← Chapters

အခန်း (၃၄၂)

Vol. 32 Ch. 342

အခန်း (၃၄၂)

Vol. 32 Ch. 342

အပိုင်း (၃၄၂)

စုန့်ယွီဖေးတစ်ယောက် စိတ်ရှုပ်ထွေးမှုများစွာဖြင့် ထွက်ခွာသွားပြီးနောက်တွင် စုန်းမလေး ယောင်ယောင်မှာမူ စိတ်လှုပ်ရှားစွာဖြင့် ပြေးဝင်လာသည်။

​ “ ငတုံး ဧကရာဇ်လေး... အခု ပြဋ္ဌာန်းစာအုပ်တွေလည်း ရိုက်ပြီးပြီဆိုတော့ ငါတို့ စက္ကူတွေ စရောင်းလို့ရပြီမလား။ ငါတို့ရဲ့ ဈေးပေါပေါနဲ့ ထုတ်ထားတဲ့ ဒီစက္ကူဖြူတွေကို တစ်ကမ္ဘာလုံးကို ရောင်းပြီး အကြီးအကျယ် ချမ်းသာအောင် လုပ်ကြတော့မလား”

​ သူမသည် ဤစီးပွားရေးလုပ်ငန်းအကြောင်းကို စဉ်းစားနေခဲ့သည်မှာ ကြာလှပြီဖြစ်သည်။

​ ကြီးမြတ်သော မိသားစုများသည် ဤလုပ်ငန်းကို လက်ဝါးကြီးအုပ်ကာ အဆမတန် ကြွယ်ဝချမ်းသာလာခဲ့ကြသည် မဟုတ်ပါလော။ မိစ္ဆာဂိုဏ်းအနေဖြင့်လည်း ဤလုပ်ငန်းထဲသို့ ဝင်ရောက်ရန် အမြဲ ကြိုးစားခဲ့သော်လည်း နည်းပညာ အတားအဆီးများကြောင့် တွက်ခြေကိုက်မည့် လမ်းစကို ရှာမတွေ့ခဲ့ကြပေ။

​ သို့သော် အခုတော့ ပူပန်နေစရာမလိုတော့လေပြီ။

​ မဟာရှနိုင်ငံ၏ အရည်အသွေးမြင့်ပြီး ဈေးနှုန်းချိုသာသော စက္ကူဖြူများ ရှိနေမှတော့ တစ်ကမ္ဘာလုံးကို ဖြန့်ချိပြီး ငွေကြေးအမြောက်အမြားကို သိမ်းကျုံးယူနိုင်တော့မည် ဖြစ်သည်။ ဤအကြောင်းကို စဉ်းစားမိတိုင်း သူမမှာ စိတ်လှုပ်ရှားလွန်း၍ အိပ်ပင် မပျော်နိုင်တော့ပေ။

​ လင်းပိုင်ဖန်က ခေါင်းတငြိမ့်ငြိမ့်ဖြင့် - “ဒါပေါ့၊ ငါ အားလုံးပြင်ဆင်ပြီးပြီ။ ငါ့နောက် လိုက်ခဲ့”

​ နာရီဝက်ခန့်အကြာတွင် သူတို့နှစ်ဦး စက္ကူစက်ရုံသို့ ရောက်ရှိလာကြသည်။

​ ထိုအချိန်တွင် စက္ကူအမြောက်အမြား ထုတ်လုပ် ပြီးစီးနေပြီဖြစ်ရာ ဂိုဒေါင်အချို့မှာပင် ပြည့်လျှံနေပြီ ဖြစ်သည်။

​ ယောင်ယောင်က စက္ကူအချို့ကို ဆွဲထုတ်ကာ အသေအချာ စစ်ဆေးကြည့်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည် - “ဒီစက္ကူက တကယ်ကို ကောင်းတာပဲ၊ ပါးလွှာပြီး ခိုင်ခံ့ရုံတင် မကဘူး၊ အဓိကက အရမ်းဖြူနေတာပဲ။ ကိုင်လိုက်ရင်လည်း အရမ်းကို ချောမွေ့နေတာဆိုတော့ လက်ကတောင် မချချင်တော့ဘူး”

​ လင်းပိုင်ဖန်က ဂုဏ်ယူစွာဖြင့် ရယ်မောလိုက်ပြီး - “ဒါပေါ့၊ ငါကိုယ်တိုင် မွမ်းမံထားတာလေ၊ စက္ကူထုတ်လုပ်တဲ့ စရိတ်ကို လျှော့ချခဲ့ရုံတင်မကဘဲ ဒီလို အကျိုးကျေးဇူးရအောင် အရောင်ချွတ်တဲ့ လုပ်ငန်းစဉ် အချို့ကိုလည်း ထည့်သွင်းထားတာပဲ။ အဲဒီ ကြီးမြတ်တဲ့ မိသားစုတွေက အတုခိုးဖို့ ကြိုးစားရင်တောင် ဒီအဆင့်အထိ ဘယ်လိုမှ မရောက်နိုင်ဘူးလို့ ငါ ရဲရဲကြီး အာမခံတယ်”

​ “ယုံပါတယ်၊ ဟဲဟဲ…” ယောင်ယောင်က ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

​ “ယောင်ယောင်... ငါတို့ ဒါတွေကို ပေါက်ဈေးရဲ့ တစ်ဝက်နဲ့ပဲ ရောင်းရအောင်။ အမြတ်ကိုတော့ တူတူခွဲဝေယူကြတာပေါ့၊ ဘယ်လိုလဲ” လင်းပိုင်ဖန်က အကြံပြုလိုက်သည်။

​ “ဒါက အရမ်းမပေါလွန်းဘူးလား၊ ဒီစက္ကူ အရည်အသွေးနဲ့ဆို ပိုပြီး ဈေးကြီးကြီးနဲ့ ရောင်းလို့ရတာကို...” ယောင်ယောင်က လောဘတကြီး ပြောလိုက်သည်။

​ သူမမှာ အသေအချာ လေ့လာထားပြီး ဖြစ်သည်။ တစ်ဝက်ဈေးနဲ့ ရောင်းလျှင်တောင် အမြတ်အစွန်းက မတရား ရဦးမည် ဖြစ်သည်။ သို့သော် စက္ကူအရည်အသွေးက မျှော်လင့်ထားတာထက် ပိုကောင်းနေသဖြင့် ဈေးမြှင့်ရောင်းလျှင်လည်း ပြဿနာရှိမည် မဟုတ်ပေ။

​ နောက်ဆုံးတွင်... ပညာတတ်ဆိုတဲ့ လူတန်းစားမှာ တစ်ခါတလေကျရင် ဂုဏ်ပကာသနကို အရမ်း မက်မောကြတာပင် ဖြစ်သည်။

​ လင်းပိုင်ဖန်က လက်နှစ်ဖက်ကို ဆန့်လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည် - “ယောင်ယောင်... ရေရှည်ကို ကြည့်စမ်းပါ! တစ်ဝက်ဈေးနဲ့ ရောင်းတာက အဓိကအားဖြင့် အဲဒီ ကြီးမြတ်တဲ့ မိသားစုတွေကို ဈေးကွက်ထဲကနေ ကန်ထုတ်ပစ်ဖို့ပဲ။ သူတို့ကို လမ်းစပျောက်သွားအောင် လုပ်ပစ်ရမယ်၊ သူတို့တွေ စီးပွားရေး ဆက်လုပ်လို့ မရတော့ဘဲ၊ ဈေးကွက်ထဲမှာ ငါတို့စက္ကူပဲ ကျန်တော့တဲ့အချိန်ကျမှ ငါတို့ စိတ်ကြိုက် ဈေးသတ်မှတ်လို့ ရမှာမဟုတ်ဘူးလား”

​ ယောင်ယောင်၏ မျက်လုံးများ ဝင်းလက်သွားကာ - “ဟုတ်သားပဲ၊ ကျွန်မ ဘာလို့ ဒါကို မစဉ်းစားမိတာပါလိမ့်”

​ လင်းပိုင်ဖန်ကို ကြည့်နေသော သူမ၏ အမြင်များ ရုတ်တရက် ပြောင်းလဲသွားသည်။

​ သူမက ကိုယ့်ကိုယ်ကိုယ် စီးပွားရေး အမြင်ရှိလှပြီဟု အမြဲထင်ခဲ့သော်လည်း လင်းပိုင်ဖန်နှင့် ယှဉ်လိုက်လျှင် သူမက ငါးကလေးတစ်ကောင်မျှသာ ရှိပါသေးသည်။

​ သူကမှ တကယ့်ကို ကောက်ကျစ်တဲ့ ကုန်သည်ကြီးပင် ဖြစ်သည်။

​ သူမက ဖရဲစေ့တစ်ဆုပ်စာ အမြတ်ရဖို့ စဉ်းစားနေချိန်မှာ သူကတော့ ဖရဲခြံတစ်ခုလုံးကို သိမ်းပိုက်ဖို့ အကွက်ချထားပြီးသား ဖြစ်နေသည်။

​ 'ဒါကို ဘာလို့ ခေါ်လဲ....’

‘ဒါကို အမြော်အမြင်ရှိတယ်လို့ ခေါ်ပေသည်’

​ “ကောင်းပြီ၊ တစ်ဝက်ဈေးနဲ့ပဲ ရောင်းမယ်၊ သူတို့တွေကို အကြီးအကျယ် နင်းချေပြီး ဒေဝါလီခံသွားအောင် လုပ်ပစ်မယ်” ယောင်ယောင်မှာ စိတ်အားထက်သန်စွာ ဟစ်အော်လိုက်သည်။

​ “ဒေဝါလီခံဖို့အထိတော့ မလွယ်ပေမဲ့ သူတို့ သွေးစိမ်းရှင်ရှင် ထွက်သွားစေရမယ်၊ ဒါ့အပြင် ငါ တခြား ကောင်းတာလေးတွေလည်း ပြင်ဆင်ထားသေးတယ်” လင်းပိုင်ဖန်က စာအုပ်အသေးအချို့ကို ထုတ်ပေးလိုက်သည်။

​ ယောင်ယောင်က ဇဝေဇဝါဖြင့် လှမ်းယူလိုက်ကာ - “ဒါတွေက ဘာလဲ၊ ‘လိပ်ပြာချစ်သူ’ တဲ့လား၊ နောက်တစ်ခုက ‘ဆံဖြူ မိန်းကလေး’”

​ သူမက ‘လိပ်ပြာချစ်သူ’ စာအုပ်ကို ဖွင့်ပြီး စိတ်ဝင်တစား ဖတ်ရှုလေတော့သည်။

​ လင်းပိုင်ဖန်က ရှင်းပြလိုက်သည် - “ဒါတွေက ငါရေးခိုင်းထားတဲ့ ဝတ္ထုစာအုပ်တွေပေါ့။ ကြီးမြတ်တဲ့ မိသားစုက မိန်းကလေးတစ်ယောက်နဲ့ ဆင်းရဲသား ပညာတတ်လေး တစ်ယောက်တို့ရဲ့ ဝမ်းနည်းစရာ အချစ်ဇာတ်လမ်းပေါ့။ ပညာတတ်လေးရဲ့ နာမည်က လျန့်ရှန်းပါ့၊ အမျိုးသမီးကတော့ ကျူးယင်းထိုက်။ သူမက ယောင်္ကျားလေးလို ဟန်ဆောင်ပြီး ကျောင်းတက်ရင်း လျန့်ရှန်းပါ့နဲ့ ချစ်ကြိုက်သွားတာ”

​ “ဒါပေမဲ့ အဆင့်အတန်း ကွာခြားချက်ကြောင့် ကြီးမြတ်တဲ့ မိသားစုက သူတို့ကို ခွဲပစ်လိုက်တယ်။ လျန့်ရှန်းပါ့ဟာ ကြီးမြတ်တဲ့ မိသားစုရဲ့ ရိုက်နှက်မှုကို ခံရပြီး သေဆုံးသွားခဲ့ရသလို၊ မြို့ပြင်မှာပဲ မြှုပ်နှံခံခဲ့ရတယ်။ ကျူးယင်းထိုက်ကတော့ နှလုံးကြေကွဲစွာနဲ့ပဲ သူမရဲ့ မင်္ဂလာဆောင်နေ့မှာ လျန့်ရှန်းပါ့ရဲ့ အုတ်ဂူထဲကို ခုန်ချလိုက်ပြီး နောက်ဆုံးမှာတော့ သူတို့နှစ်ဦးဟာ ခွဲမရတဲ့ လိပ်ပြာစုံတွဲအဖြစ် ပြောင်းလဲသွားကြတယ်ဆိုတဲ့ အကြောင်းပေါ့...”

​ ဇာတ်လမ်းကို အမြန်ဖတ်ပြီးနောက် ယောင်ယောင်မှာ ခေါင်းခါယမ်းကာ သက်ပြင်းချလိုက်သည် - “ဒီဇာတ်လမ်းက တကယ်ကို ရင်နင့်ဖို့ကောင်းတာပဲ။ ကျွန်မဘေးနားမှာ တကယ်ဖြစ်နေသလိုတောင် ခံစားရတယ်။ မသိဘူး... ဒါကို ပြန်ယူသွားပြီး အေးအေးဆေးဆေး ဖတ်ရမယ်၊ ဒါနဲ့... ရှင် ဘာလို့ ဒီလိုစာအုပ်မျိုးကို ထုတ်လုပ်ရတာလဲ”

​ လင်းပိုင်ဖန်က တဟားဟား ရယ်လိုက်ပြီး - “ပိုက်ဆံနည်းနည်း ရှာဖို့ရယ်၊ ပြီးတော့ အဲဒီ ကြီးမြတ်တဲ့ မိသားစုတွေကို စိတ်အနှောင့်အယှက်ပေးဖို့ပေါ့”

​‘ ဒီလို ကြေကွဲစရာ ဇာတ်လမ်းမျိုးက နှစ်ပေါင်း ထောင်ချီတိုင် ခေတ်စားနေမှာပဲ၊ ရောင်းမထွက်မှာ ပူစရာလား…’

​‘ ပိုက်ဆံရှာရင်းနဲ့ တစ်ဖက်ကလည်း ကြီးမြတ်တဲ့ မိသားစုတွေကိုလည်း နာမည်ဖျက်သလို ဖြစ်စေပြီး အောက်ခြေလူတန်းစား ပညာတတ်တွေရဲ့ တော်လှန်လိုစိတ်ကို မီးမွှေးပေးနိုင်မှာပေါ့’

​‘ ဒါကို ဘာလို့ မလုပ်ဘဲ နေမလဲ၊ နောက်ဆုံးမှာ ငါ့အတွက် ဘာမှ အရှုံးမရှိဘူးလေ’

​ ယောင်ယောင်က လင်းပိုင်ဖန်ကို မျက်စောင်းထိုးကြည့်လိုက်သည်။ ဒီလူဟာ တကယ့်ကို ကောက်ကျစ်စဉ်းလဲလွန်းလှသည်။

​ ထိုစဉ် လင်းပိုင်ဖန်က နဖူးကို လက်ဖြင့်ပုတ်ကာ အော်လိုက်သည် - “ဟုတ်သားပဲ၊ ငါ ဒီဇာတ်လမ်းအတွက် သီချင်းတစ်ပုဒ်တောင် ရေးထားသေးတယ်”

​ ပြောပြောဆိုဆိုနှင့်ပင် သူသည် နန်းတွင်း ဂီတပညာရှင်များကို ခေါ်ယူကာ “လိပ်ပြာချစ်သူ” သီချင်းကို တီးခတ်စေလိုက်သည်။

​ ခေတ်ဟောင်းဆန်ပြီး သာယာငြိမ်သက်လှသော ထိုတေးသံမှာ လေထုထဲတွင် ပျံ့လွင့်လာပြီး လျန့်ရှန်းပါ့နှင့် ကျူးယင်းထိုက်တို့၏ ဆန်းကြယ်ပြီး၊ ကြေကွဲစရာ ကောင်းလှသော အချစ်ဇာတ်လမ်းကို ပုံဖော်ပေးလိုက်လေသည်။

​ ယောင်ယောင်ကတော့ ဤတေးသံနှင့် ဝတ္ထုစာအုပ်သည် တစ်ကမ္ဘာလုံးတွင် အရောင်းရဆုံး ဖြစ်လာတော့မည်ကို အသေအချာ သိလိုက်ပြီ ဖြစ်သည်။

​ သူမက လင်းပိုင်ဖန်ကို ကြည့်ရင်း မပြောဘဲ မနေနိုင်တော့ပေ - “ရှင်ကတော့ တကယ်ကို လက်စားချေဖို့အတွက် ဘာအကွက်ကိုမှ ချန်မထားဘူးပဲ”

​ လင်းပိုင်ဖန်က ရယ်မောလိုက်ကာ - “ဒါပေါ့၊ သူတို့က ငါ့အပေါ်မှာ လုပ်ခဲ့တာတွေက နည်းတာမှမဟုတ်တာ။ ငါ့မှာ အခွင့်အရေးရလာတဲ့အခါ သဘာဝအတိုင်းပဲ သူတို့ကို ပြန်ပေးဆပ်စေရမှာပေါ့”

​ “ဒါဆို ဒီ ‘ဆံဖြူမိန်းကလေး’ ကရော ဘာအကြောင်းလဲ” ယောင်ယောင်က နောက်စာအုပ်တစ်အုပ်ကို ဖွင့်ရင်း မေးလိုက်သည်။

​ လင်းပိုင်ဖန်က ပြန်ဖြေသည် - “ဒါကလည်း ဝတ္ထုစာအုပ်ပါပဲ။ ရှီးအာ ဆိုတဲ့ ဆင်းရဲတဲ့ လယ်သမား မိန်းကလေးတစ်ယောက်ဟာ ကြီးမြတ်တဲ့ မိသားစုရဲ့ နှိပ်စက် ညှဉ်းပန်းမှုကြောင့် လူလည်းမဟုတ်၊ သရဲလည်းမဟုတ်တဲ့ ဆံပင်ဖြူမလေးအဖြစ် ပြောင်းလဲသွားတဲ့ အကြောင်းပေါ့”

​ “ဒါပေမဲ့ သူမ မဟာရှနိုင်ငံကို ရောက်လာတဲ့အခါမှာတော့ ကြီးမြတ်တဲ့ မိသားစုရဲ့ နှိပ်စက်မှုတွေကနေ လွတ်မြောက်သွားပြီး လူလိုသူလို ပြန်နေနိုင်သွားကာ ဘဝရဲ့ အဓိပ္ပာယ်ကို ပြန်ရှာတွေ့သွားတာပေါ့”

​ “ဒါက ဘာကို ပြလဲဆိုရင် - ကြီးမြတ်တဲ့ မိသားစုတွေက လူကို သရဲဖြစ်အောင် လုပ်တယ်၊ ဒါပေမဲ့ မဟာရှနိုင်ငံကတော့ သရဲကို လူပြန်ဖြစ်အောင် လုပ်ပေးတယ်ဆိုတာပဲ”

​ ယောင်ယောင်မှာ လင်းပိုင်ဖန်ကို နောက်တစ်ကြိမ် မျက်စောင်းထိုးလိုက်ပြန်သည်။ “ရှင်ကတော့လေ ကြီးမြတ်တဲ့ မိသားစုတွေကို အပုပ်ချတဲ့နေရာမှာ တကယ်ကို အစွမ်းကုန်ပဲ၊ ဒါပေမဲ့ ကျွန်မကလည်း ဒါမျိုးကို သဘောကျတာ၊ ဟဲဟဲ...”

​ လင်းပိုင်ဖန် - “ဟဲဟဲဟဲ...”

​ ထို့နောက် သူတို့နှစ်ဦးသည် ဝတ္ထုစာအုပ်များကို ကိုင်ကာ ဇာတ်လမ်းဇာတ်ကွက်များကို ဖတ်ရှုကာ ဆွေးနွေးကြလေသည်။ ယောင်ယောင်ကပင် သူမ သိထားသည့် အရှုပ်တော်ပုံ အချက်အလက်အချို့ကို ဝတ္ထုထဲ ထည့်ရန် အကြံပြုရာ လင်းပိုင်ဖန်ကလည်း ဝမ်းသာအားရပင် လက်ခံလိုက်သည်။

All Chapters