အခန်း (၃၄၃)
Vol. 32 Ch. 343
အပိုင်း (၃၄၃)
ထို့နောက်တွင်တော့ မိစ္ဆာဂိုဏ်း၏ ကွန်ရက်များမှတစ်ဆင့် မဟာရှနိုင်ငံထုတ် စက္ကူများသည် တစ်ကမ္ဘာလုံးသို့ အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားတော့သည်။
ဥပမာအားဖြင့် မိစ္ဆာဂိုဏ်းသည် မဟာသဲမင်းဆက်တွင် ဆိုင်တစ်ဆိုင် ဖွင့်လှစ်ထားပြီး ယခုအခါ ထိုဆိုင်တွင် မဟာရှနိုင်ငံထုတ် စက္ကူများကို တင်သွင်းကာ ရောင်းချနေပြီ ဖြစ်သည်။
ထိုအချိန်တွင် စာပေပညာရှင်တစ်ဦးသည် ဆိုင်ရှေ့မှ ဖြတ်သွားရင်း ကောင်တာပေါ်တွင် ခင်းကျင်းထားသော စက္ကူများကို မြင်သောအခါ အံ့သြသွားပြီး - “ဒီမှာလည်း စက္ကူရောင်းတာပဲလား” ဟု မေးလိုက်သည်။
သူသိထားသည်မှာ စက္ကူဆိုသည်မှာ ကြီးမြတ်သော မိသားစုများပိုင်သည့် ဆိုင်များတွင်သာ ရောင်းချလေ့ရှိသည် မဟုတ်ပါလော။
အသက် ၄၀ ခန့်၊ သဘောကောင်းမည့်ပုံပေါ်သော ဆိုင်ရှင်မှာ ပြုံးရွှင်စွာဖြင့် - “ဟုတ်ကဲ့ခင်ဗျ၊ ဒီနေ့ကစပြီး ကျွန်တော်တို့ဆိုင်မှာ စက္ကူတွေ စရောင်းနေပါပြီ။ အတွင်းထဲကိုဝင်ပြီး စိတ်ကြိုက်ကြည့်ပါဦး” ဟု ဖိတ်ခေါ်လိုက်သည်။
ပညာရှင်လေးက ခဏစဉ်းစားပြီး ခေါင်းငြိမ့်ကာ အတွင်းသို့ ဝင်လာခဲ့သည်။ ဆိုင်ရှင်ကမ်းပေးသော စက္ကူကို ကိုင်ကြည့်လိုက်သောအခါ သူ ထပ်မံ အံ့သြသွားရပြန်သည်။
“ဒီစက္ကူက ပုစဉ်းရင်ကွဲတောင်ပံလို ပါးလွှာပြီး ချောမွေ့ရုံတင်မကဘူး၊ တကယ်ကို ဖြူစင်နေတာပဲ... ဒါ ဘယ်ကလာတဲ့ စက္ကူလဲ”
“ဒါက မဟာရှနိုင်ငံက ထုတ်တဲ့ စက္ကူပါ၊ ဘယ်လိုလဲဗျ သဘောကျရဲ့လား” ဟု ဆိုင်ရှင်က ပြုံး၍မေးလိုက်သည်။
“မဟာရှနိုင်ငံ...”
ပညာရှိလေးသည် စက္ကူဖြူလေးကို အသာအယာ ပွတ်သပ်ရင်း ရေရွတ်လိုက်မိသည်။ နှစ်နှစ်အတွင်းမှာပင် တိုင်းပြည်ငယ်အဆင့်မှ မင်းဆက်အဆင့်အထိ တိုးတက်လာသော ထိုနိုင်ငံအကြောင်းကို သူ သိရှိပြီးသား ဖြစ်သည်။ အထူးသဖြင့် မဟာရှနိုင်ငံသည် စာမေးပွဲစနစ်ကို ပြုပြင်ပြောင်းလဲပြီး ကြီးမြတ်သော မိသားစုများ၏ လက်ဝါးကြီးအုပ်မှုကို ရိုက်ချိုးကာ အောက်ခြေလူတန်းစား ပညာတတ်များကို နေရာပေးခဲ့သည် မဟုတ်ပါလော။ အကယ်၍သာ ခရီးဝေးကွာလှပြီး မိသားစု ကိစ္စများသာ မရှိလျှင် သူကိုယ်တိုင်ပင် ထိုနိုင်ငံသို့သွား၍ စာမေးပွဲဝင်ဖြေချင်စိတ်ပင် ပေါက်နေမိသည်။
ထို့ကြောင့်ပင် သူသည် မဟာရှနိုင်ငံအပေါ် အကောင်းမြင်စိတ် ရှိနေခဲ့သည်။
“တကယ်ကို ကောင်းတာပဲ၊ ကျွန်တော် သဘောကျတယ်။ ဒါ တစ်ထုတ်ကို ဘယ်လောက်လဲ”
“တစ်ထုတ်ကို ဝမ်၂၀ ပါ ခင်ဗျ” ဆိုင်ရှင်က ပြန်ဖြေလိုက်သည်။
ပညာရှိလေးမှာ အံ့သြသွားပြီး - “ဘာ... ဘယ်လောက်ပြောလိုက်တယ်”
“တစ်ထုတ်ကို ဝမ် ၂၀ ပဲလေ၊ ၂၀ ဝမ်တည်းပါ” ဟု ဆိုင်ရှင်က ထပ်ပြောလိုက်သည်။
ပညာရှိလေးမှာ မယုံနိုင်စွာဖြင့် အော်လိုက်မိတော့သည် - “ဒီလောက် အရည်အသွေး ကောင်းတာကို ဝမ်၂၀ တည်းလား”
အရင်က ကြီးမြတ်သော မိသားစုပိုင် ဆိုင်များတွင် ဝယ်လျှင် အနည်းဆုံး ဝမ် ၄၀ ပေးရသည်။ တစ်ထုတ်လျှင် စာရွက် ၂၀ သာပါရှိရာ တစ်ရွက်လျှင် ၂ ဝမ်အထိ ကျသဖြင့် ယခုဈေးနှုန်းမှာ သူ့အတွက် အလွန်အံ့သြစရာ ဖြစ်နေတော့သည်။
“တကယ်ပဲ ဝမ် ၂၀ တည်းလား”
“ဟုတ်ပါတယ်ဗျ၊ မမှားပါဘူး၊ ဝမ်၂၀ တည်းပါ”
ပညာရှိလေးမှာ စိတ်လှုပ်ရှားသွားတော့သည်။ ဤမျှ အရည်အသွေးကောင်းသော စက္ကူကို အဘယ်ကြောင့် ဤမျှဈေးပေါပေါဖြင့် ရောင်းနေသနည်းဆိုသည်ကို သူ နားမလည်သော်လည်း၊ မိုးပေါ်ကကျလာသည့် ဤအခွင့်အရေးကို လက်လွတ်မခံသင့်မှန်းတော့ သူ သိသေးသည်။
“ဆိုင်ရှင်... ကျွန်တော့်ကို ၅ ထုတ်ပေး... မဟုတ်ဘူး၊ အထုတ် ၂၀ ပေးပါ”
မကြာမီ အချိန်အတွင်းမှာပင် ထိုပညာရှိလေးမှာ စက္ကူအပုံလိုက်ကို ပိုက်ကာ အလွန် အမြတ်ထွက်သွားသည့်အလား ပျော်ရွှင်စွာဖြင့် ပြေးထွက်သွားတော့သည်။
ထို့နောက်တွင်တော့ အခြားသော ပညာရှိများမှာလည်း ဤဆိုင်၌ စက္ကူရောင်းနေသည်ကို သိရှိသွားကြသည်။ စက္ကူက ကောင်းမွန်ရုံသာမက ဈေးလည်း အလွန်ချိုသာသဖြင့် လူတိုင်းက ဝယ်ယူရန် ဝန်မလေးကြပေ။ မကြာမီမှာပင် ထိုဆိုင်လေးမှာ ဝယ်သူများဖြင့် စည်ကားသွားပြီး ကြီးမြတ်သော မိသားစုများ၏ စက္ကူဆိုင်များမှာမူ ခြောက်ကပ်သွားတော့သည်။
ထိုဒေသရှိ ဇိမ်ခံအိမ်ကြီးတစ်လုံးဖြစ်သော လင်းမိသားစုအိမ်တော်တွင် အိမ်စေတစ်ဦးမှာ ပျာပျာသလဲ ပြေးဝင်လာသည်။
“သခင်ကြီး... ဒုက္ခရောက်ကုန်ပြီ”
“ဘာတွေ ဒီလောက်တောင် အလောတကြီး ဖြစ်နေရတာလဲ” ဟု အရှိန်အဝါရှိသော အရာရှိဝတ်စုံနှင့် လူတစ်ဦးက မေးလိုက်သည်။
သူကတော့ မဟာသဲမင်းဆက်ရှိ လင်းမိသားစုဝင်တစ်ဦးဖြစ်ပြီး ယခုအခါ တရားရေးဝန်ကြီး ရာထူးအထိ ရောက်ရှိနေသော လင်းယွမ်တုံပင် ဖြစ်သည်။
အိမ်စေက ကြောက်လန့်တကြားဖြင့် - “သခင်ကြီး... ဈေးကွက်ထဲမှာ မဟာရှနိုင်ငံကထုတ်တဲ့ စက္ကူအသစ်တွေ ရောက်နေပါပြီ။ အရည်အသွေးက ကျွန်တော်တို့ထက် ကောင်းပြီး ဈေးနှုန်းကတော့ တစ်ဝက်ပဲရှိပါတယ်။ အခု ကျွန်တော်တို့ စက္ကူတွေ ရောင်းမထွက်တော့ပါဘူး၊ ဘယ်လိုလုပ်ကြမလဲ”
“ဘာ... ဒီလောက် မြန်တာလား” လင်းယွမ်တုံမှာ တုန်လှုပ်သွားသည်။
သူသည် ဤကိစ္စနှင့်ပတ်သက်၍ မိသားစုဝင်များနှင့် တိုင်ပင်ထားပြီးသား ဖြစ်သော်လည်း ဤမျှမြန်မြန်ဆန်ဆန် ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူတို့ဘက်က စက္ကူထုတ်လုပ်မှုစရိတ်ကို မလျှော့ချနိုင်သေးခင်မှာပင် မဟာရှစက္ကူများက ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
“သခင်ကြီး ကြည့်ပါဦး၊ ဒါ သူတို့ရောင်းနေတဲ့ စက္ကူပါ” အိမ်စေက စက္ကူတစ်ထုတ်ကို ကမ်းပေးလိုက်သည်။
လင်းယွမ်တုံ အသေအချာ စစ်ဆေးကြည့်သောအခါ အရည်အသွေးမှာ တကယ်ကို ကောင်းမွန်နေသဖြင့် သူ့တွင် စိုးရိမ်စိတ်များ ပိုတိုးလာတော့သည်။
“ချက်ချင်း လူလွှတ်ပြီး အဲဒီဆိုင်ကို သွားဖျက်ဆီးခိုင်းလိုက်။ တိတ်တိတ်ဆိတ်ဆိတ်လုပ်၊ ငါတို့လက်ချက်မှန်း ဘယ်သူမှမသိစေနဲ့၊ ကြားလား”
“စိတ်ချပါ သခင်ကြီး”
သို့သော်လည်း မောက်မာစွာဖြင့် ထွက်သွားကြသော လူမိုက်တစ်သိုက်မှာ လက်ကျိုးခြေကျိုးများဖြင့် ပြန်ရောက်လာကြသည်။
“သခင်ကြီး... အဲဒီဆိုင်မှာလည်း သိုင်းပညာရှင်တွေ ရှိနေတယ်၊ ကျွန်တော်တို့ မယှဉ်နိုင်ဘူး”
လင်းယွမ်တုံက လက်ခါပြရင်း - “ဒါဆိုရင် အာဏာပိုင်တွေကို ခေါ်လိုက်”
သို့သော် ထူးဆန်းသည်မှာ အာဏာပိုင်များကလည်း မလှုပ်မယှက် ရှိနေခြင်းပင် ဖြစ်သည်။
ထိုနေ့ ညနေမှာပင် မြို့ဝန်ကိုယ်တိုင် လာရောက်တွေ့ဆုံခဲ့သည်။
“ဝန်ကြီးလင်း... ခင်ဗျားကြောင့် ကျွန်တော်တော့ ဒုက္ခလှလှ တွေ့တော့မလို့ပဲ” မြို့ဝန်က ခါးသီးစွာ ပြုံးရင်း ပြောလိုက်သည်။
လင်းယွမ်တုံက ဇဝေဇဝါဖြစ်သွားကာ - “ဘာဖြစ်လို့လဲ၊ ဆိုင်အသေးလေး တစ်ဆိုင်ကို နှိမ်နင်းတာပဲကို”
“သာမန်ဆိုင်ဆိုရင်တော့ ဟုတ်ပါပြီ၊ ဒါပေမဲ့ အဲဒီဆိုင်က သာမန် မဟုတ်ဘူးဗျ၊ ဘာလို့လဲဆိုတော့ အဲဒီဆိုင်ရဲ့ နောက်ကွယ်မှာ...” မြို့ဝန်က လက်ဖက်ရည်ဖြင့် စားပွဲပေါ်တွင် “မိစ္ဆာ”ဆိုသည့် စာလုံးကို ရေးပြလိုက်သည်။
လင်းယွမ်တုံ၏ မျက်လုံးများ ကျုံ့သွားတော့သည်။
“ဝန်ကြီးလင်း... ခင်ဗျား သိတဲ့အတိုင်း အဲဒီလူတွေက ဘာမဆို လုပ်ရဲတဲ့ ဥပဒေမဲ့ လူတွေဗျ၊ အကယ်၍ ကျွန်တော်သာ အဲဒီဆိုင်ကို သွားဖျက်ရင် နောက်နေ့မှာ ကျွန်တော့်ခေါင်းက ကိုယ်ပေါ်မှာ ရှိနေတော့မှာ မဟုတ်ဘူး”
မြို့ဝန်က ဆက်ပြောသည် - “အခု ခင်ဗျား နားလည်ပြီမလား၊ ကျွန်တော် ဘာလို့ မလှုပ်ရှားရဲတာလဲဆိုတာ”
“အခုလို လာပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ် မြို့ဝန်မင်း”
သို့သော် လင်းယွမ်တုံမှာတော့ ကျေနပ်မသွားပေ။ နောက်တစ်နေ့ နန်းတွင်းညီလာခံတွင် သူသည် ဤကိစ္စကို အစီရင်ခံလိုက်သည်။ ဆိုင်၏နောက်ကွယ်တွင် မိစ္ဆာဂိုဏ်းရှိနေပြီး တစ်စုံတစ်ရာ မကောင်းကြံနိုင်သဖြင့် ဆိုင်ကို ပိတ်ပစ်ရန် ဧကရာဇ်အား တင်ပြခဲ့သည်။
သို့သော် မဟာသဲဧကရာဇ်၏ သဘောထားမှာ မရေမရာ ဖြစ်နေခဲ့သည်။
“ဝန်ကြီး... ဒါက ပုံမှန် စီးပွားရေး လုပ်ငန်းတစ်ခုပဲလေ။ သူတို့က စက္ကူရောင်းနေတာ၊ ဥပဒေကိုလည်း ဘာမှ မချိုးဖောက်ဘူး မဟုတ်လား။ မိစ္ဆာဂိုဏ်းက နောက်ကွယ်မှာ ရှိနေရုံနဲ့ ဆိုင်ကို ပိတ်ပစ်လို့ မရဘူးလေ”
“ဒါပေမဲ့ အရှင်မင်းကြီး... မိစ္ဆာဂိုဏ်းဆိုတာ ကောက်ကျစ်စဉ်းလဲသူတွေပါ၊ သတိထားရပါမယ်”
“သတိထားရမှာကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ငါတို့က တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ သူတွေ မဟုတ်ဘူးလား။ အရာရာကို သက်သေအထောက်အထားနဲ့ လုပ်ရမယ်လေ။ အနည်းဆုံးတော့ လုပ်ထုံးလုပ်နည်းက ဥပဒေနဲ့အညီ ဖြစ်ရမယ်လို့ ဝန်ကြီးပဲ ငါ့ကို အမြဲပြောနေတာ မဟုတ်လား။ အခု မေ့သွားပြီလား”
“ဒါပေမဲ့ အရှင်မင်းကြီး...”
မဟာသဲဧကရာဇ်က လက်ကာပြလိုက်ပြီး - “တော်ပြီ၊ တခြား တင်ပြစရာမရှိရင် သွားလို့ရပြီ”
လင်းယွမ်တုံ ထွက်ခွာသွားသည်ကို ကြည့်ရင်း မဟာသဲဧကရာဇ်က လှောင်ပြုံး ပြုံးလိုက်သည်။
“မင်းတို့နှစ်ဖက် သူသေကိုယ်သေ တိုက်လေလေ၊ ငါ့အတွက် ကောင်းလေလေပဲ”
ထို့ကြောင့်ပင် လင်းယွမ်တုံမှာ ဘာမှမတတ်နိုင်တော့ပေ။ ဤသို့သော အခြေအနေမျိုးမှာ မဟာသဲမင်းဆက် တစ်ခုတည်းတွင်ပဲ မဟုတ်ဘဲ အခြားနိုင်ငံများတွင်လည်း ဖြစ်ပွားနေလေသည်။ ကြီးမြတ်သော မိသားစုဝင်များမှာ ၎င်းတို့၏ စီးပွားရေးကို ကာကွယ်ရန် မိစ္ဆာဂိုဏ်း၏ ဆိုင်များကို ပိတ်ရန် ကြိုးစားကြသော်လည်း မိစ္ဆာဂိုဏ်း၏ အရှိန်အဝါကြောင့် မတတ်သာဘဲ လက်မှိုင်ချနေကြရသည်။
သူတို့သည် တစ်ဖက်နိုင်ငံမှ စက္ကူများ အရောင်းသွက်နေသည်ကို ကြည့်ရင်း မိမိတို့၏ စက္ကူများ ရောင်းမထွက်သည်ကိုသာ ထိုင်ကြည့်နေရတော့သည်။ နောက်ဆုံးတွင် သူတို့သည်လည်း ပြိုင်ဘက် ဈေးနှုန်းအတိုင်း လိုက်လျှော့ရန် ဆုံးဖြတ်လိုက်ကြသည်။
တစ်ထုတ်ကို ဝမ် ၂၀ ဖြင့် ရောင်းချခြင်းမှာ သူတို့အတွက် အမြတ်မရှိသလောက်ပင်။ ထိုသို့ ဈေးလျှော့လိုက်သော်လည်း စက္ကူမှာ ရောင်းမထွက်သေးပေ။ ဈေးနှုန်းတူလျှင်ပင် မဟာရှ၏ စက္ကူများက အရည်အသွေး ပိုသာနေသည် မဟုတ်ပါလော။ ပညာတတ်များမှာ မျက်စိမကန်းကြသဖြင့် ထိုကွာခြားချက်ကို မြင်ကြမည်သာ ဖြစ်သည်။
ကြီးမြတ်သော မိသားစုများမှာ ထိတ်လန့်ကုန်ကြသည် - “မိသားစုခေါင်းဆောင်... အခု ဘယ်လိုလုပ်ကြမလဲ”
ခေါင်းဆောင်များ - “ဈေးကို ထပ်လျှော့ရမယ်”
“ထပ်လျှော့မယ် ဟုတ်လား၊ ဒါဆိုရင် အမြတ် လုံးဝရှိတော့မှာ မဟုတ်ဘူးနော်”
“အခုချိန်မှာ အမြတ်ကို မစဉ်းစားနဲ့တော့၊ ဒါက ငါတို့အတွက် ရှင်သန်ရေး တိုက်ပွဲပဲ၊ ငါတို့မှာရှိတဲ့ အခြေခံအင်အားကို သုံးပြီး သူတို့ကို နင်းချေရမယ်။ မဟုတ်ရင် နောင်ကျရင် စက္ကူဈေးကွက်ကြီးတစ်ခုလုံး သူတို့လက်ထဲ ရောက်သွားလိမ့်မယ်”
ထို့ကြောင့် ကြီးမြတ်သော မိသားစုများ၏ စက္ကူဈေးနှုန်းမှာ ၂ ဝမ် ထပ်မံကျဆင်းသွားသည်။ သို့သော် ဝယ်သူမှာတော့ ရှိမလာခဲ့ပေ။
ပညာရှိများအတွက် ၂ ဝမ်ဆိုသည်မှာ သိပ်အရေးမကြီးလှပေ။ အရည်အသွေး ပိုကောင်းသော မဟာရှစက္ကူအတွက် အကြွေစေ့ အနည်းငယ် ပိုပေးရခြင်းကို သူတို့က သဘောကျနေကြသည်။ ထို့ကြောင့် ဈေးနှုန်းကို ၁၆ ဝမ်အထိ ထပ်လျှော့လိုက်သော်လည်း အရောင်းမှာ တက်မလာခဲ့ပေ။
ယခုအခါ မဟာရှစက္ကူမှာ ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်လာခဲ့လေပြီ။ မဟာရှစက္ကူကို မသုံးလျှင် ခေတ်နောက်ကျသူအဖြစ် သတ်မှတ်ခံရတော့မည်။ ပညာရှိများသည်လည်း ခေတ်နောက်မကျချင်သလို၊ မိမိတို့၏ ဂုဏ်သိက္ခာအတွက် ထိုအကြွေစေ့ အနည်းငယ်ကို ပိုပေးရန်မှာ ဝန်မလေးကြပေ။
နောက်ဆုံးတွင် ကြီးမြတ်သော မိသားစုများမှာ ဈေးနှုန်းကို ထပ်မံလျှော့ချရန်မှတစ်ပါး အခြားမရှိတော့ပေ။ ဈေးနှုန်းမှာ ၁၄ ဝမ်အထိ ကျဆင်းသွားသော အခါမှသာ မဟာရှစက္ကူနှင့် ရင်ပေါင်တန်း၍ ယှဉ်ပြိုင်နိုင်တော့လေသည်။