အခန်း (၁၁၄၅-၁၁၄၆)
Vol. 115 Ch. 1145-1146
အခန်း (၁၁၄၅) ဆူညံလွန်းတယ်
ကျုံးကျိုးနယ်မြေ၏ မြောက်ဘက်တွင် တောင်တန်းများမှာ တန်းစီလျက် တည်ရှိနေပြီး နယ်မြေနှစ်ခုကို ပိုင်းခြားထားသည့် စည်းမျဉ်းတစ်ခုသဖွယ် ဖြစ်နေသည်။
တစ်ဖက်တွင် စိမ်းလန်းသော မြက်ခင်းပြင်များဖြင့် သက်ရှိများ ထွန်းကားနေပြီး၊ အခြားတစ်ဖက်တွင်မူ ထာဝရဆောင်းရာသီကဲ့သို့ ဆီးနှင်းများဖြင့် ဖုံးလွှမ်းနေသည်။
ဤနေရာကို ကျင့်ကြံခြင်းလောကရှိ ကျင့်ကြံသူများက မြောက်ဘက် ကောင်းကင်တံခါး ဟု ခေါ်ဆိုကြသည်။
ဆီးနှင်းများ တဖွဲဖွဲကျနေသည့် နယ်မြေထဲတွင် မိစ္ဆာမျိုးနွယ် အင်အားကြီးသူများ တစ်ပါးပြီးတစ်ပါး ရပ်နေကြသည်။
အချို့မှာ တောင်တစ်လုံးကဲ့သို့ ကြီးမားသော ခန္ဓာကိုယ်ရှိကြပြီး ကိုယ်ပေါ်ရှိ သွေးကြောများမှာ တောင်တန်းများကြားရှိ စမ်းချောင်းလေးများသဖွယ် သွေးများ စီးဆင်းလှုပ်ရှားနေသည်ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။
လက်တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် ထွက်ပေါ်လာသော သွေးငွေ့အရှိန်အဝါကြောင့် အနီးအနားရှိ နှင်းစက်များမှာ အလိုအလျောက် အရည်ပျော်သွားကြသည်။
အချို့မှာ သားရဲခေါင်းနှင့် လူကိုယ်ခန္ဓာ ရှိကြပြီး အချို့မှာမူ သာမန်လူသားများနှင့် မခြားနားသော်လည်း သူတို့ထံမှ ထွက်ပေါ်နေသော မိစ္ဆာအငွေ့အသက်များမှာ ကောင်းကင်သို့ တိုင်အောင် မြင့်မားနေသည်။
ထိုမိစ္ဆာကျင့်ကြံသူများ၏ နောက်ကွယ်တွင် မိစ္ဆာအင်အား သိန်းချီရှိသော စစ်တပ်ကြီးရှိနေပြီး မြောက်ဘက်ကောင်းကင်တံခါးကို နင်းချေရန် အသင့်ဖြစ်နေသည့်အလား ရံဖန်ရံခါ ဟိန်းဟောက်သံများမှာ ကောင်းကင်တစ်ခုလုံးကို တုန်ဟည်းစေသည်။
စိမ်းလန်းသော မြက်ခင်းပြင်ရှိသည့် ဘက်တွင်လည်း မရေမတွက်နိုင်သော လူသားကျင့်ကြံသူများ ရပ်နေကြသည်။
နှစ်ဖက်စလုံးမှာ အဝေးမှနေ၍ အပြန်အလှန် အကဲခတ်နေကြပြီး မည်သည့် လှုပ်ရှားမှုမျှ မပြုလုပ်ကြသေးချေ။
ထိုအခြေအနေမှာ အတော်အတန် ကြာမြင့်နေပြီဖြစ်သည်။
နှစ်ဖက်အဖွဲ့အစည်းကြားတွင် ထူးခြားသော အရိပ်အချို့ ရှိနေကြသည်။
သူတို့မှာ ယင်လောကမှ လာသော လွင့်မျောနေသော ဝိညာဉ်များ ဖြစ်သဖြင့် ထျန်းယောင် နိုင်ငံမှ ကျင့်ကြံသူများဖြစ်စေ၊ နဂါးစားဘုရင် ဦးဆောင်သော လူသားကျင့်ကြံသူများဖြစ်စေ သူတို့၏ တည်ရှိမှုကို မသိရှိနိုင်ကြချေ။
"ထျန်းယောင်ရဲ့ အဲဒီဂိုဏ်းချုပ်အဆင့်က တကယ်ကို နက်နက်ရှိုင်းရှိုင်း ပုန်းနေတာပဲ၊ အခုထိ မျက်နှာမပြသေးဘူး"
ချိုးကျင်း သည် လက်ကို နောက်ပစ်၍ ရပ်နေပြီး သူ၏ အေးစက်သော မျက်လုံးများထဲတွင် မာန်မာနအချို့ ကိန်းအောင်းနေသည်။
သူ့အတွက်မူ ရှေ့တွင်ရှိနေသော ကျင့်ကြံသူများမှာ သာမန်လူတန်းစားများသာ ဖြစ်သည်။
နဂါးစားဘုရင်မှာ ကျုံးကျိုးနယ်မြေ၏ ဘွဲ့ရဘုရင်လေးပါးထဲမှ တစ်ဦး ဖြစ်သော်လည်း သူက ဂရုမစိုက်ချေ။
"သူ ထွက်လာတာနဲ့ ဝိညာဉ်ကို တိုက်ရိုက် ဖမ်းချုပ်လိုက်ရုံပဲ"
ခုံကျင့် က ပြုံး၍ ပြောသည်။
"သူ ထွက်မလာရင် ငါတို့က ဒီမှာပဲ အမြဲ စောင့်နေရမှာလား တုယွန်းရွှီနဲ့ ကျင်ရွှေတို့ဆီက သတင်း ထွက်လာတာ ရှိသေးလား "
ချိုးကျင်းက ဆက်ပြောသည်
"အခုဆိုရင် လူ့လောကထဲမှာ မြို့စောင့်နတ်ကျောင်းတွေ တစ်ခုပြီးတစ်ခု ပွင့်နေပြီ၊ စောင့်ကြည့်စစ်ဆေးရေး တာဝန်ကိုလည်း နေ့ကင်းညကင်း မျိုးနွယ်တွေက တာဝန်ယူထားတာပဲ ဘာလို့ ထျန်းယောင်ရဲ့ ဂိုဏ်းချုပ်အဆင့်ကို ရှာမတွေ့သေးတာလဲ"
"သူ့ကို ဖမ်းမိလိုက်ရင် ဒီစစ်ပွဲက အလိုအလျောက် ပြီးသွားမှာပဲ၊ ငါတို့လည်း ဒီမှာ အချိန်ပြည့် ငုတ်တုတ်ထိုင် စောင့်နေစရာ မလိုတော့ဘူး"
"မင်းက နေ့ကင်းညကင်း မျိုးနွယ်တွေ ယင်ချောင်စီဌာန အောက်ထဲ ရောက်သွားတာကို မကျေနပ်သလိုပဲနော်"
ခုံကျင့်က ခပ်ဖွဖွ ပြုံးလိုက်သည်
"နောက်ဆို ဒီလိုစကားမျိုး မပြောပါနဲ့တော့ သူတို့မှာ သတင်းရရင် သဘာဝအတိုင်း အထက်ကို တင်ပြမှာပဲ သူတို့ ယင်ချောင်စီအောက်ထဲ ရောက်သွားတာက သခင်လေးရဲ့ အလိုဆန္ဒပဲ မင်း ဒီလိုပြောတာက သခင်လေးကို မကျေနပ်သလို ဖြစ်နေလိမ့်မယ် သခင်လေး သိသွားရင် ပြစ်ဒဏ်ပေးတာ ခံရဦးမယ်"
"ငါ့ကို လာမစွပ်စွဲနဲ့၊ ငါက သခင်လေးကို ဘယ်လိုလုပ် မကျေမနပ် ဖြစ်ရဲမှာလဲ"
ချိုးကျင်းက ချက်ချင်းပင် ငြင်းလိုက်သည်။
သူသည် ယင်စစ်သည်ဌာန ၏ လုပ်ပိုင်ခွင့်အချို့ ဆုံးရှုံးသွားသဖြင့် စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်မိသည်မှာ မှန်သော်လည်း အမှန်တကယ် မကျေနပ်ခြင်းမျိုး မဟုတ်ဘဲ စကားအဖြစ် ညည်းညူရုံသာ ဖြစ်သည်။
"ဒါဆိုရင်လည်း ဟုတ်ပါပြီ ငါတို့က အခု ယင်လောကရဲ့ နတ်ဘုရားဝိညာဥ်တွေ၊ အထက်ဘုံက နတ်ဘုရားတွေနဲ့ ရင်ပေါင်တန်းနိုင်တဲ့ သူတွေပဲ ဒီအဆင့်အတန်းက လူ့လောကက လွတ်လပ်သောမသေမျိုးတွေထက်တောင် အများကြီး သာလွန်တယ်"
"ရှေးခေတ်တုန်းကဆိုရင်တော့ သာမန်ဖြစ်နိုင်ပေမဲ့ ဒီနေ့ခေတ်မှာ ငါတို့လိုမျိုး စစ်မှန်တဲ့ အနွယ်ဝင်က ဘယ်နှစ်ယောက် ရှိတော့လို့လဲ"
"ငါတို့က ဒီမှာပဲ စောင့်ကြည့်နေပြီး အခြေအနေတွေ ရှုပ်ထွေးမသွားအောင် လုပ်ရုံပဲ ကောင်းမှု မလုပ်နိုင်ရင်တောင် အမှားမလုပ်မိဖို့ပဲ လိုတယ်"
ခုံကျင့်က ပြုံး၍ ဆိုသည်။
"မင်းက ကောင်းမှု မလုပ်ချင်ပေမဲ့ ငါကတော့ လုပ်ချင်တယ်"
ချိုးကျင်းက နှာခေါင်းရှုံ့လိုက်သည်
"ကြားရသလောက်တော့ ဖေးရှင်း နဲ့ စိန်ခွေ့ က ဂိုဏ်းချုပ်တွေကို ဖမ်းမိသွားပြီတဲ့ ငါတို့က သူတို့နောက်မှာ ကျန်နေခဲ့ပြီ အချိန် ထပ်စောင့်နေမယ်ဆိုရင် သခင်လေးရဲ့ မျက်စိထဲမှာ အလုပ်မလုပ်နိုင်ဘူးလို့ အထင်ခံရလိမ့်မယ်"
"မင်းမှာ ဘာအကြံရှိလို့လဲ "
"ဘာလို့ဆို..."
"အဲဒါကို စိတ်ထဲတောင် မထည့်နဲ့"
ခုံကျင့်သည် ချိုးကျင်းကို ကြည့်လိုက်ရာ မျက်လုံးထဲတွင် အေးစက်သော အလင်းတန်းများ ဖြတ်ပြေးသွားသည်
"သခင်လေး မှာထားပြီးပြီ ကျုံးကျိုးအတွက်နဲ့ ထျန်းယောင်ကို ကိုယ်တိုင် သွားမတိုက်ခိုက်ရဘူးလို့ အဲလိုလုပ်လိုက်ရင် ဝိညာဉ်နတ်ဘုရားဂိုဏ်းသားတွေက အလင်းကနေ အမှောင်ထဲ ရောက်သွားပြီး ငါတို့က အမှောင်ထဲကနေ အလင်းထဲ ရောက်သွားလိမ့်မယ်"
"ချိုးဌာနမှူးက စိတ်မြန်လက်မြန် ရှိလွန်းနေသေးတာပဲ အရင်တုန်းက မင်း သံသရာဌာန မှာ ရှိစဉ်တုန်းက ချီဌာနမှူး၊ ခုံဌာနမှူးတို့လို စိတ်ရှည်တဲ့ အကျင့်ကို မကျင့်ခဲ့ဘူးလား "
ဖန့်ချန်က ခပ်ဖွဖွ ပြုံးရင်း ပြောလိုက်သည်။
ချိုးကျင်း၏ ရင်ထဲတွင် အေးခဲသွားပြီး အလျင်အမြန်ပင် လက်အုပ်ချီ ဦးညွှတ်လိုက်သည်
"လက်အောက်ငယ်သား သခင်လေးကို ဂါရဝပြုပါတယ်"
ခုံကျင့်လည်း လိုက်၍ ဂါရဝပြုလိုက်ပြီး ချိုးကျင်းကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
ခုနက စကားများမှာ သခင်လေး၏ နားထဲသို့ ရောက်သွားပြီဖြစ်ကြောင်း သူသိသည်။
ချိုးကျင်းမှာ ထိတ်လန့်သွားပြီး ဖန့်ချန်၏ ဆူပူကြိမ်းမောင်းမှုကို ခံရတော့မည်ဟု ထင်နေသော်လည်း ထင်မှတ်မထားဘဲ ဖန့်ချန်က သူ၏ ပုခုံးကို အသာအယာ ပုတ်လိုက်ကာ
"မင်း ကောင်းမှုလုပ်ချင်တာ အခွင့်အရေးတွေ အများကြီး ရှိဦးမှာပါ ဒါပေမဲ့ အခုတော့ မသင့်တော်သေးဘူး မင်းတို့သာ အရင် လက်ဦးအောင် လုပ်လိုက်ရင် အမှောင်ထဲကနေ စောင့်ကြည့်နေတဲ့ ကောင်းကင်ဓားဌာန က ဓားကျင့်ကြံသူတွေရဲ့ အကြည့်ကို ခံရလိမ့်မယ် ကြားရသလောက်တော့ လီဝူဝမ့် လည်း ဒီကို ရောက်နေပြီ ဒါပေမဲ့ ဘယ်နေရာမှာလဲဆိုတာတော့ မသိရသေးဘူး"
"လီဝူဝမ့် ရောက်နေတာလား "
ချိုးကျင်း၏ မျက်နှာပျက်သွားသည်။
ထိုအဆင့် ၃ ဓားကျင့်ကြံသူ၏ စွမ်းအားမှာ အထင်သေး၍ မရမှန်း သူတို့ သိကြသည်။
"နဂါးစားဘုရင် မင်း ဒီမှာ စောင့်ကြပ်နေတာ နှစ်ပေါင်းများစွာ ရှိပြီ ငါတို့လည်း အကြိမ်အနည်းငယ် တိုက်ခိုက်ဖူးကြတယ် မင်းရဲ့ နည်းလမ်းတွေကို ငါ လေးစားမိတယ်၊ သူရဲကောင်းအချင်းချင်း နှမြောမိတယ်လို့ပဲ ဆိုပါစို့ မင်း ဒီနေ့ လမ်းဖယ်ပေးလိုက်ပါ၊ ငါတို့ကို အထဲဝင်ခွင့်ပြုပါ"
တောင်တစ်လုံးကဲ့သို့ ကြီးမားသော မိစ္ဆာမသေမျိုးဘုရင် က ဖြည်းဖြည်းချင်း စကားပြောလိုက်ရာ အသံမှာ မိုးခြိမ်းသံကဲ့သို့ လူတိုင်း၏ နားစည်ကို တုန်ခါသွားစေသည်။
နဂါးစားဘုရင်က လက်ကို ဝတ်ရုံလက်ထဲ ထည့်ထားပြီး ထိုမိစ္ဆာမသေမျိုးဘုရင်ကို လှောင်ပြုံးဖြင့် ကြည့်ကာ
"ဖောက်ခွဲရေးဘုရင်... မင်းက မိစ္ဆာစစ်တပ် သိန်းချီခေါ်လာပြီး ငါ့ကို လမ်းဖယ်ပေးခိုင်းနေတာလား ငါ့ကို ကျုံးကျိုးကို သစ္စာဖောက်ခိုင်းနေတာလား"
အနီးနားရှိ လူသားကျင့်ကြံသူများက ဝိုင်း၍ ရယ်မောလိုက်ကြသည်။
ဤဖောက်ခွဲရေးဘုရင်မှာ တကယ်ကို ရိုးအလွန်းသည်ဟု လှောင်ပြောင်နေကြခြင်း ဖြစ်သည်။
"ဖောက်ခွဲရေးဘုရင်... မင်း စဉ်းစားကြည့်ပါဦး နဂါးစားဘုရင်က မြောက်ဘက်ကောင်းကင်တံခါးမှာ စောင့်ကြပ်လာတာ နှစ်ပေါင်းများစွာ ရှိပြီ၊ ကျုံးကျိုးရဲ့ အမှုထမ်းဟောင်းကြီးပဲ သူ့ကို ကျုံးကျိုးကို သစ္စာဖောက်ပြီး မင်းတို့ ထျန်းယောင်နဲ့ ပူးပေါင်းခိုင်းတာက ဟာသ တစ်ခုပဲ မဟုတ်လား"
"ကျုံးကျိုးမှာ တောရိုင်းဂိုဏ်း ရှိတယ်၊ နတ်ရိုသေဂိုဏ်း ရှိတယ်၊ အရင်တုန်းက နတ်ဘုရားလမ်းစဥ်ဂိုဏ်း လည်း ရှိခဲ့ဖူးတယ် ဘယ်ဂိုဏ်းမဆို မင်းတို့ ထျန်းယောင်ကို ဖိနှိပ်ထားနိုင်တာပဲ မင်းတို့ ထျန်းယောင်က ဘာအင်အားနဲ့ ကျုံးကျိုးကို တိုက်မှာလဲဘာနဲ့ တိုက်မှာလဲ "
"နဂါးစာစဘုရင်ကို မင်းတို့လို တိရစ္ဆာန်မျိုးတွေအတွက် လမ်းဖယ်ပေးခိုင်းတယ် တကယ့် ဟာသပဲ နဂါးစားဘုရင်က ဘယ်လို အဆင့်အတန်းလဲ ကျုံးကျိုးရဲ့ မင်းမျိုးမင်းနွယ် ဧကရာဇ်မင်းမြတ်ရဲ့ ယုံကြည်မှုကို ရထားတဲ့ ကောင်းကင်တံခါးရဲ့ အစောင့်အရှောက်"
"ဒီလို အဆင့်အတန်းက ဘယ်လောက် အဖိုးတန်သလဲ မင်းတို့ ထျန်းယောင် ဧကရာဇ် ကိုယ်တိုင် လာရင်တောင် အရိုအသေ ပေးရမှာ အခုတော့ နဂါးစားဘုရင်ကို လမ်းဖယ်ပေးခိုင်းနေတယ် မင်းတို့ ရူးနေတာလား၊ အောက်တန်းကျနေတာလား "
ဖောက်ခွဲရေးဘုရင်သည် ထိုလူသားကျင့်ကြံသူများ၏ လှောင်ပြောင် ကဲ့ရဲ့မှုများကို ခံနေရသဖြင့် အနီးနားရှိ မိစ္ဆာများမှာ အမျက်ထွက်ကာ ဟိန်းဟောက်နေကြသော်လည်း ဖောက်ခွဲရေးဘုရင်၏ အမိန့်မရှိသဖြင့် အတင်းမတိုးရဲကြချေ။
သို့သော် ဖောက်ခွဲရေးဘုရင်မှာမူ ဒေါသမထွက်ဘဲ နဂါးစားဘုရင် ကို ပြုံးပြုံးကြီး ကြည့်နေသည်။
ထိုလူသားကျင့်ကြံသူ အချို့မှာ လှောင်ပြောင်နေဆဲ ဖြစ်သော်လည်း ရုတ်တရက် ပျံသန်းနေသော ဓား တစ်လက်က သူတို့၏ မျက်ခုံးအလယ်ကို ဖောက်ထွက်သွားသဖြင့် လှောင်ပြောင်သံများမှာ ချက်ချင်း ရပ်တန့်သွားတော့သည်။
"ဆူညံလွန်းတယ်"
နဂါးစားဘုရင်က ဓားကို လှမ်းဖမ်းလိုက်ပြီး အသာအယာ ခါလိုက်ရာ ဓားပေါ်ရှိ သွေးစွန်းများကို ခါထုတ်လိုက်သည်။
အနီးနားရှိ လူသားကျင့်ကြံသူအချို့မှာ ထိတ်လန့်သွားကြသော်လည်း အချို့မှာမူ ကြိုတင် သိထားသည့်အလား တည်ငြိမ်နေကြသည်။
ယနေ့ ရောက်နေသော လူသားကျင့်ကြံသူများထဲတွင် နဂါးစားဘုရင်အပြင် မသေမျိုးဘုရင် နှစ်ပါး ရှိသေးသည်။
ထိုနှစ်ပါးစလုံးမှာ လေလွင့် ကျင့်ကြံသူများ ဖြစ်ကြပြီး နဂါးစားဘုရင် အိမ်တော်၏ ဧည့်သည်တော်များ ဖြစ်ကြကာ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ အတွင်းမှ မသေမျိုးဘုရင် အဆင့်သို့ အသီးသီး တက်လှမ်းနိုင်ခဲ့သူများ ဖြစ်သည်။
သူတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသော်လည်း ဘာမှမပြောဘဲ မျက်လုံးထဲတွင် စိုးရိမ်စိတ် အနည်းငယ်သာ ရှိနေကြသည်။
"ဆရာ "
မိမိတို့ ဆရာဖြစ်သူ မျက်ခုံးအလယ်ကို ဓားဖောက်ပြီး သေဆုံးသွားသည်ကို မြင်သောအခါ ပါလာသော တပည့်တပန်းများမှာ အမျက်ထွက် ကုန်ကြသည်။
အချို့က အလောင်းနား သွားကြည့်ကြပြီး အချို့ကမူ နဂါးစားဘုရင်ကို ဒေါသတကြီး စိုက်ကြည့်ကာ အစီအရင်များဖြင့် တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။
ဖန့်ချန်က ကောင်းကင်ကို တစ်ချက် ကြည့်လိုက်သည်။
"နဂါးစားဘုရင် စောင့်နေတဲ့ အဲဒီ ဓားကျင့်ကြံသူတွေ ရောက်လာပြီ"
ဟင်းလင်းပြင်ထဲတွင် ဓားကျင့်ကြံသူ ရာဂဏန်းခန့် တိတ်တဆိတ် ရပ်နေကြသည်။
ဦးဆောင်လာသူမှာ လီဝူဝမ့် မဟုတ်ဘဲ အဆင့် ၂ ဓားကျင့်ကြံသူ တစ်ဦး ဖြစ်သည်။
လီဝူဝမ့်ကတော့ အလွန် သတိကြီးလှသဖြင့် အခုထိ မျက်နှာမပြသေးချေ။
အခန်း (၁၁၄၆) ထိန်းချုပ်ထားခြင်း
ဤဓားကျင့်ကြံသူတစ်အုပ်မှာ သူတို့၏ ကိုယ်ယောင်ကို ဖျောက်ကွယ်မထားဘဲ အထင်အရှားပင် ပေါ်ထွက်လာကြသည်။
ဓားကျင့်ကြံသူ ရာကျော်စလုံးမှာ အထက်ပိုင်းသုံးဆင့် ကျင့်ကြံသူများ ဖြစ်ကြပြီး အဆင့် ၁ ဓားကျင့်ကြံသူ နှစ်ဦးနှင့် အဆင့် ၂ ဓားကျင့်ကြံသူ တစ်ဦး ပါဝင်သည်။
ထိုအဆင့် ၁ ဓားကျင့်ကြံသူ နှစ်ဦးထဲမှ တစ်ဦးမှာ ဖန့်ချန် ဓားသခင်္ျိုင်း လှေကား တွင် တွေ့ခဲ့ဖူးသော ကျန်းကျန့်နန်းတော် ၏ နန်းတော်သခင် ကျူးယွမ်ချန် ပင် ဖြစ်သည်။
"လုပ်ဖော်ကိုင်ဖက်တို့... ဟိုကောင်တွေက ထွက်လာရဲတော့မှာ မဟုတ်ဘူး၊ အခု လူသားကျင့်ကြံသူတွေကို ရှင်းပစ်ဖို့ အားလုံး လက်ကူပေးကြပါဦး"
နဂါးစားဘုရင်က ထိုဓားကျင့်ကြံသူတစ်အုပ်ကို လက်အုပ်ချီ၍ ပြောလိုက်သည်။
"ဘယ်သူက မင်းရဲ့ လုပ်ဖော်ကိုင်ဖက်လဲ ငါတို့က ပိုက်ဆံရလို့ အလုပ်လုပ်ပေးတာပဲ"
အဆင့် ၂ ဓားကျင့်ကြံသူက နှာခေါင်းရှုံ့၍ ပြောလိုက်သည်။
နဂါးစားဘုရင်ကတော့ ဂရုမစိုက်ချေ။
တစ်ဖက်လူ၏ မျက်လုံးထဲမှ အထင်သေးမှုကို မြင်သော်လည်း သူ ဒေါသမထွက်ပေ။
"နဂါးစားဘုရင်... ကျုံးကျိုးဧကရာဇ်က မင်းကို မြောက်ဘက်ကောင်းကင်တံခါးမှာ စောင့်ကြပ်ဖို့ အမိန့်ပေးထားတာကို မင်းက ဘာလို့ သူတပါးနဲ့ ပူးပေါင်းရတာလဲ "
မသေမျိုးအဆင့် တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ကျန်ရှိနေသော လူအများစုမှာမူ ဘာမှမပြောဘဲ နှုတ်ဆိတ်နေကြသည်။
ထိုဓားကျင့်ကြံသူများထံမှ သေမင်း၏ အငွေ့အသက်များကို သူတို့ ခံစားနေရသောကြောင့် ဖြစ်သည်။
"မသေမျိုးဘုရင် အဆင့် ဓားကျင့်ကြံသူတွေ အများကြီးပဲ... ကျုံးကျိုးမှာ ဘယ်တုန်းက ဒီလောက်များတဲ့ ဓားမသေမျိုးဘုရင်တွေ ပေါ်လာတာလဲ သူတို့က မသေမျိုးဓားဂိုဏ်း က လူတွေလား "
"ဓားဂိုဏ်းကလွဲရင် ကျုံးကျိုးက တခြားဘယ်ဓားဂိုဏ်းမှာမှ ဒီလိုအင်အားမျိုး မရှိနိုင်ဘူး"
"မဟုတ်ဘူး... ဒါက ခွန်လွန်ဓားဂိုဏ်း လည်း ဖြစ်နိုင်တာပဲ၊ သူတို့က ကျုံးကျိုး ရှုပ်ထွေးသွားအောင် လုပ်ပြီး အမြတ်ထုတ်ချင်နေတာ နေမှာ "
လူတိုင်းက အမျိုးမျိုး ခန့်မှန်းနေကြသော်လည်း ယခုအချိန်တွင် ဤသို့ခန့်မှန်းနေခြင်းမှာ အဓိပ္ပာယ်မရှိမှန်း သူတို့သိကြသည်။
နဂါးစားဘုရင်က ကျုံးကျိုးကို သစ္စာဖောက်လိုက်ပြီဖြစ်ရာ ထိုဓားကျင့်ကြံသူများ လက်မပါလျှင်ပင် နဂါးစားဘုရင်နှင့် သူ၏ ဧည့်သည်တော် နှစ်ဦးတည်းဖြင့် ယနေ့ရောက်နေသော လူသားကျင့်ကြံသူအားလုံးကို အလွယ်တကူ သတ်ဖြတ်နိုင်ပေသည်။
"နဂါးစားဘုရင်... မင်းက ဘာလို့ သခင်ကို သစ္စာဖောက်ပြီး ထျန်းယောင်နိုင်ငံဘက်ကို ကူးသွားရတာလဲ ပြီးတော့ ဒီဓားကျင့်ကြံသူတွေကရော..."
တစ်ဦးက သတ္တိမွေး၍ မေးလိုက်သည်။
"ငါတို့က ဓားဂိုဏ်းက လာတာ"
အဆင့် ၂ ဓားကျင့်ကြံသူက ခပ်ဖွဖွ ပြုံးရင်း ပြောလိုက်သည်။
"လီဝူဝမ့် ရောက်နေပြီ"
ဖန့်ချန်က ချိုးကျင်းနှင့် ခုံကျင့်ကို ပြုံး၍ ပြောလိုက်သည်
"သူတို့က ငါ့ကို အပြင်ထွက်လာအောင် ဖိအားပေးနေတာပဲ၊ လီဝူဝမ့်က ဘယ်နေရာမှာ ပုန်းနေမှန်းတောင် မသိဘူး"
"ဒါဆိုရင် နဂါးအိုကြီး ကို ဒီနေရာကို လာဖို့ ဖိတ်လိုက်ရင် ပိုကောင်းမလား..."
ချိုးကျင်း၏ မျက်နှာက လေးနက်သွားသည်။
"လီဝူဝမ့်က ဒီနေရာမှာ ငါ့ကို စောင့်ဖမ်းရဲတယ်ဆိုရင် နဂါးအိုကြီးရှိတဲ့ ဘက်ကိုလည်း တစ်ယောက်ယောက် သွားနေလောက်ပြီ"
ဖန့်ချန်က ပြုံး၍ ဆိုသည်။
...
...
မဟာရှ နိုင်ငံ၏ စည်ကားသော လမ်းမပေါ်တွင် စားသောက်ဖွယ်ရာ အမျိုးမျိုး ရောင်းချနေသော ဈေးသည်များ ရှိနေသည်။
သက်ကြီးရွယ်အိုတစ်ဦးသည် သကြားလုံးသီး တစ်လိပ်ကို ဝယ်ယူပြီး အသာအယာ ကိုက်လိုက်ကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် လက်ဖက်ရည်ဆိုင် တစ်ခုထဲသို့ ဝင်ထိုင်လိုက်သည်။
"ကျောက်ယွမ်လူ မင်းလည်း အသက်မငယ်တော့ဘူး၊ ဘာလို့ ဒီလို ကလေးကစားစရာတွေကို စားနေတာလဲ "
အခြား စားပွဲတစ်ခုတွင် ထိုင်နေသော သက်ကြီးရွယ်အိုက ထိုသူကို တစ်ချက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
"နဂါးအိုကြီးလည်း အသက်မငယ်တော့ဘဲနဲ့ နောက်မျိုးဆက်တွေရဲ့ ကိစ္စထဲ ဝင်ပါနေသေးတာပဲ၊ ငါ သကြားလုံးသီး စားတာကတော့ ဘာမှ မဆန်းပါဘူး"
ကျောက်ယွမ်လူ က ရယ်မောလိုက်သည်။
"မင်း ဒီကို လာတာ... ငါ့ရဲ့ ဝါးမြိုတာ ခံရမှာကို မကြောက်ဘူးလား "
နဂါးအိုကြီးက အေးစက်စွာ ပြောလိုက်သည်။
ကျောက်ယွမ်လူက ပြုံး၍ ခေါင်းခါလိုက်သည်
"နဂါးအိုကြီး... မင်း ပုန်းနေခဲ့တဲ့ နှစ်ပေါင်းများစွာဟာ ကောင်းကင်မိုးကြိုးဘေး သင့်ပြီး ချက်ချင်း သေသွားမှာကို ကြောက်နေလို့ မဟုတ်လား ပြီးခဲ့တဲ့ အခေါက်က တိုက်ခိုက်ခဲ့တာဟာ မင်းရဲ့ အစွမ်းကုန် ဖြစ်လိမ့်မယ် မဟုတ်လား"
"ဒီတစ်ခါ ငါက လီမိတ်ဆွေရဲ့ ဖိတ်ကြားချက်ကြောင့် ဒီကို လာပြီး မင်းနဲ့ စကားစမြည် ပြောရုံတင်ပါ၊ ဘာရန်ငြိုးမှ မရှိပါဘူး"
"ပြီးခဲ့တဲ့ အခေါက်က ငါ့ရဲ့ အစွမ်းကုန်လို့ မင်း ဘယ်လို သိတာလဲ တကယ်လို့ မင်း ခန့်မှန်းချက် မှားသွားရင် ဒီနေ့ မင်း ဒီကနေ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်မှာ မဟုတ်ဘူး"
နဂါးအိုကြီးက ပြောသည်။
"ခန့်မှန်းချက် မှားမယ် နဂါးအိုကြီး... မင်းက မိုးကြိုးဘေးကို တိတ်တဆိတ် ဖြတ်ကျော်ပြီး အဆင့် ၄ အဆင့်ကို ရောက်သွားပြီလို့ ပြောချင်တာလား"
"မင်းမှာ နတ်ဆေးပင် ရှိမရှိ ထားလိုက်ဦး ရှိရင်တောင် မိုးကြိုးဘေးကို တိတ်တဆိတ် ဖြတ်ကျော်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"
"ဒါကြောင့် ငါတို့ အားလုံးက အဆင့် ၃ တွေပဲ၊ မင်း ငါ့ကို သုံးလေးကွက်နဲ့ အနိုင်မယူနိုင်ဘူးဆိုတာ သေချာနေမှတော့ ငါ့ကို လာပြီး ခြိမ်းခြောက်မနေပါနဲ့တော့"
ကျောက်ယွမ်လူ က ခပ်ဖွဖွ ရယ်မောလိုက်သည်။
သူ၏ စကားလုံးများမှာ ယုံကြည်မှုအပြည့် ရှိနေသည်။
လုံယွမ်နယ်မြေ၏ နံပါတ် ၁ အားအင်အကြီးဆုံး ပုဂ္ဂိုလ်နှင့် တစ်ခန်းတည်း ထိုင်ကာ အလျှော့မပေးဘဲ စကားပြောနေရသဖြင့် ဂုဏ်ယူနေသည့် ပုံစံလည်း ပေါက်နေသည်။
အဆင့် ၃ ကို ရောက်သွားပြီဆိုလျှင် ဖန်းဆင်းရှင်ဂြိုဟ် ၏ အခြေအနေအရပ်ရပ်ကို ထိန်းချုပ်နိုင်သည့် အရည်အချင်း ရှိသွားပြီဖြစ်ရာ ယွန်းလူမြို့ကဲ့သို့ တစ်နေရာတည်းတွင် အောင်းနေစရာ မလိုတော့ချေ။
"ဟူး "
နဂါးအိုကြီးက သက်ပြင်းတစ်ချက် ချလိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။
ကျောက်ယွမ်လူ၏ အမြင်တွင်မူ ဤသည်မှာ တစ်ဖက်လူက အညံ့ခံလိုက်သည့် ပုံစံပင် ဖြစ်သည်။
"နဂါးအိုကြီး... တကယ်တော့ မင်းက လုံမျိုးနွယ်နဲ့ ရင်းနှီးတဲ့ သံယောဇဥ်ကြောင့် အဲဒီကောင်လေးအတွက် တစ်ခါ တိုက်ခိုက်ပေးခဲ့တာဟာ တကယ်ကို မွန်မြတ်လှပါပြီ၊ ဘာလို့ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ထဲ ထပ်ထည့်ချင်နေရတာလဲ"
"လုံယွမ်နယ်မြေကို ပြန်သွားပြီး အခြေချနေတာက ပိုကောင်းပါလိမ့်မယ် မင်း အသက်ရှင်နေသရွေ့တော့ ဘယ်သူမှ လွန်လွန်ကျူးကျူး မလုပ်ရဲပါဘူး တကယ်လို့ မင်းက အားလုံးကို ဖျက်ဆီးပြီး အတူတူ သေဖို့ ကြံရင်လည်း တစ်ဖက်လူအတွက် တွက်ခြေမကိုက်ဘူးလေ"
ကျောက်ယွမ်လူက ဖျောင်းဖျလိုက်သည်။
နဂါးအိုကြီးက အကြိမ်အနည်းငယ် တိုက်ခိုက်ချင်စိတ် ပေါ်လာသော်လည်း ဖန့်ချန်၏ မှာကြားချက်ကို သတိရကာ စိတ်ကို ထိန်းလိုက်သည်။
"ငါက မင်းကို မတိုက်ချင်တာက မင်းက အဆင့်မမီလို့ပဲ၊ ဘာပဲပြောပြော မင်းက အဆင့် ၃ လွတ်လပ်သောမသေမျိုး သက်သက်ပဲလေ"
နဂါးအိုကြီးက လှောင်ပြုံးဖြင့် ပြောလိုက်သည်။
ကျောက်ယွမ်လူက ရယ်မောလိုက်ပြီး ခေါင်းခါကာ ဘာမှ ဆက်မပြောတော့ချေ။
သူက တစ်ဖက်လူကို ဒေါသမထွက်စေချင်ပေ။
တစ်ဖက်လူသာ ဘာမှ မလှုပ်ရှားလျှင် သူ၏ တာဝန် ပြီးမြောက်ပြီ ဖြစ်သည်။
"ဒါနဲ့... မင်းက ဝိညာဉ်နတ်ဘုရားဂိုဏ်းသားလား ဒါမှမဟုတ် လီဝူဝမ့်က မင်းကို ဘာအကျိုးအမြတ် ပေးလို့လဲ "
နဂါးအိုကြီးက ရုတ်တရက် မေးလိုက်သည်။
"အကျိုးအမြတ်တော့ မဟုတ်ပါဘူး၊ ကတိတစ်ခုပါပဲ"
ကျောက်ယွမ်လူက ပြုံး၍ ဆိုသည်။
"ကတိတစ်ခု "
နဂါးအိုကြီးက ခေါင်းညိတ်လိုက်သည်။
အဆင့် ၃ လွတ်လပ်သောမသေမျိုး တစ်ဦးကို စိတ်လိုလက်ရ အလုပ်လုပ်ပေးအောင် မည်သည့် ကတိက ဖျောင်းဖျနိုင်သနည်း
နတ်ဆေးပင် မှလွဲ၍ အခြား မရှိနိုင်ပေ။
...
...
ထျန်းယောင်နိုင်ငံမှ မိစ္ဆာကျင့်ကြံသူများမှာ တောင်တန်းများကို ကျော်ဖြတ်လာကြပြီ ဖြစ်သဖြင့် လူသားကျင့်ကြံသူများမှာ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် ဖြစ်နေကြသည်။
ရှေ့တွင် ထျန်းယောင်နိုင်ငံမှ မိစ္ဆာများနှင့် နဂါးစားဘုရင် အိမ်တော်မှ ကျင့်ကြံသူများ ရှိနေပြီး၊ နောက်တွင်မူ ဟင်လင်းပြင်ထာဝရဓားဂိုဏ်းမှဟု ယူဆရသော ဓားကျင့်ကြံသူတစ်အုပ် ရှိနေသည်။
ထိုအထဲမှ အချို့၏ ကျင့်ကြံမှုမှာ အထက်သုံးဆင့် ကျင့်ကြံသူများပင် လုံးဝ အကဲမဖြတ်နိုင်လောက်အောင် မြင့်မားသဖြင့် အနည်းဆုံး မသေမျိုးဘုရင် အဆင့်များ ဖြစ်ကြသည်။
"သခင်လေး... နဂါးအိုကြီးရဲ့ အစွမ်းနဲ့ဆိုရင် အဲဒီ အဆင့် ၃ တစ်ယောက်ကို ရှင်းပစ်ပြီး ဒီကို လာကူညီနိုင်မလား "
ချိုးကျင်း၏ မျက်နှာက လေးနက်နေသည်။
"သူ တိုက်မှာ မဟုတ်ဘူး"
ဖန့်ချန်က ပြောသည်။
"ဘာလို့လဲ "
နှစ်ယောက်စလုံးမှာ အံ့ဩသွားကြသည်။
"ငါက မတိုက်ခိုင်းလို့ပဲ"
ဖန့်ချန်က အေးအေးဆေးဆေး ပြောလိုက်သည်
"နဂါးအိုကြီးမှာ လုပ်စရာ ပိုအရေးကြီးတဲ့ အလုပ်ရှိတယ်၊ အခုအချိန်မှာ သူ့ရဲ့ အစွမ်းအစတွေကို ထုတ်ပြပြီး သူများ သံသယဝင်အောင် လုပ်စရာ မလိုဘူး တစ်ဖက်လူလည်း တိုက်ရဲမှာ မဟုတ်ဘူးနဂါးအိုကြီးကို လှုပ်မရအောင် ထိန်းထားရုံပဲ"
"ဒါဆို ဒီနေရာကတော့..."
ချိုးကျင်း၏ အမူအရာက ထူးဆန်းသွားသည်။
သူတို့သာ အခု ချက်ချင်း ထွက်သွားလျှင် ဤနေရာက တိုက်ပွဲမှာ သူတို့နှင့် ဘာမှ မသက်ဆိုင်တော့ပေ။
တစ်ဖက်လူတွေ ဘယ်လောက်ပဲ ပြင်းပြင်းထန်ထန် တိုက်ကြပါစေ၊ ယင်လောကကို ဘာမှ မထိခိုက်နိုင်သည့်အပြင် ကျင့်ကြံမှု အခြေခံရှိသော ဝိညာဉ်များကို သိမ်းဆည်းရရှိနိုင်သဖြင့် ယင်လောကအတွက်တောင် အကျိုးရှိသေးသည်။
"လီဝူဝမ့်ကို ငါ အထင်သေးခဲ့မိတယ်၊ သူတို့ အုပ်ချုပ်သူ နှစ်ယောက်စလုံး အတူတူ ပေါ်မလာရဲကြပေမဲ့ ကျောက်ယွမ်လူ ကို ဖိတ်ခေါ်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူး"
ဖန့်ချန်က ရယ်မောလိုက်သည်
"ကဲ... ငါနဲ့အတူ သူ့ကို သွားတွေ့ကြစို့"
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်ကြသည်။
ဘာပဲဖြစ်ဖြစ် သူတို့မှာ ရှုံးနိမ့်ခြင်း မရှိသော အခြေအနေတွင် ရှိနေသည်။
တိုက်လို့မနိုင်လျှင် ယင်လောကထဲသို့ ခဏဝင်ပုန်းလိုက်ရုံသာ ရှိသဖြင့် အန္တရာယ် သိပ်မကြီးပေ။
"မင်းတို့ သတ်ချင်ရင်လည်း သတ်လိုက်ကြစမ်းပါ၊ ဘာစောင့်နေတာလဲ တောရိုင်းဂိုဏ်းနဲ့ ကျုံးကျိုးဧကရာဇ်တို့က ဒီနေရာက အပြောင်းအလဲကို သေချာပေါက် သိသွားလိမ့်မယ် အဲဒီအချိန်ကျရင် မင်းတို့အားလုံး ငါတို့နောက်ကို လိုက်ခဲ့ရမှာပဲ"
သက်တမ်းကုန်ခါနီး ဖြစ်နေသော မသေမျိုးအဆင့် တစ်ဦးက အေးအေးဆေးဆေး ပြောလိုက်သည်။
"ဆရာကြီးက ဘယ်ဂိုဏ်းကလဲ "
ဖန့်ချန်သည် ချိုးကျင်းတို့ နှစ်ဦးနှင့်အတူ ထိုမသေမျိုး ၏ ဘေးနားသို့ ရောက်လာပြီး ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
နဂါးစားဘုရင်နှင့် အခြားသူများမှာ ဖန့်ချန် ပေါ်လာသည်ကို မြင်သောအခါ မျက်လုံးထဲတွင် အပြုံးများ ပေါ်လာကြသည်။
ဤမျှလောက် အချိန်အကြာကြီး အခြေအနေကို ထိန်းထားရခြင်းမှာ ထိုလူကို စောင့်နေခြင်း မဟုတ်ပါလား။
"ငါလား ကံကောင်းထောက်မစွာနဲ့ ရှန်းယွဲ့ဘုရင် ရဲ့ လက်အောက်မှာ ဧည့်သည်တော်အဖြစ် ခဏ လုပ်ခဲ့ဖူးတယ် ငါ့မှာ ဂိုဏ်းဂဏ မရှိပေမဲ့ ကိုယ့်သိက္ခာ ကိုယ်ရှိပါတယ် နဂါးစားဘုရင်တို့လို ကျုံးကျိုးရဲ့ ကျေးဇူးကို ခံစားနေပြီးမှ မျက်စိတစ်မှိတ်အတွင်း ကျုံးကျိုးကို ရောင်းစားတဲ့ လူစားမျိုး မဟုတ်ဘူး"
မသေမျိုးအိုကြီးက နဂါးစားဘုရင်ကို အရိုးအသားပါ ဝါးစားချင်သည့် အကြည့်ဖြင့် စိုက်ကြည့်နေသည်။
"ဖန့်ချန်... မင်း ထွက်မလာတော့ဘူးလို့ ငါ ထင်နေတာ ငါ တကယ်ကို သိချင်မိတယ်၊ မင်းရဲ့ ကိုယ်ပေါ်မှာ ဘယ်လို ရတနာကြီး ရှိနေလို့ ကောင်းကင်ဓားဌာနက မင်းကို ဒီလောက်အထိ အကွက်ချပြီး ဖမ်းဖို့ ကြိုးစားနေရတာလဲ "
နဂါးစားဘုရင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်တော့သည်။