နာမည်က ဘယ်လိုလဲ...မယ်တော်စီ လား"
"မင်းက ယင်လောက ဇောင်ယင်းဌာနရဲ့ လက်ဝဲဘက် အရာရှိ ဆိုတဲ့ အဆင့်အတန်းကို တိုက်ရိုက်ထုတ်ပြလိုက် သူ မင်းအပေါ် ဘယ်လို သဘောထားလဲဆိုတာ ကြည့်ရအောင်"
ချန်လင်တိန်က ပြုံးလျက် ပြောလိုက်သည်။
လျိုရွှမ်၏ မျက်နှာက ပျက်သွားပြီး ချက်ချင်း ငြင်းဆိုလိုက်သည်
"ငါက မင်းတို့အတွက် လူတွေ ထည့်ပေးရုံပဲ၊ မင်းတို့ရဲ့ လက်အောက်ခံ မဟုတ်ဘူး ဒီလို စမ်းသပ်တဲ့ကိစ္စမျိုးကို ငါ့ကို ဘာလို့ ခိုင်းတာလဲ မင်း စိတ်ကြိုက် ယင်မိစ္ဆာ အချို့ကို လွှတ်လိုက်ရင် ရတာပဲလေ"
"မင်းရဲ့ အဲဒီ ဖန့်အရှင်သခင်နဲ့ အခုတလော သတင်းကြီးနေတဲ့ ငရဲမင်း အမွေအနှစ်နဲ့ ပတ်သက်မှု ရှိ၊ မရှိ မင်း မသိချင်ဘူးလား "
ချန်လင်တိန်က ခပ်အေးအေး ပြုံးလိုက်ရင်း
"ဒီကိစ္စက မင်းရဲ့ ဘေးကင်းရေးနဲ့လည်း ဆိုင်တယ် တကယ်လို့ မင်းသာ ကျန်းကွမ်မြို့မှာ သဲလွန်စ တစ်ခုခု ရှာတွေ့ခဲ့ရင် မင်းကို တန့်ယင်တောင်မှာ နေခွင့်ပြုမယ်၊ အန္တရာယ်များတဲ့ ဟိုဘက်ကို ပြန်သွားစရာ မလိုတော့ဘူး ဒါ မင်း အလိုချင်ဆုံး ရလဒ် မဟုတ်ဘူးလား "
"ဒါက..."
လျိုရွှမ်က ခပ်နွမ်းနွမ်း ပြုံးလိုက်ပြီး
"ငါ ဖန့်အရှင်သခင်ရဲ့ သဘောထားကို အရင်မေးရဦးမယ် တကယ်လို့ သူက သဘောမတူရင် ငါလည်း မင်းကို ကတိမပေးနိုင်ဘူး"
ချန်လင်တိန်၏ မျက်နှာပေါ်မှ အပြုံးက တောင့်တင်းသွားသည်
"သူ ဒီမှာ ရှိနေတာလား"
"ငါ ဒီမှာ ရှိတယ် "
အသံတစ်ခုသည် ချန်လင်တိန်၏ နောက်ကျောဘက်မှ ထွက်ပေါ်လာသည်။
တစ်ခဏအတွင်းမှာပင် ချန်လင်တိန်၏ ကိုယ်ထဲမှ ယင်ချီများ ရူးသွပ်စွာ ထွက်ပေါ်လာသော်လည်း နောက်တစ်ခဏမှာပင် ပို၍ ကြောက်မက်ဖွယ်ကောင်းသော အခြား ယင်ချီတစ်ခု၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည်။
သူသည် မြေပြင်ပေါ်သို့ ပြားပြားဝပ် လဲကျသွားပြီး နောက်ကျောပေါ်တွင် မမြင်ရသော တောင်ကြီးတစ်လုံး ဖိထားသကဲ့သို့ ခံစားလိုက်ရသည်။
"ဖန့်အရှင်သခင်... ဒါက သူ ကျွန်တော့်ကို ပေးတဲ့ ယင်သက်တမ်းဒင်္ဂါးတွေပါ"
လျိုရွှမ်က အလျင်အမြန်ပင် ကျောက်စိမ်းသေတ္တာကို ထုတ်ကာ ဖန့်ချန်အား ကမ်းပေးသည်။
"သူ ပေးတာဆိုမှတော့ မင်းပဲ ယူထားလိုက်ပါ"
ဖန့်ချန်က ကျောက်စိမ်းသေတ္တာကို မယူဘဲ အေးဆေးစွာ ပြောလိုက်သည်။
လျိုရွှမ်မှာ ဝမ်းသာသွားသော်လည်း မယူရဲသေးဘဲ ကျောက်စိမ်းသေတ္တာကို ကိုင်လျက် တောင့်တောင့်ကြီး ရပ်နေမိသည်။
သူ၏ ဦးနှောက်ထဲတွင် ချန်လင်တိန် ခုနက ပြောသွားသော စကားများသာ ပဲ့တင်ထပ်နေသည်။ ငရဲမင်း အမွေအနှစ်...
နားမလည်နိုင်သော အချက်အားလုံးသည် ဤစကားလုံး လေးလုံးကြောင့် ဆက်စပ်သွားခဲ့ပြီဖြစ်ရာ သူ၏ စိတ်ထဲမှ ကြီးမားသော သံသယများ ပြေပျောက်သွားရသည်။
"မင်းက အဲဒီ ဖန့်အရှင်သခင်လား "
ချန်လင်တိန်မှာ ကြောက်မက်ဖွယ် ယင်ချီများ၏ ဖိနှိပ်မှုကြောင့် မြေပြင်ပေါ်တွင် ဝပ်နေရကာ လှုပ်၍မရချေ။
တစ်ဖက်လူကို လှည့်ကြည့်ရန်ပင် မစွမ်းသာချေ။
ဒါက သူ့အတွက် အလွန် အရှက်ရစေသည်။ တစ်ဖက်လူက ရုတ်တရက် ပေါ်လာခြင်းမှာ တိုက်ဆိုင်မှု မဟုတ်ဘဲ သူ၏ လှုပ်ရှားမှုတိုင်းကို တစ်ဖက်လူက စောင့်ကြည့်နေခြင်း ဖြစ်ရမည်။
ဒါကို ဘယ်လိုလုပ်နိုင်တာလဲ
ငါ့ဘေးမှာ သူလျှို ရှိနေတာလား
ဘယ်သူလဲ
ချန်လင်တိန်၏ ဦးနှောက်က အလျင်အမြန် အလုပ်လုပ်နေသည်။
သူ အချိန်ဆွဲရန် စကားဆက်ပြောဖို့ ပြင်လိုက်စဉ်မှာပင် ထူးဆန်းသော အားအင်တစ်ခုက သူ၏ ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။
ချန်လင်တိန်၏ ကိုယ်ထဲမှ အငွေ့အသက်များက ခုခံရန်အတွက် ရူးသွပ်စွာ လှုပ်ခတ်နေသည်။
သူ၏ ခုခံမှုကြောင့် ယင်စစ်သည် အပ်နှင်းခြင်းသည် သူ၏ ခန္ဓာကိုယ်ထဲသို့ အလွယ်တကူ ဝင်ရောက်နိုင်ခြင်း မရှိချေ။
ထိုသည်မှာ ဖန့်ချန်က တန့်ယင်တောင်တွင် မလှုပ်ရှားဘဲ ဤနေရာအထိ စောင့်နေရခြင်း၏ အကြောင်းရင်းလည်း ဖြစ်သည်။
"အခု မင်းမှာ လျှောက်ဖို့ လမ်းတစ်လမ်းပဲ ရှိတယ် ငါ သုံးအထိ ရေတွက်မယ်၊ တကယ်လို့ မင်းက ဒီလမ်းကို ဆက်ပြီး ငြင်းဆန်နေဦးမယ်ဆိုရင်တော့ ငါကိုယ်တိုင် မင်းကို သေမင်းဆီ ပို့ပေးလိုက်မယ်"
"မင်း တကယ်ပဲ ဘာလုပ်ချင်နေတာလဲ"
ချန်လင်တိန်က အော်ဟစ်မေးမြန်းလိုက်သည်။
အခန်း (၁၁၄၂) ဆန်က ထမင်းဖြစ်သွားပြီ
"တစ်... နှစ်..."
"သုံး "
ချန်လင်တိန်သည် တစ်ဖက်လူက မိမိကို ပြန်မဖြေဘဲ သူ့ဘာသာ ရေတွက်နေသည်ကို မြင်သောအခါ သွားကိုကြိတ်၍ ထိုအားအင်များ မိမိခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်ကို ဆက်လက်မခုခံတော့ပေ။
ရှေးဟောင်းဆန်သော ရွှေရောင်စာသားများက သူ၏ကိုယ်ပေါ်တွင် လှည့်ပတ်စီးဆင်းနေပြီး ခဏအကြာတွင် ချန်လင်တိန်၏ ခန္ဓာကိုယ်ထဲသို့ အလုံးစုံ ပေါင်းစပ်သွားတော့သည်။
လျိုရွှမ်သည် ဘေးနားတွင် ခေါင်းငုံ့၍ ရပ်နေရင်း ဤမြင်ကွင်းကို ကြည့်ကာ စိတ်ထဲတွင် သက်ပြင်းချမိသည်မှာ ထိုဝိညာဉ်နတ်ဘုရားဂိုဏ်း ကျင့်ကြံသူသည်လည်း ယခုတော့ ငါတို့လူ ဖြစ်သွားခဲ့ပြီ။
မည်သည့်အချိန်တွင် ထိုကြောက်မက်ဖွယ်ကောင်းသော ဝိညာဉ်ဖိအားများ ပျောက်ကွယ်သွားသည်ကို ချန်လင်တိန် သတိမထားမိလိုက်ချေ။
သူသည် ပထမဆုံးအနေဖြင့် ကောင်းကင်သို့ ပျံတက်၍ ထွက်ပြေးရန် ကြိုးစားလိုက်သည်။
"ပြေးလေ... သေသွားလိမ့်မယ် "
အေးစက်စက် အသံတစ်သံက သူ၏နားထဲတွင် ပဲ့တင်ထပ်လာသည်။
သူသည် မသိစိတ်ဖြင့် ငုံ့ကြည့်လိုက်ရာ မိမိ၏ခြေထောက်နှစ်ဖက်မှ ယင်ချီများ လွင့်စင်ပျောက်ကွယ်နေသည်ကို အမှန်တကယ်ပင် တွေ့လိုက်ရသည်။
အေးစက်သော အာရုံတစ်ခုက စိတ်နှလုံးထဲမှ တိုးထွက်လာပြီး ချန်လင်တိန်သည် ဆက်မပြေးတော့ဘဲ လျိုရွှမ်နှင့် ဖန့်ချန်၏ ရှေ့သို့ ပြန်လာခဲ့သည်။
ကိုယ်ပေါ်မှ ယင်ချီများမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ဆက်၍ လွင့်စင်မသွားတော့ပေ။
သူသည် သက်ပြင်းချလိုက်ရင်း ဖန့်ချန်ကို စိုက်ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်
"ယင်လောကငယ်က... ဖန့်အရှင်သခင်လား"
"မိတ်ဆွေချန်... ငါ မင်းကို မိတ်ဆက်ပေးပါရစေ ဒီပုဂ္ဂိုလ်ကတော့ ငါတို့ ယင်လောကရဲ့ ဖန့်အရှင်သခင်ပဲ"
လျိုရွှမ်က အချိန်ကိုက်ပင် ဝင်ပြောလိုက်သည်
"မင်းက အခုကစပြီး ဖန့်အရှင်သခင်ရဲ့ လူပဲ တန့်ယင်တောင်နဲ့လည်း ဘာမှ မပတ်သက်တော့သလို မင်းရဲ့ နောက်ကွယ်က ဝိညာဉ်နတ်ဘုရားဂိုဏ်းနဲ့လည်း ဘာမှ မပတ်သက်တော့ဘူး"
'ဘာအကြောင်းနဲ့လဲ'
ချန်လင်တိန်၏ စိတ်ထဲတွင် ဒေါသများ ဝုန်းဒိုင်းကြဲသွားပြီး မသိစိတ်ဖြင့် ပြန်မေးရန် ပြင်လိုက်သော်လည်း သူ၏ အသိတရားက ထိုဒေါသကို ဖိနှိပ်လိုက်သည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ချန်လင်တိန်က ဖန့်ချန်ကို ပွင့်လင်းစွာ စိုက်ကြည့်လျက်
"ဖန့်အရှင်သခင်... ခုနက ဒါက ဘယ်လိုနည်းလမ်းလဲ ကျုပ်ကိုယ်ပေါ်မှာ တားမြစ်ချက် တစ်ခုခု လုပ်လိုက်တာလား တကယ်လို့ ကျုပ် ခင်ဗျားစကား နားမထောင်ရင် အဲဒီတားမြစ်ချက်ကို ပေါက်ကွဲစေပြီး ကျုပ်ကို ဝိညာဉ်လွင့်စင်အောင် လုပ်မှာလား "
"တားမြစ်ချက်လား မင်း ဖန့်အရှင်သခင်ကို အရမ်းအထင်သေးတာပဲ ဖန့်အရှင်သခင်က မင်းကို ချီးမြှင့်လိုက်တာက နတ်ဘုရားဝိညာဥ်လမ်းစဉ် ပဲ"
လျိုရွှမ်က ပြုံးလျက် ပြောလိုက်သည်
"ငါ့လိုမျိုးပေါ့"
သူ၏ကိုယ်ပေါ်တွင် အပ်နှင်းခြင်း အလင်းတန်းတစ်ခု လှည့်ပတ်သွားပြီး ချက်ချင်း ပျောက်ကွယ်သွားသည်။
"စကားပြောဖို့ နေရာပြောင်းကြရအောင် "
ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်။
ကျန်းကွမ်မြို့။
ချန်လင်တိန်သည် စိတ်ထဲတွင် ကိစ္စတော်တော်များများကို နားလည်သွားခဲ့ပြီဖြစ်သည်။
တန့်ယင်တောင် တောင်သခင်လေး သေဆုံးမှုနှင့် ကျန်းကွမ်မြို့အပေါ် သူတို့၏ သံသယများ အပါအဝင်ပေါ့။
"ဒါဆို အခု ကျွန်တော်တို့ နှစ်ယောက်လုံးက အပ်နှင်းခြင်း ခံထားရတဲ့ စစ်မှန်တဲ့ နတ်ဘုရားတွေ ဖြစ်သွားပြီပေါ့ ယင်မိစ္ဆာတွေ မဟုတ်တော့ဘူးလား "
ချန်လင်တိန်က လျိုရွှမ်ကို တစ်ချက်ကြည့်လိုက်သည်။
ထို့နောက် ထိုက်ယင်နဂါးမင်း၊ ရှီလုံနှင့် အခြားသူများကိုလည်း ဝေ့ကြည့်လိုက်သည်။
ဤသူများ အားလုံးမှာ... စစ်မှန်သော နတ်ဘုရားဝိညာဥ်များ ဖြစ်ကြသည်။
မသိလိုက်ဘဲနှင့် ယင်လောက၏ စစ်မှန်သော အမွေအနှစ်မှာ ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။
အခြေခံအုတ်မြစ်မှာ အရင်ခေတ်ကနှင့် ယှဉ်၍မရသေးသော်လည်းပေါ့။
သို့သော် ဤသည်မှာ ငရဲမင်း ရဲ့ စစ်မှန်သော အနွယ်အဆက် ဖြစ်သည်။
ငရဲမင်းဆိုသည်မှာ... ယင်လောက၏ အရှင်သခင် မဟုတ်ပါလား။
သူတို့ကဲ့သို့သော ယင်မိစ္ဆာများသည် ငရဲမင်းကို တွေ့ဆုံရန်ပင် အရည်အချင်းမရှိသလို ထိုနတ်ဘုရားဝိညာဥ်များ၏ ရှေ့တွင် ခါးညွှတ် ဦးကျိုးနေခဲ့ကြရသည်သာ။
ဤသည်မှာ သူ ယင်မိစ္ဆာ ဖြစ်လာပြီးနောက် နည်းလမ်းမျိုးစုံဖြင့် စုံစမ်းသိရှိထားသည့် အချက်များဖြစ်သည်။
"ခင်ဗျားက ငရဲမင်းပေါ့... ကျုပ်က ခင်ဗျား အပ်နှင်းထားတဲ့ နတ်ဘုရား၊ ကျုပ်ရဲ့ အသက်နဲ့ သေခြင်းက ခင်ဗျားရဲ့ လက်ထဲမှာ ရှိနေတာလား"
"ကောလာဟလတွေအရ နတ်ဘုရားဝိညာဥ် တွေက လူ့လောကမှာ သွားလာနိုင်ပြီး လူသားတွေနဲ့ မခြားနားဘူးဆိုတာ ဟုတ်သလား "
ချန်လင်တိန်က ထူးဆန်းသော အကြည့်ဖြင့် ဖန့်ချန်ကို ကြည့်လိုက်သည်။
"မင်း အခု ဒါတွေကို မေးနေတာက သိပ်ပြီး အဓိပ္ပာယ်မရှိဘူး မင်း သိထားဖို့က မင်းရဲ့ အသက်ဟာ သခင်လေး ရဲ့ စိတ်အကြံ တစ်ချက်အပေါ်မှာပဲ ရှိတယ်ဆိုတာပဲ"
ထိုက်ယင်နဂါးမင်းက ခပ်အေးအေး ပြုံးကာ ပြောလိုက်သည်
"အဲဒီတုန်းက ငါက ကိုယ်တိုင် တောင်းဆိုပြီးမှ နတ်ဘုရားဝိညာဥ် အပ်နှင်းခြင်းကို ရခဲ့တာ မင်းက ငါ့ထက် အများကြီး ကံကောင်းတယ်လို့ ဆိုရမယ်"
ကံကောင်းတာလား
ချန်လင်တိန်သည် မိမိ၏ အထောက်အထားကို ပြန်စဉ်းစားမိသည်။
ဝိညာဉ်နတ်ဘုရားဂိုဏ်း ကျင့်ကြံသူဖြစ်ရာ နောက်ခံကိုသာ ကြည့်မည်ဆိုလျှင် ယခုလက်ရှိ ငရဲမင်းအနွယ်ထက် အများကြီး ပို၍ အင်အားကြီးမားပေမည်။
သို့သော် ဤနေရာသည် ယင်လောက ဖြစ်နေသည်...။
"ကျုပ် တစ်ခုပဲ မေးပါရစေ နတ်ဘုရားဝိညာဥ်တွေက လူ့လောကမှာ တကယ်ပဲ သွားလာနိုင်တာလား "
ချန်လင်တိန်က ဖန့်ချန်ကို လှမ်းကြည့်သည်။
ဖန့်ချန်က ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်ပြကာ
"နတ်ဘုရားဝိညာဥ်တွေက လူ့လောကမှာ သဘာဝအတိုင်း သွားလာနိုင်တယ်၊ မသေမျိုးလောကက မသေမျိုးစစ်စစ် တွေနဲ့ မခြားဘူး"
"မမှားဘူး... ရှေးခေတ်တုန်းက မသေမျိုးစစ်စစ်တွေနဲ့ နတ်ဘုရားတွေက တစ်မျိုးတည်းသော တည်ရှိမှုတွေပဲ ကွာခြားတာက တစ်ဦးက အထက်ဘုံလောကမှာ နေပြီး နောက်တစ်ဦးက ယင်လောကမှာ နေတာပဲ ဒါပေမဲ့ နောက်ပိုင်းတစ်ဦးက သက်တမ်း ပိုပြီး ရှည်ကြာတယ်"
ချန်လင်တိန်က မိမိဘာသာ ရေရွတ်နေရင်း သူ၏ မျက်လုံးထဲတွင် ထူးခြားသော အရိပ်အယောင်များ ပေါ်လာသည်။
"အကျိုးအမြတ်တွေကို တွက်ချက်ပြီးပြီဆိုရင် မင်းရဲ့ ရွေးချယ်မှုက ဘာလဲ"
ဖန့်ချန်က ပြုံးလျက် မေးလိုက်သည်။
"ဆန်က ထမင်းဖြစ်သွားပြီ (အခြေအနေက ပြောင်းလဲလို့မရတော့ဘူး) ကျုပ်မှာ ဘာရွေးချယ်စရာ ရှိဦးမှာလဲ ငရဲမင်းကြီးနဲ့အတူ လောကကြီးကို သိမ်းပိုက်ရုံပေါ့"
ချန်လင်တိန်က မတ်တတ်ရပ်ကာ လက်အုပ်ချီ နှုတ်ဆက်လိုက်သည်
"ကျွန်တော့် လက်အောက်ခံ အချို့က ကျန်းကွမ်မြို့ထဲကို ခိုးဝင်နေကြတယ် အဲဒီလူတွေကို ခေါ်ပြီး တန့်ယင်တောင်ကို ပြန်သွားလိုက်မယ် တန့်ယင်တောင် တောင်သခင်လေး သေဆုံးမှုက ဒီနေရာနဲ့ မပတ်သက်ဘူးလို့ ကျွန်တော် ပြောလိုက်ပါ့မယ်"
ဖန့်ချန်က ပြုံး၍ ခေါင်းညိတ်လိုက်ပြီး
"တန့်ယင်တောင် တောင်သခင်ကြီးက ဝိညာဉ်နတ်ဘုရားဂိုဏ်းက ကျင့်ကြံသူလား "
"မဟုတ်ဘူး သူက နတ်ဘုရားတောင်ရဲ့ ဝိညာဉ် ပဲ ဝိညာဉ်နတ်ဘုရားဂိုဏ်းထဲ မဝင်သလို ဂိုဏ်းကိုလည်း အထင်သေးတယ် ဒါပေမဲ့ အခု သူက ဝိညာဉ်နတ်ဘုရားဂိုဏ်းနဲ့ ပူးပေါင်းနေတယ်"
ချန်လင်တိန်က ပြောပြသည်
"ဂိုဏ်းက သူ့အတွက် နတ်ဘုရားတွေရဲ့ဝိညာဥ် တွေကို ဖမ်းပေးရတယ် သူကတော့ ဂိုဏ်းအတွက် ကြေးစားလူမိုက်အဖြစ် လုပ်ပေးပြီး ယင်သက်တမ်းဒင်္ဂါးအချို့ ထောက်ပံ့ပေးတယ်"
"နတ်ဘုရားဝိညာဉ် "
ဖန့်ချန်၏ မျက်လုံးများ လှုပ်ခတ်သွားကာ
"သူက နတ်ဘုရားဝိညာဉ်တွေကို ဘာအတွက် သုံးမှာလဲ"
"သူက ကယောင်ကတမ်း စိတ်ကူးယဉ်နေတာပါ နတ်ဘုရား ဝိညာဉ်တွေကို ဝါးမြိုလိုက်ရင် သူက အဆင့်မြင့် ယင်မိစ္ဆာအဆင့်ကနေ ကျော်လွန်ပြီး တစ်ဖန် ပြန်လည်ပြီး နတ်ဘုရား ဖြစ်လာမယ်လို့ ထင်နေတာ"
ချန်လင်တိန်က လှောင်ပြုံး ပြုံးလိုက်ပြီး
"တကယ်တော့ သူက ယင်မိစ္ဆာ ဖြစ်သွားပြီပဲ လူပြန်ဝင်စားခြင်း မပြုသရွေ့ ဘယ်တော့မှ မပြောင်းလဲနိုင်တော့ဘူး နတ်ဘုရားဝိညာဉ်တွေက သူ့ရဲ့ ကျင့်ကြံမှုကို ပိုပြီး ခိုင်မာတောင့်တင်းစေရုံလောက်ပဲ ရှိမှာပါ"
ဖန့်ချန် ခေါင်းညိတ်လိုက်သည်
"ပီတု အကြောင်းရော ကြားဖူးလား"
"ပီတု "
ချန်လင်တိန်က သေချာစဉ်းစားပြီး ခေါင်းခါပြသည်
"မကြားဖူးပါဘူး"
"စုန့်ကျီလီ အကြောင်းရော ကြားဖူးလား "
"ဒါလည်း... မကြားဖူးပါဘူး"
ချန်လင်တိန်က တစ်စုံတစ်ခုကို ခန့်မှန်းမိပုံရကာ
"ဒီနှစ်ယောက်ကလည်း ဝိညာဉ်နတ်ဘုရားဂိုဏ်းကပဲလား ငရဲမင်းရဲ့ ရန်သူတွေလား "
"နောင်ဆိုရင် သခင်လေး လို့ပဲ ခေါ်ပါ"
ထိုက်ယင်နဂါးမင်းက ဝင်ပြောလိုက်သည်။
"သိပါပြီ"
ချန်လင်တိန်က ပြုံး၍ ခေါင်းညိတ်သည်။
"ပထမတစ်ယောက်က နတ်ဘုရားစစ်စစ် တစ်ယောက်ပဲ ငါ သူ့ကို ရှာနေတာ ကြာပြီ၊ သတင်းရရင် ငါ့ကို အကြောင်းကြားပါ"
ဖန့်ချန်က ပြုံးလိုက်ပြီး
"ဒုတိယတစ်ယောက်က ဖန်ဆင်းရှင်ကြယ် က ဝိညာဉ်နတ်ဘုရားဂိုဏ်း ကျင့်ကြံသူပဲ မင်း ဖန်ဆင်းရှင်ကြယ် အကြောင်း ကြားဖူးလား "
"ဖန်ဆင်းရှင်ကြယ်..."
ချန်လင်တိန်သည် အလေးအနက် စဉ်းစားနေပြီးမှ ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းကာ
"မကြားဖူးပါဘူး လူ့လောကရဲ့ နယ်မြေ ၉ ခု က အရမ်းကို ကျယ်ပြောတာပဲ အရင်တုန်းက အထက်ဘုံ လောကထက်တောင် အများကြီး ပိုကြီးတယ်လို့ ကြားဖူးတယ် ကျုပ်တို့လို လူတွေ သိထားတဲ့ နေရာဆိုတာ တကယ်တော့ အနည်းအကျဉ်းပဲ ရှိတာပါ"
"ဒါဆိုရင်တော့ စုန့်ကျီလီကပဲ ငါနဲ့ ရင်ဆိုင်နိုင်မှာပေါ့ သူတို့လည်း တခြားနေရာက ဝိညာဉ်နတ်ဘုရားဂိုဏ်းသားတွေကို ခေါ်ယူနိုင်မှာ မဟုတ်ဘူး"
ဖန့်ချန်က အေးဆေးစွာ ပြုံးလိုက်သည်
"တကယ်လို့ မင်းက စုန့်ကျီလီနဲ့ တွေ့ခဲ့မယ်ဆိုရင်..."
"သဘာဝအတိုင်းပဲ သူ့ရဲ့ နောက်ကွယ်က ကွန်ရက်ကို ကျနော် စုံစမ်းပေးနိုင်တယ် ဒါပေမဲ့ ကျနော့်ရဲ့ အထောက်အထားက ထူးခြားနေတယ်၊ အဆင့်မြင့် ယင်မိစ္ဆာ ဖြစ်နေတာကြောင့် ရုတ်တရက် ပေါ်လာရင် သံသယဖြစ်ခံရမှာပဲ ဒါကြောင့် ဝိညာဉ်နတ်ဘုရားဂိုဏ်းထဲက လူသားတစ်ယောက်ကို အသုံးချပြီး သူ့ကို ဆက်သွယ်ရမယ်"
"ဒါပေမဲ့ သူတို့က အပ်နှင်းခြင်း ခံထားရရင်တောင် သူတို့ရဲ့ ရုပ်ခန္ဓာက သခင်လေးပြောတဲ့ ဖန်ဆင်းရှင်ကြယ်ကို သွားလို့ မရနိုင်ဘူး"
ချန်လင်တိန်က ခေါင်းခါလိုက်သည်
"ဒီနည်းလမ်းက မဖြစ်နိုင်ဘူး"
"ဒီလိုလုပ်ပါ၊ မင်း လူအချို့ကို ခေါ်ပြီး ငါ့ဆီ လာခဲ့ပါ တစ်ခါလာရင် နှစ်ယောက်စီပဲ ခေါ်လာခဲ့"
"ကောင်းပါပြီ"
...
...
"မိတ်ဆွေချန် "
ကျန်းကွမ်မြို့ထဲတွင် လူရိပ်အချို့သည် ချန်လင်တိန်၏ ဘေးသို့ ရောက်လာကြပြီး သံသယများဖြင့် ကြည့်နေကြသည်။
"မင်းတို့တွေ အန္တရာယ်တွေ့မှာ စိုးလို့၊ ပြီးတော့ ဒီနေရာကိုလည်း စိတ်မချတာနဲ့ ငါကိုယ်တိုင် လာကြည့်တာ"
ချန်လင်တိန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ရင်း ပြောလိုက်သည်။
ထိုလူများကလည်း မသင်္ကာဖြစ်ခြင်း မရှိချေ။
အဘယ်ကြောင့်ဆိုသော် ချန်လင်တိန်၏ အဆင့်အတန်းအရ သူသည် ဝိညာဉ်နတ်ဘုရားဂိုဏ်း၏ သစ္စာရှိကျင့်ကြံသူ ဖြစ်နေမည်မှာ မြေကြီးလက်ခတ်မလွဲဟု ထင်နေကြသောကြောင့်ပင်။
"ငါ စုံစမ်းပြီးပြီ၊ ဒီနေရာမှာ အဲဒီ မယ်တော်စီ အပြင် တခြား အဆင့်မြင့် ယင်မိစ္ဆာတွေလည်း ရှိနေနိုင်သေးတယ်"
"ကျန်းကွမ်မြို့ရဲ့ အခြေခံနဲ့ဆိုရင် အဆင့်မြင့် ယင်မိစ္ဆာ နှစ်ပါးထက် ပိုပြီး ဘယ်လိုလုပ် မွေးမြူထားနိုင်မှာလဲ တောင်တစ်တောင်မှာ ကျားနှစ်ကောင် မအောင်းနိုင်ဘူးလေ"
လူတစ်ဦးက ပြောလိုက်သည်
"ဒီနေရာက တကယ်ကို သံသယဖြစ်စရာပဲ ငါတို့ ဒီသတင်းကို ပြန်ယူသွားပြီး ဘယ်လို ကိုင်တွယ်မလဲဆိုတာ တန့်ယင်တောင် တောင်သခင်ကြီးကိုပဲ ဆုံးဖြတ်ခိုင်းလိုက်ကြရအောင်"
"မလောပါနဲ့ဦး၊ ငါ မင်းတို့ကို သူငယ်ချင်းဟောင်း တစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်"